အပိုင်း၇၆
Viewers 11k

🤚Chapter 76





ဝမ်ယွီက ထူးဆန်းသည့် အိပ်မက်ကို ထပ်မက်ပြန်သည်။


သူ မက်နေသည်မှာ ဟယ်မန့်အကြောင်းဟု ထင်ခဲ့သော်လည်း အန်းနဉ် ဖြစ်နေခဲ့သည်။ သူ့အိပ်မက်ထဲတွင် ကျောင်းချန်က အန်းနဉ်ကို လိုက်နှောင့်ယှက်နေလေသည်။


အိပ်မက်ထဲရှိ နေရာတိုင်းက သူနှင့်ရင်းနှီးနေခဲ့သည်။ ချင်းဟွာတက္ကသိုလ်၊ NLဘားနှင့် ရှုချန်း၏ ကော်ဖီဆိုင်ပင် ပါလာခဲ့သည်။


ထို့နောက် သူက နှလုံးသားနူးညံ့သည့် ရှုချန်းတစ်ယောက် အန်းနဉ်ကို ကာကွယ်ရန် ကျောင်းချန်အား ကော်ဖီဆိုင်ထဲ ပိတ်ရပ်ထားသည်ကို တွေ့လိုက်လေသည်။


အန်းနဉ်က ရှုချန်းကို တအားခင်နေပြီးတော့ ကော်ဖီဆိုင်က အလုပ်ထွက်တော့လည်း အရမ်းဝမ်းနည်းနေခဲ့တာ ဒါကြောင့်လား…


မနက်ရောက်သည်နှင့် ထူးဆန်းသည့် အိပ်မက်မှ နိုးထလာခဲ့သည်။ မျက်လုံးများကို ဖွင့်လိုက်သော်လည်း အိပ်ရာမှ မထသေးဘဲ တခြားသို့ လှည့်လိုက်ရာ စားပွဲပေါ်မှ စက္ကူအိတ်ကို တွေ့လိုက်သည်။


သူ၏ အိပ်မက်ပြဿနာက ပိုဆိုးလာပုံရသည်။ ဤတစ်ကြိမ်တွင် ရှုချန်းပင် ပါဝင်လာခဲ့သည်။


သူက မျက်နှာကိုပွတ်သပ်ကာ ထထိုင်လိုက်သည်။ သူ အန်းနဉ်နှင့်တွေ့ရန် ချိန်းထားသည်။


အန်းနဉ်က ပန်းဝယ်ချင်နေသည့်အတွက် သူက အဖော်လိုက်ပေးရမည်ပင်။


ဝမ်ယွီက အိမ်သုံးပစ္စည်းနှင့် ဆိုဖာများကို ဝယ်ကာ တံခါးဝသို့ အရောက်ပို့စေခဲ့သည်။ အလုပ်သမားများနှင့် ပညာရှင်များ ရှိနေသည်ကို အခွင့်ကောင်းယူကာ အန်းနဉ်က ကျိုးနေသော ဗီဒိုအပါအဝင် လသာဆောင်တွင် ယခင်ပိုင်ရှင် ချန်ရစ်ခဲ့သည့် အပျက်အစီးများကို ကူရှင်းပေးရန် တောင်းဆိုခဲ့သည်။ လသာဆောင်က ရှင်းလင်းသွားသဖြင့် အန်းနဉ်က အဖွားအတွက် ပန်းများစိုက်ပေးရန် ရည်ရွယ်ပြီး လိုင်းပေါ်မှ ပန်းအိုးတင်သည့်စင်ကို မှာယူလိုက်သည်။


သူမငယ်စဥ်က အိမ်၏လသာဆောင်တွင် ပန်းများစွာ စိုက်ထားသည်ကို မှတ်မိနေခဲ့သည်။ အဖွားက ပန်းစိုက်ရာတွင် အထူးကောင်းမွန်သည်။ အကယ်၍ အဖွားက ပန်းမည်သို့စိုက်ရမည်ကိုပင် မေ့သွားလျှင်လည်း အဆင်ပြေသည်။ သူမကိုယ်တိုင် ပျိုးထောင်ပေးမည်သာဖြစ်သည်။ ထိုသို့ဆိုလျှင် အဖွား နိုးလာသည်နှင့် ပန်းများကိုမြင်နိုင်မည်ဖြစ်ကာ စိတ်အခြေအနေပိုကောင်းလာလိမ့်မည်။


ဝမ်ယွီက သူမတို့ကို ပန်းဈေးသို့ မောင်းပို့ပေးသည်။


ကားထဲမှ ထွက်သည်နှင့် အန်းနဉ်က လက်ထဲ တစ်ခုခုကို ကိုင်ထားကာ တခြားတစ်ဖက်ကိုအဖွား၏လက်ကောက်ဝတ်၌ ပတ်ထားလိုက်သည်။


“….” ဝမ်ယွီက မေးလိုက်သည်။ 


“အဲ့ဒါဘာကြီးလဲ...”


“anti-loss bandလေ...”


တစ်ခါက သူမရိုက်ကူးရေးလုပ်နေစဉ် လမ်းပေါ်တွင် မိခင်တစ်ဦးက သူမနှင့်  သူမ၏အမွှာသားနှစ်ယောက်တို့ လက်ကောက်ဝတ်ကိုယ်စီ၌ anti-loss bandများ ဝတ်ဆင်ထားသည်ကို တွေ့ဖူးသည်။


သူမအံ့ဩသွားပြီး ချက်ချင်းပင် ထိုနေရာသို့ ပြေးသွားကာ ဝယ်၍ရနိုင်မည့်နေရာကို မေးခဲ့သည်။ ကလေးများအတွက် ထုတ်ထားခြင်းဖြစ်၍ ကလေးသုံးပစ္စည်း အရောင်းဆိုင်များတွင် ရနိုင်ကြောင်းသိခဲ့ရပြီး ချက်ချင်းဝယ်လိုက်သည်။


ဤနည်းဖြင့်ဆိုလျှင် အဖွားနှင့် အပြင်ထွက်သည့်အခါ လုံခြုံစေမည်ဖြစ်သည်။


ဝမ်ယွီကလည်း အကြံကောင်းဟု ထင်မိသည်။


“နောက်တစ်ခါအပြင်သွားရင် ကိုယ်တို့လည်း ဝတ်ကြတာပေါ့… ဒါမှ လူတွေက မင်းမှာပိုင်ရှင်ရှိမှန်းသိကြမှာ…”


“သနားစရာပဲ...”


 အန်းနဉ်က ပြန်ပြောသည်။


ဝမ်ယွီမျက်လုံးထဲတွင် သူမ၏အပြုံးများက ဟယ့်မန်နှင့် တစ်ထပ်တည်းတူနေသည်။


အမှန်တွင် သူမတို့က ရုပ်ချင်းမတူကြကာ တစ်ယောက်ချင်းစီကလည်း ကိုယ်ပိုင်အလှကိုယ်စီနှင့်ပင်။


သို့သော် ကျောင်းချန်လို လူယုတ်မာမျိုးနှင့် ကြုံလာလျှင်မူ အခြေအနေက တစ်မျိုးကွဲသွားပေသည်။


သူမတို့နှစ်ဦးလုံးက အားနည်းကာ ကာကွယ်ပေးရန်လိုအပ်သည်။


ဟယ်မန့်မိသားစုနှင့် သူငယ်ချင်းများက သူမကိုဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို မည်သို့သည်းခံခဲ့ရသည်ကို သူ မသိပေ။


သူ့အနေနှင့် အန်းနဉ်ကို ဟယ့်မန်နေရာတွင် တွေးကြည့်ရန်ပင် မရဲခဲ့ချေ။ သူ့ကို အလွန်ပင် ဒေါသထွက်စေသည်။


ဒေါသက မည်သည့်နေရာမှ ထွက်လာသည်ကို သူ မသိခဲ့ပေ။ ကြည့်ရသည်မှာ သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးရှိနေသကဲ့သို့ပင်။


ဈေးရှိတိုင်များကို မှန်များဖြင့် ဝန်းရံထားပြီး ဝမ်ယွီက အန်းနဉ်တို့နောက်လိုက်ရင်း မှန်အား ကြည့်မိလိုက်ရာ မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။


မျက်လုံးများက သွေးရောင်နီရဲနေကာ မျက်ရည်များ စီးကျနေပေသည်။


ဝမ်ယွီက ထိတ်လန့်သွားပြီး နောက်တစ်ခါကြည့်လိုက်ရာ သူမှားမြင်မိလိုက်သည့်အတိုင်းပင်။


သူက အသက်ကို ပြင်းပြင်းရှူကာ သူ့ရင်ဘတ်ပေါ် လက်တင်လိုက်သည်။ ထိုနေရာက အတော်လေး မသက်မသာခံစားနေရသည်။


အဖွားက အတော်များများကို မမှတ်မိနိုင်သော်လည်း ပန်းများအား ခွဲခြားနိုင်သေးသည်။


အန်းနဉ်က အဖွာကို ပန်းများ ကိုယ်တိုင်ရွေးချယ်စေခဲ့သည်။ အဖွားက ဈေးဆိုင်ပိုင်ရှင်နှင့်ပင် ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့သည်။ 


“အဒေါ်က ပန်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲ သိပုံရတယ်…” 


ဆိုင်ရှင်ကပင် ချီးကျူးခဲ့သည်။


ငွေရှင်းပြီးသည်နှင့် ဆိုင်ရှင်က ပျိုးပင်များပါ ပေးသည်။


ယနေ့ ဝမ်ယွီက သဘာဝအတိုင်း အလုပ်သမားဖြစ်လာခဲ့သည်။ သူက အပေါ်ထပ်သို့ ပန်းပင်များနှင့် အိုးများကို သယ်လာကာ အန်းနဉ်နှင့် အဖွားက လသာဆောင်တွင် နေရာချသည်။


ခဏမျှ စောင့်ကြည့်ပြီးနောက် အဖွားက အိမ်သာရေကို ဆွဲချရန်မသိသော်ငြားလည်း   မြေဆီလွှာကို မည်သို့လှန်ရမည်၊ အိုးများကို မည်သို့ပြောင်းရမည်ဆိုတာ ကျွမ်းကျင်ပုံရသည်။


ထိုအရာများလုပ်ရန် အဖွားဆီ လွှဲလိုက်သည်။ ဦးနှောက်သုံးပြီး လုပ်နေသည်က တီဗီကြည့်နေသည်ထက် ပိုကောင်းပေသည်။


သူမဧည့်ခန်းထဲပြန်လာချိန်တွင် ဆိုဖာပေါ်၌ ဝမ်ယွီက စိတ်ရှုပ်ထွေးနေသည့် အမူအရာနှင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ကော်ဖီစားပွဲပေါ်တွင် မည်သည့်အချိန်က တင်ထားသည်ကို မသိရသည့် စက္ကူအိတ်တစ်လုံးရှိနေသည်။


“အဲ့ဒါဘာလဲ…” 


အန်းနဉ်က သူ့ဆီလျှောက်သွားပြီး မေးလိုက်သည်။


ဝမ်ယွီက မျက်လုံးပင့်ပြီး သူမကို လျှို့ ဝှက်သည့်အကြည့်နှင့် ကြည့်လိုက်သည်။


အန်းနဉ်က အလွန်ပင်ထူးဆန်းနေသည်ကို ခံစားရကာ ဆိုဖာပေါ်ထိုင်ပြီး မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ…”


ဝမ်ယွီက အန်းနဉ်ကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ထိုလူယုတ်မာအကြောင်း ပိုသိထား၍ သတိပိုမိုထားနိုင်လျှင် မနစ်နာပေ။


“ကိုယ်မင်းကို ကျောင်းချန်အကြောင်းသိစေချင်တယ်…”


သူက အချက်အလက်များကို ဆွဲထုတ်လိုက်ကာ အန်းနဉ်ကို ပေးလိုက်သည်။ သူမက ယူလိုက်ပြီး သေချာကြည့်သည်။


ဝမ်ယွီက အန်းနဉ်၏မျက်နှာ ဖြူဖျော့သွားသည်ကို မြင်နေခဲ့သည်။


အန်းနဉ်က ခေါင်းမော့လိုက်ပြီး မယုံကြည့်နိုင်သည့် မျက်လုံးများနှင့် ဝမ်ယွီကို ကြည့်နေခဲ့သည်။ ထို့နောက် ခေါင်းပြန်ငုံ့ကာ သေချာပြန်စစ်ဆေးသည်။


အချက်အလက်များက အလွန်ပြည့်စုံပြီး အသေးစိတ်ပါဝင်သည်။ ကျောင်းချန်၏ကျောင်းမှ ဆရာဆရာမများနှင့် အတန်းဖော်များက လူသေမှုဖြစ်ပြီးသည့်နောက် ထွက်ဆိုရာတွင် ‘ကျောင်းချန်က အကျင့်စရိုက်ကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သည့် ကျောင်းသားဖြစ်ကြောင်း၊လူသတ်မှုမဖြစ်ခင် ကျောင်းချန်နှင့် လီယွမ်ယန်တို့အတူရှိနေကာ ကျောင်းချန်က အရင်ပြန်သွားကြောင်း’ သက်သေခံကြသည်။


ထိုနည်းဖြင့် ကျောင်းချန်က အပြစ်မှလွတ်ခဲ့သည်။


အန်းနဉ်က ဖြစ်ရပ်တစ်ခုလုံးနှင့် အလွန်ရင်းနှီးနေခဲ့သည်။ ကျောင်းချန်၏ အပြစ်ကျူးလွန်နေကျပုံစံ ဖြစ်ပုံရသည်။


သူမ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ရာ သွေးထွက်လာသည်။ ဟယ့်မန်၏ဓာတ်ပုံကို သူမ၏နောက်ဆုံးဓာတ်ပုံကဲ့သို့ အန်းနဉ်က ကြည့်နေခဲ့သည်။


သူမနှလုံးသားက တုန်ယင်နေကာ ကြောက်ရွံ့သည့်ခံစားချက်များ ပြန်ပေါ်လာခဲ့သည်။


“မင်းအဆင်ပြေရဲ့လား…” 


ဝမ်ယွီက အန်းနဉ်လက်ကိုကိုင်လိုက်ရာ အေးစက်နေမှန်း သတိပြုမိသည်။


“ကြောက်နေတာလား…” 


သူက သူမကိုနှစ်သိမ့်ပေးလိုက်သည်။


 “မကြောက်ပါနဲ့ကွာ… ကိုယ်က မင်းကို ဒါပြတယ်ဆိုတာ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ သိစေချင်လို့ပါ… နောက်ဆို သူနဲ့ဝေးဝေးနေနော်…”


အန်းနဉ် ခေါင်းညိတ်ပြလိုက်သည်။


ဝမ်ယွီက အန်းနဉ်လက်ထဲမှ စာရွက်များကိုပြန်ယူလိုက်သည်။ 


“အစက သူ့အဖေက သူ့ကို နိုင်ငံခြားလွှတ်မလို့ စီစဉ်ထားတာလေ… နောက်ပိုင်း ဒီကိစ္စဖြစ်သွားတော့ နိုင်ငံခြားကိုမလွှတ်ရဲတော့ဘဲ မြို့နယ်စီရင်စုကို ပို့လိုက်တာ… အဲ့ဒါနဲ့ ကိုယ်တို့ကျောင်းကို ရောက်လာတော့တာပဲ… တကယ်လို့ ဒီမှာသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူ့အဖေက သူ့အာဏာကို သုံးလို့ရတယ်လေ… နိုင်ငံခြားမှာသာဆိုလို့ကတော့ ဖြေရှင်းဖို့ခက်မှာ ငွေနဲ့တောင် မလွယ်ဘူး… သူက သူ့ဗီဇကို တော်တော်လေး ခက်ခက်ခဲခဲပြောင်းခဲ့ရတာဆိုပေမဲ့ ဒုတိယနှစ်ကျတော့ ထပ်လုပ်ပြန်ရော… ခွေးမြီးကောက် ကျည်တောက်စွပ်လိုအကောင်လေ…”


“ဒါပေမဲ့ စိတ်မပူပါနဲ့…သူမင်းကို ဘာမှမလုပ်ရဲဘူး…” 

ဝမ်ယွီက သူမလက်ကိုဖိညှစ်ကာ အားပေးလိုက်သည်။ 

“ကိုယ်ဒီမှာရှိတယ်နော်…”


အန်းနဉ်က သူ့အား တိတ်တဆိတ်ကြည့်လိုက်သည်။


ဒါဆို အတိတ်ဘဝတုန်းက ကျောင်းချန်က ငါ့ကို မျက်စိကျနေခဲ့ပေမဲ့ ဝမ်ယွီကိုကြောက်လို့ အကွက်မရွှေ့ရဲတာပဲ… ဒါကြောင့် ဝမ်ယွီ ငါ့နားရှိနေတုန်းက ကျောင်းချန်ရှိနေခဲ့မှန်းတောင် မသိခဲ့ရတာကိုး….


ဝမ်ယွီထွက်သွားတာနဲ့ ကျောင်းချန်က မသမာတဲ့ကောင် ဖြစ်လာတော့တာပဲ…


ဒါပေမဲ့ ဒီဘဝမှာကော ဝမ်ယွီက ထွက်သွားရဦးမှာလား…


ဝမ်ယွီက အမှန်တွင် ဤလ၇ရက်နေ့ကတည်းက ကုမ္ပဏီ၌ အလုပ်ဝင်လုပ်နေခဲ့သည်။ အန်းနဉ်အရှေ့တွင် အရူးတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သော်လည်း အမှန်စင်စစ်မှာမူ သူက အမွေဆက်ခံသူတစ်ဦး၏ တာဝန်ကို သေချာထမ်းဆောင်နိုင်သည့်သူပင် ဖြစ်သည်။


နောက်ထပ်၁၅ရက်ကြာသော် ဖေဖော်ဝါရီလလယ်မှ နှောင်းပိုင်းသို့ ကူးပြောင်းလာပြီဖြစ်သည်။ ဝမ်ယွီက အစည်းအဝေးလုပ်ပြီးနောက် ဝမ်ကောအန်းထံမှ ဖုန်းဝင်လာသည်။ 


“မင်းအမေကို ဒီရက်ပိုင်းတွေ့မိသေးလား…”


“ဟင့်အင်း… ကျွန်တော်နဲ့ နှစ်သစ်ကူးတွေ့ဆုံပွဲထဲက မတွေ့သေးတာ…”


“ဒါဆို သူနဲ့ဖုန်းပြောဖြစ်လား…” 


ဝမ်ကောအန်း ထပ်မေးသည်။


“မပြောဖြစ်ဘူး…”


ဝမ်ယွီနှင့် ချန်းလျန်က ထိုမျှလောက် မရင်းနှီးပေ။ လတစ်ဝက်ခန့် ဖုန်းမပြောဖြစ်သည်က သူတို့အကြားပုံမှန်ပင်။


ဝမ်ကောအန်းက ခဏစဉ်းစားကာ ပြောလိုက်သည်။


“အပေါ်ထပ်ကိုလာခဲ့…”  


ဝမ်ကောအန်း၏ရုံးခန်းက အပေါ်ဆုံးထပ်တွင်ရှိသည်။ ဝမ်ယွီက သီးသန့်ဓာတ်လှေကားမှ အပေါ်ထပ်ရှိသူ့အဖေ၏ ရုံးခန်းသို့ တက်လာခဲ့သည်။ ထိုနေရာတွင် ဝမ်ကောအန်းအပြင် အတွင်းရေးမှူးစွန်းနှင့် ချန်းလျန်၏ အတွင်းရေးမှူးဖြစ်သည့် အမျိုးသမီးတစ်ဦးပါ ရှိနေခဲ့သည်။


ထိုအမျိုးသမီးကိုကြည့်ရသည်မှာ မသက်မသာဖြစ်နေပုံပင်။


ဝမ်ယွီက တခုခုလွဲနေသည်ကို သိလိုက်ရာ မျက်မှောင်ကြုံ့၍ မေးသည်။ 


“ဘာဖြစ်လို့လဲ…”


ဝမ်ကောအန်းက ပြန်ဖြေသည်။


“မင်းအမေကို ဆက်သွယ်လို့မရဘူး…”


ဝမ်ယွီ အံ့အားသင့်သွားသည်။


“ဆက်သွယ်လို့မရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ…”


ဝမ်ကောအန်းက ထိုအမျိုးသမီးအတွင်းရေးမှူးကိုကြည့်ကာ ပြောလိုက်သည်။


“ရှောင်ယန်… စောစောက မင်းပြောခဲ့တာကို ပြန်ပြောပြလိုက်…”


အတွင်းရေးမှူးယန်က ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။


“ကျွန်မ မစ္စချန်းနဲ့ အဆက်အသွယ်ရတာ တမြန်နေ့ညနေကပါ…အဲ့ဒီနေ့ နေ့လည်က သူတက်ဖို့ရှိတဲ့ အစည်းအဝေးရှိနေတဲ့အကြောင်းကို ဖုန်းကနေတဆင့် အကျဉ်းချုံးပြောပြပေမဲ့ နည်းနည်းနောက်ကျတဲ့အထိ ရောက်မလာခဲ့ဘူး… မနေ့က မစ္စချန်းရဲ့ဖုန်းက ပိတ်ထားတာနဲ့ တခြားလူတွေကိုမေးကြည့်တော့လည်း သူတို့က မစ္စချန်းရဲ့ ဒရိုင်ဘာနဲ့ မစ္စချန်းကိုပါ မတွေ့မိဘူးတဲ့… ဒါနဲ့ နေ့လည်ခင်းရောက်တော့ အတွင်းရေးမှူးစွန်းကို ခေါ်လိုက်ရတာပါ…”


ထို့နောက် အတွင်းရေးမှူးစွန်းကဆိုသည်။


 “ကျွန်တော် အတွင်းရေးမှူးယန်ဆီက ဖုန်းရတော့ ဥက္ကဌကို ခေါ်လိုက်ပါတယ်…”


အတွင်းရေးမှူးနှစ်ယောက်လုံးက ဝမ်ကောအန်းကို ကြည့်ကာ ဝမ်ယွီကလည်း အလားတူပင်။


ဝမ်ကောအန်းက မျက်မှောင်ကြုံ့လိုက်သည်။


” သိပ်မကြာသေးခင်ကတော့ သူက အမြဲတမ်းဒေါသထွက်နေတာပဲ… အိမ်မှာဆို ငါနဲ့ အမြဲအချေအတင်ဖြစ်နေတာ… သူ့ကြည့်ရတာ စိတ်ကောင်းဝင်နေတဲ့ပုံ မပေါ်တာနဲ့ ငါလည်း သူစိတ်ပြေရင် ပြန်လာမှာဘဲဆိုပြီးတော့ လွှတ်ထားလိုက်တယ်…”


ဝမ်ယွီက ချက်ချင်းသူ့ဖုန်းကို ထုတ်ကာ ချန်းလျန်ဖုန်းကို ခေါ်လိုက်သည်။ သို့သော် ဖုန်းမှာ စက်ပိတ်နေဆဲပင်။


သူ ဖုန်းကိုချလိုက်ကာ မျက်မှောင်ကျုံ့လိုက်သည်။


“ဒါဆို ကျွန်တော့်အမေပျောက်နေတာ နာရီလေးဆယ်ကျော်ပြီဆိုတဲ့ သဘောပေါ့…”


ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။


အတွင်းရေးမှူးယန်က ဆိုသည်။ 


“ဒီလောက် ကြာတဲ့အထိ မဖြစ်ဖူးဘူး…”


ရုံးခန်းက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။


ဝမ်ယွီက ဝမ်ကောအန်းကို ကြည့်ကာ “အဖေ”ဟု အော်လိုက်သည်။


ရဲခေါ်ရန်ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့သော်လည်း ဝမ်ကောအန်းက အဘယ်ကြောင့် တိတ်ဆိတ်နေခဲ့သည်ကို ဝမ်ယွီ မသိခဲ့ပေ။


နောက်ဆုံးတွင် ဝမ်ကောအန်းက ပြောလာသည်။


 “ရဲခေါ်လိုက်…”


........


ယနေ့ အန်းနဉ်တွင် အလုပ်ရှိသည်။


ဆောင်းရာသီဖြစ်သော်ငြားလည်း သူမက ပါးလှသည့် ပိုးသားဂါဝန်ကို ဝတ်ထားသည်။ နွေရာသီတွင် ဂွမ်းထည်၊ ဆောင်းရာသီတွင် စကတ်လေးနှင့် ဓာတ်ပုံရိုက်ရန်မှာမူ မော်ဒယ်တစ်ယောက်အတွက် မလွယ်ကူပေ။ ကံကောင်းထောက်မစွာနှင့် စတူဒီယိုက အပူပေးထားသဖြင့် သူမအနေနှင့် အေးခဲမနေပေ။


ရိုက်ကူးရေးအလယ်တွင် ဝမ်ယွီ့ထံမှ ဖုန်းဝင်လာသည်။


 “ကိုယ်ဒီနေ့ လုပ်စရာလေးရှိလို့ မင်းကို လာကြိုလို့မရဘူး…”


အန်းနဉ်က ဝမ်ယွီ ကုမ္ပဏီ၌ အချိန်ပြည့်အလုပ်လုပ်နေရသည်ကို သိသည်။


 “ရပါတယ်…ရှင်လည်း ရှင့်အလုပ်ရှိမှာပဲလေ…”


ထို့နောက် ဝမ်ယွီဘက်က ဖုန်းကိုချလိုက်ချိန်အထိ သူပြောနေကျဖြစ်သော ‘ကိုယ်မင်းကိုလွမ်းတယ်’ သို့မဟုတ် ‘ဘေဘီ’ ဟူသည့် စကားမျိုးပင် မပြောတော့ချေ။ သူမ အနည်းငယ်မျှအံ့ဩသွားသော်လည်း အလုပ်ပြန်လုပ်ရန် အဝတ်အစားများ အမြန်သွားလဲလိုက်သည်။


နောက်တစ်နေ့တွင် သူမက အဖွားကို ကျန်းမာရေးစစ်ဆေးရန် ဆေးရုံသို့ခေါ်လာသည်။


သူမက ပြန်လည်စစ်ဆေးမှု၏ရလဒ်ကို မြင်ချိန်တွင် အဖွား၏ ကံကြမ္မာက ယခင်ဘဝကကဲ့သို့ မပြောင်းလဲသည်ကို သိလိုက်ရသည်။ ထို့ကြောင့် ခွဲစိတ်ရန် အကြံပြုခဲ့သည်။


သို့သော် ဆရာဝန်ကမူ ခွဲစိတ်ရန် စောလွန်းနေသေးကြောင်း တွေးခဲ့သည်။ သူက ကိုယ်သာအမှန်ဆုံးဟု ထင်တတ်သည့် မိသားစုဝင်များကို ကြည့်မရဖြစ်နေခဲ့သည်။ အရေးကြီးဆုံးမှာ အဖွားမှာ အသက်ကြီးလွန်းပြီး ရောဂါများစွာကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ချေရှိ၍ ခွဲစိတ်မှုကို တတ်နိုင်သမျှ ရှောင်စေချင်သည်။


အန်းနဉ်က ဆရာဝန်အား မယုံကြည်နိုင်ခဲ့ပေ။


သူမက ယခင်ဘဝက ကြုံခဲ့ဖူးကြောင်းကိုလည်း ပြောလိုက်၍မရပေ။


နှစ်ယောက်သား ငြင်းခုန်ကြရာ ဆရာဝန်က ပြောလာသည်။


 “မင်းက အသက်ဘယ်လောက်ရှိပြီမလို့လဲ… အရွယ်ရောက်ပြီလား… မင်းမိဘတွေကို ငါနဲ့လာဆွေးနွေးခိုင်းချေ…”


အန်းနဉ်က အဖွားကိုပြန်ခေါ်ကာ စိတ်ဓာတ်ကျကျနှင့် အိမ်ပြန်လာခဲ့သည်။


သူမက အိမ်ပြန် နေ့လည်စာချက်ကျွေးပြီးနောက် အဖွားအား တရေးတမော အိပ်စေသည်။ ထို့နောက်  ဆိုဖာအသစ်ပေါ်သို့ စိတ်မချမ်းမသာနှင့် လှဲနေခဲ့သည်။ သူမ ဖုန်းထုတ်ကာ ဝမ်ယွီ့အား ခေါ်ဆိုချင်ခဲ့သည်။


နေ့လည်ခင်းသာ ရှိသေးပြီး တစ်နေ့လုံး ဝမ်ယွီ့ဆီမှ ဖုန်းမဝင်လာသေးချေ။ စာတစ်စောင်မှလည်း ရောက်မလာသေးပေ။


ထူးဆန်းလိုက်တာ… 


အန်းနဉ်က သူ့ဖုန်းကို ခေါ်လိုက်သည်။ 


“ကိုယ်အရမ်းအလုပ်ရှုပ်နေတယ်… နောက်မှပြန်ခေါ်လိုက်မယ်နော်…”


အန်းနဉ်က ဖုန်းကျသွားသည်အထိ ‘အိုး’ဟုသာ တုန့်ပြန်နိုင်ခဲ့သည်။


သူမ ဖုန်းကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး  စိတ်အခြေအနေက ပို၍ပင် ဆိုးရွားလာခဲ့သည်။


.......


ဝမ်မိသားစု စံအိမ်တွင်


တစ်ဖက်တွင် ဝမ်ကောအန်း၊ ဝမ်ယွီနှင့် အတွင်းရေးမှူးစွန်းတို့ ရှိနေပြီး တခြားတစ်ဖက်တွင် ယူနီဖောင်းဝတ်ထားသောလူများနှင့် မဝတ်ထားသောလူများ ရှိနေခဲ့သည်။


ဝမ်ယွီက ဖုန်းကိုချလိုက်ပြီး သူ့အရှေ့က လူများကိုကြည့်လိုက်သည်။ သူ့အကြည့်များကို အေးစက်နေပြီး အသံက ပို၍ပင် အေးစက်နေခဲ့သည်။ 


“ဘာတွေပြောနေတာလဲ…”


မှုခင်းစုံစမ်းရေးဌာနမှ ခေါင်းဆောင်လော့က ပြန်ဖြေသည်။ 


“စစ်ဆေးမှုရလဒ်ထွက်လာပါပြီ… ဓားပေါ်က လက်ဗွေရာပိုင်ရှင်က ဒါရိုက်တာဝမ်ပါ…ကျွန်တော်တို့ သူ့ကိုခေါ်သွားဖို့လိုပါတယ်… စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုပါတယ်…”


ချန်းလျန်ပျောက်နေသည်ကို ယမန်နေ့က သတိထားမိကြ၍ ဝမ်ယွီက ချန်းဟောင်ရန်၏ဝမ်းကွဲကို ဆက်သွယ်လိုက်သည်။


လက်ထောက်ဒါရိုက်တာချန်းက ချက်ချင်းစီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မကြာမီရှာတွေ့ခဲ့သည်။


ချန်းလျန်၏ဖုန်းက စက်ပိတ်ထားသဖြင့် GPSဖြင့်ရှာ၍ မဖြစ်နိုင်သော်လည်း ရဲဘက်ဆိုင်ရာစနစ်အရ တည်နေရာသဲလွန်စကို ရှာတွေ့ခဲ့ရသည်။


ဖုန်းစက်မပိတ်မီ နောက်ဆုံးရှိနေခဲ့သည့်နေရာမှာ အိမ်ဖြစ်ပြီး သူမဖုန်း၏နောက်ဆုံးခေါ်ဆိုမှုက ‘110’ပင်။


ခေါ်ဆိုမှုမှတ်တမ်းအရ အမှန်ပင် ချန်းလျန်၏အသံဖြစ်နေခဲ့သည်။ သူမက ‘ကယ်ပါဦး’ ဟု ပြောပြီး ဖုန်းကျသွားသည်။


ရဲစခန်းက မကြာခဏအပြောင်အပျက်ဖုန်းကောများ ရတတ်သောကြောင့် ၎င်းကိုလည်း နောက်ပြောင်ခေါ်ဆိုမှုဟု ယူဆကာ အလေးအနက်မထားမိခဲ့ချေ။


လက်ထောက်ဒါရိုက်တာချန်း၏ အရေးတယူစုံစမ်းမှုကြောင့် ရဲစခန်းက CID၏ ခေါင်းဆောင် ‘လော့ထိုက်ကျို့' ကို တိုက်ရိုက်ဖုန်းဆက်ပြီး ဤကိစ္စကို ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးခဲ့သည်။ တစ်နာရီအတွင်း အချက်အလက်များကို စုံစမ်းစစ်ဆေးနိုင်ခဲ့သည်။


ခေါင်းဆောင်လော့က သူ့လူများကို ဝမ်မိသားစုအိမ်တော်သို့ ချက်ချင်း သွားခိုင်းခဲ့သည်။


ထိုအချိန်တွင် ဝမ်ကောအန်းနှင့် ဝမ်ယွီက လက်ထောက်ဒါရိုက်တာချန်းနှင့် ဆွေးနွေးနေခဲ့သည်။ ခေါင်းဆောင်လော့နှင့် သူ့လူများက အိမ်ထဲသို့အားသုံးဝင်ရောက်ကာ အခြေအနေကို ရှင်းပြပြီး ရှာဖွေခွင့်ပြုရန်တောင်းဆိုခဲ့သည်။


ဝမ်ကောအန်းနှင့် ဝမ်ယွီတို့က  ချန်းလျန်ကို ရှာနိုင်ရန် သဲလွန်စရနိုင်မည်ဖြစ်၍ သဘောတူခဲ့ကြသည်။


သို့သော် ကားဂိုဒေါင်၏ လျှို့ဝှက်နေရာ၌ ကားအခင်းဖြင့် လိပ်ထားသည့် ဓားတစ်ချောင်းကို တွေ့လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။


အခင်းက ဝမ်ကောအန်း၏ ကားတစ်စီးမှဖြစ်ပြီး ဓားက မီးဖိုချောင်သုံး သစ်သီးလှီးဓား ဖြစ်နေခဲ့သည်။ အခင်းနှင့် ဓားတွင် သွေးများစွန်းနေခဲ့သည်။


ယနေ့မနက် စစ်ဆေးမှုရလဒ်အရ သွေးက ချန်းလျန်ထံမှ ဖြစ်နေကာ ဓားမှ လက်ဗွေရာပိုင်ရှင်က ဝမ်ကောအန်းဖြစ်နေခဲ့သည်။


 


###