အပိုင်း၂၇၄
Viewers 67k

🍵Chapter 274




ရှောင်ချန်ဖျင်က ဖန်ကျင်းယွမ်၏ စကားကိုကြားသောအခါ စက်ဘီးလက်ကိုင်မှာ တိမ်းစောင်းသွားပြီး လမ်းဘေးရှိ ဓာတ်အားပေးတိုင်ကို တိုက်မိလုနီးပါး ဖြစ်သွားသည်။


သူ့မျက်နှာသည် အနီရောင်ဆိုးဆေးပုံးတစ်ပုံးဖြင့် ဖြန်းပက်ခံထားရပုံရပြီး လည်ပင်းတောင်မှ နီရဲ‌နေသည်။


လေထုသည် ခဏတာ ကသိကအောက်ဖြစ်သွားလေသည်။


သူတို့နှစ်ယောက်ထဲက မည်သူကမှ ခရီးတစ်လျှောက်လုံး စကားမပြောကြပေ။ ရှောင်ချန်ဖျင်သည် သူ၏ ရှက်သွားမှုကို အားအင်အဖြစ်ပြောင်းလဲကာ စက်ဘီးကို အားကုန်သုံး၍ နင်းတော့သည်။


အထွေထွေထောက်ပံ့ပို့ဆောင်ရေးအဖွဲ့မှ အစောင့်သည် ဖန်ကျင်းယွမ်က ရှောင်ချန်ဖျင်၏ စက်ဘီးပေါ်  ပါလာသည်ကို မြင်သောအခါ အံ့သြထိတ်လန့်သွားပြီး သူ၏မျက်လုံးများမှာ ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်သွားသည်။ 


" ကျင်းယွမ် ၊ မင်းနဲ့ ရဲဘော်ရှောင်ကတွဲ‌နေတာလား "


ရှောင်ချန်ဖျင်သည် ထိုစကားများကို ကြားလိုက်သောအခါတွင် သူ့နှလုံးသားတွင်  တဖျပ်ဖျပ်ခုန်နေပြီး နှုတ်ခမ်းထောင့်များကို မပင့်တင်ဘဲ မနေနိုင်။


သို့သော် သူ၏နောက်မှ ဖန်ကျင်းယွမ်မှာ  အလွန်ထိတ်လန့်သွားပြီး နောက်ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်ကာ မြန်မြန်ဆန်ဆန်ပြောလိုက်သည်။ 


" ဦးလေး၊ နားလည်မှုလွဲနေပြီ။ ကျွန်မ ခြေကျင်းဝတ် လွဲသွားလို့ ရဲဘော်ရှောင်က ကျွန်မကို အိမ်ပြန်ပို့တာပါ။ ကျွန်မတို့ မတွဲနေပါဘူး "


ရှောင်ချန်ဖျင် : "......"


တံခါးမှူးဦးလေးက မေးစေ့ကို ကိုင်လိုက်ပြီး ခေါင်းညိတ်သည်။


  " အော် အဲဒီလိုကိုး။ ဦးလေးက အံ့ဩနေတာ။  မျက်လုံးသေးသေးလေးနဲ့ ယောင်္ကျားလေးတွေကို မကြိုက်ဘူးလို့ သမီးက အရင်က ရှင်းရှင်းလင်းလင်းပြောခဲ့ဖူးတယ်။  ရဲဘော်ရှောင်က အရမ်းတော်ပေမဲ့ သူ့ မျက်လုံးတွေက ပဲစေ့လောက်ပဲရှိတဲ့ သေးသေးလေးတွေ "


ရှောင်ချန်ဖျင် : "..…"


ဖန်ကျင်းယွမ်က ဤစကားကိုကြားသည့်အခါ ရယ်မောလိုက်သည်။ " ဦးလေးပြောတာ ဟုတ်တယ်။ ရဲဘော်‌ရှောင်ရဲ့ မျက်လုံးတွေက မသိရင် တစ်ချိန်လုံး မှေးကြည့်‌နေတဲ့အတိုင်းပဲ "


တံခါးမှူးဦးလေး : " မဟုတ်သေးဘူး၊ ကျုပ်ရဲ့ မွေးကင်းစ မြေးလေးရဲ့ မျက်လုံးတွေကတောင် သူ့ထက် ပိုကြီးတယ် "


ရှောင်ချန်ဖျင် : "......"


လူနှစ်ယောက် စည်း၀ါးကိုက်စွာ ပြောဆိုနေကြရာ ရှောင်ချန်ဖျင်၏ ဦးရေပြားမှာ ထုံနေလေသည်။ သူက ခြေထောက်၌ အားထည့်လိုက်ပြီး စက်ဘီးက ချက်ချင်း နင်းထွက်သွားလေသည်။


အစောင့်က သူတို့နောက်ကျောကို ကြည့်ပြီး ပြောသည်။ " သူတို့က တစ်ယောက်က ဦးခေါင်းကြီးကြီး၊ ကျန်တစ်ယောက်က မျက်လုံးသေးသေးလေး၊ နှစ်ယောက်သား တကယ်ကို လိုက်ဖက်ညီပေတယ် " 


စက်ဘီးက ခြံဝင်းထဲကို ဝင်လာသည့်အခါ ရေလောင်းရန် ထွက်လာသည့် ဖန်မာမားနှင့် ဆုံလေသည်။


ဖန်မာမားသည် တံခါးမှူး‌အစောင့်ကဲ့သို့ပင် အံ့အားသင့်သွားသည်။" ကျင်းယွမ်၊ ဆံပင်ညှပ်ဖို့ ရွှယ်လူကို သွားရှာမယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား။ ရဲဘော်‌ရှောင်နဲ့ ဘာလို့ ပြန်လာခဲ့တာလဲ " 


' ဖြစ်နိုင်တာက သူတို့နှစ်ယောက် ရုတ်တရက် တွေ့ ခဲ့ကြတာလား '


ဖန်ကျင်းယွမ်သည် စက်ဘီးနောက်ခုံမှ ခုန်ဆင်းကာ သူမ၏တင်ပါးကို အုပ်၍ အိမ်ထဲသို့ ပြေးဝင်သွားသည်။


ရှောင်ချန်ဖျင်သည် သူမ၏ ဘောင်းဘီပေါ် စွန်းထင်းနေသောသွေးများကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာက နီရဲသွားပြန်သည်။ " ဒေါ်လေးဖန်၊ ရဲဘော်ဖန်က နည်းနည်း အဆင်မပြေဖြစ်နေခဲ့တာ။ ကျွန်‌တော်သူ့ကို လမ်းဘေးမှာတွေ့ပြီး ပြန်ခေါ် လာခဲ့တာပါ။ အခု ကျွန်တော် ပြန်ပါတော့မယ် " 


ဖန်မာမားသည် တစ်ခုခုမှားနေပြီဆိုသည်ကို နားလည်လိုက်ပြီး  ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ " ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် ချန်ဖျင် "


ရှောင်ချန်ဖျင်သည် ရှေ့သို့ လှည့်လိုက်ပြီးနောက် စက်ဘီးနင်းကာ ထွက်သွားသည်။


ဖန်မာမားသည် ခြံထဲတွင် ရှောင်ချန်ဖျင် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ဖန်ကျင်းယွမ်ကို မေးကြည့်ရန် အထဲသို့ ၀င်သွားသည်။


ဖန်ကျင်းယွမ်သည် သူမ၏ ဘောင်းဘီကို လဲလှယ်ခဲ့ပြီး ယခုအခါ ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းကာ  " အာ့ အာ့ " ဟု အော်နေလေသည်။


သူမကို ဤကဲ့သို့မြင်သည့်အခါ ဖန်မာမားက မျက်မှောင်ကြုတ်ကာ မေးသည်။  " ဘာဖြစ်တာလဲ၊ ဗိုက်နာနေတာလား "


ဖန်ကျင်းယွမ်က ချည့်နဲ့စွာ ပြန်ဖြေသည်။ " မား ၊ သမီးရဲ့ ဓမ္မတာက စောရောက်လာတယ် "


ဖန်မာမားက အနည်းငယ် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ " ဘာလို့ရက်အများကြီးစောလာတာလဲ "


ဖန်ကျင်းယွမ်က နာကျင်ခံစားနေပြီး " မိန်းမတွေက ဘာလို့ ဓမ္မတာလာရမှာလဲ၊ ဘာလို့ ယောက်ျားတွေက ဒီလိုအပြစ်မျိုးတွေ မခံစားရတာလဲ၊ အရမ်းမတရားဘူး မား ဘယ်အချိန်မှ ဒီနာကျင်မှုက ရပ်တန့်မှာလဲ "


ဖန်မာမားက အိပ်ရာဆီသို့ လှမ်းလာသည်။  သူမသည် လက်များကို  နွေးနွေးထွေးထွေးရှိစေရန်  ပွတ်သပ်လိုက်ပြီး ဗိုက်ပေါ်တင်ကာ ညင်သာစွာ ပွတ်သပ်ပေးသည်။ 


" သမီးကို မြန်မြန် လက်ထပ်ပြီး ကလေးယူဖို့ မား တောင်းဆိုခဲ့တယ်၊ မား စကားကို နားမထောင်ဘူး။ အမျိုးသမီးတစ်ယောက်က ကလေးမွေးဖွားပြီးရင် သူမက ဓမ္မတာလာစဉ် ကိုက်ခဲတာတွေမရှိတော့ဘူး "


ဖန်ကျင်းယွမ်က မျက်ဆန်လှန်ပြလိုက်သည်။ 


" မား ပြောတာက သိပ္ပံနည်းကျ မဟုတ်ဘူး။ ကလေးမွေးပြီးရင်တောင် အမျိုးသမီးတော်တော်များများ ဒါကိုခံစားနေရသေးတယ်လို့ ရွှယ်လူပြောခဲ့တယ်။ သမီးကို လှည့်စားပြီးလက်ထပ်ခိုင်းဖို့ ဒီအကြောင်းပြချက်ကို မသုံးပါနဲ့တော့ "


ဖန်မာမားက သူမနဖူးကို လက်ဖြင့် ပုတ်လိုက်သည်။ 


" သမီးကို မားက အဲလို စောစောစီးစီး လက်ထပ်ပြီး သားသမီးယူခိုင်းတာက သမီးကောင်းဖို့အတွက်၊ ဒါပေမယ့် သမီးပါးစပ်ထဲမှာ ဘာလို့ အလိမ်အညာဖြစ်သွားရတာလဲ။ ချန်ဖျင်က အတော်လေးကောင်းတယ်လို့ မားထင်တယ်။ သမီးငြင်းတာခံရပြီးတာတောင် သမီးကို အိမ်ပြန်ပို့ပေးဖို့ ဆန္ဒရှိတယ် "


ဖန်ကျင်းယွမ်က သူမနှုတ်ခမ်းကို ကွေးလိုက်ပြီး " သူ့အကြောင်းမပြောနဲ့တော့၊ မဟုတ်ရင် သမီးကိုယ်သမီး ဘယ်လိုလုပ် အရူးတစ်ယောက်လို လုပ်မိမှာလဲ " 


သူမ၏ ဘောင်းဘီတစ်ပြင်လုံးမှာ သွေးများပေကျံနေသည်ကို  မြင်တွေ့‌စေမည်မဟုတ်ပေ။ အားလုံးသည် သူ၏ စပ်စုသည့် မျက်လုံးများကြောင့်ပင်။


ဖန်မာမားက သူမ၏နဖူးကို ထပ်မံ ပုတ်လိုက်သည်။


 " သမီး ဘယ်တုန်းက ဒီလိုမျိုး မသိ‌ကျေးကျွန်ပြုလွန်းသွားတာလဲ။ ချန်ဖျင်က သမီးကို ကြင်နာစွာ ပြန်ပို့ ပေးတယ်။ လူမှားပြီး လိုက်ပို့တာ ဖြစ်နိုင်ပါ့မလား "


ဖန်ကျင်းယွမ်သည် အရိုက်ခံရသဖြင့် ခေါင်းကိုက်သလိုဖြစ်နေသည်။ " မှန်ပါတယ်၊ မား ကျေးဇူးပြုပြီး သမီးကို ရိုက်တာ ရပ်လိုက်ပါတော့ ၊အရမ်းနာတယ်။ ဘာပဲပြောပြော အဲဒါကို မစဉ်းစားနဲ့တော့။ သမီးနဲ့ ရှောင်ချန်ဖျင်က တွဲဖို့ မဖြစ်နိုင်ဘူး။ အခု သူက သမီးရဲ့အရှက်ရဆုံးဘက်ခြမ်းကို မြင်တွေ့သွားပြီမို့ သမီး နဲ့သူ အတူတူရှိဖို့က ပိုလို့တောင် မဖြစ်နိုင်တော့ဘူး "


ဖန်မာမားက " သမီးအရင်က ဒီလိုမပြောခဲ့ဖူးဘူးလား။ သမီးရဲ့ ချို့ယွင်းချက်အားလုံးကို သည်းခံနိုင်တဲ့သူတစ်ယောက်ကို ရှာချင်တယ်ဆိုပြီးတော့လေ။ ချန်ဖျင်က ​​သမီးရဲ့အရှက်ရဆုံးအခြမ်းကို အခု မြင်တွေ့သွားခဲ့ပြီး သမီးကို  မနှစ်သက်တာ မဖြစ်သေးဘူး။ ဒါက သမီး ရှာဖွေနေတဲ့လူ မဟုတ်လူးလား "


ဖန်ကျင်းယွင်က အံ့အားသင့်သွားသည်။ ထိုသည်က  အလွန်ကျိုးကြောင်းဆီလျော်ပုံရနေသည်ပင်။


ဖန်မာမားသည် သူမ၏ ဖြားယောင်းမှုကို ဆက်လက်လုပ်ဆောင်လိုသော်လည်း ရှောင်ချန်ဖျင်၏ အသံက တံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။


ဖန်မာမားက သူမကို စိုက်ကြည့်ပြီးနောက် မတ်တပ်ထရပ်ကာ ထွက်သွာသည်။


 " ချန်ဖျင် ဘာလို့ ရုတ်တရက် ပြန်လှည့်လာတာတာလဲ၊ တစ်ခုခု ကျကျန်ခဲ့တာလား "


ရှောင်ချန်ဖျင်က သကြားညိုတစ်ထုပ်နှင့် ဂျင်းလက်တစ်ဆုပ်ကို သူ့လက်ထဲမှာကိုင်ထားပြီး ရှက်ရွံ့သည့် မျက်နှာဖြင့် ပြောသည်။ 


 " ဒေါ်လေးဖန်၊ ကျွန်တော့်အမေက သကြားညိုနဲ့ဂျင်းပြုတ်ရေသောက်တာက နာတာကို သက်သာစေတယ်လို့ ပြောတယ် " 


ဖန်မာမားက ရုတ်တရက် ရယ်မောလိုက်ပြီး မျက်လုံးထောင့်စွန်းများ၌ အရေးကြောင်းများပင် ပေါ်လာသည်။ " ကျေးဇူးပါပဲ ချန်ဖျင်၊ သား အထဲ၀င်လာပြီး ခဏလောက် ထိုင်ဦးမလား "


ရှောင်ချန်ဖျင် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ " မထိုင်တော့ပါဘူး ဒေါ်လေးဖန် ၊ ကျွန်တော့်မှာ လုပ်စရာလေးတွေရှိလို့  သွားပါတော့မယ် "


ဖန်မာမားက ပြုံးရင်း ပြောလိုက်သည်။ " ကောင်းပါပြီကွယ်။ သား အားတဲ့အခါမှာဒီကိုလာလည်ပါဦး "


ရှောင်ချန်ဖျင်က နှုတ်ဆက်ပြီးနောက် စက်ဘီးနှင့် ပြန်ထွက်သွားသည်။


ဖန်မားမားသည် ခြံဝင်းထဲမှ သူ မပျောက်ကွယ်မချင်း စောင့်ဆိုင်းပြီးနောက် ဖန်ကျင်းယွမ်၏အခန်းသို့ ပြန်လှည့်သွားသည်။


" ချန်ဖျင်က သမီးကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ မြင်ရပြီမလား။ သူက  သမီးအတွက် သကြားညိုနဲ့ ဂျင်းတွေကိုတောင် ယူလာပေးတယ် ဒီလိုလူကို သမီးက မလိုချင်ဘူး။ နောက်မှ တခြားတစ်ယောက် သမီးဆီကနေ လုယူသွားမှ နောင်တရမနေနဲ့ "


ဖန်ကျင်းယွမ်က သူမမျက်နှာကို စောင်နှင့် ဖုံးကွယ်ကာ သေဟန်ဆောင်၍ တိတ်ဆိတ်နေသည်။


ဖန်မာမား သူမကို ဤကဲ့သို့ မြင်ရသည့်အခါ သက်ပြင်းချလိုက်ပြီး ဂျင်းရည်ပြုလုပ်ရန်အတွက် မီးဖိုချောင်ဆီသို့ ထွက်သွားသည်။


ဖန်မာမား ထွက်ခွာသွားပြီးနောက် ဖန်ကျင်းယွမ်သည် စောင်ခြုံထဲမှ သူမ၏မျက်နှာကို ထုတ်ကာ နှုတ်ခမ်းစူရင်း တိုးညင်းစွာရေရွတ်လိုက်သည်။ 


 " ဘယ်သူက ဂရုစိုက်လို့လဲ "


🍵


ထုံရွှယ်လူသည် ကျောင်းသို့ မပြန်မီ တနင်္ဂနွေနေ့လယ်အထိ အိမ်တွင်သာ နေခဲ့သည်။


ယခင်ကနှင့်ကွဲပြားစွာ ဤအကြိမ်၌ သူမသည်  အိပ်ဆောင်ရှိ အခန်းဖော်များအတွက် မည်သည့်စားစရာကိုမျှ ယူဆောင်မလာချေ။


လူတိုင်း၏ဆက်ဆံရေးသည် ယခုချိန်တွင် ဆိုးရွားနေရုံသာမက အကယ်၍ ထိုကဲ့သို့ မဟုတ်လျှင်တောင်မှ အချိန်တိုင်း တစ်ခုခုပြန်ယူလာနိုင်မည်မဟုတ်ချေ။


သူမ အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ကောင်းမင်သည် သူမ၏ ရှည်လျားသောအနက်ရောင်ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက်အဖြစ် ကျစ်ထားပြီး အနီနှင့်အပြာရောင် ပန်းပွင့်ဂါ၀န်ကို ပြောင်းလဲ၀တ်ထားသည်။


အဝတ်အစားများအားလုံး မွဲညစ်နေသည့် ဤခေတ်ကာလ၌ ကောင်းမင် ဝတ်ဆင်ထားသည့် ပန်းပွင့်ဂါ၀န်သည် အလွန်ဖမ်းစားနိုင်သော်လည်း ယခုအချိန်သည် နွေဦးနှောင်းပိုင်းနှင့် နွေရာသီအ‌စောပိုင်းကာလဖြစ်ပြီး ရာသီဥတုမှာ အနည်းငယ် ချမ်းအေးနေသေးရာ ဂါ၀န်ဝတ်ဆင်ရသည့် ရာသီဥတုမဟုတ်သေးပေ။


သို့သော်ငြား ကောင်းမင်မှာ အလွန်ဂုဏ်ယူနေလေသည်။ သူမက ပန်းပွင့်ဂါ၀န်ကို ကိုင်ပြီး လင်းလန်ကျွမ်းအား မေးလိုက်သည်။ 


" လန်ကျွမ်း ၊ ဒီဟာ ငါနဲ့လိုက်လား "


လင်းလန်ကျွမ်းက စာဖတ်နေရာမှ မော့ကြည့်လာကာ သူမ၏ ပန်းပွင့်ဝတ်စုံပေါ် မျက်လုံးများ ရောက်သွားပြီး ချက်ချင်း ပြောဆိုသည်။


 " လှတယ်၊ ကောင်းမင် နင် ဒီပန်းပွင့်ဂါ၀န်နဲ့ အရမ်းကြည့်ကောင်းတယ် "


ထုံရွှယ်လူသည် မြို့တွင်း၌  အရောင်အသွေးစုံလင်သည့် ဂါ၀န်များကို ရှားရှားပါးပါး တွေ့ခဲ့ဖူးပြီး ကျေးလက်၌ နေထိုင်သည့် လင်းလန်ကျွမ်းမှာမူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။ .


ယခု  ကောင်းမင်၏ ဂါ၀န်ကို မြင်လိုက်သည့်အခါ သူမ၏ မျက်နှာနှင့် မျက်လုံးများတွင် မဖုံးကွယ်ထားနိုင်သည့် အားကျမှုနှင့် လိုအင်ဆန္ဒများ ပြည့်နှက်နေသည်။


အဆောင်ရှိ အခြားသူများကလည်း စကားစမြည်ပြောသည်ကို ကြားပြီးနောက် ခေါင်းမော့လာကြသည်။


ထျန်ဖုန်းကျစ်ကလည်း ခေါင်းညိတ်ပြီး ချီးကျူးသည်။ " ကြည့်ကောင်းတယ်။ ဒီဂါ၀န်က နင်နဲ့ အရမ်းလိုက်တယ် "


ထိုစကားကိုကြားသည့်အခါ ကောင်းမင် ၏ ရင်ဘတ်က ဒေါင်းတစ်ကောင်လို ကော့လာပြီး ပါးနှစ်ဖက် နီရဲကာ ပြောသည်။ " ငါ့ချစ်သူက ဒီဟာကို ငါ့ဖို့ ပေးခဲ့တာ " 


မိုးခြိမ်းသံကထွက်ပေါ်လာသည်။


ကောင်းမင်၏ စကားသည် ဒယ်အိုးထဲ ရေလောင်းထည့်လိုက်သကဲ့သို့  အိပ်ဆောင်ကို ပေါက်ကွဲစေသည်။


လင်းလန်ကျွမ်းက အံ့အားသင့်သွားပြီးနောက် ပြောသည်။ " ကောင်းမင် နင် တစ်ယောက်ယောက်နဲ့ချိန်းတွေ့နေတာလား။ ဘယ်တုန်းကတည်းကလဲ " 


တခြားသူများက မျက်တောင်မခတ်ဘဲ ကောင်းမင်ကို စိုက်ကြည့်နေကြသည်။


ကောင်းမင်က ရှက်ကိုးရှက်ကန်းနှင့် ပြောပြသည်။


 " အတန်းဖော် ရှစ် က သောကြာနေ့တုန်းက ငါ့ဆီလာပြီး ဖွင့်ပြောခဲ့တယ် "


" အတန်းဖော်ရှစ် ဟုတ်လား " လင်းလန်ကျွမ်း ကြောင်အသွားပြီး " နင့်ရဲ့ အစ်ကိုဝမ်းကွဲနဲ့  ပြီးခဲ့တဲ့ တစ်ခေါက်က လာခဲ့တဲ့ အတန်းဖော်နဲ့ အတူတူပဲလား "


ကောင်းမင်က ခေါင်းညိတ်သည်။ " အင်း။ သူက ငါနဲ့အတူတူ စာလေ့‌လာရင်း တော်လှန်ရေးရဲဘော်ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်။ ဒီမနက် သူ ငါ့ကို ဂါ၀န်တစ်ထည် ပေးတယ်။ ငါက လက်မခံချင်ပေမယ့် ဇွတ်ပြောနေတာနဲ့ လက်ခံခဲ့တာ "


လင်းလန်ကျွမ်းက ပို၍ ပို၍ အားကျလာသည်။ " နင့်ရဲ့အတန်းဖော်ရှစ်က နင့်အပေါ်အရမ်းကောင်းတာပဲ "


ကောင်းမင်က ချွေ့ရုန်ရုန်ကို ရှက်‌သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ပြောသည် " သူက ငါ့အပေါ် တကယ် ကောင်းတယ် "


ချွေ့ရုန်ရုန်၏ ပါးစပ်ထောင့်က တွန့်သွားပြီး တိတ်တဆိတ် လှောင်ပြောင်ရင်း ခေါင်းငုံ့ကာ စာအုပ်ဆက်ဖတ်သည်။


ကောင်းမင်က သူမ မနာလိုဖြစ်နေသည်ဟု တွေးပြီး ရုတ်တရက် ပိုပြီး ဂုဏ်ယူ ‌၀င့်ကြွားသွားသည်။


ကောင်းမင် ထွက်သွားပြီးနောက် ရှဲ့ရှောင်ယန့်က ထုံရွှယ်လူအား မှီ၍  တီးတိုးပြောသည်။


 " တရုတ်စာဌာနက ရှစ် ဆိုတဲ့ မျိုးရိုးနာမည်နဲ့ သူက သူမနဲ့အတူရှိမယ်လို့ ငါ တကယ် မမျှော်လင့်ခဲ့မိဘူး "


ကောင်းမင်၏ ပန်းပွင့်ဂါ၀န်ကို ယခု မြင်လိုက်ရသောအခါ သူမ အနည်းငယ် မနာလိုဖြစ်မိသော်လည်း ရှစ်ကျွင်းမင်ပေးခဲ့ခြင်းဖြစ်သည်ကို ကြားသည်နှင့်  မနာလိုဖြစ်ခြင်းက ချက်ချင်းရပ်တန့်သွားခဲ့သည်။


၎င်းတို့ထဲမှ တစ်ဦးသည် အတွင်းရေးမှူးချုပ်ရာထူးမှ နုတ်ထွက်ရပြီး ကျန်တစ်ဦးမှာ အတန်းခေါင်းဆောင်ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ၎င်းတို့နှစ်ဦးအတူတူ ရှိနေသည့် အချိန်တိုင်း တစ်စုံတစ်ရာ ထူးဆန်းသည်ကို ခံစားမိသည်။


ထုံရွှယ်လူ၏ အနီရောင်နှုတ်ခမ်းများ ကော့သွားလေသည်။ " ဘာက ထူးဆန်းလို့လဲ။ နင် စကားလုံးတွေ အလွတ်မှတ်ပြီးပြီလား "


ရှစ်ကျွင်းမင်နှင့် ကောင်းမင်တို့ တွဲနေကြသည်ကို သူမ မအံ့သြပေ။ ရှစ်ကျွင်းမင်သည် သူမကြောင့် ဆုံးရှုံးမှုကြီးမားခဲ့ပြီး သူမကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ ယခုအချိန်တွင် အကောင်းဆုံးနည်းလမ်းမှာ ကောင်းမင်နှင့် လက်တွဲရန်ဖြစ်သည်။ 


သို့သော် စစ်သားများလာလျင် ခုခံမည်။ ရေလှိုင်းများလာသည့်အခါ ပိတ်ဆို့မည်။ သူမ မည်သည့် မကောင်းဆိုးဝါး သို့မဟုတ် နတ်ဆိုးများကိုမျှ မကြောက်ရွံ့ပေ။


သို့သော်ငြား ရှောင်ကြဥ်သင့်သည်ကို ရှောင်ကြဥ်ရ‌ပေမည်။ သူမ သော့ဂ‌လောက်နှစ်ခု ဝယ်လိုက်ပြီး ဗီရိုထဲ၌ အရေးကြီးသည့် ပစ္စည်းများအားလုံးကို သော့ခတ်သိမ်းသည်။ ထို့နောက် ဂျုံမှုန့်တစ်ထုတ်ဝယ်ယူပြီး အိပ်ဆောင်၌ ထားရှိသည်။ 


အပြင်မထွက်မိီအချိန်တိုင်း စာအုပ်များနှင့် ကုတင်စွန်းများပေါ် သို့ ဂျုံမှုန့်အနည်းငယ်ဖြူးသည်။  တစ်စုံတစ်ယောက်က သူမ၏ပစ္စည်းများကို ထိလျှင် သဲလွန်စများ ကျန်ရှိနေလိမ့်မည်။ 


ရှစ်ကျွင်းမင်သည် အတန်းခေါင်းဆောင်ရာထူးမှ နုတ်ထွက်ရန် ဖျောင်းဖျခံထားရပြီး အချိန်တိုအတွင်း သိသာထင်ရှားသော လှုပ်ရှားမှုများ မပြုလုပ်ဝံ့သောကြောင့် တစ်ပတ်တာ ငြိမ်သက်နေခဲ့သည်။ ထုံရွှယ်လူသည် ပိတ်ရက်တွင် အိမ်ပြန်ခဲ့ပြီး အဘိုး၀မ်ဆီမှ သတင်းကောင်းကို ကြားလိုက်ရသည်။


" ရွှယ်လူ သမီးပြောတာမှန်တယ်၊ အဲဒီမိသားစုနှစ်ခုမှာ တကယ်ပဲ ပြဿနာရှိနေတယ် " 


ထုံရွှယ်လူက ထိတ်လန့်သွားသည်။


  " အဘိုးဝမ်၊ အခြေအနေဘယ်လိုရှိလဲ သမီးကို မြန်မြန်ပြောပြပါ "