အပိုင်း၈၄
Viewers 11k

🤚Chapter 84



ဝမ်ယွီကို သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားလိုက်စဉ်တည်းက ဝမ်ကောအန်း၏အတွေးများ ပြောင်းလဲသွားသည်။


“ငါအစက တွေးခဲ့တာ မင်းအမေက အသက်ကြီးလာလို့ ကလေးလိုချင်ရင် သူ့ကို ငါ့အကြောင်းဝန်ခံပြီး ကလေးမွေးစားမယ်ပေါ့... တကယ်လို့ သူ့သွေးသားကိုပဲ လိုချင်တယ်ဆိုရင် ငါတို့သင့်တော်တဲ့ သုတ်ပိုးအလှူရှင်ကို ရှာပြီး သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဖန်ပြွန်သန္ဓေသားနဲ့ မွေးနိုင်တယ်... ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားတာက သူကဦးနှောက်မရှိဘဲ အရာအားလုံးကို စီစဉ်ထားမယ်လို့ပေါ့...”


 ဝမ်ကောအန်းက ဆိုသည်။


"မင်းကို ငါ့ရင်ခွင်ထဲမှာ ချီထားလိုက်တဲ့အချိန် တခြားသူရဲ့ကလေးကို ဘာလို့မွေးစားရမှာလဲဆိုပြီး ရုတ်တရက် သဘောပေါက်သွားခဲ့တယ် ကံကြမ္မာက ငါ့ဆီ ကလေးတစ်ယောက်ကို ပို့ပေးပြီးသား မဟုတ်ဘူးလား..."


“ပိုကောင်းတာက မင်းအမေနဲ့ မင်းအဘိုးအဘွားတွေ အပါအဝင် လူတိုင်းက မင်းကို ငါ့ကလေးလို့ပဲ ထင်နေကြတာ... မင်းငါ့ကို မင်းအဖေအဖြစ်မှတ်ယူထားသလို ငါကလည်း မင်းကို ငါ့ကလေးလို့ မှတ်ယူထားလို့ မွေးစားကလေးလို့ ခေါ်တာထက်တောင် ပိုကောင်းတဲ့ ဒီဝန်းကျင်ထဲမှာ မင်းကြီးပြင်းလာခဲ့တယ်လေ..."


ဝမ်ကောအန်းက နောက်ဆုံးတွင် သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့သည်။ ဝမ်ယွီကို သူ့ကလေးအဖြစ် ဆက်ဆံရန် ဆုံးဖြတ်ထားသောကြောင့် ဤကလေး၏ မိဘအရင်းများကို အနှောင့်အယှက်မပေးတော့ ဟူ၍ပင်။


သူက ငယ်စဉ်အခါက စိတ်လိုက်မာန်ပါလုပ်ပြီး အပျော် ရှာလေ့ရှိသည်။ အသက်ကြီးလာသည်နှင့်အမျှ ကိစ္စရပ်တိုင်းတွင် နေရာလွတ်ထားရန် အရေးကြီးကြောင်း သူသဘောပေါက်လာသည်။ ဤသို့ မသေချာမရေရာသော  လောကကြီးတွင်ဝမ်ယွီက အမှန်တရားကို မည်သည့်အချိန် ရှာတွေ့သွားမည်ကို သူ အာမမခံနိုင်ပေ။


သူနှင့် ဝမ်ယွီကြားတွင် ဖုံးကွယ်စရာနေရာမရှိ‌တော့ပေ။


ထို့ကြောင့် ချန်းလျန်နှင့် ယန်ယွမ်ကို လွှတ်ပေးလိုက်သည်။ ယင်းအစား သူက ဝမ်ယွီအား ပြီးပြည့်စုံသော မိသားစုတစ်ခုနှင့် ဖြည့်ဆည်းပေးကာ ချန်လျန်အား ဤမိသားစုနှင့် ပေါင်းစည်းရန် ဆန္ဒရှိခဲ့သည်။


သူမက အမေတစ်ယောက်ဖြစ်ရန် အရည်အချင်းမပြည့်မီလျှင်ပင် ထိုသို့ပြုလုပ်ချင်ခဲ့သည်။


"ငါအစကတော့ သူအိမ်မှာနေပြီး မင်းကိုဂရုစိုက်ပေးဖို့ ဆန္ဒရှိခဲ့သေးတယ်... သူက ဘာမှလုပ်စရာမလိုဘဲ သူ့ဘာသာနားနားနေနေနဲ့ ပျော်ပျော်ရွင်ရွင်နေရုံပဲ... "

ဝမ်ကောအန်းက ပြောသည်။


 "သူက အဲ့ဒီလိုဆန္ဒမရှိခဲ့ဘူးလေ  သူက အသက်မွေးဝမ်းကြောင်းအလုပ်ကို အရမ်းဦးစားပေးတယ်လို့ ထင်ခဲ့တာ..."


သို့သော် အမှန်တွင် ချန်းလျန်က ဝမ်ယွီကို ဝမ်ကောအန်း၏ကလေးဟု ယုံကြည်နေသောကြောင့်ပင်  ဤကလေးအတွက် သူမ အချစ်မေတ္တာများကို မပေးနိုင်ပေ။


တစ်ချိန်တည်းမှာပင် ဝမ်ကောအန်းက ကလေးအတွက် အချစ်များကို ပြသပေးနေသောကြောင့် သူမ၏ပုန်ကန်လိုသည့် သဘာဝကိုလှုံ့ဆော်နေခဲ့သည်။ သူမက ဝမ်ယွီ့အပေါ်ပိုမိုအေးစက်လာပြီး ကလေးရှိကတည်းက ဝမ်ကောအန်းက သူမအပေါ်ပြုမှုလာပုံအပေါ် ပြစ်တင်ဝေဖန်လာသည်။


ဝမ်ကောအန်းက ပြောသည်။


 "အိမ်ထောင်ပြုတယ်ဆိုတာ အစပိုင်းမှာတော့ လတ်ဆတ်ပြီးနွေးထွေးခဲ့တယ်... အချိန်ကြာလာတာနဲ့အမျှ စားပြီးသားလက်ကျန်ကြက်အရိုးလိုမျိုး အရသာမဲ့လာပြီး အရေးမကြီးတော့တဲ့ အရာတစ်ခုလို လုပ်လာမိလိမ့်မယ်... မင်းအသက်ခုနှစ်နှစ်မှာ ဒီအိမ်ထောင်ရေးအတွက် သူ သည်းခံနိုင်တဲ့အတိုင်းအတာကို ရောက်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်... သူက ငါ့ကိုထားခဲ့ဖို့ စီစဉ်နေခဲ့တာ မင်းအဲ့ဒီ့အဖြစ်အပျက်ကိုမှတ်မိသေးလား... "


ဝမ်ယွီက အံ့ဩသွားပြီး မေးချင်စိတ်ပေါ်လာသည်။


 "ဘာအဖြစ်အပျက်လဲ... " 


သို့‌ရာတွင် သူ့စိတ်ထဲ၌ မှတ်ညဏ်တစ်ခု လျှပ်တစ်ပြက်ပေါ်လာသည်။ သူ့အသက်ခုနှစ်နှစ်ခန့်က ထင်ထင်ရှားရှားဖြစ်ရပ်တစ်ခုရှိခဲ့ဖူးသည်။


" ပြန်ပေးဆွဲတဲ့ကိစ္စကို ပြောတာလား..."


"ဒါဆိုရင် မင်းမှတ်မိနေတာပဲ... ငါ အဖြေထုတ်လို့ရသလောက်ကတော့ အဲ့ဒါက ယန်မျိုးရိုးလူနဲ့ ထွက်ပြေးဖို့အတွက် မင်းအမေရဲ့အကြံအစည်ဖြစ်နိုင်တယ်... ဒါပေမဲ့ ယန်မျိုးရိုးက သူ့စီးပွားရေးအတွက် မင်းအမေရဲ့ပိုက်ဆံကို အသုံးချခဲ့ပြီး ဘာမှ မတိုးတက်ခဲ့ဘူး... အဲ့ဒါကြောင့် ငါ့ဆီက ပိုက်ဆံကိုရဖို့အတွက် ဒီအကြံကို ရလာခဲ့တယ်လေ... မင်းအမေကိုယ်တိုင်က ပြန်ပေးဆွဲခံရဖို့ ဇာတ်လမ်းဆင်ပေးတယ်... သူက မင်းအမေကို ပြန်ရွေးငွေစုထားဖို့ သင်ပေးခဲ့ပြီး ပိုက်ဆံရတာနဲ့ မင်းပြန်ရောက်လာတယ်လေ..."


ဝမ်ယွီက မေးသည်။


 “ဒါဆို သူက... သူကရော ဘာလို့မထွက်သွားတာလဲ..."


ဝမ်ကောအန်း၏ နှုတ်ခမ်းများက ရယ်စရာကောင်းသော အရာတစ်ခုကို သတိရသွားသလို အဓိပ္ပါယ်ပါပါဖြင့် ပြုံးလိုက်သည်။


“မင်းက ငါ့ရဲ့ သားအရင်းမဟုတ်မှန်း သိသွားလို့ ဖြစ်နိုင်တယ်..."


ဝမ်ယွီ အနည်းငယ် မှင်တက်သွားသည်။


ငယ်ဘဝအမှတ်တရအချို့ကို ပြန်သတိရလာပြီး ထောင့်တစ်နေရာတွင်ဝှက်ထားကာ သတိမပြုမိခဲ့သောအရာများက သူ  သတိမထားမိမီ ရုတ်တရက် ပြေးထွက်လာသည်။


ယန်ယွမ် သူ့ကို ပထမဆုံးမြင်ဖူးသည်နှင့် ရင်းနှီးသလို ခံစားလိုက်ရသည်မှာ အံ့သြစရာမဟုတ်ပေ။


 သူခုနစ်နှစ်သားအရွယ်တွင် ယန်ယွမ်နှင့် ဆုံတွေ့ခဲ့ဖူးသည်။


"သူက တကယ်ပဲ ဝမ်ကောအန်းရဲ့သားလား... သေချာလား..."


"စိတ်အေးအေးထားပါ... တကယ်လို့ သူက ကျွန်မတို့ကလေးဆိုရင် ရှင်ထွက်သွားလို့မရဘူး..."


"စဉ်းစားကြည့်ပါ... ငါတို့ရဲ့ကလေး ငါတို့ရဲ့‌သားလေး အနာဂတ်မှာ သူဘာတွေ အမွေဆက်ခံရမလဲ..."


ထိုအချိန်တွင် သူ့အမေနှင့် ဦးလေးတစ်ယောက် ငြင်းခုံနေသည်ကိုကြား၍ သူ လန့်နိုးလာပြီး အော်ခေါ်လိုက်သည်။


“အမေ...” 


အငြင်းအခုံက ရုတ်ချည်း ရပ်တန့်သွားသည်။


ထို့နောက် သူ့အမေက သူ့ကို "ဆိုဒါ" တစ်ပုလင်းပေးလိုက်၍ သူ အိပ်ပျော်သွားပြန်သည်။


သူပြန်နိုးလာသောအခါတွင် အိမ်သို့ လုံခြုံစွာ ပြန်ရောက်ခဲ့သည်။ သူ့ကို လူဆိုးများက ပြန်ပေးဆွဲခဲ့သည်ဟု သူ့အဖေက ပြောပြခဲ့ပြီး  ကိုယ်ခံပညာသင်ပေးရန် ကျွမ်းကျင်သည့် နည်းပြကို ငှားရမ်းခဲ့သည်။


ရုပ်ရည်ချောမောသူတစ်ဦးကို မေ့ပစ်ရန် မလွယ်ကူကြောင်း  ကျိအန်းနဉ် ပြောခဲ့သည်က မှန်ကန်နေသည်။


ထိုလူ၏ မျက်နှာက အမှန်ပင် ချောမောပြီး သူ့မှတ်ဥာဏ်ထဲတွင် ဖုံးကွယ်နေလေသည်။ သူတို့ ပြန်ဆုံတွေ့ကြသောအခါတွင်မူ သူ့အား ထင်ယောင်ထင်မှား ခံစားချက်ကို ပေးစွမ်းနိုင်သည်။


အဓိကအားဖြင့် ၎င်းက ကိုယ်တိုင်ကြံစည်ပြုလုပ်သည့် လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ရဲများက မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့သော်လည်း ဝမ်ကောအန်းက ဖြစ်ပျက်နေသည်များကို ယောင်ဝါးဝါး ခန့်မှန်းထားပြီးဖြစ်သည်။


အကယ်၍ ချန်းလျန်က ဝမ်ယွီကို ချန်ထားခဲ့၍ ထွက်သွားပါက ဝမ်ကောအန်းက ၎င်းကို အရောင်းအ၀ယ်တစ်ခုအဖြစ် မှတ်ယူမည်ဖြစ်သည်။ သူမကသူ့ကို ငယ်ရွယ်သောဘဝနှင့် ကလေးတစ်ဦးကိုပေးခဲ့ပြီး အပြန်အလှန် အနေဖြင့် သူက သူမအတွက် အသုံးပြုခဲ့သော ငွေများကို ဤအရာများအတွက် ပေးဆပ်မှုအဖြစ် ထည့်သွင်းစဉ်းစားနိုင်သည်။


သို့သော် ချန်းလျန်ပြန်ရောက်လာသည်။ ဝမ်ယွီအပေါ် သူမ သဘောထားက ပြောင်းလဲသွားသည်မှာ သူ့သားကို မည်မျှချစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည့်သဖွယ် ဖြစ်နေသည်။


ချစ်သူနှင့် မွေးထားသောကလေးနှင့် လူချမ်းသာအဖိုးကြီးတစ်ယောက်နှင့် မွေးထားသောကလေးက သူမအတွက် မတူညီပေ။ အတိုင်းအတာတစ်ခုထိ ချဲ့ကားထားသော ချစ်ခြင်းမေတ္တာများ ပါဝင်နေခဲ့သည်။


သို့သော် ဝမ်ယွီက အသက်ခုနစ်နှစ်ရှိနေပြီဖြစ်ပြီး ချန်လျန်း၏အတိတ်က ဥပေက္ခာပြုမှုများကြောင့် ဖခင်ဖြစ်သူနှင့် ပိုမိုရင်းနှီးလာခဲ့သည်။


ထို့ကြောင့် ချန်းလျန်က ဝမ်ယွီက သူမနှင့် မနီးစပ်ကြောင်း နှစ်ပေါင်းများစွာ စောဒကတက်နေခဲ့သည်။


ဝမ်ယွီက နားမလည်နိုင်ပေ။


 "အဖေက...သူ့ကို ဒီတိုင်းထားထားတာလား..."


ချန်းလျန်က သင့်တင့်လျောက်ပတ်သော အလုပ်စွမ်းရည်များ ရှိသော်လည်း ဝမ်ကောအန်း၏ ပံ့ပိုးကူညီမှုမရှိဘဲ အဖွဲ့၏ CEO ရာထူးကို သူကိုယ်တိုင် မရောက်နိုင်ခဲ့ပေ။  ဝမ်ကောအန်းက သူမအား ထိုရာထူးကို ပေးအပ်ရန် သဘောတူထားသောကြောင့်ဖြစ်သည်။


ဝမ်ကောအန်းက သူမအား အရေးပါသည့် အခွင့်အာဏာကို ပေးအပ်ထားသောကြောင့် ချန်လျန်းက ဝမ်ကောအန်း၏ ငွေများကိုသာ အလွဲသုံးစားလုပ်နိုင်ခဲ့သည်။


လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ဖရိုဖရဲနိုင်၍ အဓိပ္ပာယ်မဲ့သော အဖြစ်အပျက်များကို တွေ့ကြုံပြီးနောက် ဝမ်ယွီက နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာ အတက်အကျများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အခြေအနေများကို ဆင်ခြင်တုံတရားဖြင့် တွေးတောနိုင်ခဲ့သည်။


ချန်းလျန်က မယုံနိုင်လောက်အောင် ရိုးရှင်းသော အဖွဲ့၏ အတွင်းရန်ပုံငွေကို ဖြုန်းတီးခဲ့သည်။ သို့သော် ယခုချိန်ထိ ငွေကြေးကွင်းဆက်က မည်သို့မှ ပြိုလဲမသွားပေ။

ဘယ်လိုကြောင့် ကုမ္ပဏီအားလုံး ချောချောမွေ့မွေ့ လည်ပတ်နေရတာလဲ...


ဒါကို ဝမ်ကောအန်းက ဘယ်လို စီမံခဲ့တာလဲ...


ဝမ်ယွီ၏ အတွေးများတွင် သံသယများဖြင့် ပြည့်နှက်နေသည်


"မင်း... ရှောင်ယွီ... မင်းက ငယ်သေးတယ်...  မင်းအသက်ကြီးလာတဲ့အခါ ငွေဆိုတာ ကိန်းဂဏန်းတွေပဲဆိုတာ မင်းနားလည်လာလိမ့်မယ်... အဲ့ဒါတွေကို မင်းနဲ့အတူယူသွားလို့မရဘူး..."


“မင်းအမေရဲ့ ရည်ရွယ်ချက်က ရှင်းတယ်... သူက ငါ့ထက်သာဆို့ ကြိုးစားနေပြီး ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို မင်း အမွေဆက်ခံရအောင် ကြိုးစားနေခဲ့တာ... မင်းရဲ့ပိုင်ဆိုင်မှုက သူ့ရဲ့အပိုင်ပဲလို့ ယုံကြည်နေတာ..."


"ပိုက်ဆံ... အဲဒါက မင်းရဲ့ကမ္ဘာထဲကို မသွင်းနိုင်တဲ့ အရာမျိုးပဲ မင်းသေတဲ့အခါ မင်းနဲ့အတူ ယူသွားလို့မရဘူး... ငါအသက်ရှင်နေချိန်မှာ သူ့ရဲ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးတယ်ဆိုရင် အဲဒါက ဘာကြောင့်ဖြစ်မလဲ...မင်းအမေကလည်း ဒီအတွက် နေချင်တာ... ဒါကြောင့် မင်းကို ကောင်းကောင်းဆက်ဆံတယ် ပြီးပြည့်စုံတဲ့ မိသားစုဘဝလေး ပေးချင်တယ်... အဲဒါကြောင့် ဒီကိစ္စအတွက် သုံးရတဲ့ငွေက အရမ်းတန်တယ်လို့ ငါထင်တယ်...”


ဒါဆို ဝမ်ကောအန်းရဲ့ သည်းခံနိုင်စွမ်းနဲ့ ချန်လျန်းအပေါ် လိုက်လျောညီထွေနေနေတာက ဝမ်ယွီကြောင့်လား...


ဝမ်ယွီက သူ့နှုတ်ခမ်းကို လှုပ်လိုက်သည်။


ဝမ်ကောအန်းက သူဆိုလိုချင်သည်ကို နားလည်၍ သက်ပြင်းချလိုက်ပြီး ပြောသည်။


“မင်းက ငါ့သားအရင်း မဟုတ်ဘူးလို့ ပြောချင်နေတာ ဟုတ်တယ်မလား...”


ဝမ်ယွီ၏ မျက်နှာက ဖျော့တော့သွားသည်။


ဝမ်ကောအန်းက သူ့ကိုကြည့်ကာ စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်။


“မင်းက ငတုံးပဲ... ”


ဤနိုင်ငံ၏ ယဉ်ကျေးမှုတွင် သွေးချင်းနှီးနှောမှုကို အလွန်အမင်း အလေးထားကြသည်။ ဝမ်ကောအန်းက ဝမ်ယွီအပေါ် ဤသို့တစ်ကြိမ်မှ မတွေးဖူးသော်လည်း ဤယဉ်ကျေးမှုတွင် ကြီးပြင်းလာမှုက သူ့ကို လွှမ်းမိုးနေဆဲပင်။


"ငါက မင်းမွေးတုန်းက မင်းကိုချီခဲ့တယ်... မင်းရဲ့ အနှီးတွေကို ငါ့လက်နဲ့ လျှော်ပေးခဲ့တယ်...မင်းရဲ့ သူငယ်တန်း ပထမနေ့မှာ မင်းကို ကျောင်းလိုက်ပို့တယ်... ကျောင်းမဆင်းခင်မှာ မင်းကိုလာခေါ်ဖို့ တံခါးဝမှာ စိတ်အားထက်ထက်သန်သန်နဲ့ စောင့်နေခဲ့တယ်..."


“ငါ မင်းကို စက်ဘီးစီးတတ်အောင် သင်ပေးတယ်... ဘောလုံးကစားနည်းနဲ့ ရေကူးနည်းကိုလည်း သင်ပေးတယ်... မင်းက ကောင်းကင်ကို ငိုစေခဲ့တဲ့အထိ စန္ဒယားကို ကောင်းကောင်းတီးခတ်နိုင်တဲ့အခါ မင်းကိုငါချီးကျူးခဲ့တယ်လေ..." 


"ငါ မင်းကို မဟာတံတိုင်းကြီးပေါ်တက်ဖို့ ခေါ်သွားတယ်လွတ်လပ်ရေးရုပ်တုကို သွားလည်တယ်၊ အာဖရိက ဆာဗားနားကိုပြပြီး အာတိတ်မှာရှိတဲ့ မြောက်ပိုင်းအလင်းရောင်တွေကို မင်းနဲ့အတူ ကြည့်ခဲ့တယ်...  NBA ဂိမ်းတွေထဲ လိုက်ပို့ပေးပြီး ကမ္ဘာ့ဖလား ဖိုင်နယ်ကိုလည်း အတူတူကြည့်ခဲ့ကြတယ်...”


“ဘယ် မိဘဆရာတွေ့ဆုံပွဲကို ငါလွတ်ခဲ့လဲ... မင်း ဆော့တတ်တဲ့ဂိမ်းတွေကို ငါမသိတာ ရှိလို့လား  မင်းရထားခဲ့တဲ့ အောင်လက်မှတ်နဲ့ ဆုဖလားတိုင်းကို အမှတ်တရအဖြစ် သိမ်းထားဖို့ ငါကိုယ်တိုင် ဓာတ်ပုံရိုက်ထားခဲ့တယ်...”


"ဝမ်ယွီ..." 


ဝမ်ကောအန်းက သူ့ကို စိုက်ကြည့်ရင်း အသံနက်ကြီးနှင့် မေးလာသည်။


 "မင်းက ငါ့သားအရင်းမဟုတ်ရင်တောင်မှ  ငါ မင်းကို ပြုစုပျိုးထောင်ခဲ့တာ... ငါ မင်းကို သင်ပေးခဲ့တယ် ဒါတောင် မင်းက ဘယ်လိုလုပ် ငါ့ကလေး မဖြစ်ရမှာလဲ...”


.....


ကျိအန်းနဥ်က စင်္ကြန်လမ်းတွင် ဝမ်ယွီကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီး အလွန်တိတ်ဆိတ်နေခဲ့သည်။


သူမကဲ့သို့ မိန်းကလေးတစ်ယောက်က ဤနေရာနှင့် မအပ်စပ်သောကြောင့် ဖြတ်သန်းသွားသော အရာရှိများက သူမကို လှည့်မကြည့်ဘဲ မနေနိုင်ကြပေ။ အရာရှိငယ်တစ်ယောက်က သူမကို ရေတစ်ခွက်ပင် လာပေးခဲ့သည်။


အချိန်အတန်ကြာပြီးနောက် ဝမ်ယွီထွက်လာသည်။


သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေသေးသော်လည်း သူ့မျက်လုံးများက ပိုမိုတောက်ပလာသည်။


လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကိုဝန်းရံထားခဲ့သော ဆိတ်သုဉ်းမှုနှင့် ရှုပ်ထွေးမှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။


ကျိအန်းနဉ်က ၎င်းကိုမြင်ပြီး စိတ်သက်သာရာရသွားခဲ့သည်။


သူမက လက်ကမ်းလိုက်သည့်အခါ ဝမ်ယွီက ဆုပ်ကိုင်လိုက်ပြီး ပြောသည်။ 


“အရင်ဆုံး ပြန်ကြရအောင်...” 


သို့သော် သူတို့ ဂိတ်က ထွက်လာသည်နှင့် ကားတစ်စီးက လမ်းကို ပိတ်ရပ်သွားသည်။ ကားပြတင်းပေါက်ချလိုက်ပြီး  ယန်ယွမ်၏မျက်နှာ ပေါ်လာသောအခါ ဝမ်ယွီက ကျိအန်းနဉ်၏ လက်ကို ရုတ်တရက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။


ယန်ယွမ်၏ မျက်နှာတွင် ဒဏ်ရာများစွာဖြင့် ပြည့်နေသေး သော်လည်း ကျိအန်းနဉ်က သူ့ကို မှတ်မိသည်။


ကျိအန်းနဉ် မည်သို့တုံ့ပြန်မည်ကိုမသိ၍ ဝမ်ယွီက သူမကိုပြောလိုက်သည်။  


"ကားနားပြန်သွားပြီး ကိုယ့်ကိုခဏစောင့်နေဦး..." 


သူက ကားသော့ကို သူမအား ပေးလိုက်သည်။


ကျိအန်းနဥ် ယန်ယွမ်ကို စိုက်ကြည့်ကာ အလွန်သိသာထင်ရှားသည့် အမူအရာမျိုး မပြခဲ့ပေ။ သူမက ရိုးရိုးရှင်းရှင်းပဲပြောပြီး ထွက်သွားခဲ့သည်။


"ကောင်းပြီလေ..." 


သူမ ကားပေါ်ပြန်တက်ပြီး နောက်ကြည့်မှန်ကိုကြည့်ရင်း ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်သည်။


ဝမ်ယွီ ကားထဲသို့မ၀င်ဘဲ ကားအတွင်းကလူကို စကားပြောရန် စောင်းငဲ့ကာငုံ့ကြည့်လိုက်သည်။ ကားတံခါးပွင့်လာပြီး ထိုလူက ကားထဲမှ ထွက်လာသည်။


ဝမ်ယွီက ထိုလူ၏ကားထဲသို့ မဝင်ချင်နေပုံရသည်။ သူ့အိတ်ကပ်ထဲ လက်နှစ်ဖက်လုံးထည့်ထားပြီး မတ်တပ်ရပ်ကာ မိဘများနှင့် သဘောထားကွဲလွဲနေသည့် ကလေးတစ်ယောက်လို ခေါင်းငုံ့ထားသည်။ သို့သော် သက်လတ်ပိုင်းအရွယ် အမျိုးသားက အထူးစိတ်ရှည်ပုံရပြီး သူ့ကို ဖျောင်းဖျရန် ဆက်လက်ကြိုးစားနေပုံရသည်။


ခဏအကြာတွင် ကား မောင်းထွက်သွားသည်။


ကျိအန်းနဉ်က ထိုနေရာတွင် ရပ်နေသော ဝမ်ယွီကို မြင်လိုက်ရပြီး ကား၏အရိပ်ကို ကြည့်ရင်း အတွေးထဲ လွင့်မျောနေပုံရသည်။


သို့ပေမယ့် ဝမ်ယွီက သူ့ကိုယ်ပိုင်ကားပေါ် ပြန်ရောက်သည့်အခါ ကျိအန်းနဉ်က သူ့ထံတွင် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ မပြသသည်ကို သတိပြုမိခဲ့သည်။ သူ့မျက်လုံးများက ကြည်လင်နေသေးသော်လည်း အမူအရာက အနည်းငယ် တင်းမာနေသည်။


"သူက ဘယ်သူလဲ..." 


သူမ မမေးဘဲမနေနိုင်ပေ။


"သူက ဘာမှမဆိုင်တဲ့သူတစ်ယောက်ပဲ..."


ဝမ်ယွီက ပြောလိုက်သည့်စကားလုံးရွေးချယ်မှုက သူ့ကို  မနှစ်သက်ကြောင်း ပြသနေသည်။


ကျိအန်းနဉ်သည် လက်ချောင်းများကို စတင်ကိုက်ဖဲ့လိုက်သည်။


မီးပွိုင့်တစ်ခုတွင် ဝမ်ယွီက သူမကို လှမ်းကြည့်ကာ  မေးသည်။


"ဘာဖြစ်နေတာလဲ..." 


ကျိအန်းနဉ်က စပ်စုသည်။


“ဒါဆို ရှင့်အဖေနဲ့ အမေကော…”


ဝမ်ယွီက စတီယာရင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး  ပြောသည်။


 "အိမ်ပြန်ရောက်ရင် ကိုယ်တို့ ဒီအကြောင်းကို ပြောကြမယ်..."


ကျိအန်းနဉ်က "အင်း"ဟူ၍သာ တုံ့ပြန်ခဲ့သည်။


သို့သော်လည်း ဝမ်ယွီက ထပ်မပြောဘဲမနေနိုင်ပေ။


“ကိုယ့်အမေကို ကိုယ့်အဖေက မသတ်ခဲ့ဘူး...” 


သူ့လေသံက အလွန်ပြတ်သားနေသည်။


ကျိအန်းနဥ်က သက်ပြင်းချကာ ပြောသည်။


“ကောင်းပါပြီ...” 


ဝမ်ယွီက သူမလက်ကို သူ့ညာလက်နှင့် အားထည့်ညှစ်လိုက်သည်။


ကျိအန်းနဉ်က သတိပေးသည်။


"သတိထားမောင်းဦး..."


ဝမ်ယွီ၏အိမ်က သန့်ရှင်းပြီးသားဖြစ်နေသည်။


အမှန်တွင် လွန်ခဲ့သည့်ရက်ပိုင်းက သန့်ရှင်းရေး အမျိုးသမီးတစ်ယောက် ရောက်လာသော်လည်း ဝမ်ယွီက သူမကို နှင်ထုတ်ခဲ့သည်။ သူမက ဝမ်ယွီကို ထိတ်လန့်နေသောကြောင့် ရက်အနည်းငယ်ကြာအောင် မလာရဲခဲ့ပေ။


သို့သော် ယနေ့ သူတို့ မထွက်သွားမီ ဝမ်ယွီက သူမကို ဖုန်းဆက်ပြီး သန့်ရှင်းရေးလုပ်ရန်ပိုက်ဆံထပ်ပေးခဲ့သည်။ ထို့ကြောင့် ဝမ်ယွီနှင့် ကျိအန်းနဥ်တို့ ပြန်လာချိန်တွင် အိမ်က သန့်ရှင်းတောက်ပသော အနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။


ကျိအန်းနဉ်က ဆိုဖာပေါ်တွင်ထိုင်ကာ ဝမ်ယွီ ဖုန်းခေါ်ဆို နေသည်များကို အဆက်မပြတ် နားထောင်နေသည်။


သူဖုန်းခေါ်သည်က များလွန်းသည်။


အတွင်းရေးမှူးများ၊ လက်ထောက်များ၊ ရှေ့နေများ၊ လက်အောက်ငယ်သားများနှင့် လောင်‌ရှင်းအမည်ရှိ တစ်စုံတစ်ဦးကိုပင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့သည်။ သူကကျောင်းကိုပင် ဖုန်းဆက်ခဲ့သည်။


ဤကိစ္စများကို ကိုင်တွယ်စဉ်တွင် သူက စိတ်တည်ငြိမ်မှုကို အပြည့်အဝ ပြန်လည်ရရှိပြီး အတိတ်က ယုံကြည်မှုရှိခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်ထားလိုသည့် ဝမ်ယွီကဲ့သို့ ပြန်ဖြစ်လာသည်။


အတန်ကြာ ဖုန်းခေါ်ပြီးနောက် သူက သူ့မရှေ့သို့ရောက်လာပြီး လက်ကို ကိုင်ကာ ပြောသည်။


“ဒီရက်ပိုင်း အရမ်းအလုပ်များနေဦးမှာ... ကျောင်းတက်ဖို့နဲ့ အိမ်ကိုလည်း သပ်ရပ်အောင်ထားဖို့ ကိုယ်စီစဉ်ထားတယ်... မင်းနဲ့လိုက်ဖို့ လက်ထောက်တစ်ယောက်ကို ကိုယ်တာဝန်ပေးထားမယ် မင်း သူ့ကို တစ်ခုခုလိုတာနဲ့ ခေါ်နိုင်တယ်... သူက အားလုံးကိုင်တွယ်နိုင်တယ်... အိမ်ရဲ့ထိန်းချုပ်မှုစနစ်မှာလည်း မင်းရဲ့ လက်ဗွေရာကို ကိုယ်ထည့်ထားလိုက်မယ်..."


" ဖြစ်နိုင်ရင်တော့ မင်း ကျောင်းပြန်တက်ပြီး ပုံမှန်လိုမျိုး ပြန်‌နေနိုင်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်..."


သူမ၏နဖူးပေါ်မှ ဆံပင်များကို ညင်သာစွာ သပ်တင်ရင်းနှင့် သူက ပြောလာသည်။


" ရှေ့ဆက်ရမယ့်နေ့ရက်တွေက အရှည်ကြီး ရှိနေသေးတယ်..."


"ရှင်ကရော ဘယ်လိုလဲ... ရှင်ရော ကျောင်းပြန်မတက်ဘူးလား..."


ကျိအန်းနဉ်က မေးလိုက်သည်။



###


( ဝမ်ကောအန်းက ‌တကယ်ကို စိတ်သဘောထားပြည့်ဝပြီး ချစ်စရာကောင်းတဲ့ဦးလေးကြီးနော် သူ့သားအရင်းမဟုတ်တဲ့ ဝမ်ယွီကို အရမ်းချစ်ပေးခဲ့တာတွေသိပြီး မျက်ရည်ပါလည်မိတယ် 😭)