အပိုင်း ၁၅၈
Viewers 16k

Chapter 158

သားရဲများ၏ ရိတ်သိမ်းလယ်ယာမြေ


ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင် ပေါ်ပေါက်လာမှုကြောင့် မူရွှမ်က စကြဝဠာတစ်ခွင်ခရီးစဉ်ကို မျှော်မှန်းထားသည့် အချိန်ထက်စော၍ အဆုံးသတ်လိုက်ရသည်။ ချက်ချင်းပင် အကြီးအကဲကောင်စီကို သတင်းပို့၍ ကောင်းကင်ဘုံဂြိုလ်သို့ စုံစမ်းစစ်ဆေးရန် လူများ စေလွှတ်လိုက်သည်။


သူ၏ ကိုယ်ပိုင်မျိုးနွယ်စုကိုပင် ဒွိဟဖြစ်စေသော ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်က အာရုံစိုက်မှု ရရှိရန် ထိုက်တန်ပေသည်။ 


ဒါ့အပြင် သွေးစုပ်ဖုတ်ကောင်တွေက ကမ္ဘာကနေ ထွက်သွားတာ ကြာပြီလေ ... ဘာလို့ သူ့အကြောင်းကို တစ်ယောက်မှ မကြားဖူးကြတာလဲ ... သူ ဘယ်က လာတာပါလိမ့် ...


ယောင်စစ် စတင်မှန်းဆ ကြည့်နေသည်။  ဖြစ်နိုင်သည်မှာ သူမကဲ့သို့ နှစ်ပေါင်းများစွာ အိပ်မောကျနေပြီး သူ့ကို သတိမပြုမိကြသည်လည်း ဖြစ်နိုင်သည်။


သို့သော် မူရွှမ်က ကောင်းကင်ဘုံဂြိုလ်မှ သက်တံ့ရေကန်ကြောင့် သူ့ကို တိုက်ခိုက်ခဲ့ရသည်။ သက်တံ့ရေကန်မှာ သဘာဝဖြစ်စဉ်တစ်ခုဟုသော ယျေဘုယျယူဆချက်ဖြင့် အမြဲတစေ လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ သို့သော် ထိုလူက ဤနေရာတွင် တစ်စုံတစ်ခုကို လာရောက်ရိတ်သိမ်းသည်ဟု ပြောခဲ့သည့်အတွက်  ပုံစံတစ်ဝက် သားရဲမှာ ထိုလူနှင့် ဆက်နွယ်နေလိမ့်မည်။ ၎င်းကို သူက စောင့်ရှောက်ထားသည်ပင် ဖြစ်နိုင်သည်။ ထိုကဲ့သို့ သတိမပြုမိစေရန်အတွက် သူ့တွင် လက်ရှိ နဂါးငွေ့တန်းစံနှုန်းများကို ကျော်လွန်သည့် နည်းပညာရှိရန် လိုအပ်သည်။

  

ထိုအရာမျိုးကို ယခုနောက်ပိုင်းမှ နိုးထလာသည့် သွေးစုပ်ဖုတ်ကောင်က မလုပ်နိုင်ပေ။


ပြန်ရောက်သည့် အချိန်တည်းက မူရွှမ်၏ စိုးရိမ်မှုကို ယောင်စစ် အာရုံခံမိသည်။ လီကျန်းက စတုတ္ထမျိုးဆက် သွေးစုပ်ဖုတ်ကောင်သာ ဖြစ်သည့်အတွက် ထိုစဉ်က အခြေအနေနှင့် မတူပေ။ လူအသစ်မှာ ပထမမျိုးဆက် ဖြစ်နေသည်။  မူရွှမ်က ဘိုးဘေးသွေးမျိုးဆက်ကို နိုးထနိုင်ပြီး တိုက်ပွဲတွင် ထိုလူကို ချေမှုန်းနိုင်သော်လည်း စိတ်ပူပင်နေဆဲ ဖြစ်သည်။


ထိုလူက သူမကို မျိုးမစစ်ဟု ခေါ်ခဲ့သော်လည်း လက်စားချေရန် အချိန်နှောင်းပြီဖြစ်၍ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကို မုန်းတီးနေပုံ မပေါ်ပေ။ ထိုအစား သူ၏လုပ်ရပ်က လျစ်လျူရှု့သည့ဟု ထင်ရသော်လည်း စက်ဆုပ်ရွံရှာပုံက ပေါ်လွင်နေသည်။ သို့သော် မူရွမ်နှင့် ပတ်သက်သော သူ၏ သဘောထားမှာ လုံးဝ ခြားနားသည်။  


ထို့အပြင် သူပြောခဲ့သည့်…


" မူရွှမ် သူက သွေးမျိုးသန့်ဆိုတာလား ..."

ယောင်စစ် မမှန်းဆ နိုင်တော့ပုံ ရသည်။ 


သွေးစုပ်ဖုတ်ကောင်တွေရဲ့ ခြားနားချက်တစ်ခုက သူတို့ မျိုးဆက်ပဲ မဟုတ်ဖူးလား ...


" သူ ဆိုလိုချင်တာက ငါ့ရဲ့ကိုယ်ထဲ စီးဆင်းနေတဲ့ ‌ဘိုးဘေးတွေရဲ့ သွေးတွေကို ဖြစ်မယ် ..."

မူရွှမ် မျက်မှောင်ကြုတ်ပြီး သူမ လက်များကို ဆွဲယူလိုက်သည်။


" ကိုယ်က ဘိုးဘေးတွေရဲ့ သွေးတွေကို နိုးထနိုင်တဲ့ တစ်ဦးတည်းသော သွေးစုပ်ဖုတ်ကောင် ဖြစ်ပေမယ့် ... သူ့ရဲ့ သွေးကတော့ ထူးဆန်းတယ် ..."


" ထူးဆန်းတယ်တဲ့လား ..."

ယောင်စစ် ငြိမ်သက်သွားသည်။


ဘာကို ပြောချင်တာပါလိမ့် ...


မူရွှမ် ခဏခန့် ခေါင်းစိုက်ကျသွားပြီး တစ်မိနစ်ခန့်အကြာတွင် သင့်လျော်သင့် ရှင်းပြမှုတစ်ခုကို ရှာတွေ့သွားသည်။


" သွေးစုပ်ဖုတ်ကောင်တွေက သွေးနဲ့ပဲ ဆက်နွယ်နေကြတာ ... ငယ်ရွယ်တဲ့ သွေးစုပ်ဖုတ်ကောင်လေးတွေက စီနီယာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ထိန်းချုပ်မှုကို မခုခံနိုင်ကြဘူး ဒါပေမဲ့ သူကတော့ ဘာ ဆက်နွယ်မှုမှ မရှိနေဘူး ... ကိုယ်တို့နဲ့ လုံးဝ ကွာခြားနေတယ် ..."


" ကွာခြားတယ်ဆိုတော့ သူက သွေးစုပ်ဖုတ်ကောင် မဟုတ်ဖူးပေါ့ ..."

ယောင်စစ် တအံ့တဩ မေးလိုက်သည်။


" သူက တကယ်ကို သွေးစုပ်ဖုတ်ကောင်ပါပဲ ... ဒါပေမဲ့ ..."

သူ သက်ပြင်းချပြီး သူမ ခေါင်းကို ကြင်နာစွာပွတ်သပ်ပေးနေသည်။


" ပထမမျိုးဆက်က သွေးစုပ်ဖုတ်ကောင်တွေကို မမြင်ရတာ ကြာပြီဆိုတော့ ရှုပ်ထွေးသွားတာလည်း ဖြစ်နိုင်ပါတယ် ... သူ့ကို ရှာတွေ့ပြီးမှ သေချာပြောနိုင်မယ်ထင်တယ် ..."


ယောင်စစ်၏ စိတ်ရှုပ်ထွေးမှုများက တိုးပွားလာသည်။ သူတို့၏ ပြဿနာများက တစ်စတစ်စ တိုးပွားလာနေသည်။ ထိုလူ၏ ပျောက်ကွယ်သွားပုံကို မှတ်မိပြီးနောက် မတတ်နိုင်ပဲ မေးလိုက်မိသည်။


" အိုး ဟုတ်သားပဲ ... သူ့ရဲ့စွမ်းရည်က အတိအကျ ပြောရရင်ဘာလဲ ..."


" တံလျှပ် ဖြစ်မယ် ... သူ့ရဲ့ ခန္ဓာကိုယ်အစစ်က ကောင်းကင်ဘုံဂြိုလ်မှာ မဟုတ်ဖူး ..."


သူ၏ပုံစံမှာ သူဖန်တီးထားသည့် ပုံရိပ်ယောင်သာ ဖြစ်သောကြောင့် သူ မြန်ဆန်စွာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ 


" ဒါပေမဲ့ သူ့မှာ စွမ်းရည်တစ်ခုထက်ပို ရှိနိုင်တယ် ..."


" သူ့မှာ တခြားစွမ်းရည်တွေ ရှိသေးတာလား ..."


" အဲ့တုန်းက စွမ်းရည်တွေက အကုန်မဟုတ်သေးဘူး ..."

မူရွှမ်၏ အမူအရာက လေးနက်လာသည်။


" သူမှာ ကိုယ်လိုမျိုး စီးရီးအပြည့် ရှိမယ်ထင်တယ် ..."


“…” 


စီးရီး အပြည့်တဲ့လား...


(⊙_⊙)


သန်မာသည့် ဘောစ့်က အခုမှ လူလုံးထွက်ပြသည်ဟု ယောင်စစ် ခံစားလိုက်ရသည်။


" သူ့ရဲ့ လှုပ်ရှားမှုတွေက ဘာလဲဆိုတာ မသေချာပေမယ့် သွေးစုပ်ဖုတ်ကောင်တွေအပေါ် သူ့ရဲ့ သဘောထားက အရမ်း ရန်လိုတယ် စစ်စစ် ..."

ဆက်လက်၍ နားပူနာဆာ လုပ်မည့်အချိန်တွင် မက်ဆေ့ဝင်သည့် အသံတစ်ခု ထွက်လာသည်။


ကွန်ပျူတာလက်ပတ်ဖွင့်လိုက်သည့်အခါ ထိုကိစ္စကို သွားရောက်စစ်ဆေးသော ယောင်ချမ့်က ဖန်သားပြင် ပေါ်၌ ပေါ်လာသည်။


" အရှင်မင်းကြီး ... ကောင်းကင်ဘုံဂြိုလ်ကို သွားစစ်ဆေးတဲ့ ရလဒ်တွေ ထွက်ပါပြီ ..."

ယောင်ချမ့်က စိုးရိမ်ပူပန်စွာ သတင်းပို့လျက် ယောင်စစ် ရှိမရှိ သတိထားနေသည်။


" ရလဒ်တွေလား ..."

မူရွှမ်မေးလိုက်သည်။


" အရှင်မင်းကြီးပြောတာ မှန်ပါတယ် ...အဲ့ဒီ ‌တွင်းနက်က ဝင်ပေါက်တစ်ခုပါပဲ ..."

ယောင်ချမ့်က ဂြိုလ်အစိတ်အပိုင်းများ၏ အလယ်မှ တွင်းနက်ကြီးကို ညွှန်ပြလိုက်သည်။


" ဒါပေမဲ့ စစ်ဆေးမှုတချို့ လုပ်ပြီးတဲ့အခါမှာ တည်နေရာက ပုံမှန်ကြိမ်နှုန်းတွေနဲ့ အတည်တကျ ဖြစ်မနေဘူး ... ‌တည်နေရာရဲ့ နေရာ အကြမ်းဖျင်းက်ိုပဲ သိခဲ့ရတယ် ... အဲ့တာက စကြဝဠာရဲ့နယ်နိမိတ်နားမှာပဲ ..."


" နယ်နိမိတ်လား ..."

မူရွှမ် ဘာမှထပ်မပြောမိ အတွေးထဲ နစ်မြုပ်သွားသည်။

" သားရဲ အကြောင်းကရော ... သူ့ကို စစ်ဆေးတာ ဘယ်လိုလဲ ..."


" အဲ့ဒါက ပိုပြီးထူးဆန်းတယ် ..."

အချက်အလက်များကို သတင်းပို့နေစဉ် ယောင်ချမ့်၏ အမူအရာက အံ့အားသင့်နေပုံရသည်။


" ကျွန်တော်တို့ သားရဲရဲ့ အချက်အလက်တွေကို သိမ်းဆည်းပြီး သူ့ရဲ့မျိုး‌ဗီဇကို တွက်ချက်ထားတယ် ..."


မူရွှမ် အချက်အလက်များကို ဖွင့်ကြည့်လိုက်သည့်အခါ ပို၍ မျက်မှောင်ကြုတ်သွားသည်။


" ဒါက သားရဲငယ်လေး တစ်ကောင်ပါ ... မဟုတ်ဖူး တိတိကျကျ ပြောရရင် ၅၀%ပဲ ဖွံ့ဖြိုးသေးတဲ့ သားလောင်းလေးပါ ... နှစ်နှစ်လောက်ကြာမှ အပြည့်အဝ ဖွံဖြိုးလာရမှာ ... အဲ့အချိန်ဆို ဒီထက် ဆယ်ဆလောက်ကြီးနေပြီ ... ဒီအရွယ်ရှိတဲ့ သားရဲက ဖြစ်နိုင်တာကတော့ ..."


"စကြဝဠာသားရဲပဲ ..."

မူရွှမ် ကြားဝင် ပြောလိုက်သည်။


ယောင်စစ် ပင့်သက်ရှိုက်မိသွားရသည်။ 


စကြဝဠာသားရဲတဲ့လား ... သူတို့တွေက အသူရာချောက်နက်မှာပဲ ရှိတာမဟုတ်ဘူးလား ... ဘာလို့ ကောင်းကင်ဘုံဂြိုလ်ပေါ်မှာ ရှိနေရတာလဲ ... အဲ့နေရာက အများပိုင်မြေ ဆိုပေမယ့် ချောက်နက်ရဲ့ အလယ်ဗဟိုကနေဆိုရင် ကမ္ဘာပေါင်းများစွာ ဝေးလွန်းတယ်လေ ...


" တွင်းနက်ကြီးကို နယ်နိမိတ်က သားရဲတွေကို နေရာကူးပြောင်းပေးဖို့ သုံးတာလို့ ကျွန်တော်တို့ သံသယရှိပါတယ် ..."

ယောင်ချမ့်၏ မျက်နှာက မည်းနက်သွားသည်။


 " အဲ့ဒီသားရဲက အသူရာချောက်နက်က မဟုတ်ဘူး ..."


" ဆိုလိုတာက ... ကောင်းကင်ဘုံဂြိုလ်က ဂလက်ဆီသားရဲတွေရဲ့ ရိတ်သိမ်းလယ်ယာမြေကြီး ဖြစ်နေတာပေါ့ ..."

မူရွှမ် သက်ပြင်းချလိုက်သည်။


" ဟုတ်ပါတယ်...." 


“…” ယောင်စစ် 


“…” မူရွှမ် 


ယောင်စစ် ရင်ထဲတစ်မျိုး ဖြစ်သွားသည်။ ထို မျိုးမစစ်က သက်တံ့ရေကန်ကို ရိတ်သိမ်းလယ်ယာမြေအဖြစ် အသုံးပြုနေပြီး သူ မွေးမြူထားသည့် သားရဲများက ဂလက်ဆီသားရဲများ ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။


" အရှင်မင်းကြီး ..."

ယောင်ချမ့်၏ မျက်နှာက တွန့်ဆုတ်နေပုံပေါ်သည်။


" ကျွန်တော့်ရဲ့ စစ်ဆေးချက်တွေအရ အရှင်မင်းကြီးသတ်လိုက်တဲ့သားရဲက SSSအဆင့်နဲ့အထက် ရှိပါတယ် ... ဒီလိုအဆင့်နဲ့ သားရဲကို ‌ချောက်နက်ထဲမှာ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူ ...  သူတို့က လက်တွေ့စမ်းသပ်ချက်တွေလုပ်ပြီး သားရဲတွေရဲ့ အသိဉာဏ်ကို တိုးအောင်လုပ်နေတာ ဖြစ်မယ် ... ဒါ့အပြင် စကြဝဠာသားရဲတွေ မကြာခဏ ပေါ်လာတာကို အခြေခံကြည့်ရတာတော့ အဲ့လိုမျိုး  ရိတ်သိမ်းတဲ့ လယ်ကွင်းတွေ တစ်ခုထက်မက ရှိနိုင်တယ် ..."


" ငါနားလည်ပြီ ... မဟာမိတ်တွေကို သတင်းပို့ပြီး တခြားဂြိုဟ်တွေကိုလည်း စုံစမ်းခိုင်းလိုက်ပါ ..."


" ဟုတ်ကဲ့ပါ အရှင်မင်းကြီး ..."

ယောင်ချမ့် ‌သတင်းပို့ချက် ပြီးသည့်အခါ အရိုအသေပြုလ်ိုက်သည်။ သို့သော် သူ၏အကြည့်များက ယောင်စစ်ဆီသို့ ရောက်လာသည်။


" ဘာပြောစရာ ရှ်ိသေးလို့လဲ ..."

မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ 


သူ အနည်းငယ် တွန့်ဆုတ်နေပြီး  ယောင်စစ်ကို တစ်ချက်ကြည့်၍ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" အရေးကြီးတာတော့ မဟုတ်ပါဘူး ... တစ်ယောက်ယောက်က အရှင်မကို မက်ဆေ့တစ်ခု ပို့ခိုင်းလို့ပါ ..."


သူ စကားမဆုံးမီမှာပင် ဖန်သားပြင်ပေါ်မှ‌ တွန်းထုတ်ခံလိုက်ရပြီး အံ့အားသင့်နေသည့် မျက်နှာတစ်ခု ပေါ်လာသည်။


" စစ်စစ် ... စစ်စစ် ဟုတ်တယ်မလား ... ငါလေ လျန် ..."


တောက် ...


မူရွှမ်က ခေါ်ဆိုမှုကို ပိတ်လိုက်သည်။


အာဗီဂြိုလ်ကိုလည်း သီးခြားခွဲထားလိုက်ရမှာ ...