အပိုင်း ၁၅၉
Viewers 16k

Capter 159

ပေါက်ကွဲတော့မည့်ဖေဖေ


ကောင်းကင်ဘုံဂြိုလ်၏ အခြေအနေကို သူတို့ ရှာဖွေတွေ့ရှိသွားသည့်အချိန်မှစ၍ ထိုသွေးစုပ်ဖုတ်ကောင်ကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် မျှော်လင့်နေခဲ့သော်လည်း သဲလွန်စမရှိပဲ အံ့သြစရာကောင်းစွာ  ပျောက်ကွယ်သွားခဲ့သည်။ 


ဂြိုလ်များကို မဟာမိတ်များက စစ်ဆေးသည့်အခါ ဆင်တူသည့် ရိတ်သိမ်းလယ်ယာမြေများကို တွေ့ရှိခဲ့ကြသည်။ သို့သော် ကောင်းကင်ဘုံဂြိုလ်၏ လယ်ယာမြေကဲ့သို့ မဟုတ်ပဲ အားလုံးကို ကွယ်ဝှက်ထားကြသည်သာ။


စကြဝဠာသားရဲများကို စကြဝဠာတစ်ခွင်တွင် ရိတ်သိမ်းမှုများပြုလုပ်နေသည့် သတင်းက နာမည်အကြီးဆုံး သတင်းခေါင်းစဉ် ဖြစ်လာသည်။ စကြဝဠာသားရဲများက လူနေထိုင်သောနေရာများနှင့် ကင်းဝေစွာ နေထိုင်ခြင်းကြောင့် ခြိမ်းခြောက်မှုအဖြစ် မည်သည့်အခါကမှ သတ်မှတ် မခံရပေ။ ၎င်းတို့၏အသိုက်များက သူတို့၏အိမ်နောက်ဖက်များထဲတွင် ရှိနေနိုင်သည်ဟု မည်သူမျှ မထင်ထားကြသဖြင့် အားလုံးက သတိကြီးကြီး ထားလာသည်။ ရိတ်သိမ်းမြေများထဲတွင် မိခင်ဂြိုလ်ဟူသည့် နေရာတစ်ခုလည်း ပါဝင်လာခဲ့သည်။ 


ထိုနေရာအတွင်းမှ သားရဲများက ဂြိုလ်တစ်ခုလုံးကိုပင် လွယ်ကူစွာ ဝါးမျိုနိုင်သည်။ အပြည့်အဝ စားသောက်ပြီးချိန်တွင် နယ်နိမိတ်သို့ ပြန်ပို့ခံရသော်လည်း သွေးစုပ်ဖုတ်ကောင်က မည်သည့်အချိန်မှ နေရာကူးပြောင်းမှု ရပ်တန့်မည်ကို မည်သူမျှ မသိပေ။ 


အကယ်၍ ထိုသားရဲများသာ မျိုးနွယ်စုပေါင်းစုံနေထိုင်သည့် ဂလက်ဆီထဲတွင် ပေါ်လာပါက ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မည်။


အခြေအနေက အစွန်အဖျားတွင် နေထိုင်သူတိုင်းကို ဒေါသူပုန်ထစေခဲ့သော်လည်း  ပင်တိုင်တရားခံကို ရှာမတွေ့ခဲ့ပေ။ သွေးစုပ်ဖုတ်ကောင်များက သူတို့၏ တပ်စုအားလုံးနှင့် ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်ကို ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြပေ။ 


မူရွှမ်သည်ပင် ထိတ်ထိတ်ပျာပျာ ဖြစ်လာပြီး တစ်ညလုံး မရပ်မနား အလုပ်လုပ်နေသည်။ သူ၏ မျက်နှာက မှုန်ကုပ်နေပြီး ချက်ချင်းပင် ပေါက်ကွဲလုနီးနီး ဖြစ်ခဲ့သည်။ 


ထိုသားရဲများကို နယ်နိမိတ်သို့ ပို့ခြင်းမှာ အကြောင်းအရင်းရှိမည်ဟု ယောင်စစ် သေချာနေသည်။ ထိုနေရာတွင် သဲလွန်စ တစ်ခုခု ရှိရမည်။


" မူရွှမ် ...ကျွန်မ  ..." 

ယောင်စစ် သူ့ကို ထိုအကြောင်း ပြောရမည်ဟု တွေးမိသွားသည်။


" မရဘူး ..."

သူမ ဘာမှ မပြောရသေးမီမှာပင် သူက ငြင်းပယ်လိုက်သည်။


ယောင်စစ် ကြောင်သွားသည်။ 


" ကျွန်မ စကားတောင် မစရသေးဘူးလေး ..." 


(ヾ????)


" မင်း ပြောစရာ မလိုပါဘူး ... မင်း ဘာမေးမယ်ဆိုတာ ကိုယ်သိတယ် ... ပြီးတော့ ကိုယ် ခွင့်မပြုဘူး ..."


“…” 


ဟေး ရှင် ဘာသိလို့လဲ 


" စစ်စစ် .."

သူက တည်ကြည်စွာ ပြောလာသည်။


" အပြင်ဘက်မှာ အန္တရာယ်များတယ် ... မင်း ကိုယ့် မျက်စိအောက်မှာနေမှ ကိုယ်စိတ်ချမ်းသာမှာပေါ့ ... ကိစ္စအားလုံး မဖြေရှင်းရသေးခင် မင်း ဘယ်မှ မသွားရဘူး ..."


ကောင်းပြီလေ သူမ သွားစရာမလိုဘူးပေါ့ ...


" မူရွှမ် ... ကျွန်မ ..."


" အဲ့အကြောင်း စဉ်းစားဖို့လည်း ခွင့်မပြုဘူး ..."

သူ၏ မျက်နှာက တင်းမာလာပြီး သူမကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားသည်။


" စစ်စစ် မင်းက ငယ်သေးတယ်လေ ... မင်း နားမလည်တာတွေ အများကြီး ရှိသေးတယ် ... ကောင်းကောင်းနေပါ အဲ့လူက လူကောင်းမဟုတ်ဖူး ..."


သေစမ်း ... ကျွန်မကို ကလေးလို မဆက်ဆံစမ်းပါနဲ့ ...


" ကျွန်မ မသွားပေမယ့် ရှင် သွားလို့ရတယ်လေ ..."


" မသွားဘူး ... ကိုယ်သွားရင် မင်း ဘယ်လိုလုပ်မလဲ ..."


" ကျွန်မက အနီရောင်ဂြိုလ်ပေါ်မှာ နေနေတာလေ ဘာများ ဖြစ်မှာစိုးလို့လဲ ..."


သူ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည်မှာ သူမ၏ ဝိညာဉ်ကိုပင် မြင်ရတော့မည်ဟု ထင်ရသည်။


" စစ်စစ် မင်း တစ်စက္ကန့်လောက် ထွက်သွားရင်တောင် ကိုယ် စိတ်မချမ်းသာဘူး ..."


“…”


ယောင်စစ် ရင်ခုန်သွားပြီး သူမ မျက်နှာက နီရဲလာသည်။ သူမ ချက်ချင်းပင် တစ်ဖက်သို့လှည့်လိုက်သည်။


သေစမ်း ... ဘာလို့ အရမ်း ရင်ခုန်နေရတာလဲ ... သူ ငါ့ကို နောက်နေတာများလား ... သူ အရင်က ဒါမျိုး ခဏခဏ ပြောဖူးရမယ် ဘာလို့ ဒီလိုနေရာမှာ အရမ်းတော်နေတာလဲ ... သူက ဖြူဖြူစင်စင် ရိုးရိုးသားသားနဲ့ပဲ ချဉ်းကပ်နေကျလေ ..." 


" အဟမ်း ... ဒါဆိုလည်း ကောင်းပြီလေ ... ကျွန်မတို့ နှစ်ယောက်လုံး မသွားတော့ဘူး ... အရမ်းအလျင်မလိုဘူးဆိုတော့ အကြီးအကဲ‌တစ်ယောက်ကိုပဲ သွားခိုင်းလိုက်လေ ..."


" မရဘူး ..."

မူရွှမ်၏ မျက်နှာက မည်းနက်နေသည်။ သူ့ကိုကြည့်ရသည်မှာ ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးလိုပင်။


" ဘာလို့လဲ ..."

ယောင်စစ် လန့်သွားသည်။ ဤကဲ့သို့ ရန်လိုစွာ ပြုမူသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ 

သူက သူ့ကလေးလေးရဲ့ အမြင်ကို လျစ်လျူရှု့တဲ့ အဖေမျိုး မဟုတ်ဘူးလေ ...


" ခဏနေပါဦး ... ကျွန်မ ဘာပြောမယ်လို့ ထင်နေတာလဲ ..."

 

" မင်း ဘာပြောပြော ကိုယ် ခွင့်မပြုဘူး ... ကျန်တဲ့အရာတွေအားလုံး ကိုယ်သဘောတူတယ် ဒါမဲ့ ဒီဟာတော့မရဘူး ... အဲ့ဒီ အာဗီမျိုးနွယ်နဲ့ ဒီမှာတွေ့ဖို့ ကိုယ် သဘောမတူဘူး ...  မဟုတ်ဘူး မဟုတ်ဘူး ဒီနေရာတင် မကဘူး ဂလက်ဆီရဲ့ ဘယ်နေရာမှာမှ မရဘူး ..."


“…”  


အမ် ... အာဗီ ... လျန်ယုလား ... သူမ အနီရောင်ဂြိုလ်ကို လာမယ်လို့ သူ ပြောမိလို့လား ...


သူ စပြောလိုက်သည်နှင့် အတောမသတ်တော့ပေ။ တစ်နေ့တွင် စကားဆယ်လုံးခန့်သာ ပြောသူက မီးညှိလိုက်သည့် ဗျောက်အိုးကဲ့သို့ အဆက်မပြတ် တကျည်ကျည်လုပ်နေသည်။


" စစ်စစ် မင်း အမြင်ကျယ်ဖို့ လိုတယ် ... သူမက အာဗီ မင်းက သွေးစုပ်ဖုတ်ကောင်နော် ... မျိုးကွဲတွေကြားမှာ စစ်မှန်တဲ့ ခံစားချက်တွေ မရှိဘူး ... မင်းက ဗဟုသုတနည်းတော့ အထင်လွဲဖို့ လွယ်နေတယ် ..."


“…”


" စစ်စစ် အာဗီတွေက သဘောကောင်းတဲ့ မျိုးနွယ် မဟုတ်ဖူး ... အရင်မျိုးဆက်ရဲ့ မိုးကြိုးဆေလ်ဗာနီဘုရင်က ကောင်းကင်သစ်စေ့နှစ်ခုနဲ့ ကောင်းချီးပေးခံရပြီး အရင်တုန်းက ဆက်ခံသူ တစ်ယောက်တည်းရှိကြတဲ့ မင်းမျိုးမင်းနွယ်တွေအတွက် ဆန်းကြယ်မှုလို့ သတ်မှတ်နိုင်ခဲ့တယ် ...  ဒါက သူတို့တွေ ကြီးထွားလာဖို့ အခွင့်အလမ်းလည်း ဟုတ်တယ် ဒါပေမဲ့ ကောင်းကင်သစ်စေ့တစ်ခုက အာဗီဘုရင်မနဲ့ လက်ထပ်လိုက်ပြီး သူတို့တွေ ပြန့်ပွားကြီးထွားလာမယ့် အိမ်မက်ကို ဖျက်ဆီးလိုက်တယ် ..."


“…”


" စစ်စစ် မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော ကလေးလေးလေ သူမက မင်းကို လိုက်ကပ်တယ်ဆိုတာ မင်းက ငယ်ရွယ်ပြီး သူမရဲ့ ရည်ရွယ်ချက်တွေကို မမြင်နိုင်လို့ပဲ ..."


“…”


" စစ်စစ် ... အနီရောင်ဂြိုလ်ကို အာဗီတွေ ဝင်လာဖို့ ကိုယ် တားမြစ်လိုက်ပြီ ... ဒါပေမဲ့ သူမက အကြိမ်ပေါင်းများစွာ ကျူးကျော်လာဖို့ စီစဉ်နေတယ် ... ဒါကို ကြည့်ခြင်းအားဖြင့် အာဗီတွေက ဘယ်လောက် စဉ်းလဲတယ်ဆိုတာ ပြသနေတာပဲ ..."

သူ မျက်မှောင်ကြုတ်လိုက်သည်။


" ဟမ် ကိုယ်ထင်တာတော့ သူတို့ ဝင်ထွက်တာကိုပဲ တားမြစ်တာ မလုံလောက်သေးဘူး ...စကြဝဠာတစ်ခုလုံးကို ပိတ်ဆို့ထားရမယ် ..."

သူ ပို၍ပြော‌လေ ပိုပြီး သေချာလာလေ ဖြစ်သည်။ သူ၏ ကွန်ပျူတာကို ဖွင့်လိုက်ပြီး အစီအစဉ်များကို စတင်ပြုလုပ်နေသည်။


“…”


ယောင်စစ် ဘာပြောရမည် မသိတော့ပေ။ ထို့နောက် အခြေအနေကို ပြန်လည် တွေးတောနေသည်။


သူ၏ ဝမ်းချုပ်နေသည့် မျက်နှာနှင့် တဗျစ်တောက်တောက် ပြောသံများက ကောင်းကင်ဘုံဂြိုလ်ပေါ်မှ ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်ကြောင့် မဟုတ်ပဲ လျန်ယုကို အနီရောင်ဂြိုဟ်ပေါ်တွင် သူမနှင့် မတွေ့အောင် တားဆီးရန် ဖြစ်နေသည်လား ...


(?Д?)ノ


ရှင့်ရဲ့ သွေးစုပ်ဖုတ်ကောင်ဘုရင် မာနတွေ ဘယ်ရောက်ကုန်ပြီလဲ ...


" မူ ... မူရွှမ် ..."

သူမ ဦးနှောက်က သေးငယ်သည့်အတွက် ထိုကိစ္စကို မစဉ်းစားနိုင်တော့ပေ။ 


" မဖြစ်ဘူးထင်တယ် ... စကြဝဠာက ကျယ်လွန်းတယ်  ... ကျူးကျော်မှုကို ခံနိုင်ရည် ရှိစေတယ် ... လုံခြုံမှုရှိတာ သေချာဖို့ဆိုရင် စစ်ပွဲတော့ လိုအပ်လာမယ်ထင်တယ် ..."


သူက အကြီးအကဲအားလုံး၏ နံပါတ်များကို ရှာဖွေနေသည်။


အမိန့်ပေးမည်အပြုတွင် ယောင်စစ်က သူမလက်ကိုကိုင်ပြီး တားလိုက်သည်။  


" မလုပ်နဲ့ ..."


နောက်ဆုံးတွင် အငြင်းပွားမှုများရှိတိုင်း စစ်တိုက်ရန် တောင်းဆိုသည့် ကြောက်စရာကောင်းသော သွေးစုပ်ဖုတ်ကောင်အလေ့အထ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။


 လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ စိတ်ခံစားချက်နှင့် မှုန်ကုပ်နေသော မျက်နှာအတွက် ရှင်းပြချက်ကို သူမ နောက်ဆုံးတွင် ရရှိခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ တစ်လလုံး ဓမ္မတာ လာနေသည်ဟုပင် ထင်ရသည်။ ထို့ကြောင့် ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်ကို သူမ အပြစ်တင်ခဲ့သည်။

 

ဒါပေမဲ့ အဲ့ဒါတွေအစား လျန်ယု ကြောင့်တဲ့လား ...


သူ သဝန်တိုနေတာ အချိန်နည်းနည်း ကြာပြီပေါ့ ...


( ̄□ ̄;)


လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ပေါက်ကွဲလုနီးပါး ဖြစ်နေတာ လျန်ယုကြောင့်ပေါ့ ...


မမျှော်လင့်ထားတဲ့ အမှန်တရား ဖြစ်နေပေမယ့် နည်းနည်းတော့ ချစ်ဖို့ကောင်းတယ် ...


" မရဘူး ဒီကိစ္စကို မြန်နိုင်သမျှ မြန်မြန် ရှင်းရမယ် ..."

ယောင်စစ်၏ စိတ်ထဲမှ ထိတ်လန့်မှုကို မူရွှမ် သိသွားသည်။ သူမ လက်ကိုတွန်းဖယ်၍ ခေါ်ဆိုသည့်ခလုတ်ကို နှိပ်လိုက်သည်။


" မူရွှမ် ဒီပုံစံအတိုင်း ဆက်လုပ်နေရင် ရှင့် ရဲ့သိက္ခာက ပျက်စီးသွားလိမ့်မယ် ..."


မျိုးနွယ်စုစစ်ပွဲကြောင့် ယောင်စစ် ထိတ်လန့်စပြုလာသည်။ သူ၏မျက်နှာကို ဆွဲယူပြီး နှုတ်ခမ်းနှစ်ခုကို ဖိကပ်လိုက်သည်။


မူရွှမ် အေးခဲသွားသည်။ ထို့နောက်တွင် သူ၏ တင်းမာမှုများ ပြေလျော့သွားပြီး ဖြူဖွေးနေသည့်အသားအရည်တွင် အနီရောင်အရိပ်များ ဖြတ်သန်းလာသည်။


သူ စိတ်ငြိမ်သွားသည့်အခါ သူမလက်ချောင်းများကိုမြှောက်၍ အားလုံးကို တစ်လုံးချင်းစီ ရှင်းပြတော့သည်။ 


" ပထမတစ်ချက် ကျွန်မ လျန်ယုကို မကြိုက်ဘူး... သူငယ်ချင်းလို့ ပြောရအောင်တောင် မရင်းနှီးဘူး ... ပြီးတော့ ဒီလိုဖြစ်ရတာလည်း သူမ အာဗီမျိုးနွယ် ဖြစ်နေတာနဲ့ မဆိုင်ဘူး ..."


" ဒုတိယတစ်ချက် ကျွန်မက အဖြောင့်ဆိုတော့ သေချာပေါက် ယောက်ျားလေးတွေကိုပဲ ကြိုက်တယ် ..."


" တတိယတစ်ချက် ကျွန်မ ရှင့်ကိုပဲကြိုက်တယ် ... နားလည်လား ..."


“…” 


မူရွှမ် တောင့်တင်းနေပြီး မလှုပ်ရှားပေ။


" ဟေး တစ်ခုခု ပြောဦးလေ ..."


“…”


" ရှင် တုံ့ပြန်နိုင်သေးရဲ့လား ..."


“…”


" အယ်... ဘာမှားသွားတာလဲ ..."


“…”


" သေစမ်း ... ဘာလို့ နှာခေါင်းသွေးတွေ လျှံလာတာလဲ ... ဒါက အနမ်းတစ်ခုပဲကို ..."


“…”