အပိုင်း၇၉
Viewers 11k

🤚Chapter 79





"ရှင့်အဖေက... ရှင့်အမေကို သတ်တာလား..." 


ကျိအန်းနဉ် တုန်လှုပ်ခြောက်ခြားပြီး စိတ်ရှုပ်ထွေးသွားသည်။


စိတ်ရှုပ်ထွေးမှုများကြားတွင် အတိတ်ဘဝ၌ ဝမ်ယွီ၏မိသားစုတွင် ကြီးမားသောအဖြစ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့သည်ကို သူမ ရုတ်တရက် သိလိုက်ရသည်။


သူမထံ နောက်ဆုံးလာရောက်လည်ပတ်ခြင်းသည် သူမကို ရင်ဖွင့်လို၍လား နှစ်သိမ့်ခံလို၍လားကို သူမ မသိပေ။ 


သို့သော် ယခင်ဘဝက သူမမှာ ကင်းမြီးကောက်ကို ရှောင်သကဲ့သို့ လှည့်ထွက်ပြေးသွားခဲ့သည်။


ကျိအန်းနဉ် ပြုံးရမည်လား ခါးသက်စွာ သက်ပြင်းချရမည်လား မသိတော့ပေ။


"ဒါဆို ရှင်အခု ဘယ်လိုလုပ်မလဲ..."


သူမက ညင်သာစွာ မေးသည်။


ဝမ်ယွီက တွေဝေမိန်းမောစွာဖြင့် “မသိဘူး” ဟု ပြန်ပြောသည်။


သူပြောပြီးသည်နှင့် ဖုန်းမြည်လာသည်။


ဝမ်ယွီက ၎င်းကို တစ်ချက်ကြည့်ပြီး ချက်ချင်းပင် ဖုန်းချလိုက်သည်။ သို့သော် ဖုန်းက ဆက်တိုက်မြည်နေ၍ ပါ၀ါပိတ်လိုက်သည်။


သူ အပေါ်ကိုမော့ကြည့်ပြီး ပြောလာသည်။


"သူတို့ မတွေ့နိုင်တဲ့ နေရာမှာ နေချင်တယ်... ခဏလောက်တော့ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေချင်သေးတယ်..."


ဤစကားကို ပြောပြီးနောက် လမ်းပျောက်သွားသော သိုးငယ်ကဲ့သို့ ကူကယ်ရာမဲ့စွာ ခေါင်းငုံ့လိုက်၏။


"ကျွန်မ နားလည်ပြီ..." 


ကျိအန်းနဉ်က သူ့ဆံပင်များကို သူမ၏မေးစေ့နှင့် ညင်သာစွာပွတ်သပ်ရင်း ပြောလိုက်သည်။


"ဒါဆို ကျွန်မနဲ့အတူလိုက်နေပါလား... သူတို့ ရှင့်ကို ရှာတွေ့တော့မှာမဟုတ်ဘူး..."


.......


အစောင့်ခန်းထဲတွင် ရှေ့နေကျန်းက အပြေးအလွှားဝင်လာပြီး ပြောသည်။


"ငါတို့ သူ့ကိုဖုန်းဆက်လို့မရဘူး... အတွင်းရေးမှူးစွန်းက သူ့အိမ်ကို သွားခဲ့တယ်...ဒါပေမယ့် ဘယ်သူမှ မရှိဘူးတဲ့..."


၀မ်ကောအန်းက မျက်လုံးများကို မှိတ်ထားပြီးအနားယူနေသည်။ ထိုစကားကိုကြားသည့်အခါ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ပြီး မေးလိုက်သည်။


"သူ... ငါက သူ့အမေကို သတ်ခဲ့တာ ယုံနေတာလား..."


ရှေ့နေကျန်းက နှုတ်ဆိတ်နေသည်။


အချိန်အတော်ကြာပြီးနောက် ၀မ်ကောအန်းက လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။


"ရှောင်ကျန်း မင်းမှာ ကလေးရှိလား..." 


၀မ််ကောအန်း က မေးသည်။


ရှေ့နေကျန်းက အသက်သုံးဆယ်၊ လေးဆယ်နီးပါးရှိပြီဖြစ်သည်။ သို့သေည် ၀မ််ကောအန်း၏မျက်လုံးထဲတွင်မူ သူ့ကို "ရှောင်ကျန်း" ဟု ခေါ်ရလောက်သည်အထိ ငယ်သေးသည်။ လက်ရှိအခြေအနေအရ ဤအကြောင်းအရာက အတော်လေးကိုပြောရမည်မှာ နေရခက်နေသော်လည်း ၀မ််ကောအန်းက ၎င်းကို ဆွေးနွေးရန် စိတ်ပိုင်းဖြတ်ထား၍ ရှေ့နေကျန်းဘက်မှ တုံ့ပြန်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ 


“ကျွန်တော့်ရဲ့ ဒုတိယကလေးက ၃ နှစ်ပဲ ရှိပါသေးတယ်...”


"သြော် ကလေးကို ဘယ်သူက ထိန်းလဲ... ကလေးထိန်းလား..."


၀မ််ကောအန်းက မေးသည်။ 


"မဟုတ်ဘူး ကျွန်တော့်မိန်းမပါ... သူက အပြင် အလုပ်မလုပ်ဘဲ ကလေးကို အချိန်ပြည့် စောင့်ရှောက်နေပါတယ်”


 ရှေ့နေကျန်း ပြန်ဖြေခဲ့သည်။


၀မ်ကောအန်းက သဘောကျသွားသည့် အမူအရာမျိုး ပြဿလာသည်။


"သူတို့က အရမ်းရင်းနှီးမှာပဲ ဟုတ်တယ်မလား..."


လက်ရှိအခြေအနေအရ ဤအကြောင်းအရာကိုဆွေးနွေရန်က အတော်လေး‌ကို့ရိုးကားယားနိုင်သော်လည်း ဝမ်ကောအန်းက ထိုအကြောင်းကိုသာပြောနေ၍ ရှေ့နေ့ကျန်းက ပြန်ဖြေရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။


" ဟုတ်ပါတယ်... သူတို့ တော်တော်လေး ရင်းနှီးကြတယ်..."


၀မ်ကောအန်းက ခေါင်းညိတ်ပြီး ဆက်ပြောသည်။


"မိခင်နဲ့ကလေး ဆက်ဆံရေးက ကလေးကြီးထွားမှုအတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ချို့တဲ့မနေသင့်ဘူး..."


“ဒါကြောင့် ကလေးတစ်ယောက်ကို ချစ်တာက သူတို့အမေကို ပေးကမ်းတယ်လို့ အမြဲတမ်း ခံစားခဲ့ရတယ်...”


“အဲဒီအမေက အရည်အချင်း လုံးဝမပြည့်မီဘူးဆိုရင်တောင် တစ်ယောက်မှ မရှိတာထက်စာရင် ပိုကောင်းပါသေးတယ်...”


"ရှောင်ကျန်း ငါမှားနေတာလား..."


သာမာန်အားဖြင့် ဤတွေးခေါ်ပုံက မှန်ကန်မည်မှာ သေချာသည်။ သို့သော် လက်ရှိအခြေအနေတွင်မူ ရှေ့နေကျန်းက  မမှားပါဘူး” ဟု လုံး၀ မပြောနိုင်ခဲ့ပေ။ သူက ၀မ််ကောအန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။


၀မ်ကောအန်းက သူ့မျက်လုံးများကိုမှိတ်ထားကာ အနားယူလိုက်ပြန်သည်။ ခဏအကြာတွင် သူက မျက်လုံးဖွင့်ပြီး မေးလာသည်။


"ယန်ယွမ်က ဘယ်လိုလဲ..." 


၀မ်ကောအန်းက ဝမ်ယွီရှေ့တွင် ယန်ယွမ်အကြောင်းကို မပြောခဲ့ပေ။ သူ့ထံတွင် အကြောင်းပြချက်များရှိသည်။


ခေါင်းဆောင်လော့က ဖြောင့်မတ်သူတစ်ယောက်ဖြစ်၍ အဆက်အသွယ်များကို သူ့အပေါ် အသုံးပြုခြင်းက အလုပ်မဖြစ်ပေ။ ဤအမှုကို လူအိုကြီးချင်၏ ရန်သူဖြစ်သည့် ဒါရိုက်တာချန်း၏အဆင့်အထိ တိုးမြှင့်လိုက်သည်။ လူအိုကြီးချင်က ယခုအချိန်တွင် အနီးကပ်စောင့်ကြည့်ခံနေရပြီး မည်သူ့ကိုမျှ ကိုင်တွယ်ဖြေရှင်းခြင်းမပြုရန် တားမြစ်ထားသည်။ ၀မ်ကောအန်းက နောက် ၂၄ နာရီအတွင်း ရိုးရိုးသားသားဆက်နေရန် တွေးနေသည်။


သူထွက်သွားသည်နှင့် ကိစ္စများကို သူ့လက်ထဲ အပ်လိမ့်မည်။


ချန်းလျန် အမှန်တကယ် သေဆုံးသွားခဲ့သည်ကို သူ အံ့သြသွားခဲ့သည်။ သူမအလောင်းကိုလည်း လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ကြသည်။


ရုံးတင်စစ်ဆေးခြင်းကို ဆိုင်းငံ့ရန်အတွက် အာမခံတောင်းဆိုမှုကိုလည်း တိုက်ရိုက်ငြင်းဆိုခဲ့သည်။


ရှေ့နေကျန်းက ပြောသည်။


“သူပြန်သွားတာ သိပ်မကြာသေးဘူး... သူက ခင်ဗျားရဲ့ဇနီးနဲ့ ဖောက်ပြန်နေတယ်ဆိုတာကို ငြင်းထားတဲ့အပြင် ခင်ဗျားက ချန်းလျန်ကို အိမ်တွင်းအကြမ်းဖက်တယ်လို့ပြောထားတော့ ဒီအမှုအတွက် အဆင်မပြေဖြစ်နေတယ်..."


သူ ခဏရပ်ပြီး ဆက်ပြောလိုက်သည်။


" အရာရာတိုင်းက ချောချောမွေ့မွေ့ဖြစ်လွန်းနေတယ်... အလောင်းကို ရှာတွေ့တာက မြန်တဲ့အပြင် ဒါရိုက်တာချန် သတင်းရတာလည်း မြန်လွန်းနေတယ်... ကျွန်တော် စုံစမ်းဖို့ကြိုးစားနေပေမယ့် ဒီကိစ္စကို ခေါင်းဆောင်လော့လုပ်တာမဟုတ်ဘူး..."


၀မ်ကောအန်း၏ အမူအရာက မပြောင်းလဲဘဲ ပြောလိုက်သည်။


“ဒါက ငါ့ကို ထောင်ချဖို့ ကြိုးပမ်းတာပဲ...” 


ရှေ့နေကျန်းက ပြောသည်။


“ ကျွန်တော်တို့ အခုလှုပ်ရှားသင့်လား…”


"မဟုတ်ဘူး... မလိုပါဘူး သူ့ကိုသာ အချိန်ပြည့်စောင့်ကြည့်နေပါ..."


ထို့နောက် ရှေ့နေကျန်းက ၀မ်ယွီအကြောင်းကို မေးမြန်းခဲ့ရာ ၀မ််ကောအန်း၏ မျက်ခုံးများတွင် အနည်းငယ် တုန်ယင်လာသည်ကို တွေ့လိုက်ရသည်။


လူအိုကြီးက မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်သည်။


“သူ့ကို စိတ်ဖြေဖို့ အချိန်ခဏပေးပါဦး...သူက ထက်မြက်တဲ့ ကလေးပါ...သူ့ဘာသာသူ အဖြေရှာနိုင်မယ်လို့ မျှော်လင့်ထားတယ်..."


အစောပိုင်းတွင် ဗျူဟာနှင့် တွက်ချက်နေသောလူ၏နေရာ၌ ဖခင်တစ်ယောက်က အစားထိုးဝင်ရောက်လာပြီဖြစ်သည်။


သူက အဖေတစ်ယောက်သာ ဖြစ်သည်။ 


ဝမ်ကောအန်းထံတွင် အားနည်းချက်ရှိခဲ့ပါက ၎င်းမှာ ဝမ်ယွီဖြစ်မည်ကို ရှေ့နေကျန်းက ရှင်းရှင်းလင်းလင်း သိသည်။


......


၀မ်ယွီက ကျိအန်းနဉ်၏ ဆိုဖာပေါ်တွင် လှဲနေသည်။


သူက ဆိုဖာအဟောင်းထက်များစွာကျယ်သည့် ဤဆိုဖာအသစ်ကို ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။ ဧည့်ခန်းက အနည်းငယ်ကျဉ်းသွားသလို ခံစားရသော်လည်း ထိုင်ရသည်က ပိုသက်တောင့်သက်သာ ဖြစ်လာသည်မှာ ငြင်းစရာမလိုပေ။


စားပွဲပေါ်ရှိ ပြာခွက်ထဲတွင် စီးကရက်များစွာရှိသည်။ ဝမ်ယွီက ဆိုဖာပေါ်တွင် ဆေးလိပ်သောက်ကာ သူ့လက်ထဲ ရှိ မီးခြစ်ကို အမှတ်တမဲ့ ဆော့ကစားနေသည်။


ဖွင့်လိုက်၊ ပိတ်လိုက်ဖြင့် အသိိစိတ်မရှိသော စက်လှုပ်ရှားမှု ကဲ့သို့ဖြစ်နေသည်။


အဖွား အိပ်ခန်းထဲက ထွက်လာသောအခါ မီးခိုးများကို ရှူရှိုက်မိပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။


ဝမ်ယွီ လျင်မြန်စွာထကာ စီးကရက်ကို မီးငြှိမ်းသတ်လိုက်ပြီး လေသန့်စင်စက်ကို အမြင့်ဆုံးနေရာသို့ လှည့်လိုက်သည်။


အဖွားက နောက်ဆုံးတွင် ချောင်းဆိုးသည်ကို ရပ်လိုက်သည်။


“မင်းက ဘယ်သူလဲ... နဉ်နဉ်ဘယ်မှာလဲ ဘာလို့ ကျောင်းက မပြန်လာသေးတာလဲ...”


၀မ်ယွီက သူမကို ထိုင်ခိုင်းပြီးပြောသည်။


 “နဥ်နဥ်က ဈေးဝယ်ထွက်သွားတယ်..."


အိမ်တွင် ကုန်ခြောက်များ အလုံအလောက်မရှိသောကြောင့် ဝမ်ယွီက အိမ်မှာကျန်နေရန် ဆုံးဖြတ်ခဲ့ပြီး ကျိအန်းနဉ်က ပစ္စည်းအချို့ဝယ်ရန် အောက်ထပ်သို့ဆင်းသွားခဲ့သည်။


သူမ ပြန်လာသောအခါတွင် သူ့ခြေထောက်များကိုချိတ်၍ ဆိုဖာပေါ်တွင် ထိုင်နေသော၀မ်ယွီက သူမအဖွား၏ အတိတ်ပုံပြင်များကို နားထောင်နေသည်ကို တွေ့လိုက်သောအခါတွင် သူတို့နှစ်ဦး စကားစမြည်ပြောနေကြသည်ကို သူမ သိလိုက်ရသည်။ တစ်ယောက်က ဝမ်းသာအားရ မျှဝေခဲ့ပြီး နောက်တစ်ယောက်က ဂရုတစိုက် နားထောင်နေသည်။


အခန်းတွင်းရှိ လေထုက မထင်မှတ်ဘဲ ပူနွေးလာခဲ့သည်။ ကော်ဖီစားပွဲပေါ်တွင် စီးကရက်ဘူး များစွာမရှိပါက ပိုကောင်းလိမ့်မည်။


ကျိအန်းနဉ် လျှောက်လာပြီး စီးကရက်ဘူးများကို ကောက်ယူလိုက်သည်။


"မင်းပြန်လာပြီလား...အပြင်မှာ အေးနေလား"


“တော်တော်အေးတယ်... ကျောင်းနားမှာ ကျောင်းပြန်တက်တဲ့သူတွေ တော်တော်များများ တွေ့ခဲ့ရတယ်...”


 "အိုး ဒီလောက်အစောကြိီး ပြန်တက်ကြတာလား..."


သူတို့၏စကား ပြောဆိုမှုက အသေးအဖွဲ့ဖြစ်ပြီး ဝမ်ယွီ၏ မိသားစုအရေးကို နှစ်ဦးလုံး မပြောခဲ့ကြပေ။


ဝမ်ယွီက လွတ်မြောက်ရန်အတွက် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။


" ရှင် အဖွားနဲ့ စကားဆက်ပြောနေလေ... ကျွန်မ ညစာပြင်လိုက်မယ်..."


ဝမ်ယွီက “အင်း” ဟု တုံ့ပြန်ခဲ့သည်။


ကျိအန်းနဉ် မီးဖိုချောင်ထဲသို့ ဝင်သွားသောအခါ ဝမ်ယွီက ခြေထောက်များကို ချိတ်ပြီးထိုင်နေကာ ဆိုဖာတွင်မှီပြီး အဖွားကလည်း သူ့ပုံပြင်များကို ဆက်ပြောရင်း ပျော်နေခဲ့သည်။


မကြာမီ အသီးအရွက်များကို ဆေးကြောရာမှ ရေကျသံနှင့် ခုတ်ထစ်သံများ မီးဖိုချောင်မှ ကြားလာရသည်။ အဖွားက ကျိအန်းနဉ်၏ ငယ်ဘဝအကြောင်း ပြန်အမှတ်ရနေပြီး သူမငယ်စဉ်က မည်မျှဆိုးခဲ့သည့်အကြောင်းများကို ပြောလာသည်။


ဝမ်ယွီ ရုတ်တရတ် တွေးမိသွားသည်။


ဆိုတော့ ဒါက တစ်ယောက်နဲ့တစ်ယောက် မှီခိုနေရတယ် ဆိုတာလား...


အချင်းချင်းအားကိုးပြီး ခွဲ၍မရသော သွေးဖြင့် ဆက်နွယ်ထားခြင်း... 


သူက မိခင်ဖြစ်သူကို အထူးတလည် နှစ်သက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် သူမအား ရွံရှာခဲ့သည်ကိုပင် ခံစားခဲ့ရသော်လည်း၊ သူမည်မျှပင် မကြိုက်သည်ဖြစ်စေ သူမက သူ့ကို မွေးဖွားပေးခဲ့သူအဖြစ် ရှိနေသေးသည်။


ယခု သူမ ဆုံးပါးသွားသောအခါ ဝမ်ယွီ အသက်ရှူရ ခက်ခဲလာပြီး နှလုံးသားလည်း နာကျင်လာသည်။


ကျိအန်းနဉ်နှင့် အဖွားတို့က တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မှီခိုနေကြ၍ တစ်ချိန်က သူတို့ကို ခွဲခွာရန် ကြိုးပမ်းခဲ့ဖူးသည့် အတွေးက သူ့အား ရက်စက်ကြမ်းကြုတ်မှုနှင့် ရက်စက်မှုတို့ကို သိရှိလာစေခဲ့သည်။


မိသားစုနှင့်ပတ်သက်လာသည့်အခါ မည်သည့်အရာက ပိုကောင်းသည် ပိုဆိုးသည်ကို တိုင်းတာ၍ မရကြောင်း သူသိလာသည်။


ဝမ်ယွီ၏မျက်လုံးများ မှုန်ဝါးလာသည်။


ခေါင်းကိုလှည့်၍ ဆိုဖာနောက်တွင် မျက်နှာကိုနှစ်ကာ မျက်နှာပေါ်ရှိ အစိုဓာတ်ကို သုတ်လိုက်သည်။


ကျိအန်းနဉ် ပန်းကန်များနှင့်အတူ ထွက်လာသောအခါ သူမမြင်လိုက်ရသည်မှာ သူ၏နီရဲရောင်ယမ်းနေသော မျက်လုံးများပင် ဖြစ်သည်။ သူမက ဘာမှမပြောဘဲ သူလက်ကိုကိုင်၍ စားပွဲကို လက်ညှိုးထိုးပြကာ တိတ်တိတ်လေး ထမင်းကျွေးလိုက်သည်။


ထိုည၌ ဝမ်ယွီ ဆိုဖာပေါ်တွင် အိပ်ပျော်သွားသောအခါ ကျိအန်းနဉ်က သူ့ကို ခြုံရန် စောင်ပါးပါးလေး နှစ်ထည်ကို ထုတ်ပေးခဲ့သည်။ အအေးမိမည်စိုး၍ သူ့ကို ရေနွေးပုလင်းလိုချင်လားဟုပင် မေးခဲ့သည်။


သို့သော် ဝမ်ယွီက ၎င်းကိုစမ်းကြည့်ရာ စောင်တစ်ထည်ဆိုလျှင်ပင် လုံလောက်ကြောင်း တွေ့ရှိခဲ့သည်။


သူ အိပ်မပျော်နိုင်ဟု ထင်သော်လည်း မြန်မြန် အိပ်ပျော်သွားခဲ့သည်။


ညဉ့်နက်သန်းခေါင်အချိန်အခါတွင် ရေဆွဲချသံကြောင့် နိုးလာသည်။ သူ့မျက်လုံးများ ဖွင့်ကြည့်သော်လည်း မည်းနက်နေပြီး အမှောင်ထဲတွင် တစ်စုံတစ်ယောက်က လှုပ်ရှားနေသည်။


ထိုလူက ထွက်လာပြီး အိပ်ခန်းဆီသို့ တန်းတန်းမပြန်ဘဲ ဆိုဖာဆီသို့ လျှောက်သွားကာ သူ့ခေါင်းကို ထိရန် လက်လှမ်းလာသည်။


ထိုလူက ကျိအန်းနဉ် ဖြစ်သည်။


သူမလက်ကို ဆေးကြောပြီးပြီဖြစ်သော်လည်း အစိုဓာတ်ရှိနေသေးသည်။


၀မ်ယွီက သူမလက်ကို ဆုပ်ကိုင်ကာ နမ်းလိုက်သည်။


" ကျွန်မလုပ်လို့ နိုးသွားတာလား..."


 ကျိအန်းနဉ်က အောက်ကိုငုံ့ကြည့်ကာ တိုးတိုးပြောလာသည်။


သူမ၏ရနံ့က နွေးထွေးပြီး သူ့ကိုလွှမ်းခြုံထားသည်။


ဝမ်ယွီက သူမကို ပွေ့ဖက်လိုက်သည့်အခါ ကျိအန်းနဉ်က သူ့အပေါ်တွင် ငြိမ်သက်စွာ လှဲနေလိုက်သည်။


"ဒါဆို ရှင့်အဖေကို မတွေ့ရသေးဘူးလား..."


ကျိအန်းနဉ်က အသံတိုးတိုးဖြင့် မေးသည်။


အမှောင်ထဲတွင် ဝမ်ယွီက “အင်း” ဟု တုံ့ပြန်ခဲ့သည်။


ချန်းလျန်၏ ခန္ဓာကိုယ်ကိုမြင်ပြီးနောက်တွင် သူ့ ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက မည်သူနှင့်မှ မတွေ့ချင် စကားမပြောချင်ပေ။ အထူးသဖြင့် ဝမ်ကောအန်းကို မတွေ့ချင်သောကြောင့် မသိစိတ်က ကျိအန်းနဉ်ရှိသည့်နေရာကို ရောက်လာခဲ့သည်။


" ရှင့်အဖေနဲ့ တစ်ခါပဲတွေ့ဖူးတယ်ဆိုပေမယ့်... သူက တော်တော်လေးဖော်ရွေတတ်တဲ့သူဆိုတာ ကျွန်မသိလိုက်တယ်... မိသားစုနောက်ခံတွေက မတူဘူးဆိုတော့ ရှင့်မိသားစုက ကျွန်မကို သဘောမကျဘူးလို့ ထင်လိုက်တာ ဒါပေမဲ့ သူက ကျွန်မအပေါ် ထူးထူးခြားခြား ကြင်နာပြီးဆက်ဆံလို့ သူ့ကို အထင်ကြီးလေးစားမိတယ်..."


အချိန်အတန်ကြာပြီးနောက် ဝမ်ယွီက နောက်ဆုံးတွင် ပြောလာသည်။


“ကိုယ် သဘောကျတဲ့သူကို သူကန့်ကွက်မှာ မဟုတ်ဘူး...”


"သူက ရှင့်ကို အရမ်းဂရုစိုက်တယ်..."


အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ယွီက နှလုံးသားမှာလေးလံနေသည့်ပုံနှင့် “အင်း” ဟု ပြောလာသည်။


“ကျွန်မအဖေကို သတိရတယ်...”


ကျိအန်းနဉ်က တိုးတိုးလေးပြောလာသည်။


"သူက တော်တော်ကြင်နာတတ်ပေမယ့် ထွက်သွားခဲ့တယ်..."


“သူ့ကို နောက်တစ်ခါတွေ့ရင် သူ့ရှေ့မှာ ရပ်ပြီး ကျယ်ကျယ် မေးရမယ်လို့ ခဏခဏ တွေးမိတယ်..."


" အဖေ ဘာလို့ထွက်သွားခဲ့တာလဲ... အဖွားရဲ့ပိုက်ဆံတွေကို ဘာလို့လိမ်ယူတာလဲ... ကျွန်မတို့ ဘယ်လိုရှင်သန်ရမယ်ဆိုတာ မတွေးမိဘူးလား..."


"ကျွန်မ သူ့ကို ကိုယ်တိုင် မေးကြည့်ရမယ်ထင်တယ်..."


အခန်းက တစ်ခဏတာ တိတ်ဆိတ်သွားသည်။


 "ဝမ်ယွီ ရှင့်အဖေနဲ့ သွားတွေ့ပါ..."


နောက်ထပ်ဖန် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။


အမှောင်ထဲတွင် ဝမ်ယွီက “ကောင်းပြီ” ဟု သဘောတူလိုက်သည်။


 "မနက်ဖြန်သွားမယ်..."


ကျိအန်းနဉ် သက်ပြင်းတစ်ချက်ချကာ ထလိုက်သော်လည်း ဝမ်ယွီ၏ ရင်ခွင်ထဲသို့ ပြန်ဆွဲချခံလိုက်ရသည်။ သူလှည့်ကြည့်လိုက်သောအခါ နှစ်ယောက်စလုံးက ဆိုဖာပေါ်တွင် လှဲနေကြပြီး ဆိုဖာအပြင်ဘက်တွင် ဝမ်ယွီနှင့် အတွင်းဘက်တွင်ကျိအန်းနဉ်က ရှိနေသည်။ သူတို့ နှစ်ယောက်သား မျက်နှာချင်းဆိုင်လိုက်ကြသည်။


ရှည်လျားစိုစွတ်သော အနမ်းတစ်ခုပြီးဆုံးသွားပြီးနောက် ဝမ်ယွီက ကျိအန်းနဉ်ကို ပွေ့ဖက်ကာ “အိပ်ရအောင်” ဟု တိုးတိုးလေးပြောလိုက်သည်။


နောက်နေ့မနက်တွင် အဖွားကြောင့် သူတို့ နိုးလာကြသည်။


"မင်းဘယ်သူလဲ... ငါတို့အိမ်ထဲကို ဘယ်လိုရောက်လာတာလဲ..."


အဖွားက အင်္ကျီချိတ်ကိုကိုင်ပြီး ဝမ်ယွီကို ရိုက်လိုက်သည်။ 


"နဉ်နဉ်ကိုမလှည့်စားဖို့ ငါပြောခဲ့တယ်နော်..."


အဖွားက သူမ၏ခြေသလုံးနှင့် ခြေဖဝါးများကို ခက်ခက်ခဲခဲရွေ့လျားနေရ၍ ၀မ်ယွီမှာ သွက်လက်သော်လည်း အဖွား ချော်လဲပြီး လဲကျသွားမည်စိုးသောကြောင့် မရှောင်တိမ်းနိုင်ခဲ့ပေ။


သူ သည်းခံနေရုံသာ တတ်နိုင်သည်။


ကျိအန်းနဉ်က မျက်လုံးများကို အုပ်ကာ အဖွားကို တားလိုက်သည်။


"အဖွား ပန်းပင်တွေ ရေလောင်းဖို့အချိန်ရောက်ပြီ မလား..."


စကားနှစ်ခွန်းခန့် ကြားပြီးသောအခါ ခေါင်းစဉ်ပြောင်းသွား၍ အဖွားက သူမ နိုးလာချိန်တွင် ညစ်ပတ်သောကလေးတစ်ယောက်က သူမမြေး ကျိအန်းနဉ်ကိုဖက်ထားပြီး အိပ်ပျော်နေသည့် အဖြစ်အပျက်ကို မေ့သွားခဲ့သည်။ သူမ ဝမ်ယွီဘက်ကိုလှည့်ကြည့်ပြီးပြောသည်။


"ဧည့်သည်ရောက်နေတာလား... နဉ်နဉ်... ငါတို့ဧည့်သည်အတွက် ရေနည်းနည်းထည့်ပေးဦးလေ..."


ဝမ်ယွီမှာ အစောပိုင်းက ရိုက်ခဲ့သော ရိုက်ချက်များအားလုံး အချည်းနှီးဖြစ်ကြောင်း သတိပြုမိကာ သွားများကို ကြိတ်လိုက်သည်။


မနက်စာစားပြီးသည်နှင့် သူအပြင်ထွက်ရန် ပြင်လိုက်သည်။


ကျိအန်းနဉ်က ပြောလာသည်။


"ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်..."


ဝမ်ယွီက ငြင်းပယ်သည်။


ရဲစခန်းလိုနေရာမျိုးက လူများကို စိတ်မသက်မသာဖြစ်စေသည်။ ကျိအန်းနဉ်ကို မခံစားစေချင်သောကြောင့် သူ တစ်ယောက်တည်းသာ သွားချင်သည်။


“ကောင်းပါပြီ... ဒါဆိုရင် အဖွားအတွက် ဆေးသွားဝယ်လိုက်ဦးမယ်...”


 ကျိအန်းနဉ်က ပြောလိုက်သည်။


မတူညီသော ဦးတည်ရာများကို တွေးတောရင်း လမ်းဘေးတွင် လမ်းခွဲလိုက်ကြသည်။ ဝမ်ယွီက ရဲစခန်းသို့သွားကာ ကျိအန်းနဉ်က ဆေးရုံသို့ သွားခဲ့သည်။


အိမ်တွင် တစ်ယောက်တည်းဖြစ်နေသည့်အဖွားက တီဗီကြည့်နေရင်း ခဏကြာသည့်အခါ သန့်စင်ခန်းသုံးရန်လိုသည်ကို သတိရလိုက်သည်။


အိပ်ရာအသစ်က အလွန်ပျော့ပျောင်းပြီး အဖွားက နောက်ကျောမကောင်းပေ။ မတ်တတ်ရပ်သည့်အခါ သူမကိုယ်သူမ ထောက်ထားရန် သူမလက်များကို အသုံးပြုရသည်။ သူမလက်ဖြင့် ဖိချလိုက်သောအခါ လက်ချောင်းများက ဆိုဖာကူရှင်ရှိကြားကွက်လပ်ထဲသို့ ချော်ကျကာ မာကျောပြီး အေးမြသော အရာတစ်ခုကို ထိတွေ့လိုက်ရသည်။




###