အပိုင်း၈၈
Viewers 11k

🤚Chapter 88



ယန်ယွမ်က မျက်ရည်များဖြင့် ပြောလာသည်။


 “မင်းက မင်းရဲ့မွေးစားအဖေပေါ်မှာ သံ‌ေယာဇဉ်ရှိတယ်ဆိုတာ အဖေသိပါတယ်ကွာ... ပြီးတော့ မင်းတို့ကြားက ဆက်ဆံရေးကိုလည်း မပျက်စီးစေချင်ခဲ့ပါဘူး... သူက မင်းအမေကို သတ်ရလောက်တဲ့ထိ ရက်စက်လိမ့်မယ်လို့သာ ငါမထင်ခဲ့တာ...”


“ဒီကိစ္စမှာ မင်းအမေနဲ့ငါ့အမှားဆိုပေမဲ့ လူသေတဲ့အထိဖြစ်ဖို့မလိုဘူးလေကွာ... ဝမ်ကောအန်း အဲ့ဒီလူက တအားရက်စက်တာပဲ...” 


သူက သူ့အပိုင်းကို ယုံကြည်မှုရှိရှိ သရုပ်ဆောင်နေခဲ့သည်။


ဝမ်ယွီက သူ့ကို မျက်နှာသေနှင့် ကြည့်နေခဲ့သည်။ ဤအတုအယောင်ဆန်သည့် အပေါစားတွေ့ဆုံမှုကြီးက ရွံရှာဖွယ်ကောင်းသည်ဟု ခံစားရသော်လည်း သူဆက်လက်သည်းခံရပေဦးမည်။ ကံကောင်းသည်မှာ သူက ယန်ယွမ်နှင့် အလွန်အမင်း ရင်းနှီးရန်အထိ မလိုအပ်ပေ။


ယန်ယွမ်က သူ၏မွေးဖခင်ဖြစ်ကြောင်းကို အခွင့်ကောင်းယူကာ ဝမ်ကောအန်းက သူ့မိခင်ကို သတ်ခဲ့ကြောင်း မယုံယုံအောင် သွေးထိုးသည်။ ယန်ယွမ်မှာရှိသည့် အကြီးမားဆုံးကတ်က သွေးသားဆက်နွယ်မှုပင်ဖြစ်နေသည်။


ဒီနိုင်ငံက လူတချို့က သွေးသားဆက်နွယ်မှုနဲ့ပတ်သတ်ပြီး ဘာလို့များ စုံလုံးမှိတ်ပြီး ယုံနေကြတာပါလိမ့်...


ဝမ်ယွီက ၎င်းနှင့်ပတ်သတ်ပြီး အကောင်းမမြင်ခဲ့ပေ။


သူက ယန်ယွမ်အား ကောင်းကောင်းမဆက်ဆံခဲ့သော်လည်း ယန်ယွမ်၏အမြင်တွင် ဤတွေ့ဆုံမှုမှာ အခြေအနေတစ်ဆင့်တိုးသွားပြီဟု ထင်နေခဲ့သည်။


အနည်းဆုံး ဝမ်ယွီက သူ့စကားကို ထိုင်နားထောင်လိုစိတ်ရှိသည်။ သူ့သဘောထားများက သိသိသာသာ ပြေလျော့သွားသည်။


နောက်ဆုံးတွင် သူတို့က သွေးသားချင်း တူညီနေဆဲပင်ဖြစ်သည်။


သူတို့ပြောဆိုပြီး ထွက်သွားတော့မည့်အချိန်တွင် ဝမ်ယွီဘက်က ပြန်တုံ့ပြန်လာသည်။


” ကျုပ်အဖေက အမေ့ကို သတ်လိုက်တာမဖြစ်နိုင်ဘူး... အမေက သူ့ဘာသာသူ သတ်သေတာလည်း ဖြစ်နိုင်တာပဲ...”


ဝမ်ယွီက ခေါင်းမာမာနှင့် ငြင်းလေသည်။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်၍ သူ့ဘက်ကလည်း ပြန်လုပ်မည် ဖြစ်သည်။


ယန်ယွမ်၏မျက်လုံးထဲတွင် အပြုံးတစ်ခုပေါ်လာပြီးနောက် ဝမ်နည်းနေသည့်ပုံကို ချောချောမွေ့မွေ့ ပြောင်းလိုက်သည်။ သူက ဝမ်ယွီကို ကူကယ်ရာမဲ့ပြီး ဝမ်းနည်းနေသည့်အကြည့်နှင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။


ဝမ်ယွီက အထင်မြင်သေးသလို ကြည့်ကာ ထထွက်သွားသည်။


သူထွက်သွားသွားချင်း ကားတစ်စီးက ယန်ယွမ်ကို လာကြိုသည်။ ကားထဲမှ ယန်ပေါ်ထွက်လာကာ ယန်ယွမ်အား ကားတံခါးဖွင့်ပေးလိုက်သည်။


ယန်ယွမ်က သားဖြစ်သူအားတွေ့သည်နှင့် အမူအရာမှာအေးစက်သွားသည်။ ယန်ပေါ်က သူ့အဖေ ကားအပေါ်တက်သည်အထိ တရိုတသေစောင့်ဆိုင်းနေခဲ့သည်။


“ကျွန်တော့ညီလေး ဘယ်လိုနေလဲ...”


ယန်ပေါ်က မေးလိုက်သည်။


“သူက နည်းနည်းခေါင်းမာပေမဲ့ သူ့အမေလို ရိုးလွန်းတယ်... အနည်းဆုံးတော့ လူတွေကို ကိုက်မစားပါဘူး...”

ယန်ယွမ်က အေးစက်စက်နှင့် ပြန်ဖြေသည်။


ယန်ပေါ်က ဖျော့တော့စွာ ပြုံးလိုက်ပြီး ပြန်လည်ချေပခြင်းမရှိချေ။ သူက သူ့အဖေနှင့် စကားပြောနေခြင်းမဟုတ်ဘဲ ခေါင်းမာသည့် ကလေးတစ်ယောက်နှင့် ပြောဆိုနေသည့်နှယ်ပင်။


ထို့နောက် သူက အကြောင်းအရာပြောင်းပြောသည်။


“ကျွန်တော် အစကတည်းက ဝမ်အိမ်ကလူတွေနဲ့ ဆက်သွယ်ထားတယ်... ဒီနေ့ပဲ သူအစီရင်ခံစာကို ရလောက်မယ်ထင်တယ်... ဒါပေမဲ့ သူက ဝမ်ကောအန်းကို ထိန်းချုပ်နိုင်မလားဆိုတာတော့ ကျွန်တော်မသိဘူး...”


ယန်ယွမ်က သဘောမတူသည့် အသံဖြင့် ပြောသည်။


“ဝမ်ကောအန်းရဲ့ စီးပွားရေးလမ်းကြောင်းက ပြိုလဲနေပြီ... တကယ်လို့ သူ ရန်ပုံငွေပြန်ရှာချင်တယ်ဆိုရင်တောင်  ဘယ်လောက်မှ ကြာကြာခံမှာမဟုတ်ဘူး...”


ယန်ပေါ် ပြုံးလိုက်သည်။ 


“ဒီတစ်ခေါက်ကိစ္စ အောင်မြင်တာနဲ့ အဖေ စိတ်အေးလက်အေးနေနိုင်တော့မှာပါ...”


ယန်ယွမ်က ယန်ပေါ်အား အေးစက်ပြီး ချစ်ခြင်းမေတ္တာတစ်စက်မှ မပါဝင်သည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။ အဖေတစ်ယောက်က သူ့အကြီးဆုံးသားအပေါ်ရှိသင့်သည့် ချစ်ခင်တွယ်တာမှုမျိုး မရှိချေ။


သူ၏ရွံရှာလိုစိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှု တစ်စွန်းတစ်စပါဝင်နေခဲ့သည်။


......


စွန်းယာရှန့်က ကျောင်းကန်တင်းတွင် ညစာစားပြီး အတန်းဖော်များကို လက်ပြနှုတ်ဆက်ကာ ပြန်ရန်ပြင်သည်။ ကောလဟာလထဲကအတိုင်း သူမက လက်ရှိတွင် ချန်းဟောင်ရန်နှင့် အတူတူနေနေခြင်းဖြစ်သည်။


သို့သော်လည်း ချန်းဟောင်ရန်က အလုပ်အလွန်များနေသဖြင့် သူမတို့ အတူတူညစာမစားရသည်မှာ ကြာနေပြီဖြစ်သည်။


သူမက ကျောင်းဂိတ်၌ အငှားကားခေါ်ရန်ပြင်စဉ် အန်းနဉ်အားတွေ့လိုက်ရသည်။


အန်းနဉ်က သူမ၏မိသားစုကိစ္စအပြီး ကျောင်းပြန်တက်ရာတွင် အလွန်ပင်ပြောင်းလဲသွားသည်။ သူမ၏ အဝတ်အစားများနှင့် ဖိနပ်များက ပိုအဆင့်မြင့်လာသည်။


‘ကိုယ့်အားကိုယ်ကိုးမယ်၊ ယောက်ျားတွေဆီက ပိုက်ဆံကို မသုံးဘူး’ဆို နောက်ဆုံးတော့လည်း မခံနိုင်ဘူးနဲ့တူပါတယ်... ယောကျ်ားတွေဆီက ပိုက်ဆံချူစားနေလိုက်တာများ... 


စွန်းယာရှန့်က တိတ်တဆိတ် စောင့်ကြည့်ပြီး သူမစိတ်ထဲ လှောင်နေခဲ့သည်။


ကျိအန်းနဉ်ကို သွားနှုတ်ဆက်ရန်ပြင်လိုက်စဉ် အရှေ့၌ ကားတစ်စီးရပ်လာသည်ကို မြင်လိုက်သည်။ ကားထဲမှ လူငယ်တစ်ယောက်ထွက်လာပြီး အန်းနဉ်အတွက် ကားအနောက်တံခါးကို ဖွင့်ပေးလိုက်သည်။ သူက ကားမောင်းသမား ဖြစ်ပုံပေါ်သည်။


စွန်းယာရှန့်၏ခြေလှမ်းများက ရပ်တန့်သွားသည်။


ကျိအန်းနဉ် ကားထဲဝင်သွားပြီးနောက် ကားမောင်းထွက်သွားသည်အထိ သူမလိုက်ကြည့်နေခဲ့သည်။ ကားက ဝမ်ယွီပေးထားခြင်းဖြစ်မည်ဟု ခန့်မှန်းမိကာ တိတ်တဆိတ် မနာလိုဖြစ်မိသည်။


ချန်းဟောင်ရန်ပင် သူမအား ထိုကဲ့သို့ အထူးတလည် မဆက်ဆံဖူးချေ။


စွန်းယာရှန့်က လမ်းဘေးတွင် အငှားကားခေါ်လိုက်သည်။ သူမသွားလိုရာရောက်သည်နှင့် ကားခပေးရန် သူမ၏ဈေးကြီးသည့် အိတ်ကို ဖွင့်လိုက်ရာ အနည်းငယ်စိုးရိမ်သွားသည်။


သူမတွင် ပိုက်ဆံမလောက်ပေ။ ချမ်းသာသည့်ရည်းစားရလျှင် သူမအနေနှင့် ငွေကိစ္စစိတ်ပူရန်မလို ဟူသည့် အတွေးမျိုးက နုံအနေပေသည်။ ချန်းဟောင်ရန်နှင့်အတူရှိလျှင် သူက သူမအား ငွေသားမှလွဲ၍ ဒီဇိုင်နာအိတ်၊ အဝတ်အစား၊ဖိနပ်၊ မိတ်ကပ်နှင့် အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများကို အတိုင်းထက်အလွန် ဝယ်ပေးသည်။


ပစ္စည်းဝယ်ရန် သူမပိုက်ဆံကို သုံးရန်မလိုသော်လည်း သူမ၏နေ့စဉ် အသုံးစရိတ်အတွက်မူ မတူညီပေ။


အကြောင်းမှာ သူမက ချန်းဟောင်ရန်နှင့်နေရန် ကျောင်းအဆောင်မှ ပြောင်းလာရသဖြင့် ကျောင်းသို့ အသွားအပြန် တစ်နေ့နှစ်ခေါက် အငှားကားငှားရန်လိုသည်။ အငှားကားကို ရွေးရသည့် အကြောင်းမှာ သူမ၏ ဈေးကြီးပေးဝယ်ရသည့် အိတ်၊ အထက်တန်းစားပုံ ဝတ်စားထားပုံမျိုးနှင့်ဆိုလျှင် အများသုံးယာဉ်ပေါ် တိုးစီးရန် မဖြစ်နိုင်သောကြောင့်ပင်။


ကျောင်းမှ ချန်းဟောင်ရန်၏အိမ်သို့ အသွားအပြန်စရိတ်က ယွမ်သုံးဆယ်ကျော်ကုန်သည်။ နေ့နေ့ညည သွားနေရသည်ကြောင့် လက်ရှိ သူမ၏တစ်လစာ အသုံးစရိတ်တစ်ဝက်က ကားငှားခအဖြစ် ပြောင်းသွားသည်။


သူမက ချန်းဟောင်ရန်ကို အကြိမ်ကြိမ်အရိပ်အမြွက်ပြောသော်လည်း သူက သူမတောင်းဆိုသည်ကို လက်မခံချေ။ ၎င်းက ချန်းဟောင်ရန်၏ ဗျူဟာတစ်ခုဖြစ်မှန်း သူမသိသည်။


လွန်ခဲ့သည့်လအနည်းငယ်က ချန်းဟောင်ရန်နှင့် တွဲပြီးသည့်နောက် အနည်းငယ် အမြင်ကျယ်လာသည်ကို ဝန်ခံရပေမည်။ အဓိကအားဖြင့် သူမက များစွာတွေ့ကြုံလာရသည်။ သူမ၏ ယခင်စိတ်ကြီးဝင်နေသည့်ပုံစံက ပြန်တွေးကြည့်လျှင် အလွန်ရယ်စရာကောင်းလှသည်။


လူချမ်းသာများက အရူးမဟုတ်ပေ။


သူမက သက်ပြင်းချကာ ရုတ်တရက် အန်းနဉ်၏အ‌ခြေအနေကို သိချင်လာသည်။


ဝမ်ယွီကရော အန်းနဉ်ကို ထိန်းချုပ်ဖို့အတွက် ဒီလိုနည်းတွေ သုံးလောက်မလား...ချန်းဟောင်ရန် ငါ့ကိုလုပ်သလိုမျိုးပေါ့...


အစောပိုင်းက တွေ့ခဲ့ရသည့် အန်းနဉ်၏ဝတ်စားဆင်ယင်ပုံအရ သူမလည်း မကြာမီအချိန်တွင် ဇိမ်ခံပစ္စည်းများကို စွဲလမ်းလာတော့မည်ဖြစ်ကြောင်း တွေးမိသွား၍  ပြန်ပြီးစိတ်တည်ငြိမ်လာသည်။


အန်းနဉ်က လက်ထောက်ကောကို မေးမြန်းရာ ဝမ်ယွီက သူမကို အကြိုအပို့လုပ်ရန် သူ့အားပြောခဲ့ကြောင်း သိလိုက်ရသည်။


“သူက ဘယ်လောက်ကြာမယ်လို့ ပြောသွားလဲဟင်...” 


“မသိပါဘူး...ရှောင်ဝမ်က သူနည်းနည်းနောက်ကျမယ်ဆိုတာနဲ့ မင်းကို သေချာဂရုစိုက်ပေးဖို့ပဲ ပြောတာပါ...”


အန်းနဉ် ခေါင်းညိတ်လိုက်သည်။


ဝမ်ယွီက အစောကြီးထပြီး နောက်ကျမှပြန်ရောက်လာသည်အထိ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။ ရှင်းရှင်းလင်းလင်းမပြောသော်ငြားလည်း ယန်ယွမ်တို့သားအဖနှင့် တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဟု မှန်းဆခဲ့သည်။


အဖြစ်အပျက်များက သူမ၏ ယခင်ဘဝထက် ပိုစောနေခဲ့သည်။ ဤလအနည်းငယ်က ဝမ်ယွီ့အတွက် အတိမ်းအစောင်းအဖြစ်မခံသည့် အခြေအနေပင်။ အထူးသဖြင့် သူ့အဖေက အဖမ်းခံထားရဆဲဖြစ်သည်။


အရေးကြီးသည့် သဲလွန်စတစ်စုံတစ်ရာကို ရှာတွေ့သည်နှင့် ဝမ်ယွီ့အား ပြောပြနိုင်ရန် အချိန်ရေဝဲထဲ သူမမြင်ခဲ့သမျှ မှတ်ဉာဏ်များကို တွေးတောခဲ့သည်။


စဉ်းစားရင်း တစ်ဖက်လှည့်လိုက်ရာ ကားလမ်းတစ်ဖက်တွင် ထိုးထားသော ပြိုင်ကားတစ်စီးကို တွေ့လိုက်ရသည်။ ကားမှန်တံခါးက ကျလာပြီး စီးကရက်ဖွာနေသည့် လူတစ်ယောက်ကို မြင်လိုက်သည်။ ပုံစံကို ရင်းနှီးနေသဖြင့် ကြည့်လိုက်ရာ အားလပ်ရက်အတွင်း သူမ မမြင်ခဲ့ရသည့် ကျောင်းချန်ဖြစ်နေသည်။


သူ့ကိုမြင်မြင်ချင်း အန်းနဉ်က ဟယ့်မန်ကို ချက်ချင်းတွေးမိသည်။


နူးညံ့သိမ်မွေ့သည့် မိန်းကလေးက သေဆုံးသွားပြီး တကယ့်တရားခံက ဘာမှမဖြစ်ပေ။


အမှန်တကယ်ကို စိတ်ပျက်စရာကောင်းလှသည်။ သူမ၏စိတ်က လေးလံနေသလိုပင်။ ယခုဘဝတွင် ယွီရှားက မည်သည့်ပြစ်မှုမှ မကျူးလွန်ခဲ့သဖြင့် သူမအား လွှတ်ပေးလိုက်သည်။


သို့သော် ကျောင်းချန်ကမူ ရက်စက်လွန်းသည့် ပြစ်မှုကို ကျူးလွန်ပြီးဖြစ်၍ သူ့ကိုအပြစ်ပေးရပေမည်။ အန်းနဉ်သာ ဤသို့မလုပ်ခဲ့လျှင် ဟယ့်မန်သေခဲ့ရသည်မှာ တရားတော့မည်မဟုတ်ချေ။ သူမစိတ်ထဲတွင် ကျောင်းချန်က အတိတ်ဘဝကကဲ့သို့ လုံးဝမပြောင်းလဲချေ။ 


သူက သေသင့်ပေသည်။


သို့သော် ပြန်လည်မွေးဖွားလာစဥ်ကတည်းက အန်းနဉ် သူမ၏အကန့်အသတ်ကို သိသည်။ ကျောင်းချန်ကို အသွေးအသားထဲကအထိ မုန်းတီးသော်လည်း သူ့ကို ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း နားလည်ခဲ့သည်။ ထို့ကြောင့် သူ့အားဝေးဝေးရှောင်ရန် ရွေးချယ်ခဲ့သည်။


ဝမ်ယွီ၌ ကျောင်းချန်ကို ဖြေရှင်းနိုင်သည့် အင်အားရှိသော်ငြားလည်း အန်းနဉ်က သူ့အား ထိုလူနှင့် ထပ်ပြီး မပတ်သတ်စေလိုတော့ပေ။


လက်ရှိမှာ ဝမ်ယွီက ယန်သားအဖနှင့်ပင် အလုပ်ရှုပ်နေလေရာ သူမ၏ခံစားချက်များအတွက်နှင့် ကျောင်းချန်ကို ပြဿနာမရှာစေလိုပေ။


ဝမ်ယွီက အန်းနဉ်အား သူနှင့်အတူလာနေရန်နှင့် ကျောင်းအကြိုအပို့အတွက် လက်ထောက်တစ်ယောက် စီစဉ်ပေးမည်ဖြစ်ကြောင်းကို အလေးအနက်တိုက်တွန်းနေခဲ့ရာ သူမကလည်း လက်ခံလိုက်သည်။ အကြောင်းမှာ ဝမ်ယွီက ကျောင်းမှာမရှိသည့်အပြင် ယန်မိသားစုကို ဖြေရှင်းရန် ကြိုးစားနေရသည့်အတွက် ယခင်ဘဝကကဲ့သို့ သူမအား ကျောင်းချန်လာနှောင့်ယှက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။


ယခုဘဝတွင် အတော်များများ ပြောင်းလဲသွားသော်ငြားလည်း ကြိုတင်ပြင်ဆင်ထားခြင်းက မမှားပေ။


ကျောင်းချန်ကို မနှစ်မြို့သည့်စိတ်က ကြီးစိုးနေသဖြင့် သူမမျက်နှာကို တစ်ဖက်သို့လွှဲလိုက်သည်။


.......


တစ်ခုသောညနေတွင် ကျောင်းချန်က သူငယ်ချင်းများနှင့် အပြင်ထွက်လာသည်။ ၎င်းတို့ထဲတွင် ယွီချန်၌သိခဲ့သည့် သူငယ်ချင်းများလည်း ပါသည်။ သူတို့ထဲကတစ်ယောက်က လီဟေး၏ဝမ်းကွဲဖြစ်သည်။


သောက်လိုက် စကားပြောလိုက်လုပ်နေရာ လီဟေး၏ဝမ်းကွဲဖြစ်သူက မေးလာသည်။


 “ဝမ်ယွီက မင်းတို့ကျောင်းကလား...”


“ဘာလို့ သူ့အကြောင်းမေးတာလဲ...” 


ကျောင်းချန်က ပြန်မေးသည်။


“သူ့မိသားစုမှာ ကိစ္စအကြီးကြီး ဖြစ်သွားတဲ့ပုံပဲ... သူ့အဖေက အဖမ်းခံနေရတယ်တဲ့... ဘာကိစ္စကြောင့်လဲတော့ မသိဘူး... သူတို့အရင်းအနှီးကလည်း ပြတ်သွားတယ်တဲ့.... ကြည့်ရတာ ဒေဝါလီခံရလောက်တယ်ထင်တယ်...”


ကျောင်းချန် ၎င်းကို ပထမဆုံးကြားလိုက်ရ၍ အံ့အားသင့်သွားပြီး မေးသည်။ 


“မင်းဘယ်ကနေကြားခဲ့တာလဲ...”


ဝမ်းကွဲက ပြန်ဖြေသည်။ 


“ငါအစ်ကိုဆီက...”


ဤဝမ်းကွဲက လက်ရှိ လီဟေး၏မိသားစုတွင် အလုပ်လုပ်နေပြီး လီဟေးအနားတွင် မကြာခဏဆိုသလို ‌နေလေ့ရှိသည်။ ရံဖန်ရံခါ၌ သူက အတင်းအဖျင်းတချို့ကို သိရတတ်သည်။ ဝမ်ယွီ သို့မဟုတ် လီဟေးနှင့် တိုက်ရိုက် မဆက်သွယ်နိုင်သည့် ကျောင်းချန်အဖို့ ထိုကဲ့သို့အတင်းအဖျင်းများက စိတ်ဝင်စားစရာကောင်းသည်။


အမှန်မှာမူ ‘ငါ့အစ်ကိုဆီက’ဟူသည့် စကားက ကြွားလုံးထုတ်နေခြင်းပင်။ သူက လီဟေးဖုန်းပြောနေသည်ကို တစွန်းတစကြားသွားပြီး ခန့်မှန်းကာ အမှန်နှင့်အမှားရောနေသော စကားများကို ထည့်သွင်းပြောခဲ့သည်။


ကြားသမျှ အတင်းအဖျင်းတိုင်းက ယုံကြည်နိုင်ဖွယ်မရှိပေ။ အတင်းပြောသည့်လူကလည်း သာမန်ကာလျှံကာ ပြောလိုက်သလို နားထောင်သူများကလည်း အတည်ပေါက်မယူကြပေ။ ဝမ်ယွီနှင့် လီဟေးတို့၏ အသိုင်းအဝိုင်းက ကျောင်းချန်၏အသိုင်းအဝိုင်းထက် ပိုမြင့်သဖြင့် သူတို့၏ကိစ္စရပ်များကို သေချာသိနိုင်ခြင်းမရှိပေ။ အချိန်ဖြုန်းရန် အပျင်းပြေလေပန်းနေရုံမျှသာဖြစ်သည်။


သို့သော် ဤသတင်းကိုမူ ကျောင်းချန် အနည်းငယ်မျှစိတ်ဝင်စားမိသည်။


သူက ကျောင်း၌ တခုခုမူမမှန်သည်ကို သတိထားမိသည်။ အန်းနဉ်က ရက်အတော်ကြာသည်အထိ ကန်တင်း၌ မိန်းကလေးအတန်းဖော်တစ်ဦးနှင့် စားသောက်နေခဲ့သည်။ သူမှတ်မိသလောက်ဆိုလျှင် သူမက ဝမ်ယွီနှင့် နေ့လည်စာစားနေကျပင်။


သိချင်စိတ်ကို မထိန်းနိုင်သဖြင့် စုံစမ်းကြည့်လိုက်ရာ ဝမ်ယွီက ရက်အနည်းငယ် ခွင့်ယူထားကြောင်းတွေ့လိုက်ရ၍ လီဟေး၏ဝမ်းကွဲ ပြောသည့်စကားများက မှန်ကန်နေကြောင်း သက်သေပြနေပုံရသည်။


ကျောင်းချန်၏စိတ်က တခုခုလုပ်ရန် ကြံစည်နေသည်။


သူက အန်းနဉ်ကို ကန်တင်းမှာ ပထမဆုံးမြင်လိုက်စဥ်တည်းက ဟယ့်မန့်အကြောင်းကို တွေးနေခဲ့မိသည်။


အန်းနဉ်နှင့် ဟယ့်မန်က တူသယောင်ရှိသည်။ ဟယ့်မန်က ချိုသာကာ အပြစ်ကင်းပုံရပြီး အန်းနဉ်ကမူ အေးစက်ကာ အနားကပ်ရခက်မည့်ပုံပင်။ ယှဉ်ကြည့်လိုက်လျှင် အန်းနဉ်ကပင် ပို၍ဆွဲဆောင်မှုရှိနေသည်။


သို့သော် သူ နောက်ကျသွားချေပြီ။ အန်းနဉ်လိုအလှလေးက အမြန်သတိထားမိခံရမည်ပင်။ ဝမ်ယွီက သူ့ထက်စောသွားသည်ကို အမှန်တကယ် နောင်တရမိသည်။


ကျောင်းချန်က အထက်တန်းကျောင်း၌ အဖိုးအဖွားများ၏ အလိုလိုက်ခြင်းကိုခံရသော ဆယ်ကျော်သက်ကလေး မဟုတ်တော့ချေ။ သူ့အ‌ဖေက သူ့ကိုပြန်ခေါ်ကာ ပြင်းပြင်းထန်ထန် ဆုံးမခဲ့သဖြင့် ပိုမိုရင့်ကျက်လာခဲ့သည်။ မြို့နယ်စီရင်စုက သူနေခဲ့သည့် ယွီချန်လိုမြို့သေးသေးမဟုတ်ဘဲ မထင်မှတ်ထားသည့် လူတော်များနှင့် ပြည့်နှက်နေသဖြင့် သူ့လှုပ်ရှားမှုတိုင်းကို သတိထားနေရသည်။


ယခုအချိန်တွင် သူကအခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။


.......


ဝမ်ယွီက ဝမ်ကောအန်းအား သွားတွေ့ကာ နောက်ဆုံးအခြေအနေအား သတင်းပို့လိုက်သည်။


“လူတစ်ချို့က လူထုအမြင်ကို လှုံ့ဆော်နေတယ်... အဖေအဖမ်းခံလိုက်ရတဲ့အကြောင်းကို အင်တာနက်ပေါ်မှာ တင်ထားတာကို တွေ့လိုက်ရတယ်... ကျွန်တော်တို့ရဲ့ ငွေသားစီးဆင်းမှုက လုံးဝခမ်းခြောက်နေပြီး အရင်းအနှီး ပြိုလဲသွားပြီဆိုပြီး ကောလဟာလတွေထွက်နေတယ်... လက်တလောတော့ အဲ့ဒီကောလဟာလတွေကို ယုံတဲ့ တချို့supplierတွေနဲ့ အဖွဲ့အစည်းတွေက ငွေပေးချေဖို့ တောင်းခံနေကြပြီ... အဖွဲ့ထဲက လူတွေကြား မတည်ငြိမ်မှုတွေ ရှိနေတယ်...” 


ဝမ်ယွီက အမှန်အတိုင်း ပြောခဲ့သည်။


ဝမ်ကောအန်းက မေးသည်။ 


“တခြားလူတွေကကော ဘာပြောလဲ...”


ဝမ်ယွီက လှောင်ပြောင်လိုက်သည်။


 “သူတို့က ကျွန်တော့တို့ရဲ့ အဓိက တန်ဖိုးအရှိဆုံးနည်းပညာနဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်နေကြတာလေ...သူတို့ကိုယ်သူတို့ ဝန်ထမ်းတွေထက်တောင် ကုမ္ပဏီအကြောင်း ပိုသိနေသယောင်လုပ်နေတာ... သူတို့ပိုက်ဆံက ကျွန်တော်တို့အတွက် အသက်ကယ်မယ့် ကောက်ရိုးတစ်မျှင်ဆိုပြီးတော့ ဈေးဆစ်ဖို့တောင် ကြိုးစားနေကြတာ... ဟားဟား...”


“အဲ့ဒါသူလုပ်တာလား...”


ဝမ်ကောအန်းက မေးလိုက်သည်။


ဝမ်ယွီက ရွံရှာသည့်အမူအရာဖြင့် ခေါင်းယမ်းကာ ပြောသည်။ 


“သူတို့က ဒီတိုင်းယင်ကောင်လေးတွေပါ... နောက်ကွယ်ကလူကိုတော့ စုံစမ်းနေတုန်းပဲ... သူဖြစ်ဖို့တော့များတယ်... သူကလွဲပြီး ဘယ်သူကများ သတင်းကို မြန်မြန်သိနိုင်မှာတဲ့လဲ...”


“ဘာကိုမှ ပေါ့ပေါ့တန်တန်မခန့်မှန်းလိုက်နဲ့... မင်းမှာ မှန်ကန်တဲ့ ကောက်ချက်ချဖို့အတွက်ဆို အချက်အလက်တွေကို တတ်နိုင်သမျှ ရှာရမယ်...”


ဝမ်ယွီက ၎င်းမှာ ယန်ယွမ်ဖြစ်မှန်း အလိုလိုသိနေသည့်အတွက် ဆက်နားထောင်မနေတော့ဘဲ ရှေ့နေကျန်းဘက်လှည့်ပြီး မေးလိုက်သည်။ 


“အမှုကရော ဘယ်အခြေအနေရှိပြီလဲ...”


“စားဖိုမှူးလောင်ကျန်းက ရဲဘက်ကို သတင်းပေးဖို့ ဆက်သွယ်ထားပါတယ်...”


စားဖိုမှူးလောင်ကျန်းက ရဲစခန်းသို့ အခေါ်ခံရကာ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သူ့ဆီမှ ဝမ်ကောအန်းနှင့် ချန်းလျန်တို့ အငြင်းအခုန်ဖြစ်ကြကြောင်းမှလွဲ၍ အခြားအချက်အလက်များ ရှာမတွေ့ခဲ့ချေ။


မိသားစုစံအိမ်က အမှုကိစ္စကြောင့် လက်ရှိချိတ်ပိတ်ထားသည်။ ဝမ်ယွီက ဝန်ထမ်းများကို အနားပေးကာ ပြန်လွှတ်လိုက်သဖြင့် စားဖိုမှူးလောင်ကျန်းလည်း သူ့အိမ်ကို ပြန်အနားယူခဲ့သည်။


တစ်ရက်တွင် သူ့မိန်းမနှင့် ဈေးဝယ်ထွက်ရာမှ မီးဖိုချောင်သုံးဓားတစ်လက် ဝယ်ခဲ့သည်။ သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရဲစခန်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။


“လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော် သစ်သီးလှီးနေတုန်း ဓားတစ်လက်က ထူးဆန်းနေတာကို ခံစားလိုက်ရတယ်... ဝမ်အိမ်ရဲ့ မီးဖိုချောင်က ဓားတွေက နိုင်ငံခြားတံဆိပ်လေ... ပြီးတော့ သုံးလို့လည်းကောင်းတယ်... ကျွန်တော်က အဲ့ဒီဓားတွေသုံးရတာ အကျင့်ဖြစ်နေပြီ...”


ခေါင်းဆောင်က မေးလိုက်သည်။ 


“အဲ့ဒါဘာမှားနေလို့လဲ...”


“ရက်နည်းနည်းကြာမှ ကျွန်တော်လည်း သစ်သီးလှီးတဲ့ဓားက အသစ်ဖြစ်နေမှန်း သတိထားမိလိုက်တာ... အဲ့ဒီတုန်းကတောင် ထူးဆန်းတယ်လို့တွေးလိုက်သေးတယ်... ဒါပေမဲ့ တံဆိပ်တူ ပုံစုံတူဆိုတော့ ကျွန်တော်လည်း သိပ်စဉ်းစားမနေဘူး...”


စားဖိုမှူးက သက်သေအဖြစ်သိမ်းဆည်းထားသော ဓားကို ပြန်ကြည့်ရန်တောင်းဆိုလိုက်သည်။ ခေါင်းဆောင်က ၎င်းကို သက်သေခံပစ္စည်းထားရာအခန်းမှ ထုတ်လာသည်။ စားဖိုမှူးက သေချာလေးကြည့်ကာ အတည်ပြုလိုက်သည်။ 


“ဒီဓားပဲ... ကျွန်တော် နှစ်တော်တော်ကြာသုံးလာတာ... လုံးဝသေချာတယ်... ဟိုတစ်နေ့က ကျွန်တော်သုံးခဲ့တာက အသစ်ကြီး...”


ဤသတင်းက ဝမ်ကောအန်းအတွက် ဝမ်းသာစရာဆိုသော်လည်း ခေါင်းဆောင်ကမူ လုံးလုံးမယုံကြည်ခဲ့ချေ။ ဝမ်မိသားစုက အမှုကို လမ်းလွဲစေရန် ကြံစည်ထားသည်ဟု သံသယရှိနေခဲ့သည်။ သို့သော် ဝမ်ယွီနှင့် ဝမ်ကောအန်းတို့က ချန်းလျန်၏လက်ချက်ဖြစ်ကြောင်း သိလိုက်သည်။ သူမက ဓားအဟောင်းနေရာတွင် အသစ်ကို အစားထိုးခဲ့ခြင်းဖြစ်သည်။ ဝမ်ကောအန်း၏ လက်ဗွေရာကို ယူပြီးနောက် သူမက ဓားအဟောင်းကို အသစ်နှင့် လဲကာ လူတိုင်းကို အရူးလုပ်သွားသည်။


ခင်ပွန်းဖြစ်သူကို ထောင်ခြောက်ဆင်ရန် အသေးစိတ်ကျကျ ကြံရွယ်ထားခြင်းပင်။


ဝမ်ကောအန်းက ဝမ်ယွီ၏ လှောင်ပြုံးကို တစွန်းတစမြင်လိုက်ရသည်။ သူက ချန်းလျန်ကိုပဲလှောင်နေသလား သူ့ကိုယ်သူပဲ လှောင်နေသလားဆိုသည်ကိုမူ မရှင်းလင်းပေ။



###