🤚Chapter 81
( Trigger Warning ❗)
( တော်တော်လေးစိတ်ညစ်နေတဲ့အချိန်ဆို ဒီအပိုင်းကို မဖတ်ပါနဲ့ စိတ်မသက်မသာဖြစ်စရာ အကြောင်းအရာတွေ ပါလို့ပါ )
ကျိအန်းနဉ် သူမ၏အဖွားအတွက် ဆေးသွားယူသည့် ဆေးရုံက ချင်းဟွာမိသားစုအဆောက်အဦးနှင့် နှစ်မှတ်တိုင်သာဝေးသည်။ သူမ ထိုနေရာသို့ ဘတ်စ်ကားစီး၍ သို့မဟုတ် လမ်းလျှောက်သွားနိုင်သည်။ သို့သော်လည်း ရာသီဥတုက သိပ်မဆိုးသရွေ့ ဘတ်စ်ကားကို စောင့်ရဦးမည်ဖြစ်သောကြောင့်ကျိအန်းနဉ်က များသောအားဖြင့် လမ်းလျှောက်ခြင်းကို ရွေးခဲ့သည်။
နွေဦးပွဲတော်အပြီး နေ့ရက်တိုင်းတွင် အပူချိန်က ပိုမိုပူနွေးလာသည်။
ကျိအန်းနဉ်က ဆေးကို ထုတ်ယူပြီးနောက် ရင်းနှီးသည့် သက်ကြီးရွယ်အိုအချို့နှင့် နှုတ်ခွန်းဆက်စကား ဖလှယ်ကာ အမြန်ပြန်သွားခဲ့သည်။
ဤအသွားအပြန်ခရီးတွင် သူမ ဝမ်ယွီကို မစဉ်းစားဘဲ မနေနိုင်ပေ။
ဤဘ၀တွင်မူ ဤအခွင့်အရေးကို လက်လွှတ်မခံတော့ဟုလည်း တွေးမိသည်။ သူမသည် ဤအခက်ခဲဆုံးကာလကို ဖြတ်ကျော်ကာ သူနှင့်အတူ အမြဲရှိနေမည်ဖြစ်သည်။
ယန်ပေါ်အတွက်မူ ကျိအန်းနဉ်က အထူးစိုးရိမ်မနေပေ။
သူမ အချိန်စီးကြောင်းအရ ကြားသိခဲ့သောအချက်အလက်ပေါ်မူတည်ပြီး ယန်ပေါ်နှင့် ၀မ်ယွီ တို့ကြား မကျေမနပ်ဖြစ်မှုများ မည်သို့ပင်ရှိစေကာမူ အကယ်၍ ကျောင်းချန်၏ပါဝင်ပတ်သက်မှုရှိလာလျှင်ပင် ဝမ်ယွီက အစတည်းက အောင်နိုင်သူဖြစ်သင့်သည်။
ဤဘ၀တွင် ကျောင်းချန်၏ကိစ္စက နောက်တစ်ကြိမ် ဖြစ်မလာတော့ပေ။ ဝမ်ယွီက ယန်ပေါ်၏ ဖမ်းဆီးခြင်းကို မခံရဘဲ အရာအားလုံးကို အဆုံးရှုံးမည်လည်း မဟုတ်ပေ။
သူက အလုံးစုံအောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မည်။
လမ်းမပေါ်လျှောက်နေစဉ် ကျိအန်းနဉ် အနီးအနားမှ အချက်ပေးဥသြသံကို ကြားလိုက်ရသည်။ သူမလှည့်ကြည့်လိုက်သောအခါ မီးသတ်ကားတစ်စီးက သူမဘေးလမ်းမှ အရှိန်မြန်မြန်ဖြင့် ဖြတ်သွားပြီး တက္ကသိုလ်ဘက်သို့ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။
၎င်းက တိတိကျကျပင် ချင်းဟွာတက္ကသိုလ်သို့ ဦးတည်နေခြင်းဖြစ်သည်။
ကျိအန်းနဉ် မတုံ့ပြန်နိုင်ဘဲ ကြက်သေသေနေမိသည်။ကောင်းကင်ပေါ်တွင် မီးခိုးများရှိနေသော်လည်း အဆောက်အဦးများက ပိတ်ကွယ်ထားသောကြောင့် အရင်းအမြစ်က မည်သည့်နေရာမှဆိုသည်ကို မပြောနိုင်ပေ။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် အသက်ကြီးကြီးအမျိုးသမီးတစ်ယောက် သူမဆီသို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သိကြသည်။
အသက်ကြီးကြီးအမျိုးသမီးက ကျိအန်းနဉ်၏ဘေးတွင်ရပ်ပြီး မေးလိုက်သည်။
“ဟေး မီးက ဘယ်မှာလောင်နေတာလဲ...”
ဘေးနားမှ အသက်ကြီးကြီးအမျိုးသမီး တစ်ယောက်ကပြန်ဖြေသည်။
“အဲ့ဒါ ချင်းဟွာဘက်ကလာတာ... တော်တော်လေးကြောက်စရာကောင်းတယ်...”
ကျိအန်းနဉ်၏ခြေလှမ်းများက ထိုအချိန်တွင် ခဏကြာအောင် ရပ်တန့်သွားသည်။ သူမ တုံ့ဆိုင်းနေပြီးမှမေးလိုက်သည်။
“အဒေါ် အဲဒါဘယ်နေရာလဲ သေချာမြင်ခဲ့လား..."
"ငါမြင်ရပြီ... မီးတောက်တွေ မြင်နေရတယ်... KFC နောက်က ထင်တယ်..."
KFC အနောက်မှာ… အဲဒါ ချင်းဟွာမိသားစု အဆောက်အဦးပဲ...
ကျိအန်းနဉ် ပြေးထွက်သွားသည်။
သက်ကြီးရွယ်အို အမျိုးသမီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ထဲက တစ်ယောက်က ပြောသည်။
“ဒါ…”
အခြားတစ်ယောက်က လည်းပြောသည်။
“ ဒီလောက်တောင် ကံဆိုးရလား...”
ကျိအန်းနဉ် အသည်းအသန်ပြေးသွားသည် ။
သူမ၏ နှလုံးသားက ရင်ဘတ်မှ ခုန်ထွက်လာတော့မည်ဟုခံစားနေရပြီး ပြင်းထန်သည့် မသက်မသာဖြစ်မှုနှင့် ကြောက်စိတ်တို့က သူမကို ဆုပ်ကိုင်ထားသလို ခံစားရသည်။ သူမ၏လည်ပင်းတစ်ဝိုက်ကို သံကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တင်းကြပ်နေသည့် ခံစားချက်တစ်ခုက သူမ၏ အဆုတ်ထဲသို့ အောက်ဆီဂျင်မရောက်ရှိအောင် တားဆီးကာ အသက်ရှူကျပ်လုနီးပါး ဖြစ်နေစေသည်။
Adrenalineများ တက်လာပြီး ကျိအန်းနဉ်၏ဘ၀တွင် ဤမျှမြန်မြန်မပြေးခဲ့ဖူးပေ။
သို့သော် အလွန်နောက်ကျသွားခဲ့သည်။
တတိယထပ်မှ မီးတောက်များနှင့် မီးခိုးများ ထူထပ်စွာ ထွက်ပေါ်လာသည်ကို သာမန်မျက်စိဖြင့် မြင်နိုင်သည်။ ၎င်းက ကျိအန်းနဉ်၏အိမ်ဖြစ်သည်။
ကျိအန်းနဉ် နှလုံးခုန်သံကို ထုတ်လွှတ်လိုက်ပြီး ရူးသွပ်သွားသလို အထဲကို ပြေးဝင်ကာ အခြားသူများကို အရူးအမူး တွန်းထုတ်လိုက်သည်။
ကြည့်ရှုသူများက ဖြစ်ပျက်နေသည်ကို သဘောပေါက်ပြီး သူမအတွက် လမ်းဖွင့်ပေးခဲ့သော်လည်း သူမသည် ရပ်တန့်နေဆဲဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာ၌ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့၊ ချင်းဟွာတက္ကသိုလ်မှ လုံခြုံရေးအဖွဲ့များပင် ရှိခဲ့သည်။ သူတို့က သူမကို တားပြီး နောက်ထပ်သွားခွင့်မပေးတော့ပေ။
"ကျွန်မအဖွား အထဲမှာရှိနေတယ်... အဖွားက အထဲမှာရှိနေတယ်..."
ကောင်မလေး၏ စူးစူးဝါးဝါးအော်သံက နားစည်တွင် စူးရှသွားသည်။
"ကျေးဇူးပြုပြီး အဖွားကို ကယ်ပေးပါ... ကျွန်မအဖွားကိုကယ်ပေးဖို့ တောင်းဆိုပါတယ်..."
အနီးနားရှိလူများက သူတို့နားများကို အလိုလို ဖုံးအုပ်ထားလိုက်ကြသည်။
နောက်ပိုင်းတွင် သူတို့ ထိုနေ့၏အဖြစ်အပျက်များကို အခြားသူများအား ပြန်ပြောပြပြီး မိန်းကလေးအကြောင်းပြောသောအခါတွင် အချိန်အတော်ကြာအောင် တွေးတောခဲ့ကြပြီး “ကြေကွဲဖွယ်ရာ” မှလွဲ၍ အခြားမည်သည့်နာမဝိသေသနကိုမှ မဖော်ထုတ်နိုင်ခဲ့ပေ။
“ကြေကွဲစရာပါ” ဟု ပြောသောအခါတွင် အလိုလို တုန်လှုပ်သွားကြသည်။
အဆောက်အဦးဟောင်းများ၏ အားသာချက်တစ်ခုမှာ ၎င်းတို့သည် အလွန်မမြင့်ပေ။ လှေခါးများ တပ်ဆင်ထားပြီး ဖိအားမြင့်ရေပိုက်များ ဖြန်းကာ မီးကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
မီးသတ်သမားများက အဆောက်အဦးအတွင်းသို့ ဝင်ရောက်ကာ အဖွား၏အလောင်းကို သယ်ဆောင်သွားခဲ့သည်။
အလောင်းကို အနက်ရောင်ကိုယ်ထည် အိတ်ထဲတွင် ထည့်ထားသဖြင့် မည်သူမှ မမြင်ရပေ။
ပထမတွင် ကျိအန်းနဉ်က သူတို့သယ်လာသည့်အိတ်အနက်က မည်သည့်အရာဖြစ်မှန်းပင် မသိလိုက်ပေ။
အခင်းဖြစ်ပွားသည့်အချိန်တွင် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဒါရိုက်တာရွှီက ကျောင်းမှာဖြစ်ပျက်နေကြောင်း သတင်းကြားသိရသဖြင့် အခြေအနေကို တာဝန်ယူရန် အမြန်ပြေးလာခဲ့သည်။ သူ မီးသတ်သမားများနှင့် ဦးစွာစကားပြောလိုက်သည်။
ကျိအန်းနဉ်က ဒါရိုက်တာရွှီကို တီးတိုးပြောပြနေသည့် မီးသတ်သမားများကို တွေ့သည့်အခါ သူမက အခြား မီးသတ်သမားကို ဆွဲခေါ်ပြီး မေးလိုက်သည်။
"ကျွန်မအဖွားကို တွေ့ခဲ့လား... အသက်ကြီးကြီးမိန်းမတစ်ယောက်ကို တွေ့လား...သူ အဆင်ပြေလား..."
ဒါရိုက်တာရွှီက စကားပြောပြီးနောက် ကျိအန်းနဉ်ကို ရှုပ်ထွေးပြီး ချီတုံချတုံဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"ရှောင်ကျိိ ရှောင်ကျိ ... ဒီကို ခဏလာပါဦး... ဆရာ စကားပြောပါရစေဦး…”
ဒါရိုက်တာရွှီက ကျိအန်းနဉ်ကို အထူးတလည် ညင်သာပြီး စိတ်သက်သာရာရစေသည့် လေသံနှင့်ခေါ်လိုက်သည်။
ကျိအန်းနဉ်က ထိတ်လန့်တကြား ပြေးသွားလိုက်သည်။
"ဒါရိုက်တာရွှီ ဒါရိုက်တာရွှီ ကျွန်မအဖွားကို တွေ့ခဲ့လား... သူ အဆင်ပြေလား..."
သူမ၏ နုနယ်သောမျက်နှာတွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမက ဒါရိုက်တာရွှီ၏လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သောကြောင့် နာကျင်သွားသည်။
ဒါရိုက်တာရွှီက လောကဓံများကို အမြဲတွေ့မြင်ခဲ့ပြီး သနားကြင်နာမှု သို့မဟုတ် စာနာမှုကို အလွယ်တကူပြသနိုင်သူ မဟုတ်သော်လည်း ယခုအချိန်တွင်မူ သူ့နှလုံးသားထဲ တုံ့ဆိုင်းသွားသည်ကို ခံစားလိုက်ရသည်။
သို့သော် သူက သတ္တိကို စုစည်းပြီး ပြောလိုက်သည်။
"ရှောင်ကျိ ဆရာ့စကားကို နားထောင်... ဘဝဆိုတာ အတက်အကျတွေနဲ့ ပြည့်နေတယ်…”
ထိုစကားတစ်ခွန်းကြောင့် ကျိအန်းနဉ်၏စိတ်က ဗလာဖြစ်သွားသည်။
" ငါတို့ ကြုံတွေ့ရမယ့်ကိစ္စတွေကို လက်သင့်ခံနိုင်ရမယ်..."
ဒါရိုက်တာရွှီက သူမကို ဆက်လက်နှစ်သိမ့်လိုက်သည်။
ထိုသို့သောအခြေအနေမျိုးတွင် မီးသတ်သမားများက ဒါရိုက်တာရွှီ အနီးအနားတစ်ဝိုက်တွင် နှစ်သိမ့်နေသည်ကို တွေ့သောအခါတွင် ၎င်းတို့ထဲမှ တစ်ဦးက “မစ္စ... သေဆုံးသူကို ကျေးဇူးပြုပြီး အတည်ပြုပေးနိုင်မလား” ဟု တိုက်ရိုက်ပြောခဲ့သည်။
သူ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ဘေးတွင် အနက်ရောင်အိတ်တစ်လုံး ရှိနေသည်။
ကျိအန်းနဉ် အေးခဲသွားသည်။
သူမရှေ့ကို ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည့်အခါ လဲကျလုနီးပါးဖြစ်သွားသည်။ ဒါရိုက်တာရွှီက သူမကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ပြီး သူမလက်မောင်းကို ကူတွဲကာ ထိုနေရာသို့ အတူတူလျှောက်လာသည်။
ထိုခြေလှမ်းအနည်းငယ်က ကျိအန်းနဉ်၏ခန္ဓာကိုယ်မှ ခွန်အားအားလုံးကို ဆုတ်ယုတ်သွားစေသည်။ သူမက အလောင်းကိုထုတ်ထားသည့်အိတ်မှ ခြေလှမ်းအနည်းငယ်အကွာတွင် မတ်တပ်ရပ်လိုက်ပြီး နောက်ထပ် ဆက်မလျှောက်ဝံ့တော့ပေ။
သူမခြေထောက်များက တုန်ယင်နေပြီး သွားများအချင်းချင်းရိုက်နေသည်။
မီးသတ်သမားက သက်ပြင်းချလိုက်ပြီး အလောင်းအိတ်၏ ထောင့်တစ်နေရာကို မြှောက်လိုက်သည်။
ကျိအန်းနဉ် အတွင်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
သူမ၏အမြင်အာရုံများက မည်းမှောင်လာပြီး မူးလဲသွားသည်...
ကျိအန်းနဉ် အိမ်မက်တစ်ခုမက်ခဲ့သည်။
ကြီးမားသော ချိန်ခွင်ကြီးတစ်ခုကို သူမတွေ့လိုက်ရသည်။
ကြီးမားသောလက်တစ်စုံက ဆန့်ထုတ်လာပြီး သူမကို ချိန်ခွင်တစ်ဖက်တွင် ညင်သာစွာ ချထားလိုက်သည်။
သူမ ချက်ချင်း အောက်ကို ပြုတ်ကျသွားသည်။
ကြီးမားသောလက်က တွေးတောနေသကဲ့သို့ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ရုတ်တရက် သူမခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်သည်။
လက်က သူခန္ဓာကိုယ်ကို ဖြတ်သွားသော်လည်း ထိုအချိန်တွင် ကျိအန်းနဉ်သည် သူမကိုယ်သူမ ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ လက်သည် သူမ၏ "အစိတ်အပိုင်း" တစ်ခုကို ယူဆောင်သွားပြီး သူမကို ပေါ့ပါးသွားစေသည်။
သို့သော် ကျိအန်းနဉ်က ဤ "အစိတ်အပိုင်း"က သူမအတွက် အလွန်အရေးကြီးသည်ကို နက်နက်နဲနဲ သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲမှုကို ခံစားနေရသောကြောင့်ဖြစ်သည်။
သူ စူးစူးရှရှဖြင့် “ဟင့်အင်း” ဟု အော်နေသော်လည်း ထိုလက်ကြီးက စိတ်ကျေနပ်နေဟန်ဖြင့် အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ချိန်ခွင်နှစ်ဖက်ကလည်း ပြန်ညီသွားသည်။
ကျိအန်းနဉ် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အဖြူရောင်မှလွဲ၍ မည်သည့်အရာကိုမှ မမြင်ရ၍ ဆေးရုံရောက်နေသည်ဟု တွေးလိုက်မိသည်။
သူမလက်ကို တစ်စုံတစ်ယောက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လူတစ်ယောက်က သူမကုတင်ဘေးတွင် လှဲနေသည်။ သူမ၏ အနည်းငယ်လှုပ်ရှားမှုကြောင့် ထိုလူ ရုတ်တရက် နိုးလာသည်။
“သတိရပြီလား...”
ကျိအန်းနဉ် ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ထိုလူက ဝမ်ယွီဖြစ်နေသည်။
သူ၏မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးများနီရဲနေကာမနေ့ကပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။
၎င်းက သူမ ရလိုက်သည့်အရာဖြစ်သည်။
ကံကြမ္မာက သူမကို များစွာ မပိုင်ဆိုင်စေချင်သောကြောင့်သူမအဖွားကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ဝမ်ယွီကို ကြည့်ရင်း ကျိအန်းနဉ်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။ သူမ စကားပြောရန် ကြိုးစားသော်လည်း အသံမထွက်ဘဲ စကားမပြောနိုင်ဖြစ်နေသည်။
"မင်း ဘာပြောနေတာလဲ... ဘာလိုချင်လို့လဲ..."
ဝမ်ယွီက သူမစကားကို ပိုမိုရှင်းလင်းစွာ ကြားနိုင်ရန် ကြိုးစားရင်း အနီးနားသို့ တိုးကပ်လာခဲ့သည်။
သို့သော်လည်း ကျိအန်းနဉ်က "အာ အာ" ဟူသော အသံများသာ ထွက်လာနိုင်ပြီး အသံထွက်က နားလည်ရခက်နေသည်။
စကားမပြောနိုင်သောကြောင့် သူမ ပါးစပ်ကိုပိတ်ကာ တိတ်တိတ်လေး ငိုလိုက်သည်။
“Aphasia - ပြင်းထန်တဲ့ ထိတ်လန့်မှုကြောင့် စကားပြောနိုင်စွမ်း ခေတ္တဆုံးရှုံးသွားတာပါ...”
ဆရာဝန်က သူမကိုလာတွေ့ပြီး ၀မ်ယွီကိုပြောလိုက်သည်။
ဝမ်ယွီ၏ မျက်လုံးများက နီရဲနေပြီး သူ၏အသံကကွဲအက််နေကာ မေးလိုက်သည်။
" ကျွန်တော်တို့ ဘာလုပ်သင့်လဲ... သူ ပြန်ကောင်းလာနိုင်မလား..."
“များသောအားဖြင့် လူတော်တော်များများကတော့ ပြန်ကောင်းလာပါတယ်... ဒါပေမဲ့ တချို့ကျတော့လည်း ပြန်မကောင်းလာတတ်ကြတော့ဘူး... အခြားနည်းလမ်းလည်း မရှိဘူး... သူက အရမ်းစိတ်ထိခိုက်ခဲ့တာဆိုတော့ အနားယူပြီး စိတ်ချမ်းချမ်းသာသာဖြစ်အောင်နေဖို့လိုတယ်..."
ဆရာဝန်က ပြန်ဖြေသည်။
သူတို့က ကျိအန်းနဉ် မသိအောင်ပြောနေ၍ ဆေးရုံအခန်းအပြင်ဘက်တွင်ရှိနေပြီး ခဏအကြာတွင် ဆရာဝန်ကထွက်သွားသည်။
ဝမ်ယွီက စင်္ကြံတွင် မငြိမ်မသက်ဖြစ်နေကာ စီးကရက်တစ်လိပ်ကို မီးညှိ၍ နှစ်ရှိုက်ဖွာလိုက်သည်။ သူက ချက်ချင်းပင် သူနာပြုတစ်ယောက်၏ ဆူပူခြင်းကိုခံလိုက်ရသည်။
“မင်းဘာလုပ်နေတာလဲ... မီးငြှိမ်းလိုက် ဒီမှာ ဆေးလိပ်သောက်လို့ မရဘူး...”
ဝမ်ယွီ စီးကရက်ကို မီးငြှိမ်းသတ်လိုက်ပြီးနောက် ဖုန်းမြည်လာသည်။
“ဝမ်ယွီ၊ ငါပါ၊ ဒါရိုက်တာရွှီ...ရှောင်ကျိိ ဘယ်လိုနေသေးလဲ...”
တစ်ဖက်က အသံကပြောလာသည်။
“သူ သတိရလာပြီ...”
ဝမ်ယွီက ပြန်ဖြေသည်။
“ တော်သေးတာပေါ့... သူ ရုတ်တရက် သတိလစ်သွားတော့ ငါ လန့်သွားတာပဲ...”
ထိုအချိန်တွင် ၀မ်ယွီမရှိနေခဲ့သော်လည်း ဒါရိုက်တာရွှီ၏ ပြောကြားချက်ကို ကြားလိုက်ရသဖြင့် သူ့နှလုံးသားကို နာကျင်စေခဲ့သည်။
ဒါရိုက်တာရွှီက ကျိအန်းနဉ်အကြောင်းကို မေးရုံသာမဟုတ်ဘဲ အချက်အလက်အသစ်များပါ ယူဆောင်လာပေးခဲ့သည်။
“ အခင်းဖြစ်နေရာမှာ မီးလောင်ရတဲ့ အကြောင်းရင်းကို မီးသတ်ဌာနက စုံစမ်းနေတယ်... မီးက ဧည့်ခန်းမှာ စလောင်တာ ဆိုတော့ မီးခြစ်ကဖြစ်ပုံရတယ်... အဖွားမှာက dementia ရှိလို့ ဆိုဖာကို မတော်တဆ မီးလောင်သွားအောင် လုပ်မိတာ ဖြစ်နိုင်တယ်...”
( Dementia ဆိုတာ တွေးခေါ်မှု၊ မှတ်မိခြင်း ၊ ဆင်ခြင်ခြင်းတွေက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်နိုင်တဲ့အတိုင်းအတာအထိ လုပ်ဆောင်နိုင်စွမ်း ဆုံးရှုံးတာမျိုးပါ ၊ လွယ်လွယ်ပြောရရင် ဘယ်ကိစ္စကိုမှ မစဉ်းစားတတ်တော့တာမျိုးပေါ့နော်၊ ဥပမာ လက်ကိုဓားနဲ့ထိုးရင်တောင် နာတယ်ဆိုတာကို မသိတော့တာမျိုး )
ဝမ်ယွီ၏ခန္ဓာကိုယ်က အေးခဲသွားပြီး စက္ကန့်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
သူ စကားထပ်ပြောသောအခါတွင် သူ၏တုန်လှုပ်နေသည့်အသံကိုပင် ကြားနေရသည်။
"မီး... မီးခြစ်လား... ဘယ်လိုမျိုးမီးခြစ်လဲ…”
သူ့စိတ်အတွင်း၌ နားမလည်နိုင်သော ကြောက်ရွံ့မှုတစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး ၎င်းကို ဖိနှိပ်ရန် ကြိုးပမ်းလိုက်သည်။
"အဲဒါက... တစ်ခါသုံးပစ္စည်းလား"
သူ မေးလိုက်သည်။
"မဟုတ်ဘူး... ဒါက သတ္တုနဲ့လုပ်ထားတာ မီးလောင်လို့ မည်းသွားပေမယ့် ငွေရောင်ဖြစ်နိုင်ချေရှိတယ်လို့ ပြောတယ်..."
မမြင်နိုင်သောလက်တစ်ဖက်က သူ့နှလုံးသားကို အပြင်းအထန် ဆုပ်ကိုင်လိုက်သကဲ့သို့ ဝမ်ယွီ ခံစားလိုက်ရသည်။
သူ့ခေါင်းက မူးလဲသွားတော့မတတ်ဖြစ်ပြီး ပေါ့ပါးသွားသည်။
သူ့အိတ်ကပ်ထဲကို အလိုလို စမ်းကြည့်လိုက်သည့်အခါ တစ်ခါသုံး မီးခြစ်တစ်လုံးကိုသာ ရှာတွေ့ခဲ့သည်။ လွန်ခဲ့သော တစ်နာရီခန့်က ကျိအန်းနဉ် သတိလစ်နေစဉ်တွင် သူစီးကရက်သွားဝယ်ချိန်၌ သူ၏ ငွေရောင်Dupontမီးခြစ်ကို ရှာမတွေ့သောကြောင့် တစ်ခါသုံးမီးခြစ်တစ်လုံး ဝယ်ခဲ့သေးသည်။
ဖုန်းခေါ်ဆိုမှု မည်သို့ပြီးဆုံးသွားသည်ကိုပင် ဝမ်ယွီမသိ တော့ပေ။
ဆေးရုံခန်းထဲကို ပြန်ဝင်လာသည့်အခါ သူ့ခြေထောက်များကို ခဲနှင့်ပြုလုပ်ထားသလို ခံစားလိုက်ရသည်။
ကျိအန်းနဉ်က ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ကင်းမဲ့နေသလိုပင် မျက်နှာကျက်ကို စိုက်ကြည့်နေသည်။ သူမက သူနှင့် မိုင်ပေါင်းများစွာ ဝေးကွာနေပုံရသည်။
သူမ မီးဖိုချောင်တံခါးတွင် သံသော့ခတ်ထားသည်ကို သူ မြင်ခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သူ မေးခဲ့ဖူးသည်။
ယခင်က သူမအဖွားမှာ မီးဖိုချောင်ကို မီးလောင်အောင်ပြုလုပ်ခဲ့ဖူး၍ သတိထားနေရခြင်းဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။
သို့သော် ထိုစကားများကို သူ သတိမထားမိပေ။ သူက သူမအဖွားနှင့် အချိန်များစွာ မကုန်ဆုံးခဲ့ရ၍ မီးလောင်ရန် ဖြစ်နိုင်ချေရှိသော အရင်းအမြစ်အားလုံးကို သူမလက်လှမ်းမီသည့်နေရာမှ စေ့စေ့စပ်စပ် မဖယ်ရှားခဲ့မိပေ။
သူ့မီးခြစ်က ကျိအန်းနဉ်၏အိမ်တွင် ကျန်ခဲ့လိမ့်မည်ဟု သူ မထင်ထားမိပေ။
ယမန်နေ့တွင် ဝမ်ယွီက သူ့ဘဝ၏ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရပြီဟု ထင်ခဲ့သည်။
ယနေ့ အခက်ခဲဆုံးအချိန်များ ပြီးဆုံးသွားသည့်အခါ ပိုမိုခက်ခဲမှုများ ရှိလာနိုင်ပြီး ပိုနက်ရှိုင်းသည့်အရာများ ရှိလာမည်ဟု သဘောပေါက်ခဲ့သည်။
ကျိအန်းနဉ်၏ ခုတင်ဘေးသို့ရောက်လာချိန်တွင် သူ့အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျိအန်းနဉ်က သူ့ကို ကြည့်မနေဘဲ အသက်မဲ့နေသော မျက်လုံးများဖြင့် သာမျက်နှာကျက်ကို စိုက်ကြည့်နေသည်။
တစ်ချိန်က သူမသည် ဘဝ၏အခက်အခဲများကြားမှ ခံနိုင်ရည်ရှိမှု၊ အားမာန်၊ စိတ်အားထက်သန်မှုတို့ဖြင့် တက်ကြွလန်းဆန်းသော မိန်းကလေးတစ်ဦးဖြစ်ခဲ့သည်။
ယခု ထိုတက်ကြွမှုနှင့် စိတ်ဓာတ်များ ပျောက်ဆုံးသွားခဲ့သည်။ သူမအဖွားက သူမ၏အသက်ခွန်အားကို ယူဆောင်သွားလိုက်သလိုပင်။
ဝမ်ယွီ သူ့ကိုယ်သူ နာကျင်အောင် အပိုင်းပိုင်းဆုတ်ဖြဲလိုက်ချင်သည်။ သို့သော် ကျိအန်းနဉ်ကို ဤအခြေအနေတွင် မြင်လိုက်ရသည်နှင့် ထိုသို့မလုပ်နိုင်ကြောင်းသိလိုက်သည်။
ကျိအန်းနဉ်၏စိတ်အခြေအနေက အောက်ဆုံးသို့ရောက်နေသော်လည်း သူက စိတ်ဓာတ်မကျသင့်ပေ။
သူတို့နှစ်ဦးကြားတွင် အနည်းဆုံး တစ်ဦးကရပ်တည်နေသေးရန် လိုအပ်သည်။ သူတို့နှစ်ယောက်လုံး မပြိုလဲသွားနိုင်ပေ။
၀မ်ယွီ အသက်ပြင်းပြင်းရှူကာ လက်ကိုဆန့်ထုတ်ပြီး ကျိအန်းနဉ်၏နဖူးကို ညင်သာစွာတို့ထိကာ တိုးတိုးလေးပြောလိုက်သည်။
“ဆရာဝန်က ဘာမှ ကြီးကြီးမားမားမထိခိုက်ဘူးလို့ ပြောတယ်... မင်းအိမ်ပြန်ပြီး အနားယူဖို့ပဲလိုတယ်... ထနိုင်လား ဒါမှမဟုတ် ဒီမှာ နည်းနည်းကြာအောင် အိပ်ချင်လား..."
ကျိအန်းနဉ်က သူ့ကို အသက်မဲ့သည့်အကြည့်တစ်ချက် ပေးပြီး သူမ၏ ခန္ဓာကိုယ်ကိုထရန် ကြိုးစားခဲ့သည်။
၀မ်ယွီက သူမကို ထထိုင်စေပြီး ဖိနပ်စီးပေးကာ ကြမ်းပြင်ပေါ်တွင်ရပ်ရန် ကူညီပေးခဲ့သည်။
ကျိအန်းနဉ်၏ခြေထောက်များက ကြမ်းပြင်နှင့်ထိလိုက်သည်နှင့် အားနည်းလာပြီး လဲကျလုနီးပါးဖြစ်သွားသည်။
ဝမ်ယွီက သူမခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေကြောင်း သတိပြုမိသွားပြီး လမ်းလျှောက်ရန် သူမကိုကူညီလိုက်သည် ။
စိတ်ပိုင်းဖြတ်ထားမှုနှင့်အတူ ဝမ်ယွီက ကိုယ်ကိုငုံ့၍ သူမခြေထောက်များကိုမြှောက်ကာ အလျားလိုက် ပွေ့ချီလိုက်သည်။
"သွားကြစို့၊ ငါတို့အိမ်ပြန်ကြမယ်..."
###