အပိုင်း၇၈
Viewers 11k

🤚Chapter 78



ဝမ်ယွီက ကျိအန်းနဥ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါတွင် လုံးဝ စိတ်တည်ငြိမ်မှုကို ရရှိသွားခဲ့သည်။


၀မ်ကောအန်းပြောခဲ့သလိုပင် အရာအားလုံးက ၀မ်ကောအန်းအတွက် သူမထောင်ထားသည့်ထောင်ချောက်တစ်ခုသာဖြစ်ကြောင်း သက်သေပြရန်အတွက် သူ ချန်းလျန်ကို တတ်နိုင်သမျှ မြန်မြန်ရှာရန် လိုအပ်နေသည်။


ချန်းလျန် ဘာဖြစ်မယ်ဆိုတာကတော့......


ဝမ်ယွီက အံတင်းတင်းကြိတ်ထားသည်။


ချန်းလျန်က သားအဖနှစ်ယောက်၏ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ထွက်ပြေးသွားကာ ၀မ်ကောအန်းကိုပင် စွပ်စွဲခဲ့သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် လင်မယားသံယောဇဉ်ကိုသာမက မိခင်နှင့်သားကြားက သံယောဇဉ်ကိုလည်း လျစ်လျူရှုခဲ့သည်။


၀မ်ယွီ လောင်ရှင်းကို ဖုန်းဆက်လိုက်သည်။


လောင်ရှင်းက ၀မ်ယွီကိုတွေ့ရန်လာခဲ့သည်။ ထို့နောက်၀မ်ယွီက သူ့ကိုဤကိစ္စ အပ်လိုက်သည်။


လောင်ရှင်းက အချက်အလက်အားလုံးကို နားလည်ပြီးနောက်ပြောလိုက်သည်။


“သူ လှုပ်ရှားဖို့ ဖြစ်နိုင်ချေအရှိဆုံးကတော့ ပလပ်စတစ်ဆာဂျရီလုပ်ပြီး အထောက်အထားအသစ်တစ်ခု ဖန်တီးတာပဲဖြစ်နိုင်လိမ့်မယ်... သူ့ကိုရှာရတာ ခက်လိမ့်မယ်...”


၀မ်ယွီက လောင်ရှင်းကို အရေးကြီးသည့် သဲလွန်စကိုပေးလိုက်သည်။


“သူ့မှာ ကျန်းယွမ်အုပ်စုက ဒါရိုက်တာယန်ယွမ်လို့ခေါ်တဲ့ချစ်သူတစ်ယောက်ရှိတယ်... သူလည်း ဒီကိစ္စမှာပါနေတယ်... သူ့ကိုလည်း စစ်ဆေးကြည့်လိုက်ပါ...”


ချန်းလျန် အတွက်ခန့်မှန်းချက်က သူ့ချစ်သူနှင့်အတူရှိနေခြင်းသာ ဖြစ်လိမ့်မည်။


သူပြောလိုက်သည်။


"လိုအပ်တာ မှန်သမျှလုပ်ပြီး သူ့ကိုရှာပေးပါ..."


သားတစ်ယောက်က သူ့အမူအရာပင် မပြောင်းလဲဘဲမိခင်၏ချစ်သူကို ပြောနိုင်နေသည်။ လောင်ရှင်းက မည်သည့်ခံစားချက်မှ မပြဘဲ ခေါင်းသာညိတ်နိုင်သည်။


ဤအခိုက်အတန့်တွင် ဝမ်ယွီသည် ချန်းလျန်အပေါ် ရွံရှာခြင်းနှင့် မုန်းတီးမှု နှစ်မျိုးလုံးကို ခံစားနေခဲ့ရသည်။


သူ့ငွေများကို ခိုးယူခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း ဝမ်ကောအန်းကို ထောင်ခြောက်ဆင်ခြင်းကမူ သူမ မကျော်သင့်သော စည်းတစ်ခု ဖြစ်သည်။


သူမက နှလုံးသားမဲ့သူဖြစ်သောကြောင့် သူတို့ သားအဖက သူ့ကိုလက်စားချေမည်ကိုလည်း အပြစ်မတင်သင့်ပေ။


မုန်းတီးမှုနှင့် ဒေါသများ ရောထွေးပြီး ဝမ်ယွီ အိပ်ပျော်သွားခဲ့သည်။ နောက်နေ့ သူအိပ်ရာက နိုးလာသည့်အခါ ချန်လျန်းကို ရှာတွေ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ဝမ်ယွီက ၎င်းကိုမယုံနိုင်ပေ။ မနက်အစောကြီး သူ ပထမဆုံးလက်ခံခဲ့ရသည့်ဖုန်းမှာ ချန်းလျန်၏အလောင်းကို တွေ့ရှိကြောင်း အသိပေးခြင်းဖြစ်နေသည်။


ဝမ်ယွီ လုံးဝ အံ့အားသင့်သွားသည်။


သူကားမောင်းနေရင်း မှင်သက်နေမိပြီး ကမ္ဘာကြီးက သူ့အပေါ်ရက်စက်ကြမ်းကြုတ်မှုများ ရှိနေသည်ဟု ယုံကြည်သွားသည်။ လမ်းမပေါ်ရှိ လမ်းသွားလမ်းလာတိုင်းက သူ့အား နောက်ပြန်လှည့်ကြည့်ကာ ထူးဆန်းပြီး ကြောက်စရာကောင်းသော အပြုံးနှင့်ပြုံးပြနေပုံရသည်။


သူ ချန်းလျန်၏အလောင်းကို ရဲစခန်းတွင် တွေ့လိုက်ရသည်။


သူမက ဓားနှင့်ထိုးသတ်ခံထားရပြီး အလောင်းကို မြို့ပြင်တွင် ပစ်ထားခဲ့သည်။ ဒဏ်ရာကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် သူမက ဝမ်မိသားစုမှ တူညီသော သစ်သီးဓားဖြင့် အသတ်ခံခဲ့ရပြီး သေဆုံးချိန်နှင့်လည်း ကိုက်ညီသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။


တစ်ချိန်တည်းမှာပင် ရဲများက CCTVဗီဒီယိုဖိုင်ကို ပြန်လည်စစ်ဆေးကြည့်သည့်အခါ ၀မ်မိသားစုအိမ်ကြီး၏CCTVက အခင်းမဖြစ်ပွားမီ ကြိုတင်ဖျက်ဆီးခံခဲ့ရကြောင်း တွေ့ရှိခဲ့ကြသည်။


အထောက်အထားအားလုံးက ဝမ်ယွီကို လှောင်ပြောင်သယောင်ထင်ရပြီး သူ တည်ကြည်စွာယုံကြည်ခဲ့သော ၀မ််ကောအန်းက လိမ်လည်မှုတစ်ခုဖြစ်ကြောင်း သူ့ကိုပြောပြနေသည်။


သူက ချန်းလျန်ကိုသတ်ခဲ့ပြီး ချန်းလျန်အပေါ်တွင် အပြစ်ဖို့ရန် ကြိုးစားခဲ့သည်။


၀မ်ယွီက ချန်းလျန်၏အလောင်းဘေးတွင်ရပ်နေပြီး သူ့မိခင်သေဆုံးမှုကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့နေရသည်။ ထိုမျှသာမကဘဲ သူ့အဖေက သူမကိုသတ်ခဲ့သည် ဟူသောအတွေးက သူ့ခြေထောက်များကို အားနည်းသွားစေကာ စိတ် ကမောက်ကမ ဖြစ်စေသည်။


၀မ်ကောအန်းက သူ့ကို တွေ့ချင်သည်ဟု ရှေ့နေကပြောလာသည်။


ဝမ်ယွီက ရှေ့နေ ပါးစပ်လှုပ်နေသည်ကိုသာ မြင်နေရသည်။  အသံက သူနှင့် ၀ေး၀ေးတွင် ရှိနေသယောင်ဖြစ်နေပြီး သူ့ဘေးပတ်၀န်းကျင်က ချာချာလည်နေသည်။ သူက ရှေ့နေကို ဘေးသို့တွန်းဖယ်လိုက်ပြီး လမ်းလျှောက်လိုက်သည့်အခါ လဲကျသွားသည်။


တစ်စုံတစ်ယောက်က သူ့ကို နောက်မှဖမ်းဆုပ်ရန် ကြိုးစားနေသလိုမျိုး သူခံစားနေရသည်။ သူ နောက်ပြန်လှည့်မကြည့်ဘဲ သူတို့ကို ခါထုတ်ပစ်လိုက်သည်။ သူ့နာမည်ကို အနောက်မှ ခေါ်နေသည့်အသံကို ရှင်းရှင်းလင်းလင်း ကြားနေသော်လည်း တခြားတစ်ယောက်ယောက်ကို ခေါ်နေသည့်အသံ ဖြစ်နေပုံရနေပြန်သည်။


ဝမ်ယွီ အသိစိတ် ပြန်ဝင်လာသောအခါတွင် သူက ချင်းဟွာတက္ကသိုလ်၏ မိသားစုအဆောက်အအုံအနီးရှိ လမ်းဘေးတွင်ရှိနေပြီဖြစ်သည်။ သူ ထိုနေရာအထိ မည်သို့ ကားမောင်းသွားမိသည်ကို မသိတော့ပေ။


ကားတံခါးကို တွန်းဖွင့်လိုက်ပြီး လေအေးများတိုက်ခတ်နေသည့် လမ်းပေါ်ရပ်နေရင်း လမ်းပျောက်နေသလို ခံစားလိုက်ရသည်။


.....


ကျိအန်းနဉ်က သူမပစ္စည်းများကို ထုပ်ပိုးပြီးနောက် အဖွား၏ပခုံးကိုကိုင်ကာ ပြောလိုက်သည်။


“သမီး အခု အလုပ်သွားတော့မယ်နော်... အဖွား အိမ်မှာပဲဂရုစိုက်နေနေနော်...”


သူမ၏အဖွားက ပြုံးပြုံးရွှင်ရွှင်နှင့်ပြောလာသည်။


“သွား သွား... ကောင်းကောင်း စာသင်ပြီးတော့စာမေးပွဲမှာ အမှတ််ကောင်းကောင်းရအောင်လုပ်...” 


ကျိအန်းနဉ်က သူမ၏ပါးပြင်ပေါ် နမ်းပြီး ပြောလိုက်သည်။


"သမီး ကြိုးစားပါ့မယ်..." 


သူမ တံခါးကို သော့ခတ်ပြီး မိသားစု အဆောက်အအုံဝင်း၏ သံတံခါးမှ ထွက်လာသည့်အခါ ထိုနေရာတွင် ဝမ်ယွီ၏ အနက်ရောင်Hummer ကားကို တွေ့လိုက်ရသည်။ ဝမ်ယွီက ကားဘေးတွင်ရပ်ကာ သူမကို စောင့်နေပုံရသည်။


ကျိအန်းနဉ် အံ့သြခြင်းနှင့် ဝမ်းသာခြင်းနှစ်ခုလုံးကို ခံစားသွားရသည်။ သူမ ပြေးလာပြီး သူ့ကိုပွေ့ဖက်ကာမေးလိုက်သည်။ 


“ရှင် ဒီမှာ ဘာလုပ်နေတာလဲ... အလုပ်ရှုပ်နေမှာ မဟုတ်ဘူးလား..."


ဝမ်ယွီသည် ထိုနေရာတွင် မှင်တက်ကာ အကြာကြီး ရပ်နေခဲ့သည်။ ရုတ်တရက် သူ့အမြင်အာရုံနယ်ပယ်တွင် ရင်းနှီးသည့် ရုပ်သွင်တစ်ခု ပေါ်လာပြီး တစ်စုံတစ်ယောက်၏ ပွေ့ဖက်မှုကို ချက်ချင်းလက်ခံလိုက်ရသည်။ ရင်းနှီးသောရနံ့က သူ့စိတ်ကို နိုးကြားစေသည်။


ဝမ်ယွီ သူမကို အလိုအလျောက်တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။


သူ ပုံမှန်အသံများကို ပြန်ကြားလာရပြီး လေထဲတွင် အေးစိမ့်စိမ့်ဖြစ်မှုကို ခံစားရကာ သူ၏ပုံမှန်မဟုတ်သောစိတ်သည် မူလနေရာသို့ ပြန်ရောက်သွားပုံပေါ်သည်။


“လာပါဦး...မင်းကိုကြည့်ပါရစေ...” 


ကျိအန်းနဉ်က ခေါင်မော့ပြီး သူ့ကို ဂရုတစိုက်ကြည့်ကာ မေးလိုက်သည်။


"ရှင့်ရဲ့ အသားအရေက တော်တော်လေးမကောင်းဘူး...  ဘာဖြစ်လာတာလဲ..."


၀မ်ယွီက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။


" ကိုယ် မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူး..." 


"ဒီလောက်တောင် အလုပ်ရှုပ်နေတာလား ဒီနေ့ရော မင်းကအချိန်ရှိရဲ့လား..."


" မဟုတ်ဘူး...ကိုယ် မင်းကို တွေ့ချင်နေလို့..."


ဝမ်ယွီက သူမကိုကြည့်ရန် ခေါင်းငုံ့ကာ ပြောလိုက်သည်။


ဒါကြောင့် ဇွတ်တရွတ်ထွက်လာတာကိုး... လွန်ခဲ့တဲ့ ရက်ပိုင်းက အလုပ်အရမ်းများနေတယ်ပြောပြီး မနေ့က ဖုန်းဆက်တော့လည်း အလုပ်များနေတယ်ဆိုပြီး ဒီနေ့ကျ တိတ်တိတ်လေး လာတွေ့တာပဲ...


ကျိအန်းနဉ် ရယ်မောလိုက်သည်။


"ရှင် ခိုးထွက်လာခဲ့တာလား... ရှင့်အဖေ ဆူမှာမကြောက်ဘူးလား..." 


သူမက သူ့ကို ဆူပူလိုက်သည်။ 


"အခု ကျွန်မကိုတွေ့ပြီးပြီလေ... ကုမ္ပဏီကို အမြန်ပြန်တော့..."


၀မ်ယွီက သူမကို မေးလိုက်သည်။


“ဘယ်သွားမလို့လဲ...” 


ကျိအန်းနဉ်က သူမ၏ကျောပိုးအိတ်ကြိုးကို ဆွဲထုတ်ပြီးပြောလိုက်သည်။ 


" ဓာတ်ပုံရိုက်မယ့် စတူဒီယိုကို သွားမလို့လေ..."


၀မ်ယွီက သူ့အကျင့်အတိုင်း ပြောလိုက်သည်။


"ကိုယ် မင်းကို လိုက်ပို့မယ်..." 


"မလိုပါဘူး ကျေးဇူးတင်ပါတယ်..." 


ကျိအန်းနဉ်က သူ့ကို တွန်းလိုက်သည်။ 


"ရှင့် အလုပ်ကို မြန်မြန်ပြန်ရမယ်လေ... ကျွန်မ အဲ့ဒီကို တစ်ယောက်တည်း သွားလို့ရတယ်..."


ဝမ်ယွီ သူမကို ဖျော့တော့တော့အပြုံးနှင့်ကြည့်လိုက်သည်။


အမှန်တွင် သူ့ထံ၌ ပြောချင်သည့်စကားများစွာရှိပြီး ဖော်ပြချင်သည့် စိတ်ခံစားချက်များစွာလည်းရှိသည်။ သို့သော် သူမကိုမြင်သည်နှင့် မည်သည့်စကားမှ ပြောမထွက်နိုင်တော့ပေ။ 


သူမ၏ရှေ့တွင် သူ့အားနည်းချက်နှင့် စိတ်ရှုပ်ထွေးမှုများကို ပြသရမည်အား ရှက်နေမိသည်။


" ရှင့်ကိုကြည့်ပါဦး အရမ်းပင်ပန်းနေပြီလား...အလုပ်ကို မြန်မြန်ပြီးအောင်လုပ်ပြီးတော့ ဒီနေ့ စောစောအနားယူလိုက်တော့လေ..."


ကျိအန်းနဉ် ကရုဏာစိတ်နှင့်ပြောလိုက်သည်။


"ဟုတ်ပါပြီ ဂရုစိုက်သွားနော်..."


ဝမ်ယွီ ခေါင်းညိတ်လိုက်သည်။


ကျိအန်းနဉ်က သူ့ကို နမ်းပြီး လမ်းဖြတ်ကူးသွားသည်။


သူမ လမ်းမတစ်ဖက်သို့ လျှောက်လာရင်း ပြန်လှည့်ကြည့်လိုက်သည်။


ဝမ်ယွီက ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ သူ၏ အမူအရာက ပုံမှန်နှင့် မတူသလိုပင်။ 


ပင်ပန်းလွန်းလို့များလား...


ကျိအန်းနဉ်က သူမ၏ စိတ်ထဲတွင် တစ်ခုခု ပေါ်လာသလို ခံစားလိုက်ရသည်။


သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးသော်လည်း နောက်ပြန်လှည့်ရန် သည်းမခံနိုင်တော့ပေ။


ဝမ်ယွီက တစ်ဖက်ကိုလှည့်သွားပြီဖြစ်သည်။


ရုတ်တရက် လျှပ်စီးလက်သလိုမျိုး ကျိအန်းနဉ်၏ စိတ်ထဲတွင် တစ်စုံတစ်ခု လင်းလက်တောက်ပသွားသည်။


သူမ၏ ယခင်ဘဝတွင် ဝမ်ယွီက လပေါင်းများစွာကြာသည်အထိ ကျောင်းမှ ပျောက်ကွယ်သွားသည်။ သူ ကျောင်းမှထွက်ခွာမည့်ရက် အတိအကျကို ကျိအန်းနဉ် ရှင်းရှင်းလင်းလင်းမသိပေ။ သူမ သဘောပေါက်လိုက်သည်က ခဏတာ နှောင့်ယှက်မှု ရပ်တန့်သွားကြောင်းဖြစ်ပြီး သူမ စိတ်သက်သာရာရမှုနှင့်အတူ သက်ပြင်းတစ်ချက် ချလိုက်ခြင်းဖြစ်သည်။


ဒါဆို ဝမ်ယွီကို ငါ နောက်ဆုံးတွေ့ခဲ့တာက ဘယ်အချိန်လဲ... ဘယ်မှာလဲ...


ကျိအန်းနဉ် သတိရသွားသည်။


ဝမ်ယွီ ကျောင်းမှမထွက်မီတွင် သူမကို နောက်ဆုံးတစ်ကြိမ်တွေ့ဖူးခဲ့သည်။


ထို့နေ့က သူမ ကော်ဖီဆိုင်ကို သွားနေခြင်းဖြစ်သည်။ ဝမ်ယွီ၏ အနက်ရောင် ဟမ်မာကားကို မြင်သောအခါ သူမ ကျောင်းတံခါးမှ ထွက်လာရုံရှိသေးသည်။ ဝမ်ယွီက ယနေ့ကဲ့သို့ပင် ကားဘေးတွင် ရပ်ကာ သူမကို ကြည့်နေသည်။


သူက မောပန်းနွမ်းနယ်နေပုံရပြီး ပုံမှန်ကဲ့သို့ မာနကြီးသောပုံနှင့် မတူနေပေ။ သူ၏မျက်ဝန်းများတွင် မည်သူ့ကိုမှ မပြောမိအောင်ထိန်းထားသည့် စကားလုံးထောင်ပေါင်းများစွာ ပါနေပုံရပြီး သနားစရာကောင်းသည့် ပုံပေါက်နေသည်။


သို့သော် သူမ၏ယခင်ဘဝတွင်မူ ကျိအန်းနဉ်က ၀မ်ယွီအတွက် ဝမ်းနည်းခြင်း သနားခြင်းတို့ မခံစားခဲ့ရပေ။


သူမ သူ့ကိုမြင်သောအခါ အေးခဲတောင့်တင်းသွားပြီး ပထမဆုံးတုံ့ပြန်မှုက လှည့်ပြေးခြင်းဖြစ်သည်။ သူမခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်ကြည့်လိုက်ရာ ဝမ်ယွီက ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။


သူမ နောက်ထပ်ခြေလှမ်းအနည်းငယ်လှမ်းပြီး နောက်ပြန်လှည့်ကြည့်သည့်အခါ ဝမ်ယွီက လှည့်ကြည့်နေပြီဖြစ်သည်။


ထို့နောက် သူက သူမဘဝမှ ပျောက်ကွယ်သွားခဲ့သည်။


ဤမှတ်ဉာဏ်လျှပ်စီးကြောင်းက ကျိအန်းနဉ်၏အတွင်းစိတ်အား လင်းလက်တောက်ပစေပြီး သူမ၏နှလုံးသားကို ဟိန်းဟောက်နေစေသည်။


ဒီဘဝမှာ အရမ်းပြောင်းလဲသွားပြီ...ကိစ္စအများကြီး  ပြောင်းလဲသွားပြီ...


သူမ မှားခဲ့သည်။  သူမက ယခင်ဘဝ၏ အချိန်ဇယားဖြင့် ချုပ်ချယ်ခြင်းမခံခဲ့ရသင့်ပေ။


ဝမ်ယွီ လှည့်ကြည့်လိုက်သည်။


သူနှင့် သူမကြား ရှိနေသည့်လမ်းက ဖြတ်မရသော  အတားအဆီးတစ်ခုသဖွယ်ဖြစ်သည်။ သူ ထွက်သွားပါက မည်သည့်အချိန်တွင်မှ ပြန်လာတော့မည်ကို သူမ မသိပေ။ 


ကျိအန်းနဉ် လမ်းတစ်ဖက်သို့ ပြေးသွားခဲ့သည်။


ကားများက ကျယ်လောင်စွာ ဟွန်းတီးနေကြပြီးယာဉ်မောင်းများက ဘရိတ်ကို ဆောင့်အုပ်လိုက်ကြရသည်။ တစ်စုံတစ်ယောက်က ကျိန်ဆဲလိုက်သည်။


“မင်း ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေတာလား...”


ကျိအန်းနဉ်က ထိုအရာများကို ဂရုမစိုက်နိုင်ပေ။ သူမ လမ်းကို ဖြတ်ကူးလာပြီးနောက် ဝမ်ယွီ၏ကား စတင်ရွေ့လျားနေပြီကို မြင်လိုက်ရသည်။


"ဝမ်ယွီ ဝမ်ယွီ..." 


ကျိအန်းနဉ်က ကျယ်လောင်စွာအော်ပြီး သူ့နောက်ကို အသည်းအသန်လိုက်နေသည်။


လူတစ်ယောက်က ကားတစ်စီးကို ဘယ်လိုမှီနိုင်ပါ့မလဲ...


ကားက အရှိန်ပြင်းပြင်းနှင့် အဝေးကို ထွက်သွားသည်ကိုသာ ကျိအန်းနဥ် ကြည့်နေလိုက်ရသည်။ သူမ ခြေချော် လဲကျသွားပြီး ကျောပိုးအိတ်လည်း ပြုတ်ကျသွားသည်။ ထို့နောက် မြေပြင်ပေါ်သို့လဲကျ၍ သူမ၏လက်ဖဝါးများက လူသွားလမ်းပေါ် ဖိမိကာ နာကျင်သွားသည်။


အတွင်းစိတ်ထဲတွင် ကျိအန်းနဉ်က ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နေ၍ နာကျင်မှုကို မခံစားနိုင်ပေ။ သူမ ဦးစွာခေါင်းငုံ့ကာ ကြည့်လိုက်သည်။


အနက်ရောင်ဟမ်မာကားက ရပ်တန့်သွားသည်။


ရင်ဖွင့်စရာလူမရှိသော ဝမ်ယွီက ဦးတည်ချက်မဲ့ မောင်းထွက်သွားပြီးနောက် ရုတ်တရက် နောက်ကြည့်မှန်ထဲသို့ လှမ်းကြည့်လိုက်ရာ ကျိအန်းနဉ်က သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။


ဝမ်ယွီ တုန်လှုပ်သွားပြီး ဘရိတ်အုပ်လိုက်သည် ။


"အန်းနဉ်... အန်းနဥ်...”


ဝမ်ယွီ ကားတံခါးကိုတွန်းဖွင့်၍ ကားပေါ်မှဆင်းကာ အမြန်ပြေးသွားခဲ့သည်။


ကျိအန်းနဉ်က မနည်းအားတင်း၍ မတ်တပ်ထရပ်‌နေပြီဖြစ်သည်။ သူမ ဒူးများ ထိခိုက်မိပြီး နာကျင်သွား၍ ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်နေသည်။


သို့သော် သူမ ဒယိမ်းဒယိုင်ဖြင့်ပြေးသွားပြီး ဝမ်ယွီ၏ ရင်ခွင်ထဲဝင်ကာ သူ့အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။


"ရှင် ဘယ်သွားမလို့လဲ... တစ်ခုခုဖြစ်နေတာလား... ကျွန်မကိုပြော ဘာဖြစ်နေတာလဲ..." 


သူမ သူ့ကို မေးခွန်းပေါင်းများစွာ ထုတ်လိုက်၍ သူ အံ့သြသွားသည်။


"ဘယ်လို...ဘယ်လိုသိတာလဲ..."


သူမေးခွန်းထဲမှ သံသယစိတ်က ထင်ရှားနေသည်။


အမှန်ဖြစ်နေတာပဲ...


ငါ မှန်းကြည့်လိုက်တာ မှန်နေတာပဲ...


ကျိအန်းနဉ်က သူမအပေါ် ပင်ပန်းနွမ်းနယ်မှု ခံစားချက်က လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။ သူမ၏လက်က အားနည်းသွားသော်လည်း လွှတ်ပေးရန်ငြင်းဆန်နေပြီး ဝမ်ယွီ၏အဝတ်များကို တင်းတင်းဆုပ်ကိုင်ထားသည်။


"အခု ဘယ်သွားမလို့လဲ...  ရှင် ဘာလုပ်ဖို့စီစဉ်နေတာလဲ..." 


သူမက ဆက်မေးသည်။


ဝမ်ယွီကိုယ်တိုင်လည်း ဆောက်တည်ရာမရဖြစ်နေသည်။ သူ ခဏတာ တိတ်ဆိတ်သွားပြီး ပြောလာသည်။


 "မသိဘူး..."


ဝမ်ယွီတွင် သွားစရာနေရာမရှိသလို လိုက်ရှာစရာလူလည်း မရှိပေ။


ဆွေမျိုးအလွန်နည်းပါးသော သူ့ဘဝတွင် မိသားစုဝင်သုံးယောက်သာရှိသည်။ အဖေက ထောင်ကျမည်ဖြစ်ပြီး အမေက သေဆုံးသွားသည်။ ဝမ်ယွီ မည်သူ့ထံသွားရမည်ကို မသိသောကြောင့် ကျိအန်းနဉ်၏နေအိမ်သို့ ‌တွေဝေမိန်းမောစွာဖြင့် ရောက်ရှိလာရခြင်းဖြစ်သည်။


ဤအချိန်တွင် သူက ဆွေမျိုးနည်းပါးကြောင်း မကြာခဏ မြည်တမ်းနေသည့် ၀မ််ကောအန်းကို ပြန်သတိရမိသည်။ သူ ရုတ်တရက် နားလည်သွားသည်။


ကျိအန်းနဉ်က ၀မ်ယွီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီးပြောသည်။


“ရှင် သွားစရာမရှိရင် ကျွန်မအိမ်ကို လိုက်ခဲ့ပါ... လုပ်စရာရှိရင် ကျွန်မကိုပြောပါ...ဟုတ်ပြီလား...”


ဝမ်ယွီသည် ကျိအန်းနဉ်၏ရှေ့မှောက်တွင် လမ်းညွှန်ချက်ကို ရှာဖွေနေပုံရသည်။ သူမလက်ကိုလည်း ညင်သာစွာ ဆုပ်ကိုင်ထားလိုက်ပြီး “ကောင်းပြီ” ဟု ပြောလိုက်သည်။


........


ကျန်းယွမ်အုပ်စု၏ CEO ဖြစ်သူ ယန်ယွမ်ကိုခေါင်းဆောင်လော့နှင့် မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့

 မှ မေးမြန်းရန် ရဲစခန်းသို့ ဖိတ်ကြားခဲ့သည်။


"ချန်းလျန်နဲ့ ခင်ဗျားရဲ့ဆက်ဆံရေးကဘာလဲ..."


စစ်ဆေးရေးမှူးက မေးသည်။


"ငါတို့တက္ကသိုလ်မှာ အတန်းဖော်တွေ ဖြစ်ခဲ့ကြတယ်... တော်တော်လည်း အဆင်ပြေကြပါတယ်... ဘာလို့လဲ ချန်းလျန်တစ်ခုခုဖြစ်လို့လား..."


ယန်ယွမ်က မေးလိုက်သည်။


ချန်းလျန်သေဆုံးမှုကို သိလိုက်ရသောအခါ ယန်ယွမ်က တုန်လှုပ်ခြောက်ခြားသည့်အမူအရာပြကာ ချန်းလျန်သေဆုံးသွားပုံကို ထပ်ခါတလဲလဲ မေးခဲ့သည်။


စစ်ဆေးမေးမြန်းသူမှ ဆက်လက်၍မေးသည်။


"ချန်းလျန်ရဲ့ခင်ပွန်း ၀မ််ကောအန်းက ခင်ဗျားနဲ့ချန်းလျန်က တိတ်တိတ်ပုန်းဆက်ဆံရေး ရှိနေတယ်လို့ပြောလို့ ဒီနေ့ပဲ  စစ််ဆေးဖို့ခေါ်လိုက်တာပါ..."


ယန်ယွမ်က ချက်ချင်းငြင်းလိုက်သည်။


 "အဲဒါက အဓိပ္ပါယ်မရှိဘူး... ချန်းလျန်နဲ့ ငါက  ရိုးသားပါတယ်...”


“ငါ ဒါကို စောစောက မပြောပြခဲ့ဘူး... ဒါပေမယ့် ဟုတ်တယ် တက္ကသိုလ်တက်တုန်းကတော့ ငါတို့ကြား ချစ်ကြိုက် ခဲ့ပေမယ့် အဲဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကပါ... ချန်းလျန်နဲ့ငါက အဲ့ဒီနောက်ပိုင်းကစပြီး မိတ်ဆွေတွေလိုပဲ နေကြတာ... တစ်ခါတစ်လေ ထမင်းတူတူစားပြီး စကားစမြည်ပြောတယ်... သူ့အိမ်ထောင်ရေးက သိပ်ပျော်စရာ မကောင်းဘူးဆိုတော့ တစ်ခါတစ်လေ ငါ့ကို ရင်ဖွင့်တယ်…”


စောင့်ကြည့်ရေးအခန်းမှ ခေါင်းဆောင်လော့က အစီရင်ခံထားသည့် အရာရှိများနှင့် စကားပြောနေစဉ် အာရုံစိုက်နားထောင်နေခဲ့သည်။


အရာရှိတစ်ဦးက ပြောသည်။


“သူတို့က ဟိုတယ်တွေကိုသွားထားတဲ့ မှတ်တမ်းမျိုးမရှိဘူး... ကျွန်တော်တို့ စစ်ဆေးလို့ရတဲ့ဘောင်အတွင်းက အချိန်မှာကြည့်တော့လည်း ဘာမှမတွေ့ဘူး..."


အခြားအရာရှိတစ်ဦးကလည်း ပြောသည်။


“သူ့တို့လိုလူတွေက ပိုက်ဆံရှိလို့ ဟိုတယ်ကို မသွားဖြစ်လောက်ဘူးထင်တယ်... သူတို့ တစ်နိုင်ငံလုံးမှာ အိမ်ရာတွေ ရှိတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့...”


"ဒီလူကရေငုံနှုတ်ပိတ်နေတယ်..."


 ခေါင်းဆောင်လော့က စောင့်ကြည့်ရေးစခရင်ကို စိုက်ကြည့်ရင်း မှတ်ချက်ချသည်။


“အဲဒီတုန်းက ငါတို့အားလုံး ဆင်းရဲခဲ့ကြပြီး ၀မ််ကောအန်းက ချမ်းသာတဲ့သူပါ... ချန်းလျန်က သူ့ကိုရွေးပြီး ငါ့ကို ထားခဲ့တယ်... ဒါပေမယ့် အဲဒါက တော်တော်ကြာခဲ့ပါပြီ... အခုတော့ ငါတို့က မိတ်ဆွေတွေဖြစ်နေပြီ..."


"သူက သိပ်မပျော်ဘူး... ၀မ််ကောအန်က ဒေါသကြီးပြီး သူ့ကို ကိုယ်ထိလက်ရောက် စော်ကားတာတွေတောင် ရှိတယ်လို့ ပြောပြတယ်... အိပ်ခန်းထဲမှာ ဖြစ်သွားတဲ့ကိစ္စဆိုတော့ တခြားသူတွေကို ပြောပြဖို့က မဖြစ်နိုင်ဘူး‌လေ...”


"ငါတို့ရဲ့ အတိတ်က ဆက်ဆံရေးကြောင့်သာ သူက ခဏခဏ ရင်ဖွင့်ခဲ့တာပါ..."


“ဒါပေမယ့် အခုချိန်မှာတော့ ငါတို့ကြားမှာ မလျော်ကန်တဲ့ဆက်ဆံရေး လုံးဝမရှိပါဘူး... အခု ငါက တက္ကသိုလ်တက်တုန်းကလို ဆင်းရဲတဲ့လူ မဟုတ်တော့ဘူး... ပတ်ဝန်းကျင်မှာ နုပျိုတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်... သူ့ကို ဘာလို့လိုအပ်မှာလဲ..."


" အတူတူ ထွက်ပြေးတယ်တဲ့လား... နောက်နေတာလား... ငါတို့လိုအရွယ်ရောက်ရင် အချစ်ဆိုတာကို ယုံတော့မှာမဟုတ်ဘူး..."


ယန်ယွမ် အံ့သြစွာဖြင့် ရယ်မောလိုက်သည်။


သူ၏ ရယ်မောခြင်းက စစ်မှန်ပြီး “ချစ်ခြင်း” ဟူသော အယူအဆအပေါ် သူ၏ မယုံကြည်မှုကို အမှန်ပင် ဖော်ပြနေသည်။




###