အပိုင်း၈၅
Viewers 11k

🤚Chapter 85




ဝမ်ယွီက ပြောသည်။

 "ကိုယ် ကျောင်းကနေ ယာယီခွင့်ယူထားတယ်..."


ကျိအန်းနဉ်က ခေါင်းညိတ်လိုက်ပြီး ဝမ်ယွီက မိသားစုကိစ္စကြောင့် ကျောင်းမှ ခဏထွက်သွားကြောင်း အတည်ပြု နေမိသည်။


ဝမ်ယွီက သူမလက်ကိုကိုင်ကာ ခဏမျှ ငြိမ်သက်သွားပြီး  ပြောသည်။


 “ကိုယ့်အဖေရဲ့ကိစ္စက အချိန်ခဏလေးနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ကုမ္ပဏီမှာ ကိုင်တွယ်စရာတွေ အများကြီးရှိတယ်... ဒီရက်ပိုင်းမှာ…”


" ကျွန်မ နားလည်ပါတယ်..."


ကျိအန်းနဉ်က သူ့လက်ကိုညှစ်ပြီး ပြောလိုက်သည်။


 "ရှင် ကျွန်မကို စိတ်ပူနေဖို့ မလိုပါဘူး..." 


"ဟုတ်ပါပြီ... မနက်ဖြန် ကိုယ်မင်းနဲ့အတူလိုက်ခဲ့မယ်..."


ကျိအန်းနဉ်အဖွားကို မီးသဂြိုလ်ခြင်းအား သဘက်ခါတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ဝမ်ယွီ စကားပြောပြီးနောက် သူတို့နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အဓိပ္ပါယ်မဲ့ဘဝနှင့် နေထိုင်နေရာမှလွတ်မြောက်ပြီးနောက် အဖြစ်မှန်ကို ရင်ဆိုင်ခဲ့သည်။


အဖွားဆုံးသွားပြီ...


ဝမ်ယွီ သူ့နှလုံးသားထဲတွင် ခါးသီးစွာ ခံစားလိုက်ရသည်။ သူ့အဖွား၏ ထွက်ခွာသွားမှုအတွက် တာဝန်ယူရမည်မှ သူ မလွတ်မြောက်နိုင်သည့်အပြင် သူ့လုပ်ရပ်၏ မလိုလားအပ်သော အကျိုးဆက်များက ကျိအန်းနဉ်ကို ကြီးကြီးမားမား နာကျင်မှု ဖြစ်စေခဲ့သည်။


ငါ ဘာပြောသင့်လဲ... ဘယ်လိုလုပ်ရမလဲ...


"ကိုယ် တောင်းပန်ပါတယ်" ဟူသည့်စကားကို အစောပိုင်းတည်းက ပြောခဲ့သော်လည်း ၎င်းက အရေးမပါတော့ရုံသာမက ကျိအန်းနဉ် ခံစားရသမျှကိုလည်း ပြေပျောက်အောင် မစွမ်းဆောင်နိုင်ပေ။


"ကိုယ် ..."


သူတစ်ခုခုကို ပြောလိုက်ချင်သော်လည်း သူ့ပါးစပ်ထဲတွင်ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။


ကျိအန်းနဉ်၏လက်က ရုတ်တရက်ပြေလျော့သွားပြီး သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာသည် 


သူမ ခေါင်းကို ခပ်ဖြေးဖြေးလှည့်လိုက်သည်။


ဝမ်ယွီက ပါးစပ်ပိတ်လိုက်သည်။


ကျိအန်းနဉ်က သူမခေါင်းကို နှိမ့်လိုက်ပြီး နဖူးအချင်းချင်း ထိလိုက်ကာ သူတို့လက်များကို အတူတူ ခပ်တင်းတင်း ဖျစ်ညှစ်ထားသည်။


အချိန်အ‌တန်ကြာပြီးနောက် သူမက မေးလာသည်။


" ဝမ်ယွီ ကျွန်မတို့က ထာဝရ အတူတူရှိနေမှာမလား..."


ကျိအန်းနဉ်က သူမကိုယ်သူမ ဤမေးခွန်းကို မေးနေမှန်း မယုံနိုင်ဖြစ်မိသည်။


ယခင်ကမူ ဝမ်ယွီနှင့် ရေရှည်တည်တံ့နေနိုင်မည့် အနာဂတ်ကို မမျှော်လင့်ရဲခဲ့ပေ။ သူတို့နှစ်ယောက်၏ နောက်ဆုံးခွဲခွာမှုအတွက် စောစောစီးစီး ကြိုတင်ပြင်ဆင်မှုများပင် လုပ်ခဲ့သည်။


အလားတူပင် ဝမ်ယွီသည်လည်း ယခင်က ဤမေးခွန်းကိုကြားရပါက ဝမ်းမြောက်ဝမ်းသာဖြစ်ကာ “သေချာတာပေါ့” ဟူ စိတ်ချယုံကြည်နိုင်လောက်စွာ ကတိပေးခဲ့လိမ့်မည်ပင်။


ယခုမူ ဘဝ၏ အတက်အကျနှင့် သေခြင်းနှင့် ခွဲခွာခြင်းတို့ကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ဝမ်ယွီက ရိုးရိုးသားသားပြောလာသည်။


“ကိုယ် မသိဘူး...” 


"မင်းနဲ့ကိုယ် အနာဂတ်မှာ ပြောင်းလဲသွားမလား... ဒါမှမဟုတ် ကိုယ်တို့ ထာဝရ အတူရှိနေမလားဆိုတာ ကိုယ်မသိဘူး... ဒါပေမယ့် အခုလောလောဆယ် ကိုယ်မင်းနဲ့ပဲနေချင်တယ်..."


ထာဝရနှင့် ထာဝရချစ်ခြင်းအတွက် ကတိမထားနိုင်ခဲ့သော်လည်း ကျိအန်းနဉ်အတွက်က လုံလောက်နေပြီဖြစ်သည်။


သူမ အနည်းငယ် ပြုံးလိုက်သည်။


သူမသည် ခါးမတ်မတ်ထိုင်ကာ အရေးကြီးသောအရာတစ်ခုကို ပြောပြချင်သည်။


"ဒီနေ့ အဲဒီကားထဲမှာ ရှိနေတဲ့သူ... ရှင်သူ့ကို သတိထားရမယ်..." 


ကျိအန်းနဥ်က ပြောသည်။


ဝမ်ယွီက သူမကို အံ့ဩသောအမူအရာဖြင့် ကြည့်ကာ မေးလာသည်။


 "ဘာလို့လဲ မင်းသူ့ကိုသိလို့လား..."


"ကျွန်မ သူ့ကို မသိပါဘူး..." 


ကျိအန်းနဉ်က ခေါင်းခါသည်။


 “ကျွန်မ… သူ့ကိုတွေ့တော့  ပြင်းပြင်းထန်ထန် ရင်တုန်သွားမိတယ်‌လေ... ကျွန်မရဲ့ ဆဋ္ဌမအာရုံက တော်တော်လေးသန်မာတယ်ပြောရမယ်...  ကျောင်းချန်နဲ့ ယန်ပေါ် ကိုတွေ့တုန်းကလည်း ဒီလိုပဲ ခံစားရတယ်..."


ပြန်လည်မွေးဖွားခြင်းသည် အမှန်တကယ်ပင် ယုံကြည်ရန်နှင့် ရှင်းပြရန် ခက်ခဲသောအရာတစ်ခုဖြစ်သောကြောင့် ကျိအန်းနဉ်က သူမ၏ခံစားချက်များကို "ဆဋ္ဌမအာရုံ" အဖြစ်သတ်မှတ်ခဲ့သည်။


ကျောင်းချန်သည် အခြားကိစ္စတစ်ခုဖြစ်သော်လည်း ကျိအန်းနဉ်က  ယန်ပေါ် ကိုလည်း အလားတူ ပြောခဲ့သည်။


ဝမ်ယွီ၏ အကြည့်များက ရှုပ်ထွေးနေကာ မေးလိုက်သည်။ 


 “အဲဒီလူက ဘယ်သူလဲဆိုတာ သိလား...” 


ကျိအန်းနဥ် ခေါင်းခါလိုက်သည်။

သူမအိပ်မက်ထဲမှ သက်လတ်ပိုင်းအရွယ်အမျိုးသားက မည်သူဖြစ်ကြောင်း အမြဲသိချင်ခဲ့သော်လည်း သူမမှာ သဲလွန်စမရှိခဲ့သလို ယနေ့ သူ့ကိုတွေ့ရန်လည်း မမျှော်လင့်ခဲ့ပေ။


ဝမ်ယွီသည် ကျိအန်းနဥ်အား မပြောမီ သူ့စိတ်သူပြင်ဆင်ကာ အချိန်ယူခဲ့သည်။


 “သူက ကိုယ့်အဖေရင်းပါ...” 


ကျိအန်းနဉ် ထိတ်လန့်သွားသည်။


ဝမ်ယွီက မတ်တပ်ထရပ်၍ ကော်ဖီစားပွဲပေါ်တွင်ထိုင်ကာ သူ့အခြေအနေနှင့်ပတ်သက်သည့် အရာအားလုံးကို ကျိအန်းနဥ်အား မပြောပြမီ ခဏတာ ငြိမ်သက်နေခဲ့သည်။


နောက်ဆုံးတွင် ကျိအန်းနဉ်က ယန်ယွမ်ပြော‌ခဲ့သောစကားစ၏ မူလဇစ်မြစ်ကို နားလည်ခဲ့သည်။

 ( ငါတို့ ဒီဘဝမှာတော့ ရေစက်မပါဘူးထင်တယ် )


သူမက မေးသည်။ 


“သေချာလား အဲဒီလူက ရှင့်အဖေရင်းလား..."


အကယ်လို့ သူက ဝမ်ယွီရဲ့အဖေရင်းဖြစ်ခဲ့ရင် အတိတ်ဘဝတုန်းက မှန်ခန်းကနေ သူ့ကိုဘာလို့ ကဲ့ရဲ့ရှုတ်ချသလို ဆက်ဆံခဲ့တာလဲ...


ဝမ်ယွီ ကြာမြင့်စွာ နှုတ်ဆိတ်နေပြီးမှ ပြောလာသည်။


“သေချာတယ်..."


ဝမ်ယွီက သူ၏ရုပ်ရည်သွင်ပြင်မှာ ချန်းလျန်နှင့်သာတူပြီး ဝမ်ကောအန်းနှင့် မတူသည်ကို ယခင်တည်းက သိခဲ့သည်။ယခုအချိန်၌ ယန်ယွမ်သည် သူ၏ဖခင်အရင်းဖြစ်ကြောင်း သိလိုက်ရသော်လည်း သူတို့၏မျက်နှာသွင်ပြင်များတွင် ဆင်တူသည့်နေရာများရှိကြောင်း သိလိုက်ရသည်။


မျိုးရိုးဗီဇနှင့် DNA တို့က ခိုင်မာသော အထောက်အထားများဖြစ်၍ သားဖွားစစ်ဆေးမှုပြုလုပ်ရန် မလိုအပ်တော့ပေ။


ကျိအန်းနဥ် အနည်းငယ် အံသြသွားသည်။ သူမမှာရှိသမျှ အချက်အလက်က အပိုင်းအစများသာ ဖြစ်ခဲ့ရပြီး ပုံတစ်ခုလုံးကို ပေါင်းစပ်မရခဲ့ပေ။


“ဘယ်လိုပဲဖြစ်ဖြစ်...”


သူမက ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဆက်ပြောသည်။ 


 “ရှင့် အဖေအရင်းဖြစ်ပေမဲ့... သူကရှင့်ကို ပျိုးထောင်ခဲ့တာမဟုတ်တော့ သတိထားသင့်‌နေတုန်းပဲ...”


ဝမ်ယွီက သူမစကားများကို အလေးအနက်မထားမည်အား စိုးရိမ်၍ သူမက ထပ်ပေါင်းပြောသည်။


"တကယ်တော့ သူ့ကိုမြင်လိုက်တာနဲ့ ယန်ပေါ် ကို ပထမဆုံးမြင်လိုက်ရတုန်းကလိုမျိုးပဲ စိတ်ထဲမှာ တင်းကြပ်သွားသလို ခံစားလိုက်ရတယ်..."


ဝမ်ယွီ၏အမူအရာမှာ ပို၍ပင်ရှုပ်ထွေးလာသည်။


ကျိအန်းနဉ်ပြောသည်က အမှန်အမှား မသေချာသော်လည်း တစ်ခုခု လွဲမှားနေသည်က သေချာသည်။


ဝမ်ယွီက မမေးဘဲမနေနိုင်တော့ပေ။


"ယန်ပေါ်က ဘယ်သူလဲဆိုတာ မင်းသိလား... ”


ကျိအန်းနဥ်က ခေါင်းခါလိုက်သည်။


ဝမ်ယွီက သက်ပြင်းချလိုက်ပြီး  ပြောသည်။


 "ကိုယ့်အ‌ဖေအရင်းက ယန်ယွမ်...  ယန်ပေါ် က သူ့သားပဲ..."


ထို့ကြောင့် ယန်ပေါ်က ဝမ်ယွီ၏ ဖအေတူ အမေကွဲညီအစ်ကိုဖြစ်သည်။


ကျိအန်းနဉ် ထိတ်လန့်တုန်လှုပ်သွားသည်။


ဤဖော်ပြချက်ကြောင့် ကျိအန်းနဥ်၏ အစောပိုင်းက စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားခဲ့သည်။ ယန်ယွမ်က ရန်သူဖြစ်ကြောင်း သူမစိတ်ထဲ ယခုသေချာသလောက်ဖြစ်နေပြီဖြစ်သည်။


သူမ၏ယခင်ဘဝတွင် ဝမ်ယွီက သူမကြောင့် ဤသားအဖနှစ်ယောက်နှင့် ရင်ဆိုင်ခဲ့ဖူးသည်။


သူမ ဝမ်ယွီ၏လက်ကို ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။ 


“ဖခင်အရင်းတစ်ယောက်ဖြစ်တာနဲ့ပဲ သူ့ကို အလိုလိုယုံစရာမလိုဘူး...  ကျွန်မအဖေကလည်း အဖေအရင်းဖြစ်ပြီး ကျွန်မကို စွန့်ပစ်ခဲ့တာ... တကယ် အရေးကြုံလာတဲ့အခါ ငွေနဲ့ပတ်သက်ရင် သွေးသားရင်းမြစ်တွေက သိပ်ပြီး အားကိုးလို့မရဘူး...”


"ဝမ်ယွီ ကျွန်မရှင့်ကိုပြောပြမယ်... သွေးသားဆက်ဆံရေးနဲ့ စိတ်ခံစားချက်က မတူညီတဲ့အရာနှစ်ခုပဲ...”


သွေးသားဆက်ဆံရေးအရ ဖခင်တစ်ဦးကို အဖွားထက် ပို၍ရင်းနှီးသည်မှာ သံသယရှိစရာမလိုပင်။ သို့သော်လည်း သူမအဖေက သူမကို ထားခဲ့ပြီး အဖွားက သူမကို ဘယ်သောအခါမှ မစွန့်ပစ်ခဲ့ပေ။ အကြောင်းမှာ ကိစ္စတစ်ခုတွင် သွေးရင်းသားရင်းဖြစ်ပြီး နောက်တစ်ခုတွင် ပို၍ဝေးကွာနေသော်လည်း ရေရှည်ဆက်ဆံမှုမှလာသော စိတ်ခံစားမှုဆိုင်ရာဆက်သွယ်မှု ရှိနေသောကြောင့်သာဖြစ်သည်။


ထို့ကြောင့် သူက သူမကို စွန့်ပစ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် သူက အားစိုက်ထုတ်မှု မရှိခဲ့ပေ။


ကျိအန်းနဥ်၏ တုန်လှုပ်ချောက်ချားမှုနှင့် သူမစကားများကို နားထောင်ရင်း ဝမ်ယွီ သက်သာရာရစွာ ပြုံးလိုက်သည်။


“စိတ်မပူပါနဲ့...” 


သူက  သူမလက်ကို ကိုင်ထားပြီး ပြောသည်။


 “ကိုယ်နားလည်ပါတယ် ကိုယ့်အဖေအစစ်က ဘယ်သူလဲဆိုတာ ကိုယ့်စိတ်ထဲကနေ သိတယ်..."


ဝမ်ယွီနှင့် ကျိအန်းနဥ်တို့က အတော်ပင်လွန်ကဲလှသော ခွဲခွာခြင်းကို ရက်ပေါင်းများစွာ တွေ့ကြုံခဲ့ရပြီး နောက်ဆုံးတွင် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ ကောင်းမွန်စွာ အနားယူခဲ့ကြသည်။


နောက်တစ်နေ့တွင် ဝမ်ယွီက အစောကြီး ထွက်သွားကာ ကောအမည်ရှိသော လူငယ်တစ်ဦးကို လက်ထောက်တစ်ဦးအဖြစ် ခေါ်ယူရန် စီစဉ်ခဲ့သည်။


"လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက သခင်လေးဝမ်က ကျွန်တော့်ကို မင်းရဲ့အနားမှာ ထားခဲ့တာ... တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုရှာဖို့ အားမနာပါနဲ့...”


သူ့ပုံစံက  အင်အားရှိပြီး အားကိုးရသည့်လူတစ်ယောက်သဖွယ် ဖြစ်နေသည်။


လက်ထောက်ကောက ကျိအန်းနဉ်ကို ချင်းဟွာတက္ကသိုလ် မိသားစုအိမ်ရာသို့ပြန်ပို့ခဲ့သည်။


ကျိအန်းနဥ် အပေါ်ထပ်သို့တက်သွားသည်။ တိုက်ခန်းတံခါးက မီးသတ်သမားများကြောင့် ပျက်စီးနေပြီဖြစ်ပြီး အတွင်းခန်းမှာ မီးခိုးများနှင့် ပြည့်နေသည်။ နံရံများ မီးလောင်ကျွမ်းခဲ့ပြီး ဧည့်ခန်းရှိ ပရိဘောဂများနှင့် အသုံးအဆောင်များ အားလုံး ပျက်စီးခဲ့သည်။


ကျိအန်းနဉ်က ဆိုးရွားသော မြင်ကွင်းကို ကြည့်ပြီး မျက်ရည်များထိန်းကာ အိပ်ခန်းထဲသို့ လျှောက်သွားခဲ့သည်။ မီးလောင်မှုက ဧည့်ခန်းမှ အိပ်ခန်းသို့ ပျံ့နှံ့သွားပြီး အပူချိန်မြင့်မားမှုကြောင့် မှန်ပြတင်းပေါက်များ ကွဲအက်သွားခဲ့သည်။ ထူထပ်သော မီးခိုးများနှင့် မီးတောက်များကို ပြင်ပလူများက ရှာဖွေတွေ့ရှိခဲ့သည်။


အိပ်ခန်း၏အိပ်ယာလည်း မီးလောင်သွားသည်။ ဗီရို၏တံခါးတစ်ခုက ပြုတ်ကျပြီး အခြားတစ်ခုက မီးလောင်သွားခဲ့သည်။ အတွင်း၌ ချိတ်ထားသော အဝတ်များ ပျက်စီးသွားသော်လည်း အောက်ခံထူထဲသော စောင်အများစုမှာ ကျန်ရှိနေဆဲ ဖြစ်သည်။


ကျိအန်းနဥ် အောက်သို့ငုံ့ကာ စောင်အောက်သို့ စမ်းလိုက်သည်။


ဝမ်ကောအန်းပေးခဲ့သော လက်ကောက်က အဖိုးတန်လွန်းသောကြောင့် ဗီရိုအောက်ခြေရှိ အဝေးဆုံးထောင့်တွင် သိမ်းဆည်းထားသည်။


ဘူးက မပျက်စီး၍ အခြေအနေကောင်းနေသေးသော လက်ကောက်ကို ကျိအန်းနဥ် ဖွင့်ကြည့်လိုက်သည်။ ဘူးကို လွယ်အိတ်ထဲ ထည့်ထားလိုက်ပြီး အခန်းကို စူးစမ်းကြည့်သည့်အခါ မည်သည့်အရာကမှ ယူသွားရန် အဖိုးမတန်ကြောင်း သိလိုက်ရသည်။


သူမနှင့် သူမအဖွား ယွီရှုမှ ပြောင်းလာသောအခါ အဝတ်အစားများနှင့် အခြေခံအိမ်သုံးပစ္စည်းများကို ယူဆောင်လာခဲ့သည်။ သူတို့၏ မျှဝေခံစားသော ဘဝတွင် အမှတ်တရအဖြစ် ဆောင်ထားရန် မည်သည့်အရာမှ မကျန်တော့သည်မှာ အံ့ဩစရာပင်။


ကံကြမ္မာက သူမအဖွား၏ ဖြစ်တည်မှု ခြေရာများကို သူမဘဝထဲက ဖျက်ပစ်လိုက်သလိုပင်။


ကျိအန်းနဥ် မီးအကြွင်းအကျန်များကြားတွင် ကြာမြင့်စွာရပ်နေခဲ့သည်။


လက်ထောက်ကောက တံခါးဝတွင် သူမကို စောင့်ကြည့်နေပြီး ခေါင်းကို လှည့်လိုက်သောအခါ နောက်ခံအလင်းရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော နူးညံ့ကာ ပျက်စီးလွယ်သည့် မိန်းကလေးငယ်လေး၏မြင်ကွင်းကို တွေ့လိုက်ရသည်။


ကျိအန်းနဉ်က ဒါရိုက်တာရွှီနှင့် လျော်ကြေးငွေကိစ္စဆွေးနွေးရန် တက္ကသိုလ်သို့ သွားခဲ့သည်။


ဒါရိုက်တာရွှီက သူမကိုမြင်သောအခါ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။ သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများက အသက်ကြီးခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို ငယ်ရွယ်သူများထက် နက်နဲစွာ နားလည်သဘောပေါက်ကြသည်။


ကျိအန်းနဉ်က သူမ၏ရည်ရွယ်ချက်ကို ရှင်းပြသည့်အခါ သူက လက်ကိုဝှေ့ယမ်းပြီး ပြောလာသည်။


 "မင်းကို လျော်ကြေးပေးဖို့ မတောင်းဆိုဖို့ အကြိီးပိုင်းက ငါတို့ကို ညွှန်ကြားထားတယ်..."


ကျိအန်းနဉ်က ဒါရိုက်တာရွှီကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။


 " ကျေးဇူးတင်ပါတယ် ဆရာနဲ့ကျောင်းကို ဒုက္ခရောက်စေမိပြီ... "


ထိုအချိန်တွင် သူမက သတိမေ့သွားခဲ့ပြီး ဝမ်ယွီမှာလည်း မတည်မငြိမ်ဖြစ်နေသည်။ သူမကိစ္စများကို သူ တစ်ယောက်တည်း ဆောင်ရွက်နိုင်ခဲ့သည်မှာ သေးငယ်သော စွမ်းဆောင်ချက်မဟုတ်ပေ။ ဒါရိုက်တာရွှီက သူမ၏အဖွားကို သဂြိုလ်ရန် နာရေးကူညီမှုအသင်းသို့ ဆက်သွယ်ကာ အခြားအရာများ ကူညီပေးခဲ့သည်။ ကျိအန်းနဉ်က သူ့ကို အလွန်ကျေးဇူးတင်မိသည်။


ဒါရိုက်တာရွှီက သက်ပြင်းတစ်ချက်ချလိုက်ပြီး  သူမကိုတောင်းဆိုသည်။


 "မင်းအနာဂတ်မှာ ပြဿနာတစ်ခုခုကြုံလာရင် ကျောင်းကို အမြဲအကူအညီတောင်းနိုင်တယ်နော်..."


ကျိအန်းနဥ်က ခေါင်းခါပြီး ပြောလာသည်။


 "မဟုတ်ဘူး ဒီစာသင်နှစ်အတွက် ပညာသင်ဆု မလျှောက်ဖို့ ကျွန်မဆုံးဖြတ်ထားတယ်..."


အမှန်တွင် ကျိအန်းနဉ်နှင့် သူမအဖွားက တစ်ယောက်နှင့်တစ်ယောက် မခွဲခွာနိုင်သော်လည်း အဖွားမရှိလျှင် သူမက ငွေကြေးဝန်ထုပ်ဝန်ပိုးများမှ လွတ်မြောက်နိုင်သည်။ သူမအလုပ်ကရသည့်ငွေဖြင့် သူမကိုယ်သူမ အလွယ်တကူ ထောက်ပံ့နိုင်သည်။


ယခုအချိန်က နေ့လယ်ပိုင်းကျောင်းလွှတ်ချိန်မဟုတ်သေး၍ ကျောင်းဝင်းအတွင်း ပြန့်ကျဲနေသော ကျောင်းသားအုပ်စုငယ်များ ရှိသော်လည်း အများစုမှာ စာသင်ခန်းအတွင်းတွင် ရှိနေကြသည်။


ကျိအန်းနဥ် အားကစားကွင်းကို ဖြတ်သွားသောအခါ ကျောင်းသားများက ကာယပညာသင်တန်းတက်နေသည်ကို တွေ့လိုက်ရသည်။


သူတို့အားလုံးက တက်ကြွမှုအပြည့်နှင့် တောက်ပသည့်နေရောင်ခြည်ကို ဖက်တွယ်ထားကြသည်။


ကျိအန်းနဥ်က အေးအေးလူလူဖြစ်နေသော အတန်းဖော်များကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။


အပြန်လမ်းတွင် လက်ထောက်ကောက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့၍ ဝမ်ယွီ၏ နေထိုင်ရာ လိပ်စာတစ်ခုကို ခေါ်ဆိုသူအား ပေးခဲ့သည်။


သူတို့ပြန်လာသည့်အခါ လက်ထောက်အမျိုးသမီးတစ်ယောက်က သူနှင့်အတူ လူနှစ်ယောက်ကို ခေါ်လာပြီး အဝတ်အစား မြောက်မြားစွာနဲ့ ဖိနပ်တစ်ရံကို ယူလာသည်။


ကျိအန်းနဉ်ထံတွင် သူမဝတ်ထားသည့်အဝတ်နှင့် အိတ်တစ်လုံးမှလွဲ၍ အခြားဘာမှမရှိပေ။ ထိုနေ့က သူတို့ထွက်သွားချိန်တွင် သူမက ဝမ်ယွီ၏အဝတ်အစားများကို ဝတ်ထားပြီး သူနှင့်ကြီးနေသောဘောင်းဘီကို ခါးပတ်ဖြင့် ပတ်ထားလိုက်သည်။


သူမအဝတ်အစားများက ညစ်ပတ်နေပြီး ဤရက်ပိုင်း သူမ  ထိုကိစ္စကို စိတ်ထဲမထားနိုင်ခဲ့ပေ။ ယမန်နေ့တွင် အိမ်အကူက သန့်ရှင်းရေးလုပ်ထားခြင်းဖြစ်၍ ယနေ့တွင် သူမကိုယ်ပိုင်အ၀တ်အစားများ ပြန်လဲခဲ့ရာ ဤတစ်စုံသာရှိတော့သည်။


ဝမ်ယွီက ဤမျှလောက် အလုပ်များနေသော်လည်း ထိုအရာလေးများကို တွေးတောနိုင်သေးမည်ဟု သူမ မမျှော်လင့်ထားပေ။


ဝမ်ယွီ ပြန်မလာမီ ကျိအန်းနဥ်က နောက်ကျသည်အထိ စောင့်ခဲ့သည်။


သူမ ဆိုဖာပေါ်တွင် အိပ်ပျော်သွားပြီး သူက သူမကို ပွေ့ချီလာသောအခါမှ နိုးလာသည်။


"ပြန်လာပြီလား...အရမ်းနောက်ကျတယ်‌နော်..."


သူမ မျက်လုံးများကို ပွတ်သပ်လိုက်သည်။


“ကိိုယ် ဒီရက်တွေနောက်ကျမှ အိမ်ပြန်လာဖြစ်မယ် ကိုယ့်ကို စောင့်မနေဘဲ စောစောအိပ်နော်..."


သူ ရေချိုးပြီး အိပ်ယာထဲ ပြန်ရောက်ချိန်တွင် သူက ကျိအန်းနဥ်ကို တခြားဘာမှမလုပ်ဘဲ တင်းတင်းကြပ်ကြပ်  ပွေ့ဖက်ထားလိုက်သည်။


ကျိအန်းနဥ် အချိန် မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိပေ။ သူမ ရုတ်တရက် နိုးလာချိန်တွင်မျက်နှာကျက်ကို စိုက်ကြည့်နေဆဲဖြစ်သည့်ဝမ်ယွီကို တွေ့လိုက်ရသည်။


"အိပ်လို့မရဘူးလား... "


သူမက ထထိုင်ရင်းမေးသည် 


"ဟုတ်တယ်... ကိုယ်စဉ်းစားနေတာ..."


ကျိအန်းနဥ်က သူ့စိတ်ထဲမှာ ဘာဖြစ်နေသည်ကို မမေး ပေ။သူမ သူ့ပခုံးပေါ်မှီ၍ နဖူးနှင့် သူ့ပါးပြင်ကို ကိုင်ကာ သူမရင်ခွင်ထဲရောက်သည်ထိ သူ့ကိုဖက်ထားလိုက်သည်။


ခဏအကြာတွင် ဝမ်ယွီက တိုတိုးလေးပြောသည်။


“အန်းနဉ်…”


ကျိအန်းနဉ်က ဖြေလာသည်။


" ကျွန်မ ရှိတယ်..."


ဝမ်ယွီက ဆက်ပြောသည်။


“မနေ့က အဖေက ကိုယ့်ကို ရွေးချယ်စရာ မေးခွန်းတစ်ခုပေးခဲ့တယ်... ”


"ဘာများလဲ..."


 ကျိအန်းနဥ်က မေးသည်။


“သူက ကိုယ့်ကို ဘယ်သူက ကိုယ့်အဖေဖြစ်မယ်ဆိုတာကို ရွေးခိုင်းတယ်... ”


ကျိအန်းနဥ် ချက်ချင်းပင် သတိကပ်လာပြီး မေးလိုက် သည်။


"ရှင် ရွေးနိုင်ခဲ့လား..." 


"အင်း တကယ်တော့ ရွေးစရာမလိုပါဘူး... "


"ကိုယ့်ရင်ထဲမှာ အဖေတစ်ယောက်ပဲရှိတယ်..."




###