🤚Chapter 89
ပိုင်လုက သူမ၏နှစ်သစ်ကူးပိုက်ဆံများကို တွက်ချက်ပြီးနောက် အနည်းငယ်ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူမတွင် ချန်းဟောင်ပေးထားသည့် ငွေတစ်ထောင်ကျော် ရှိနေသေးသည်။ သူမ၏နေထိုင်စရိတ်ပါထည့်တွက်လိုက်လျှင် နေ့စဉ်အသုံးစရိတ်ကို ကာမိနိုင်သည်။ ပြီးသည်နှင့် အိမ်ကိုဖုန်းခေါ်ကာ သနားစရာကောင်းအောင်ချွဲလိုက်လျှင် ပိုက်ဆံနည်းနည်းထပ်ပို့ပေးလောက်မည်။
ငွေအလုံအလောက်စုဆောင်းပြီးသည်နှင့် ပိုင်လုက laptopအသစ်တစ်လုံးဝယ်ရန် ဆုံးဖြတ်လိုက်သည်။
သူမတွင် အထက်တန်းကျောင်းတက်စဥ်က သုံးသည့် laptopအဟောင်းတစ်လုံးရှိပြီးသားဖြစ်ကာ ၎င်းကတက္ကသိုလ်တက်ရာတွင်လည်း သုံး၍ရနေသေးသည်။ သို့သော် သူမက အန်းနဉ်နှင့် မုန့်ရှင်းယွီတို့ laptopတူတူသွားဝယ်သည်ကို မြင်၍ မနာလိုဖြစ်ကာ ဝယ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် အတန်းအားသည့်အချိန်၌ သူမlaptopသွားဝယ်ရာတွင်လိုက်ခဲ့ပေးရန် မုန့်ရှင်းယွီကို ဆွဲခေါ်ခဲ့သည်။ သူတို့က ကျောင်းနားရှိ ဈေးဝယ်စင်တာတစ်ခုသို့ သွားခဲ့သည်။ လိုင်းပေါ်မှ ဝယ်၍ရသော်လည်း သူမက မဝယ်မီ သေချာ စစ်ဆေးလိုခဲ့သည်။
မမျှော်လင့်ဘဲ ဆိုင်၌ မုန့်ရှင်းယွီ၏အသိ ယွီရှားနှင့် ဆုံသည်။
ပိုင်လုက ယွီရှားနှင့် တစ်ကြိမ်မက တွေ့ဖူးသည်။ ယခုတစ်ကြိမ်တွေ့ရသည့်အခါ သူမ၏ဖက်ရှင်အမြင်က အတော်လေးတိုးတက်လာမှန်း သတိထားမိသည်။
ယွီရှားကလည်း laptopရွေးနေဆဲဖြစ်သည်။ သူတို့ကို မြင်သည့်အခါ သူမက အပြုံးလေးနှင့် နှုတ်ဆက်သည်။
“နင်တို့ရော laptopလာဝယ်ကြတာလား...”
သုံးယောက်သား စကားစမြည်ပြောကြကာ laptop၏ လုပ်ဆောင်ချက်အကြောင်း ဆွေးနွေးလိုက်ကြပြီး စိတ်ကြိုက်ရွေးချယ်ခဲ့သည်။
မုန့်ရှင်းယွီက အဖော်အဖြစ်သာ လိုက်လာခြင်းဖြစ်ပြီး အမှန်တကယ်ဝယ်မည့်သူက ပိုင်လုပင်။ သူမက မော်ဒယ်နှစ်မျိုးကြား ချင့်ချိန်နေခဲ့သည်။
မုန့်ရှင်းယွီက ပြောသည်။
“ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်...”
သူမထွက်သွားပြီးနောက် ယွီရှားက အရောင်းဝန်ထမ်းကို ပြောလိုက်သည်။
“ကျွန်မ ဒါကိုယူမယ်...”
“နင်ဒီတစ်ခု ယူမလို့လား...”
ပိုင်လုက မေးလိုက်သည်။
“အင်း အဲ့ဒီတစ်ခုက အသေးစိတ်ဖော်ပြချက်ပါတယ်လေ...”
၎င်းကို ပိုင်လုလည်း သိသည်။ ထိုမော်ဒယ်က သူမလိုချင်နေခဲ့သည့်မော်ဒယ် ဖြစ်နေသောကြောင့်ပင်။ သူမက ဝယ်ရန် တုံ့ဆိုင်းနေချိန်တွင် ယွီရှားက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ဝယ်ပစ်လိုက်သည်။
ပိုင်လု အားကျကာ မေးလိုက်သည်။
“နင် ဒီလောက်တောင်ပိုက်ဆံရတာ ဘယ်အချိန်ပိုင်းအလုပ်လုပ်တာလဲဟင်... ရှင်းယွီကတော့ ငါ့ကို ကျူရှင်ဆရာအလုပ် မိတ်ဆက်ပေးပေမဲ့ တအားပင်ပန်းတာပဲ... ပိတ်ရက်မှာလည်း အစောကြီးထရသေးတယ်... ကလေးတွေကလည်း နှစ်ခါလောက်ရှင်းပြတာတောင် စာကို နားမလည်ချင်ဘူး...တစ်ချိန်သင်ဖို့တောင် အနိုင်နိုင်... ငါ့အိပ်ချိန်လေးတွေ စွန့်လွှတ်လိုက်ရတာ မတန်ပါဘူး...”
ယွီရှားက ပြန်ဖြေသည်။
“ပိုက်ဆံများများရတဲ့ အလုပ်မျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါက နင်တို့အတန်းထဲက အန်းနဉ်လိုမှမဟုတ်တာ... သူက လှတဲ့အပြင် မော်ဒယ်လည်း လုပ်နိုင်သေးတယ်... အဲ့ဒါကမှ တကယ်ပိုက်ဆံရှာနိုင်တဲ့သူ...”
ယွီရှားက သူမကို အန်းနဉ်နှင့် ရှင်းယွီတို့ကဲ့သို့ ပွင့်ပွင့်လင်းလင်း မမျှဝေသဖြင့် ဖုံးကွယ်ထားသည်ဟု ခံစားရကာ မပျော်တော့ပေ။ အမူအရာက သူမမျက်နှာတွင် ပေါ်နေလေရာ လူရည်လည်သည့်ယွီရှားက ချက်ချင်းသတိပြုမိသည်။
“ငါ တကယ်ပြောတာပါ...”
ယွီရှားက သဘောထားကွဲလွဲမှုမျိုးကို ရှောင်လိုသည့်အတွက် အမှန်အတိုင်းပြောသည်။
“ငါပြောပြမယ်... တကယ်တော့ ငါ ဒီlaptopကို ဝယ်ဖို့ ကျောင်းသားချေးငွေကို သုံးနေတာ... ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး... ဒီစာသင်နှစ်မှာ ငါတို့က laptopသုံးဖို့လိုတယ်လေ...”
ပိုင်လုက အံ့ဩသွားသည်။
“laptopဝယ်ဖို့ ချေးငွေလျှောက်လို့ရတာလား...”
“ဟုတ်တယ်လေ... နင်မသိသေးဘူးလား...အခု ကျောင်းဝင်းထဲမှာ ချေးငွေလျှောက်လို့ရနေပြီလေ... ပမာဏနည်းနည်းနဲ့ နင့် IDကတ်ပဲလိုမှာ... ငွေက ချက်ချင်းရောက်တော့ အရမ်းအဆင်ပြေတယ်...”
ယွီရှားက ပိုင်လုအား တက်တက်ကြွကြွနှင့် ရှင်းပြနေခဲ့သည်။
ပိုင်လု၏ရင်က တဒိန်းဒိန်းခုန်နေခဲ့သည်။
.......
ယန်ယွမ်က ထိုင်ခုံပေါ်မှီကာ မျက်စိမှိတ်ထားရင်း ယန်ပေါ်တင်ပြနေသည်များကို နားထောင်နေသည်။
ယန်ပေါ်က အပြုံးတစ်ပွင့်နှင့် ပြောလာသည်။
“ညီလေးက သန်မာတဲ့ ပင်ကိုယ်စရိုက်ရှိတဲ့အပြင် သူကပြောင်းလဲမှာမဟုတ်ဘူး... ဒါပေမဲ့ ညှိနှိုင်းတဲ့သူတွေ ပြောတာကတော့ သူက ဟန်ဆောင်လိမ်လည်နေတာတဲ့... ပြီးတော့ သူ့မှာ အရံသုံးဖို့တောင် မရှိတော့ဘူးဆိုပဲ...”
ယန်ပေါ်က ဝမ်ယွီအား ‘ညီလေး’ဟု ထပ်တလဲလဲ ခေါ်ဆိုနေသဖြင့် ယန်ယွမ်အား ဒေါသထွက်စေသည်။
သူက မျက်စိဖွင့်ကာ သူ့ရှေ့က သားဖြစ်သူကို ကြည့်လိုက်သည်။
ချန်းလျန်က မိန်းမလှလေးဖြစ်ပြီး ဝမ်ယွီက သူမနှင့်တူသည်။ ယန်ပေါ်၏အမေက သာမန်ရုပ်ရည်မျှသာရှိကာ ယန်ပေါ်ကလည်း ယန်ယွီငယ်ရွယ်စဉ်က ပုံနှင့် အလွန်တူသည်။
သူက သူ့သားနှစ်ယောက်လုံးကို သဘောမကျပေ။ အကြောင်းမှာ ယန်ယွမ်က သူ့မိသားစုအပါအဝင် လူများအပေါ် မတူညီသော သဘောထားရှိသည်။
သူက သူ့ကိုယ်သူသာ ချစ်သည့် လူစားမျိုးပင်ဖြစ်သည်။
“ငါသိပြီ... ဒါဆို မနက်ဖြန်ကျရင်….”
“မနက်ဖြန် ကျွန်တော်လုပ်စရာရှိတယ်...”
ယန်ပေါ်က စကားဖြတ်ပြောသည်။
သူ့သား၏လေသံက မယဉ်ကျေးသောကြောင့် မျက်မှောင်ကြုံ့လိုက်သည်။
ယန်ပေါ်က သူ့ကိုကြည့်ကာ ပြောသည်။
“မနက်ဖြန် ဘာနေ့လဲ အဖေမှတ်မိလား...”
ယန်ယွမ် မည်မျှပင် ခက်ခက်ခဲခဲစဉ်းစားနေပါစေ မနက်ဖြန်က မည်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း မမှတ်မိခဲ့ပေ။
ယန်ပေါ်က ထိုလူ့အပေါ် ထပ်ပြီးမမျှော်လင့်ထားသဖြင့် စိတ်ပျက်သွားခြင်းမရှိချေ။ သူက အေးအေးဆေးဆေးပြောလာသည်။
“မနက်ဖြန် အမေ့မွေးနေ့... ကျွန်တော် သူနဲ့ အတူအချိန်ဖြုန်းမှာ...”
ယန်ယွမ်က ရုတ်တရက်မှတ်မိသွားသဖြင့် နွေးထွေးသည့်အမူအရာကို အတင်းအကျပ်ဖျစ်ညှစ်လုပ်ယူကာ မေးသည်။
“သူရော ဘယ်လိုနေလဲ...”
“အဖေ့ကျေးဇူးကြောင့် ကျန်းမာရေးကောင်းပါတယ်...”
သူ၏ သားများက သူတို့အမေနှင့် ဆက်ဆံရေးရှုပ်ထွေးကြသည်။ မည်သည့်အရာက ပိုအရေးကြီးကြောင်း သူတို့နားမလည်ပေ။ ယန်ယွမ်က လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး အလွန်ပင်စိတ်ပျက်မိသည်။
သူက ထွက်သွားရန် ပြင်နေသည့်ယန်ပေါ်အား “ရှောင်ပေါ်” ဟုခေါ်ကာ ရပ်ခိုင်းလိုက်သည်။
ယန်ပေါ် ပြန်လှည့်လာသည်။
“အဖေတို့က တစ်လှေတည်းစီးနေတာ သတိရပါ...”
ယန်ပေါ်က ပခုံးတွန့်လိုက်သည်။
“ဟုတ်တာပေါ့...”
သူတို့အကြည့်ချင်းဆုံသွားရာ တစ်ယောက်က ဒေါသတကြီး ကြည့်နေခဲ့ပြီး နောက်တစ်ယောက်က အပြုံးများဖြင့် ပြည့်နှက်နေသော အကြည့်နှင့်ပင်။
ဒေါသထွက်နေသူက ယန်ယွမ်ဖြစ်သည်။
သူ့ထိန်းချုပ်မှုမှ ကိစ္စတော်တော်များများ အထိန်းအချုပ်လွတ်သွားခဲ့ရသည်။
ပထမတစ်ခုမှာ ချန်းလျန်၏သေဆုံးခြင်းပင်။
ဤအရာအားလုံးက ယန်ပေါ်၏အမှားများသာ။
ချန်းလျန်၏ အကြံက ယခုကဲ့သို့ မရှုပ်ထွေးပေ။ သူမက ဝမ်ကောအန်းအား သံသယတရားခံအဖြစ် အဖမ်းခံရစေကာ သူမအတွက် အချိန်တချို့ရနိုင်ရန် ဖန်တီးခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ သူ့အား ဒုက္ခရောက်စေပြီး လှုပ်ရှားမှုများကို ကန့်သတ်ထားနိုင်မှသာ သူမ၏တည်နေရာကို အချိန်မီစုံစမ်းနိုင်ရန်အခွင့်အလမ်းရှိမည်ဖြစ်သည်။
ဤအစီအစဉ်က ဝမ်ကောအန်းအား ဖျက်ဆီးနိုင်မည်ဟု မယုံကြည်ခဲ့ချေ။ ဝမ်ကောအန်း၏ လုပ်ရည်ကိုင်ရည်နှင့် အဆက်အသွယ်များကြောင့် သေချာပေါက်လွတ်လာလိမ့်မည်။
ချန်းလျန်က ထိုအချိန်အတွင်း ပလတ်စတစ်ဆာဂျရီလုပ်ကာ အထောက်အထားအသစ်ဖန်တီးပြီး ဝမ်ကောအန်းထံမှ လွတ်မြောက်လိုခြင်းဖြစ်သည်။
သူမက အနာဂတ်အတွက် အိပ်မက်များပြည့်နှက်နေသည့် ငယ်ရွယ်သော မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။
အရာအားလုံးအဆင်ပြေသော်လည်း သူမ၏အနာဂတ်ဘဝက မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာနိုင်လျှင်ပင် ယန်ယွမ်က သူမအား နှစ်သိမ့်ပေးပေမည်။
သူမ၏ အိပ်မက်လှလှလေးကို ဖျက်ဆီးပစ်သူက ယန်ပေါ်ဖြစ်သည်။
ယန်ပေါ်က ချန်းလျန်ကိုတွေ့တိုင်း ‘အန်တီချန်း’ဟု ခေါ်သော်လည်း သူ့စိတ်ထဲတွင် ချန်းလျန်နှင့်ပတ်သတ်ပြီး အမုန်းတရားနက်ရှိုင်းလှသည်။
ယန်ပေါ်က သူမကို ဓာတ်ပုံတချို့ပြခဲ့သည်။ ပုံတချို့က ကလေးများနှင့် သူ့ပုံဖြစ်ပြီး ကျန်ပုံများတွင် ကလေးများနှင့် အမျိုးသမီးများပါဝင်သည်။
“ဒါကဘာလဲ...”
ချန်းလျန်က စိတ်ရှုပ်ထွေးသွားသည်။ ယန်ပေါ်နှင့် ကလေးများ၏ပုံကိုမြင်ပြီး ရုပ်က ခပ်ဆင်ဆင်တူနေသဖြင့် သူမက မေးသည်။
“အကုန်လုံးက အမျိုးတွေလား...”
“မိသားစုဝင်တွေပါ...”
ယန်ပေါ်က ပြုံးကာ ပြန်ဖြေသည်။
“သူတို့က ကျွန်တော့် ညီအစ်ကိုမောင်နှမတွေ... အငယ်ဆုံးတစ်ယောက်ဆို ခြောက်လပဲရှိသေးတယ်လေ...”
ပြီးတော့ အားလုံးက ယန်ယွမ်ရဲ့ကလေးတွေ....
ယန်ယွမ်က ယန်ပေါ်၏အမေနှင့် လက်ထပ်ပြီး ကလေးရှိနေလျှင်ပင် သူမကိုပဲချစ်နေဆဲဟု တစ်ချိန်လုံး ထင်နေခဲ့သည်။
နှစ်ပေါင်းများစွာ သူမက သူ့ကို ပိုက်ဆံများပေးခဲ့၍ အပြန်အလှန်အနေဖြင့် သူကလည်း သူမကို ချစ်မြတ်နိုးပေးခဲ့သည်ဟု ယူဆခဲ့သည်။
ဝမ်ကောအန်း၏ ဖိနှိပ်မှုအောက်မှာပင် သူမကိုဆက်ချစ်ပေးနေခဲ့၍ အချစ်စစ်ဟု ထင်နေခဲ့သည်။ သူမက ယန်ပေါ်အမေ၏တည်ရှိမှုကိုသာ လက်ခံပေးရန်လိုသည်ဟု တွေးနေခဲ့မိသည်။
မည်သို့ပင်ဆိုစေကာမူ ချန်းလျန်က ယန်ယွမ်၏လှည့်ဖြားမှုကို လက်ခံပေးမည် မဟုတ်ချေ။ အထူးသဖြင့် ယန်ယွမ်က သူမပိုက်ဆံကိုသုံးပြီး တခြားမိန်းမများနှင့် ကလေးရှိနေသည်ကိုပင်။
ထိုမိန်းမများက ငယ်ငယ်ရွယ်ရွယ်လေးများပင် ဖြစ်သည်။ အငယ်ဆုံးဆိုလျှင် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ အသားအရည်က ကော်လဂျင်အပြည့်နှင့် ချောမွတ်နေသဖြင့် အတူယှဉ်လိုက်လျှင် ချန်းလျန်၏သမီးဟုပင် ပြောကြပေမည်။
ချန်းလျန် ရူးသွားမတတ်ပင်။
လက်တွေ့တွင် ပြီးပြည့်စုံသည့် အကြံဟူ၍ မရှိပေ။ အားလုံးက အကျိုးသင့်အကြောင့်သင့် ဖြစ်သွားရုံသာ။
ယန်ပေါ်၏ မူလရည်ရွယ်ချက်မှာ သူ့ရင်ထဲ နှစ်ပေါင်းများစွာ စွဲနေခဲ့သည့် မုန်းတီးမှုများကို လွှတ်ထုတ်ပေးရန်သာဖြစ်သည်။
ချန်းလျန်၊ သွေးဆုံးနေသည့် အမျိုးသမီးတစ်ဦး ၊ ဘဝသစ်ရရန် ယောကျာ်းနှင့်သားကို စွန့်ပစ်ခဲ့သည့် ထိုအမျိုးသမီးက နောက်ဆုံးတွင် ရူးသွားရှာလေပြီ။
သူမက ဓားတစ်ချောင်းနှင့် ယန်ယွမ်ကို လိုက်သတ်ရန် လုပ်သည်။
ဓားက ဝမ်အိမ်တော်က ဓားနှင့်အတူတူပင်။ ချန်းလျန်က ဝမ်ကောအန်း၏လက်ဗွေရာနှင့် ဓားကိုထားခဲ့ပြီး ဤတစ်လက်ကို ယူလာခဲ့ခြင်းဖြစ်သည်။
ယန်ပေါ်ကလည်း ချန်းလျန် ယန်ယွမ်အား လိုက်သတ်နေခြင်းကို ရပ်ကြည့်မနေခဲ့ချေ။ သူက သူမအား တားရန်ပြင်သည်။
သို့သော် ယန်ယွမ်က ချန်းလျန်လက်ထဲမှ ဓားကို အားနှင့်ဆွဲယူလိုက်သည်ကို တွေ့လိုက်ချိန်တွင် ရုတ်တရက်အတွေးတစ်ခု ပေါ်လာသည်။
ယန်ယွမ် မတုံ့ပြန်နိုင်မီတွင် ယန်ပေါ်က ဓားကိုတွန်းပြီး ချန်းလျန်ကိုယ်ထဲ ထိုးချလိုက်သည်။
ယန်ယွမ် ထိတ်လန့်သွားစဉ် ယန်ပေါ်က ဖုန်းကိုထုတ်ကာ မှတ်တမ်းတင်လိုက်သည်။
ဤသားကို မချစ်သော်လည်း သူ့အား မည်သည့်အခါကမှ ချို့ချို့တဲ့တဲ့မနေစေရဘဲ သက်သောင့်သက်သာဖြစ်သည့် ဘဝကို ပေးခဲ့သည်။ သို့ဖြစ်၍ တစ်နေ့ သူ့သားက သူ့အား ပြန်ကိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကံကောင်းစွာနှင့် သူတို့က သွေးသားတော်စပ်နေသေးသဖြင့် ယန်ပေါ်က ယန်ယွမ်အား ထောင်ထဲသို့ ပို့လိမ့်မည်မဟုတ်။
ယန်ပေါ်လိုချင်သည်မှာ အမွေဆက်ဆံပိုင်ခွင့်သာဖြစ်သည်။
နောက်ဆုံးမှာမူ သူတို့က တစ်လှေတည်းကဖြစ်သဖြင့် လှေက မြုပ်လိမ့်မည် မဟုတ်ပေ။ အများဆုံး ပဲ့ကိုင်သည့်သူ ပြောင်းသွားရုံမျှသာ။
......
ဝမ်ယွီက ဝမ်ကောအန်း၏အဖွဲ့နှင့် တွဲလုပ်ကာ ယန်သားအဖကြားသွေးခွဲပြီး ပိုက်ဆံများ၏တည်နေရာကို စုံစမ်းနေခဲ့သည်။
သူက လောင်ရှင်းကိုပင် မေ့လုနီးပါးဖြစ်ခဲ့သည်။
လောင်ရှင်းက ကြိုးစားပမ်းစားစုံစမ်းခဲ့ပြီး ရလဒ်ကို ဝမ်ယွီအား ပေးလိုက်သည်။
ဝမ်ကောအန်း၏ ပိုင်ဆိုင်မှုများက ကိုက်ညီသည်။
ယန်ယွမ်၊ နာမည်ကြီးကျောင်းမှ ထိပ်တန်းကျောင်းသားဖြစ်သူက စီးပွားရေးလုပ်ရာတွင် အရည်အချင်းမရှိခဲ့ချေ။ လက်ရှိနှစ်များအတွင်း ချန်းလျန်ပေးခဲ့သည့် ပိုက်ဆံများကို ရင်းနှီးမြှုပ်နှံသည့် နေရာတွင် သုံးခဲ့သော်လည်း အကုန်လုံးအရှုံးပေါ်ခဲ့သည်။
“ကျွန်တော်တို့ သူနဲ့တွဲလုပ်ခဲ့တဲ့ သူတွေကို ရှာတွေ့ခဲ့ပါတယ်... ကြည့်ရတာ သူက မစ္စချန်းကိုလိမ်ဖို့ စာရင်းအတုလုပ်ခဲ့တဲ့ပုံပဲ...”
လောင်ရှင်းက တင်ပြသည်။
အကယ်၍ အနည်းငယ်သာ နောက်ကျသွားမည်ဆိုလျှင် ချန်းလျန်က ၎င်းကို သိနိုင်မည်ဖြစ်သည်။ သို့သော် ထိုအချိန်က ချန်းလျန်မှာ ငယ်ရွယ်နေသေးပြီး အတွေ့အကြုံမရှိသေးချေ။ ချစ်စိတ်ပြင်းပြနေသဖြင့် ယန်ယွမ်၏ အပြောချိုချိုလေးကို ယုံကာ ပိုက်ဆံများပင် ထပ်ရှာပေးလိုက်သေးသည်။
“သူက ငွေတွေနဲ့ အရှေ့တောင်အာရှမှာ ကြီးပွားအောင်လုပ်ဖို့ထင်တယ်...”
လောင်ရှင်းက ဆက်ပြောသည်။
ဝမ်ယွီက အချက်အလက်ကို ကြည့်လိုက်သည်။
“အိုး သူက ရုတ်တရက်ကြီး အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်လာတာပဲ...”
“ဟုတ်ပါတယ်... တအားကို မြန်လွန်းတယ်... အရှေ့တောင်အာရှနယ်စပ်ကို အလုပ်ပြောင်းသွားတဲ့ ကျွန်တော့ ရဲဘော်ဟောင်းတချို့ရှိတယ်... သူတို့နဲ့ ပြောခဲ့တယ်..”
ဝမ်ယွီက ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။
“ဒီလို ချက်ချင်းကြီး အောင်မြင်ဖို့ဆိုတာ မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်သွင်းတာမျိုး ဖြစ်နိုင်ချေများတယ်... သူဖွင့်ထားတဲ့ ကုမ္ပဏီတွေက အခွံသက်သက်ပဲ...”
ဝမ်ကောအန်းကလည်း ယန်ယွီက ငွေကြေးခဝါချနေသည်ဟု သံသယဖြစ်မိသည်။
စာရွက်စာတမ်းများအကြား ဝမ်ယွီက အမျိုးသမီးတစ်ယောက်၏ပုံကို တွေ့လိုက်သည်။
“အဲ့ဒါ ဘယ်သူလဲ...”
“ရှုယင်... ယန်ယွမ်ရဲ့ဇနီး ယန်ပေါ်ရဲ့ မွေးမိခင်ပါ...”
“သူက ဘာဖြစ်သွားလို့လဲ...”
“လက်ရှိမှာတော့ စိတ်ကျန်းမာရေးဆေးရုံရောက်နေပါတယ်...”
ဝမ်ယွီက သူ့နားသူပင် မယုံနိုင်ခဲ့ချေ။
ဘယ်လို ခွေးသွေးဒရာမာမျိုးလဲဟ...
“ယန်ယွမ်က မြို့ငယ်လေးတစ်ခုရဲ့ သာမန်အသိုင်းအဝိုင်းကပဲ မွေးလာခဲ့တာပါ...သူ့အဖေက လက်သမားတစ်ယောက်၊ အမေဖြစ်သူက မုန့်ဆိုင်လေးဖွင့်ထားပါတယ်... သူ့မှာ အစ်မကြီးနှစ်ယောက်ရှိပြီးတော့ တစ်မိသားစုလုံးက သူ့ပညာရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာပါ..."
“မင်းမိဘတွေ လက်ထပ်ပြီး လေးငါးလနေတော့ ယန်ယွမ်က သူ့မွေးရပ်မြေကို ပြန်ပြီး လက်ထပ်ဖို့ စီစဉ်ခဲ့တယ်... နှစ်လလောက်ကြာတော့ သူ လက်ထပ်သွားတော့တာပဲ...”
“ရှုယင်ရဲ့ ပညာရေးက အထက်တန်းကျောင်းအထိပဲရှိတော့ ပညာသိပ်မတတ်ဖူးလို့ ပြောလို့ရတယ်... သူတို့ကြားမှာ ပညာရေးကော ရုပ်ရည်ပါ ကွာခြားချက်က ကြီးနေတာဆိုတော့... ယန်ယွမ်မိဘတွေက ဒီလက်ထပ်ပွဲကို လုံးဝကန့်ကွက်ခဲ့တာပေါ့... ဒါပေမဲ့လည်း သူကတော့ ရှုယင်ကို လက်ထပ်ပြီး မြို့ကြီးကို ပြောင်းသွားတယ်...”
“ရှုယင်က အကျင့်စရိုက်သိမ်သိမ်မွေ့မွေ့ပါပဲ... လက်ထပ်ပြီးတာနဲ့ သူက အလုပ်ထွက်လိုက်ပြီး အိမ်ရှင်မဖြစ်လာတယ်... မကြာခင် ကိုယ်ဝန်ရှိလာပြီး ယန်ပေါ်ကို မွေးခဲ့တယ်...”
“အခြေအနေကောင်းတဲ့ပုံပါပဲ... အဲ့ဒါကို စိတ်ကျန်းမာရေးဆေးရုံအထိ ဘာလို့ရောက်သွားရတာလဲ... "
ဝမ်ယွီက မေးလိုက်သည်။
သူ့စိတ်ထဲတွင် ထိုကိစ္စက ချန်းလျန်နှင့် တစ်ခုခုပတ်သတ်နေသည်ဟု ခန့်မှန်းမိသည်။
###