အပိုင်း၇၇
Viewers 11k

🤚Chapter 77





ဝမ်ယွီက ရဲမဟုတ်သည့်အပြင် လျို့ဝှက်ဆန်းကြယ်သောအရာများကို ဝါသနာပါသူ မဟုတ်သော်လည်း အချက်အလက်အားလုံးက မည်သည်ကို ဆိုလိုနေသည်အား နားလည်နေသဖြင့် ၎င်းမှာ သူလက်ခံနိုင်သည့်အရာ မဟုတ်ချေ။


သူ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ကြွက်သားများက သန်မာပုံရပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ ခေါင်းဆောင်လော့ပင် ဝမ်ယွီက ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားဖြစ်ကြောင်းကို ပြောနိုင်သည်။


ခေါင်းဆောင်လော့နှင့် သူ့အဖွဲ့၏စိတ်များ ချက်ချင်းတင်းမာလာသည်။ ရယ်မောနေသည့် သူများပင် ရဲများကို ရုတ်ချည်းတိုက်ခိုက်သည့် ဖြစ်ရပ်များစွာကို သူတို့ကြုံတွေ့ဖူးသည်။


“ရှောင်ယွီ…” 


ဝမ်ကောအန်း၏အသံက ရုတ်တရက် လေးနက်လာသည်။ 


“စိတ်အေးအေးထားပါ…”


လက်ထောက်ဒါရိုက်တာချန်းကလည်း ထိုနေရာတွင် ရှိနေခဲ့ရာ ဝင်ပြောလေသည်။ 


“ရှောင်ယွီ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့… ဦးလေးတို့ ဘာမှရှင်းရှင်းလင်းလင်း မသိရသေးပါဘူး… ပြီးတော့ စုံစမ်းစစ်ဆေးဖို့ဆိုတာကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး သံသာတွေ ရှင်းသွားအောင်ပါ…”


ဝမ်ယွီက ဝမ်ကောအန်းကိုပြန်ကြည့်လိုက်ရာ ဝမ်ကောအန်းက ‘လက်ထောက်ဒါရိုက်တာချန်းပြောတာ မှန်တယ်’ ဆိုသည့် အကြည့်နှင့် ကြည့်နေခဲ့သည်။ သို့ဖြစ်၍ ဝမ်ယွီက သူ့စိတ်ကိုထိန်းကာ နောက်ပြန်ဆုတ်လိုက်သည်။


ဝမ်ကောအန်း၊ ဝမ်ယွီ၊ မိသားစုစားဖိုမှူး၊ သန့်ရှင်းရေးဝန်ထမ်းအပြင် ကားဒါရိုက်ဘာလည်း ရဲစခန်းသို့ အမေးအမြန်းခံယူရသည်။


ဝမ်ယွီက မြန်မြန်ဆန်ဆန်နှင့် စစ်ဆေးမေးမြန်းမှုမှ လွတ်လာခဲ့သည်။ အကြောင်းမှာ သူက ယခုရက်ပိုင်းအတွင်း အိမ်သို့မပြန်ဖြစ်သောကြောင့်ပင် ဖြစ်သည်။


စစ်ကြောရေးအခန်းအပြင်သို့ ရောက်သည်နှင့် အတွင်းရေးမှူးစွန်းကို တွေ့လိုက်ရသည်။


အတွင်းရေးမှူးစွန်းက ပြောလာသည်။


 “ရှေ့နေကျန်းက လမ်းမှာရောက်နေပါပြီ…”


“အခြေအနေအပြည့်အစုံကိုတော့ ကျွန်တော်တို့မသိရသေးပါဘူး… သခင်လေးက ပထမဆုံးထွက်လာတာပါ…” 


ကျန်နေသည့် လူများက ပိုပြီးမေးမြန်းခံနေရပုံပင်။


အပြင်ဘက်၌ နာရီအတော်ကြာစောင့်နေခဲ့ရသည်။ ခေါင်းဆောင်လော့က အပြင်သို့ထွက်လာသည်နှင့် ဝမ်ယွီ့အား တစ်ချက်ကြည့်လိုက်သည်။ မကြာမီ ဒုဥက္ကဌချန်းထွက်လာပြီး ဝမ်ယွီ့ကို သူ့ရုံးခန်းသို့ ခေါ်ပြောသည်။


“လက်ရှိထွက်ဆိုချက်နဲ့ သက်သေတွေက မင်းအဖေအတွက် သိပ်အဆင်မပြေဘူး…” 


 “ဦးလေး ဝေ့ဝိုက်မနေပါနဲ့… အခုဘယ်လိုဖြစ်နေပြီလဲဆိုတာသာ ပြောပါ…”


ဝမ်ယွီက မေးသည်။


“ထွက်ဆိုချက်အရ လတ်တလော မင်းမိဘတွေက မကြာခဏ အချေအတင်ဖြစ်ခဲ့ကြပုံပဲ… မင်းတို့အိမ်က စားဖိုမှူးနဲ့ သန့်ရှင်းရေးဝန်ထမ်းက မင်းမိဘတွေ အဲ့ဒီနေ့ညက ညစာမစားခင် ရန်ဖြစ်ခဲ့တယ်လို့ အတည်ပြုထားတယ်… မင်းအမေက အောက်ထပ်ကို ထမင်းစားဖို့ ဆင်းမလာခဲ့ဘူး…စားဖိုမှူးပြောတာကတော့ သူ အလုပ်မဆင်းခင်အချိန်က စောစောက ငါတို့ ရထားတဲ့ သွေးစွန်းဓားကို သန့်ရှင်းရေးလုပ်ခဲ့သေးတယ်တဲ့…” 


ဝမ်ယွီ ခဏမျှ ငြိမ်ကျသွားသည်။ 


“ဦလေးပြောချင်တာက ကျွန်တော့်မိဘတွေ ရန်ဖြစ်ကြရင်းနဲ့ အဖေက ဒေါသထွက်လာပြီး အမေ့ကို ဓားနဲ့ထိုးသတ်လိုက်တယ်ဆိုတာလား…”


ဒုဥက္ကဌချန်းက ထပ်ပြောသည်။ 


“ဒါက ထင်ကြေးသက်သက်ပါပဲ… လက်ရှိ မင်းအမေက ဘယ်ရောက်နေလဲမသိသလို မင်းအမေကို မင်းအဖေကသတ်လိုက်တယ်လို့လည်း ကောက်ချက်မချနိုင်သေးပါဘူး…”


သူက ‘သတ်လိုက်တယ်’ဟူသည့် စကားကို အတိအလင်းပြောခဲ့သည်။


ဝမ်ယွီ့၏နှလုံးသားက တင်းကြပ်လာသည်။


သာမန်လူငယ်တစ်ယောက်အနေဖြင့် အမေနှင့် မည်မျှပင် စိမ်းနေပါစေ သူတို့အဖေက အမေဖြစ်သူအား သတ်လိုက်သည်ကို လက်ခံနိုင်မည် မဟုတ်ချေ။


“ဒါဆို ကျွန်တော့အဖေကကော ဘယ်တော့ထွက်လာမှာလဲ…”


ထိုစဉ်ရုတ်တရက်ဖုန်းဝင်လာ၍ ‌ဒုဥက္ကဌချန်းက စကားရပ်လိုက်သည်။


“ဒါရိုက်တာချန်လား…”


 သူကဖုန်းကို ဖြေကာ သူ့အမူအရာက တဖြည်းဖြည်း‌ ပြောင်းသွားသည်။ 


“ဘာဖြစ်လို့များလဲ…”


ဖုန်းချပြီးနောက် ဒုဥက္ကဌချန်း၏ အမူအရာမှာ သဘောမတူနိုင်ပုံရသည်။


“တစ်ယောက်ယောက်က ဒီကိစ္စကို ပိုပြင်းထန်လာအောင် လုပ်လိုက်တာပဲ… သဲလွန်စက ပြတ်သွားတော့ မင်းအဖေ အခုထွက်လာနိုင်ဖို့ ခက်တယ်…”


ဝမ်ယွီ၏အမူအရာက ပြင်းထန်လာသည်။


ဝမ်ယွီ ရုံးခန်းထဲက ထွက်လာသည်နှင့် အတွင်းရေးမှူးစွန်းကို ရှာမတွေ့ခဲ့ပေ။


သူက ရဲအရာရှိတစ်ယောက်ကို မေးလိုက်သည်။ 


“ဒီနားကလူ ဘယ်ရောက်သွားတာလဲ…”


“ခေါင်းဆောင်လော့က သူ့ကိုမေးမြန်းဖို့ ခေါ်သွားတာ…”


အတွင်းရေးမှူးစွန်းက ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ… ဘာလို့ သူ့ကိုပါ မေးမြန်းရတာလဲ…


စားဖိုမှူးနှင့် သန့်ရှင်းရေးဝန်ထမ်းတို့ ထွက်လာကြသည်။ သူတို့က ဝမ်ယွီ့ထံချဉ်းကပ်ကာ ဘာဆက်လုပ်ရမည်ကို မေးမြန်းသည်။


“အခုတော့ အလုပ်လုပ်ဖို့မေ့ထားပါဦး…အကြောင်းကြားတာကို စောင့်ပါ…” 


ထို့နောက် သူတို့၏တုံ့ဆိုင်းနေသော မျက်နှာများကို တွေ့လိုက်ကာ ထပ်ပြောသည်။


 “လစာမဖြတ်ပါဘူး…” 


သူတို့က စိတ်သက်သာရာရကာ ထွက်သွားကြသည်။ 


ရှေ့နေကျန်းက ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းခန်းထဲ ဝင်ဆွေးနွေးသည်။ သူထွက်လာသည်နှင့် ဝမ်ယွီကို ပြောလိုက်သည်။


 “ဥက္ကဌက မင်းနဲ့တွေ့ချင်နေတယ်…”


ဝမ်ယွီက ချက်ချင်းထရပ်ကာ အထဲသို့ဝင်လိုက်သည်။


ဝမ်ကောအန်းက တည်ငြိမ်နေဆဲပင်။ ဝမ်ယွီဝင်လာသည်ကို မြင်သည်နှင့် သူက မျက်ခုံးပင့်လိုက်သည်။


ဝမ်ယွီက သူ့ရှေ့တွင်ထိုင်ကာ စိတ်ရှုပ်ထွေးနေပုံရသည်။


 “အဖေ  ဘာတွေဖြစ်နေတာလဲ…”


ဝမ်ကောအန်းက ပြန်မေးသည်။ 


“မင်းဘယ်လိုထင်လဲ…”


ဝမ်ယွီက အသက်ပြင်းပြင်းရှူကာ အခိုင်အမာဆိုသည်။

 

“ကျွန်တော်မယုံဘူး…”


“ဘာလို့လဲ…”


“အမေဘာတွေပဲလုပ်လုပ်… တကယ်လို့ အဖေ့အပေါ်သစ္စာဖောက်ခဲ့ရင်တောင် အဖေက စိတ်မထိန်းနိုင်ဘဲ တစ်ယောက်ယောက်ကို ဓားနဲ့ထိုးမယ်ဆိုတာ ကျွန်တော်မယုံဘူး…အဖေသာ အမေ့ကို ထိခိုက်စေချင်တယ်ဆိုရင် တခြားနည်းတွေ ရှိနေတာပဲ…”


စကားက အလွန်ပင် တဲ့တိုးဆန်နေသည်။


ဝမ်ကောအန်း၏ တည်ငြိမ်နေသည့်မျက်နှာမှာ နောက်ဆုံးသက်တောင့်သက်သာဖြစ်လာပုံရပြီး ခေါင်းညိတ်သဘောတူလိုက်သည်။ 


“ဟုတ်ပကွာ…”


သူ့လက်ချောင်းက စားပွဲကို တတောက်တောက်ခေါက်နေရာ ဝမ်ယွီက သူ့အဖေအတွေးလွန်နေမှန်း သိလိုက်ရသည်။ ထို့နောက် သူ့အဖေ၏ညွန်ကြားချက်ကို စောင့်ရန် တိတ်တိတ်လေးကြည့်နေခဲ့သည်။


သူ့လက်ချောင်းများက ရပ်သွားပြီး ဝမ်ကောအန်းကြည့်ရသည်မှာ တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်ပုံပင်။


ဝမ်ယွီ့ကို အချို့အရာများပြောသင့်ပြီဟု သူဆုံးဖြတ်လိုက်သည်။


“မင်းအမေ ဘာတွေလုပ်နေလဲ ဆိုတာသိလား…” 


ဝမ်ကောအန်းက မေးလိုက်သည်။


ထိုစကားကို သူပြန်ဖြေရန်မလိုအပ်ပေ။ 


“မင်းအမေက နှစ်တွေအကြာကြီး ကုမ္ပဏီပိုင်ငွေတွေကို အလွဲသုံးစားလုပ်နေခဲ့တာ… ငါက သူ့အတွက် ဇိမ်ခံနေထိုင်လို့ရမယ့်ဘဝနဲ့ ပိုက်ဆံအလုံအလောက်ပေးခဲ့ပေမဲ့ သူက ကျေနပ်ပုံမရဘူး… ပိုက်ဆံတွေကို ခိုးနေခဲ့တယ်…”


ဝမ်ယွီ အံ့အားသင့်သွားသည်။


“နှစ်တွေအကြာကြီး….ပြီးတော့ အဖေ့ဘက်က သိနေတာလား…”


သူ့အမေက ကုမ္ပဏီ၏ ရန်ပုံငွေများကို နှစ်အတော်ကြာသည်အထိ အလွဲသုံးစားလုပ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။


“အင်း အဖေသိတယ်… အဖေက သူ့ကို သည်းခံခဲ့ရုံပဲ… အသေးအမွှားကိစ္စလေးတွေက အဖေ့ကို မထိခိုက်စေပါဘူး…”


ဝမ်ယွီက ပါးစပ်လှုပ်လိုက်သော်လည်း ဘာပြောရမည်ကို မသိခဲ့ပေ။ 


သူ့အဖေက အဘယ့်ကြောင့် သည်းခံနေခဲ့သည်ကို သူ နားမလည်ခဲ့ချေ။ ထိုနေရာမှာ သူသာဆိုလျှင် သူ့မိန်းမသာမက ဘာပဲဖြစ်နေပါစေ သည်းခံနေမည် မဟုတ်ချေ။


ဝမ်ကောအန်း၏ ပိုက်ဆံဆိုသည်က မိသားစုပိုင်ပိုက်ဆံများပင် ဖြစ်သည်။ ၎င်းက နောင်တစ်ချိန်တွင် သူ့အပိုင်ဖြစ်လာလိမ့်မည်။ ဆိုလိုသည်က သူ့အမေက သူ့သားပိုက်ဆံများကို ခိုးနေခဲ့ခြင်းပင်။


သားတစ်ယောက်အနေနှင့်ပင် သူ သည်းခံနိုင်မည်မဟုတ်ပေ။


ဝမ်ကောအန်းက သူ့သားအကြောင်း ကောင်းကောင်းသိနေသောကြောင့် သူ့စိတ်ထဲရှိ အတွေးများကို မြင်နို‌င်လေသည်။ သူဆက်ပြီး မရှင်းပြချင်တော့ပေ။


ချန်းလျန်က သူ့မိန်းမဖြစ်နေ၍ သည်းခံနေခြင်း မဟုတ်ဘဲ ဝမ်ယွီ၏မွေးမိခင်ဖြစ်၍ သည်းခံနေခြင်းသာ ဖြစ်သည်။


ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ယွီကမေးသည်။


 “ဒါဆို…..”


မကြာသေးမီလအတွင်းက သူ့မိဘများကြားရှိ တင်းမာနေသောလေထုနှင့် သူတို့၏ အချေအတင် မည်မျှပင် ပြင်းထန်မည်ကို သူသတိပြုမိလာသည်။


ဝမ်ကောအန်းက တည်ငြိမ်နေသည့် မျက်နှာနှင့် ဆက်ပြောသည်။


 “သူက အသေးအမွှားပြဿနာတွေ ဖြစ်စေပေမဲ့ အဖေ့ကို မထိခိုက်တာမလို့ သည်းခံခဲ့တာ…”


ဝမ်ယွီ့နှလုံးသားက နစ်မြုပ်သွားပြီး ဆက်မေးသည်။


“အဖေဘာကို ဆိုလိုချင်တာလဲ…”


ကုမ္ပဏီ၏ရန်ပုံငွေများ အလွဲသုံးစားလုပ်ခံလိုက်ရသော်လည်း လုပ်ငန်းက ချောချောမွေ့မွေ့ လည်ပတ်နေသေးသည်ကို သူသတိထားမိလိုက်သည်။ သူ့အဖေ၏စကားများကို ကြေညက်ရန် ကြိုးစားနေစဉ် နောက်ပြောလာသည့်စကားများက ပို၍ပင် စိတ်ဖိစီးစေသည်။


ဝမ်ကောအန်းက ချန်းလျန် ပိုက်ဆံအလွဲသုံးစားလုပ်သည့်အချက်ကို ဝမ်ယွီ အာရုံမစိုက်မိသည်ကို တွေ့လိုက်သည်။ ထို့ကြောင့် သူက သွယ်ဝိုက်ပြောလိုက်သည်။


“မနှစ်တုန်းက သူ့ကြောင့် အတွင်းပိုင်းရန်ပုံငွေ ကုန်သွားလုနီးပါးပဲ… ငါ သတိထားမိတာနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို ရုတ်သိမ်းလိုက်တာ ဒီလတွေမှာ သူ ဘာမှလုပ်လို့မရခဲ့ဘူး…ဒါပေမဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာ ပြောဖို့ ငြင်းနေတုန်းပဲ… သူက ရိုးသားချင်ယောင်ဆောင်ပြီး ပုံမှန်လို ပြုမူနေတော့ ငါလည်း သတိလျော့သွားတယ်…”


သူ့အဖေစကားထဲက ဖုန်းကွယ်ထားသည့် အဓိပ္ပာယ်ထက် သူ့အမေ၏လှည့်စားမှုကြောင့် အတွင်းရန်ပုံငွေများ ဆုံးရှုံးလိုက်ရကာ ကုမ္ပဏီအား မည်သို့လည်ပတ်ရမည်ဆိုသည်ကိုသာ သူက ပိုပြီးအာရုံစိုက်သည်။


“ဒါဆိုရင် အဲ့ဒီနေ့ကရော…” 


ဝမ်ယွီကမေးလိုက်သည်။


“အဲ့ဒီနေ့က ဘာမှမဖြစ်ခဲ့ဘူး... ငါတို့ ပုံမှန်အတိုင်းဘဲ စကားအချေအတင်ဖြစ်ကြတယ် နောက်တော့ ငါလည်း တချိုးတည်း အိပ်ပျော်သွားတာပဲ…”


ဘာဒေါသပြင်းထန်တဲ့ တိုက်ပွဲ၊ ဘာလူသတ်မှု၊ ဘာအလောင်းဖျောက်တာမှ မရှိဘူး….


ဒါဆို တစ်ယောက်ယောက်က ဝမ်ကောအန်းကို ထောင်ချောက်ဆင်လိုက်ပုံပဲ….


ဝမ်ယွီ့အတွက်မူ သူ့အဖေက သူ့အမေကို သတ်လိုက်သည်ဆိုသည်အား လက်မခံနိုင်သကဲ့သို့ သူ့အမေက သူ့အဖေကို နစ်နာအောင်လုပ်ခဲ့သည်ကိုလည်း  လက်မခံနိုင်ခဲ့ချေ။


ဝမ်ကောအန်းက လက်ရှိအချိန်မှာ ဝမ်ယွီ့အတွက် ခက်ခဲမည်ကိုသိနေခဲ့သည်။ သူက တိတ်တိတ်လေးနေကာ သူ့သားအတွက် အချိန်ပေးသည်။


ဝမ်ယွီ့၏အသက်ရှူသံက သာမန်ထက် ပိုပြင်းထန်နေသည်။ သို့သော် သူက ကောင်းကောင်းကျော်လွှားနိုင်ခဲ့သည်။


“ဒါဆို အမေကမသေသေးဘူးပေါ့…အဖေ့ကို ထောင်ချောက်ဆင်ပြီး ထွက်ပြေးသွားပုပဲ…”


“အဖေလည်း အဲ့ဒီလိုပဲထင်တယ်…”


ဝမ်ယွီက အံကြိတ်လိုက်သည်။


 “ဒါဆို ကျွန်တော်တို့အခု ဘာဆက်လုပ်သင့်လဲ… ကျွန်တော်ဘာလုပ်ပေးရမလဲ…”


“လက်ရှိဦးစားပေးရမှာကတော့ မင်းအမေကို ရှာဖို့ပဲ… ဒါပေမဲ့ အဖေက သံသယဝင်ခံနေရတော့ အဆင်မပြေဘူး… သူ့မှာ နောက်ထပ်အကြံတွေ ရှိနိုင်သေးတယ်… အခုတော့ စစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းကြတာပေါ့… နောက်ထပ်သဲလွန်စတွေ ရှာတွေ့လာမှာပါ…”


ဝမ်ယွီ ရဲစခန်းက ပြန်ရောက်လာချိန်တွင် အပြင်ဘက်မှာ မည်းမှောင်နေပြီဖြစ်သည်။


သူက ကားထဲထိုင်နေကာ တစ်ကမ္ဘာလုံးက လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။


ချမ်းသာသော မိသားစုများကြားရှိ လျို့ဝှက်ချက်များကို သိထားသူအနေနှင့် မောင်နှမများကြား ပြိုင်ဆိုင်မှုနှင့် အိမ်ထောင်ရေး ပြဿနာများ၊ လူသတ်မှုနှင့် အမွေဆက်ခံသူများကြား အငြင်းပွားမှုများကို ကြားဖူးခဲ့သည်။


သို့သော် ထိုကဲ့သို့အရာမျိုး သူ့မိသားစုတွင် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။


အကြောင်းရင်းမှာ သူ့မိသားစုက အတော်လေး ရိုးရှင်းလွန်းသောကြောင့်ပင်ဖြစ်သည်။ အဖိုးအဖွားများကလည်း သူ မမွေးခင်ကတည်းက ဆုံးပါးသွားခဲ့ပြီး ဆွေမျိုးသားချင်းများမှာလည်း အဆက်အသွယ်သိပ်မရှိကြပေ။ 


သူ့မိဘများက အသက်အရွယ်ကွာခြားသော အိမ်ထောင်ရေးဖြစ်သဖြင့် ပိုငယ်သော မိန်းမဖြစ်သူက အထီးကျန်လွယ်ကာ သူ့ယောက်ျားအပေါ် ဖောက်ပြန်လာနိုင်သည်။


ဝမ်ယွီက သူ့အမေ ထိုမျှအထိ လုပ်နိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။ အကယ်၍ ဖြစ်လာခဲ့လျှင်လည်း သူတို့က သူ့အားမထိခိုက်စေသရွေ့  ခွင့်လွှတ်ပေး မည်ဖြစ်သည်။


သို့သော် သူ့အမေအား လျှော့တွက်မိပုံရသည်။


ချန်းလျန်၏သတ္တိက ကောင်းကင်ကို ကျော်လွန်နေသည်ပင်။


ဝမ်ယွီက ကားထဲမှာထိုင်ရင်းတွေးနေခဲ့သည်။ သူက ကားကို စက်မနှိုးသေးဘဲ စတီယာတိုင်ကို ကိုင်ကာ သေချာစဉ်းစားနေခဲ့သည်။


အမှောင်ထဲတွင် သူ့ဖုန်းက ရုတ်တရက်မြည်လာကာ မမျှော်လင့်ထားစွာနှင့် ချန်းဟောင်ရန်ဖြစ်နေခဲ့သည်။


“မင်းအဆင်ပြေရဲ့လား… ဘာတွေဖြစ်နေတာလဲ…” 


“ကိစ္စက စုံစမ်းနေတုန်းပဲ…ငါ့အဖေက လက်ရှိတော့ ထွက်လာလို့မရသေးဘူး…”


“အာ မင်းထင်လား ဦးလေးက…” 


ချန်းဟောင်ရန်က စကားအစပျိုးရုံသာရှိသေးသည်။ 


“သူ လုံးဝလုပ်မှာမဟုတ်ဘူး…” 


ဝမ်ယွီက အခိုင်အမာပြောသည်။ 


“စောင့်နေ… ငါတို့ အမှန်တရားကို သေချာရှာရမယ်…”


ချန်းဟောင်ရန်က သူ၏နှစ်သိမ့်မည့်စကားလုံးများကို ရုတ်သိမ်းကာ ဖုန်းချလိုက်သည်။


ဝမ်ယွီက အမှောင်ထဲ ဆက်ထိုင်နေခဲ့သည်မှာ အန်းနဉ်ဆီက ဖုန်းဝင်လာသည်အထိပင်။


“ရှင် အလုပ်ပြီးသွားပြီလား…”


သူမအသံလေးက နူးညံ့ပြီး ချိုမြိန်နေသဖြင့် သူ့နှလုံးသားလေးအား ဘရက်ရှ်လေးနှင့် တိုက်လိုက်သလိုပင်။


သူ့နှလုံးသားက ရုတ်ချည်း ငြိမ်သက်သွားသည်။


သူ့အဖေရှေ့မှာမူ သားဖြစ်သည့်သူက ကလေးတစ်ယောက်ကဲ့သို့ပင်။ သူ၏ ဝမ်ကောအန်းအပေါ် ထားရှိသည့် မှီခိုအားကိုးလိုစိတ်မှာ လေးနက်ပြီး ဝမ်ကောအန်းအရှေ့တွင် သူ့ခံစားချက်များကို ပြနိုင်ပေသည်။


သို့သော် အန်းနဉ်အရှေ့တွင်မူ သူပိုပြီးသန်မာလိုသည်။ ပိုပြီး ယုံကြည်နိုင်သည့် ယောကျ်ားကောင်းဖြစ်လာရမည်။ သူမကို လုံလုံခြုံခြုံ ကာကွယ်ပေးနိုင်ရန် ပိုပြီးသည်းခံရမည်။


“ကိုယ်ခုလေးတင်ပဲ ပြီးသွားတာ… ဒီနေ့ တအားပင်ပန်းတာပဲကွာ…”


တစ်နေ့တာလုံး ဖြစ်ပျက်ခဲ့သမျှက သူ့အား ပင်ပန်းနွမ်းနယ်လာစေသည်။ သူ့အသံကပင် ပင်ပန်းနွမ်းနယ်နေသည်မှာ မငြင်းနိုင်ပေ။


အန်းနဉ်က ၎င်းကို သတိထားမိသည်။


 “ဒါဆို မြန်မြန်အနားယူတော့လေ… ညစာရော စားပြီးပြီလား…”


“ကိုယ်မစားရသေးဘူး…”


သူက ပြန်ဖြေကာ ဆာလောင်မှုကြောင့် မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။


“ဒါဆို သွားစားတော့နော်… ဗိုက်ဆာနေတာကို မစားဘဲမနေရဘူး…”


ဖုန်းခေါ်ဆိုမှုက သာမန်အတိုင်း ရိုးရှင်းသောစကားပြောဆိုမှုသာဖြစ်သော်လည်း ဝမ်ယွီ၏ဂနာမငြိမ်ဖြစ်မှုကို သက်သာလာစေသည်။


သူက သွားစားရန် သဘောတူကာ ဖုန်းမချသေးမီ အန်းနဉ်အား ပြောလိုက်သည်။


 “ဒီရက်တွေမှာ ကိုယ်နည်းနည်းအလုပ်ရှုပ်နေလို့ ဖုန်းခေါ်လို့ မရဘူး… စိတ်ပူမနေနဲ့နော်…”


ဝမ်ယွီက တွယ်ကပ်တတ်သည့်သူမျိုးဖြစ်သည်။ သူ့ဖုန်းကောများက တစ်နေ့ထမင်းသုံးနပ်စားသည့်အတိုင်း သူမပြန်မဖြေမချင်း ထပ်တလဲလဲခေါ်နေတတ်သည်။


အန်းနဉ်က ပြုံးကာ ရှားရှားပါးပါး စနောက်သည့်လေသံဖြင့် ပြောသည်။


 “ဘာလို့ ရှင့်ကို စိတ်ပူရမှာလဲ… ရှင်ကမှ စိတ်မပူရမယ့်လူပါနော်…” 


ဝမ်ယွီက ပြုံးလိုက်သည်။


 “ဒါဆို စောစောနားတော့နော်…”


“အင်း သိပါပြီ…”


အန်းနဉ်က ပြန်ဖြေကာ ဖုန်းချလိုက်သည်။


 

###