🤚Chapter 91
သို့သော်လည်း ယန်ပေါ်၏ စိတ်ကူးများက အမှန်ဖြစ်လာရန် ကံမပါလာပုံပင်။
သူပြန်သွားသည်နှင့် သူနာပြုက တံခါးကို တစ်ချက်ကြည့်ကာ ထောင့်တစ်နေရာတွင် ပိပိရိရိ ဝှက်ထားသော ပစ္စည်းတစ်ခုကိုဆွဲထုတ်ပြီး လောင်ရှင်းကို ဖုန်းခေါ်လိုက်သည်။
အန်းနဉ်နှင့် ကျောင်းချန်တို့အကြောင်း စုံစမ်းရန်အလို့ငှာ လောင်ရှင်းကို ငှားထားခြင်းဖြစ်သော်လည်း ထိုကိစ္စကိုပါ အလုပ်ဆက်အပ်လိုက်သည်။
ယန်ပေါ်နှင့် ရှုယင်တို့ ဆေးရုံ၌ ပြောသည့်စကားများကို အထူးကြည်လင်သည့် အသံသွင်းကိရိယာဖြင့် အသံသွင်းထားခဲ့သည်။
၎င်းတို့ထဲတွင် ယန်ပေါ်က သူချန်းလျန်ကို မည်သို့သတ်ခဲ့ကြောင်း ရှုယင်အားပြောပြနေသည်ကို ကြားလိုက်ရချိန်တွင် ဝမ်ကောအန်းပင် မနေနိုင်ဘဲ အံကြိတ်မိသည်။
ဝမ်ကောအန်း ခဏမျှငြိမ်ကျသွားကာ သက်ပြင်းချလိုက်သည်။
“ဒါကို ဆက်စုံစမ်းဖို့မလိုတော့ဘူး... လောင်ချန်းကို လွှဲလိုက်တော့... သူဆက်လုပ်လိမ့်မယ်...”
ဝမ်ယွီက သူ့မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ အရာအားလုံးပြီးဆုံးသွားပြီကို သိသော်လည်း သူ့စိတ်ထဲတစ်ခုခုက မတင်မကျဖြစ်နေသည်။
အဆုံးသတ်သွားပြီဆိုသော်လည်း စိတ်ကျေနပ်မှုမရှိခဲ့ပေ။
အနည်းငယ်မျှပင် မခံစားရချေ။
ယန်ယွမ်က ချန်းလျန်ဆီမှ ပိုက်ဆံများကို တရားဝင်စီးပွားရေးလုပ်ငန်းများတွင် မြှုပ်နှံခဲ့သော်လည်း ဆက်တိုက်အရှုံးပေါ်နေခဲ့သည်။ တစ်နေ့ သူ့အတန်းဖော်ဟောင်းနှင့်ပြန်တွေ့ကာ တစ်ဖက်လူက သူ့ကို ထမင်းလိုက်ကျွေးရန် ဖိတ်ခဲ့သည်။ ထိုသူငယ်ချင်းဖြစ်သူက သူနှင့်ပခုံးဖက်ပေါင်းလာသူဖြစ်ပြီး အရှေ့တောင်အာရှကို အတူသွားကြရန်နှင့် ထိုနေရာ၌ ပိုက်ဆံရမည့် အခွင့်အလမ်းများစွာရှိနေကြောင်း ပြောသည်။
ထို’အခွင့်အလမ်း’ထဲတွင် မည်သည့်အရာများ ရှိနေသည်ကို ယန်ယွမ်သိနေခဲ့သော်လည်း သူ့အနေနှင့် ထိုသွေးဆောင်မှုကို မခံနိုင်ဘဲ လုံးလုံးကျဆင်းသွားသည်။
ချန်းလျန်အရှေ့ သူပြန်ပေါ်လာချိန်တွင် အောင်မြင်သည့်လူတစ်ယောက်အနေနှင့် သူ့ကိုယ်သူ ယုံကြည်မှုရှိရှိ ပြသနိုင်ပြီဖြစ်သည်။ ချန်းလျန်က သူ့ကို ပိုက်ဆံများ ပိုပေးလာသဖြင့် သူ့လုပ်ငန်းများတိုးချဲ့ရန် သုံးလိုက်သည်။
သို့သော် ယန်ယွမ်က အသက်ကြီးလာသည်နှင့်အမျှ ထိုအခြေအနေမှ ရုန်းထွက်ချင်လာပြီး ချန်းလျန်မှတစ်ဆင့် ဝမ်လုပ်ငန်းစု၏ အဓိကလုပ်ငန်းကို ရနိုင်သည့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန် မျှော်လင့်နေခဲ့သည်။
သို့သော်လည်း အိပ်မက်ကလေးကို အကောင်အထည်မဖော်ရသေးမီ သူ့အိမ်တံခါးဝသို့ ရဲများရောက်လာသည်။
အရာအားလုံး အဆုံးသတ်သွားချေပြီ။
.......
စွန်းယာရှန့်က အတန်းထဲတွင် အန်ချင်လာသဖြင့် အပြင်သို့ အပြေးအလွှားထွက်သွားသည်။ ထို့နောက် သူမအား အတန်းဖော်များက မမြင်ရတော့ပေ။ အစာအိမ်ပြဿနာကြောင့် ခွင့်ယူထားသည်ဟု သူတို့ သိထားကြသည်။
ဘယ်သူကမှ သံသယမဖြစ်ကြချေ။
စွန်းယာရှန့်က အတန်းမှ ရက်အတော်ကြာပျက်နေခဲ့သည်။ တစ်နေ့ အန်းနဉ်ကျောင်းမှပြန်လာစဉ် စွန်းယာရှန့်က သူမကို လမ်းတွင် တားခဲ့သည်။
“အန်းနဉ်... ကျိအန်းနဉ်... နင့်မှာအချိန်ရှိလား...ငါနင်နဲ့ စကားပြောချင်တယ်...”
သူမမျက်လုံးများက အနည်းငယ်နီရဲနေပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားကာ ဆွဲဆောင်မှုရှိနေသည်။ လူတော်တော်များများ ဤထောင်ချောက်ထဲ ကျဆင်းနိုင်သော်ငြားလည်း ထိုအထဲတွင် အန်းနဉ် မပါချေ။
အန်းနဉ်က အေးစက်စွာ တုံ့ပြန်သည်။
“ငါ့မှာ အချိန်မရှိဘူ... တခြားလူသွားရှာ...”
ထို့နောက် အန်းနဉ်က ရှေ့ဆက်သွားသည်။
“ဟေး ကျိအန်းနဉ်...”
စွန်းယာရှန့်က သူမအကျီလက်ကို ဆွဲကာ နူးညံ့စွာ အသနားခံခဲ့သည်။
“ငါနင့်ကို တောင်းဆိုနေတာပါဟာ... တကယ်အရေးကြီးလို့ပါ...”
အန်းနဉ်က မုန့်ရှင်းယွီကဲ့သို့ သူငယ်ချင်းများနှင့် ပြောဆိုဆက်သွယ်ပုံကို စွန်းယာရှန့်က စောင့်ကြည့်ခဲ့သဖြင့် သူမသာနှိမ့်နှိမ့်ချချနေပြီး အန်းနဉ်ကို ကောင်းကောင်းမွန်မွန် တောင်းဆိုခဲ့လျှင် သူမအား သေချာပေါက် သနားလာလိမ့်မည်ဟု တွေးခဲ့သည်။
သို့သော်လည်း သူမ မျှော်လင့်ထားသည်ထက်ပင် အန်းနဉ်က အသည်းမာနေခဲ့သည်။
“နင့်ပြဿနာတွေက ငါနဲ့မဆိုင်ဘူးထင်တယ်...”
စကားအဆုံးတွင် အန်းနဉ်က လမ်းတစ်ဖက်သို့ အကြည့်တစ်ချက်ပေးလိုက်သည်။
လက်ထောက်ကောက ကားဘေးတွင် ရပ်နေခဲ့သည်။ ထိုမိန်းမလှလေးက အန်းနဉ်ကို စောင့်နေသည်မှန်း သူ မသိခဲ့ချေ။
နှစ်ယောက်လုံးက သက်တူရွယ်တူဖြစ်ကာ စွန်းယာရှန့်က အန်းနဉ်၏အကျီလက်ကိုပင် ဆွဲထားသဖြင့် ရန်ဖြစ်နေပုံမရ၍ လက်ထောက်ကောလည်း ကြားမဝင်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် အန်းနဉ်ထံမှ အချက်ပြမှုရလာချိန်တွင် သူက သူမတို့ နှစ်ယောက်ကြားရပ်လိုက်ပြီး မေးသည်။
“တစ်ဆိတ်လောက်... ဘာများဖြစ်နေတာများလဲ...”
အကယ်၍ ပြဿနာဖြစ်နေခဲ့လျှင်လည်း သူ့အရှေ့၌ ဆွေးနွေးရန် မဖြစ်နိုင်ချေ။
စွန်းယာရှန့်က တုံ့ဆိုင်းသွားသည်။
“ကျွန်မ…..”
အန်းနဉ်က သူမစကားစကို ဖြတ်ပြောလိုက်သည်။
“ဘာမှမရဖြစ်ဘူး... သွားကြရအောင်...”
ထို့နောက် သူမက လမ်းတစ်ဖက်သို့ လျှောက်သွားသည်။
လက်ထောက်ကောက သူမတို့နှစ်ယောက်အကြားရပ်နေသဖြင့် စွန်းယာရှန့်က အန်းနဉ်ကို ဆွဲထားရန် မဖြစ်နိုင်ချေ။ သူမက အန်းနဉ်ထွက်သွားသည်ကို နှုတ်ခမ်းကိုက်ပြီး ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ထို့နောက် သူမလည်း ထွက်သွားသည်။
ကားက အနည်းငယ်ဝေးဝေးရောက်လာချိန်တွင် အန်းနဉ်က သူမအနောက်ကို ကြည့်လိုက်သည်။ စွန်းယာရှန့်က ထွက်သွားပြီး မကြာမီ သစ်ပင်ဘေးအကွေ့တွင် ရုတ်တရက်ထိုးအန်နေသည်ကို တွေ့လိုက်ရသည်။
သူမ မျက်မှောင်ကျုံ့လိုက်သည်။
လက်ထောက်ကောက အစောကပိုင်းဖြစ်ရပ်ကို ဝမ်ယွီအား တင်ပြခဲ့သည်။ ညနေ သူအိမ်ပြန်ရောက်ချိန်တွင်ရေမိုးချိုး အဝတ်အစားလဲကာ မေးသည်။
“ဒီနေ့ စွန်းယာရှန့် မင်းဆီကပ်လာသေးတယ်ဆို...”
“ဟုတ်တယ်...”
အန်းနဉ်က ဆိုဖာပေါ်ထိုင်ကာ လိုင်းပေါ်ရှာဖွေနေရင်း ဖြေသည်။
“သူပြောတာတော့ အရေးကြီးလို့ဆိုလားပဲ... ကျွန်မကိစ္စမှ မဟုတ်တာ... သူ့ကို လျစ်လျူရှုလိုက်တယ်...”
ဝမ်ယွီသည် အန်းနဉ်က အယုံမလွယ်တတ်သည်ကို ချီးကျူးလိုက်သည်။
“သူ့ကို စိတ်ထဲထားမနေနဲ့...”
သို့သော် အန်းနဉ်စိတ်ထဲတွင် စွန်းယာရှန့် အော့အန်နေသည့် ပုံရိပ်စွဲနေသဖြင့် ဝမ်ယွီကို မေးလိုက်သည်။
“သူက ချန်းဟောင်ရန်နဲ့ ပတ်သတ်နေတုန်းလား...”
“ကိုယ်လည်း မသိဘူးလေ...ဟောင်ရန့်ကို မတွေ့ရတာတောင် ကြာနေပြီ... နောက်မှ သူ့ကိုမေးလိုက်မယ်...”
အန်းနဉ်က တစ်ဖက်ပြန်လှည့်ကာ ပြန်ပြောသည်။
“အဲ့ဒီလောက်လည်း အရေးမကြီးပါဘူး...”
ဆိုဖာက ကျယ်ကျယ်ဝန်းဝန်းနှင့် သက်သောင့်သက်သာဖြစ်ကာ ဘေးတွင် နေရာလွတ်များရှိနေသည်။ သို့သော်လည်း ဝမ်ယွီက အန်းနဉ်အနားသို့ လှစ်ခနဲ တိုးကာထိုင်လိုက်သည်။
အန်းနဉ်က သူ့ကိုလှည့်ကြည့်ကာ မေးလိုက်သည်။
“ဒီနေ့ တစ်ခုခုဖြစ်လာလို့လား...”
ဝမ်ယွီ ကြောင်အသွားသည်။
"ဟမ်..."
အန်းနဉ် ပြန်ရှင်းပြလိုက်သည်။
“ရှင့်ကြည့်ရတာ ပုံမှန်နဲ့ မတူတော့လို့လေ...”
“အဲ့ဒီလိုလား... ကိုယ်က ဘယ်နားမတူနေလို့လဲ...”
အန်းနဉ်က ပြန်ဖြေသည်။
“အဲ့ဒီလိုတော့ သေချာမပြောတတ်ဘူး... ဒီအတိုင်း အရင်ကနဲ့ မတူတော့တာ...”
ဝမ်ယွီက အံ့အားသင့်သွားပြီး သူ့မျက်နှာသူ ပြန်ထိကြည့်ကာ မေးသည်။
“တအားသိသာနေတာလား...”
“သိသာတာမျိုးမဟုတ်ပါဘူး... ဒီတိုင်းခံစားမိနေတာ...”
ဝမ်ယွီက သဘောမတူသည့်အသံဖြင့် သူမပခုံးပေါ် ခေါင်းတင်ကာ ညည်းညူသည်။
“မင်းက ကိုယ့်ဗိုက်ထဲက သန်ကောင်လေးများလားကွာ...”
အန်းနဉ်က ပြုံးကာ ကွန်ပျူတာဆက်သုံးနေခဲ့သည်။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဝမ်ယွီက သူမကိုမှီနေရင်းမှ ရုတ်တရက်ပြောလာသည်။
“ကိုယ့်အမေကို သတ်ခဲ့တဲ့ လူသတ်သမားကို ရှာတွေ့ပြီ...”
အန်းနဉ်၏လက်များ ရပ်တန့်သွားပြီး သူမက ဝမ်ယွီအား လှည့်ကြည့်လိုက်သော်လည်း သူ့ခေါင်းထိပ်က်ိုသာမြင်ရသည်။
” ဒေါသထွက်နေတာလား...”
ဝမ်ယွီက စိတ်အားငယ်သည့်အသံနှင့်ဖြေသည်။ .
“အဲ့ဒီလောက်တော့ မဟုတ်ပါဘူး... ကိုယ့်အမေက သူ့လုပ်ရပ်ကြောင့် သေခဲ့တာပဲလေ...”
“လူသတ်သမားဘယ်သူလဲ မှန်းကြည့်လိုက်...”
အန်းနဉ်က တုံ့ဆိုင်းမှုမရှိဘဲ ဖြေသည်။
“ယန်ပေါ်လား... ယန်ယွမ်လား...”
ဝမ်ယွီ သက်ပြင်းချကာ ဆိုသည်။
“နှစ်ယောက်လုံးတဲ့လေ...”
အန်းနဉ် ငြိမ်ကျသွားသည်။
တစ်ယောက်က သူ့ဖခင်အရင်း၊ နောက်တစ်ယောက်က သူနှင့် သွေးသားတစ်ဝက်တော်စပ်သည့် ညီအစ်ကို၊ အသတ်ခံရသူက သူ့မိခင်အရင်း...
ဖမ်းမိသွားသော်လည်း ထိုအခြေအနေတွင် မည်သို့ ပျော်နိုင်မည်နည်း။
“ဦးလေးရော ထွက်လာပြီလား...”
“မနက်ဖြန်မှ... မနက်ဖြန်ကျရင် အဖေသေချာပေါက်လွတ်စေရမယ်... အဲ့ဒီမှာ ပင်ပန်းမှာစိုးလို့ အကြာကြီး မနေစေချင်ဘူး...”
အမှန်မှာမူ ဝမ်ကောအန်းကို ချန်းဟောင်ရန်၏ တတိယဦးလေးက စောင့်ရှောက်ခဲ့သည့်အပြင် သူ့အသက်အရွယ်အရ အထူးဂရုစိုက်မှုကိုလည်း ရထားသေးသည်။ လွတ်လပ်မှုမှလွဲ၍ တခြားခက်ခဲပင်ပန်းသည့်အရာများ မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ လွတ်လပ်လာသည်ကလည်း သတင်းကောင်းတစ်ခုပင်ဖြစ်သည်။
“တွေ့လား... ပျော်ရမယ့်ကိစ္စတွေ ရှိပါသေးတယ်...”
အန်းနဉ်က ပြောရင်း ဝမ်ယွီ၏နဖူးကို နမ်းလိုက်သည်။
ဝမ်ယွီက သက်ပြင်းချကာ အန်းနဉ်ကို ပွေ့ဖက်လိုက်သည်။
“အိပ်ကြရအောင်...”
စောစောအိပ် စောစောထခြင်းက ကျန်းမာရေးကို ကောင်းမွန်စေသည်။
ဝမ်ယွီက နောက်အိပ်မက်တစ်ခု ထပ်မက်ခဲ့သည်။
အိပ်မက်ထဲတွင် သူက လက်တွေ့ဘဝရှိ ယန်သားအဖ၏လှည့်စားခြင်းခံရသည့် ကိစ္စရပ်များကို ထပ်တူကြုံတွေ့နေရသည်။ လက်တွေ့နှင့် မတူသည်က ရဲဖမ်းခံရသည်မှာ ယန်မိသားစုမဟုတ်ဘဲ သူဖြစ်နေခဲ့သည်။ ထို့အပြင် သူက ‘လူသတ်သမား’အဖြစ် စွဲချက်တင်ခံထားရသည်။
ဝမ်ယွီ စိတ်ရှုပ်ထွေးသွားသည်။
ငါ ဘယ်သူ့ကိုများ သတ်ခဲ့မိလို့လဲ...
ဝမ်ကောအန်းက ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ထိုသတင်းအား ကြားသည်နှင့် သတိလစ်သွားပြီး အချိန်မီ မကုသနိုင်ခဲ့သဖြင့် ဆုံးပါးသွားခဲ့သည်။
ဝမ်မိသားစု ပြိုလဲခဲ့ရသည်။
ယန်သားအဖက အရေးကြီးအချက်အလက်များ ကိုင်ဆောင်ထားသည့် အတွင်းရေးမှူးစွန်းနှင့် ရှေ့နေကျန်းတို့ကို ဆက်သွယ်ခဲ့သည်။ အခြေအနေက သူတို့ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသဖြင့် သူတို့လည်း ကိုယ်ကျိုးစီပွားအတွက် ယန်မိသားစုထံ အညံ့ခံခဲ့ရသည်။
ဝမ်ယွီကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ ပုံမှန်အားဖြင့် လူသတ်မှုကျူးလွန်သူက အများဆုံးမှ တစ်သက်တစ်ကျွန်းကျရုံမျှသာ။ သို့သော် ယန်ပေါ်၏ အာဏာလွှမ်းမိုးမှုကြောင့် ဝမ်ယွီ သေဒဏ်ကျခဲ့သည်။
ဝမ်ယွီက အိပ်မက်ထဲရှိ သူ၏နောက်ဆုံးနေ့ရက်အထိ စိတ်အားငယ်စိတ်ကို ကြံ့ကြံ့ခံခဲ့သော်လည်း အတော်လေးမွန်းကျပ်စရာကောင်းလှသည်။
ကျည်ဆန်က သူ့ဘဝကို အဆုံးသတ်လိုက်ကာ မသေမီအချိန်လေးတွင် အန်းနဉ်ကို မြင်လိုက်ရသည်။
သူမက ငိုနေခဲ့သည်။
“နောက်ဘဝဆိုတာရှိခဲ့ရင်…..”
အာ …သူဒီမြင်ကွင်းကို မြင်ဖူးတယ်...
ဒါဆို ဒီစကားက ငါမသေခင် သူပြောခဲ့တဲ့စကားပေါ့...
ဝမ်ယွီက သူ့မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သည်။
အိပ်ခန်းက မည်းမှောင်နေပြီး သူ့နှလုံးသားက တင်းကျပ်နေခဲ့ကာ နဖူးပေါ်တွင် ချွေးစေးများထွက်နေသည်။ သူ့နှလုံးသားက တော်တော်ကြာကြာ စူးပြီးနာကျင်နေဆဲပင်။ ခြေလက်များက တောင့်တင်းနေကာ တစ်ချက်လေးတောင် မလှုပ်နိုင်ခဲ့ချေ။
၎င်းက အန်းနဉ် သူ့ဖက်ကိုလှိမ့်လာပြီး လာမဖက်မီအထိ ဖြစ်ပွားခဲ့သည်။
သူက ငါ့ဘေးမှာရှိနေသေးတယ်...
နွေးထွေးပြီးတော့ ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ...
ငါတို့နှစ်ယောက်လုံး အသက်ရှင်နေတုန်းပဲ...
အကြိမ်အနည်းငယ်မျှ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဝမ်ယွီ့ကိုယ််မှ တောင့်တင်းမှုက ပြေလျော့သွားသည်။ သူက အန်းနဉ်ကို တင်းတင်းဖက်လိုက်ပြီး သူရင်ခွင်ထဲ ကွေးနေစေသည်။ သူမက အနည်းငယ်လှုပ်သွားပြီး ဝိုးတိုးဝါးတားပြောကာ ပြန်ငြိမ်ကျသွားသည်။
အမှောင်ထဲတွင် ဝမ်ယွီက သူမ၏ပါးလေးကိုပင် မြင်နေရသည်။ သူမက အသက်ရှူသံတိုးတိုးလေးဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။
သူမအသက်ရှူသံကို နားထောင်ရင်း ဝမ်ယွီ၏ စိတ်ထဲ ဝရုန်းသုန်းကားဖြစ်နေမှုကြီးက တဖြည်းဖြည်းချင်း ငြိမ်သက်သွားကာ နောက်တစ်ခေါက် အိပ်ပျော်သွားသည်။
နောက်တစ်နေ့တွင် ဝမ်ကောအန်း လွတ်မြောက်လာသည်။ ဝမ်ယွီက သူ့အား တစ်ယောက်ယောက်ကို သွားကြိုစေကာ သူတို့၏ကိုယ်ပိုင်ဆေးရုံသို့ ခေါ်လာလေသည်။
“အဖေတို့ ဘာလို့ ဒီရောက်လာတာလဲ...”
ဝမ်ကောအန်းက မေးလိုက်သည်။
“ကျန်းမာရေးစစ်ဆေးဖို့လေ... အဖေက အကြာကြီး ထိန်းသိမ်းခံထားရတော့ ကျန်းမာရေးပြဿနာတစ်ခုခုများ ရှိနေမှာစိုးလို့လေ...”
ဝမ်ကောအန်းက ပြောလိုက်သည်။
“မင်းကသာ ပြဿနာရှိနေတာကွ... ငါက လုံးဝဒေါင်ဒေါင်မြည်ပဲ...”
“ဟုတ်ပါပြီ... ဟုတ်ပါပြီ...အဖေက အသက်တစ်ရာထိ နေရဦးမှာပါ...”
ဝမ်ယွီက စနောက်ကာ ပြောသည်။ ထို့နောက် သူက ဝမ်ကောအန်းအား စစ်ဆေးမှုခံယူရန် အတင်းအကျပ်တိုက်တွန်းခဲ့သည်။
CT scan နှင့် MRI များ စစ်ဆေးပြီးနောက် ဝမ်ကောအန်းက စိတ်မရှည်တော့ဘဲ ညည်းညူနေသည်။
“ငါ အိမ်ပြန်ပြီး ရေချိုးချင်နေပြီကွာ...”
စစ်ဆေးမှုရလဒ်က ဝမ်ယွီမျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေခဲ့သည်။ သူ့တွင် ပုံမှန်ဂရုစိုက်ပေးရုံဖြင့် ပျောက်နိုင်မည့် အသက်အရွယ်ကြောင့်ဖြစ်သည့် အသေးစားကျန်းမာရေးပြဿနာများသာ ရှိသည်။
“တွေ့လား... ငါပြောသားပဲ အကောင်းကြီးပါလို့...”
ဝမ်ကောအန်းက ဝံ့ကြွားစွာဆိုသည်။
ဝမ်ယွီက လက်ခံလိုက်သည်။
“ဟုတ်ပါပြီ... ကျွန်တော်ကသာ ပြဿနာရှိနေတဲ့ သူပါ...”
သူက အမှန်တကယ်လည်း ပြဿနာရှိနေသည်ဟု ခံစားမိသည်။ သူ့၏အိပ်မက်များက ညစဉ်ဆိုးရွားလာခဲ့သည်။ အိပ်မက်ထဲမှ ခံစားချက်များက သူ့အား ၎င်းတို့က အပြင်လောကတွင် အမှန်ဖြစ်ပျက်ခဲ့သည်ဟု ခံစားမိစေရန် လှုံ့ဆော်ပေးနေသည်။
ဝမ်ယွီက ယနေ့မနက်နိုးသည်နှင် ဝမ်ကောအန်းကို ကျန်းမာရေးစစ်ဆေးပေးရန် သူ့ပထမဆုံးလုပ်ဆောင်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။
ဒါတွေအားလုံးက သောက်အိပ်မက်တွေကြောင့်...
ညနေခင်းတွင် ဝမ်ယွီက ရှေ့နေကျန်းထံမှ ဖုန်းလက်ခံရရှိပြီး ချန်းလျန်အားသတ်သည့်အမှုတွင် ယန်သားအဖပါဝင်သည့် ပတ်သတ်မှုများကို တွေ့ရှိခဲ့ပုံရသည်။ မှုခင်းဖြစ်ပွားရာနေရာအရ သက်ဆိုင်သည့် အထောက်အထားများ၊ အလောင်းသယ်ခဲ့သည့် ယာဉ်နှင့် လေလုံအိတ်တစ်အိတ်လို့ သိရသည်။
ထို့အပြင် ယန်ယွမ်၏ တရားမဝင်ကိစ္စရပ်များနှင့် နှစ်အတော်ကြာ ငွေကြေးခဝါချမှုများကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။ နောက်တစ်ဆင့်မှာ ဝမ်မိသားစုငွေကို ပြန်ရရန်ဖြစ်သည်။
မကြာမီရက်အတွင်းတွင် ယန်ယွမ်နှင့် ယန်ပေါ်တို့က ဝမ်ယွီနှင့်တွေ့ခွင့်ရရန်တောင်းဆိုခဲ့သည်။
ယန်ယွမ်က မျက်ရည်များကျနေသည်။
“ငါက ဓားကို ကိုင်ထားရုံလေးပါကွာ... အားလုံးယန်ပေါ်လုပ်တာ... သူက ငါနဲ့ မင်းအမေကို မုန်းနေခဲ့တာလေ... ဒါတွေအားလုံး သူ့အပြစ်ပဲ...”
ယန်ယွမ်က အသနားခံခဲ့သည်။
“ရှောင်ယွီ ငါက မင်းအဖေအရင်းပါကွာ... ငါ့ကို ကူညီရမယ်နော်...”
ဝမ်ယွီက စိတ်မရှည်တော့ချေ။
“လူသတ်မှုက ရှေ့နေရုံးနဲ့ ပြောရမှာလေ... ကျုပ်က ဘာလို့ကူညီရမှာလဲ...”
ယန်ယွမ်က အရှက်မဲ့စွာ ပြန်ဖြေသည်။
“ဒီကမ္ဘာပေါ်မှာ ပိုက်ဆံနဲ့ မဖြေရှင်းနိုင်တဲ့ ကိစ္စမရှိပါဘူးကွာ...”
ယန်ယွမ်က ထပ်မံမက်လုံးပေးလိုက်သည်။
“ယန်ပေါ်က ကယ်လို့မရတော့ဘူးဆိုတော့ အဖေစုဆောင်းခဲ့သမျှအားလုံး အနာဂတ်မှာ မင်းအတွက်ပဲလေ...”
“ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေလား... တရားမဝင်ဆေးဝါး မှောင်ခိုသွင်းတဲ့ အလုပ်ကရတဲ့ ပိုက်ဆံကိုပြောတာလား...”
ဝမ်ယွီက အေးစက်စက်နှင့် ရယ်လိုက်သည်။
“သွားစမ်းပါ... အားလုံးက သူ့နေရာနဲ့သူ ပြန်ရောက်လာမှာ...”
ယန်ယွမ်၏ အမူအရာများ ပြောင်းလဲသွားသည်။
နောက်ဆုံးအနေနှင့် ဝမ်ယွီကပြောသည်။
“ကျုပ်အဖေလို ဟန်ဆောင်နေတာ တော်လိုက်တော့...”
“ခင်ဗျားက သုတ်ပိုးထုတ်ပေးတာအပြင် ကျုပ်အတွက် တခြားဘာများ လုပ်ပေးဖူးခဲ့လို့လဲ”
“ကျုပ်ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိတယ်... အဲ့ဒီလူက ဝမ်မျိုးရိုးပဲ...”
###