🤚Chapter 92
ယန်ပေါ်က သူ့အဖေထက်ပင် စိတ်သဘောထားပိုသန်မာသည်။ အနည်းဆုံး သူက ငိုယိုခြင်း၊ အသနားခံခြင်းမျိုး မလုပ်ဘဲ သူ့အားနည်းချက်ကို ထုတ်မပြခဲ့ချေ။
ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် စစ်ဆေးခံရပြီးနောက် စိတ်အတော်လေးပင်ပန်းနေသော်လည်း တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်ဖြစ်သည်။
“ငါ့မှာ မင်းအပေါ် အာဃာတမရှိဘူး...မင်းကငါ့ထက် ပိုသန်မာမနေပါဘူးကွာ...ဘာပဲဖြစ်ဖြစ်ကိစ္စအားလုံးက အဲ့ဒီလူအိုကြီးကြောင့် ဖြစ်လာရတာပဲ... ဒါပေမဲ့ မင်းအမေကိုတော့ ငါတကယ့်ကို မုန်းတယ်...”
ဤလူက သူ၏ ဖအေတူမအေကွဲ အစ်ကိုပင်ဖြစ်သည်။ ဝမ်ယွီက သူ့အမေနှင့် ယန်ပေါ်အမေတို့ကြား မုန်းတီးမှုကို သိသောကြောင့် ယန်ပေါ်နှင့် မျက်နှာချင်းဆိုင်တွေ့ရာတွင် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။
ဝမ်ယွီက မေးလိုက်သည်။
“မင်း ငါ့ကိုဘာပြောချင်တာလဲ...”
“ဘာမှတော့မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် အဖြေကထွက်နေပြီကို... နိုင်သူစားစတမ်းပဲဆိုတော့ ဘာမှမပြောချင်တော့ဘူး... ဒီတိုင်း ငါတို့ညီအစ်ကိုနှစ်ယောက် တစ်ခါမှ မျက်နှာချင်းဆိုင် စကားကောင်းကောင်း မပြောခဲ့ဖူးဘူးလို့ ခံစားလိုက်ရလို့..."
ဝမ်ယွီ ငြိမ်ကျသွားသည်။
“ငါတို့က သွေးသားတော်စပ်တယ်ဆိုတာနဲ့ပဲ ညီအစ်ကိုဖြစ်လာမှာ မဟုတ်ဘူး... အရင်မျိုးဆက်တွေကြားက ကိစ္စတွေကြောင့်လည်း ပါတာပေါ့...”
“ဟုတ်တာပေါ့...”
ယန်ပေါ်က ကိုယ့်ကိုယ်ကိုလှောင်ရယ်ကာ ဝမ်ယွီ့ကို မေးလိုက်သည်။
“မင်း ငါ့ကို အပြတ်ရှင်းတော့မှာလား...”
ဝမ်ယွီက မျက်ခုံးပင့်လိုက်ကာ ပြန်ဖြေသည်။
“မင်းနဲ့ တန်လို့လား...”
“တန်တန် မတန်တန် ငါသာ မင်းနေရာမှာဆိုရင် သေချာပေါက် မင်းကိုအပြတ်ရှင်းပစ်မှာ... မဟုတ်ရင်တောင် ငါက အဲ့ဒီလူအိုကြီးဘေး ကြီးပျင်းလာရတာဆိုတော့ ဒုတိယမြောက်ယန်ယွမ် ဖြစ်လာဦးမှာပဲ...”
ဝမ်ယွီက လှောင်လိုက်သည်။
“မင်းသေချင်နေတယ်ဆိုရင်လည်း နည်းတွေမှ အများကြီးပဲ... ကိုယ့်ဘောင်းဘီကို ကြိုးလုပ်ပြီး တံခါးနားမှာ ဆွဲကြိုးချသတ်သေလိုက်လေ... ငါ့လက်လည်း ညစ်ပတ်ဖို့ မလိုတော့ဘူးပေါ့...”
အခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထို့နောက် ယန်ပေါ်က ရုတ်တရက်ပြောလာသည်။
“ငါ့အမေက ပညာကောင်းကောင်းမတတ်ဘူး...”
စကားဝိုင်း အပြောင်းအလဲက ရုတ်တရက်ဆန်သဖြင့် ဝမ်ယွီကြောင်အသွားသည်။
ယန်ပေါ်က ဆက်ပြောသည်။
“သူက ရုပ်မလှသလို မင်းအမေနဲ့လည်း မယှဉ်နိုင်ခဲ့ဘူး... ဒါကြောင့် သူ့အတွက် ငါ့အဖေနဲ့ လက်ထပ်လိုက်ရတာက ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလိုပဲ...”
“ဒါပေမဲ့ သူ မသိခဲ့တာက ငါ့အဖေက သူ့ကို လက်ထပ်ခဲ့တယ်ဆိုတာ မင်းအမေကို သူ့ရဲ့သစ္စာရှိမှုတွေကို ပြဖို့ဆိုတာကိုပဲ... ဒါမှ မင်းအမေကသာ သူ့ရဲ့တကယ့်အချစ်စစ်ဆိုပြီးတွေးအောင်လို့လေ... သူက မင်းအမေကို ထားခဲ့ရပေမဲ့ သူ့မိန်းမအပါအဝင် ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးဆိုပြီးတော့လေ...”
“ငါ့အဖေ…မှားလို့ ငါတို့အဖေက သူ့ကိုယ်သူကလွဲပြီး ဘယ်သူ့ကိုမှ လူလို့မြင်တာမဟုတ်ဘူး... အဲ့ဒီထဲမှာ မင်းရယ်၊ ငါရယ်၊ ငါတို့အမေတွေလည်း ပါတယ်...”
“ငါ မင်းအမေကို သတ်လိုက်တုန်းက သူ့ကိုလည်း သတ်ခဲ့သင့်တာ... ဒါပေမဲ့ ငါ တအားသတ္တိနည်းသွားခဲ့တယ်... ဟင်း...”
“ဒီဖြစ်ရပ်ကြီးတစ်ခုလုံးမှာ ဘယ်သူကမှ အပြစ်မကင်းဘူး...ငါ့အမေကလွဲပြီးပေါ့...”
ဝမ်ယွီက ၎င်းအား မငြင်းနိုင်သည်ကို တွေ့လိုက်သည်။ ပြောရလျှင် သူ့အဖေ ဝမ်ကောအန်းပင် အပြစ်လုံးဝမကင်းခဲ့ချေ။
နစ်နာသူ အစစ်အမှန်က ယန်ပေါ်၏အမေဖြစ်သည်။
ဝမ်ယွီက ယန်ပေါ်၏ဆိုလိုရင်းကို နားလည်သည်။
“ငါနဲ့ ငါ့အဖေက မင်းအမေကို လက်ဖျားနဲ့တောင် ထိမှာ မဟုတ်ဘူး... မင်းအမေက ရောဂါကုဖို့ ဆေးရုံမှာ နေလို့ရတယ်... ကုန်ကျစရိတ်တွေ ငါပေးမယ်... ငါ့အမေ သူ့အပေါ် တင်နေခဲ့တဲ့ အကြွေးလို့ သတ်မှတ်လိုက်...”
ယန်ပေါ်က စိတ်သက်သာရာရသည့် အပြုံးမျိုးပြုံးလိုက်သည်။
သူတို့က ကောင်းမွန်သည့် တွေ့ဆုံမှုမျိုး မဟုတ်ခဲ့ပေ။
ဝမ်ယွီ အခန်းထဲမှ ပြန်ထွက်လာသည်နှင့် ထိုစကားဝိုင်းကို မေ့ချင်ခဲ့သော်လည်း မတတ်နိုင်ခဲ့ပေ။
သူငယ်ချင်းများကြားထဲ ချန်းဟောင်ရန်က သတင်းအမြန်ဆုံးသိရသူဖြစ်သည်။ သူက ဝမ်ယွီ့အား ပထမဆုံး ဖုန်းခေါ်ခဲ့သူဖြစ်ကာ အခြေအနေကို မေးလိုက်သည်။
မသေချာသေးသည့် အခြေအနေဖြစ်၍ ဝမ်ယွီက များများစားစားမပြောခဲ့ချေ။ သူက ပြန်မေးလိုက်သည်။
“စွန်းယာရှန့်နဲ့ ပြဿနာဖြစ်ထားတာလား...”
မေးခွန်းကို ကြားလိုက်သည်နှင့် ချန်းဟောင်ရန်က စိတ်အနှောင့်အယှက်ဖြစ်လာသည်။
“သူ့မှာ ကိုယ်ဝန်ရှိနေပြီ...”
ဝမ်ယွီ အံ့ဩသွားပြီး သူ့ကို ဆူပူတော့သည်။
“ဘယ်လိုတောင် ဂရုမစိုက်ရတာတုန်းကွ...”
“အဲ့တုန်းက ငါတို့ သောက်တာများသွားလို့ပါ...”
ချန်းဟောင်ရန်က ပြန်ဖြေသည်။
“အဲ့ဒီတော့ သူက ဘာဖြစ်ချင်တာတဲ့လဲ...”
ရုတ်တရက်ဆန်သည့် ကိစ္စဖြစ်သော်လည်း ရိုးရှင်းသည့် နည်းတစ်ချို့နှင့် ဖြေရှင်းနိုင်ပေသည်။
ချန်းဟောင်ရန်၏ အသံက အတော်လေး မပျော်မရွှင်ဖြစ်ကာ စွန်းယာရှန့်က တစ်ခုခုလုပ်လိုက်မှန်း သိသာသည်။
"ဒီနေ့ခေတ် မိန်းကလေးတွေ ဘယ်လောက်အကြံအစည်ကြီးလဲဆိုတာ မင်းမသိဘူးနော်...”
ဝမ်ယွီက ပြန်မေးလိုက်သည်။
“ဘယ်လောက်တောင်မလို့လဲ...”
“အား...သူရဲ့ တကယ့်အကြံအစည်က လက်ထပ်ဖို့တဲ့လေ... သူက လက်ထပ်လို့ရတဲ့ အသက်တောင် မပြည့်သေးဘူး... တအားစိတ်ကူးယဉ်နေတာမဟုတ်ဘူးလား...”
ချန်းဟောင်ရန်က ဒေါသတကြီး ပြန်ဖြေသည်။
“ဒါဆိုလည်း လက်ထပ်လိုက်လေ...”
ချန်းဟောင်ရန်က ဒေါသထွက်ထွက်နှင့်ပြောသည်။
“တော်ပါတော့...”
.......
သူ့အိမ်မှ အရာအားလုံးက တဖြည်းဖြည်းအခြေကျလာသည်မှာ သိသာပေသည်။
ဝမ်ယွီက ပြန်ရောက်သည်နှင့် အန်းနဉ်ကို အကြောင်းစုံပြောပြလိုက်သည်။
“စွန်းယာရှန့်က ကိုယ်ဝန်ရှိနေတာ... ချန်းဟောင်ရန်ကို လက်ထပ်ဖို့ ကြံစည်ထားတဲ့ပုံပဲ... သူ့အစားပြောပေးဖို့ ကိုယ့်အကူအညီလိုလို့ မင်းဆီ ကပ်လာတာနေမှာ...”
အန်းနဉ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“စိတ်ကူးယဉ်လွန်းမနေဘူးလား သူ့တွေးခေါ်ပုံကြီးက...”
ဝမ်ယွီ မှတ်ချက်ပြုလိုက်သည်။ သူက ပြဿနာကို သဘာဝအတိုင်း ချန်းဟောင်ရန်၏ရှုထောင့်မှ ကြည့်သည်။
အန်းနဉ်က နားလည်စပြုလာသည်။
“အဲ့ဒါ ဝတ္ထုတွေထဲကလိုပဲနော်...”
“ဟမ်...”
“ဝတ္ထုတွေထဲမှာဆို အမြဲတမ်းအဲ့ဒီတိုင်းပဲလေ... ကိုယ်ဝန်ရသွားပြီး နောက်တော့လည်း လက်ထပ်သွားကြတာလေ...”
ဝမ်ယွီက မယုံကြည်နိုင်စွာနှင့် မေးလိုက်သည်။
“ဘယ်လိုကြီးတောင်လဲ... ဉာဏ်မရှိလိုက်တာ... အဲ့ဒီလိုဝတ္ထုမျိုး မိန်းကလေးတွေအားလုံး ဖတ်ကြတာလား...”
“အားလုံးတော့မဟုတ်ပါဘူး... ကျွန်မ မဖတ်ဘူးလေ...”
သူမက ပိုင်လုနှင့် အခြားသူများ ဝတ္ထုအကြောင်းဆွေးေနွးနေသည်ကို တစွန်းတစကြားလာရာမှ သိလာခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမနှင့် မုန့်ရှင်းယွီတို့က ထိုစိတ်ကူးယဉ်ဆန်သည့် ဝတ္ထုများအား စိတ်မဝင်စားချေ။ နှစ်ယောက်လုံးက လောကဓံကို အခြားသူများထက် ပိုခံစားခဲ့ရသူများဖြစ်ကာ ပြင်ပလောက၏ ခက်ခဲမှုများကို ရင်ဆိုင်ခဲ့ရသဖြင့် မဖြစ်နိုင်သည့်အရာများကို အိပ်မက်မက်မနေပေ။
အန်းနဉ်၏စကားအဆုံးတွင် ဝမ်ယွီက အန်းနဉ်မှာ သူနှင့် မတူသောအမြင်ရှိကြောင်း သိလိုက်သည်။
ဒါက အမျိုးသားအမြင် Vs အမျိုးသမီးအမြင်များလား...
ထို့အပြင် သူထပ်မံ သတိထားမိသည်မှာ အန်းနဉ်က ဆိုဖာပေါ်ထိုင်ကာ laptopကိုကိုင်ထားဆဲဖြစ်သော်လည်းလက်တစ်ဖက်က သူမ၏ဗိုက်ရှိရာနေရာသို့ မသိစိတ်အရ ရွေ့သွားသည်ကိုပင်။
သူတို့နှစ်ယောက်ကြား စိတ်ညစ်စရာများဖြင့် ပြည့်နေခဲ့သည့် နေ့ရက်များမှ မှတ်ဉာဏ်များ သူ့စိတ်ထဲပေါ်လာသည်။
သူတို့နှစ်ယောက်လုံးက ထိုအကြောင်းများ မပြောမိအောင် တမင်သက်သက် ရှောင်ကြဉ်ခဲ့ကြသည်။ ထိုရက်များတွင် သူတို့နှစ်ယောက်လုံး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာလည်း မပျော်ရွှင်ခဲ့ကြပေ။ စိတ်ဆန္ဒထက် နာကျင်မှုက ပိုများနေသည်။
သို့သော် တစ်ချိန်တည်းမှာပင် ဝမ်ယွီက အန်းနဉ်၏ ခန္ဓာကိုယ်ကို သူ့လက်များကြား ပွေ့ဖက်ထားသည်ကို ပြန်သတိရသွားသည်။
သူတို့ကိုယ်မှ အနွေးဓာတ်များ…..အခန်းထဲက စူးရှတဲ့ ရနံ့……
ထို့နောက် အန်းနဉ်၏ အသက်ရှူသံက မတည်မငြိမ်ဖြစ်လာကာ သူမက အသံမထွက်ဘဲ ကြိတ်မှိတ်ခံစားနေသည်ကို မှတ်မိလာသည်။
သူလည်း ပျော်နေခဲ့ပုံမရဘူး...
ဝမ်ယွီက အန်းနဉ်ကို ကြည့်ကာ စိတ်ထဲ နောင်တတသီတတန်းကြီး ရလာသည်။
ငါတို့ရဲ့ ပထမဆုံးအကြိမ်က ဒီလိုမဖြစ်သင့်ဘူးလေ...
သူမလက်က ဗိုက်ပေါ်တွင် ရှိနေဆဲဖြစ်သည်။ သူမမျက်လုံးများက laptopပေါ်သာ ရှိနေသော်လည်း သူမကိုကြည့်ရသည်မှာ စိတ်လွင့်နေသည့်ပုံပင်။
ဝမ်ယွီက သောက်လက်စရေခွက်ကို ချကာ ကော်ဖီစားပွဲသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ သူ့လက်များကို ဆန့်ထုတ်လိုက်ကာ အန်းနဉ်ဗိုက်ပေါ်သို့ တင်ထားလိုက်သည်။
သူ့လက်က နွေးနေ၍ အန်းနဉ် ပြန်သတိဝင်လာကာ ပြုံးလိုက်သည်။
“ကျွန်မမှာ မရှိပါဘူး...”
ဝမ်ယွီကလည်း သိနေသည်။
သို့သော် သူ့လက်က အန်းနဉ်၏ဗိုက်ကို ညှင်သာစွာ ပွတ်ပေးသည်။ နေ့စဉ်အားကစားလုပ်သဖြင့် သူမဗိုက်လေးက ချပ်နေရုံသာမက အနည်းငယ် တောင့်တင်းနေခဲ့သည်။ ဝမ်ယွီက သူမ၏ ချစ်စရာကောင်းသော ဗိုက်လုံးလုံးလေးကို သတိရမိသည်။
ထို့နောက် အန်းနဉ်အား ကလိထိုးလိုက်ရာ သူမက တဟားဟားရယ်နေပြီး သူ့လက်ကို ဖယ်ရန် လက်ထဲမှ laptopကို ဘေးသို့ချလိုက်သည်။
ဝမ်ယွီက ဆိုဖာပေါ်ရွေ့သွားပြီး သူမကို သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။
ကိစ္စတော်တော်များများ ဖြေရှင်းပြီးသဖြင့် ဝမ်ယွီက ရှားရှားပါးပါး စိတ်အေးလက်အေး နေနေသည်ဟု သူမခံစားမိသည်။ သူက သူမကို သူ့ရင်ခွင်ထဲထည့်ကာ ဆံပင်များကို နမ်းလိုက် နားလေးကို ကိုက်လိုက်လုပ်နေခဲ့သည်။ နောက်ဆုံး သူ့မျက်နှာကို သူမလည်ပင်းကြား နစ်မြုပ်ကာ စုပ်လိုက် အရာပေးလိုက် လုပ်နေပြန်သည်။
အန်းနဉ်က ဝမ်ယွီ၏ ဆန္ဒများ ပြင်းထန်လာသည်ကို ခံစားမိသည်။ လွန်ခဲ့သည့်လများတွင် သူက သူ့အဖေအစား တာဝန်များစွာကို ထမ်းဆောင်ခဲ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာပေါင်းစည်းသည့် ဆန္ဒကဲ့သို့ အခြေခံလိုအပ်ချက်မျိုးကို တွေးတောရန် အချိန်မရှိခဲ့ချေ။
အန်းနဉ်က မျက်လုံးများကို မှိတ်ထားပြီး သူ့ကို ရန်မစမိစေရန် ငြိမ်ငြိမ်လေးနေမြဲနေလိုက်သည်။
ဝမ်ယွီက သူမလည်ပင်းကို တတိတိကိုက်နေသဖြင့် ဓာတ်လိုက်သွားသကဲ့သို့ ကျင်ခနဲဖြစ်နေသည်။
သူက အဆင့်ပိုမတက်ခဲ့ဘဲ အသက်ကို ပြင်းပြင်းရှူကာ သူမအားလွှတ်ပေးလိုက်သည်။
“ကိုယ်ရေသွားချိုးတော့မယ်...”
အန်းနဉ်က “အင်း”ဟု လေးလေးကန်ကန်နှင့် တုံ့ပြန်ခဲ့သည်။
ဝမ်ယွီ့ကိုယ်က တုန်ယင်သွားပြီး ရေချိုးခန်းသို့ အပြေးအလွှားမသွားမီ သူမကို တင်းတင်းဖက်ကာ ပွတ်သီးပွတ်သပ်လုပ်ခဲ့သည်။
.......
ကိစ္စများကို ဖြေရှင်းပြီးသော်ငြားလည်း ချန်းလျန်ကိုမူ မသဂြိုဟ်ရသေးပေ။
ညဘက် အိပ်ရာထဲလှဲနေစဉ် အန်းနဉ်က မေးလိုက်သည်။
“ဒါဆို ချန်းဟောင်ရန်နဲ့ စွန်းယာရှန့်တို့က ဘာဖြစ်သွားကြပြီလဲ...”
“သူတို့ လမ်းခွဲသွားကြပြီ...”
အန်းနဉ်က တိတ်ဆိတ်သွားသည်။
ဝမ်ယွီက သူမကို ဖက်လိုက်သည်။
“သူတို့က အရွယ်ရောက်နေပြီလေ...”
တစ်ယောက်က သတိမဲ့သူဖြစ်ပြီး အခြားတစ်ယောက်က အကြံကြီးသည့်မိန်းမဖြစ်သည်။ အရွယ်ရောက်သူများ၏ ကမ္ဘာထဲတွင် မည်သည့်အရာကမှ အမြဲတမ်းမှန်သည်၊ မှားသည်ဟူ၍ မရှိခဲ့ပေ။
သို့သော် သူက ချန်းဟောင်ရန်ကဲ့သို့ သတိမဲ့မည် မဟုတ်သလို ကျိအန်းနဉ်ကိုလည်း နာကျင်စေမည် မဟုတ်ပေ။
မူလအစကတည်းက ချန်းဟောင်ရန်က စွန်းယာရှန့်ကို စိတ်ရင်းဖြင့် ဂရုစိုက်ခဲ့ခြင်း မဟုတ်ချေ။ သူက အန်းနဉ်ကို ထိုကဲ့သို့ ဖြစ်ခွင့်ပြုမည်မဟုတ်ချေ။
သို့သော် သန္ဓေတားသည့်ကိစ္စက ကမ္ဘာပေါ်တွင် ၁၀၀% အာမ မခံနိုင်သည်မှာ လူတိုင်းသိကြသည်။ ကွန်ဒုံးများပင် ၉၇%သာ အာမခံနိုင်သည်။
တကယ်လို့များ မမျှော်လင့်ထားတာ ဖြစ်လာခဲ့ရင်……
ထိုညတွင် ဝမ်ယွီက သူ့ဘဝတွင် ပထမဆုံး ဤမေးခွန်းကို အလေးအနက်ထားပြီး တွေးတောနေခဲ့သည်။ သူ့လက်များက အန်းနဉ်၏ဗိုက်ပေါ် တင်ထားပြီး နှစ်ယောက်သား ထိုပုံစံအတိုင်း အိပ်ပျော်သွားသည်။
နောက်တစ်နေ့တွင် သူက ဝမ်ကောအန်းကို တွေ့တွေ့ချင်း တွေးမနေဘဲ မေးချလိုက်သည်။
“ရုတ်တရက်ကြီး အဖေတစ်ယောက်ဖြစ်လာတာ ဘယ်လိုမျိုးလဲဟင်...”
ဝမ်ကောအန်းက အံ့အားသင့်သွားပြီး မေးသည်။
“ဘယ်သူက မင်းကို အဲ့ဒီလိုတွေးစေတာလဲ...”
“ချန်းဟောင်ရန်လေ...သူက တစ်ယောက်ယောက်ကို ကိုယ်ဝန်ရှိအောင်လုပ်ခဲ့တာ...”
ဝမ်ကောအန်းက မနာလိုဖြစ်သွားသည်။
“သူများကလေးတွေများ ကြည့်စမ်း...”
ဝမ်ယွီက ပြန်ပြောသည်။
“မနာလိုဖြစ်စရာ ဘာရှိလို့လဲ... သူတို့ကဖြင့် ပြတ်သွားပြီကို...”
ဝမ်ကောအန်းက ချက်ချင်း အမူအရာပြောင်းသွားကာ ဝမ်ယွီကို ဆူတော့သည်။
“မင်း မသိတတ်တဲ့သား... ငါ သူ့အဖေနဲ့ စကားသွားပြောရမယ်...”
ဝမ်ယွီ အံ့ဩသွားသည်။
“ဘာလို့ မိဘတွေကို ပြောရဦးမှာလဲ...”
ထို့နောက် သူက အကြောင်းအရာပြောင်းလိုက်သည်။
“အမေက အခုထိရဲစခန်းမှာပဲ ရှိနေသေးတယ်... အဖေ သူ့ကို ဘယ်နေ့သဂြိုဟ်မှာလဲ... ပြီးတော့ အမေ့ဘက်က အမျိုးတွေကလည်း အဖေနဲ့ တွေ့ချင်လွန်းလို့ တစ်လလုံး ဇာချဲ့နေကြတာ...”
၎င်းက ဝမ်ကောအန်း ကိုင်တွယ်ရမည့်အရာများဖြစ်သည်။
ဧပြီလလယ်တွင် ဝမ်ကောအန်းက ချန်းလျန်အတွက် ဈာပနပွဲကို ခမ်းခမ်းနားနားစီစဉ်ပေးခဲ့သည်။
ဝမ်ယွီ့အမေဘက်မှတော်သော အဖိုးအဖွားများက ငိုယိုနေကာ ဝမ်ကောအန်းထံမှ ဖြေရှင်းချက်ကို ချက်ချင်းလိုချင်သည့်အကြောင်း ဒရာမာခင်းနေတော့သည်။ ဖြစ်ရပ်တစ်ခုလုံး အစမှအဆုံးထိ သိပြီးနောက် သူတို့ ငြိမ်ကျသွားသည်။
နိုင်ငံခြားသို့ ပြန်မထွက်သွားမီ သူတို့က ဝမ်ယွီ့အား ဝမ်ကောအန်းအပေါ် သားသမီးဝတ္တရား ကျေပွန်အောင် နေရန်၊ စကားနားထောင်ရန်နှင့် ဝမ်ကောအန်းအား ဒေါသထွက်အောင်မလုပ်ရန် ဆုံးမဩဝါဒ ချွေသည်။ သူတို့ကြည့်ရသည်မှာ တစ်ခုခုကို သတိထားနေပုံရပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေခဲ့သည်။
ကြာလာသည်နှင့် ဝမ်ယွီလည်း စိတ်မရှည်တော့ချေ။
ချန်းလျန်၏ စိတ်သဘောထားများက ဤလူများဆီမှ ဆင်းသက်လာသည်မှာ အမှန်ပင်။
သူက ဝမ်ကောအန်း၏ ပျိုးထောင်ပေးခြင်းကို ခံခဲ့ရ၍ ကံကောင်းပေသည်။
“အကြောင်းရင်းက ကျွန်တော်က အဖေ့ရဲ့ သားအရင်းမဟုတ်လို့မလား... ဒီတိုင်းသာပြောလိုက်စမ်းပါ...”
လူအိုကြီးနှစ်ယောက် ထိတ်လန့်သွားသည်။
“မင်း မင်းသိနေတယ်...”
ဝမ်ယွီက သူတို့နှင့် ရင်းနှီးခဲ့ခြင်းမရှိသဖြင့် တည်တည်ငြိမ်ငြိမ်နှင့် ဆိုသည်။
"ခင်ဗျားတို့နှစ်ယောက်လုံး ပြန်လို့ရပြီ... ပိုက်ဆံကုန်သွားရင် ကျွန်တော့်ကို အသိပေးလိုက်... ကျွန်တော့်ကိစ္စကို စိတ်ပူဖို့ မလိုပါဘူး...”
ထို့နောက် ဝမ်ယွီက သူတို့ပါသည့် လေယာဉ်ထွက်သွားသည်အထိ ကြည့်နေခဲ့ပြီး စိတ်သက်သာရာ ရသွားသည်။
ဝမ်ကောအန်းပြန်ရောက်လာသည်နှင့် ကိစ္စအားလုံးကို ဖြေရှင်းသည်။ ဝမ်ယွီက ဆက်သည်းခံနေရန် မလိုတော့ပေ။
ဝမ်ယွီက အန်းနဉ်အား ညစာကို အထူးလိုက်ကျွေးမည်ဟု ကတိပေးခဲ့သဖြင့် သူ့စိတ်ထဲတွင် သေချာ စီစဉ်ထားသည်။
ညစာက Michelin-star စားသောက်ဆိုင်တွင်ဖြစ်ပြီး အစားအသောက်များက သွားရည်ကျသည်အထိ ဆွဲဆောင်နိုင်လွန်းလှသည်။
ဝမ်ယွီက သူမနှင့် သူကိုယ်တိုင်အတွက် ဝိုင်ခွက်ကို ဖြည့်လိုက်သည်။
အန်းနဉ်က အံ့အားသင့်ကာ မေးလိုက်သည်။
“ရှင်ဒီနေ့ ကားမမောင်းတော့ဘူးလား”
ဝမ်ယွီ့မျက်လုံးများက တောက်ပနေပြီး ပြန်ဖြေလိုက်သည်။
“ဒီနေ့တော့ မမောင်းတော့ဘူး...”
အကြောင်းပြချက်တစ်ချို့ကြောင့် အန်းနဉ်၏နှလုံးသားက ရင်ခုန်သံမြန်လာသည်။
လွန်ခဲ့သည့်နှစ်လက ဖိအားအမျိုးမျိုးကြောင့် ဝမ်ယွီက ထိုကိစ္စကို ရှောင်ကြဉ်ခဲ့သဖြင့် အန်းနဉ်အား သူတို့က ကာလရှည်လက်ထပ်ထားသော စုံတွဲများအဖြစ် ထင်ယောင်ထင်မှားဖြစ်စေသည်။
ဒါပေမဲ့လည်း ထင်ယောင်ထင်မှားက ထင်ယောင်ထင်မှားပဲလေ...
အန်းနဉ်က ခေါင်းကိုငုံ့ကာ ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ သူမ ခေါင်းပြန်မော့လာချိန်တွင် နှုတ်ခမ်းများက ရွှန်းစိုနေသည်။
ဝမ်ယွီက ၎င်းကို ကြည့်ရင်း ကြည့်ရင်းနှင့် တဖြည်းဖြည်းရှေ့တိုးလာကာ သူမအား နူးညံ့စွာနမ်းလိုက်ပြီး ဝိုင်ကို အရသာခံလိုက်သည်။ သူ့လျှာက သူမနှုတ်ခမ်းများကို ပွတ်တိုက်နေခဲ့သည်မှာ ကျွမ်းကျင်မှု အပြည့်နှင့်ပင်။
အရက်ကြောင့်ဖြစ်ပေမည်။ သူ့မျက်လုံးများက စူးရှနေပြီး ရန်လိုမှု တစ်စုံတစ်ရာကို ဖော်ပြနေသည်။
အန်းနဉ်၏နှုတ်ခမ်းမှ ခွာပြီးနောက် သူက သူမလည်ပင်းကို ထိတွေ့လိုက်သည်။
ဝမ်ယွီက ကျီစယ်သည့်အပြုံးနှင့် သူ့လက်ချောင်းများဖြင့် ထိတွေ့နေခဲ့ရင်း သူမနားထဲ တီးတိုးပြောလိုက်သည်။
“အလျင်မလိုပါနဲ့ကွာ...”
ဖြည်းဖြည်းချင်းပေါ့...
###