🤚Chapter 90
အသေအချာပင်...
“အဲ့ဒါ မင်းရဲ့အမေ မစ္စချန်းနဲ့ ဆက်စပ်နေပါတယ်...”
လောင်ရှင်းက ဆက်လက်တင်ပြသည်။
လောင်ရှင်းက စိတ်ကျန်းမာရေးဆေးရုံရှိ ဝန်ထမ်းဟောင်းတချို့ထံသို့ သွားလည်ခဲ့သည်။ သူတို့ထံမှ ယန်ပေါ်အမေ စိတ်ကျန်းမာရေးဆေးရုံ၌ ရှိနေကြောင်းနှင့် သူမက စိတ်မတည်မငြိမ်ဖြစ်နေသော်လည်း လုံးဝကြီး ရူးနေသည်မဟုတ်ကြောင်း သိလာရသည်။
“သူက အမြဲတမ်း မိန်းမတစ်ယောက်ကို ကျိန်ဆဲနေတတ်တယ်... အဲ့ဒီမိန်းမက သူ့ယောကျ်ားကို ခိုးသွားတယ်ဆိုပြီးတော့... တစ်ခါတုန်းက သူ့ယောကျ်ားဖောက်ပြန်နေတာကို မိသွားတယ်လေ... တစ်ဖက်မိန်းမကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တယ်တဲ့... အဲ့ဒီမိန်းမရဲ့ ယောက်ျားကို သွားပြောပစ်မယ်ဆိုပြီးတော့တောင် ခြိမ်းခြောက်ခဲ့သေးတယ်တဲ့...”
ရုပ်ရှင်ဆန်လှသည့် အကြောင်းအရာများအား ဝမ်ယွီကြားကြားချင်း ခေါင်းကိုက်သွားသည်။
“ဒါဆို ယန်ယွမ်က အဲ့ဒီကိစ္စကြောင့် ရှုယင်ကို စိတ်ကျန်းမာရေးဆေးရုံပို့ခဲ့တာလား...”
သူက နားထင်ကို ပွတ်ကာ မေးလိုက်သည်။
“ဟုတ်ပါတယ်...”
လောင်ရှင်း အတည်ပြုပေးလိုက်သည်။
“ဒါဆို သူ့ယောကျာ်းကိုခိုးလို့ ရိုက်နှက်ခံလိုက်ရတဲ့ မိန်းမက ငါ့အမေလား...”
“ဟုတ်ပါတယ်...”
သူက ထပ်မံ အတည်ပြုပေးလိုက်သည်။
လောင်ရှင်းက ခဏရပ်လိုက်ကာ ဆက်ပြောသည်။
“မနက်ဖြန် သူ့မွေးနေ့ပါ... သူသား ယန်ပေါ်က နှစ်တိုင်း ဒီအချိန်ဆို သူ့အတွက် ကိတ်ဝယ်လာပေးနေကျပါ...”
ဝမ်ယွီအံအားသင့်သွားသည်။
လောင်ရှင်း၏ လုပ်ဆောင်နိုင်စွမ်းက အတော်လေးကို သာမန်မဟုတ်ပေ။
.......
ကြာသပတေးနေ့ နေ့လည်ခင်းတွင် အန်းနဉ်၌ အလုပ်ရှိသည်။ သူမက ရှေ့လူများရိုက်၍ မပြီးသေးမီ အစောရောက်သွားသည်။ လူတိုင်းက အလုပ်ရှုပ်နေကြသည်။
အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး အလုပ်ခန်းထဲ ခဏနားနေရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်က ဆူညံသံတချို့ကြောင့် စာဖတ်နေသည်ကို ရပ်လိုက်သည်။ လက်ထောက်နှစ်ယောက်က တစ်ခုခုကိုရှာနေသည့် အသံဖြစ်နေ၍ အန်းနဉ်လည်း စိတ်မဝင်စားတော့ပေ။
လက်ထောက်များက ရှာဖွေနေရင်း လေကန်နေကြသည်။
ရုတ်တရက် လက်ထောက်နှစ်ယောက်ထဲက အမျိုးသားဖြစ်သူက ကျန်အမျိုးသမီးကို သဲထိတ်ရင်ဖိုဆန်သည့် အသံနှင့်ပြောလာသည်။
“ဟေး မနေ့က ငါတို့သွားသောက်ကြတုန်းက ကျိုးကောက ငါ့ကိုဘာပြောခဲ့လဲဆိုတာ ခန့်မှန်းကြည့်...”
အမျိုးသားလက်ထောက်က အတင်းပြောတော့မည့်ပုံပေါ်သဖြင့် ကျန်တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
“ဘာလဲဟ...ဒီတိုင်းသာပြောစမ်းပါ... ငါသိချင်လာပြီ...”
“ငါတို့ စတူဒီယိုကို သူဌေးကြီးတစ်ယောက်ဝယ်ထားတာမလား... ပြီးတော့ အဲ့ဒီသူဌေးကြီးက ဘယ်တော့မှ မျက်နှာလာမပြဖူးဘူးလေ... မာကောနဲ့ ဓာတ်ပုံဆရာနည်းနည်းလောက်ပဲ သူဘယ်သူလဲဆိုတာ သိကြတာ... သူတို့ကလွဲပြီး တခြားဘယ်သူမှ မသိဘူးလေ...အဲ့ဒီသူဌေးကြီးက ဘယ်သူလဲသိလား...”
အမျိုးသမီးလက်ထောက်၏ သိချင်စိတ်က ငယ်ထိပ်သို့ရောက်နေပြီဖြစ်သည်။ သူမက မြန်မြန်ဆန်ဆန် မေးလိုက်သည်။
“ဘယ်သူလဲ အဲ့ဒါ... သူက နာမည်ကြီးထဲကလား...”
“အဲ့လိုတော့ မဟုတ်ဘူး... ဒါပေမဲ့ နင်လည်း သူ့ကိုသိတယ်...”
အံဩစရာကောင်းသည့် ကိစ္စပင်။ အမျိုးသမီးလက်ထောက်ဖြစ်သူက ထိုသူဌေးကြီးသည် သူမတို့သိနေသည့်သူဆိုသည့်အချက်ကို မယုံနိုင်ခဲ့ပေ။ သူမက သူ့ကို တံတောင်နှင့်တွတ်လိုက်သည်။
“ပြော ပြော၊...ဘယ်သူလဲဆိုတာ... ပြောလိုက်ပါတော့ ငါ့ကို...”
“ဟေး ငါ့ကိုမရိုက်နဲ့လေ...”
အမျိုးသားလက်ထောက်ကာ ရယ်မောကာ သူ့အသံကိုတိုးလိုက်သည်။
“အဲ့ဒါ အန်းနဉ်ရဲ့ကောင်လေးလေ...”
“ဟမ်...”
အမျိုးသမီးလက်ထောက်က ပင့်သက်ရှိုက်လိုက်သည်။
“နင် ဘာပြောလိုက်တာ...”
အမျိုးသားလက်ထောက်က စပ်ဖြဲဖြဲလုပ်ကာ ပြန်ပြောသည်။
“ငါပြောတာ အဲ့ဒီလူက အန်းနဉ်ရဲ့ရည်းစား ဝမ်ယွီလို့လေ...”
” ဘုရားရေ ...စိတ်ကူးယဉ်ဆန်လိုက်တာ...ဘယ်လိုဖြစ်သွားတာလဲ...”
သူမက ရင်ဘတ်ကို လက်နှင့်ဖိကာ မေးလိုက်သည်။
“ဘာဖြစ်ရမှာလဲ... သူကချမ်းသာတယ်... သူ့ကောင်မလေးက မော်ဒယ်ဖြစ်ချင်တယ်...အဲ့ဒီတော့ စတူဒီယိုတစ်ခုလုံး ဝယ်ပေးလိုက်တာလေ... ဒါနဲ့ အန်းနဉ်ကို သွားမပြောနဲ့နော်...”
အမျိုးသားလက်ထောက်က မချင့်မရဲဆိုသည်။
“ဝိုး အချစ်ဝတ္ထုထဲကလိုပဲ... ဘာလို့ အဲ့ဒီလိုကောင်လေးမျိုး ငါ့မှာ မရှိရတာလဲ...”
သူမက အော်ဟစ်ပြောဆိုလေသည်။
“ရှူး အသံကို တိုးဟ...”
အမျိုးသားလက်ထောက်က သူမပါးစပ်ကို မြန်မြန်ပိတ်လိုက်ကာ အသံတိုးရန် သတိပေးလိုက်သည်။
“ဒီအကြောင်းကို မပေါက်ကြားစေနဲ့နော်... အထူးသဖြင့် အပြင်ကိုပဲ... သူဌေးကြီးက အန်းနဉ်ဒါကို သိသွားရင် စိတ်တိုသွားမှာကြောက်လို့ ပေါက်ကြားခွင့်မပြုဘူးဟ...”
“ငါသိပါပြီ... ငါသိပါပြီ...”
အမျိုးသမီးလက်ထောက်ဖြစ်သူက မတတ်နိုင်ဘဲ အားကျနေမိသည်။
“ဒီလိုကောင်းတဲ့ ရည်းစားလေး တစ်ယောက်နှစ်ယောက် လေးငါးယောက်လောက်ရရင် ကျေနပ်ပါပြီဟာ...”
အမျိုးသားလက်ထောက်ဖြစ်သူက ပြန်စနောက်သည်။
“အရင်ဆုံး နင် ပေါင်ငါးဆယ်လောက် ဝိတ်ကျဖို့လိုတယ်….အား.. နင်ငါ့ကို သတ်နေတာလား...”
ထို့နောက် သူတို့က ရယ်မောပြီး ထွက်ပြေးသွားကြသည်။
ထိုစဉ် တံခါးတစ်ခုက ကျွီခနဲပွင့်လာပြီး အန်းနဉ်က တံခါးကို မှီနေခဲ့သည်။
သူမ ထိုနေရာတွင် ခဏမျှရပ်နေကာ ဝမ်ယွီက စတူဒီယိုကို တိတ်တဆိတ်ဝယ်ယူပြီး သူနှင့်မာကောတို့ မသိချင်ယောင်ဆောင်နေကြသည်ကို စိတ်ကူးကြည့်လိုက်သည်။
ထိုအကျင့်မျိုးက ဝမ်ယွီသာလုပ်တတ်သည်။
အန်းနဉ် ခေါင်းယမ်းကာ ရယ်လိုက်သည်။
သူမ၏စိတ်သဘောထားများ ယခင်ကနှင့် မတူတော့သည်မှာ အမှန်ပင်။ ဤကိစ္စကို သိလိုက်ရချိန်တွင် သူမက ဦးဆုံး ဒေါသမထွက်ဘဲ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
အိမ်ပြန်ရောက်ချိန်တွင် ဝမ်ယွီအား ကြည့်မိလေလေ သူက အရူးလေးဟု တွေးမိကာ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးပေါ်လာသည်။
ဝမ်ယွီက ကြောင်သွားကာ သူ့မျက်နှာကိုထိလိုက်ပြီး မေးသည်။
“ကိုယ့်မျက်နှာပေါ် တစ်ခုခုရှိနေလို့လား...”
အလုပ်များနေသည့် အန်းနဉ်က ပြန်ဖြေသည်။
“မရှိပါဘူး...”
သို့သော် သူမမျက်နှာပေါ်ရှိအပြုံးက မပျောက်သွားသေးချေ။
သူတို့က အိပ်ခန်းထဲရှိ စာကြည့်ခန်းငယ်လေးထဲတွင် စားပွဲတစ်ခုံကို မျှသုံးနေကြသည်။
တစ်ဖက်တွင် အန်းနဉ်၏စာအုပ်များ၊ အိမ်စာများနှင့် ပြည့်နေပြီး တခြားတစ်ဖက်တွင် ဝမ်ယွီ၏ laptopနှင့် စာရွက်စာတမ်းဖိုင်များ ရှိနေသည်။
ဝမ်ယွီက အတော်လေး အလုပ်ရှုပ်နေသော်ငြားလည်း အန်းနဉ်၏အပြုံးကိုမြင်၍ သိချင်လာသည်။
သူက စာရိုက်နေရင်း ခြေထောက်ကို ဆန့်လိုက်ကာ အန်းနဉ်ခြေထောက်ကို သွားထိလိုက်သည်။
အန်းနဉ်က သူ့ခြေထောက်ကို ကန်လိုက်သည်။
“အလုပ်ကိုသာ အာရုံစိုက်စမ်းပါ... ရှင် မနက်ဖြန်မနက် အစော အစည်းအဝေးရှိတယ် မဟုတ်ဘူးလား...”
ဝမ်ယွီက စိတ်မပါလက်မပါနှင့် သူ့ခြေထောက်ကို ပြန်ဆွဲလိုက်သည်။
“လက်ရှိ ကုမ္ပဏီရဲ့ အခြေအနေက ဘယ်လိုလဲ...”
“ကောလဟာလတွေကတော့ နေရာတိုင်းပြန့်နေပြီ... အရူးတချို့ကလည်း ယုံကြတာပဲ...ဒါပေမဲ့ မပူပါနဲ့... ကိုယ်တို့ ဒီအခြေအနေကို ထိန်းနိုင်ပါတယ်...”
သူ့စကားများတွင် ယုံကြည်မှုရှိနေသဖြင့် အန်းနဉ်လည်း ခေါင်းတဖွဖွညိတ်လိုက်သည်။
“အင်းပါ...”
......
သောကြာနေ့တွင် ယန်ပေါ်က ကိတ်ဝယ်ကာ သူ့အမေရှိရာ စိတ်ကျန်းမာရေးဆေးရုံသို့ လာလည်ခဲ့သည်။
သူက ကြိုတင်ချိန်းဆိုမှုပြုလုပ်ထားသဖြင့် သူနာပြုက သူ့အား သတိပေးသည်။
“မီးခြစ် ယူလို့မရဘူးနော်...”
ယန်ပေါ်က သူမအား ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
ရှုယင်က တစ်ယောက်ခန်းတွင် နေရကာ အခြေအနေကောင်းမွန်သည်။ သူမတွင် ကိုယ့်ကိုယ်ကို အနာတရဖြစ်လိုစိတ် သို့မဟုတ် အကြမ်းဖက်လိုစိတ်မရှိသည့်အတွက် အခန်းထဲ ပရိဘောဂများ ထားပေးထားကာ ပိုပြီး နေထိုင်ရကောင်းစေသည်။ အဆိုပါလက္ခဏာများရှိသည့် လူနာများ၏အခန်းထဲတွင် ပရိဘောဂများထားရှိခွင့်မပြုပေ။
ရှုယင်က ပြတင်းပေါက်ဘေးထိုင်ကာ အပြင်ဘက်ရှုခင်းကို ဗလာသက်သက်အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ယန်ပေါ်ဝင်လာသည်ကိုပင် မတုံ့ပြန်ခဲ့ပေ။
သူက အမေဖြစ်သူထဲ လျှောက်သွားပြီး “အမေ”ဟု ခေါ်လိုက်သည်။ ရှုယင်က လှည့်ကြည့်လာပြီး သူမအမူအရာများ ပြောင်းလဲသွားသည်။ သူ့ကိုမြင်လိုက်ရသည်နှင့် သူမက အတော်လေး အံ့အားသင့်နေပြီး ပျော်ရွှင်လာသည်။
“ရှင် ကျွန်မဆီလာတယ်နော်...”
သူ့အမေက သူ့အား မမှတ်မိဘဲ ယန်ယွမ်နှင့် လူမှားနေခဲ့သည်ကို ယန်ပေါ်သိသည်။ သူကလည်း ယန်ပေါ်ငယ်ငယ်ကရုပ်နှင့် ဆင်နေသည်။
ဝမ်းနည်းမှုများက ယန်ပေါ်၏ရင်ထဲ လှိုက်တက်လာသည်။
သူက ကိတ်ကို စားပွဲပေါ်တင်လိုက်ပြီး နူးညံ့သည့်အသံဖြင့် ပြောလေသည်။
“ဒီနေ့အမေ့မွေးနေ့လေ... ကျွန်တော်တို့ မွေးနေ့တူတူကျင်းပကြရအောင်နော်...”
ရှုယင်၏မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာသည်။
“ရှင် အလုပ်ရှုပ်နေတာတောင် ကျွန်မမွေးနေ့ကို မှတ်မိသေးတယ်နော်...ရှင်နဲ့တွေ့ရတာ ကျွန်မကံကောင်းတာပဲ...”
သူမ၏ အမူအရာများက ပို၍ပင် နှလုံးနာစေသည်။
ဆေးရုံက မီးခြစ်ယူခွင့်မပြုသဖြင့် ယန်ပေါ်က ဖယောင်းတိုင်အနည်းငယ်နှင့် မီးညှိလိုက်သကဲ့သို့ ဟန်ဆောင်လိုက်သည်။ ကံကောင်းစွာနှင့် ရှုယင်၏ စိတ်အခြေအနေကြောင့် ၎င်းကိုရှာမတွေ့ခဲ့ချေ။ သူမက လုံးဝကို ပျော်ရွှင်မှုထဲ နစ်မြုပ်နေခဲ့သည်။
ယခင်အချိန်တွင် သူမက ပညာရေးတစ်ပိုင်းတစ်စနှင့် မြို့ငယ်လေးတွင် စက်ရုံဝန်ထမ်းဖြစ်လာခဲ့သည်။ ရုတ်တရက် သူမက မသိလိုက်ဘဲ အစ်ကိုကြီးယန်၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ အစ်ကိုကြီးက မြို့ကြီးပြကြီးတွင် ပညာသွားသင်ခဲ့ပြီး ကောင်းမွန်သည့်အနာဂတ်ရှိကာ မထင်ထားလောက်အောင် ချောမောသူဖြစ်သည်။ သူက သူမနှင့် လက်ထပ်ခဲ့သဖြင့် သူမဘဝက ကောင်းမွန်လာခဲ့သည်။
ယန်ပေါ်က သူမကို ကိတ်မုန့်ခွံ့ကျွေးခဲ့သည်။ သူမ၏အပြုံးများက သူ့နှလုံးသားကို ဓားနှင့်ထိုးနေသကဲ့သို့ပင်။ သွေးမထွက်သော်လည်း အမှန်တကယ် နာကျင်လှသည်။
လူယုတ်မာနဲ့ ကောက်ကျစ်တဲ့မိန်းမ...
ခင်ဗျားတို့အကုန်လုံးသေသင့်တယ်...
“အမေ အဲ့ဒီမိန်းမကို မှတ်မိသေးလားဟင်...”
ယန်ပေါ်က မနေနိုင်ဘဲ မေးလိုက်သည်။
‘အဲ့ဒီမိန်းမ’ဆိုသည့် စကားသုံးလုံးက ရှုယင်အတွက် အရေးပါသည့် သော့ချက်တစ်ခုလိုပင်။
“အဲ့ဒီမိန်းမ…အဲ့ဒီမိန်းမ….”
ရှုယင်မျက်နှာက ချက်ချင်း ရှုံ့မဲ့သွားပြီး အန္တရာယ်ပြုမည့်ပုံပေါ်လာသည်။
“အရှက်မရှိတဲ့ဟာမ... သူများယောက်ျားကို သွေးဆောင်ဖြားယောင်းတဲ့ကောင်မ... ငါနင့်ကို သတ်ပစ်မယ်...”
ရှုယင်က စားပွဲကို ရိုက်ချလိုက်သဖြင့် ကိတ်မုန့်က ကြမ်းပြင်ပေါ်ကျသွားသည်။ သူမကို ကြည့်ရသည်မှာ စိတ်ကယောင်ချောက်ချားဖြစ်နေပုံ ရသည်။
“စိတ်ကိုလျှော့နော်... အမေ စိတ်ကိုလျှော့ပါနော်...”
ယန်ပေါ်က သူမကို အနောက်မှဖက်လိုက်ကာ သူမရူးမသွားစေရန် လက်မောင်းကို တင်းတင်းကိုင်ထားသည်။
“အဲ့ဒီမိန်းမ သေသွားပြီ...”
ယန်ပေါ်က ပြောလိုက်သည်။
ရှုယင်၏ ဒေါသပေါက်ကွဲမှုက ရုတ်ချည်းငြိမ်ကျသွားသည်။
သူမက စိတ်ရှုပ်ထွေးနေပြီး မေးလိုက်သည်။
“သေသွားပြီလား... ဘယ်လိုသေသွားတာလဲ...”
“ကျွန်တော့်ကြောင့်လေ...”
ယန်ပေါ်က သူမအနားတိုးကာ တီးတိုးပြောလိုက်သည်။
“ကျွန်တော်သတ်လိုက်တာ...ယန်ယွမ်က တခြားမိန်းမတွေနဲ့ ဖောက်ပြန်နေတာကို သူ ရှာတွေ့သွားတော့ စိတ်လွတ်ပြီး ယန်ယွမ်ကို လိုက်သတ်တော့တာပဲ... ယန်ယွမ်က ဓားကိုင်ထားတဲ့အချိန် ကျွန်တော်က သူ့လက်ကို ကိုင်ပြီး အဲ့ဒီမိန်းမကို ဓားနဲ့ထိုးမိအောင် လုပ်လိုက်တာ...”
“အမေ့အစား ကျွန်တော်လက်စားချေလိုက်ပြီနော်...”
သူက သူ့အမေကို အပြုံးများနှင့် ပြောနေသော်လည်း သူ့မျက်လုံးထဲ မျက်ရည်အပြည့်နှင့်ပင်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ရှုယင်က မိန်းမများ၏အလိုလိုသိစိတ်ကြောင့် ယန်ယွမ့်ကို လိုက်ချောင်းနေခဲ့ရာ မိန်းမတစ်ယောက်နှင့် အိပ်နေသည်ကို လက်ပူးလက်ကြပ်မိခဲ့သည်။ သူမက ချန်းလျန်ကို တိုက်ခိုက်ခဲ့သော်ငြားလည်း ယန်ယွမ်ထံမှ ရိုက်နှက်ခံရခြင်းနှင့်သာ အဆုံးသတ်သွားသည်။
အမှန်စင်စစ်တွင်မူ ချန်းလျန်က မည်သူဆိုသည်ကို သူမ မသိခဲ့ချေ။ သို့သော် သူမအသက်အရွယ်အရ အိမ်ထောင်ကျပြီးလောက်မှန်း ခန်းမှန်းမိခဲ့သည်။ ထို့ကြောင့် ထိုမိန်းမပျက်၏ယောကျ်ားကို ရှာမည်ဟု ခြိမ်းခြောက်ခဲ့သည်။
သူမက ခြောက်လှန့်စေရုံမျှသာဖြစ်သည်။
ထိုခြိမ်းခြောက်မှုက ယန်ယွမ်နှင့် ချန်းလျန်တို့၏ ချက်ကောင်းဖြစ်နေမှန်း သူမ မသိခဲ့ချေ။
ထို့အပြင် သူမလက်ထပ်ခဲ့သည့်သူက ရက်စက်ယုတ်မာသည့် သားရဲတစ်ကောင်ဖြစ်နေခဲ့မှန်းလည်း မသိခဲ့ချေ။
သူမက စိတ်ကျန်းမာရေးဆေးရုံသို့ အပို့ခံလိုက်ရပြီး သူမသားကလည်း ကျောင်းပြောင်းလိုက်ရသည်။ သူမမိဘဆွေမျိုးများက သူမဆီလာတွေ့မည်ပြုလျှင် ယန်ယွမ်က သူမအား ဆေးများထိုးခဲ့သဖြင့် မိသားစုဝင်များက မျက်ရည်လည်ရွဲဖြင့် ငေးငိုင်နေသည့် မိန်းမတစ်ယောက်ကိုသာ မြင်ကြရပေမည်။
ယန်ယွမ်က သူ့မိန်းမ၏မိသားစုအပေါ် ငွေကြေးဥစ္စာတို့နှင့် ထောက်ပံ့လေ့ရှိကာ ကောင်းကောင်းဆက်ဆံပေးသဖြင့် မည်သူကမှ သူ့အပေါ် သံသယမဝင်ခဲ့ချေ။
ထိုအထဲတွင် ယန်ပေါ်တော့မပါပေ။
ယန်ပေါ်က ကျောင်းမှ ခိုးခိုးထွက်ကာ သူ့အမေကို လာလာတွေ့သည်။ သူမက စိတ်ရှင်းနေသည့်အချိန်တွင် အကုန်ပြောပြခဲ့သည်။
ထိုအချိန်တွင် ရှုယင်က သူမယောကျ်ားမှာ မည်သို့သောလူစားမျိုးမှန်း သိလိုက်ရသည်။ သူမက ယန်ပေါ်ကို ဝမ်းနည်းကြေကွဲစွာ ပြောလေသည်။
“သားအကုန်လုံးကို သိသွားပြီဆိုတာ သူ မသိစေနဲ့နော်... ပြီးတော့ အမေ့အတွက်လည်း မပြောပေးနဲ့... စာကိုပဲ အာရုံစိုက်နော်... ကျန်းမာအောင်လည်း နေဦး...”
သူမခင်ပွန်းက သူမတို့သားလေးအား ထိခိုက်အောင်လုပ်မည်ကို ကြောက်လန့်နေခဲ့သည်။
ယန်ပေါ်က သူ့ခံစားချက်များကို မျိုသိပ်ခဲ့ရသည်။
ယန်ယွမ်က ယန်ပေါ်အားစိတ်မဝင်စားခဲ့ချေ။ သူက သူ့မိန်းမကို မနှစ်သက်၍ သူ့သားအပေါ် လည်း နှစ်သက်နေဦးမည်မဟုတ်ပေ။ ထို့အပြင် သူ့ထံတွင် သားတစ်ယောက်တည်း ရှိသည်မဟုတ်ပေ။
သို့သော် ယန်ပေါ်က အကြီးဆုံးသားဖြစ်ပြီး ဝမ်ယွီထက်လည်း နှစ်အနည်းငယ်ပိုကြီးသည့်အတွက် ဦးဆုံးအရွယ်ရောက်သူဖြစ်လာခဲ့သည်။ သူ့အဖေ၏ဉာဏ်ရည်ကို အမွေဆက်ခံရခဲ့သဖြင့် စာကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကာ တစ်နိုင်ငံလုံး ဒုတိယအဆင့်ဖြင့်အောင်ပြီး မြို့တော်၏ထိပ်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။
နောက်ဆုံးတွင် ယန်ယွမ်က သူ့အားအလေးအနက်ထားလာခဲ့သည်။
ယန်ယွမ်၏ ‘လုပ်ငန်း’က လျှို့ဝှက်ထားရမည့် ကိစ္စရပ်များရှိသဖြင့် ယုံကြည်စိတ်ချရမည့် လူများလိုအပ်နေသည်။ ယန်ပေါ်က သူ့သားဖြစ်သည့်အပြင် ရိုးသားပြီး ယုံကြည်၍ရသည့် ကလေးတစ်ယောက်ဖြစ်သည်။ ယန်ပေါ်ဘွဲ့ရသည်နှင့် သူ့အား ကူညီစေခဲ့သည်။
ယန်ပေါ်က အလုပ်ကို လုံ့လစိုက်ထုတ်ပြီး ကြိုးစားသဖြင့် ယန်ယွမ်၏ယုံကြည်မှုကို မြန်မြန်ဆန်ဆန်ရခဲ့ပြီး ပိုမိုအရေးပေးခံလာရသည်။
ယန်ပေါ်က ‘တခြားမိန်းမ’ကိုပင် သူ့အမေအဖြစ်လက်ခံသည့် အရိပ်အမြွက်ပြခဲ့သည်။
ယန်ယွမ်က ရှုယင်အကြောင်းကို တဖြည်းဖြည်းမေ့သွားပြီး ယန်ပေါ်အား ချန်းလျန်နှင့် ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးခဲ့သည်။
သူက သူတို့အား မနှစ်မြို့သော်လည်း ယဉ်ကျေးသည့်မျက်နှာကို ထိန်းထားကာ ချန်းလျန်ကိုပင် ‘အန်တီချန်း’ လို့ပြောင်းခေါ်ခဲ့သည်။
ဆယ်စုနှစ်တစ်ခုစာမျှ ပိတ်လှောင်ခံခဲ့ရပြီး မရပ်မနားကုသခံခဲ့ရသဖြင့် ရှုယင်၏စိတ်အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။
ယန်ပေါ်က သူမအား လွတ်မြောက်စေချင်သော်လည်း ယန်ယွမ်နှင့် ချန်းလျန်တို့က ၎င်းကို ဖြစ်ခွင့်ပေးမည်မဟုတ်ချေ။
ယန်ယွမ်ကို သတ်ပစ်ရန်အထိပင် တွေးခဲ့သော်လည်း အပြည့်အဝအကောင်အထည်မဖော်နိုင်ခဲ့ချေ။ ၎င်းအကြံအစည်ကို လုပ်ဆောင်လုဆဲဆဲတွင် ချန်းလျန်က လက်ရှိအခြေအနေကို သည်းမခံနိုင်တော့ကာ ဝမ်ကောအန်းကို ထားခဲ့ရန် ပြင်သည်။ ထိုအချိန်တွင် သူ့အတွက် လက်စားချေနိုင်မည့် အခွင့်အရေးတစ်ခု ရောက်လာမှန်း သိလိုက်လေသည်။
“အမေ ကျွန်တော်ပြောပြမယ်... အဲ့ဒါကလေ တအားစိတ်ကျေနပ်ဖို့ကောင်းတာနော်...စိတ်ကိုပေါ့သွားတာပဲ...”
အစောပိုင်းက ဆူညံသံကို ကြားလိုက်ရသည့် သူနာပြုက အခန်းထဲ ဝင်လာကာ ဆူတော့သည်။
“ဘာတွေဖြစ်နေတာလဲ... လူနာရဲ့စိတ်ကို လှုံ့ဆော်လို့မရဘူးလေ...”
သူနာပြုက ရှုယင်အား စိတ်တည်ငြိမ်လာအောင် ကူညီပေးနေသည်ကို မြင်လိုက်ရာ ယန်ပေါ်က ခေါင်းကိုလှည့်လိုက်ပြီး မျက်ရည်သုတ်လိုက်သည်။
ထိုကိစ္စများကို ဖြေရှင်းပြီးသည်နှင့် သူ့အမေအား ဤငရဲသဖွယ်နေရာမှ ထုတ်ပေးရမည်ဟု တွေးလိုက်သည်။
###