🤚Chapter 82
ကျိအန်းနဉ်ကို ဝမ်ယွီက အိမ်ပြန်ခေါ်သွားလိုက်သည်။
ဤအိမ်က ၀မ််ကောအန်းနှင့် ချန်းလျန်တို့ နေထိုင်သည့်အိမ်မဟုတ်ဘဲ ဝမ်ယွီ၏ကိုယ်ပိုင်နေအိမ်ဖြစ်သည်။
အိမ်သည် မြို့လယ်တွင်တည်ရှိပြီး လူသိများသော ချမ်းသာသော အသိုက်အဝန်းတစ်ခုဖြစ်သည်။ ဝင်ပေါက်သို့ သီးသန့်ဓာတ်လှေကား၊ လက်ဗွေဖြင့်ရိုက်နှိပ်ဝင်ရောက်ခွင့် ထိန်းချုပ်မှု၊ အသံဖြင့် ထိန်းချုပ်သည့် မီးချောင်းများ ပါရှိသည်။ ဝမ်ယွီက “မီးဖွင့်ပါ” ဟု အော်လိုက်ရာ မီးမှိန်မှိန်မှတစ်ဆင့် လမ်းလျှောက်လာစဉ် မီးရောင်များ တဖြည်းဖြည်း လင်းလာသည်။
နေရာက အလွန်ကျယ်သည်။ ကျိအန်းနဉ်၏အိမ်တစ်ခုလုံးက သူ၏ အိပ်ခန်းလောက်ပင်မကျယ်ဟု ၀မ်ယွီ တစ်ခါကပြောဖူးသည်။
ဝမ်ယွီက အကြိမ်ပေါင်းများစွာ သူမကို သူနှင့်အတူ အိမ်ပြန်ရန် သွေးဆောင်ခဲ့သည်။ ကျိအန်းနဉ်က သူ့စိတ်ထဲတွင် ရှိသည့်အရာကို အတိအကျသိေနပြီး ခြင်္သေ့တွင်းသို့ ဆင်းမသွားရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။
ဝမ်ယွီ၏အိမ်ကို သူမ ယခုမှ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။
ဝမ်ယွီက သူမကို ကျယ်ဝန်းသော ခန်းမကျယ်ကြီးမှတစ်ဆင့် အိပ်ခန်းထဲသို့ သယ်ဆောင်ကာ ခုတင်ပေါ်တွင် တင်လိုက်သည်။
အခန်းက နွေးထွေးနေပြီး ကျိအန်းနဉ်ကလည်း နွေးနွေးထွေးထွေး ၀တ်ထားသည်။ ဝမ်ယွီက သူ၏ညအိပ်၀တ်အင်္ကျီတစ်ထည်ကို ပေးလိုက်သည်။
"အဝတ်အစားလဲပြီး ခဏလောက်အိပ်လိုက်..."
ကျိအန်းနဉ်က အဝတ်အစားများကို တဖြည်းဖြည်းချွတ်နေသည်မှာ မလှုပ်မရှားနိုင်တော့သည့် သက်ကြီးပိုင်းအရွယ်တစ်ယောက်နှင့် တူနေသည်။
ဝမ်ယွီက သူမကို တွန်းအား မပေးပေ။
သူ ယမန်နေ့ကနှင့် ယနေ့မနက် ဖြစ်ပျက်ခဲ့သည်များကို မကြုံတွေ့ခဲ့ပါက သူမ၏ လက်ရှိစိတ်အခြေအနေကို အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပေ။ ကံကြမ္မာ၏လှည့်စားမှုကြောင့် သူတို့နှစ်ယောက်လုံး၏ ချစ်ရသူများကို ဆုံးရှုံးသွားခဲ့၍ စိတ်အခြေအနေက ကသောင်းကနင်းဖြစ်နေသည်။
ယခုချိန်၌ သူမ ခံစားနေရသည်များကို သူ့ထက်ပို၍ မည်သူမှ နားလည်ပေးနိုင်မည် မဟုတ်ပေ။
လောကကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားပြီး သူမဝိညာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်သွား၍ တစ်ကိုယ်လုံး အားအင်မရှိတော့သည့်အတိုင်း ခံစားနေရသည်။
ဝမ်ယွီက သူမအင်္ကျီချွတ်နေသည်ကို ကူညီပေးလိုက်သည်။
သူမ၏ ဖြူဖွေးသောအသားအရည်က ထွက်ပေါ်လာသည့်အခါ အနည်းငယ်အေးစိမ့်မှုကြောင့် ကျိအန်းနဉ်က ကလေးတစ်ယောက်သဖွယ် ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး ခြေထောက်များကို လက်ဖြင့်ဖက်ထားလိုက်သည်။ ဝမ်ယွီက သူမကို ညဝတ်အင်္ကျီကူဝတ်ပေးနေလိုက်သည်။
ဝမ်ယွီ၏ ညဝတ်အင်္ကျီက သူမနှင့်ကြီးနေပြီး လက်ကလည်းရှည်နေသည်။ သူက သူမအဝတ်များကို အိပ်ရာခြေရင်းမှ ခုံအသေးလေးပေါ် တင်ပေးပြီး သူမခြေထောက်ကို စောင်ဖြင့်ခြုံပေးကာ မေးလိုက်သည်။
" တစ်ခုခု စားချင်လား..."
ကျိအန်းနဉ်၏ ခေါင်းက အနည်းငယ် လှုပ်သွားပြီး ခေါင်းခါယမ်းပြသည်။ သို့သော် သူမဗိုက်က အသံထွက်လာသည်။
၀မ်ယွီမေးလိုက်သည်။
“မင်း စကားပြောနိုင်လား...”
ကျိအန်းနဉ် မလှုပ်မယှက်နှင့် ငြိမ်သက်သွားသည်။
သူမက စကား မပြောနိုင်သလို ပြောလည်းမပြောချင်ပေ။
၀မ်ယွီ သက်ပြင်းချပြီးပြောလိုက်သည်။
"ခဏလောက် လှဲနေလိုက်နော်..."
ဝမ်ယွီ မီးဖိုခန်းသို့သွားလိုက်သည်။ သူ ဟင်းများစွာ မချက်တတ်သော်လည်း သူ့ထံတွင် စားစရာအချို့ရှိသည်။
သူသည် အသီးအနှံအရသာနှင့် cerealပန်းကန်လုံးတစ်လုံးကို ပြင်ဆင်ပြီး အအေးခံကာ ကျိအန်းနဉ်ထံ ယူဆောင်လာသည်။ ထို့နောက် သူမကို ခွံ့ကျွေးလိုက်သည်။
ကျိအန်းနဉ်၏ အကြည့်သည် ဗလာဖြစ်နေပြီး စားရန်အတွက် ပါးစပ်ကို တွန့်ဆုတ်စွာ ဟလိုက်သည်။ အနည်းငယ်စားပြီးနောက် သူမ၏ ပါးစပ်ကိုထပ်မဟတော့ပေ။ ပန်းကန်လုံးထဲတွင် တစ်ဝက်ထက်မနည်း ကျန်ရှိနေသေးသည်။
ဝမ်ယွီက ပန်းကန်ကို အိပ်ရာဘေး စားပွဲပေါ်တင်လိုက်ပြီး သူမ၏ပါးစပ်ကို သုတ်ရန် တစ်ရှူးတစ်စကို အသုံးပြုလိုက်သည်။ ထို့နောက် သူမ၏လက်ကို ငြိမ်သက်စွာဖြင့် အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားလိုက်သည်။
သို့သော် အချို့အရာများကို ရှောင်လွှဲ၍မရနိုင်ကြောင်း ၀မ်ယွီ သိထားနေပြီဖြစ်သည်။ မကြာမီ သို့မဟုတ် နောက်ပိုင်းတွင်လည်း ကျိအန်းနဥ် သိလာပေလိမ့်မည်ဖြစ်သည်။
"အန်းနဥ် ကိုယ်မင်းကို ပြောစရာရှိတယ်..."
ကျိအန်းနဉ်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူ ခက်ခက်ခဲခဲပြောလိုက်သည်။
"မီးလောင်ရတဲ့ အကြောင်းရင်းကို ရှာတွေ့ခဲ့တယ်... ကိုယ့်မီးခြစ်... မင်းအိမ်မှာ ကျန်ခဲ့တယ်…”
၀မ်ယွီက အံကြိတ်ပြီးပြောလိုက်သည်။
ကျိအန်းနဉ်က သူ့စကားများ၏ အဓိပ္ပါယ်ကို နားလည်ရန် အချိန်အတော်ကြာသွားသည်။
သူမလက်များ ရုတ်တရက် တင်းကျပ်လာကာ လက်သည်းများက ဝမ်ယွီ၏ အသားထဲသို့ စူးသွားသည်။ သူမသည် ဝမ်ယွီကို တည့်တည့်စိုက်ကြည့်နေပြီး သူမ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။
ဝမ်ယွီက သူမ၏မျက်လုံးများဖြင့် အကြည့်ချင်းမဆုံရဲပေ။
သူက နှုတ်ခမ်းကို ကိုက်ပြီးပြောလိုက်သည်။
"အန်းနဉ်၊ မင်း ကိုယ့်ကို ရိုက်နိုင်တယ်... ကိုယ့်ကို ကျိန်ဆဲလို့လည်းရတယ်..."
“မင်း…”
သူမအား စိုက်ကြည့်ပြီး သတ္တိကိုစုစည်းကာ တောင်းပန်လိုက်သည်။
“တစ်ခုခုပြောပါဦး...”
သို့သော် ကျိအန်းနဉ်က သူ့ကို မထရိုက်သလို ဘာမှမလုပ်ခဲ့ပေ။ သူမ၏လက်က ခွန်အားများ ဆုံးရှုံးသွားပြီး သူ့ကို လွှတ်ပေးလိုက်သည်။
သူမ လဲကျသွားပြီး သူမ၏ခန္ဓာကိုယ်ကို သန္ဓေသားအနေအထားကဲ့သို့ ကွေးလိုက်ကာ မျက်နှာကို အုပ်ပြီးငိုနေလေသည်။ သူမ စကားမပြောနိုင်ဘဲ သေလုမြောပါး ဖြစ် နေသည့်သတ္တဝါကဲ့သို့ ကြမ်းတမ်းခက်ထန်သော အသံများကိုသာ ပြုလုပ်နိုင်ခဲ့သည်။
ဝမ်ယွီ၏ နှလုံးသားက နာကျင်သွားသည်။ သူ ကျိအန်းနဉ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ တောင်းပန်လိုက်သည်။
"အန်းနဉ် အန်းနဥ်... တစ်ခုခုပြောပါဦး ကျေးဇူးပြုပြီး တစ်ခုခုပြောပါ..."
ကျိအန်းနဉ်က ကျယ်လောင်သော “အာ အာ” အသံများဖြင့်သာ တုံ့ပြန်ခဲ့ပြီး ငိုနေသောကြောင့်ခန္ဓာကိုယ်က တုန်နေသည်။
ကျိအန်းနဉ် တဖြည်းဖြည်းအိပ်ပျော်သွားပြီး ညလယ်တွင် နိုးလာသည်။
ဝမ်ယွီ၏ လက်မောင်းများက သူမကို ပွေ့ဖက်ထားဆဲဖြစ်ပြီး သူမ၏နောက်မှ သူ့အသက်ရှုသံက နက်နဲပြီး တည်ငြိမ်နေသည်။ သူ့အတွက်လည်း ပင်ပန်းသောနေ့တစ်နေ့ ဖြစ်ခဲ့သည်။
ကျိအန်းနဉ် အနည်းငယ် လှည့်ကြည့်လိုက်သောအခါသူ့မျက်နှာကို မြင်လိုက်ရသည်။ သူ့မျက်လုံးများက မှိတ်ထားနေပြီး မျက်ခုံးများ တွန့်နေကာ သူ့တွင် အမြဲတမ်းရှိနေသည့် ပေါ့ပေါ့ပါးပါးနှင့် ယုံကြည်မှုကင်းမဲ့သော အမူအရာများ ကင်းစင်နေသည် ။
ကျိအန်းနဉ်၏ မျက်လုံးများတွင် မျက်ရည်များဝဲလာသည်။
သူမ သူ့ကိုအပြစ်မတင်ကြောင်း အမှန်တကယ်ကိုပြောပြချင်ခဲ့သည်။
ဤသို့ဖြစ်လာရန် ကံကြမ္မာဖန်နေခြင်းသာ။ သူ့မီးခြစ်က ပြုတ်ကျခြင်း သို့မဟုတ် သူမက မီးလောင်စေနိုင်သည့် အရင်းအမြစ်တစ်ခုကို ချန်ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ဤကိစ္စတစ်ခုလုံးမှာ ကံကြမ္မာက ကြိုးကိုင်ထားသည့် သိမ်မွေ့သော အပြောင်းအလဲများကြောင့် ဖြစ်သည်။
ထိုအချိန်က သူ့စကားကို သူမနားထောင်ပြီး အဖွားကို ပြုစုစောင့်ရှောက်ရန်အတွက် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ပို့လိုက်ပါက ဤသို့ ဖြစ်လာစရာအကြောင်းမရှိပေ။
အဆုံးတွင်မူ ဝမ်ယွီကြောင့်မဟုတ်ဘဲ သူမကြောင့်သာ ဤသို့ဖြစ်သွားခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်က ဒီလောကထဲမှာ ဘယ်လိုများ ပြန်လည်မွေးဖွားနိုင်မှာလဲ...
သူမ ယခင်ဘဝတွင် မတရားစွာဖြင့်သေဆုံးသွားခဲ့သောကြောင့် သူမ၏ တွယ်တာမှုက ပြင်းထန်လွန်းသဖြင့် နောက်တစ်ကြိမ် ဤကမ္ဘာသို့ ပြန်ခွင့်ရစေခြင်းဖြစ်ပေမည်။
"ကောင်းကင်ဘုံတာအိုက ပျက်စီးတာတွေကို ပြုပြင်ပေးတယ်..."
သူမ၏ လောဘဇောကြောင့် သူမက မဖြစ်သင့်သော တည်ရှိမှုဖြစ်လာပြီး အဖွား၏အသက်ဓာတ်ကို ဖယ်ထုတ်ကာ ဤကမ္ဘာတွင် ဆက်လက်နေထိုင်ရန် အစားထိုးဝင်ရောက်လာခဲ့သည်။
ဒါတွေအားလုံးက ငါ့ကြောင့်ပဲ...
ကျိအန်းနဉ် ဝမ်ယွီ၏ ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ကုတင်ပေါ်မှဆင်းကာ ဖြည်းညှင်းစွာ ရွေ့လျားသွားလိုက်သည်။
ဤအိမ်သည် ကြီးလွန်းပြီး အိပ်ခန်းများ၊ အစုံအလင်ပါရှိသည်။ သူမသည် တံခါးကို မှားတွန်းမိပြီး သေးငယ်သော စာကြည့်ခန်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် ဒုတိယတံခါးကို ဖွင့်ကာ အပြင်ဘက် စင်္ကြန်ဆီသို့ ဦးတည်သွားခဲ့သည်။
ကျိအန်းနဉ်က သူမ ဧည့်ခန်းထဲရောက်နေသည်ကို သိသွားပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိရှိနေသောမှန်တံခါးကို တွန်းဖွင့်လိုက်သည်။ အအေးဓာတ်က ချက်ချင်း သူမကို လွှမ်းခြုံသွားသည်။ အပြင်သို့ခြေချလိုက်ပြီး ပူနွေးနေသည့်ကြမ်းပြင်၏ နွေးထွေးမှုမှ ထွက်ခွာလာချိန်တွင် လှေကားထစ်ကြမ်းပြင်က ရေခဲကဲ့သို့ ခံစားရသည်။ ကျိအန်းနဉ်၏ခြေချောင်းများက ၎င်းကို ထိမိသောအခါ သူမတုန်သွားပြီး ဆက်ဆင်းသွားသည်။
ကျိအန်းနဉ် တုန်တုန်ယင်ယင်နှင့် လက်ရန်းအပြင်ဘက်သို့ လှမ်းကြည့်နေစဉ် ဆောင်းနှောင်းပိုင်း၏အအေးဓာတ်က သူမ၏ ခြေထောက်ဗလာကို တွယ်ကပ်နေသည်။
ဝမ်ယွီက မြင့်မားသောအထပ်တွင် နေထိုင်သော်လည်း အထပ်မည်မျှရှိသည်ကို သူမ မသိပေ။
ခုန်ချလိုက်တာနဲ့ ဖြစ်ပျက်နေတဲ့ အားလုံးပြီးသွားလိမ့်မယ်...
အဖွားက ဒီမှာမရှိတော့ဘဲ ငါတစ်ယောက်တည်း ဖြစ်သွားပြီ... ငါ ရှိနေတာက ဘယ်လိုအဓိပ္ပါယ်ရှိဦးမှာလဲ...
ဝမ်ယွီလည်း သူမကို မလိုအပ်ပေ။
တကယ်တော့ အရင်ဘဝကသာ ငါ မရှိခဲ့ရင် သူလည်း ဘာပြဿနာမှ ကြုံရမှာမဟုတ်ဘူးလေ...
သူမ၏ယခင်ဘဝတွင်လည်း ဝမ်ယွီ၏ဘဝကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပြီး ဤဘဝတွင်လည်း အဖွား၏အသက်ဓာတ်ကို ယူခဲ့သည်။
ကျိအန်းနဉ်၏ ခြေလက်များကအားနည်းနေပြီး နောက်ဆုံးတွင် ကျောက်လက်ရန်းဆီသို့ လျှောက်သွားကာ ခြေထောက်ကိုမဆန့်မီ ခုန်ချရန် အကြိမ်ပေါင်းများစွာ တုံ့ဆိုင်းနေခဲ့သည်။
သူမ၏အရေပြားက အေးခဲနေသော ကျောက်တုံးကို ထိမိသွားပြီး နာကျင်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ကျိအန်းနဉ်က အမြင့်မှပြုတ်ကျသွားသည့်ခံစားချက်က မည်မျှအထိကြောက်စရာကောင်းသည်ကို သိသည်။ သူမ၏ အတိတ်ဘဝတွင်လည်း ကြုံခဲ့ဖူးသည်။
"အဖွား သမီးကိုစောင့်နေပါ..."
ကျိအန်းနဉ် မျက်လုံးများကိုမှိတ်ကာ ရှေ့သို့ကိုင်းညွတ်လိုက်သည်။
သို့သော် ထိုခဏတွင် သန်မာသော လက်မောင်းများက သူမကို ရစ်ပတ်လာပြီး မယုံနိုင်လောက်သည့် ခွန်အားများနှင့်နှင့်အတူ သူမကို ကျောက်လက်ရန်းမှ ဆွဲချသွားသည်။
"ကျိအန်းနဉ်... မင်းရူးနေလား..."
ဝမ်ယွီ၏ မျက်လုံးများ နီရဲနေသည်။
ဝမ်ယွီက ကျိအန်းနဉ်ကို နွေးထွေးသောဧည့်ခန်းထဲသို့ ပြန်ဆွဲခေါ်သွားပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိမှန်တံခါးကို ပိတ်ကာ အပြင်ဘက်မှ အေးစက်နေသော အအေးဓာတ်ကို ပိတ်ဆို့လိုက်သည်။ သူ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကျိအန်းနဉ်ကို သူ့လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားသည်။
ကျိအန်းနဉ်၏ ခန္ဓာကိုယ်က ရေခဲရေကဲ့သို့ဖြစ်နေပြီး သူမ၏လက်များနှင့် ခြေဖဝါးများကလည်း ရေခဲတုံးများကဲ့သို့ ဖြစ်နေသည်။ သူ့ရင်ခွင်ထဲတွင် သူမက အသက်ကင်းမဲ့စွာဖြင့် သူ့ကိုမှီထားလိုက်သည်။
ဝမ်ယွီ၏ နှလုံးသားထဲ လုံးဝကြေကွဲသွားသလို ခံစားလိုက်ရသည်။
ကျိအန်းနဉ်က သူ့ကို ရိုက်နှက်ခြင်း သို့မဟုတ် ကျိန်ဆဲခြင်းတို့ ပြုလုပ်ပါက ပိုကောင်းပေမည်။
ဒါပေမယ့် ဒီလိုမျိုးမဟုတ်ဘူးလေ... ဒီလိုမျိုး မဖြစ်ရဘူး...
သူမခြေထောက်များကို ထိလိုက်သည့်အခါ ၎င်းတို့က ရေခဲတုံးများကဲ့သို့ ဖြစ်နေသည်။ သူမက ညဝတ်ဂါဝန်ပါးပါးလေးသာ ၀တ်ထားပြီး အေးခဲနေသည့်လသာဆောင်တွင် မတ်တပ်ရပ်နေသည်။
ဖေဖော်ဝါရီလပဲ ရှိသေးတယ်လေ...
သူမ ခြေလက်များက ရေခဲရေအေးများကဲ့သို့ဖြစ်ပြီး တစ်ကိုယ်လုံး အေးခဲနေသည်။
ဝမ်ယွီက သူမအား အားစိုက်ထုတ်ကာပွေ့လိုက်ပြီး အိပ်ခန်းထဲရှိရေချိုးခန်းသို့ ခေါ်သွားကာ ရေပန်းအောက်သို့ တွန်းပို့လိုက်သည်။
သူ ခလုတ်ကိုဖွင့်လိုက်သည့်အခါ ရေနွေးများက စီးကျလာသည်။
ကျိအန်းနဉ်က အသံလည်းထွက်မလာသလို အော်လည်းမအော်နေခဲ့ပေ။ သူမ ခေါင်းကိုအုပ်ရန် လက်မြှောက်လိုက်သည်။
ဝမ်ယွီက သူ့အင်္ကျီနှင့် ဘောင်းဘီကို ဆုတ်ဖြဲကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူက ကျိအန်းနဉ်ကို ရေနွေးနွေးလေးထဲသို့ တွန်းပို့ပြီး သူမ၏ ညအိပ်ဝတ်အင်္ကျီကို ဆွဲချွတ်လိုက်သည်။
ကျိအန်းနဉ်က ထောင့်တွင်ကပ်ကာ သူမကိုယ်သူမ ပွေ့ဖက်ထားပြီး သူမျက်နှာပေါ်တွင်လည်း စိုစွတ်သောဆံပင်များကျနေကာ အားကိုးရာမဲ့ဖြစ်နေသည်။ ဆံပင်များကြားမှတစ်ဆင့် မြင်နေရသော သူမ၏မျက်လုံးများက မှုန်မှိုင်းပြီး အသက်မဲ့နေကာ ပြင်ပကမ္ဘာကို တုံ့ပြန်နိုင်စွမ်းမရှိပုံပေါ်သည်။
ဝမ်ယွီက လက်ကိုင်ရေချိုးခေါင်းကိုဖွင့်ကာ သူမကိုထောင့်စွန်းမှ ဆွဲထုတ်ပြီး သူ့ရင်ခွင်ထဲ သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်။ သူ အံကြိတ်ပြီးပြောလိုက်သည်။
“မင်း အခုမှ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... ကျိအန်းနဉ် မင်းရူးနေတာလား ပြော...”
သူက ရေနွေးပူပူကို သူမ ခေါင်းမှခြေဖျားအထိ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာသည်အထိ လောင်းချလိုက်သည်။သို့သော်လည်း သူမက စကားတစ်ခွန်းမှ မပြောပေ။
ရေချိုးခန်းထဲ ရေငွေ့များဖြင့်ပြည့်သွားသည်။
သူက ရေပန်းခေါင်းကို နောက်ပြန်ဆွဲလိုက်ပြီး(ပိတ်လိုက်ပြီး)ကျိအန်းနဉ်ကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားသည်။
"ကျိအန်းနဉ် ကျေးဇူးပြုပြီး တစ်ခုခုပြောပါ...ကျိအန်းနဉ် ကိုယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."
ကျိအန်းနဉ် မော့ကြည့်လိုက်သည့်အခါ သူမ မျက်တောင်များက တုန်ယင်သွားသည်။
သူမ တစ်ခုခုပြောချင်၍ ပါးစပ်ကိုဟလိုက်သော်လည်း နားမလည်နိုင်သော အသံဗလံနှင့် "အာ အာ" ဟူသော အသံများကိုသာ ထုတ်လွှတ်နိုင်လိုက်သည်။
"မင်းဘာပြောဖို့ ကြိုးစားနေတာလဲ... ဘာပြောချင်လဲ..."
ဝမ်ယွီက သူမမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ မေးလိုက်သည်။
"ကိုယ့်ကို ရိုက်လိုက်စမ်းပါ ကိုက်ဆွဲပစ်လိုက်ချင်လည်းရတယ်..."
သူက သူမလက်ကိုဆွဲ၍ သူ့ကိုယ်သူရိုက်ရန် ကြိုးစားရင်းပြောနေသည်။
“ဒီလို မဖြစ်နေပါနဲ့...အဖွားဆုံးသွားပြီဆိုပေမယ့် မင်းမှာကိုယ်ရှိသေးတယ်လေ..."
ကျိအန်းနဉ်က သူ့ကို ပြောချင်သည့်စကား များစွာရှိသော်လည်း စကားလုံးများကို ရှာမတွေ့ခဲ့ပေ။
ပြိုလဲလုဆဲဆဲဖြစ်နေသည့် ယောက်ျားကိုနမ်းရန် သူမခြေဖျားထောက် ရပ်နေရင်း သူမမျက်နှာပေါ်မျက်ရည်များ စီးကျလာသည်။
ဝမ်ယွီသည်လည်း မျက်ရည်ကျနေကာ ကျိအန်းနဉ်ကို သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။
ဤတိုတောင်းသော နှစ်ရက်တာအတွင်း ကံကြမ္မာက ဤလူငယ်နှစ်ဦးအား ထပ်ခါတလဲလဲ ဆော့ကစားရင်း သူတို့၏စိတ်အား ပင်ပန်းနွမ်းနယ်စေခဲ့သည်။
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသည်မှာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် နွေးထွေးစေသည်နှင့်မတူဘဲ တစ်ယောက်အသားကို တစ်ယောက် ကိုက်ခဲနေသည့် အလောင်းနှစ်ကောင်နှင့် ပိုတူနေသည်။
ဝမ်ယွီက တစ်ယောက်တည်း နေထိုင်သော်လည်း သူ့ထံတွင် အလွန်ကြီးမားသော အိပ်ရာတစ်ခု ရှိသည်။
နာကျင်နေသည့်အခိုက်အတန့်တွင် ကျိအန်းနဉ်က “အာ”ဟု တိုတိုလေးသာ ပြောပြီးနောက် တိတ်ဆိတ်သွားသည်။
ဝမ်ယွီသည်လည်း ပျော်ရွှင်မှုကို မတွေ့နိုင်ပေ။ သူ့တစ်ကိုယ်လုံးလည်း နာကျင်နေသည်။
သို့သော် သူတို့အချင်းချင်း တင်းကြပ်စွာ ထွေးပွေ့ထားဆဲဖြစ်သည်။
ဝမ်ယွီ၏ဖုန်းက အကြိမ်များစွာ မြည်သော်လည်း သူ ဖုန်းမကိုင်ပေ။
ကျိအန်းနဉ်၏ ဖုန်းသည်လည်း ရံဖန်ရံခါ အသံမြည်လာကာ သူမလည်း ဖြေကြားခြင်းမရှိပေ။
သူတို့က အရာအားလုံးကို လျစ်လျူရှုပြီး လောကကြီးနှင့် တသီးတခြားစီနေနေကာ မှောင်မိုက်နေသော အခန်းထဲတွင် နေ့ရောညပါ ချစ်တင်းနှောနေခဲ့ကြသည်။
ကြမ်းပြင်တွင် အသုံးပြုပြီးသား ကွန်ဒုံးများဖြင့် ရှုပ်ပွနေပြီး အခန်းက အိမ်၏လေဝင်လေထွက်စနစ်ကပင် မဖယ်ရှားနိုင်သည့် အနံ့စူးရှရှများရှိနေသည်။
ကျိအန်းနဉ် ရေငတ်သဖြင့် နိုးလာပြီး သူမမျက်လုံးများကို ဖွင့်လိုက်သည်။
သူမတစ်ကိုယ်လုံး ဝမ်ယွီ၏ ရင်ခွင်ထဲတွင် ရှိနေသေးသည်။ နှစ်ယောက်စလုံးက အ၀တ်ဗလာဖြင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။
ကျိအန်းနဉ် အိပ်ရာမှ ထချင်နေသည်။ ဝမ်ယွီ၏လက်က အနည်းငယ်ရွေ့လျားသွားပြီး သူမကို ပွေ့ဖက်ရန်ကြိုးစားသော်လည်း အားနည်း၍လွတ်ထွက်သွားသည်။
ဝမ်ယွီက အလင်းရောင်မှိန်မှိန်တွင်ထထိုင်ကာ ကျိအန်းနဉ် အိပ်ရာပေါ်မှ ဆင်းသွားသည်ကို ကြည့်နေသည်။ သူမက ကြမ်းပြင်ပေါ်မှ သူ၏အဝတ်တစ်ထည်ကို ကောက်ယူဝတ်ကာ ခြေဗလာဖြင့် ထွက်လာခဲ့သည်။
ဝမ်ယွီသူ့မျက်နှာကို ပွတ်သပ်ရင်း မောပန်းနွမ်းနယ်နေ၏။
ကျိအန်းနဉ် သောက်ရန်ရေအနည်းငယ်ကို ရှာတွေ့သွားပြီးနောက် ဖုန်းမြည်သံကိုလည်း ကြားလိုက်ရ၍ စစ်ဆေးကြည့်ရန် သူမ လျှောက်လာခဲ့လိုက်သည်။
ထမင်းစားပွဲပေါ်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်က စားသုံးခဲ့သည့် ဘူးခွံများဖြင့် မြင့်မားစွာ စုပုံထားပြီး ယခုအခါ အနံ့အသက်ဆိုးများ ထွက်လာသည်။
ကျိအန်းနဉ်နှင့် ၀မ်ယွီ၏ဖုန်းများက ဆိုဖာပေါ်တွင် ရှိနေသည်။ ဝမ်ယွီ၏ဖုန်းတွင် လွတ်သွားသော ဖုန်းခေါ်ဆိုမှုအများအပြားရှိခဲ့ပြီး ဘက်ထရီကုန်သွားကာ ပိတ်သွားခဲ့သည်။ ကျိအန်းနဉ်၏ဖုန်းတွင်မူ ဘက်ထရီ အနည်းငယ် ကျန်နေသေးသည်။
အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုကို သူမမြင်လိုက်ရသည်။ ၎င်းမှာမုန့်ရှင်းယွီ ဖြစ်သည်။ သူမ လမ်းလျှောက်လာချိန်တွင် ဖုန်းမြည်သံက ရုတ်တရက် ရပ်သွားပြီး ဖုန်းသံပြတ်တောက်သွားသည်။
မုန့်ရှင်းယွီ လက်လျှော့လိုက်ပြီဖြစ်သည်။
ကျိအန်းနဉ် ခေါင်းငုံ့ကြည့်လိုက်သည်။
ရုတ်တရက် သူမ၏ဖုန်းက notification တစ်ခု မြည်လာသည်။ မုန့်ရှင်းယွီက သူမကို မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
ကျိအန်းနဉ် သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး ဆိုဖာပေါ်တွင်မှီကာ မျက်နှာပြင်ကို လော့ခ်ဖွင့်လိုက်သည်။
[အန်းနဉ် နင်ဘယ်မှာလဲ]
[အဆင်ပြေရဲ့လား]
[ငါ ကျောင်းပြန်ရောက်တာနဲ့ ကိစ္စတွေကို သိခဲ့ရတယ် ယုံတောင်မယုံနိုင်ဘူး]
[နင် ၀မ်ယွီနဲ့ရှိနေတာလား]
[အားလုံးက နင်တို့ကို စိတ်ပူနေကြလို့ ကျေးဇူးပြုပြီး ဖုန်းပြန်ခေါ်လို့ရမလား]
...
###