🤚Chapter 87
အပြန်လမ်းတွင် ကျိအန်းနဉ်က ပြောသည်။
" ကျွန်မ မနက်ဖြန် ကျောင်းပြန်တက်ချင်တယ်..."
ဝမ်ယွီက အလွန်ထောက်ခံစွာဖြင့် ပြောလိုက်သည်။
“ကောင်းပါပြီ...”
ကျိအန်းနဥ်က မြန်မြန်ဆန်ဆန်ဖြင့် ပုံမှန်ဘဝသို့ ပြန်ရောက်လာလေ ပိုကောင်းလေဟု သူ ခံစားမိသည်။
ကျိအန်းနဉ် ခဏတာတုံ့ဆိုင်းသွားပြီး ထပ်ပြောသည်။
" ပြီးတော့ ကျွန်မ ကျောင်းမှာ အဆောင်လျှောက်ထားချင်တယ်..."
ဝမ်ယွီက အများကြီးမစဉ်းစားဘဲ ငြင်းလိုက်သည်။
“ ဒါတော့ မရဘူး..."
ချင်းဟွာတက္ကသိုလ် မိသားစု အဆောက်အအုံရှိအိမ်ကို ပြုပြင်မွမ်းမံထားခြင်းမရှိပါက လူနေစရာမရှိတော့ပေ။ အစပိုင်းတွင်မူ သူ့မြေးကျောင်းတက်စဥ် လာနေသော သက်ကြီးရွယ်အိုအဖွားအတွက် ကျောင်းက စီစဉ်ပေးခဲ့သော်လည်း ယခု အဖွားဆုံးပါးသွားသည့်အတွက် ကျောင်းက သူ့ကို ဤအိမ်ဆက်သုံးရန် ခွင့်မပြုတော့ပေ။
ကျိအန်းနဉ်က သူမ၏နေစရာအ်ိမ် ဆုံးရှုံးခဲ့ရသည်။
အအဆောင်လျှောက်ထားရန် စဉ်းစားခြင်းက သူမအတွက် သဘာဝကျပေသည်။ ယခု သူမက ဝမ်ယွီ၏အိမ်နေထိုင်ခဲ့၍ ထိုနေရာတွင် ရေရှည်နေမည်ဆိုပါက အတူတူနေခြင်း ကဲ့သို့ပင် ဖြစ်လိမ့်မည်။
အဆင့်တစ်ခုသို့ရောက်ပြီးသား စုံတွဲများအတွက်ပင်လျှင် အတူတူနေထိုင်ခြင်းက သိသာသည့်ခြေလှမ်းတစ်ခုဖြစ်သည်မှာ ထင်ရှားသည်။
ထို့အပြင် ကျိအန်းနဉ်နှင့် ဝမ်ယွီတို့၏ ဆက်ဆံရေးကရှုပ်ထွေးလွန်းသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျိအန်းနဉ်နှင့် ဝမ်ယွီတို့က တစ်အိပ်ရာတည်း တူတူအိပ်ခဲ့ကြသော်လည် အတူမနေရုံမျှမက နမ်းပင်မနမ်းခဲ့ကြပေ။
ကြီးမားသည့်ရှုပ်ထွေးမှုအလယ်တွင် သူတို့တွေက ကြေကွဲနာကျင်နေသော တောရိုင်းကောင်များသဖွယ် အခြားတစ်ယောက်ထံမှ အသက်ဓာတ်နှင့် နွေးထွေးမှုကို ရှာဖွေနေခဲ့ပြီး သူတို့အချင်းချင်း အသက်ရှင်နေထိုင်ရန် အချင်းချင်းထောက်ပံ့ပေးခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ထိုကိစ္စများကို ကျော်လွန်ပြီးနောက်တွင် သူတို့က အစစ်အမှန်ဘဝကို ပြန်ရောက်လာကြပြီး နှစ်ယောက်လုံးက ချစ်ရသူများသေဆုံးရသည့် ဝန်ထုပ်ဝန်ပိုးနှင့် ဝမ်းနည်းခြင်းများကိုသယ်ဆောင်နေခဲ့သည်။
ပုံမှန်လူသားအဖြစ်သို့ ပြန်လည်ရောက်ရှိခြင်းကြောင့် လူ့ကျင့်ဝတ်စံနှုန်းများကို လိုက်နာရန် လိုအပ်သည်။
ကျိအန်းနဉ်မပြောနှင့် ဝမ်ယွီကိုယ်တိုင်ပင် သူ့ဆန္ဒနှင့်ပတ်သက်ပြီး လုံးဝတိတ်ဆိတ်နေကာ သူ့ကိုယ်သူအပြည့်အဝ ထိန်းချူပ်ထားလေသည်။
လတ်တလောအခြေအနေက သူတို့ဆက်ဆံရေးအတွက် ခြေလှမ်းကြီးကြီးလှမ်းရန် အချိန်မှန်မဟုတ်ဟု ကျိအန်းနဉ် ခံစားမိနေပြီး ဤအခြေအနေအရ ၎င်းက အမှန်တကယ်ပင် ပုံမှန်အတွေးသာဖြစ်သည်။
သို့သော် ဝမ်ယွီ၏ငြင်းဆန်မှုကို ညှိနှိုင်း၍မရမည့်ပုံပေါ်သည်။
"မရဘူး..."
သူက ပြောသည်။
သူသည် ကျိအန်းနဉ်၏လည်ပင်းအောက်ကို ညင်သာစွာ ပွတ်သပ်ရန် ညာလက်ကိုဆန့်ပြီး ပြောလာသည်။
"မင်း ကိုယ့်အိမ်မှာနေလို့ရတယ်... ရှောင်ကောက မင်းကိုနေ့တိုင်းလာခေါ်ပြီး လိုက်ပို့လို့ရတယ်..."
သူ့လက်ဖဝါးတွင် အားအင်များပြည့်ဝနေပြီး လွှမ်းမိုးချူပ်ကိုင်ရသည်ကို နေသားတကျဖြစ်ပုံရသည်။
မီးပွိုင့်တွင် ကားရပ်သွားပြီး ဝမ်ယွီက သူမကို လှည့်ကြည့်လိုက်သည်။ သူ့လက်ဖဝါးမှ ဖိအားများ လျော့ပါးသွားကာ နူးညံ့လာသည်။
“အတွေးမလွန်နဲ့ များများတွေးလေ စိတ်ရှုပ်ရလေလေပဲ... အခုချိန် မင်း တစ်ယောက်တည်း ကျောင်းပြန်တက်ရင် ကိုယ်တကယ် စိတ်သက်သာရာ ရပါ့မလား... သေချာပေါက် မရဘူးပေါ့... ကိုယ့်မှာ ဂရုစိုက်စရာတွေ အများကြီးရှိပြီး မင်းကိုလည်း စိတ်ပူနေရလိမ့်မယ် ဒါက ကိုယ့်အတွက် ပိုပင်ပန်းတယ်... ကိုယ့်အိမ်မှာပဲနေလေ အဆင်ပြေလား..."
ကျိအန်းနဉ်က ဤကိစ္စကို မဖြေရှင်းခဲ့ပေ။ ဝမ်ယွီနှင့် ဆွေးနွေးရန်ကိစ္စတစ်ခုအဖြစ်သာ ၎င်းကို ပြောခဲ့ခြင်းဖြစ်သည်။
ဝမ်ယွီက အခိုင်အမာပြောနေ၍ သူမက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ..."
ဝမ်ယွီက သက်ပြင်းတစ်ချက်ချ၍ ခေါင်းညိတ်ပြီး ညင်သာစွာပြောသည်။
" အခုတော့ ခဏလောက် ဒီတိုင်းနေပါဦးကွာ... နောက်ပိုင်း ကျောင်းမှာ ပြန်ပြောင်းပြီးနေချင်သေးတယ်ဆိုရင်တော့ မင်းဆုံးဖြတ်ချက်အတိုင်း ကိုယ်လိုက်နာမယ်..."
သူ့အသံက နူးညံ့သော်လည်း မည်သူ့ကိုမှ ချော့မော့ရန် မရည်ရွယ်ပေ။
ဝမ်ယွီ ပြောင်းလဲသွားသည်ကို ကျိအန်းနဥ်သတိပြုမိသည်။
အတိတ်တွင်မူ သူမကို ငွေနှင့် ပစ္စည်းများပေးရန်ကိုသာ တွေးတောနေပြီး သူမ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် နည်းလမ်းများကိုသာ လှည့်ပတ်တွေးတောနေလေ့ရှိသည်။
ထိုဂရုစိုက်မှုက ဗျူဟာတစ်ခုမျှသာဖြစ်ပြီး စစ်မှန်သော စိတ်မဟုတ်ဘဲ သူမအား စိတ်ကျေနပ်စေရန် ကြိုးပမ်းမှုဖြစ်သည်။ အမှန်တကယ်တွင်မူ သူမစိတ်တိုင်းကျ ဈေးဝယ်ထွက်နိုင်ရန်အတွက် အနက်ရောင်ကတ်ကို ပေးလိမ့်မည်သာဖြစ်သည်။
ယခုမူ 'မင်း ဆုံးဖြတ်ချက်အတိုင်းကိုယ်လိုက်နာမယ်' ဟု ပြောသည့်အခါ သူ့လေသံက တည်ငြိမ်ပြီး ရိုးသားသည်။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီးဖြစ်စေ သူမဆန္ဒကို အတင်းအကြပ် တွန်းလှန်ရန် ကြိုးပမ်းခြင်းမရှိဘဲ သူမ၏ဆန္ဒကို အမှန်တကယ် လေးစားပေးသည်။
သူတို့ အိမ်ပြန်ရောက်သောအခါ ဝမ်ယွီက မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“တံခါးဖွင့်လိုက်လေ...”
ကျိအန်းနဥ် ကူကယ်ရာမဲ့စွာပြုံးကာ လက်ဗွေစနစ်ဘောင်ပေါ်တွင် သူမ၏ လက်ကိုတင်လိုက်၍ လက်ဗွေစကန်ဖတ်ပြီး တံခါးက ပွင့်လာသည်။
ဝမ်ယွီက သူမကို အထဲကို ညင်သာစွာတွန်းပို့ပြီး ပခုံးကိုကိုင်ကာ ပြောလိုက်သည်။
"ကိုယ်တို့ အိမ်ရောက်ပြီ..."
သူ အမှန်တကယ်ပြောင်းလဲသွားခဲ့သည်။
ဝမ်ယွီ၏ ဤပုံစံက ယခင်ကနှင့် နှိုင်းယှဉ်ပါက ကျိအန်းနဉ် နှင့် မရင်းနှီးပေ။ သို့သော် ဝမ်ယွီ၏ပုံစံအသစ်က သူတို့ကို ပိုရင်းနှီးစေပြီး သူတို့နှလုံးသားများကို ထပ်တူထပ်မျှ ဖြစ်စေသည်။
ထိုညတွင် သူတို့အိပ်ရာဝင်သောအခါ ဝမ်ယွီသည်လည်း ကျိအန်းနဥ်ပြောင်းလဲသွားသည်ဟု တွေးနေမိသည်။
သူ့လက်ထောက်က သူမကို ကျောင်းလာခေါ်ရန် စီစဉ်ပေးခဲ့သည်ကို ကျိအန်းနဉ်က အံ့အားသင့်စရာကောင်းစွာဖြင့် အေးအေးဆေးဆေး လက်ခံခဲ့သည်။ သူမ၏ ခေါင်းမာပြီး အစွန်းရောက်ခြင်းနှင့် တောင့်တင်းသော ကျောရိုးများအားလုံး အရည်ပျော်သွားသလိုပင်။
ဝမ်ယွီက ဝမ်းနည်းမှုနှင့် ကိုယ်ချင်းစာစိတ်များ ခံစားခဲ့ရသည်။
သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး သူ့ရင်ခွင်ထဲတွင် အိပ်ပျော်သွားစေလိုက်သည်။
သူမအဖွားကို ဆုံးရှုံးလိုက်ရသော်လည်း သူမထံ၌ ဝမ်ယွီရှိနေဆဲပင်။
ယခင်ကမူ အဖွားကို ထောက်ပံ့ရန် ခွန်အားရှိရမည်ဖြစ်၍ သူမ သန်မာကြမ်းတမ်းခဲ့ရသည်။
ယခု ထိုသို့ဖြစ်ရန် မလိုအပ်တော့ဟု ဝမ်ယွီက တွေးလိုက်သည်။ သူ့ရင်ခွင်ထဲတွင် သူမ နူးညံ့ပျော့ပျောင်းနေနိုင်ပြီး ကလေးလိုမျိုး အိပ်ပျော်သွားနိုင်သည်။ သူမ မည်သူ့ကိုမှ ကာကွယ်ရန် သို့မဟုတ် ဂရုစိုက်ရန် မလိုအပ်တော့ပေ။
ယခုမှစ၍ သူက သူမကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်သည်။
ကျိအန်းနဉ် ကျောင်းပြန်တက်ခဲ့သည်။ သူမက ကျောင်းကို လွန်ခဲ့သည့် ရက်အနည်းငယ်က စတင်တက်ခဲ့ပြီး သူမ၏ အတန်းဖော်များကလည်း သူမအခြေအနေကို ကြားသိနေကြပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မည်သူကမျှ ၎င်းတို့၏စာနာမှု သို့မဟုတ် ဝမ်းနည်းကြောင်းကို ချဲ့ကားပြောဆိုခြင်းမရှိပေ။ လူအများစု၏ စိတ်နေသဘောထားက အလွန်သဘာဝကျပြီး သူမကို ကောင်းကောင်းသိသောသူများက “ဂရုစိုက်ပါ” သို့မဟုတ် “အကူအညီလိုရင် ငါတို့ကို အသိပေးပါ” ဟုသာ ပြောကြသည် ။
ကျိအန်းနဥ် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမ ပြန်ရောက်မလာမီတွင် သူတို့အတန်းဖော်များကို အကြောင်းကြားထားပြီးဖြစ်သည်ကို သူမ မသိပေ။
သူမအတန်းဖော်များက မုန့်ရှင်းယွီ၏မိခင် ဆုံးပါးသွားသည်ကို သတိမထားမိခဲ့ကြပေ။ ထိုသို့သောအချိန်များတွင် အလွန်အကျွံသနားခြင်း နှင့် ကိုယ်ချင်းစာတရားက ရှေ့ဆက်ရမည့်သူကို ပိုပြီးနာကျင်စေသည်ကို အခြားလူများထက် မုန့်ရှင်းယွီက ပိုမိုနားလည်သည်။
ထို့ကြောင့် အတန်းဖော်များကို ကြိုပြီးသတိပေးခဲ့ခြင်းဖြစ်သည်။
နေ့လည်စာစားနေစဉ် ပိုင်လုက သူမဗန်းကိုကိုင်ကာ ချန်းဟောင်ရှိသည့်ဦးတည်ရာကို ကြည့်လိုက်ပြီးနောက် ကျိအန်းနဉ်နှင့် မုန့်ရှင်းယွီိကို ကြည့်ကာ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
ဝမ်ယွီက ချန်းဟောင်နှင့်အတူ မရှိသည်ကို မြင်လိုက်ရသဖြင့် မုန့်ရှင်းယွီက ပြောသည်။
"နင်ဟိုဘက်ကို သွားလို့ရပါတယ် ငါအန်းနဉ်နဲ့ စကားပြောဦးမယ်..."
မိန်းကလေးအုပ်စုထဲတွင် မည်သူက မည်သူနှင့် ရင်းနှီးသည် မရင်းနှီးသည်ကို လူတိုင်းသိကြသည်။ ပိုင်လုက ခေါင်းညိတ်ပြပြီး ချန်းဟောင်ဆီသို့ ဦးတည်သွားသည်။
ချစ်ရသူကို လောလောလတ်လတ်ဆုံးရှုံးလိုက်ရသော အတန်းဖော်တစ်ဦးအား နှစ်သိမ့်မှုရရန် ဝန်ထုပ်ဝန်ပိုးကို မခံနိုင်တော့၍ မုန့်ရှင်းယွီထံ ထားလိုက်ခြင်းက ပိုသက်တောင့်သက်သာရှိသည်ဟု သူမ တွေးလိုက်မိသည်။
"ဝမ်ယွီ ဒီနေ့ဘာလို့မလာတာလဲ..."
မုန့်ရှင်းယွီက မေးသည်။
ကျိအန်းနဉ်နှင့် ဝမ်ယွီတို့ကို ဤရက်ပိုင်းအတွင်း မမြင်တွေ့ခဲ့ရသောကြောင့် ကျိအန်းနဥ်က ဝမ်ယွီနှင့်အတူ ပြန်လာမည်ဟု သူမ ယူဆခဲ့သည်။ သို့သော်လည်း ကျိအန်းနဥ်တစ်ဦးတည်းသာ ပြန်လာခဲ့ပြီး ဝမ်ယွီကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။
“သူ့မှာ မိသားစုကိစ္စရှိလို့ ခဏ ကျောင်းမတက်ဖြစ်လောက်ဘူး...”
ကျိအန်းနဉ်က ပြန်ဖြေသည်။
မုန့်ရှင်းယွီက ပေါ့ပေါ့ပါးပါးသာ မေးလိုက်သည်။
"ဘာဖြစ်ထားတာလဲ..."
ကျိအန်းနဉ်က တိုးတိုးလေးပြောသည်။
“သူ့အမေ ဆုံးသွားပြီ...”
မုန့်ရှင်းယွီပါးစပ်ထဲက ထမင်းကို မစားနိုင်တော့ပေ။ သူမသည် တူများကို ချလိုက်ပြီး သက်ပြင်းချကာ ပြောသည်။
"ဒါက ဘယ်လိုနှစ်များပါလိမ့်..."
အတော် ကံဆိုးလွန်းတဲ့နှစ်ပဲ...
မုန့်ရှင်းယွီ၏မိခင်က နှစ်ပေါင်းများစွာ နာမကျန်းဖြစ်နေခဲ့ပြီး သူမနှင့် သမီးဖြစ်သူတို့ နှစ်ဦးစလုံးက သူမသေဆုံးမှုအတွက် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားကြသည်။ ၎င်းက ကိစ္စတစ်ခုပင်။
ဒါပေမယ့် ရုတ်တရက်ကြီး ဒါတွေ ဘယ်လိုဖြစ်လာရတာလဲ... ကျိအန်းနဥ်ရဲ့အဖွားနဲ့ အခုဝမ်ယွီအမေရော...
မုန့်ရှင်းယွီ အစာစားချင်စိတ် လုံးဝမရှိတော့ပေ။
ဝမ်ယွီ၏မိခင် ဖြစ်ပျက်ခဲ့သမျှကို သူမ မမေးခဲ့ပေ။ လူတစ်ယောက်က ဆုံးပါးသွားခဲ့ပြီဖြစ်၍ မည်သို့ဖြစ်ပျက်ခဲ့ကြောင်းမေးလျှင်လည်း အရာထင်တော့မည်မဟုတ်ပေ။
တစ်ဖက်တွင် မုန့်ရှင်းယွီက ကျိအန်းနဉ် ကို အသေးစိတ်မေးသည်။
"နင် အခု ဘယ်မှာနေလဲ... နောက်ပိုင်းကျ အဆောင်ကိုပြောင်းလာမှာလား..."
ကျိအန်းနဉ်က ခေါင်းယမ်းပြီးပြန်ဖြေသည်။
"ငါ အခုဝမ်ယွီအိမ်မှာ နေနေတယ်..."
သူတို့ ပထမနှစ်မှာ အတူနေနေတာလား...
မုန့်ရှင်းယွီက အနည်းငယ်စောသည်ဟု ထင်သော်လည်း ကျိအန်းနဉ်၏ အခြေအနေမှာ ထူးခြားသည်။ ဝမ်ယွီက သူ့ကို စောင့်ရှောက်သည်က ပိုကောင်းသော အစီအစဉ်တစ်ခုဟု သူမ ခံစားခဲ့ရသည်။
ထို့နောက် ကျိအန်းနဉ်က ပြောသည်။
"ထမင်းစားရအောင်..."
မုန့်ရှင်းယွီက တူများကို ကောက်ကိုင်လိုက်ပြန်သည်။
အကြောင်းအရာက အတော်လေး လေးလံသွား၍ ကျိအန်းနဉ်က စကားလမ်းကြောင်းပြောင်းခဲ့သည်။
" ငါ ကျောင်းမတက်တဲ့ရက်တွေတုန်းက တစ်ခုခုများ ဖြစ်သေးလား... "
"ကျောင်းမှာ ဘာတွေများဖြစ်ရမှာလဲ အရင်လို အေးအေးချမ်းချမ်းပဲပေါ့... စကားမစပ် ပိုင်လုက ဖုန်းအသစ်တစ်လုံးရထားတယ်..."
"နောက်ဆုံးတော့ သူ တကယ်ဝယ်ခဲ့တာပေါ့လေ..."
ကျိအန်နဥ်က အနည်းငယ် အံ့သြသွားကာ မေးလိုက်သည်။
“ဟုတ်တယ်သူ နှစ်သစ်ကူးတုန်းက ပိုက်ဆံ ရခဲ့တယ်မလား... ဒီတော့ သူ ဖုန်းအသစ်ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ ဒါပေမယ့်... ချန်းဟောင်က ကျောင်းစတက်ချိန်က သူ့ဖုန်းဝယ်တဲ့နေရာမှာသုံးဖို့ ယွမ်နှစ်ထောင် ပေးခဲ့တယ်..."
ကျိအန်းနဉ် ထိုငွေများကို သတိပြုမိခဲ့သည်။ ချန်းဟောင် သည် တစ်လလုံးလုံး နှစ်ဆယ့်ရှစ်ရက်နေ့အထိ အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့ပြီး ခက်ခက်ခဲခဲ ဝင်ငွေရှာခဲ့သည်။
"သူလည်း အလုပ်နှစ်ခုလုပ်နေတာလား ပိုင်လုက ဒါကို မပြောပြထားဘူးနော်... သူ တော်တော်ကျေနပ်သွားပြီး အဲ့ဒီပိုက်ဆံကိုယူပြီးတော့ သူ့အခန်းဖော်တွေကို ကြီးကြီးကျယ်ကျယ် ထမင်းလိုက်ကျွေးခဲ့တာ..."
မုန့်ရှင်းယွီက ရပ်လိုက်ပြီး ဆက်ပြောသည်။
" ငါတို့နေ့လည်စာစားတုန်းက ချန်းဟောင်ရဲ့အမူအရာက မကောင်းတာ အံ့သြစရာမဟုတ်တော့ဘူး..."
ခက်ခက်ခဲခဲ ရထားသည့်ငွေကို အလွန်အကျွံသုံးစွဲမိပါက မည်သူ့ကိုမဆို ရူးသွပ်စေလိမ့်မည်သာ။
"စားပြီးတာနဲ့ ပိုင်လုလည်း နည်းနည်းနောင်တရနေပုံပါပဲ... ငွေကို ပေါ့ပေါ့ဆဆ မသုံးသင့်ဘူးလို့ ပြောပေမဲ့ လက်ပ်တော့အသစ်ဝယ်ချင်တုန်းပဲ...”
မုန့်ရှင်းယွီ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အခန်းဖော်များဖြစ်ကြပြီး နှစ်ဆယ့်လေးနာရီ အတူတူရှိနေကြသော်လည်း အကျင့်စရိုက်ကွာခြားခြင်းက သူငယ်ချင်းဆက်ဆံရေးကို စွန်းထင်းလာစေသည်။
"အိုး အတင်းအဖျင်းတွေရှိသေးတယ်..."
မုန့်ရှင်းယွီက မှတ်မိသွားသည်။
"စွန်းယာရှန့်က စာသင်နှစ်စတည်းက အဆောင်မှာ မနေတော့ဘဲ ထွက်သွားတယ်..."
၎င်းက ယခင်ဘဝတွင် ဖြစ်ပွားခဲ့သည့်ကိစ္စမဟုတ်၍
ကျိအန်းနဉ် အနည်းငယ်အံ့သြသွားပြီး မေးလာသည်။
"သူက ဘာလို့ဒီလိုလုပ်တာလဲ... "
"သူတို့ပြောကြတာက စွန်းယာရှန့် ရည်းစားနဲ့လည်း ပတ်သက်နိုင်တယ်လို့ ပြောကြတယ်..."
မုန့်ရှင်းယွီက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည်။
"ဒါဟာ အားလုံးလျှောက်ပြောနေကြတာပဲ မှန်လား မှားလားဆိုတာ ငါတို့ တကယ်မသိဘူး ဒါကြောင့် ကောလဟာလတွေ မဖြန့်ရအောင်..."
မုန့်ရှင်းယွီက သူမ၏ယခင်ဘဝတွင်လည်း အတင်းအဖျင်းများကို မည်သည့်အခါမှ မဖြန့်ခဲ့ပေ။
သို့သော် ကျိအန်းနဥ်က ယခုအချိန်တွင် အတော်ကောင်းသည့် အကြံဥာဏ်တစ်ခု ရခဲ့သည်။
စွန်းယာရှန့်က ချန်းဟောင်ရန်နဲ့ ဒီလောက်အထိ ခရီးရောက်နေတာများလား...
ချန်းဟောင်ရန်က သူတို့ထက် အသက်အတော်အတန်ကြီးပြီး သူပြောသည့် "အချစ်" ဟူသောအရာက တက္ကသိုလ်မှ ငယ်ရွယ်သည့် အတွဲများကဲ့သို့ ရိုးသားနေမည် မဟုတ်ပေ။ အမှန်တွင် တက္ကသိုလ်မှစုံတွဲများပင် နှစ်ဦးအတူတူ ပြောင်းရွှေ့နေထိုင်ကြသည်ကများသည်။ ချန်းဟောင်ရန် ကဲ့သို့ ရင့်ကျက်သော အမျိုးသားတစ်ဦးအတွက် ၎င်းက သဘာဝကျကျ အဆင့်တက်မှုတစ်ခုဟု ဆိုရပေမည်။
"ဟုတ်တယ်၊ သူ့အကြောင်း မပြောဘဲ နေရအောင်... လွန်ခဲ့တဲ့ရက်ပိုင်းက နင့်မှတ်စုတွေကို ငါငှားလို့ရမလား..."
နေ့ခင်းဘက်တွင် ပိုင်လုက စပ်စုလာသည်။
" ဝမ်ယွီက နင်နဲ့တူတူ ဘာလို့ ပြန်မလာတာလဲ... သူ နင်နဲ့အတူရှိနေလို့ ဒီရက်တွေထဲ မတွေ့ခဲ့ရဘူးလို့ ငါတို့အားလုံးထင်နေကြတာ... ချန်းဟောင်ကပြောတယ် သူ ယာယီပျက်ကွက်ခွင့် ယူထားပေမယ့် ဘာကြောင့်လဲဆိုတာ သူတို့ မသိဘူးတဲ့... ”
ကျိအန်နဉ်နှင့် မုန့်ရှင်းယွီတို့မှာ ဝမ်ယွီက မုန့်ရှင်းယွီကဲ့သို့ သူ့ချစ်ရသူကို ဆုံးရှုံးလိုက်ရခြင်းအကြောင်းကို အတန်းဖော်များအား မပြောခဲ့ကြောင်း ချက်ခြင်းနားလည်ခဲ့သည်။
ယခင်ဘဝတွင် စွန်းယာရှန့်က ဝမ်ယွီအားကျောင်းမှနှုတ်ထွက်ရခြင်းအကြောင်း စုံစမ်းမေးမြန်းသောအခါတွင် ထူးထူးခြားခြား တစ်စုံတစ်ရာ မတွေ့ခဲ့ရသည်က အံ့ဩစရာ မဟုတ်တော့ပေ။
ကျိအန်းနဉ်က ရိုးရိုးရှင်းရှင်းပြောလာသည်။
"သူ့အိမ်မှာ မိသားစုကိစ္စတချို့ရှိနေလို့ပါ...
ပိုင်လုက မေးခွန်းထပ်မေးချင်သော်လည်း မုန့်ရှင်းယွီက သူမကိုပြောသည်။
"နင်ဘာလို့ဒီလောက်ထိ စပ်စပ်စုစုမေးနေတာလဲ သူတို့မိသားစုမှာ ပြဿနာတွေ ရှိတာကို... ”
ပိုင်လုက ဆက်မမေးတော့ပေ။
ကျိအန်းနဉ်က မာကောကို ဖုန်းဆက်ပြီး ဤရက်ပိုင်း အလုပ်မလုပ်နိုင်သည့်အတွက် တောင်းပန်ခဲ့သည်။
မာကောက သူမ၏ တောင်းပန်မှုကို လက်မခံဝံ့ဘဲ အဆင်ပြေသည်ဟုပြောကာ လိုအပ်ပါက နောက်ထပ် ရက်အနည်းငယ် အနားယူနိုင်ကြောင်း အာမခံကာ ဂရုစိုက်ရန် ပြောခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမ ကြားခဲ့ရသည့် အသုံးအများဆုံးစကားစုမှာ "ဂရုစိုက်ပါ"ဟူသည့် စကားသာဖြစ်သည်။
သူမ အလုပ်ပြန်လုပ်ရမည်ဖြစ်သောကြောင့်သာ ဂရုတစိုက်နေရန်လိုအပ်သည်ဟု တွေးခဲ့လိုက်သည်။ ဝမ်ယွီက သူမကို နေစရာနေရာ ပေးခဲ့သော်လည်း အရာအားလုံးအတွက် သူ့ကို အားကိုးရန် မစီစဉ်ထားပေ။
သူမအဖွား ဆုံးပါးသွားသော်လည်း သူမဘဝက ဆက်သွားနေရဦးမည်ဖြစ်၍ သူမကိုယ်သူမ ထောက်ပံ့ရပေမည်။
မာကောက ချက်ချင်းသဘောမတူဘဲ နောက်မှအကြောင်းပြန်မည်ဟု ပြောသည်။ ထို့နောက် သူ့အခြေအနေကို အကျဉ်းချုံးပြောပြရန် ဝမ်ယွီကို ဖုန်းဆက်လိုက်သည်။
"အဆင်ပြေပါတယ် သူ့ကို အလုပ်ပြန်လုပ်ခွင့်ပြုလိုက် တစ်ခုခုလုပ်စရာရှိရင် သူ မြန်မြန်ပြန်ကောင်းလာလိမ့်မယ်...”
ဝမ်ယွီက သဘောတူခဲ့သည်။
ဖုန်းချပြီးနောက် ဝမ်ယွီဘေးတွင် ထိုင်နေသူက မေးသည်။
“သူက မင်းရဲ့ရည်းစားလား...”
ဝမ်ယွီ မော့ကြည့်လိုက်သည်။ သူနှင့် မျက်နှာချင်းဆိုင်မှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး မကြာသေးမီက အရိုက်ခံရသည့် သဲလွန်စများကို တွေ့ရရန် ခက်သွားသည်။ သူက သုတ်ပိုးအလှူရှင် ယန်ယွမ် ဖြစ်သည်။
"မင်းအခု အရွယ်ရောက်လာပြီဆိုတော့ ငါ့ကို 'အဖေ' လို့ ရုတ်တရက်ခေါ်ဖို့ မမျှော်လင့်ပါဘူး... ငါတို့သားအဖတွေ သူစိမ်းမဖြစ်ဖို့ပဲ ငါမျှော်လင့်တယ်... အရင်တုန်းကတော့ မင်းရဲ့ဘဝကို အနှောင့်အယှက်ဖြစ်မှာကြောက်လို့ မင်းကို အသိအမှတ်မပြုဝံ့ရဲခဲ့ဘူး အခု ငါနောင်တရတယ် တကယ်နောင်တရတယ်... "
ထိုလူက စကားပြောနေစဉ် သူ့မျက်လုံးများ နီရဲလာပြီး သူ့အကြည့်များက ရိုးသားမှုများဖြင့် ပြည့်နေသည်။
ဤအမျိုးသားက အမျိုးသမီးများနှင့် မည်သို့ဆက်ဆံရမည်ကို ကောင်းကောင်းသိသည်။ ယန်ယွမ်ကချောမောပြီး ဆွဲဆောင်မှုရှိကာ အမျိုးသမီးများ သူ့ကို အလွယ်တကူ ကြွေသွားရန် မည်သည့်ကိစ္စမျိုးကိုမဆို အစစ်အမှန်သဖွယ် သရုပ်ဆောင်နိုင်လေသည်။
သို့သော် ချန်းလျန် သူနှင့်ပူးပေါင်းခဲ့သော်လည်း အဘယ့်ကြောင့် အသတ်ခံခဲ့ရသည်ကို ဝမ်ယွီ နားမလည်နိုင်ပေ။
ပစ္စည်းတွေ ခွဲယူမယ့်ကိစ္စနဲ့ပတ်သတ်ပြီး ငြင်းခုံခဲ့ကြလို့များလား...
###