🤚Chapter 86
ထိုအချိန်တွင် ဝမ်ယွီက ဝမ်ကောအန်းကို ချက်ချင်းပြောခဲ့သည်။
"ဘာကိုရွေးနေရဦးမှာလဲ ကျွန်တော့်မျိုးရိုးနာမည်က ဝမ် လေ..."
“ကျွန်တော် ကြီးပြင်းလာတဲ့အချိန်မှာ သူ့မျက်နှာကို တစ်ခါမှ မပြဖူးတဲ့ ယောကျာ်းတစ်ယောက်က အခုမှ ကျွန်တော့်အဖေဆိုပြီး ရုတ်တရက်ပေါ်လာတာ ဘာလုပ်ရမှာလဲ... သူသုတ်ပိုးထုတ်ပေးထားတာမို့ အဖေလို သတ်မှတ်ရမှာလား...”
"အဖေက ကျွန်တော့်အဖေမဟုတ်လို့ စိတ်မဆိုးဘူး...ကျွန်တော်က အဖေ့ရဲ့သားမဟုတ်လို့ စိတ်မကောင်းဖြစ်မိတာ..."
"လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ကျွန်တော်ဘယ်လောက်ကြောက်နေမှန်း အဖေမသိဘူး ... ကျွန်တော် အဖေ့ကိုတွေ့ဖို့ အရမ်းကြောက်နေခဲ့တာ လုံးဝကို အဓိပ္ပာယ်မဲ့သလိုမျိုး နေထိုင်ခဲ့ရတာ..."
“အဖေသာ ကျွန်တော့်ကို တကယ့်သားအရင်းလို့ ယူဆထားမှန်းသိခဲ့ရင် ဘာလို့ ဒီနှိပ်စက်မှုဒဏ်ကို ခံစားနေရမှာလဲ... ဘာလို့ ကျွန်တော်က အဖေ့ကို ဒီမှာဒုက္ခခံစားစေရမှာလဲ..."
“ကျွန်တော်…”
ဝမ်ယွီက မကျေမနပ်ဖြစ်ကာ မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။ သူ ဆက်မပြောနိုင်တော့ပေ။
သူက ယန်ယွမ်၏ဆိုးသွမ်းသော ရည်ရွယ်ချက်များ၊ နှလုံးသားမဲ့မှုများကို ဒေါသထွက်ခဲ့ပြီး သူ့၏အားနည်းချက်နှင့် ရှက်ရွံ့မှုကိုလည်း ဒေါသထွက်ခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ အဓိပ္ပါယ်မဲ့သော အပြုအမူမှာ ဝမ်ကောအန်းကို ဤနေရာတွင် ချုပ်နှောင်ထားခဲ့ပြီး ဝမ်ကောအန်းသည် သူ့အပေါ် မည်မျှအထိ စိတ်ပျက်နေမည်ကို မသိခဲ့ပေ။ သူ့အသက်အရွယ်ကြောင့် ဤစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကို ခံနိုင်ရည်ရှိခဲ့၍ ဝမ်ယွီက ဤအကြောင်းကို တွေးလိုက်တိုင်း သူ့ကိုယ်သူ ရိုက်နှက်ဆုံးမချင်ခဲ့သည်။
သို့သော်လည်း ဝမ်ကောအန်းကရယ်မောလာပြီး သူ့ကိုဆူပူသည်။
" မင်းက အရူးလေးပဲ... "
သူက ပြောသည်။
"မင်းအဖေရင်း..."
"တော်တော့ တော်ပါတော့..."
ဝမ်ယွီက ထိုစကားလုံးကိုမကြားချင်ပေ။
"ဘာက အဖေရင်းလဲ ဘာက အဖေ့အရင်းမဟုတ်ရတာ လဲ... အလွန်ဆုံးမှ သူက သုတ်ပိုးလှူခဲ့ရုံပဲ... ကျွန်တော်က သူ့ရဲ့ တစ်ခဏတာ မတော်တဆသာယာမှုရဲ့ ထုတ်ကုန်သက်သက်ပဲ... သူက ကျွန်တော့်ကိုရှိလာဖို့ အလိုမရှိခဲ့ဘူး ..."
"သူ ကျွန်တော့်ကို မသိသေးခင်ကရော ကျွန်တော့်တို့ပတ်သက်မှုကိုသိပြီးချိန်မှာကော အဲ့ဒီအတွေးတွေကို တွေးထားပြီး ကျွန်တော့်ကို အသိအမှတ်မပြုခဲ့ဘဲ အဖေ့ဘေးမှာပဲ... ရှိစေခဲ့တာ သူကသိုးထိန်းမို့လား အို့ ခုချိန်မှ သူကစာရင်းရှင်းချင်တာလား သွားသေလိုက်... "
"ကျွန်တော် သူ့ကို အသိအမှတ်မပြုဖူးဘူး သူ့ဘာသာသူ သတ်မှတ်နေတာ... ဒီကံကြမ္မာ သူ့ကို ပြန်ခြောက်လှန့်နေတာက ကျွန်တော့်အမှားမှမဟုတ်တာ... "
ဝမ်ကောအန်းက ပြောသည်။
"မင်းအမေသေတဲ့ကိစ္စက သူနဲ့ပတ်သက်နေတယ်..."
ဝမ်ယွီ၏အမူအရာက အေးခဲသွားသည်။
"ကျွန်တော် အဖေ့ကို အစတည်းက မေးချင်ခဲ့တာ အဲ့ဓားက ဘယ်လိုဖြစ်ခဲ့တာလဲ... ဘယ်လိုလုပ်ပြီး အဖေ့ရဲ့လက်ဗွေရာရှိနေရတာလဲ..."
သူက သိချင်လာသည်။
"မင်းအမေက အဲဒါကို စီစဉ်ထားတာ..."
ဝမ်ကောအန်းက ခေါင်းခါပြီး ပြောလာသည်။
"အခုတော့ အဲဒါကို တွေးကြည့်တော့ အဲဒီနောက်ဆုံးနေ့ပဲ သူက ငါနဲ့ တမင်စကားများပြီး အိမ်ကလူတိုင်းကြားအောင် သေချာအောင်လုပ်ခဲ့တာ... အဲဒီဓားက လက်ရာတွေကို ရက်အတော်ကြာအောင် သူပဲ စီစဉ်ခဲ့တာ...”
ဝမ်ကောအန်း တစ်နေ့တွင် သူ အောက်ထပ်သို့ ဆင်းသွားသောအခါ ချန်းလျန်က သခွားမွှေးသီးကိုလှီးချင်သော်လည်း အရေပြားက ထူသောကြောင့် သူ့ကိုရပ်တန့်စေပြီး အကူအညီတောင်းခဲ့သည်ကို မှတ်မိသေးသည်။
ရေခဲသေတ္တာထဲတွင် စားဖိုမှူးက အလုပ်မဆင်းမိ ညစာစားပြီးချိန်စားရန် ရည်ရွယ်ထားသည့် သစ်သီးပန်းကန်တစ်လုံးထားခဲ့သည်။ သူမက အဆင်သင့်လုပ်ထားသော အသီးပန်းကန်ပြားကို မထိဘဲထားခဲ့ပြီး သခွားမွှေးသီးကို ကိုယ်တိုင်လှီးဖြတ်ရန် တောင်းဆိုခံ့သည်။
သို့သော် ထိုအချိန်တွင် ဝမ်ကောအန်းက သူ့ကို ထောင်ချောက်ဆင်နေမှန်း အမှန်တကယ် မသိခဲ့ပေ။
သူတို့နှစ်ယောက်တွင် သိသာထင်ရှားသည့် အသက်အရွယ် ကွာခြားချက်ရှိပြီး သူမကို လိုက်ခဲ့စဥ်အချိန်က တုန်နေအောင်ချစ်ခဲ့သည်။ နှစ်ကြာလာသည်နှင့်အမျှ ချန်းလျန်ကသက်တောင့်သက်သာရှိတဲ့ဘဝကို ခံစားခဲ့ရပြီး သူတို့တွဲခဲ့ စဉ်ကထက်ပင် သူမက ပိုသိမ်မွေ့လာခဲ့သည်။ သူမကိုယ်တိုင် သခွားမွှေးသီးကို လှီးချင်စိတ် မရှိတော့သည်ကို ဝမ်ကောအန်းက ထူးဆန်းသည်ဟု မမြင်ခဲ့ပေ။
ယောက်ျားတစ်ယောက်အနေနှင့် ဤသို့အသေးအဖွဲကိစ္စမျိုးအတွက် သူမကို ငြင်းခုံရန် စိတ်မ၀င်စားဘဲ ကူညီပေးရန် ဓားကိုင်လိုက်သည်။
ထိုအချိန်တွင် ထိုဓားက သူ၏လက်ဗွေရာများကို ရရှိထားရမည်ဖြစ်သည်။
ချန်လျန်း၏နှလုံးသားက မှောင်မိုက်နေ၍ ဝမ်ယွီ၏ သွားများကို ဖိကြိတ်နေစေသည်။
ယန်ယွမ်အတွက် သူ့မှာ ခံစားချက်မရှိပေမယ့် ချန်းလျန်က ယန်ယွမ်နဲ့ ဘယ်လိုတူနိုင်မလဲ...
ချန်းလျန်က သူ့မိခင်ဖြစ်သည်။ ဝမ်ကောအန်းကဲ့သို့ သူမနှင့် မနီးစပ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အဆက်အသွယ်က ရှိနေဆဲဖြစ်သည်။
ဤအခြေအနေမျိုးတွင် ဖိုစိတ်ပိုင်းဆိုင်ရာနှောင်ကြိုးက အမှန်ပင် နှိပ်စက်ညှဉ်းပန်းခဲ့သည်။
စားပွဲပေါ်မှ လက်သီးဆုပ်များကို မြင်သည့်အခါ ဝမ်ကောအန်းက နားလည်သဘောပေါက်ပြီး စိတ်ခံစားမှုကို သက်သာစေရန် သူ့လက်မောင်းကို ညင်သာစွာ ပုတ်လိုက်သည်။
"ဘာလို့ သူက ဒီလောက်တောင် မိုက်မဲရတာလဲ... သူ တကယ် လိုချင်တာကဘာလဲ..."
ဝမ်ယွီ အံကြိတ်လိုက်သည်။
ဝမ်ကောအန်းက သက်ပြင်းချပြီး ပြောလာသည်။
“လူတွေအားလုံး ဒီလိုပါပဲ... မင်းမှာ ဝက်ဝံခြေသည်းရှိတဲ့အခါ ငါးအကြောင်း တွေးတယ်.... မင်းမှာ ငါးရှိတဲ့အခါ ဝက်ဝံရဲ့ ခြေသည်းအကြောင်း တွေးတယ်... ငါးကို အချိန်အကြာကြီးစားပြီးရင် ဝက်ဝံခြေသည်း မပြောနဲ့ရိုးရိုးပေါင်မုန့်တစ်ပိုင်းတောင် မင်းရှေ့က ငါးထက် အနံ့ပိုကောင်းတယ်လေကွာ..."
ချန်းလျန်က ငယ်ရွယ်စဉ်တွင် ချစ်တတ်ခဲ့သော်လည်း ငွေ၏သွေးဆောင်မှုကို မခံနိုင်ဘဲ အချစ်ကို စွန့်လွှတ်ကာ ငွေကို ရွေးချယ်ခဲ့သည်။
နှစ်ပေါင်းများစွာ ဇိမ်ကျကျနေထိုင်ပြီးနောက် တစ်ချိန်က သူမကို စိတ်လှုပ်ရှားစေပြီး အာရုံခံစားမှုများကို ဆွဲဆောင်နိုင်ခြင်းများကြောင့် ဘဝအဓိပ္ပါယ်ပျောက်ကွယ်သွားခဲ့သည်။
သူမ ဆုံးရှုံးသွားသောအချစ်က သူမ၏ လရောင်ဖြူအဖြစ် ပြောင်းလဲသွားပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြီးမားလာကာ စိတ်ဝိညာဉ်ဖြေသိမ့်ရာအရင်းအမြစ် ဖြစ်လာသည်။
အကယ်၍ အခြားသူတစ်ဦးသာဖြစ်ခဲ့လျှင် ဤအတိုင်းအတာအထိ ရောက်မည်မဟုတ်ပေ။ ကံမကောင်းသည်မှာ လွန်ခဲ့သည့်နှစ်များက သူမချစ်သူဟောင်းက မိန်းမများကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သိသော ချောမောသူတစ်ဦးဖြစ်လာသည်။ အသက်ကြီးလာသည်နှင့်အမျှ သူ၏ဖြားယောင်းနိုင်စွမ်းလည်း တိုးလာကာ လက်ရှိ ချန်းလျန်ကို လှည့်စားနိုင်သည်။
သူက အမှန်တကယ်ကို ကျွမ်းကျင်လွန်းသည်။
" အဲ့ဒီလို အကြံတွေရှိနေတယ်ဆိုရင် သူက နှစ်ပေါင်းများစွာ စွဲလန်းနေခဲ့တဲ့ငွေတွေကို ဘာလို့ချက်ချင်း လက်လျှော့လိုက်တာလဲ ပိုက်ဆံနဲ့ပတ်သက်ရင် အဖေ ဒီနှစ်တွေမှာ သားကို အကုန်လုံးပေးနေတာမဟုတ်ဘူးလား..."
ဝမ်ယွီ အံ့ဩသွားသည်။
သူမက ဝမ်ကောအန်းထက် များစွာငယ်ရွယ်၍ အချိန်အတိုင်းအတာတစ်ခုအထိ သည်းခံနိုင်သေးသည်။
ဤအရာကိုပြောလာခြင်းကြောင့် ဝမ်ကောအန်းကို မျက်ခုံးပင့်သွားစေခဲ့သည် ။
“သူ သွေးဆုံးပြီလေ...”
သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချသည်။
“မီးယပ်သွေးဆုံးချိန်က အမျိုးသမီးတစ်ယောက်ကို ဘယ်လိုမျိုး ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ တွေးကြည့်လို့ မရဘူး…”
ချန်းလျန်က သူ့လက်ဖဝါးထက်တွင် မငြိမ်မသက်ဖြစ်နေသော လိပ်ပြာတစ်ကောင်လိုဖြစ်ပြီး သူ့ချူပ်ထိန်းမှုကနေ မည်သည့်အခါမှ မလွတ်မြောက်နိုင်ဟု ဝမ်ကောအန်းက အမြဲခံစားနေခဲ့သည်။
အမျိုးသမီးတစ်ဦး၏ သွေးဆုံးချိန်က သူ့အား ဟန်ချက်ပျက်စေမည်ဟု မထင်ခဲ့ပေ။
ချန်းလျန်က နှစ်ပေါင်းများစွာ ဆင်ခြင်တုံတရားဖြင့် ရပ်တည်ခဲ့သော်လည်း သွေးဆုံးချိန်တွင် ရူးသွပ်သွားခဲ့သည်။
သူ့ကိုယ်သူ မည်မျှကောင်းကောင်း ထိန်းသိမ်းထားပါစေ သူမ၏ ငယ်ရွယ်နုပျိုစဉ်ကနှင့် ယှဉ်ပါက မျက်နှာတွင် အရေးကြောင်းများ ရှိလာသည်။ အမျိုးသမီးတစ်ဦးက သွေးဆုံးချိန်အတွင်း ဟော်မုန်းပြောင်းလဲမှုများ၏ ပြင်းထန်သောလွှမ်းမိုးမှုအောက်တွင် အသက်အရွယ်ကြီးရင့်လာမည်ကိုကြောက်ရွံ့ကာ ရူးသွပ်လာသည်။
ဝမ်ကောအန်း၏အာဏာကို ရယူရန် ရည်မှန်းချက်ဖြင့် သူမပြုလုပ်ခဲ့သောအကြံအစည်များ၊ ကြာရှည်စွာ လုပ်ဆောင်ခဲ့သောအကြံအစည်များကို သည်းမခံနိုင်သည်အထိ ဖြစ်လာခဲ့သည်။ သူမ ယခုပင် ဝမ်ကောအန်းထံမှ ထွက်ခွာပြီး ဘဝကို အေးအေးလူလူဖြတ်သန်းချင်ခဲ့သည်။
ဝမ်ကောအန်းနှင့် ယန်ယွမ်နှစ်ဦးစလုံးက ချန်းလျန်၏သွေးဆုံးချိန်သို့ ရောက်သောအခါတွင် မှားယွင်းစွာတွက်ချက်ခဲ့ကြသည်။
ဝမ်ကောအန်းက သူ့မျက်ခုံးကို ဖြေလျှော့ပြီး ပြောလိုက်သည်။
"မှန်ပါတယ် မင်းအမေကို ငါ မသတ်ဘူး..."
အကယ်၍ ဝမ်ကောအန်းမဟုတ်ပါက ချန်းလျန်၏ လူသတ်မှုတွင် အဓိကသံသယရှိသူမှာ ရှင်းလင်းသွားသည်။
“အခုတော့ သူတို့က ငါ့ကို အာမခံနဲ့ ထွက်ခွင့်ပေးမှာမဟုတ်ဘူး...သေချာတာကတော့ သူကနောက်ကွယ်မှာ တစ်ခုခုလုပ်နေတာပဲ...”
ဝမ်ယွီ၏ နှလုံးသားထဲမှ ကြိုးထုံးများ ပြေလျော့သွားသော်လည်း ထိုစကားကို ကြားလိုက်သောအခါတွင် သူ၏ ရန်လိုမှုက ပြင်းထန်လာပြန်သည်။
ဝမ်ကောအန်းက သူ့ကို ကောင်းကောင်းသိပြီး သူ့အမူအရာတစ်ဆင့် သူဘာတွေးနေသည်ကို ပြောနိုင်သည်။
သူက မဖော်ရွှေသည့်လေသံဖြင့် ပြောလိုက်သည်။
“မဆင်မခြင်မလုပ်နဲ့ အခုက အရေးကြီးတဲ့အချိန် ရောက်နေတာ... မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က လော့ထိုက်ကျို့က မင်းကို သေချာပေါက် အာရုံစိုက်နေမှာ မင်း ဒီကိစ္စထဲ မဝင်မိစေနဲ့..."
ဝမ်ယွီက နှာခေါင်းရှုံ့လိုက်သည်။
" ရှောင်စွန်းနဲ့ ရှောင်ကျန်းကိုသွားရှာ...သူတို့မှာ အသုံးဝင်တဲ့ အချက်အလက်တွေ ရှိတယ်... သူတို့ မင်းကို စောင့်နေတာ ရက်အတော်ကြာနေပြီ..."
ဝမ်ကောအန်းက သူ့ကို ညွှန်ကြားသည်။
အတွင်းရေးမှူး ရှောင်စွန်းနှင့် ရှေ့နေရှောင်ကျန်းတို့က ဝမ်ကောအန်း၏ လူယုံဖြစ်သည်။
အမှန်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရှောင်စွန်းနှင့် ရှောင်ကျန်းနှစ်ယောက်လုံး ဝမ်ယွီကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုခဲ့ကြသည်။ ဝမ်ယွီက သူတို့၏ ဖုန်းခေါ်ဆိုမှု များကို လုံးဝမကိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် တုံ့ပြန်မှု မရှိခဲ့ပေ။
၎င်းကို ပြန်တွေးကြည့်သည့်အခါ သူ မရှက်ဘဲမနေနိုင်တော့ပေ။
"ဒီနှစ်တွေမှာ အကုန်လုံး အရမ်းကြိုးစားခဲ့ပြီးပြီ... အခုတော့ငါ့ရဲ့အနားယူချိန်ရောက်ပြီ... ငါ ကိစ္စတွေကိုအပြင်ကမင်းဆီမှာထားခဲ့မယ်..."
ဝမ်ကောအန်းက ပြုံးပြုံးလေးပြောခဲ့သည်။
သူက အလွန်တည်ငြိမ်နေ၍ ရှောင်စွန်းနှင့် ရှောင်ကျန်းတို့က သူတို့လက်ထဲတွင် အတော်လေးကိုအစွမ်းထက်သည့်အရာတစ်ခုကို ဆုပ်ကိုင်ထားကြောင်း ထင်ရှားသည်။
ဝမ်ယွီက သူ့ဖခင်၏ ဦးဆောင်မှုနောက်တွင် ငြိမ်သက်သွားသည်။ ဝမ်ကောအန်းက သူ့နောက်တွင်ရှိနေပေးသောကြောင့် ဤနှစ်တစ်လျှောက်လုံးတွင် အခြားသူများရှေ့၌ အမြဲတမ်းယုံကြည်မှုရှိရှိဖြင့် နေနိုင်သောကြောင့် ရုတ်တရက် ကျေးဇူးတင်မိသည်။
သူ့အဖေ၏ ငွေရောင်ဆံပင်ကို ကြည့်လိုက်သောအခါ ခံစားချက်များ တိုးမြှင့်လာပြီး ပြောသည်။
“အဖေ ကောင်းကောင်းအနားယူပြီးကျွန်တော့်ကိုပဲ အရာအားလုံး လွှဲထားခဲ့လိုက်ပါ...”
သို့သော် သူထွက်သွားခါနီးတွင် ဝမ်ကောအန်းက သူ့ကို ပြန်ခေါ်လိုက်သည်။
"စောင့်ကြည့်ရအောင်... သူ ငါတို့မိသားစုကိုမထိရင် အလွန်အကျွံလုပ်စရာ မလိုဘူး..."
ဝမ်ယွီ နားလည်သွားသည်။
ဝမ်ကောအန်းက အချုပ်ကျနေပြီး ထိုမတိုင်မီတွင် ချန်းလျန်က အဖွဲ့၏ဘဏ္ဍာရေးကွင်းဆက်ကို ပရမ်းပတာဖြစ်စေခဲ့သည်။
ယန်ယွမ်က ဤအချက်ကို ကောင်းစွာသိရှိခဲ့မည်မှာ သေချာသည်။
အကယ်၍ ယန်ယွမ်က ဝမ်မိသားစု၏ ပိုင်ဆိုင်မှုများကို မျက်စိမကျနေပါက ဝမ်ကောအန်း၏ လုပ်ရပ်ကို ထောက်ခံပြီး ဝမ်ယွီ၏ တိုးတက်ခြင်းကို ဆိုလိုသည်။
ဤအချက်ကို ထိန်းထားနိုင်လျှင် ဝမ်ယွီက သူ့ကို ထွက်လမ်းပေးထားရန် ဝမ်ကောအန်းက လိုလားသည်။
ဝမ်ကောအန်းက အသက်ကြီး၍ ပိုမိုသက်ညှာခြင်း မဟုတ်ဘဲ မိသားစုနှောင်ကြိုးကြောင့်သာဖြစ်သည်။ သူ၏ချစ်လှစွာသောသားကို လူ့ကျင့်ဝတ်နှင့် ဆန့်ကျင်သည့်အရာမျိုး မလုပ်စေပေ။
ယန်ယွမ်က ဤအချိန်အတွင်း ဝမ်မိသားစု၏ ပိုင်ဆ်ိုင်မှုကို မျက်စိကျနေခဲ့ပါက ဝမ်ယွီနှင့်သက်ဆိုင်သည့်အရာအားလုံးကို သိမ်းသွားလိုသည်ဟု ဆိုလိုသည်။
ဤနေ့ရက်များတွင် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ခံစားပြီးနောက် ဝမ်ယွီ၏ရန်လိုမှုက ပုံမှန်ထက်ပို၍ ပြင်းထန်လာသည်။
"ဘာလို့ အဲ့ဒီလိုလုပ်ရမှာလဲ..."
သူက မျက်ခုံးပင့်ကာ အော်လိုက်သည်။
သွေးသားရင်းမဟုတ်သည့်တိုင် သူ၏ စိတ်လိုက်မာန်ပါလုပ်မှုက ငယ်စဉ်က ဝမ်ကောအန်း၏ပုံစံနှင့် တူညီနေသည်။
ဂရုတစိုက်ပြုစုပျိုးထောင်ခြင်းနှင့် သင်ကြားခြင်း၏ရလဒ်က ရိုးရှင်းသော မျိုးရိုးဆက်နွယ်မှုထက် များစွာတန်ဖိုးရှိပြီး အမှန်တကယ်ပင် ကျေနပ်စရာဖြစ်သည်။
အတွင်းရေးမှူးစွန်း၊ ရှေ့နေကျန်းတို့နှင့် ဆွေးနွေးပြီးနောက် ဝမ်ကောအန်းနှင့် နှိုင်းယှဉ်ပါက ယန်ယွမ်ကို စုံစမ်းစစ်ဆေးရာတွင် သူ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုမှာ နည်းပါးကြောင်း ဝမ်ယွီမှ သဘောပေါက်ခဲ့သည်။
ဝမ်ကောအန်းက ယန်ယွမ်ကို နှစ်ပေါင်းများစွာ အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ယခု ဤအချက်အလက်ကို ရဲထံတင်ပြခြင်းဖြင့် ယန်ယွမ်၏လိမ်လည်မှုကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ဝမ်ကောအန်းက သူ့ကို ဘာမှ မလုပ်မိစေရန် ဤအချက်အလက်ကို ရှင်းရှင်းလင်းလင်း ပေးခဲ့ခြင်း မဟုတ်ပေ။ သူ့ရည်ရွယ်ချက်က သူစိန်ခေါ်ပြီး စမ်းသပ်ရန်သာဖြစ်သည်။
ဝမ်ယွီက ပြဿနာဖြေရှင်းရန် မျှော်လင့်ချက်အားလုံးကို ရဲများထံ မထားခဲ့ချင်ပေ။ သူက သူတို့ကို မယုံပေ။ ယန်ယွမ်တွင်လည်း အဆက်အသွယ်များ ရှိနေမည်ကို သူသိသည်။
ဝမ်ယွီက ယန်ယွမ်ကို ကိုယ်တိုင်ကိုယ်ကျ ရိုက်ချချင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ချန်လျန်က တစ်နေ့အတွင်း လုပ်ငန်းအဖွဲ့မှ ဘဏ္ဍာငွေကို လုံးလုံးလျားလျား စုပ်ယူလိုက်နိုင်သည့်တိုင် အဘယ်ကြောင့် အဆိုပါအဖွဲ့က ၎င်း၏ပုံမှန်လုပ်ငန်းဆောင်တာများကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်ကို ဝမ်ယွီ သိရှိခဲ့ရသည်။
ဝမ်ကောအန်း၏ စီးပွားရေးအင်ပါယာမှ အစစ်အမှန်ပမာဏက ချန်းလျန်ထိန်းချုပ်ထားသည့်အရာထက် များစွာကြီးမားကြောင်း တွေ့ရှိလိုက်ရသည်။
CEOဖြစ်သော ချန်းလျန်က အပေါ်ယံရှိ ပိုင်ဆိုင်မှုများအ တွက်သာ တာဝန်ရှိသည်။ ထို့အပြင် ဝမ်ကောအန်း၏ ရေခဲတောင်သဖွယ် သိုလှောင်မှုအောက်တွင် ဝှက်ထားသော အခြားစက်မှုလုပ်ငန်းများစွာ ရှိသည်။
ထို့ကြောင့် ချန်းလျန်က ရန်ပုံငွေအစုကို ရှင်းလိုက်သောအခါ ၎င်းက ဝမ်မိသားစု၏ ဘဏ္ဍာရေးကွင်းဆက်ကို ချက်ချင်းပြိုပျက်သွားအောင် မလုပ်ဆောင်ခဲ့ပေ။
ယခုတွင် ဝမ်ကောအန်းက ချန်းလျန်ထံမှ သူဝှက်ထားသော လျှို့ဝှက်ကဒ်များအားလုံးကို ထုတ်ဖော်ပြီး ဝမ်ယွီ အား ပေးလိုက်သည်။
ထို့ကြောင့် ဝမ်ယွီ ညဘက်တွင် အိပ်မပျော်နိုင်ပေ။
ကျိအန်းနဥ်က သူ့ကိုမေးခဲ့သော်လည်း သူက ရှုပ်ထွေးသည့်ကိစ္စအားလုံးကို သူမအား မပြောခဲ့ပေ။ ထိုသို့ မှောင်မိုက်ပြီး အန္တရာယ်ရှိသည့် အရာများကို သူမထံမှ လျှို့ဝှက်ထားလိုက်သည်က ပိုကောင်းမည်။
သူက သူ့ရွေးချယ်မှုကိုသာ ပြောပြခဲ့သည်။
သူ့ရွေးချယ်မှုကို သိလိုက်ရသဖြင့် ကျိအန်းနဥ် သက်ပြင်းချလိုက်သည်။
သူမ၏အတိတ်ဘ၀တွင် သူက တူညီသောရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အနိုင်ရလုနီးပါးဖြစ်မည်ဟု သူမထင်ခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူမ သူ့ကို မဆွဲထား၍ သေချာပေါက် အရှုံးပေးလိုက်ရမည် မဟုတ်ပေ။
နောက်တစ်နေ့က မတ် ၃ ရက်ဖြစ်ပြီး ဝမ်ယွီက ကျိအန်းနဉ် နှင့်အတူ အဖွား၏ရုပ်အလောင်းကို မီးသဂြိုလ်ရန် လိုက်ပါသွားခဲ့သည်။
ဝမ်ယွီက သူမ၏အဖွားအတွက် သင်္ချိုင်းမြေကွက်ကို သီးသန့်ထားခဲ့ပြီး တည်နေရာကို ကျိအန်းနဉ်ထံအကြောင်းကြားပြီး မေးခဲ့သည်။
"ဒီနေရာက မင်းနဲ့အဆင်ပြေလား မဟုတ်ရင် တခြားနေရာကို ရှာလို့ရတယ်... "
ကျိအန်းနဉ်က ကန့်ကွက်စရာမရှိရာ ခေါင်းညိတ်ပြီးပြောသည်။
"ဒီနေရာက အဆင်ပြေပါတယ်..."
ထိုနေ့တွင် သူတို့ ပြာများကို စုဆောင်းကာ သုသာန်သို့ တိုက်ရိုက်သွားကြသည်။ ဝမ်ယွီက အရာအားလုံးကို စီစဉ်ပြီးပြီဖြစ်၍ အုတ်ဂူကို ကမ္ဗည်းရေးထိုးထားသည့်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ဤနှစ်ရက်တာလေးအတွင်းတွင် သူက မည်မျှပင် အလုပ်ရှုပ်နေသည်ဖြစ်စေ ထိုကိစ္စအား စဉ်းစားခဲ့ပြီး အရာအားလုံးကို သေသေချာချာ ကိုင်တွယ်နိုင်ခဲ့သည်။
အဝါရောင်မြေကြီးထက်တွင် ကမ္ဗည်းတိုင်စိုက်ထူထားသည်ကို ကြည့်ပြီး ကျိအန်းနဥ်က ထိုအချိန်မှစ၍ သူမထံတွင် ဆွေမျိုးရင်းချာများ မရှိတော့ကြောင်း သိလိုက်သည်။
အလုပ်သမားများထွက်သွားပြီး ကျိအန်းနဥ်နှင့် ဝမ်ယွီတို့သာအုတ်ဂူရှေ့တွင် ကျန်ခဲ့သည်။
ဝမ်ယွီက သူမစိတ်ထဲတွင် ရှိနေသည်ကို နားလည်သည်။
နေဝင်ချိန်၏ ရွှေရောင်အလင်းတန်းအောက်တွင် သူက သူမနဖူးကို နမ်းပြီးပြောလိုက်သည်။
“မင်းမှာ ကိုယ်ရှိသေးတယ်လေ... ”
###