အပိုင်း၂၇၂
Viewers 67k

🍵Chapter 272



ယခုလေးတင် သူ ဘယ်နှစ်ကြိမ် ဒဏ်ရာရပါ‌စေ အရေးမကြီးဟု တွေးနေသည့် ၀မ်ရူကွေ့မှာ  ထိုစကားကြောင့် သိသာစွာ ကြောက်လန့်သွားသည်။ သူက တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။


 " စိတ်မပူပါနဲ့၊  အနာဂတ်မှာ ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် မနာကျင်စေရပါဘူး"


ထုံရွှယ်လူက ပြုံးလိုက်ပြီး ရေပိုက်ခေါင်းအောက်ရှိ သူ့လက်ကို လှည့်ကြည့်လိုက်သည်။ ဒဏ်ရာက ယခင်ကလောက် နီရဲကာ ရောင်နေပုံမပေါ်‌ချေ။ 


" ခ‌ဏလောက်ထိ ဆက်ပြီး ရေဆေးလိုက်၊ ကျွန်မ အိမ်ပြန်ပြီး  အပူလောင်ရင် လိမ်းတဲ့အဆီသွားယူလိုက်မယ် "


ယခုခေတ်တွင်  အပူလောင်ခံရလျှင် လူတော်တော်များများသည် သွားတိုက်ဆေးများ၊ ပဲငံပြာရည် သို့မဟုတ် ဟင်းရွက်ဆီများလိမ်းကျံကြပြီး အမှန်တကယ်၌ ထိုအရာများမှာ သိပ္ပံနည်းကျ မဟုတ်ပေ။


နောက်ပိုင်းတွင် သူမသည် သူမအဘိုးကို စစ်ဆရာဝန်ဆီမှ အပူလောင်လိမ်းဆေးများ ဝယ်စေခဲ့ပြီး အရေးပေါ်အခြေအနေအတွက် အိမ်၌ သိမ်းဆည်းထားခဲ့သည်။


၀မ်ရူကွေ့ သည် သူ၏လက်များကို ဆေးကြောပြီးနောက် ထုံရွှယ်လူကသန့်စင်‌အောင်သေချာပွတ်တိုက်ပေကာ   လိမ်းဆေးဆီကို လူးပေးသည်။ 


" နောက်ဆို ဒီလို ဒုတိယအဆင့် အပူလောင်တာကို  ပတ်တီးပတ်စရာမလိုဘူး။ ဒီလိမ်းဆေးဆီကိုယူထားလိုက်၊  တစ်နေ့ နှစ်ကြိမ် ၊သုံးကြိမ်လောက် လိမ်း‌ပေးရင် ရပြီ "


၀မ်ရူကွေ့က မှင်နှင့်တူသော နက်မှောင်သည့်မျက်လုံးများဖြင့် သူမကို ကြည့်သည်။ 


" နောက်ကျ ကိုယ့်အတွက် လုပ်မပေးတော့ဘူးလား "


ထုံရွှယ်လူက ပြုံးလိုက်သည်။ " ရှင်က အရမ်းအခွင့်ရေးယူနေတာလား။ အဘိုးက ခဏနေရင် ပြန်လာတော့မယ်၊ ရှင့်အတွက် ကျွန်မကို လိမ်းပေးစေချင်တာ သေချာလား "


ဗိုလ်မှူးရှောင်း၏ ကိုယ်ကျိုးမဖက်သော သဘောထားရှိသည့်မျက်နှာကို တွေးပြီး ၀မ်ရူကွေ့က ရိုးသားစွာ ခေါင်းခါလိုက်သည်။ 


" ဒါဆို ကိုယ့်ဘာသာ လုပ်ပါမယ် "


အကယ်၍ ဗိုလ်မှူးရှောင်းကသာ သူ့ကို တွေ့ရှိသွားလျှင် နောက်နှစ်ရက်ခန့်၌ သူ့ဘဝ ကောင်းကောင်းရှိနိုင်မည် မဟုတ်ပေ။


ထုံရွှယ်လူက ရယ်လိုက်သည်။ " အဘိုးကို အရမ်းကြောက်နေတာလား "


၀မ်ရူကွေ့က သူ၏ နှုတ်ခမ်းထောင့်များကို လျက်လိုက်ပြီး ဘာကိုမှ မပြောပေ။


ထုံရွှယ်လူက သူ့၏ပျော့ပျောင်းသည့် ဆံပင်များကို ပွတ်သပ်သည်။ " ရှင် အိမ်မှာ နာခံစွာနဲ့  အနားယူနိုင်တယ်။ ကျန်တဲ့ဘဲကင်တွေ မချဉ်ကုန်အောင် ကျွန်မ လုပ်လိုက်ပါ့မယ် "


၀မ်ရူကွေ့က ထရပ်ပြီး‌နောက် ပြောသည်။  " ကိုယ် မင်းကို ကူညီပေးမယ်  "


ထုံရွှယ်လူ၏ မျက်လုံးများက သူ၏လက်ပေါ်သို့ စိုက်ကျလာသွားသည်။ " ရှင်  သေချာလား " 


"...... "


လက်များက မကူညီနိုင်သော်လည်း သူတို့ နှစ်ယောက် တွေ့ဆုံရသည်က ရှားပါးလှလေသည်။ ၀မ်ရူကွေ့မှာသူ့အခန်းဆီ မည်သို့ ဤအတိုင်းပြန်သွားကာ အိပ်နိုင်မည်နည်း။ 


သူက မီးဖိုချောင်ထဲ၌ ထုံရွှယ်လူကို အမြီးလေးကဲ့သို့ တွယ်ကပ်နေလိုပေသည်။


နေရောင်သည် မီးဖိုချောင်ဝင်ပေါက်ကိုဖြတ်၍ လင်းလက်နေပြီး ဝမ်ရူကွေ့က ထိုအလင်းရောင်အောက်တွင် ရပ်ကာ သူမကို ကြည့်ရှူ၍မ၀ဖြစ်နေသည်။


ထုံရွှယ်လူသည် ဘဲသေကောင်ကို အမြန်ကိုင်တွယ်လိုက်ပြီး သူမ မော့ကြည့်သောအခါ နေဝင်ချိန်၏ ကြီးမားသော ဧရိယာကို ပိတ်ဆို့ကာ တံခါးဝတွင် ရပ်နေသည့် သူကို တွေ့လိုက်ရသည်။


တိမ်တိုက်နီများက သူ့အပေါ်တွင် ထွန်းလင်းတောက်ပနေပြီး ဆံပင်နှင့်အဝတ်အစားများကို အလင်းရောင်အလွှာဖြင့် ဆေးဆိုးထားသည်။ သူ့ထံ၌ နူးညံ့သိမ်မွေ့သော မျက်ခုံးများနှင့် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုရှိနေသည်။


ထုံရွှယ်လူက မျက်တောင်ခတ်လိုက်ပြီး " ရဲဘော် ဝမ်၊ အခုအချိန် ရှင် လူရမ်းကားလုပ်ဖို့ စိတ်ကူးနေတာလား " 


"....."


" စကားပြန်မပြောတာက ၀န်ခံနေတာလား။ ရှင် အရှက်မရှိ မရိုးသားတဲ့လူ "


"......"


🍵


ထုံရွှယ်လူသည် ဘဲကင်၊ ဝက်နံရိုးချိုချဥ်နှင့် ငါးပေါင်း၊ ဟင်းသီးဟင်းရွက်ကြော် နှစ်မျိုး စသည်များကို ကြော်ထားသောကြောင့် လူတိုင်းပြန်လာသောအခါ စားသောက်နိုင်ကြပေမည်။


၀မ်ရူကွေ့၏လက်မှာ ဒဏ်ရာရထားသည်ကို အဘိုး၀မ် သိရှိပြီး‌သည့်နောက် တစ်ချိန်တည်းမှာ စိတ်ဆင်းရဲပြီး အထင်သေးသကဲ့သို့ ခံစားရသည်။


  " ဒီအသက်အရွယ်မှာ မင်းဘာလို့ ဒီလောက် သတိလက်လွတ်ဖြစ်နေရတာလဲ။ မင်းချစ်သူကို ချစ်တယ်ဆိုတာ သိတဲ့လူတွေက သိပေမယ့် မသိတဲ့သူတွေက မင်းအသုံးမကျဘူးလို့ တွေးကြလိမ့်မယ် "


သူက ဤကဲ့သို့ ပြောသည့်အချိန်၌  ‌ဗိုလ်မှူးရှောင်းကို အထူးတလှယ်ကြည့်လိုက်သည်။


ဗိုလ်မှူးရှောင်းက နှာမှုတ်ထုတ်လိုက်ပြီး  " အသုံးကိုမကျဘူး။ ထမင်းဟင်းချက်တာ‌တောင် သူ့ကိုယ်သူ နာကျင်အောင် လုပ်မိတယ်။ ရွှယ်လူက သူ့ကို နောက်ကျ ဂရုစိုက်ပေးနေရဦးမယ် "


အဘိုး၀မ်က သူ့ကို အကာအကွယ်ပေးခြင်းကို ရပ်တန့်လိုက်သည်။ 


" ရှေးရိုးစွဲ အဘိုးကြီး၊ မင်း အတွေးတွေက  မှားနေပြီ၊ အသက်ငယ်ငယ် စုံတွဲ နှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတာ  မင်းပါးစပ်ထဲ ဘယ်လိုလုပ် အဲဒီလို ပြောင်းသွားရတာလဲ " 


" ရွှယ်လူက မိန်းကလေးကောင်းတစ်ယောက်ပါ၊ ဒါပေမယ့် ရူကွေ့လောက်ကောင်းတဲ့ မြေးသမက်ကို ဒီကမ္ဘာမှာ  မရှာတွေ့နိုင်ဘူး " 


ဗိုလ်မှူးရှောင်းက မျက်လုံးများကို ဝေ့ဝိုက်လိုက်ပြီး ဘဲသားနှစ်တုံးကို ကောက်ယူကာ ထုံရွှယ်လူ ပြင်ဆင်ထားသော အချဉ်ရည်ထဲတွင် နှစ်လိုက်သည်။ထို့နောက် ၎င်းကို နံပြားထဲသို့ ထည့်ကာ ကြက်သွန်နီနှင့် သခွားသီးများကို ထည့်လိပ်ပြီးနောက် ပါးစပ်အပြည့် ကိုက်စားလိုက်သည်။


အဘိုး၀မ်သည် သူက စကားတစ်ခွန်းမှ မပြောသည်ကိုမြင်သည့်အခါ ကျေနပ်သွားပြီး ဘဲသားနံပြားကို လိပ်စားလိုက်သည်။


ထုံရွှယ်လူက ၀မ်ရူကွေ့အတွက် ကိုယ်တိုင်ကိုယ်ကျ လိပ်ပေးသည်။ 


" လာမဲ့တစ်ပတ် သိုးသားနဲ့ အစပ်အစာတွေကို လျှော့စားသင့်တယ်။ ဒဏ်ရာက မပြင်းထန်ပေမယ့် အမာရွတ်တွေ မကျန်ရစ်အောင် "


သူ၏လက်များက သေးသွယ်ဖြူဖွေးပြီး ထင်ရှားသည့် လက်ဆစ်များရှိသည်။ ၎င်းတို့သည် ပန်းချီဆရာ၏ လက်များထက်ပင် ပိုလှပြီး  အမာရွတ်များ ကျန်ရှိသွားမည်ကို သူမ မလိုချင်ပေ။


၀မ်ရူကွေ့သည် သူမ၏ တောက်ပသော မျက်လုံးများကို ကြည့်ပြီး အနီရောင် ဝက်နံရိုးချိုချဉ်များကို ကောက်ယူကာ သူမ၏ ပန်းကန်ထဲသို့ ထည့်လိုက်သည်။


 " များများစား၊ မင်း ကိုယ်အလေးချိန် ကျသွားတယ် "


ထုံရွှယ်လူက ခေါင်းစောင်းလိုက်ပြီး " ကိုယ်အလေးချိန် ကျသွားတာလား။ ဘာဖြစ်လို့ ကျွန်မ အဲဒီလို မခံစားမိတာလဲ "


သူမသည် လိပ်ထားသော ဘဲသားနံပြားလိပ်ကို လွှဲပေးကာ ဝက်နံရိုးများကို လှီးဖြတ်၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ချိုချိုချဥ်ချဉ်အရသာသည် သူမ၏ ခံတွင်းတစ်ခုလုံးကို ချက်ချင်းပြည့်နက်သွားပြီး အရသာရှိသည့် ဟင်းချိုမှာ သူမ ပါးစပ်ထဲတွင် ပေါက်ထွက်ကာ အဆုံးမရှိ အမှတ်ရသွားစေသည်။


ထုံရွှယ်လူပြုလုပ်ထားသည့် ဘဲကင်ကို လူတိုင်း ကြိုက်နှစ်သက်ကြသည်။


ဘဲသားအရေခွံသည် နီရဲပြီး တောက်ပြောင်သော အနီရောင်ငရုတ်ဆီ လိမ်းကျံထားသကဲ့သို့ပင် ဖြစ်သည်။ ဘဲသားအရေခွံသည် ကြွပ်ဆတ်ကာ ဘဲသားက နူးညံ့ပြီး အဆီများလွန်းခြင်းမရှိသဖြင့် ချွမ်ကျုသယ်၏ ပီကင်းဘဲကင်ထက် လုံးလုံး နောက်မရောက်ပေ။


လှီးထားသော ဘဲသားကို ပါးလွှာသည့် နံပြားဖြင့် ထုပ်ထားပြီး ကြွပ်ကြွပ်ရွရွရှိသည့် သခွားသီးများကို ပေါင်းထည့်သည်။ ဘဲသား၏ အဆီများကို လှီးဖြတ်လိုက်ရုံမျှဖြင့် ရနံ့မှာ အလွန်မွှေးကြိုင်‌နေပြီး လျှာပေါ်တင်၍ အားလုံးကို စားလိုက်ရန် မစောင့်နိုင်တော့ပေ။


ကြွပ်ရွကာမွှေးသော သခွားသီးနှင့်အတူ ကောင်းစွာပြင်ဆင်ထားသော ဘဲသားကို ပါးလွှာသည့် နံပြားဖြင့် ထုပ်ပိုးထားမှုသည် ဘဲသား၏ အရသာရှိမှုနှင့် အပြည့်အဝမျှတစေပြီး အနည်းငယ်စီတိုင်းကို မြည်းစမ်းကြည့်စေလိုသည့် အရသာတစ်မျိုးကို ဖန်တီးလေသည်။


" မမ ကျွန်တော့် မွေးနေ့ကျရင်လည်း ဘဲကင်လုပ်ပေးလို့ရလား " ထုံကျားရှင်း၏ ပါးစပ်က စားစရာများနှင့် ပြည့်နေပြီး သူက မေးမြန်းရန် မမေ့လျော့ချေ ။


" ကောင်းပြီ " ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။


ထုံကျားရှင်းက ပျော်ရွှင်‌သဖြင့် ခုန်ပေါက်တော့မည့်အချိန်၌ ထုံရွှယ်လူဆက်ပြောသည်ကို ကြားလိုက်ရသည်။


" နှစ်လယ်စာမေးပွဲမှာ ဘာသာရပ် အားလုံး အမှတ် ၇၀ရာခိုင်နှုန်း ကျော်ရင် " 


ထုံကျားရှင်း : "....."


စားပြီးပြီးချင်းမှာပင် အပြင်ဘက်မှ မီးရှူးမီးပန်းလေးများနှင့်တူသည့် တစ်ယောက်က ပြေးဝင်လာ။


အားလုံးက အနီးကပ်ကြည့်လိုက်ကြရာ ထိုသူမှာ ဝေ့ကျူးကျူးဖြစ်နေသည်ကိုတွေ့လိုက်ရ၏။ 


ဝေ့ကျူးကျူး၏ ပါးပြင်များသည် ပြေးလွှားခြင်းကြောင့် နီရဲနေပြီး အမောတကောဖြစ်လျက် " မမ ရွှယ်လူ၊ သမီးအစ်ကိုကြီး နောက်က‌ လိုက်လာရင် သမီးကို မတွေ့ဘူးလို့ပဲ ပြောပေးပါ " 


ထိုကဲ့သို့ ပြောပြီးပြီးနောက် စားပွဲအောက်သို့ ၀င်ကာ ပုန်းနေလိုက်ပြီး သူမခန္ဓာကိုယ်‌လေးအား ရှေ့တွင်ရှိသော စားပွဲခင်းဖြင့် ဖုံးကွယ်ထားသည်။


ဟုတ်ပေသည်။ ခဏအကြာမှာပင် ဝေ့ရန်က အံကြိတ်၍ လိုက်လာလေသည်။


သူက အလွန်‌ဒေါသထွက်နေသော်လည်း လူအများကို ယဉ်ကျေးစွာ နှုတ်ဆက်ရန် မမေ့လျော့ပေ။


 " ကျူးကျူး ဒီကိုလာသွားပြီလား "


ထုံရွှယ်လူသည် မလာဟု ပြောတော့မည့်အချိန်တွင် ထုံကျားရှင်းက စားပွဲအောက်သို့  လက်ညှိုးထိုးပြကာ ပြောသည်ကို တွေ့လိုက်ရသည်။ " အကိုကြီး ဝေ့ရန်  ၊ ကျူးကျူးက စားပွဲအောက်မှာ  "


ဝေ့ကျူးကျူး : " ...... "


လူတိုင်း : "......"


ဝေ့ရန်က စားပွဲခင်းတစ်ပိုင်းတစ်စကို မလိုက်ပြီး ရင့်သီးစွာပြောလိုက်သည်။  " ဝေ့ကျူးကျူး ထွက်လာခဲ့ "


ဝေ့ကျူးကျူးက ထုံကျားရှင်းကို စိုက်ကြည့်ရင်း စိတ်ဆိုးစွာ‌ ပြောလိုက်သည်။ " ထုံကျားရှင်း နင်က ဝက်တစ်ကောင်ပဲ။ နင်နဲ့ ဘယ်တော့မှ မကစားတော့ဘူး။ နင်ငါ့ကို တကယ်သစ္စာဖောက်လိုက်တာပဲ " 


ထုံကျားရှင်းက ဘဲသားကို ဝါးရင်း ပြောသည်။ " နင့်ကို မပြောဘူးလို့ ကတိမပေးခဲ့ဘူး။ အဲဒါကြောင့် သစ္စာဖောက်တာ မဟုတ်ဘူး "


ထို့အပြင် ယောက်ျားလေးများသည် မိန်းကလေးများနှင့် မကစားနိုင်သောကြောင့် ဤခြိမ်းခြောက်မှုသည် သူ့အပေါ် သက်ရောက်မှုမရှိချေ။


ဝေ့ကျူးကျူးသည် ဟွန်းခနဲပြုကာ စားပွဲအောက်တွင် ကွေးနေပြီး အပြင်သို့ မထွက်လာချေ။


ဝေ့ရန်က " ဝေ့ကျူးကျူး ကိုကို သုံးအထိ ရေတွက်ပြီးလို့မှ ထွက်မလာဘူးဆိုရင် ကိုကိုပြန်သွားပြီး မင်းရဲ့ ရတနာတွေအားလုံးကို လွှင့်ပစ်လိုက်မယ် " 


ဝေ့ကျူးကျူးက စိုးရိမ်တကြီးပြောသည်။ " လုပ်ရဲလား။ ကိုကို လွှင့်ပစ်ရဲလား ။ အဘိုးကိုပြောပြီး ကိုကို့ကို  ရိုက်ခိုင်းမယ် "


ဝေ့ရန်က သူမ မျက်နှာကို ကြည့်ပြီး ပြောသည်။ " ကိုကို လုပ်ရဲမလုပ်ရဲ စောင့်ကြည့်လေ " 


ဗိုလ်မှူးရှောင်းက " ဝေ့ရန်၊ မင်းက အစ်ကိုကြီးလေ  မင်းညီမလေးကို လွှတ်ပေးသင့်ပါတယ် "


ဝေ့ကျူးကျူးက စားပွဲအောက်မှာ ခေါင်းညိတ်ပြပြီး " ရှောင်းဘိုးဘိုးပြောတာ  မှန်တယ်၊ ကိုကို ညီမလေးကို လွှတ်ပေးသင့်တယ် "


ဝေ့ရန် : " အဘိုး‌ ရှောင်း ၊ ကျွန်တော် သူမကို လွှတ်မပေးတာ မဟုတ်ပါဘူး၊  ဒီတစ်ခါ အရမ်းလွန်လွန်းသွားလို့ပါ။ သူမက သို့ယာကို ကျွန်တော့်အိပ်ယာပေါ် အီးပါချခိုင်းတယ် "


လူတိုင်း  "......"


ဗိုလ်မှူးရှောင်းက ချောင်းဟန့်လိုက်ပြီး တရားမျှတမှုကို ဆက်လက်ကိုင်ထားရင်း  " ကျူးကျူး၊ ဒါ သမီးအပြစ်ပဲ၊ အပြင်ထွက်လာပြီး သမီးရဲ့ အကို ကိုတောင်းပန်ပါ " 


ဝေ့ကျူးကျူးက စားပွဲအောက်မှ တွားသွားကာ ထွက်လာပြီး ရှက်ရွံ့စွာ ပြောသည်။


 " သမီးက အဲ့ဒီလိုမရည်ရွယ် ပါဘူး ၊ ကိုကို့ ကုတင်ပေါ်မှာ အိပ်နေရင်းနဲ့ သို့ယာကို ဖက်ထားခဲ့တာ။  သို့ယာက ရုတ်တရက် ရုန်းကန်လာတာမို့ သမီးက သူ ချမ်းနေတယ်ထင်လို့ မလှုပ်ရှားအောင် ပွေ့ဖက်ထားလိုက်တာ ၊ ဘယ်သူသိမှာလဲ ခဏကြာတော့ သူက ကိုကို့ ကုတင်ပေါ် အီးပါလိုက်မယ်လို့ "


လူတိုင်း "....."


ထုံရွှယ်လူ၏ နှုတ်ခမ်းများ ရှုံ့တွသွားသည်။ ‌ခဏမျှကြာပြီးနောက် " ကျူးကျူး၊ သို့ယာက ချမ်းလို့ ရုန်းကန်နေတာမဟုတ်ဘူး၊ သူက အီးပါဖို့ အိပ်ရာထဲက ထွက်ချင်လို့ လုပ်ခဲ့တာ။ နောက် ဒီလိုအခြေနေမျိုးကြုံရရင် သူ့ကို ထိန်းထားတာဟုတ်ဘဲ  အပြင်ဘက်ကို ခေါ်သွားပေးရမယ် "


သို့ယာသည် လမုန့်လေး၏နှစ်လသားအရွယ် သမီးဖြစ်သည်။  လမုန့်လေးသည် သို့ယာက သူ့သမီးဖြစ်သည်ကို သိပုံရပြီး သူသည် ၎င်းကို အမြဲ အလွန်ချစ်သည်။ မိသားစုက ၎င်းအတွက် အရသာရှိသော အစားအစာများကို ပြုလုပ်ပေးသည့်အခါ သို့ယာ အတွက်လည်း အပိုတစ်စိတ်တစ်ပိုင်းကို တောင်းဆိုသည်။ အကယ်၍ ပြုလုပ်မပေးထားလျှင် သူက စားသုံးရန် ငြင်းဆိုကာ သူ့သမီးအတွက် ချန်ထားတတ်သည်။


ဝေ့ကျူးကျူးက သူမ၏ခေါင်းကို ကုတ်လိုက်ပြီး " သမီး အခု နားလည်သွားပါပြီ။ ညီမလေး တောင်းပန်ပါတယ် ကိုကြီး  "


ဝေ့ရန်က  " တောင်းပန်တာက အသုံးမဝင်ဘူး၊ မင်း ပြန်သွားပြီးတော့ သို့ယာရဲ့ အညစ်အကြေးတွေ ရှင်း "


ထိုသို့ပြောပြီးနောက် သူက ဝေ့ကျူးကျူးကို ကောက်ချီကာ မောင်နှမ နှစ်ယောက် အချင်းချင်းဆူပူကြရင်း အိမ်ပြန်သွားကြသည်။


သူတို့ထွက်သွားပြီးသည်နှင့် ထုံရွှယ်လူက ထုံကျားရှင်းနှင့် ထုံကျားမင်းတို့ကို ပန်းကန်ဆေးခိုင်းပြီး ထုံမျန်မျန်အား လမုန့်လေးကို ခြံ၀င်းထဲသို့ ခေါ်သွားစေသည်။


ကလေးများ ထွက်သွားပြီးနောက် ထုံရွှယ်လူက ပြောသည်။ "အဘိုး ဝမ်နဲ့ အဘိုး၊ သမီးမှာ ပြောစရာတစ်ခုရှိတယ် "


ထို့နောက် သူမသည် ကောလိပ်ဝင်ခွင့် စာမေးပွဲ၌ ခိုးချသည်ဟု  သံသယ၀င်ကာ စွပ်စွဲခံခဲ့ရပြီး အိပ်ဆောင်မှာ ရှာဖွေခံခဲ့ရသည့်အပြင် သူမ၏ တန်ပြန်တိုက်ခိုက်မှုကို ပြောပြလိုက်သည်။


ဘန်း။


အဘိုး၀မ်က စိတ်ဆိုးလွန်းသဖြင့် စားပွဲပေါ် ကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။


 " ဒါက တကယ့်ကို ယုတ္တိမတန်ဘူး။ ဒီ " သေသည်ထိလက်တွဲမည့်မိသားစု" နှစ်စုက သူတို့ သေဖို့ နှေးကွေးလွန်းတယ်လို့ ထင်နေကြတာပဲ။ သူတို့က မင်းကို တိုက်ခိုက်ရဲကြတယ် "


ဦးလေးဇုန်းက အဘိုးဝမ်ကို အမြန်စိတ်သက်သာရာရစေသည်။ " ဗိုလ်မှူး စိတ်မဆိုးပါနဲ့ ရေမြန်မြန်သောက်လိုက်ပါ " 


ထုံရွှယ်လူက အမြန်ပြန်ပြောလိုက်သည်။ " အဘိုးဝမ် စိတ်မပူပါနဲ့၊ သူတို့က သမီးကို မထိခိုက်စေပါဘူး" 


၀မ်ရူကွေ့၏ မိခင်မျိုးရိုးအမည်သည် ချန်ဖြစ်ပြီး သူမ ချစ်သူ၏ မိသားစု၏ မျိုးရိုးအမည်မှာ ရှစ်ဖြစ်သည်။ အဘိုး၀မ်သည် ရွံရှာလွန်းသဖြင့် ၎င်းတို့ မိသားစုနှစ်စုကို ၎င်းတို့အား ရည်ညွှန်းရန်  သူတို့ သို့မဟုတ်  " သေသည်ထိလက်တွဲမည့်မိသားစု " ဟု သုံးနှုန်းတတ်သည်။


ဗိုလ်မှူးရှောင်း၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။ 


" သမီး ဉာဏ်ကောင်းလို့ ဒီတစ်​ခါ မနာကျင်ခဲ့ရတာ။ အဲဒီ​နေ့မှာ မတုံ့ပြန်​နိုင်ခဲ့ရင် သူတို့ထောင်​ချောက်​ထဲ ကျသွားမှာ မဟုတ်​ဘူးလား "


ထိုကဲ့သို့ ပြောပြီး​နောက်​ သူက ၀မ်ရူကွေ့ကို ခက်ထန်သည့် အကြည့်ပေးလိုက်သည်။


" ၀မ်မိသားစုက စိတ်မချရဘူးလို့ အဘိုး ပြောဖူးတယ်။ အခုကြည့်လေ။ မင်းက လက်မထပ်ရ‌သေးတာတောင် ဒုက္ခရောက်နေပြီ "


၀မ်ရူကွေ့က လက်သီးဆုပ်လိုက်ပြီး တိုးလျကာ အက်ကွဲသည့် အသံဖြင့်ပြီး " ကိုယ် တောင်းပန်ပါတယ်။ မင်း ကိုယ့်ကို ဒီကိစ္စ စောစော ပြောခဲ့သင့်တယ် " 


ထုံရွှယ်လူက သူ့လက်ကို လှမ်းကိုင်လိုက်ပြီး ညင်သာစွာ ညှစ်လိုက်သည်။


 " ဒီကိစ္စက ရှင်နဲ့မဆိုင်ပါဘူး၊ ရှင် ကျွန်မ ကို တောင်းပန်စရာ မလိုဘူး "


" ဘာဖြစ်လို့ ဒီကိစ္စက သူနဲ့မဆိုင်ရမှာလဲ၊ အဲဒီအမျိုးသမီးက..." ဗိုလ်မှူးရှောင်းက ဒေါသတကြီး ပြောသည် ။


" အဘိုး " ထုံရွှယ်လူက သူ့အား ကျယ်လောင်သောအသံဖြင့် နှောင့်ယှက်လိုက်သည်။ 


" ဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေမယ့်အစား ပြင်ပကို တညီတညွတ်တည်း ပြောပြသင့်တယ်။ သမီးတို့ကလည်း ဒီကိစ္စရဲ့ နစ်နာသူတွေဆိုတာကို "


မိသားစုနှစ်စုက ဤကဲ့သို့ ရက်စက်သည့်နည်းလမ်းများကို အသုံးပြုကာ သူမ ကို ဆက်ဆံသော်လည်း  ယခင်ဘဝက ၀မ်ရူကွေ့အား ဆက်ဆံသည့်အခါ ၎င်းတို့၏ နည်းလမ်းများမှာ ပို၍ စက်ဆုပ်ရွံရှာဖွယ် ကောင်းနေလိမ့်မည်။


ချန်ရှို့ယွင်သည် မည်မျှပင်  စက်ဆုပ်ရွံရှာဖွယ်ကောင်းပါ‌စေ သူမသည် ၀မ်ရူကွေ့၏ မိခင်အရင်းဖြစ်ဆဲဖြစ်သည်။ တစ်ဖက်တွင် ၀မ်ရူကွေ့ မှာ ဤကဲ့သို့ မိခင်ကြောင့် အရှက်ကွဲ၊နာကျင်ရနိုင်ပြီး တစ်ဖက်မှာတော့ ထိုကဲ့သို့ မိခင်ရှိခြင်းကြောင့် လူတိုင်းက သူ့အား စွပ်စွဲအပြစ်နိုင်ကြပေသည်။