အပိုင်း၈၃
Viewers 10k

🤚Chapter 83




လွန်ခဲ့သည့်ရက်အနည်းငယ်တွင် မုန့်ရှင်းယွီက  မက်ဆေ့ချ်များစွာကို ပေးပို့ခဲ့ပြီး ယခုအချိန်အထိ ကျိအန်းနဉ် အဆင်ပြေကြောင်း သေချာစေရန်အတွက် ဖုန်းပြန်ခေါ်ရန် တောင်းဆိုသည့် မက်ဆေ့ချ်တစ်ခုပင် ပေးပို့ခဲ့သည်။


သူမက စာသင်နှစ်အစ ရောက်နေကြောင်းကိုပြောခဲ့၍ ကျိအန်းနဥ် ရက်စွဲကို စိုက်ကြည့်သည့်အခါမှသာ မတ်လတစ် ရက်နေ့ ရောက်နေသည်ကို သဘောပေါက်သွားခဲ့သည်။ သူမနှင့် ဝမ်ယွီတို့က ဤအိမ်မှ ရက်ပေါင်းများစွာ မထွက်ခွာခဲ့ကြပေ။


မုန့်ရှင်းယွီက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေးပို့သောအခါတွင် သူမသည် ဖုန်းအား စိုက်ကြည့်နေခဲ့သည်။ ယခုတစ်ကြိမ်မှာ အသံမက်ဆေ့ချ်တစ်ခုဖြစ်သည်


ကျိအန်းနဉ် ဖွင့်ကြည့်လိုက်သည့်အခါ မုန့်ရှင်းယွီ၏အသံကို ကြားလိုက်ရသည်။


"အန်းနဉ် ငါနင့်ကို တစ်ခုပြောစရာရှိလို့... ငါ့အမေ... ဆုံးသွားပြီ..."


ကျိအန်းနဉ် ရုတ်တရက် မျက်လုံးပြူးသွားသည်။


မုန့်ရှင်းယွီ၏ အသံက ဆက်ပြောနေသည်။


 “ဒီနွေဦး‌မှာပဲ ဆုံးသွားတာ...”


အသံမက်ဆေ့ချ် မပြီးဆုံးမီတွင် သူမဖုန်းက ဘက်ထရီကုန်သွားပြီး အလိုအလျောက်ပိတ်သွားကြောင်း ပြသသော အသံနှစ်သံထွက်လာသည်။


ကျိအန်းနဉ်က သူမအိတ်ကို အလျင်စလိုလိုက်ရှာနေရင်း အားသွင်းကြိုးကိုတွေ့သွားခဲ့ပြီး အားသွင်းရန် ပလပ်ထိုးလိုက်သည်။ ဖုန်းပြန်မဖွင့်မီတွင် သူမ ခဏစောင့်နေလေသည်။


သူမက အသံမက်ဆေ့ခ်ျကို ထပ်ဖွင့်ကာ မုန့်ရှင်းယွီ၏အသံကို တစ်ကြိမ်ထပ်မနည်းနားထောင်လိုက်သည်။


"အန်းနဉ် ငါနင့်ကို ပြောစရာတစ်ခုရှိလို့ ငါ့အမေ...ဆုံးသွားပြီ..." 


မုန့်ရှင်းယွီ၏အသံက တိုးညှင်းနေကာ တက်တက်ကြွကြွမရှိပေ။


"ဒီနွေဦးပွဲတော်မှာတင် ဆုံးသွားတာ ...ငါအစက အတန်းဖော်တွေကို မပြောပြချင်ခဲ့သေးဘူး... ဘာလို့များ အခြားသူတွေကို ဒီကိစ္စ လိုက်ပြောနေရမှာလဲ... ဘာလို့များ ငါ့ရဲ့ပူဆွေးမှုကြောင့် အခြားသူတွေကို ‌ပူပန်စေရမှာလဲ..."


"ငါကျောင်းကို ပြန်ရောက်ရောက်ချင်း နင့်အကြောင်းကို သိလိုက်ရမယ်လို့ မထင်ထားဘူး... ငါ  ငါ တကယ်ကို အံဩသွားတာ... ဒီနှစ်က ဘာဖြစ်နေတာလဲ... ငါတို့ဘာလို့ ဒါတွေကို ဖြတ်ကျော်နေရဦးမှာလဲ " 


သူမအသံက တစ်ဖြည်းဖြည်း နှာသံပေါက်လာသည်။


သူမက ဆက်ပြောလာသည်။


 "အခု နင်ဘယ်လိုမျိုးခံစားနေရလဲ ငါနားလည်ပါတယ်...  နင် တခြားသူတွေကို မမြင်ချင်သလိုစကားလည်းမပြောချင်လောက်ဘူး ဟုတ်တယ်မလား... ငါလည်း အတူတူပဲ ခံစားရတယ်..."


"ဒါပေမဲ့ ငါ့အဖေက ခွင့်မပြုဘူးလေ... ငါ့အမေလည်းငါ ဒီလိုဖြစ်နေတာကို မြင်ချင်မှာ မဟုတ်ဘူး...  သူဆုံးသွားတဲ့အချိန်မှာ ငါတို့အတူတူရှိနေခဲ့ကြတာ... နင်သိလား သူ နေမကောင်းဖြစ်နေတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ ငါတို့က အဲ့ဒါအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့တယ်...  နောက်ဆုံးအချိန်မှာလည်း... ငါတို့အာလုံး သူနဲ့အတူတူရှိနေပေးခဲ့တယ်..."


"သူ့နောက်ဆုံးအချိန်မှာ သူမက ငါ့လက်ကိုပဲ သေချာဆုပ်ကိုင်ထားခဲ့ပြီး ငါ့ကို  'ကောင်းကောင်းမွန်မွန်နေသွား'  'သမီး ကောင်းကောင်းမွန်မွန်နေသွားရမယ်'လို့ ပြောခဲ့တယ်..."


"အန်းနဉ်... နင့်အဖွားလည်း ငါ့အမေလိုမျိုး နင်ကောင်းကောင်းနေ‌ဖို့ မျှော်လင့်မယ်လို့ ငါပြောရဲတယ်... မြန်မြန်ပြန်လာနော် ကျောင်းစဖွင့်တော့မယ်... ကျောင်းကိုပြန်လာခဲ့တော့ ကျောင်းမသွားရင် နင်ဘာလုပ်လို့ရမှာတဲ့လဲ နင့်မှာ နင့်ကိုယ်ပိုင်ဘဝရှိသေးတယ်လေ..."


မုန့်ရှင်းယွီက ငိုခဲ့ပြီးပြောလာသည်။


"ကျေးဇူးပြုပြီး ငါ့ကို ဖုန်းပြန်ခေါ်ပေးပါ..."


"ဖုန်းဆက်ပါဦး..."


ကျိအန်းနဥ်၏မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။


သူမ၏ လက်များတုန်တုန်ယင်ယင်ဖြင့်မုန့်ရှင်းယွီ၏နံပါတ်ကိုခေါ်ဆိုလိုက်သည်။ မုန့်ရှင်းယွီ ဖုန်းမဖြေမီ တစ်ကြိမ်သာ အသံထွက်လာသည်။


"အန်းနဥ် အန်းနဉ်..." 


သူမက မကြာသေးမီက ငိုထားသည့် အရိပ်အယောင်များ ရှိနေသေးသည်။


"နင်ဘယ်မှာလဲ အဆင်ပြေရဲ့လား...  အန်းနဉ် ကျေးဇူးပြုပြီး စကားပြန်ပြောပါဦး..."


ကျိအန်းနဥ်က ပါးစပ်ဟပြီး ပြောလာသည်။

 “အာ…အာ…”


လည်ချောင်းနာသည်ဟု ခံစားမိသော်လည်း သူမခွန်အားကို စုဆောင်းကာပြောနိုင်ခဲ့သည်။


 "အာ... ယွီ... ရှင်း  ယွီ..." 


နောက်ဆုံးတွင် သူမ စကားပြောနိုင်သွားသည်။


မုန့်ရှင်းယွီ ချက်ခြင်းငိုတော့သည်။


 "ဘယ်တော့ပြန်လာမှာလဲ..."


“ငါ…” 


ကျိအန်းနဥ်၏ အသံက အက်ရှနေဆဲဖြစ်သည်။


“ငါ မသိသေးဘူး…”


မုန့်ရှင်းယွီက လန့်သွားပြီး မေးလာသည်။


 "နင် ဝမ်ယွီနဲ့ရှိနေတာလား..."


ကျိအန်းနဉ်က အက်ရှရှဖြင့် ပြန်ဖြေလာသည်။


"ဟုတ်တယ်..."


မုန့်ရှင်းယွီ စိတ်သက်သာရာရသွားပြီး တစ်ရှူးတစ်ရှူးကိုယူရင်း သူမ၏နှာခေါင်းကိုသုတ်ကာ ပြောလာသည်။


"ကောင်းတာပေါ့  သူက နင့်ကို ဂရုစိုက်ပေးနိုင်ရဲ့လား... ကောင်းကောင်းအနားယူပြီး ကိုယ့်ကိုကိုယ် အသားကျဖို့ အချိန်နည်းနည်းယူလိုက်ဦး... နင့်ရဲ့ကျောင်းစာတွေအတွက် စိတ်မပူပါနဲ့ နင်ပြန်လာတဲ့အခါ ငါနင့်ကိုပြန်မှီအောင်ကူညီပေးမယ်... "


ကျိအန်းနဉ် အသက်ပြင်းပြင်းရှူ၍ မုန့်ရှင်းယွီ၏ နာမည်ကို ခေါ်ကာ ပြောလိုက်သည်။


"ငါ နင့်မှာ ဖြစ်ခဲ့တာတွေအတွက် စိတ်မကောင်းပါဘူး..."


"အင်းပါ ငါလည်း နင့်မှာ ဖြစ်ခဲ့တာတွေအတွက် စိတ်မကောင်းပါဘူး..."


မုန့်ရှင်းယွီက နူးနူးညံ့ညံ့ဖြင့် ကျိအန်းနဉ်အား ပြောလာသည်။


ကျိအန်းနဥ် ဖုန်းကိုချကာ ခဏထိုင်ပြီးနောက် ရုတ်တရက် ထရပ်ကာ အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။


ဝမ်ယွီက ဘောင်းဘီတစ်ထည်ကို ၀တ်ထားပြီး ရင်ဘတ်ဗလာဖြင့် ကုတင်ခြေရင်းတွင် ဆေးလိပ်သောက်နေခဲ့သည်။


နံရံကပ်မီးအိမ်က အခန်းထဲတွင် ပျော့ပျောင်းဖျော့ဖျော့နှင့် မှိန်မှိန်လေး လင်းနေသည်။


သူ  တံတောင်ဆစ်များဖြင့် ဒူးပေါ်ထောက်ထားပြီး အသံ ကြားသည့်အခါ သူမကို မော့ကြည့်လိုက်သည်။


သူ့မျက်နှာတွင် မုတ်ဆိတ်မွေးအချို့ဖြင့် ဖုံးလွှမ်းနေပြီးမျက်လုံးများက သွေးရောင်လွှမ်းနေကာ မျက်လုံးအောက်တွင် မျက်တွင်းများချိုင့်ဝင်နေသည်။ သူ့ခန္ဓာကိုယ်က အချိန်မရွေး ပြိုလဲသွားတော့မည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။


သူက အသက်ကင်းမဲ့စွာဖြင့် သူမကို စိုက်ကြည့်နေသည်မှာ အတိတ်ဘဝတွင် အကျဉ်းခန်းထဲ၌ သေဒဏ်ပေးခံရရန်စောင့်ဆိုင်းနေချိန်နှင့် သေဆုံးချိန်အထိ နေ့ရက်များကို ရေတွက်သလိုပင်ဖြစ်သည်။


ကျိအန်းနဥ်ထိတ်လန့်တုန်လှုပ်သွားသည်။


ငါတို့ ဘာတွေလုပ်နေတာလဲ... ငါတို့နှစ်ယောက် အတူတူ ဘာတွေလုပ်ခဲ့ကြတာလဲ...


နစ်မြုပ်ပြီး အတူတူ ပျက်စီးကြမလို့လား... အတိတ်ဘဝတုန်းကလိုပဲလေ...


ဘာရည်ရွယ်ချက်နဲ့ ငါ ပြန်မွေးဖွားခဲ့တာလဲ...


အဖွားက သေဆုံးပြီးတဲ့နောင်ဘဝမှာငါတို့ကို ဒီလိုမြင်ချင်မှာလား...


“ထတော့”


ကျိအန်းနဥ် မျက်ရည်များသုတ်ပြီး ဝမ်ယွီခေါင်းကို ဖက်ထားလိုက်သည်။


"အိပ်ရာက ထလို့... "


ဝမ်ယွီ အံ့သြသွားသည်။ 


"မင်း...အခုစကားပြောလို့ရပြီလား..."


ကျိအန်းနဉ် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး  အသံအက်ရှရှဖြင့် ပြန်ပြောသည်။


"ထဖို့ အချိန်တန်ပြီ..."


ဝမ်ယွီ စိတ်ရှုပ်သွားသည်။ 


"ဘာအတွက်လဲ... "


ကျိအန်းနဉ်က ဖြေသည်။


 "ဒီနေရာက ထွက်သွားဖို့..."


ကျိအန်းနဉ်က ပြင်သစ်ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး မှောင်မည်းနေသော ကန့်လန့်ကာကို အမြန်ဆွဲဖွင့်လိုက်သည်။ ပြင်းထန်သော နေရောင်ခြည်က အပြင်ဘက်မှတစ်ဆင့် စိမ့်ဝင်လာကာ အခန်း၏ ရှုပ်ထွေးနေသော အခြေအနေကို ချက်ချင်း ထုတ်ဖော်ပြသလိုက်သည်။


ကျိအန်းနဥ် မြို့ပြင်ကို ငေးကြည့်နေသည်။ သူမ ဤနေရာတွင် တစ်ကြိမ်သေခဲ့ပြီးမှ ပြန်လည်မွေးဖွားခဲ့သည်။


ဤသို့ ပြန်လည်မွေးဖွားလာရခြင်းကြောင့် ချစ်ရသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်။


သူမ သောကများကြား နစ်မြုပ်ရန်မဟုတ်ဘဲ ပိုမိုကောင်းမွန်သောဘဝဖြင့် နေထိုင်ကာ ပိုမိုကောင်းမွန်သောလူတစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။


အဖွားက အဲဒါကို မျှော်လင့်ခဲ့တာပဲ မဟုတ်လား...


ဝမ်ယွီ၏ မျက်လုံးများ ပြူးသွားပြီး အလင်းရောင်မှ မျက်လုံးများကို ကာရန် လက်မြှောက်လိုက်သည်။ သူ့မျက်လုံးများက ကျင့်သားရလာသည်နှင့် လက်ပြန်ချပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။


ကျိအန်းနဉ်က  ဝမ်ယွီ၏ တီရှပ်တစ်ထည်ကို ၀တ်ဆင်ထားပြီး အလင်းထဲတွင် ရပ်နေကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်လွင်စေသည်။


အရမ်း နူးညံ့လွန်းတယ်...


သို့သော် အလင်းရောင်ထဲတွင် ရပ်နေသည့် သူက ယခင်ပုံစံအဟောင်းကို သုတ်သင်ပြီး ဝိညာဉ်အသွင်ပြောင်းသွားပုံရသည်။


သူမ လှည့်ကြည့်လိုက်ပြီး ဝမ်ယွီထံသို့ လက်ကမ်းလိုက်သည်။


ဝမ်ယွီကိုလည်း သူမ ဆွဲထူလိုက်သည်။


ဝမ်ယွီနှင့် ကျိအန်းနဉ်တို့ ကားဂိုဒေါင်မှ မောင်းထွက်လာစဉ် သူတို့နှစ်ဦးက မတူညီသောကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။


ဝမ်ယွီက ကျိအန်းနဉ်ကို နာရေးကူညီမှုအသင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျိအန်းနဥ် အရှေ့စားပွဲသို့ ချဉ်းကပ်လာသည်နှင့်ဝန်ထမ်းများက လှမ်းကြည့်သည်။


 "မင်္ဂလာပါ..."


ဝမ်ယွီက ကျိအန်းနဥ်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။


"မင်္ဂလာပါ..." 


ကျိအန်းနဥ်က တိုးတိုးလေးပြောသည်။


"ကျွန်မ မိသားစုဝင်တစ်ယောက်ကို ခေါ်ဖို့လာတာပါ..."


အဖွား၏ရုပ်ကြွင်းများက ကျိအန်းနဥ်ရောက်လာမည့် နာရေးကူညီမှုအသင်းတွင် ရှိနေသည်။


သူတို့တွင် မိသားစု သို့မဟုတ် မိတ်ဆွေများ မရှိသောကြောင့် တရားဝင် အသုဘချရန် မလိုအပ်ပေ။ ဝမ်ယွီက ကျိအန်းနဉ် သူမအဖွား၏ နောက်ဆုံးအစီအစဥ်များကို ဂရုစိုက်ကာ မီးသဂြိုလ်ရန်စီစဉ်နေစဉ် ကျိအန်းနဉ်နှင့်အတူ ရှိနေခဲ့သည်။


ထို့နောက် ကျိအန်းနဉ်က ဝမ်ယွီနှင့်အတူ ဝမ်ကောအန်းကို တွေ့ဆုံရန် လိုက်လာခဲ့သည်။


ဝမ်ယွီက သူမကို အပြင်မှာစောင့်ခိုင်းသည့်အခါ ကျိအန်းနဉ်က ခေါင်းညိတ်လိုက်သည်။


ဝမ်ယွီက အစည်းအဝေးခန်းရှေ့တွင် စက္ကန့်အနည်းငယ်ကြာအောင်ရပ်နေပြီးမှ တံခါးကိုတွန်းဖွင့်လိုက်သည်။


ဝမ်ကောအန်းက သူ့ကို စောင့်ဆိုင်းနေပြီး မျက်လုံးများကို မော့ကြည့်လိုက်သည်။


သူ့အဖေအိုကြီးကို ပြန်ပြီးရင်ဆိုင်ရသည့်အခါ ဝမ်ယွီက သူ့ခန္ဓာကိုယ် တောင့်တင်းသွားသလို ခံစားလိုက်ရသည်။ သူက လမ်းလျှောက်လာပြီး တိုးတိုးလေးခေါ်လိုက်သည်။


 “အဖေ…”  


ဝမ်ကောအန်းက ခေါင်းညိတ်ပြီး ပြောသည်။


 "မင်းရောက်လာပြီလား..." 


ဝမ်ယွီ ခပ်တောင့်တောင့်ကြီး ထိုင်လိုက်သည်။


ဝမ်ကောအန်းက သူ့ကို ခဏ စစ်ဆေးကြည့်ပြီး ပြောသည်။


"မင်းကို ကြည့်ရတာ သိပ်နေမကောင်းသလိုပဲ ဒီရက်ပိုင်းအတွင်း ကောင်းကောင်း အနားယူမနေရဘူးလား..."


ဝမ်ယွီက  ပြန်ဖြေသည်။


"ကျွန်တော် အဆင်ပြေပါတယ်..."


ဝမ်ကောအန်းက ခဏမျှ နှုတ်ဆိတ်နေပြီးမေးသည်။


"မင်းငါ့ကို ဘာမေးချင်တာလဲ..."


ဝမ်ယွီ မျက်လုံးများကို မော့ကြည့်လိုက်သည့်အခါ ဝမ်ကောအန်း၏ ဆံပင်များက မီးခိုးရောင်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ ဝမ်ယွီက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။


“ ကျွန်တော့်အမေ ဘယ်လိုသေသွားတာလဲ...”


ဝမ်ကောအန်းက တုံ့ပြန်လာသည်။


 "ငါ သူ့ကိုသတ်တယ်လို့ မင်းထင်နေတာလား..."


ဝမ်ယွီက အံ့အားသင့်သွားပြီး ပြောသည်။


"အစကတော့ ကျွန်တော် မထင်ထားခဲ့ဘူး... "


ဝမ်ကောအန်းက  မေးသည်။


 "အစကလား... "


ဝမ်ယွီက ခေါင်းညိတ်ပြလိုက်သည်။


"ယန်ယွမ်လို့ခေါ်တဲ့လူတစ်ယောက်က ကျွန်တော့်ကို ကိစ္စတစ်ခုပြောခဲ့တယ်... "


“ယန်ယွမ်လား…” 


ဝမ်ကောအန်းက သူ့လေသံတွင် အထင်အမြင်သေးသော အရိပ်အမြွက်ဖြင့် နာမည်ကို ထပ်ခါတလဲလဲ ပြောလိုက်သည်။


 "သူ မင်းကို ဘာပြောလိုက်တာလဲ..."


ဝမ်ယွီသည် ဇောချွေးများပြန်လာသည်။


"ဒီကိစ္စက အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် ဒီကိစ္စကို သိပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်..."


ဝမ်ယွီက သူ့သွားများကို ဖိကြိတ်ရင်း အိတ်ကပ်ထဲမှ ကြေမွနေသည့် စာရွက်တစ်ရွက်ကို ထုတ်ယူကာဖြန့်ပြိး ဝမ်ကောအန်း၏ရှေ့ကို တွန်းပို့လိုက်သည်။


ဝမ်ကောအန်းက သူ့စာကြည့်မျက်မှန်ကိုတပ်ပြီး ကြည့်လိုက်သည်။


အစည်းဝေးခန်းက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။


ဝမ်ယွီက လက်သီးကို တင်းတင်းဆုပ်ရင်း မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့လက်ဖဝါးများက ချွေးပြန်နေသည်။


အတန်ကြာ ရပ်တန့်သွားပြီးနောက် ဝမ်ကောအန်းထံမှ သက်ပြင်းရှည်ကြီးချလိုက်သံကို ကြားရသည်။


“နောက်ဆုံးတော့ မင်းသိသွားပြီပဲ…” 


သူက ပြောလိုက်သည်


ဝမ်ယွီ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။


ဝမ်ကောအန်းက မျက်မှန်ကို ချွတ်လိုက်ပြီး သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


ဝမ်ယွီ၏ နှလုံးသားက တစ်ခဏတာ ပြင်းထန်စွာ ကျုံ့သွားသည်။ သူ့ခေါင်းက ချာချာလည်နေသည်။


"ဒီကိစ္စက အမှန်ပဲလား..."


သူ မေးသည်။


“ဟုတ်တယ်... မင်းက တကယ်ပဲ မင်းအမေနဲ့ သူ့ရဲ့သားပါ...”


ဝမ်ယွီ၏လည်ချောင်းက ခြောက်နေပြီး အက်ရှရှအသံဖြင့် မေးလိုက်သည်။


 “ဘယ်တုန်းက သိတာလဲ...” 


ဝမ်ကောအန်း ပြုံးလိုက်သည်။


သူက စာရွက်ကိုပြန်ချပြီး နောက်ကို မှီလိုက်သည်။


"မင်းအမေ မင်းကို ကိုယ်ဝန်ရှိကတည်းက ထင်တယ်..."


ဝမ်ယွီက ခေါင်းမူးနေသေးသဖြင့် ဝမ်ကောအန်းပေးထားသည့် အချက်အလက်ကို အမြန်စိစစ်ပြီး နိဂုံးချုပ်လိုက်သည်။


"အဖေက... ကလေးမရနိုင်ဘူးလား..."


ဝမ်ကောအန်း သက်ပြင်းချလိုက်သည်။


“ငါ ငယ်ငယ်တုန်းကတော့ အရမ်းမိုက်ခဲ့တယ်... မင်းအဖိုးရဲ့ လမ်းညွှန်တာကို နားမထောင်ဘဲ ငါ့ခန္ဓာကိုယ်ကို ပျက်စီးစေမယ့် မဖြစ်သင့်တဲ့အရာတွေနဲ့ ရှုပ်နေခဲ့တာ... ငါ  အသက်ငယ်ငယ်တည်းက ကလေးမရနိုင်မှန်း သိခဲ့တယ်... မင်းအမေကို လက်မထပ်ခင်ကတည်းက သိခဲ့တာ..."


ထို့ကြောင့် တစ်နေ့တွင် ဇနီးသည်က ကိုယ်ဝန်ရှိနေပြီဟု ရုတ်တရက်ပြောသည့်အခါ သိသိသာသာ ဒေါသဖြစ်သွားသည်။


ဝမ်ယွီက ဝမ်ကောအန်း၏ဇာတ်လမ်းကို နားထောင်ရင်း အံသြသွားသည်။


“အဲဒီတုန်းကတော့ မင်းအမေနဲ့ ဖောက်ပြန်တဲ့သူကို သတ်ပစ်ချင်ခဲ့တာ... ငယ်ငယ်တုန်းက ငါ့ရဲ့ နည်းလမ်းတွေက အမြဲတမ်း အစွန်းရောက်ခဲ့တယ်... ကလေးမွေးပြီးရင် ဒီမိသားစုသုံးယောက်လုံးကို သတ်ပစ်မယ်လို့ တွေးခဲ့တယ်..."


ဝမ်ကောအန်းက အေးအေးဆေးဆေးပင် အတိတ်ကို ပြန်ပြောပြနေသည်။


“ကလေးတစ်ယောက်ကို စောင့်ရတာ တော်တော်ကြာတာပဲ... ငါ ဆယ်လအထိ စောင့်ခဲ့ရတယ်... အဲ့ဒီလိုစောင့်နေတုန်း စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုကို ရှာတွေ့ခဲ့တယ်...  မင်းအမေက ဗိုက်ထဲက ကလေးအပေါ်ကို ထူးထူးဆန်းဆန်းပြုမူတယ်လေ... ငါ ဂရုတစိုက်လေ့လာပြီး သေချာတွေးကြည့်တော့ သူ့ဗိုက်ထဲက ကလေးက ငါ့ကလေးမဟုတ်ဘူးဆိုတာကို သူ မသိဘူးလို့ ကောက်ချက်ချလိုက်ရတယ်...သန္ဓေတားဆေးကို ငါတို့ တစ်ခါမှ မသုံးဖူးတဲ့အပြင် သူက ငါ ကလေးမရနိုင်ဘူးလို့  တွေးထားမိမှာ မဟုတ်ဘူး...”


ထိုအချိန်တွင် ဝမ်ယွီ၏ ဖခင်ဘက်မှ အဖိုးအဖွားများက  ဆုံးပါးသွားခဲ့ပြိီဖြစ်ကာ မမွေးသေးသော ကလေး အတွက်ကြောင့် ဝမ်ယွီ၏မိခင်ဘက်မှ အဖိုးအဖွားများက ချန်းလျန်ကို ပြုစုစောင့်ရှောက်ရန် ရောက်လာကြသည်။


သူတို့သမီးလေး၏ မတည်ငြိမ်သော အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး အမြဲတမ်း ပူပန်နေကြပြီး ယခုနောက်ဆုံးတွင် သူတို့ထံ၌ အာမခံချက်တစ်ခု ရလာခဲ့၍ ပျော်ရွှင်နေကြသည်။


သူတို့က ချန်းလျန်နှင့် သန္ဓေသား၏အခြေအနေကို ဝမ်ကောအန်းထံ အဆက်မပြတ် အစီရင်ခံတင်ပြကာ ကလေး၏ နှလုံးခုန်သံကို နားထောင်စေပြီးသန္ဓေသား၏လှုပ်ရှားမှုများကို ခံစားခွင့်ပြုလိုက်ကြသည်။


ဝမ်ကောအန်းက သူတို့နှင့်အတူ အေးတိ‌အေးစက်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။


သို့သော် သန္ဓေသား၏လှုပ်ရှားမှုက အမှန်တကယ် အံ့သြဖွယ်ကောင်းသည်။ အမျိုးသမီး၏ ဗိုက်ထဲတွင် လှုပ်ရှားနသည့် အရာလေး ရှိခဲ့သည်။


ထိုအချိန်တွင် ဝမ်ကောအန်းက  သူ၏အတိတ်က ငယ်ရွယ်စဉ်အချိန်ကို တွေးမိပြီး နောင်တရနေတော့သည်။ သူ့ကိုယ်ခန္ဓာကို မထင်မှတ်ထားဘဲ မပျက်စီးစေခဲ့ပါက မိန်းမတစ်ယောက်က သူမဗိုက်ထဲတွင် သူ၏သွေးသားရင်း ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားနိုင်ခဲ့ပေမည်။


နောက်ပိုင်းတွင် ကလေးမွေးပြီးသည်နှင့် ဖောက်ပြန်သောဇနီးနှင့် သူ့ချစ်သူကိုသတ်ပစ်ပြီး ကလေးလေးကိုမူ သူ့အဖိုးအဖွားများနှင့် ချန်ထားလိမ့်မည်ဟု တွေးလိုက်သည်။


သူက အသက်သေးသေးလေးကိုမူ ချမ်းသာပေးလိုက်မည်ဟု တွေးထားသည်။


ယန်ယွမ်ဟုခေါ်သည့် သူ့မိန်းမနှင့် အိမ်ထောင်ရေးဖောက်ပြန်သော ချစ်သူကို သူ စေ့စေ့စပ်စပ် စုံစမ်းနေပြီဖြစ်သည်။ သူက အပေါ်ယံအားဖြင့် အောင်မြင်နေပုံရသော်လည်း အမျိုးသမီးများထံမှ ရရှိသောငွေများဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ပြီး အများစုတွင် ကျရှုံးခဲ့သည်။


အမျိုးသမီးများနှင့် ပတ်သက်လာပါက ဝမ်ကောအန်း  သူ့ကို လေးစားမိသည်။ ချန်းလျန်က သူ့ကို လက်ထပ်ပြီးသည့် အချိန်တွင် ယန်ယွမ်က လက်ထပ်ပြီး သားသမီးများ မွေးထားပြီးဖြစ်သော်လည်း ချန်လျန်းကို သူ၏ဆွဲဆောင်မှုအောက်တွင် ထိန်းထားနိုင်ဆဲဖြစ်သည်။


ဒါက သူကပဲ တော်လွန်းတဲ့အတွက်ကြောင့်လား ဒါမှမဟုတ် ချန်းလျန်ကပဲ နုံအလွန်းနေသလား...


ချန်းလျန်သည် သူမ၏အလုပ်တွင် မနုံအမည်မှာ သေချာသည်။


ချန်းလျန် ကလေးမမွေးမီအချိန်ထိ ထိုကိစ္စများကို ဝမ်ကောအန်း ဘာမှမပြောခဲ့ပေ။ 


တစ်နေ့၌ ရှုံ့တွနေသောမျက်နှာ၊ နီမြန်းသော အသားအရေနှင့် မျက်လုံးမှိတ်ထားကာ တဝါးဝါးငိုနေသော အရာလေးအား သူနာပြုတစ်ဦးက ဝမ်ကောအန်းလက်ထဲ ထည့်ပေးလိုက်သည်။


ထိုအရာက အလွန်သေးငယ်ပြီး ပေါ့ပါးကာ အလွန်နူးညံ့သည်။ သူ၏ ထူးခြားသောရနံ့က ဝမ်ကောအန်းကို ထိတ်လန့်သွားစေသည်။


ဝမ်ယွီမမွေးမီတွင် တစ်စုံတစ်ယောက်က ဝမ်ကောအန်းကို ဘဝက အံ့ဖွယ်ကောင်းသည်ဟု ပြောခဲ့မည်ဆိုလျှင် သူက သူတို့အား ကောင်းကင်တွင်ပျံတက်သွားသည်အထိ ငွေများသုံးလိုက်မည်ဖြစ်သည်။


သို့သော် နောက်ပိုင်းတွင် ဘဝက အံ့ဖွယ်ကောင်းသည်ဟု ဝမ်ကောအန်းကို တစ်ယောက်ယောက်က ပြောခဲ့မည်ဆိုလျှင် သူက သက်ပြင်းချပြီး ဤသို့ပြောကောင်းပြောလိမ့်မည်။


"ဟုတ်တယ် ဘဝက တကယ် အံ့ဩစရာကောင်းလောက်အောင်ဆန်းကြယ်တယ်... "




###