🤚Chapter 75
နှစ်သစ်ကူးချိန်ဖြစ်၍ စတူဒီယိုက ခဏပိတ်ထားသည်။ အလုပ်လုပ်ရန်မလိုတော့သဖြင့် အန်းနဉ်က ရှားရှားပါးပါး အနားယူလေသည်။
သူမက ဝမ်ယွီကို ရက်အနည်းငယ် မတွေ့ရလောက်ဟု တွေးလိုက်သည်။ အထူးသဖြင့် နှစ်သစ်ကူးနေ့တွင် ဖြစ်သည်။ သို့သော် နှစ်သစ်၏ပထမဆုံးရက်တွင် ဝမ်ယွီရောက်လာသည်မှာ မထင်မှတ်ထားသည့်အရာပင်။
“နှစ်သစ်ပထမဆုံးရက်မှာ ရှင့်မိဘတွေနဲ့ ရှိနေသင့်တာ မဟုတ်ဘူးလား…”
အန်းနဉ်က အံ့အားသင့်ကာ ပြောသည်။
ဝမ်ယွီက ထိုအကြောင်းကို ပြောချင်ပုံမရပေ။
“သူတို့က စိတ်ရှုပ်ဖို့ကောင်းလို့…”
“ဘာဖြစ်လာတာလဲ…”
နှစ်သစ်ကူးနေ့တွင် ဝမ်ကောအန်းနှင့် ချန်းလျန်တို့ စကားအချေအတင်ဖြစ်ကြသည်။ ထို့နောက် စိတ်ပြေလက်ပျောက်ဖြစ်ရန် မနက်စောစောအချိန်အခါတွင် ကိုယ်စီကိုယ်စီ ထွက်သွားကြလေသည်။
တစ်ခါက အေးချမ်းခဲ့သည့် အိမ်ကလေးမှာ လက်ရှိ ဝမ်ယွီတစ်ယောက်တည်းသာ ကျန်နေတော့သည်။
“ဟမ် ဒီလိုခဏခဏဖြစ်နေကျလား…”
အန်းနဉ် အနည်းငယ် စိတ်ရှုပ်သွားသည်။
“ကိုယ့်အမေက သွေးဆုံးကိုင်နေတာလေ…”
ဝမ်ယွီက စိတ်ပူပန်သည့် အမူအရာနှင့် ပြောလိုက်သည်။
“သွေးဆုံးကိုင်တာ ကြောက်ဖို့ကောင်းလိုက်တာများ…”
သူက ဆိုဖာပေါ် လှဲချလိုက်ပြီး အန်းနဉ်အိမ်၌ နေရန် ဆုံးဖြတ်လိုက်သည်။
“ကိုယ်ဂရုမစိုက်ဘူး… ဒီနေ့ ကိုယ့်အတွက် ချက်ပြုတ်ပေးဖို့ မင်းမှာတာဝန်ရှိတယ်နော်…”
စွန့်ပစ်ခံရသည့် ကလေးကြီးကဲ့သို့ ပြုမူနေသဖြင့် အန်းနဉ်က ရယ်ကာ သူ့ဆံပင်များကိုဖွလိုက်သည်။
“ကောင်းပါပြီ ကျွန်မရဲ့ဟင်းချက်ကျွမ်းကျင်မှုကို လျှော့မတွက်နဲ့…”
နှစ်သစ်ကူးနေ့တိုင်း ဝမ်ယွီတို့က ဝမ်မိသားစုအိမ်တွင် မိသားစုစားဖိုမှူးကိုယ်တိုင် ချက်ပြုတ်ပေးထားသည်များကိုသာ စားသောက်လေ့ရှိသည်။ ရိုးရှင်းသည့်အိမ်ချက်ဟင်းဆိုသော်လည်း အမှန်တွင် အဆင့်အတန်းမြင့် စားသောက်ဆိုင်နှင့် ယှဉ်နိုင်ပေသည်။
“မင်းချက်တာကို ကိုယ်တစ်ခါမှ မစားဖူးသေးဘူး… စိတ်မပူပါနဲ့ တကယ်လို့ အရသာမကောင်းရင်တောင်မှ ကိုယ်ဘာမှပြောမှာ မဟုတ်ဘူး…”
အန်းနဉ်က ရယ်ကာ ရွှတ်နောက်နောက်နှင့် သူ့အား လိုက်ပုတ်သည်။
ထိုစဉ် အခန်းထဲမှ အဖွားထွက်လာပြီး ဝမ်ယွီကို တွေ့သွားကာ မေးသည်။
“ဘယ်သူကြီးလဲ… နဉ်နဉ် ဒါသမီးအတန်းဖော်လား…”
ဝမ်ယွီက အမြန်ထပြီး အဖွားထိုင်နိုင်ရန် ကူညီပေးသည်။
“အဖွား ကျွန်တော့ကို မမှတ်မိဘူးလား…. အရင်က လာဖူးတယ်လေ…”
အဖွားကြည့်ရသည်မှာ ဝမ်ယွီ့ကို တစ်ယောက်ယောက်နှင့် လူမှားနေပုံရသည်။ သူမက သူ့အား တက်တက်ကြွကြွနှင့် စကားစမြည် ပြောလေသည်။
အန်းနဉ်က မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
“ဒါဆို အဖွားနဲ့ စကားပြောနေနော်… နေ့လည်စာ သွားပြင်လိုက်ဦးမယ်…”
အန်းနဉ်က နံရိုးတချို့ ချက်လိုက်ပြီး တခြားဟင်းပွဲ အနည်းငယ်လည်း ပြင်လိုက်သည်။ ချက်ပြုတ်နေချိန်တွင် ဝမ်ယွီက အဖွားနှင့် တက်တက်ကြွကြွ စကားပြောနေသည်ကိုကြည့်ရန် မီးဖိုချောင်မှ ရံဖန်ရံခါ ထွက်လာတတ်သည်။ ဝမ်ယွီမှာ တစ်ဖက်လူအား အလိုက်အထိုက် ပြောဆိုနိုင်သည့် အရည်အချင်းရှိသည်။ သူ စိတ်ကောင်းဝင်နေသရွေ့ မည်သူ့ကိုမဆို ပြောဆိုနိုင်သော်လည်း သူစိတ်မချမ်းသာပါက မည်သူပင်ဖြစ်နေစေကာမူ သူ့အား စိတ်ကျေနပ်အောင် လုပ်ပေးနိုင်စွမ်းမရှိချေ။
သူမက ဟင်းအိုးကို အုပ်လိုက်ပြီး အိုးဆူလာသည်အထိ ဖြည်းဖြည်းချင်း တည်ထားလိုက်သည်။ ဝမ်ယွီက သူမဆီ လျှောက်လာသည်။
“အဖွား တီဗီကြည့်နေတယ်…”
အန်းနဉ်က လသာဆောင်မှ အသီးအရွက်များ ခူးလာသည်ကို တွေ့၍ မေးသည်။
“ဒီမှာ ရေခဲသေတ္တာမရှိဘူးလား…”
“မရှိဘူး အဲ့ဒါက လိုမှမလိုတာ… ဟင်းသီးဟင်းရွက်တွေက လသာဆောင်မှာထားတာ ပြီးတော့ အသားတွေကို ပြတင်းပေါက်အပြင်မှာ ချိတ်ထားတာလေ… အဆင်ပြေပါတယ်…”
သူက ရှိတဲ့ဟာနဲ့ အဆင်ပြေပြေ ဘယ်လိုနေရမလဲဆိုတာကို သိတာပဲ…
ဝမ်ယွီက မေးစေ့ကို ပွတ်သပ်ကာ တွေးတောလိုက်သည်။
အန်းနဉ်က သူ့အမူအရာပြောင်းလဲသွားသည်ကို သတိထားမိ၍ မျက်ခုံးပင့်လိုက်သည်။
“ရေခဲသေတ္တာဝယ်ပေးဖို့ တွေးနေတာမလား…”
ဝမ်ယွီက တဟားဟားရယ်လိုက်မိသည်။
“ကိုယ့်အကြောင်းကို ကောင်းကောင်းသိပုံပဲ…”
အန်းနဉ်က ဖျော့တော့သည့် အပြုံးဖြင့် ပြောလာသည်။
“ရှင့်သဘောပဲ… ဝယ်ချင်တယ်ဆိုလည်း ဝယ်လိုက်ပေါ့…”
ဝမ်ယွီက သူ့နားသူပင် မယုံနိုင်မိချေ။
ဒါက အန်းနဉ်ပြောမယ့် စကားမျိုးလား… အန်းနဉ်က အမြဲတမ်း ငြင်းနေတာမဟုတ်ဘူးလား…
သူက အံ့ဩတကြီး ပြောသည်။
“ဒီနေ့ အနောက်ဘက်က နေထွက်လာတာများလား…”
အန်းနဉ်က သူ့အား အကြည့်တစ်ချက်ပေးလိုက်သည်။
“ဟေး…ဟေး ဘာဖြစ်နေတာလဲဆိုတာ ကိုယ့်ကိုပြောပါဦး…”
ဝမ်ယွီက ကျီစယ်သည့်အနေဖြင့် သူမခါးစည်းကို ဆွဲလိုက်သည်။
“ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ…”
“ဘာမှမဖြစ်ပါဘူး…”
အန်းနဉ်က အိုးအဖုံးကို ဖွင့်ကာ အကြိမ်အနည်းငယ် မွှေပြီး ပြန်ဖုံးလိုက်သည်။
“ကျွန်မတို့က မိဘချင်း တွေ့ပြီးလို့ အဖွားရဲ့ အမွေပစ္စည်းတောင် လက်ခံပြီးသွားပြီလေ… ကျွန်မတို့ကြား အဆင်မပြေတာမျိုးတွေ မဖြစ်စေချင်ဘူး…”
လွန်ခဲ့သည့်ညက သူမက လက်ကောက်ဝတ်မှ လက်ကောက်အား အကြာကြီး ကြည့်နေခဲ့သည်။
ဝမ်ယွီပြောသည့်အတိုင်း သူ့အဖွားမှာ လက်ဝတ်ရတနာများတောင်ကဲ့သို့ ရှိနေသည့်တိုင်အောင် ဝမ်ကောအန်းက ပထမဆုံးတွေ့ဆုံသည့် လက်ဆောင်အနေနှင့် သူ့အမေပိုင်ဆိုင်ခဲ့သည့် ပစ္စည်းကို အထူးရွေးပေးထားခြင်းဖြစ်ရာ နှလုံးသားထဲမှ ဆန္ဒဟု ဆိုလိုနိုင်ပေသည်။
အန်းနဉ်အား လက်ခံသည့် အပြုအမူဆိုလည်း မမှားပေ။
သူမ စိတ်ထဲမှ ခံစားမိနိုင်သည်။
ဝမ်ယွီက ပြုံးကာ မီးဖိုချောင်ထဲသို့ တိုးဝင်လာပြီး သူမ၏ခါးကို လက်မောင်းများဖြင့် ပွေ့ဖက်ထားသည်။
“မေ့လိုက်ပါ… ကိုယ်က မင်းကို ဂရုစိုက်ပေးချင်ရုံပါ…”
သူက ခေါင်းငုံ့လိုက်ပြီး သူမဆံပင်ကို နမ်းလိုက်သည်။
အနောက်မှပွေ့ဖက်ထားတာက နွေးထွေးစေကာ သန်မာသည့် လက်မောင်းများဖြင့် သူမကို သူ့ရင်ဘတ်ထဲသို့ မှီစေသည်။ သူမက ပြုံးလိုက်သည်။
“ကျွန်မ သိပါတယ်…”
မီးတောက်များက တောက်ပစွာ လောင်ကျွမ်းနေပြီး မီးဖိုချောင်ထဲတွင် ဟင်းအိုးက တရှဲရှဲမြည်နေသည်။ အစားအသောက်ရနံ့က မီးဖိုချောင်ထဲ ပြည့်နှက်သွားသည်။
ဤကဲ့သို့ တစ်နှစ်တာ၏ အရေးအကြီးဆုံး အားလပ်ရက်တွင် ကုန်သွယ်ခြင်းနှင့် ဝန်ဆောင်မှု ပေးသည့် ကဏ္ဍများမှလွဲ၍ ကုမ္ပဏီနှင့် လုပ်ငန်းများက ပိတ်ထားကြသည်။
ဈေးဝယ်စင်တာများနှင့် စတိုးဆိုင်များက နှစ်ကူးပြီး သုံးရက်မြောက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကာ လျှော့ဈေးများနှင့် ပရိုမိုးရှင်းမျိုးစုံကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။ ဝမ်ယွီ မည်မျှပေးလိုက်ရသည်ကို မသိသော်လည်း နှစ်ကူးပြီး လေးရက်မြောက်နေ့တွင် အန်းနဉ်အိမ်သို့ ပစ္စည်းများ ရောက်လာသည်။
ရေခဲသေတ္တာ ဝယ်လိုက်သည်ဟု ထင်ခဲ့သော်လည်း အဝတ်လျှော်စက်ပါ ဝယ်လာမည်ကို မမျှော်လင့်မိပေ။
ကျိအန်းနဉ်: “…”
ကောင်းပြီလေ… တကယ်တော့ အဝတ်လျှော်စက် အသံက တအားဆူတာပဲ…
ထို့နောက် ဆိုဖာအစုံလိုက် ဝယ်သည်။
ကျိအန်းနဉ်: “…”
အင်း… အရင်ဆိုဖာက မကောင်းတော့ ဝမ်ယွီ အဲ့ဒီထဲ ကျွံကျတာကို ခဏခဏမြင်ဖူးတယ်…
နောက်ဆုံးအနေနှင့် အိမ်သာကိုပါ ဝယ်လိုက်၍ အန်းနဉ်ကို လုံးဝစိတ်ရှုပ်သွားစေသည်။
သူက ရှင်းပြသည်။
“အဲ့ဒါက အလိုအလျောက် ရေဆွဲချပေးတယ်… အိမ်သာတက်ပြီးလို့ လူမတ်တပ်ရပ်လိုက်တာနဲ့ ရေဆွဲပြီးသားဖြစ်ရော…”
သူက စိတ်ကျေနပ်နေသည့် အပြုံးနှင့် မျက်နှာပေါ်တွင် ‘မြန်မြန်လေး ကိုယ့်ကိုချီးကျူးလိုက်တော့’ ဟု မရေးထားရုံတမည်ပင်။
ဤသခင်လေးက သူမအတွက် လေသန့်စင်စက်အပြင် သူမအဖွားအတွက် အလိုအလျောက်အာရုံခံ အိမ်သာကိုပါ ဝယ်ရန်တွေးလိမ့်မည်ကို ယခင်ဘဝက တွေးခဲ့ဖူးမည် မဟုတ်ချေ။
တကယ်တော့လည်း စိတ်ကူးထက်ကို ကျော်လွန်နေတာပဲလေ…
အတိတ်တုန်းက ငါ ဘာတွေကို လွဲချော်ခဲ့ရတာလဲ….
ပစ္စည်းတပ်ဆင်သည့် အလုပ်သမားများက သူမတို့အား အာရုံစိုက်နိုင်ပုံမရသည်ကို အခွင့်ကောင်းယူကာ အန်းနဉ်က ဝမ်ယွီ့နှုတ်ခမ်းကို ကိုက်လိုက်သည်။
ကံကောင်းသည်က ယခုဘဝ၌ သူမ မည်သည့်အရာကိုမှ အလွဲချော်ခံတော့မည် မဟုတ်ပေ။
နွေဦးပွဲတော်ပြီးဆုံးသွားကာ ကျောင်းသားများက ကျောင်းပြန်မတက်ကြသေးသော်လည်း ကုမ္ပဏီများ ပြန်လည်ပတ်နေကြပြီဖြစ်သည်။
ဝမ်ကောအန်းအပြင် ချန်းလျန်လည်း ပြန်ရောက်လာခဲ့သော်လည်း ဝမ်ယွီက သူမအား တစ်ကြိမ်သာ တွေ့ခဲ့ရပြီး သူမ မည်သည်အရာများဖြင့် အလုပ်ရှုပ်နေသည်ကို မသိခဲ့ချေ။
အဒေါ်ကြီးကမူ ပြန်မလာသေးပေ။ ဖခင်အိုကြီးအတွက် မွေးနေ့ပွဲပြင်ဆင်ရန် အိမ်ပြန်ခြင်းဖြစ်သဖြင့် အတော်ကြာကြာ နေထိုင်မည်ဖြစ်ကာ မတ်လအထိ ပြန်လာဖြစ်မည် မဟုတ်ချေ။
သို့သော် နောက်လူတစ်ယောက်ကမူ ပြန်ရောက်လာသည်။ ထိုသူကား လောင်ရှင်းပင်။
“ကျောင်းချန်နဲ့ ကျိအန်းနဉ်ကြားက ပတ်သတ်မှုကို ရှာမတွေ့ခဲ့ပါဘူး…”
သူက တွေ့တွေ့ချင်း ထိုစကားကိုဆိုသည်။
“ဒါပေမဲ့ ကျောင်းချန်အကြောင်းတော့ သိခဲ့ရပါတယ်… ကြည့်ကြည့်ပါဦး…”
သူက စာရွက်စာတမ်းဖိုင်တွဲကို ဝမ်ယွီ့ရှေ့သို့ ချလိုက်သည်။
ဝမ်ယွီက ဖိုင်ကိုဖွင့်လိုက်ရာ အစီအရင်ခံစာမှာ အန်းနဉ်အကြောင်း စုံစမ်းချိန်ကထက်ပင် ပိုထူနေမှန်း တွေ့လိုက်သည်။ သူက စာမျက်နှာတိုင်းကို သေချာစစ်ကြည့်သည်။
လောင်ရှင်းက သူစာရွက်လှန်သည့်အချိန်နှင့် တစ်ပြေးညီ ရှင်းပြသည်။
“ကျောင်းချန်ရဲ့ မိသားစုက ဒေသခံတွေဆိုပေမဲ့ သူတို့ဘိုးဘွားဇာတိက ယွီချန်ကပါ…အဲ့ဒီမှာ ကျောင်းချန်ရဲ့ အဘိုးအဖွားတွေ နေနေတုန်းပါပဲ… ကျောင်းချန်ရဲ့ အမေ ဆုံးသွားပြီးနောက်ပိုင်း အဖေဖြစ်သူက နောက်အိမ်ထောင်ပြုခဲ့တယ်… သူနဲ့ သူ့မိထွေးကြား ဆက်ဆံရေးမကောင်းတော့ နှစ်ယောက်သားကို ခွဲထားဖို့အတွက် သူ့အဖေက ကျောင်းချန်ကို အဖိုးအဖွားတွေရှိတဲ့ ယွီချန်ကို ပို့ခဲ့တယ်…”
“သူက ခြောက်တန်းကတည်းက ယွီချန်မှာ နေခဲ့တာ… အဖိုးအဖွားတွေက အလိုလိုက်လွန်းတော့ နောက်ပိုင်း စည်းမဲ့ကမ်းမဲ့ ဖြစ်တဲ့အထိ ပျက်စီးလာတော့တာပါပဲ…”
“ကျောင်းချန်နဲ့ ကျိအန်းနဉ်တို့ အရင်ကအဆက်အသွယ် ရှိခဲ့ဖူးလားဆိုတာကိုတော့ ရှာမတွေ့ခဲ့ဘူး… ဒါပေမဲ့ ကျောင်းချန်လက်မှာ သွေးစွန်းဖူးတာကိုတော့ သိခဲ့ရတယ်…”
ထိုစကားက အကြောက်အလန့်ကင်းသည့် ဝမ်ယွီကိုပင် တုန်လှုပ်စေသည်အထိ ဖြစ်ခဲ့သည်။
လောင်ရှင်း၏ စုံစမ်းစစ်ဆေးမှုများက အလွန်စေ့စပ်သေချာသည်။
ကျောင်းချန်က တစ်လျှောက်လုံး ကိုယ်ပိုင်ကျောင်းတက်နေပြီး တခြားချမ်းသာသည့် မိသားစုမှ ကလေးများကဲ့သို့ နိုင်ငံခြားသို့ ပညာတော်သင်ထွက်ရန် ရည်ရွယ်ထားမှန်းသိသာသည်။
ထိုကျောင်း၏ ကျူရှင်ဖိုးက အလွန်ဈေးကြီးကာ ကျောင်းသားတိုင်းက ချမ်းသာသည့် အသိုင်းအဝိုင်းမှ မဟုတ်ကြချေ။ ထိုအထဲတွင် လီယွမ်ယန်ဆိုသည့် ကျောင်းသားလည်းပါခဲ့သည်။
လီယွမ်ယန်၏မိဘများက ပညာအနည်းငယ်တတ်ကာ ဈေးထဲတွင် ဟင်းသီးဟင်းရွက်ရောင်းသည့်အလုပ်ကို လုပ်ကိုင်သည်။ ဈေးထဲ ဆိုင်သုံးဆိုင်ဖွင့်နိုင်ကာ မိသားစုသုံးယောက်အတွက် လောက်ငှသော်ငြားလည်း ဝင်ငွေတိုင်းက နေထွက်ချိန်မှ နေဝင်ချိန်အထိ ခက်ခက်ခဲခဲ ရှာထားရခြင်းဖြစ်သည်။
လီယွမ်ယန်က ပညာရေးတွင် ထူးချွန်သဖြင့် သူ့မိဘများက သူတို့သားအနာဂတ်အတွက် များစွာမျှော်လင့်ထားကြသည်။ သို့ဖြစ်၍ ထိုကိုယ်ပိုင်ကျောင်းသို့ ပို့လိုက်ကြသည်။ ကျူရှင်ခက သူတို့မိသားစုအတွက် လေးလံသည့် တာဝန်ကြီး ဖြစ်သော်လည်း သူတို့သားလေး အနာဂတ်ကောင်းစားစေရန် မိဘများကအံကြိတ်ကာ ရှာဖွေခဲ့သည်။
ပညာရေးမှာ ပါရမီပါပြီး အကျင့်စာရိတ္တကောင်းမွန်သည့် လီယွမ်ယန်တစ်ယောက် ကျောင်းတက်နေသည့်တစ်နှစ်အတွင်း မမှတ်မိနိုင်သည်အထိ ပြောင်းလဲသွားလိမ့်မည်ကို မထင်ထားခဲ့ကြပေ။
အကြောင်းရင်းကား လီယွမ်ယန်က ကျောင်းတွင် အပန်းဖြေအိမ်များ၊ ဇိမ်ခံကားများရှိပြီး လက်ဖွာသည့် ဒုတိယမျိုးဆက်သူဌေးသားများနှင့် ပေါင်းသင်းမိခဲ့သည်။ ပတ်ဝန်းကျင်၏ သွေးဆောင်လွှမ်းမိုးခံရနိုင်သည့် အရွယ်ဖြစ်၍ တစ်ချိန်က ပညာထူးချွန်ခဲ့သည့် လူငယ်လေးက အထိန်းအကွပ်မရှိသုံးစွဲလာပြီး အိမ်က ယွမ်သိန်းပေါင်းများစွာတန်သော ကားကို အထင်အမြင်သေးကာ မိဘဆရာတွေ့ဆုံပွဲသို့ မာစီးဒီးကား ငှားလာခဲ့ရန်ပင် တောင်းဆိုခဲ့သည်။
သူ့မိသားစုက သားဖြစ်သူ၏အလွန်အကျွံသုံးစွဲမှုကို မထောက်ပံ့ပေးနိုင်သောကြောင့် သူကိုယ်တိုင် နည်းလမ်းရှာလာသည်။
သူသာ တခြားသူအပေါ် နှိမ့်ချပြီး ကပ်ပါးရပ်ပါးလုပ်နေသရွေ့ တစ်စုံတစ်ဦး၏ လက်ပါးစေဖြစ်လာနိုင်မည်။
ထို့နောက် ကျောင်းချန်နှင့်တွေ့ကာ ကျောင်းချန်၏နောက်လိုက် ဖြစ်လာခဲ့သည်။
တစ်နေ့ ကျောင်းချန်အပြင်၌ပျော်ပါးနေစဉ် လီယွမ်ယန်က သူ့ယခင်ကျောင်းမှ မိန်းကလေးသူငယ်ချင်းတစ်ဦးနှင့် တွေ့ဆုံလေသည်။ သူမနာမည်က ဟယ့်မန်ဖြစ်ပြီး လီယွမ်ယန်ကဲ့သို့ စာတော်ကာ အတန်းထဲ၌ ပြိုင်ဖက်ဖြစ်ခဲ့ဖူးသည်။
ထိုမျှမကသေးဘဲ ဟယ့်မန်က ထူးထူးခြားခြားလှပလွန်းသည်။ ကျောင်းချန်က ချက်ချင်းပင်သူမအား စိတ်ဝင်စားသွားသည်။
ထို့နောက် ကျောင်းချန်က လီယွမ်ယန်မှတဆင့် ဟယ့်မန်အား သိကာ သူမကို လိုက်သည်။
ဟယ့်မန်က လီယွမ်ယန်ကို သူမသိခဲ့ဖူးသည့် ပညာထူးချွန်သော ကောင်လေးအဖြစ်သာ မြင်နေသေးသည်။ သူက မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့မည်ကို သူမ မတွေးမိခဲ့ချေ။ လီယွမ်ယန်က သူမအား သူ့သူငယ်ချင်းများနှင့် မိတ်ဆက်ပေးခဲ့သည့်အတွက် သူမက သတိကြီးကြီးမထားမိခဲ့ချေ။
ထို့အပြင် ကျောင်းချန်က လူကောင်းမဟုတ်ကြောင်းကို မကြာမီတွင် သိခဲ့ရသည်။ ကျောင်းချန်အား ငြင်းပယ်လိုက်သည့်အတွက် သူ၏လိုက်ပိုးမှုက နှောင့်ယှက်သည့်အဆင့်သို့ ရောက်ရှိလာသည်။
ကောင်မလေး၏ အတန်းဖော်များ၊ ဆရာမိဘများက ထိုအကြောင်းကို သိခဲ့ကြသော်လည်း ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ခဲ့ချေ။ သူမမိဘများက ဟယ့်မန်အား တိုးတိုးတိတ်တိတ် ကျောင်းပြောင်းပေးရန်ပင် ဆုံးဖြတ်ခဲ့သည်။
ကျောင်းပြောင်းသည့်ကိစ္စ မပြီးမြောက်မီ ဟယ့်မန်ထံသို့ လီယွမ်ယန်မှ ဖုန်းဝင်လာသည်။ ဖုန်းထဲတွင် လီယွမ်ယန်က သူမအားတောင်းပန်ကာ ကျောင်းချန်က ထိုကဲ့သို့လူစားမျိုး ဖြစ်နေမှန်း မသိခဲ့ကြောင်း ပြောခဲ့သည်။ ထို့နောက် သူမအား သူ့ဆီလာတွေ့ရန်နှင့် ကျောင်းချန်ကိစ္စကို ဖြေရှင်းပေးရန် ကူညီမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မိန်းကလေးက ၁၇နှစ်သာရှိသေး၍ ရိုးအပြီး အပြစ်ကင်းစင်နေဆဲဖြစ်သည်။ လူ့စိတ်က မည်မျှဆိုးယုတ်ကြောင်း သူမ မသိခဲ့ချေ။ အတန်းဖော်ဟောင်းအား ယုံကြည်ခဲ့၍ ချိန်းဆိုထားသည့် နေရာသို့ သွားခဲ့သော်လည်း သူမကို စောင့်နေသူက ကျောင်းချန်ပင်။
မိန်းကလေးကို ရှာတွေ့ချိန်တွင် သေဆုံးနေပြီဖြစ်သည်။ သူမက မသေမီ အဓမ္မပြုကျင့်ခံထားရပြီး ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရာမှ အဓမ္မပြုကျင့်သူက လည်ပင်းညှစ်သတ်လိုက်ပုံရသည်။
သူမသေဆုံးချိန်တွင် ၁၇နှစ်သာရှိသေးသည်။
ကျောင်းချန်နှင့် လီယွမ်ယန်တို့ အဖမ်းခံလိုက်ရသည်။
မိန်းကလေး၏ သူငယ်ချင်းများနှင့် မိဘတို့က လူသတ်သမားကို သိနေခဲ့သည်။
လူသတ်မှုကျူးလွန်သူ၏ မိသားစုက မိန်းကလေး၏မိဘများကို ငွေနှင့်ဖြေရှင်းလိုသည့်အကြောင်း စာပို့သော်လည်း တစ်ဖက်လူက ဒေါသတကြီး ငြင်းပယ်သည်။
အဆုံးတွင် လီယွမ်ယန်က အရာအားလုံးကို သူ့လုပ်ရပ်ဟု ဝန်ခံခဲ့သည်။
“သူက တစ်သက်တစ်ကျွန်းချခံလိုက်ရပေမဲ့ အခုနှစ်နှစ်ဆယ်အထိ လျှော့ပေးလိုက်ပုံပါပဲ… ကောင်းကောင်းမွန်မွန် ပြုမူမယ်ဆိုရင် ထောင်ထဲမှာ ၁၀နှစ်လောက်ပဲ နေရလောက်တယ်လို့ ခန့်မှန်းထားပါတယ်… ကောင်လေးရဲ့ မိသားစုက သူအပြစ်အားလုံးကို ခံလိုက်ကတည်းက အခုဆို ဈေးလေးဈေးမှာ ဆိုင်ပေါင်းများစွာနဲ့ အိမ်သုံးလုံးအပြင် မာစီးဒီးကားတစ်စီး ရှိနေပါပြီ….”
“ဒါဆို ဒါတွေအားလုံးက ကျောင်းချန်လက်ချက်လား…”
ဝမ်ယွီက မေးသည်။
“သူဆိုတာ လုံးဝသေချာပါတယ်…”
“သူနဲ့ အန်းနဉ်ကြား အဆက်အသွယ်မရှိဖူးတာရော သေချာလား…”
“ဘာလို့ အဲ့ဒီလိုထင်တာပါလဲ…”
ဝမ်ယွီ စိတ်ပျက်သွားသည်။ သူ့တွင် သက်သေမရှိခဲ့ပေ။ အရာအားလုံးက ထင်ကြေးသာဖြစ်သည်။
ယခင်က လူယုတ်မာတစ်ဦးနှင့် ဆုံခဲ့ဖူးကြောင်းနှင့် ထိုလူအားကြောက်ကြောင်း အန်းနဉ်ပြောဖူးသည်။ သူထင်သည်မှာ မှန်လျှင် ထိုလူကကျောင်းချန် ဖြစ်လိမ့်မည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က လီဟေးနှင့် ရှိနေစဉ် လီဟေး၏ သွေးဝေးဆွေမျိုးက ကျောင်းချန်ကို သိနေခဲ့သည်။ သူတို့က ယွီချန်တွင် သိခဲ့ပုံရသည်။
ကျောင်းချန်က ယွီချန်တွင် နေဖူးသည်။ အန်းနဉ်က ယွင်ချန်မှ မြို့တော်သို့ စာသင်ရန် ပြောင်းလာသည်။
အချက်အလက်အားလုံးကို စုပေါင်းကြည့်လိုက်လျှင် ယွီချန်၌ အန်းနဉ်တွေ့ခဲ့သည့် လူယုတ်မာမှာ ကျောင်းချန်ပင်။
တိုက်ဆိုင်သည်က လောင်ရှင်းရှာတွေ့ခဲ့သည်များမှာ အန်းနဉ်ပြောခဲ့သည့် လူယုတ်မာနှင့် တစ်ထပ်တည်းပင်။
သူတို့ကြား အဆက်အသွယ်ရှိမရှိကိုသာ ရှာမတွေ့ခဲ့ခြင်းဖြစ်သည်။
“အန်းနဉ်တက်တဲ့ အစိုးရကျောင်းက မြို့ဟောင်းထဲမှာ… ကျောင်းချန်တက်နေတဲ့ ကိုယ်ပိုင်ကျောင်းက ခရိုင်သစ်မှာဆိုတော့ နေရာက အရမ်းကိုဝေးတယ်…”
“အန်းနဉ်က မြို့ဟောင်းမှာ နေတာ… ကျောင်းချန်တို့မိသားစုပိုင် ဗီလာက အရှေ့ဘက်ဆင်ခြေဖုံးမှာ… သူတို့ကျောင်းသွားတဲ့လမ်းနဲ့ ကိုယ်ပိုင်ဘဝကြားမှာ အဆက်အစပ်ရှိမနေဘူး…”
“အတန်းဖော်ကနေ သိဖို့ကလည်း မဖြစ်နိုင်ဘူး… ဟယ့်မန်နဲ့ကျောင်းချန်တုန်းကလို ကြားခံလူ မရှိဘူးလေ…”
လောင်ရှင်းက တည်ငြိမ်သည့် လူတစ်ယောက်ဖြစ်ပြီး စကားကို သာမန်အရှိန်နှင့် ပြောသဖြင့် နားထောင်နေသူကို အလွယ်တကူယုံကြည်လာစေသည်။
ဝမ်ယွီက သူနားထောင်လာလေလေ လောင်ရှင်းပြောသည်မှာ မှန်နိုင်သည်ကို ပိုပြီးတွေးမိလာလေလေဖြစ်သည်။
အန်းနဉ်က ကျောင်းချန်ကို အရင်ကမသိခဲ့ကြောင်း ပြောဖူးသည်။ သူမက ‘မယုံရင် စစ်ဆေးကြည့်လို့ရတယ်’ဟုပင် တုံ့ပြန်ခဲ့သည်။
လောင်ရှင်းက စာအိတ်တစ်အိတ်ကို ထုတ်ကာ ပိုက်ဆံများကို ပေးလိုက်သည်။
“ခရီးစရိတ်က ပိုတဲ့ပိုက်ဆံပါ…”
ဝမ်ယွီက လက်ကိုမြှောက်ကာ ပြန်ပေးလိုက်သည်။
“မလိုဘူး… ယူထားလိုက်ပါ…”
သူက စာအိတ်ထူထူတစ်လုံးကို ထုတ်ပြီး ပေးလိုက်သည်။
“ဒါက ခင်ဗျားရဲ့ ကြိုးစားမှုအတွက်ပါ…”
“ရပါတယ်… မစ္စတာဝမ်”
သူက စာအိတ်နှစ်အိတ်လုံးကို သိမ်းလိုက်သည်။
“တစ်ခုခုလုပ်ဖို့လိုရင် ကျွန်တော့်ကိုဆက်သွယ်လိုက်ပါ…”
ဝမ်ယွီက ခေါင်းညိတ်ကာ သူထွက်သွားသည်ကို ကြည့်နေခဲ့သည်။
ထို့နောက် အချက်အလက်များကို ပြန်ငုံ့ကြည့်လိုက်သည်။ ကျောင်းချန်၏ လူမဆန်သောလုပ်ရပ်များက ထိတ်လန့်စရာပင်။ ပို၍ကြောက်စရာကောင်းသည်က ထိုအချိန်တွင် ကျောင်းချန်၏အသက်မှာ ၁၇နှစ်သာရှိသေးသည်။
ဝမ်ယွီက နောက်စာမျက်နှာကို လှန်လိုက်ရာ ဟယ့်မန်၏ ပုံပါလာသည်။
သူမက အပြုံးချိုချိုလေးနှင့် အလွန်ပင်လှပသည့် မိန်းကလေးဖြစ်သည်။
အမြင်မှားမမှား မသိသော်ငြားလည်း ဟယ့်မန်ကို ပိုပြီးကြည့်မိလေလေ အန်းနဉ်၏ အရိပ်အယောင်ကို ပိုပြီးတွေ့လာသည်ဟု ခံစားရသည်။
သူက အချက်အလက်များကို စားပွဲပေါ် ပစ်တင်ကာ စီးကရက်ကို မီးညှိလိုက်သည်။ သူ့အကြည့်များက ပိုပြီးနက်ရှိုင်းလာမှာ အမှန်ပင် ဖြစ်သည်။
###