🤚Chapter 80
ဝမ်ယွီ ကားကိုရပ်လိုက်ပြီး လမ်းတစ်ဖက်ခြမ်းရှိ အမျိုးသားလုံခြုံရေးဗျူရို၏ ထင်ရှားသော ဆိုင်းဘုတ်ကို လှမ်းကြည့်ကာ ၀မ်ကောအန်းနှင့် တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။
ကျိအန်းနဉ်၏အိမ်တွင် နေ့ရောညပါ ကုန်ဆုံးပြီးနောက် သူ စိတ်ငြိမ်သက်သွားကာ နောက်ဆုံးတွင် ချန်းလျန်ကို ဝမ်ကောအန်းက သတ်ပစ်ခဲ့သည်ကို သူ မယုံခဲ့ပေ။
၀မ်ကောအန်းက သူ့ကို နားလည်သလို သူ့အဖေကိုလည်း သူက နားလည်သည်။ လူသတ်မှုကဲ့သို့ စိတ်အားထက်သန်မှု ရာဇ၀တ်မှုကျူးလွန်ခြင်းကို ၀မ်ကောအန်းလုပ်လိမ့်မည်ဟု သူ မယုံကြည်ပေ။ သူ့ဖခင်က မရေမတွက်နိုင်သော ဘဝ အတက်အကျများကို ကြုံတွေ့ခဲ့ရပြီး ထိုမျှလောက် ပေါ့ပေါ့ဆဆ မလုပ်တတ်ပေ။
ဇိမ်ခံကားတစ်စီးက သူ့ရှေ့ကို တိတ်တဆိတ်တက်လာပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ကားပြတင်းပေါက်က ကျလာပြီး ယန်ယွမ်က ဖြေးညှင်းစွာထွက်ပေါ်လာသည်။
ဝမ်ယွီ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
နံနက်စောစောတွင် လောင်ရှင်းက ချန်းလျန်၏သေဆုံးမှုနှင့်ပတ်သက်၍ ယန်ယွမ်အပေါ် ဆက်လက်စုံစမ်းစစ်ဆေးရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့သည်။ ဝမ်ယွီက သူ့ကို စုံစမ်းစစ်ဆေးမှု ဆက်လုပ်ရန် ပြောခဲ့ပြီး ယခုအခါ အဓိက တရားခံနှင့် မျက်နှာချင်းဆိုင်နေပြီဖြစ်သည်။
"ရှောင်ယွီ၊ ကားပေါ်တက်...စကားပြောရအောင်..."
ယန်ယွမ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဝမ်ယွီ၏ အကြည့်များက အေးစက်သွားသည်။
ကားဒရိုက်ဘာက ပတ်လာပြီး သူ့အတွက်ကားတံခါးဖွင့်ပေးလာ၍ ၀မ်ယွီ အထဲ၀င်ထိုင်လိုက်သည်။
ကားပြတင်းမှန်ကို ပိတ်လိုက်သည်နှင့် အသံလုံစနစ် အထူးကောင်းမွန်ခြင်းကြောင့် အလုံပိတ်အနောက်ခန်းက အလွန် တိတ်ဆိတ်နေသည်။
ယန်ယွမ် ၀မ်ယွီက တစ်ခုလုံး တောင့်တင်းနေပြီး သူ့အပေါ် ပြင်းထန်သော ရန်လိုမှု ဖြစ်ပေါ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ယန်ယွမ်က သက်ပြင်းချလိုက်သည်။
"မင်းအမေရဲ့ အခြေအနေအကြောင်း ငါသိပြီးပြီ...တကယ်... သူ အဲ့ဒီလိုဖြစ်သွားမယ်လို့ ငါ မမျှော်လင့်ထားဘူး..."
စကားပြောနေစဉ်တွင် သက်လတ်ပိုင်းအရွယ်လူကြီးက ရင်ဘတ်အောင့်လာပြီး မျက်လုံးများ စုံမှိတ်ကာ အလွန်ဝမ်းနည်းနေပုံရသည်။ စစ်ဆေးမေးမြန်းစဉ်အတွင်း ချန်းလျန်နှင့် မသင့်လျော်သော ဆက်ဆံရေးကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည့်ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
"ကျုပ်အမေ သေသွားပြီ ခင်ဗျား ဘာလုပ်လိုက်တာလဲ..."
ဝမ်ယွီက ဗြောင်ကျကျပြောလိုက်သည်။
ချန်းလျန် မရှိတော့သဖြင့် သူ၏ယဉ်ကျေးသိမ်မွေ့မှုကို ထိန်းသိမ်းထားရန် မလိုအပ်တော့ပေ။
" မြွေထွက်လာအောင် ချုံပုတ်ကို ရိုက်မနေပါနဲ့..."
ယန်ယွမ်က မျက်ရည်စက်လက်နှင့်ပြောလာသည်။
" ငါနဲ့ မင်းအမေကြားထဲ ဆက်ဆံရေးတစ်ခုရှိတာကို မင်းနည်းနည်းတော့ မှန်းဆလို့ရမယ်ထင်တယ်... ဒါပေမယ့် အရာအားလုံးကို မင်းသေချာမသိဘူး..."
၀မ်ယွီက ဒေါသတကြီးတုန့်ပြန်လိုက်သည်။
"ကျုပ် ခင်ဗျားရဲ့ အရူးစကားတွေကို စိတ်မဝင်စားဘူး..."
"ကောင်းပြီ ကောင်းပြီ... ငါအဲဒါကို မပြောတော့ဘူး..."
ယန်ယွမ်က ကလေးတစ်ယောက်ကို နှစ်သိမ့်နေပုံနှင့် သူ့ကို ချော့လိုက်သည်။ ထို့နောက် ဝမ်းနည်းပူဆွေးစွာဖြင့် ထပ်ပြောလာသည်။
“ငါမင်းကို မေးချင်တာလေးရှိလို့ပါ... မင်းအမေကို ၀မ််ကောအန်းက သတ်လိုက်ရင်တောင် မင်းက သူ့ကို အဖေအဖြစ် အသိအမှတ်ပြုဦးမှာလား...”
"အဓိပ္ပာယ်မရှိလိုက်တာ... ကျုပ်အဖေက လူသတ်တယ်လို့ခင်ဗျားကို ဘယ်သူကပြောတာလဲ... ကျုပ်အဖေက ခင်ဗျားရဲ့အသေးအမွှားကိစ္စလေးတွေကို ဂရုစိုက်တယ်လို့ ထင်နေတာလား... ခင်ဗျား ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းနေတာပဲ..."
ဝမ်ယွီက ဒေါသတကြီး ပြောလာသည်။
“ဒိီကိစ္စကို သက်သေမပြရသေးပေမယ့် ငါသိပါတယ်၊ သူပဲ မင်းအမေကို သတ်လိုက်တာ..."
ဝမ်ယွီက စကားတစ်ခွန်းမျှ ဖြုန်းတီးမနေတော့ဘဲ ယန်ယွမ်အား တစ်ချက်ထိုးလိုက်သည်။
ထို့နောက် သူ ယန်ယွမ်ကို ကော်လံမှဆွဲကိုင်ကာ ထိုင်ခုံပေါ်ဖိပြီး ယန်ယွမ်၏ ရင်ဘတ်ပေါ်ကို ဒူးထောက်လိုက်သည်။
"အဓိပ္ပာယ်မရှိတဲ့စကားတွေကို ရပ်လိုက်..."
သူ သွားကြားထဲကလေသံဖြင့် ပြောလိုက်၏။
" ကျုပ်အဖေက ခင်ဗျားတို့ ဖောက်ပြန်တဲ့ကိစ္စလောက်ကို အရေးလုပ်မယ်ထင်နေလား ရူးနေတာပဲ..."
ဆူပူသံက ကျယ်လောင်လွန်း၍ ရှေ့မှ ယာဉ်မောင်းက အတွင်းပိုင်း ဆက်သွယ်ရေးစနစ်ကို ဖွင့်ပြီး မေးလိုက်သည်။
“မစ္စတာယန်..."
ယန်ယွမ်က ဖုန်းခေါ်ဆိုသည့်ခလုတ်ကို တုန်တုန်ယင်ယင်နှင့်နှိပ်လိုက်ပြီး "အားလုံးအဆင်ပြေပါတယ်" ဟုပြောလိုက်သည်။
သူက ဆက်သွယ်ရေးကို ပိတ်လိုက်သည်။
ဝမ်ယွီက လှောင်ပြုံးပြီးပြီး ယန်ယွမ်အပေါ် သူ၏ဆုပ်ကိုင်ထားမှုကို ဖြေလျော့ပေးလိုက်သည်။
ယန်ယွမ်က သွေးထွက်နေသော နှာခေါင်းကို သုတ်လိုက်ပြီး သွေးကို ညှစ်ရန် တစ်ရှူးအချို့ကို အသုံးပြုခဲ့သည်။
၀မ်ယွီကပြောသည်။
"ကျုပ်မိသားစုကိစ္စတွေနဲ့ ၀ေး၀ေးနေပါ ကျုပ် ခင်ဗျားကို ထပ်မတွေ့ချင်ဘူး..."
ချန်းလျန်က ၀မ်မိသားစု၏ငွေများကို အလွဲသုံးစားလုပ်မှုက ဤလူနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု သူ သံသယရှိနေသော်လည်း လက်ရှိတွင် သက်သေပြရန် အထောက်အထားမရှိသောကြောင့် ၎င်းကို မပြောရန်ဆုံးဖြတ်ခဲ့သည်။
ပြောပြီးသည်နှင့် ကားတံခါးကို ဆွဲဖွင့်လိုက်သည်။
သို့သော်လည်း ယန်ယွမ်က ၀မ်ယွီ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။
"မရူးစမ်းပါနဲ့... ငါ မင်းကိုပြောပါရစေဦး... မင်းအမေကို ၀မ်ကောအန်းကသတ်လိုက်တာ..."
ဝမ်ယွီက စကားတစ်ခွန်းမှ မပြောဘဲ ယန်ယွမ်အား နောက်ထပ် လက်သီးတစ်ချက်ထိုးလိုက်သည်။
ဣနြေသိက္ခာကြီးသော ယန်ယွမ်က ၀မ်ယွီနှင့် ဆက်သွယ်ရန်အတွက် နွေးထွေးပြီး ဝမ်းနည်းဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ဖန်တီးရန် ရည်ရွယ်ထားသည်။ သို့သော် သူ့အမေကို ဆုံးရှုံးလိုက်ရသော ဤလူငယ်လေးက ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဖြစ်သော ဗုံးတစ်လုံးသဖွယ်ဖြစ်နေကာ မထိန်းချုပ်နိုင်ဘဲ ကိုယ်ထိလက်ရောက် လုပ်လာခဲ့သည်။
ယန်ယွမ်က ၎င်းကိုမတားဆီးခဲ့ပေ။ ဝမ်ယွီက နောက်ထပ်လက်သီးတစ်ချက်ကို မထိုးပစ်မီ သူက စာအိတ်ကြီးကို မြေကြီးပေါ် ပစ်ချပြီး အော််ဟစ်လိုက်သည်။
"မင်က သူ့သားမဟုတ်မှန်း ဝမ်ကောအန်းသိတယ်... ဒါကြောင့် မင်းအမေကို သတ်လိုက်တာ..."
ဝမ်ယွီ၏ဦးခေါင်းက ကားခေါင်မိုးကိုထိသွားကာ ခုံနောက်ကိုထောက်ထားသော သူ့လက်က ကားအတွင်းပိုင်းကို တိုက်ခိုက်ရန် အသင့်ဖြစ်နေသော အနေအထားကို ထိန်းသိမ်းထားပြီး နေရာတွင် အေးခဲတောင့်တင်းနေသည်။
"ခင်ဗျား ဘာပြောလိုက်တာလဲ..."
သူသွားကြားထဲမှ စကားလုံးများကို ညှစ်ထုတ်လိုက်သည်။
ယန်ယွမ်က ပြောလိုက်သည်။
"ငါပြောတာ မင်းက..."
ယန်ယွမ်၏စကားမဆုံးမီ ၀မ်ယွီက ယန်ယွမ်၏ပါးကို လက်သီးတစ်ချက် ထိုးလိုက်သည်။ နောက်တစ်နေ့တွင် ဤကြည့်ကောင်းသောဦးလေးကြီး၏ ချောမောသော အသွင်အပြင်က အချိန်အတန်ကြာသည်အထိ ပျောက်ကွယ်သွားပေလိမ့်မည်။
ဝမ်ယွီ၏ဒူးက ယန်ယွမ်၏ခြေထောက်ကို ဖိထားဆဲဖြစ်သည်။ သူ့ရင်ဘတ်များ တဆတ်ဆတ်တုန်နေပြီး ပြောလာသည်။
" ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ..."
ယန်ယွမ်က ကြယ်များကိုမြင်သည်အထိ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။ သူက အားနည်းစွာဖြင့် ပြောလိုက်သည်။
“မင်း အဲဒါကိုကြည့်ရုံနဲ့ သိလိမ့်မယ်…”
၀မ်ယွီက စာအိတ်ကိုကောက်ယူလိုက်ပြီး လက်ချောင်းများ ဖြူသွားသည်အထိ ဆုပ်ကိုင်လိုက်သည်။
စာရွက်ထဲတွင် ပါဝင်သည့်အရာကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
လိမ်နေတာ...
ဒါက လိမ်နေတာပဲဖြစ်ရမယ်...
ဝမ်ယွီက စိတ်ထဲတွင် အော်ဟစ်လိုက်သည်။
သို့သော် စာအိတ်ကို ကိုင်ထားသည့် သူ့လက်က တုန်နေသည်။
သူအဘယ်ကြောင့် ကြောက်ရွံ့သည့်ခံစားချက်ကို ခံစားနေရမှန်းမသိပေ။
ငါက ၀မ််ကောအန်းရဲ့ကလေး မဟုတ်ဘူးဆိုရင် ဘယ်သူ့ကလေးလဲ...
ဝမ်ယွီ၏ ဘဝတစ်ခုလုံးမှ ပျော်ရွှင်မှု၊ မောက်မာမှုနှင့် ပေါ့ပါးမှုအားလုံးတို့က ၀မ််ကောအန်း၏ကလေးဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခဲ့ကြသည်။
ထိုအခြေခံအုတ်မြစ် ပြိုကျပြီးသည်နှင့် သူ့ဘဝတစ်ခုလုံး ပြိုကျသွားနိုင်သည်။
ဝမ်ယွီ၏လက်က တုန်ခါနေသည်။
သူ စာအိတ်ကို ဆုတ်ဖြဲချင်နေသော်လည်း ၎င်းကို အကောင်အထည်ဖော်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။
ယန်ယွမ်က သက်ပြင်းချကာ ထထိုင်လိုက်သည်။
"စာအိတ်ကို အလုံ မပိတ်ထားဘူး..."
ဝမ်ယွီ၏ လက်ချောင်းများက စာအိတ်ကိုဖွင့်ကာ စာရွက်ပါးပါးလေးတစ်ရွက်ကို ထုတ်ယူပြီး ကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ယန်ယွမ်ကလည်း စာရွက်လည်း တုန်လှုပ်နေသည်ကို သတိပြုမိသည်။
သူ နောက်ထပ် တစ်ရှူးအနည်းငယ်ကို ထုတ်ကာ သူ့ကိုယ်သူ သုတ်လိုက်သည်။
"မင်း မယုံရင် နောက်ထပ် စမ်းသပ်မှုလုပ်ဖို့အတွက် ငါလိုက်ပို့ပေးနိုင်တယ်..."
“ဒါပေမယ့် ဘယ်နှစ်ခါလုပ်လုပ် မင်းက ငါ့သားဆိုတဲ့အချက်ကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး...”
သူပြောလာသည်။
ဝမ်ယွီက ရင်ဘတ်ကို ထိုးကြိတ်ခံရသည့်အတိုင်း နံရိုးများကျိုးနေပြီး နှလုံးသားတစ်ခုလုံး ကွဲအက်နေသလို ခံစားလိုက်ရသည်။
သူ့ မျက်လုံးများကိုမော့ကာ ထိုးနှက်မှုကြောင့် ပွန်းပဲပြီး ရောင်ယမ်းနေသော သက်လတ်ပိုင်းအရွယ်လူကို ကြည့်လိုက်သည်။
“ ခင်ဗျား ပြောနေတာတွေက အဓိပ္ပာယ်မရှိတာပဲ” ဟုပြောချင်သော်လည်း သူ့လက်ထဲတွင် ကိုင်ထားသော စာရွက်ပါးပါးလေးကြောင့် ထိုလူ လိမ်ပြောနေခြင်းမဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းသိနေသည်။
ယမန်နေ့ညကတည်းက သူ စိတ်ငြိမ်သက်သွားခဲ့သည်။ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက်တွင် သူ၏ယုံကြည်ချက်ကို တစ်ဖန်ပြန်လည်ရရှိပြီး ချန်းလျန်သေဆုံးမှုနှင့်ပတ်သက်ပြီး ထူးဆန်းသော အရာတစ်ခုရှိနေသည်ဟု အခိုင်အမာယုံကြည်ခဲ့သည်။
သူက ၀မ််ကောအန်းကို ယုံကြည်သည်။ သူ့အဖေက လေးနက်ပြီး မတုန်မလှုပ်တတ်သူတစ်ယောက်ဖြစ်သည်။ ချန်းလျန် ပိုက်ဆံခိုးယူခြင်းဖြစ်စေ အခြားအရာဖြစ်စေ မည်သည့်အကြောင်းပြချက်ကမှ သူ့ကို စိတ်ဓာတ်မပျက်ပြားစေပေ။
သို့သော် ၀မ််ကောအန်းက ဝမ်ယွီ သူ့သားမဟုတ်ကြောင်း ရုတ်တရက် သိရှိသွားပါက...
ဝမ်ယွီ၏ယုံကြည်ချက် ပြိုပျက်သွားပြန်သည်။
"ဘယ်တုန်းက သိတာလဲ..."
ဝမ်ယွီက အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
“တော်တော်ကြာပါပြီ... ဒါပေမယ့် မင်းရဲ့ဘဝကို ငါမနှောင့်ယှက်ချင်ဘူး... မင်းက ၀မ်မိသားစုမှာ ကောင်းကောင်းနေခဲ့တယ်လေ အဲဒီအချိန်က မင်းကို ဒီလိုဘဝမျိုး ပေးဖို့ ငါ့မှာ အခွင့်အရေးမရှိဘူး... ဒါကြောင့် သည်းခံနေဖို့ ဆုံးဖြတ်လိုက်တယ်... မင်း ကောင်းကောင်းနေနေသရွေ့ အဝေးကနေကြည့်ရတာကို ကျေနပ်နေမှာပါ..."
ဤစကားများက ဝမ်ယွီအတွက် အဓိပ္ပာယ်မရှိသလို သူ့စိတ်ထဲတွင်လည်း မထားခဲ့ပေ။ သို့သော် ယန်ယွမ်က ဆက်ပြောလာသည်။
“ဒါပေမယ့် မင်းအမေကလည်း မင်းကို ဒီလိုမျိုး နေခွင့်ပေးဖို့ သဘောတူခဲ့တယ်... ဒါပေမယ့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အထူးသဖြင့် အရင်နှစ်က သူ သွေးဆုံးခါနီးပြီး စိတ် မတည်မငြိမ်ဖြစ်လာတယ်... ၀မ််ကောအန်းကို သူ သည်းမခံနိုင်တော့ဘူးလို့ပြောတယ်.... ငါ သူ့ကို အကြိမ်ကြိမ် အကြံပေးပေမယ့် နားမထောင်ခဲ့ဘူး။ သူမစိတ်ဆိုးတဲ့အခါ ၀မ်ကောအန်းကို အမှန်အတိုင်းပြောပြမယ်လို့ ပြောခဲ့တယ်…”
"ပါးစပ်ပိတ်ထား..."
ဝမ်ယွီက သူ့လက်ထဲတွင် စာရွက်ကိုဆုပ်ကိုင်ကာ အံကြိတ်လိုက်သည်။
" အရေးမပါတဲ့စကားတွေ ပြောနေတာကို အခုရပ်လိုက်..."
ယန်ယွမ်က သူ့ကိုကြည့်ကာ ပြောလာသည်။
"အဲဒါက အရေးမပါတာတွေ ဟုတ်မဟုတ်ကို မင်းစိတ်က သိပါတယ်..."
ဝမ်ယွီက သူ့ပါးပြင် ပုံပျက်လာသည်အထိ သွားများကို ကြိတ်ထားသည်။
" ဒီကိစ္စက အမှန်ဆိုရင် ရဲကို သွားပြောလို့ရတယ်..."
"ငါ အဲ့ဒီလိုမလုပ်နိုင်ဘူး..."
ယန်ယွမ်သက်ပြင်းချလိုက်သည်။
"ငါလုပ်ရင် မင်းအကုန်ဆုံးရှုံးရလိမ့်မယ်..."
ကားပါကင်ဝန်ထမ်းက သူ့ရေနွေးအိုးကိုဖွင့်၍ ရေနွေးနွေးတစ်ခွက်ကို မှုတ််သောက်ချပြီးနောက် Hummer ကားကို မောင်းနှင်လာသည့် လူငယ်က ဇိမ်ခံကားပေါ်မှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။
လူငယ်က ကားတံခါးကို ပြန်ဖွင့်လိုက်ချိန်တွင် ကားပါကင်ဝန်ထမ်းက သူ့ရေနွေးလေးကို တစ်ငုံသောက်လိုက်သည်။ အိုး.. သူထွက်သွားတာလား...
ကားပါကင်ဝန်ထမ်းက သူ့ခွက်ကိုချလိုက်ပြီး အိတ်ကို ပခုံးပေါ်တင်ကာ မတ်တပ်ရပ်လိုက်၍ Hummerကားဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ Hummerကားကို စက်နှိုးထားပြီဖြစ်ပြီး အရှိန်ပြင်းပြင်းဖြင့် ဖုန်မှုန့်များထွက်လာနေသည်။
“ဟေး ဟေး မိတ််ဆွေလေး... ကားပါကင်ကြေး မပေးရသေးဘူးလေ...”
ကားပါကင်ဝန်ထမ်းက ခြေလှမ်းအနည်းငယ်လှမ်းပြီး ကားပျောက်ကွယ်သွားတာကို ကြည့်ကာ ဒေါသတကြီးပြောဆိုလိုက်သည်။
"သူတို့က ပိုချမ်းသာလေ၊ ပိုဆိုးလေလေပဲ..."
သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ဇိမ်ခံကားကြီး ထို ရပ်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက လမ်းလျှောက်ပြီးလာပြီး ခရီးသည်ဘေးပြတင်းပေါက်ကို ခေါက်လိုက်သည်။
"ဟေး မင်းတို့ အတူတူပဲမလား... ကျေးဇူးပြုပြီး သူ့အတွက်ရော ကားပါကင်ကြေး ပေးပေးပါဦး..."
ဝမ်ယွီက ယခုနှစ်တွင် အသက်နှစ်ဆယ်သာရှိသေးပြီး နှစ်ဆယ့်တစ်နှစ်ပြည့်မွေးနေ့ပင် မရောက်သေးပေ။ သူ့အတန်းဖော်များကြားတွင် သူက ရင့်ကျက်ပုံပေါက်သော်လည်း လက်တွေ့မှာ သူက အလွန်ငယ်သေးသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း၊ သူ့ဘဝတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ အဖြစ်အပျက်များ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီး သူ၏ယုံကြည်ခြင်း ပြိုပျက်သွားကာ ပြန်လည်တည်ဆောက်ပြီးချိန်တွင်လည်း နောက်တစ်ကြိမ် ကွဲအက်သွားခဲ့ပြန်သည်။
ဒီတစ်ခါတော့ ပြန်ဆောက်ဖို့ အုတ်မြစ်မကျန်တော့ဘူး...
သူ့ဘဝတစ်ခုလုံး ပြိုလဲသွားခဲ့သည်။
ဝမ်ယွီ၏ စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေသည်။
ဤတစ်ကြိမ်တွင်မူ သူ ကျိအန်းနဉ်ကိုပါ လိုက်မရှာတော့ပေ။
အချိန်တိုင်းတွင် သူက သူမကို လိုက်ရှာပြီးပြုစုစောင့်ရှောက်ခဲ့သည်၊ သူမကို လျှို့ဝှက်စွာ ပံ့ပိုးပေးခဲ့သည်။ ၎င်းက ဝမ်မိသားစု၏ အမွေဆက်ခံသူဟူသော သူ၏အထောက်အထားအနေနှင့် ဖြစ်သည်။
ဝမ်မိသားစု၏ အမွေဆက်ခံသူ မဟုတ်ပါက သူ ဘာမှမဟုတ်ကြောင်း ဝမ်ယွီ ရုတ်တရက် သဘောပေါက်သွားသည်။ သူက ချန်းဟောင်၊ စွန်းခိုင်တို့နှင့် မတူတော့ပေ။ သူ့ရည်းစားအတွက် ဖုန်းအသစ်ဝယ်ပေးရန်လည်း စိတ်ပူနေရလိမ့်မည်။
ဝမ်ယွီ၏ဦးနှောက်ထဲတွင် ကမောက်ကမဖြစ်နေကာ ဝမ်ကာအန်း၏သားမဟုတ်ပါက သူသည် အခြားချမ်းသာကြွယ်ဝသူ ယန်ယွမ်၏သားဖြစ်နေသေးသည် ဟူသောအချက်ကိုပင် မတွေးခဲ့ပေ။
ရှုပ်ယှက်ခတ်နေသော စိတ်ကူးထဲတွင် ဤလူ ယန်ယွမ်ကိုပင် ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပေ။ သူ၏ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း အသက်မွေးဝမ်းကြောင်းပြုရန်အတွက် ၀မ််ကောအန်းအား မှီခိုခဲ့ရကြောင်း ရုတ်တရက် သူသိ လိုက်ရသည်။
၀မ်ယွီက ကျန်းနန်လမ်းပေါ်ရှိ တံတား၏ မြောက်ဘက်သို့ မောင်းသွားခဲ့သည်။ သူ ကန်ပေါင်ပေါ်တွင်ရပ်ကာ စီးဆင်းနေသော မြစ်ကိုကြည့်ရင်း အေးစက်သော လေတိုက်ခတ်မှုကို ခံစားကာ သူ့စိတ်က တဒုန်းဒုန်း ခုန်နေသည်။
သူ့ဖုန်းမြည်လာသောအခါ လေအေးထဲတွင် သူ မတ်တပ်ရပ်နေသည်မှာ မည်မျှကြာသွားသည်မသိချေ။ ဝမ်ယွီက မလှုပ်ရှားပေ။
တယ်လီဖုန်းက အချိန်အတော်ကြာအောင် မြည်လာပြီးနောက် အဆက်ပြတ်သွားကာ ပြန်မြည်လာသည်။
ခေါ်ဆိုသူက အတော်လေးဇွဲရှိနေသည်။
နောက်ဆုံးတွင် ဝမ်ယွီ၏စိတ်သည် ပရမ်းပတာအခြေအနေထဲမှ ရုန်းထွက်နိုင်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည် ။
ခေါ်ဆိုသူ IDက ချင်းဟွာတက္ကသိုလ်မှ ဒါရိုက်တာရွှီဖြစ်ကြောင်းပြသနေခဲ့သည်။
ဤကဲ့သို့သော ဘဝ၏ ဖရိုဖရဲအခိုက်အတန့်တွင် ချင်းဟွာတက္ကသိုလ်၏ ကျောင်းအုပ်ကြီးက ဝမ်ယွီနှင့် မသက်ဆိုင်ပေ။ ဖုန်းချရန် သူ့လက်ချောင်းကို လှမ်းလိုက်သည်။
သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ထူးဆန်းသော ခံစားချက်တစ်ခု သူ့စိတ်ထဲတွင် လွှမ်းမိုးသွားခဲ့သည်။ နောက်ဆုံးအခိုက်အတန့်တွင် ဝမ်ယွီက စိတ်ပြောင်းသွားပြီး “ဖြေဆိုသည်” ကို နှိပ်လိုက်သည်။
"ဝမ်ယွီ ၀မ်ယွီ မင်းဘယ်မှာလဲ..."
ဒါရိုက်တာရွှီ၏အသံမှာ အနည်းငယ်စိုးရိမ်နေပုံရသည်။
“မင်း ချက်ချင်း လာရမယ်... ကျိအန်းနဉ်…”
ဝမ်ယွီ၏ စိတ်ထဲတွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
ရှုပ်ထွေးမှု၊ ရုန်းရင်းဆန်ခတ်မှုနှင့် ခါးသီးမှုများက ဒါရိုက်တာရွှီကသူ့ကိုပြောခဲ့သည့်သတင်းကြောင့် အားလုံး ချေမှုန်းခံလိုက်ရသည်။
ဝမ်ယွီ၏ စိတ်ထဲတွင် ကျိအန်းနဉ်သာ ရှိတော့သည်။
###