အပိုင်း၂၇၅
Viewers 67k

🍵Chapter 275



 " အဘိုးဝမ်၊ အခြေအနေဘယ်လိုရှိလဲ သမီးကို မြန်မြန်ပြောပြပါ "


အဘိုး၀မ်က နီရဲသည့်မျက်နှာဖြင့် ပြောလိုက်သည်။


 " ချန်ကျစ်ယဲ့ရဲ့ ကျောင်းတက်တုန်းက အဆင့်က ပျမ်းမျှထက် မြင့်မားပေမဲ့ သင်္ချာနှင့် ရူပဗေဒ အမှတ်က ထူးထူးခြားခြား ကောင်းမနေခဲ့ဘူး။ ဒီတစ်ကြိမ် ဘာသာရပ်နှစ်ခုစလုံးမှာအမှတ်ပြည့်ရဖို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့  စာမေးပွဲမှာ တစ်ချို့တွေလည်း ကောင်းကောင်းလုပ်နိုင်ခဲ့တာတွေရှိတော့ ဘယ်သူကမှ သံသယမဝင်ကြဘူးလေ... ပြီးခဲ့တဲ့ အကြိမ်က သမီးသာ ပြောမလာခဲ့ဘူးဆိုရင် လှည့်စားခံလိုက်ရမှာ။ အတွင်းကျကျ စုံစမ်းပြီးတဲ့အခါမှာတော့ ချန်ကျစ်ယဲ့ဆိုတဲ့ နာမည်နဲ့ ကျောင်းသား တစ်ယောက် အဲဒီကျောင်းမှာ ရှိတယ်ဆိုတာ သိလိုက်ရတယ်။  သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်မှာ အမှတ်ကောင်းကောင်းရတတ်ပေမယ့် ဒီတစ်ခေါက် စာမေးပွဲကျခဲ့တယ်... " 


ထုံရွှယ်လူက ထိတ်လန့်သွားပြီး " သူတို့နှစ်ယောက်လုံးက နာမည်တူတာလား "


အဘိုး၀မ်က ခေါင်းခါသည်။ " မဟုတ်ဘူး၊ ကျတဲ့သူနာမည်က ချန်ကျစ်ယဲ့လို့ခေါ်ပေမယ့် ချန်မိသားစုက လူယုတ်မာကိုတော့ ချန်ကျစ်ယဲ့လို့ခေါ်တယ်။ (အသံထွက်တူပေမဲ့ စာလုံးမတူတဲ့ ကျစ်နှစ်ခုပါ )

သူ့ရဲ့ ဉာဏ်ရည်နဲ့ကတော့ တခြားလူရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲရမှတ်တွေကို သူ့ရမှတ်လို့ လုပ်ထားဖြစ်မယ်။ နာမည်တွေက ဆင်လွန်းတာကြောင့် လွဲမှားသွားခဲ့ပြီး ကြီးကြပ်သူက ပေါ့ပေါ့ဆဆဖြစ်ပြီး ဒါကိုသတိမထားခဲ့မိတာဖြစ်မယ် "


ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ " ဒါဆို ချန်ကျစ်ယဲ့ အစစ်အမှန်က ဘယ်မှာလဲ "


" ချန်ကျစ်ယဲ့အစစ်ရဲ့ မိဘတွေက အရင်ကတည်းက သေဆုံးသွားခဲ့ပြီ။  သူ့အဘိုးက သူ့ကို ပညာသင်ဖို့ ထောက်ပံ့ပေးခဲ့တာ။ အခု စာမေးပွဲမအောင်လို့ သူ့ဦးလေးရဲ့မိသားစုက သူ့ကို စာလေ့လာခွင့်မပေးတော့ဘဲ စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့ဆီ ပြန်ခိုင်းလိုက်တယ် " 


ထုံရွှယ်လူက ခဏလောက်စဉ်းစားပြီး " ချန်ကျစ်ယဲ့ရဲ့ ဦးလေးမိသားစုကို သမီး သံသယရှိတယ် ။ သူ့ကို လာဘ်ထိုးထားတာ ဖြစ်နိုင်တယ်။ ပြောရရင် သေတဲ့ထိလက်တွဲသွားမဲ့မိသားစုနှစ်ခုဆီ ကောလိပ်ဝင်ခွင့်အကြောင်းကြားစာကို ရောင်းစားခဲ့တာ သူ့ဦးလေးဖြစ်နိုင်တယ်  " 


အဘိုး၀မ်က ခေါင်းညိတ်သည်။  " အဘိုး ဒါကို ရှောင်ဇုန်းကို အခုပဲ စစ်ဆေးခိုင်းထားတယ်။ တကယ့် ချန်ကျစ်ယဲ့အစစ်ကို ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းထားတယ်။ စိတ်မပူပါနဲ့၊ မကြာခင်မှာ သတင်းတစ်ခုတော့ရှိမှာပါ " 


ထုံရွှယ်လူက ပြုံးပြီး ပြောသည်။ " ဟုတ် သမီး စိတ်မပူပါဘူး "


🍵

တနင်္ဂနွေ နေ့လယ်ခင်း၌ သူမ ကျောင်းသို့ ပြန်လာသည်။ အိပ်ဆောင်သို့ ပြန်ရောက်သည်နှင့် တစ်ခုခုလွဲမှားနေပြီဆိုသည်ကို  သူမ သဘောပေါက်သွားသည်။ သူမက ခေါင်းကိုမော့ပြီး လူအုပ်ကို စကင်န်ဖတ်ကာ ပြောလိုက်သည်။


 " ကျွန်မ မေးချင်တာရှိတယ်၊ ကျွန်မ အိပ်ဆောင်မှာ မရှိတဲ့အချိန် ကျွန်မအိပ်ရာကို လာထိတဲ့သူရှိလား "


ရှဲ့ရှောင်ယန့်က ဤစကားကိုကြားပြီးနောက် ခေါင်းမော့လာပြီးနောက် ခေါင်းယမ်းသည်။


 " ဟင့်အင်း၊ ဘာလို့လဲ "


အခြားသူများကလည်း ထိုအတိုင်း ပြောကြသည်။ ကောင်းမင်သာလျှင် လက်ဖဝါး၌ ချွေးစေးများထွက်ပြီး ကြောက်ရွံ့နေသော်လည်း တခြားသူများကဲ့သို့ ငြင်းဆိုသည်။ 


ထုံရွှယ်လူက " တစ်ယောက်ယောက်က  ကျွန်မ အိပ်ရာကို ထိသွားတယ်။ အဆောင်မှူးအဒေါ်ဆီ အကြောင်းကြားလိုက်မယ် "


ထိုစကားကိုကြားသည့်အခါ လူတိုင်း အံ့သြသွားသည်။ အထူးသဖြင့် ကောင်းမင်သည် ထိတ်လန့်တုန်လှုပ်နေသော ယုန်တစ်ကောင်ကဲ့သို့ ခုန်လိုက်သည်။


" အတန်းဖော်ထုံ၊ နင်က ဒီလို ဇွတ်အတင်းပြဿနာရှာနေတာလား "


ထုံရွှယ်လူက သူမကို ကြည့်လိုက်သည်။


 " ငါက ဘာလို့ ဒီလိုပြဿနာရှာနေတာလဲ၊ နောက်ဆုံးအကြိမ်က နင် ငါတို့အိပ်ဆောင်ကို  ရှာဖွေဖို့ လာခဲ့တဲ့ကိစ္စကို နင်မေ့သွားပြီလား။ အခု ငါ့ခွင့်ပြုချက်မရဘဲ ငါ့ပစ္စည်းတွေကို တစ်ယောက်ယောက်က ထိထားတယ်။  ငါ့အိပ်ရာပေါ်မှာ သူတို့ တစ်ခုခု ထားခဲ့မလား ဘယ်သူသိနိုင်မှာလဲ " 


သူမက ထိုသို့ ပြောပြီးနောက် လှည့်ထွက်သွားရန်လုပ်သည်။ ကောင်းမင်က သူမကို ဖမ်းမှီရန် အလျင်အမြန် လျှောက်လာပြီး ထုံရွှယ်လူက သူမကို ပြင်းပြင်းထန်ထန် ခါထုတ်လိုက်သည်။ ကောင်းမင်၏ခေါင်းသည် အ၀တ်ဗီရိုနှင့်  ရိုက်မိသွားပြီး နဖူးက ရုတ်တရက် နီရဲသွားသည်။


" အတန်းဖော်ထုံ၊  တစ်ယောက်ယောက်က နင့်ရဲ့အိပ်ရာကို ထိသွားတာ သေချာရဲ့လား၊ စနေနဲ့ တနင်္ဂနွေတွေမှာ ငါတို့တွေပဲ အိပ်ဆောင်ထဲမှာ ရှိနေခဲ့တာ။ ငါတို့က သူခိုးတွေလို့ နင် ပြောနေတာလား " 


ကောင်းမင်က အိပ်ဆောင်ထဲရှိ လူအားလုံးကို ပြဿနာထဲသို့ ဆွဲသွင်းလိုက်သည်။ သေချာပေါက်ပင် သူမ ထိုကဲ့သို့ ပြောပြီးသည်နှင့်  အိပ်ဆောင်ထဲရှိ တခြားသူများ၏ အမူအရာများက အနည်းငယ် ဆိုးရွားသွားသည်။ ‌အဆောင်မှူးအဒေါ်ရောက်လာသည့်အခါ  စုပေါင်းအမှတ်များ ထုတ်ခံရမည်လော မည်သူမှ မပြောနိုင်ကြချေ။


ထုံရွှယ်လူက " စိတ်မပူနဲ့၊ ငါ့အိပ်ရာဘေးမှာ တရုတ်ဆေးမှုန့်နည်းနည်း ဖြူးထားခဲ့တယ်၊ ခုတော့ တစ်ဖက်လူရဲ့ လက်ဗွေရာတွေ အဲဒီမှာ ကျန်နေခဲ့ပြီ။ လူတိုင်းရဲ့လက်ဗွေရာတွေက မတူကြဘူး။ ငါတို့ လုပ်ရမှာက အဲဒါတွေကို နှိုင်းယှဉ်ကြည့်ရုံပဲ။ မကောင်းတာတွေကို ဘယ်သူလုပ်ခဲ့တယ်ဆိုတာ သိနိုင်တယ် "


လူတိုင်းက ထပ်ပြီး အံ့သြသွားကြသည်။ပထမအချက်မှာ ထုံရွှယ်လူက ကုတင်ပေါ် ၌ တရုတ်ဆေးမှုန့်ဖြူးထားမည်ဟု မထင်ထားခဲ့ကြ‌ချေ။ ဒုတိယအချက်မှာ တစ်ယောက်ယောက်က သူမ၏ အိပ်ရာကို အမှန်တကယ် ထိလိမ့်မည်ဟုလည်း သူမတို့ မထင်ထားကြပေ။


ကောင်းမင်၏ မျက်နှာအမူအရာများသည် တခဏချင်း ပျောက်ကွယ်သွားပုံရပြီး ထုံရွှယ်လူ၏ လမ်းကို ထပ်မံပိတ်ဆို့လိုက်ပြန်သည်။


" အတန်းဖော်ထုံ၊ မသွားပါနဲ့၊ အဲဒါ ငါပါ။ ငါ နင့်ရဲ့အိပ်ရာကိုထိခဲ့တာ "


ဤစကားလုံးများထွက်လာပြီးသည်နှင့်  အိပ်ဆောင်က စက္ကန့်အနည်းငယ်ကြာ  တိတ်ဆိတ်သွားလေသည် ။ ထုံရွှယ်လူက  " နင် ငါ့ဟာကိုဘာလို့ထိတာလဲ။ ငါ့အိပ်ရာကို နင်ဘာလုပ်ခဲ့တာလဲ "


အိပ်ဆောင်ထဲရှိ လူအားလုံးက မေ့လဲလုနီးပါး ထိတ်လန့်နေသည့်ကောင်းမင်ကို ကြည့်နေကြသည်။


 " ငါ ဘာမှမလုပ်ပါဘူး၊ လူတစ်ယောက်က နင့်ကို ရည်းစားစာတစ်စောင် ပေးခဲ့တာကို ယူလာပေးရုံတင်ပါ။ ငါ့ရည်းစားမှာ နင့်ကို အရမ်းလေးစားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက တော်တော်လေးကောင်းမွန်ပြီး နင်နဲ့လည်း  တော်တော်လိုက်ဖက်တဲ့သူလို့ ငါ ထင်ခဲ့တာ.... "


" ဖက် " အသံတစ်ခု ထွက်ပေါ်လာသည် ။ ထုံရွှယ်လူက ကောင်းမင်၏မျက်နှာကို ရိုက်လိုက်ပြီး မျက်နှာကို အုပ်ကာ ငိုယိုလိုက်သည်။ 


" နင် အရမ်းလွန်လွန်းသွားပြီ။ ငါ့မှာ လက်တွဲဖော်ရှိတယ်။ နင်က ငါ့သဘောဆန္ဒမပါဘဲ ရည်းစားစာ တစ်စောင် ပေးခဲ့တယ်၊ ပြီးခဲ့တဲ့အခေါက်က အဖွဲ့ကနေ ထုတ်ပယ်ခံရတာကို မှတ်ထားပြီး ငါ့ကို ဒီလို ချောက်ချတာလား " 


ကောင်းမင်က သတိမမူမိစွာ ပါးရိုက်ခံခဲ့ရပြီး သူမ၏မျက်နှာ ဘယ်ဘက်အခြမ်းက ရုတ်တရက် နီရဲကာ ရောင်လာသည်။ သို့သော် ဤအချိန်တွင် သူမသည် ဒေါသမထွက်နိုင်သလို ပြန်၍လည်း မတိုက်ခိုက်နိုင်ပေ။ သူမ ကောင်းမွန်စွာ ရှင်းပြရမည်ဖြစ်သည်။  


" ငါ နင့်ကို ချောက်ချတာမဟုတ်ပါဘူး၊ နင် တစ်ယောက်ယောက်နဲ့ တွေ့နေတယ်ဆိုတာ ငါ လုံးဝမသိခဲ့ဘူး၊ နင် ငါတို့ကို တစ်ခါမှ မပြောဖူးဘူး..."


" ငါ မပြောခဲ့ဘူး၊ နင်ငါ့ကို ဘယ်တုန်းကမှမမေးခဲ့ဖူးဘူး၊ ငါ့မှာ ချစ်သူမရှိဘူးလို့ နင် ဘာလို့ ထင်တာလဲ " ထုံရွှယ်လူက သူမကို ကြားဖြတ်ပြောသည်။


" နင်ငါ့ကို ချောက်မချချင်ဘူးလို့လည်းပြောတယ်။ ဒီစာကိုသာ သူများတွေမြင်သွားကြရင် သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက ယောက်ျားတွေနဲ့ ပတ်ရှုပ်နေတယ်လို့ ထင်ကြမှာ သေချာတယ်။ နင့်မှာ မကောင်းတဲ့အကြံစည်တွေရှိနေတာပဲ "


ဤစကားများကို ကြားသည့်အခါ လူတိုင်းက ကောင်းမင်ကို ပြစ်တင်ဝေဖန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။


ရှဲ့ရှောင်ယန့်က  " ကောင်းမင် နင်က တကယ်ကို နားလည်ရခက်တာပဲ။ တစ်ဖက်က ရွှယ်လူကို သဘောကျတယ်ဆိုရင်တောင် စာကို မယူလာ‌ခင် အနည်းဆုံး ရွှယ်လူကို အရင်မေးသင့်တယ်။ ရွှယ်လူ မသိဘဲနဲ့ သူမရဲ့ အိပ်ရာပေါ်မှာ လျှို့ဝှက်ပြီး ဖွက်မထားသင့်ဘူး။ "


ဤအရာက သိသိသာသာ သံသယဖြစ်စရာပင်။


အိပ်ဆောင်ရှိ အခြားလူများသည် မည်သည်ကိုမှ မပြောကြသော်လည်း စိတ်ထဲ၌ ထိုကဲ့သို့ တွေးနေကြသည်။


အိပ်ဆောင် ဘေးအခန်းရှိ ကျန်းပိုင်ဟွေ့သည် ဆူညံသံကြား၍ ပြေးလာသည်။  အဖြစ်အပျက်ကို သိရှိပြီးသည့်အခါ ချက်ချင်း ပြေးဆင်းပြီး အဆောင်မှူးအဒေါ်ထံ သတင်းပို့သည်။


ကောင်းမင်သည် သူမကို ဤမျှ စပ်စုမည်ဟု မမျှော်လင့်ထားသဖြင့် သူမကို တားလိုလျှင်ပင် တားနိုင်မည်မဟုတ်ပေ။


အဆောင်မှူးအဒေါ်ရောက်လာသောအခါ ထုံရွှယ်လူ၏ခေါင်းအုံးမှ ရည်းစားစာတစ်စောင်ကို သူမ တွေ့ရှိသည်။


ထိုစာမှာ ရဲရင့်ပြီး စိတ်အားထက်သန်စွာ ရေးသားထားကာ စကားလုံးများက မပြတ်မသား ဖြစ်နေသည်။ ထုံရွှယ်လူ ကသာ ဇာတ်ကွက်တစ်ခု ဖန်တီးရန် အစပြုမခဲ့လျှင် ထိုအကြောင်းကို မသိရှိသည့်သူများသည် သူမတို့၌  ဆက်ဆံရေးတစ်ခုရှိနေမည်ဟု ထင်ကြနိုင်သည်။


ထုံရွှယ်လူ၏ မျက်လုံးများက နီရဲနေသည်။ 


" အဆောင်မှူး‌ ၊ ကျွန်မ ဒီကိစ္စကို ဌာနခေါင်းဆောင်တွေဆီ သတင်းပို့ရမယ်၊ ဒီကိစ္စကို သတိမပြုမိဘဲ အဆုံးမသတ်လိုက်နိုင်ဘူး။ နောင်မှာလည်း ကောင်းမင်နဲ့အတူတူ အိပ်ဆောင်မှာ မနေရဲတော့ဘူး။ ဒီတစ်ခါတော့ သူမက ကျွန်မကို ရည်းစားစာတွေ ရအောင် ကူညီပေးနိုင်တယ်၊ နောက်တစ်ခါ ဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ "


ကောင်းမင်က ထိတ်လန့်သွားပြီး သူမ၏မျက်နှာက ဖြူဖျော့သွားသည်။ 


" အတန်းဖော်ထုံ၊ ငါ တောင်းပန်ပါတယ် ၊ နင့်မှာ လက်တွဲဖော်ရှိမှန်း တကယ်မသိခဲ့တာပါ။ ငါသာသိခဲ့ရင်..."


ထုံရွှယ်လူသည် သူမအား ရှင်းပြရန် အခွင့်မပေးနိုင်သောကြောင့်  မျက်ဆန်ကို လှန်ကာ မူးလဲပစ်လိုက်သည်။


' ငါမူး‌နောက်နေတယ် ။ ငါ ဟန်ဆောင်နေတယ် '


ထုံရွှယ်လူ မူးလဲသွားသောအခါ ရောက်ရှိလာသူအားလုံး ချက်ချင်း ထိတ်လန့်သွားပြီး အိပ်ဆောင်သည် ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားသည်။


ထုံရွှယ်လူ ပြန်လည်နိုးလာသောအခါတွင် သူမသည် ကျောင်းဆေးခန်းဆီသို့ ပို့ဆောင်ခံထားရပြီး ရှဲ့ရှောင်ယန့်က သူမကို ပြုစုစောင့်ရှောက်ရန် ဘေးတွင် ထိုင်နေသည်။


ထုံရွှယ်လူက မျက်တောင်ခတ်လိုက်ပြီး " ငါ...ဘယ်မှာလဲ "


ရှဲ့ရှောင်ယန့်က သူမ နိုးလာသည့်ကိုတွေ့တော့ အံ့သြတကြီးဖြင့် ပြောသည်။ " နောက်ဆုံးတော့ နင်နိုးလာပြီ။ နင် အခုကျောင်းဆေးခန်းမှာရောက်နေတာ။ တစ်နေရာရာက အဆင်မပြေဖြစ်နေလား "


သူမသည် သဘောမပေါက်ခင် စိတ်ရှုပ်သွားပြီး ခေတ္တမျှ အံ့ဩပုံပေါ်နေသည်။


 " မှတ်မိပြီ။ အတန်းဖော်‌ ကောင်းမင်ကို အရမ်းစိတ်ဆိုးပြီး မေ့လဲသွားခဲ့တယ် "


ရှဲ့ရှောင်ယန့်က " စိတ်မဆိုးပါနဲ့တော့၊ ဌာနခေါင်းဆောင်က ဒီကိစ္စကို သိသွားပြီ။ သူတို့ထဲက တော်တော်များများ ကြီးလေးတဲ့အပြစ်တွေ ပေးခံရလိမ့်မယ်လို့ ငါကြားတယ် "


ထုံရွှယ်လူက စိတ်ပျက်သွားသည်။ သူတို့အား အပြစ်ပေးရုံသာလျှင် ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


သို့သော်လည်း သူမမှာ လက်တွဲဖော်ရှိသည်ကို တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ဖူးသည့်အတွက်  နားလည်နိုင်သည်။  တခြားတစ်ဘက်မှ ဤအချက်ကို  သူတို့မှာ " မသိခြင်းက အပြစ်မဟုတ်ဘူး " ဆိုသည့် အကြောင်းပြချက် ရှိနိုင်ပေမည်။


သို့သော် အပေါ်ယံမှာတော့ သူမသည် စိုးရိမ်သည့် အမူအယာကို ပြသကာ " အိုး၊ စည်းကမ်းပိုင်းမှတ်တမ်းယူထားတယ်၊ အဲဒီလောက်တောင်ဆိုးတာလား "


ရှဲ့ရှောင်ယန့်က " အဲဒါ ဘာဆိုးလို့လဲ။  သိသိသာသာ သူတို့ဘက်က လွန်ခဲ့တာလေ။ ရည်းစားစာကို ဘာလို့ ပွင့်ပွင့်လင်းလင်း မပေးတာလဲ။ လူမိသွားပြီးတာတောင် ငြင်းနေသေးတာ။  သူမ တစ်ခုခုကြံစည်‌နေတယ်လို့ ငါ ခံစားမိတယ် "


" ပြီးတော့ ဒီအဖြစ်အပျက်ပြီးရင် အဆောင်မှာ ဘယ်သူမှ သူမနဲ့ အခန်း အတူတူ မျှနေချင်ကြမှာ မဟုတ်တော့ဘူး။  အဲဒါကြောင့် အခြားအဆောင်တစ်ခုကို ပြောင်းရွှေ့ခံရလောက်တယ် "


ထုံရွှယ်လူက သူမ၏ ရင်ဘတ်ကို ဖုံးအုပ်ပြီး " ငါ့အရေပြားက ဓာတ်မတည့်တာတွေဖြစ်တတ်လို့ အိပ်ရာပေါ်မှာ တရုတ်ဆေးမှုန့်ကို ဖြန်းထားခဲ့တာ၊  ပိုးမွှားတွေကို တွန်းလှန်ဖို့ လုပ်ခဲ့ပေမဲ့ ဒီလိုဖြစ်သွားမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး "


ရှဲ့ရှောင်ယန့်က ရုတ်တရက် သဘောပေါက်သွားပြီး " အဲ့လိုကိုး... နင်က ဘာလို့ တရုတ်ဆေးမှုန့်ကို ကုတင်ပေါ်  ဖြူးခဲ့တာလဲလို့ ငါ တွေးနေခဲ့တာ "


ဌာနသည် အခြေအနေကို အလျင်အမြန်ကိုင်တွယ်ပြီး မကြာခင်မှာပင် တစ်စုံတစ်ယောက်က ထုံရွှယ်လူအား ဌာနရုံးကို သွားရောက်ရန် အကြောင်းကြားလာသည်။


ဌာနခေါင်းဆောင်၏ ဆုံးဖြတ်ချက်သည် ရှဲ့ရှောင်ယန့် ပြောခဲ့သည့်စကားနှင့် ဆင်တူသည်။ ကောင်းမင်ကသာလျှင် အပြစ်ကြီးကြီးမားမား ရရှိပြီး ရှစ်ကျွင်းမင်နှင့် ရည်းစားစာရေးသော ကျောင်းသားသည် သေးငယ်သော ပြစ်ဒဏ်ကိုသာ ရရှိသည်။


သူတို့နှစ်ယောက်လုံးက ကောင်းမင်သည် ထုံရွှယ်လူ၏ခေါင်းအုံးအောက်၌ ရည်းစားစာကို တိတ်တဆိတ် ထားလိမ့်မည်ဟု မထင်မှတ်ထားကြသလို  ထုံရွှယ်လူတွင် လက်တွဲဖော်ရှိကြောင်းကိုလည်း မသိကြချေ။


ကောင်းမင်က ထုံရွှယ်လူအား အံ့အားသင့်စေချင်ခဲ့သောကြောင့်ဟု ပြောပြီး အားလုံးကို အပြစ်တင်ခံလိုက်သည်။ သူမ ဤကဲ့သို့ ဖြစ်လာရန် မမျှော်လင့်ထားခဲ့ပေ။


ပြစ်ဒဏ်အပြင် ကောင်းမင်သည် အနီးနားရှိ အဆောင်သို့ ကျန်းပိုင်ဟွေ့နှင့် လဲလှယ်ကာ ပြောင်းရွှေ့လိုက်ရသည်။


ရုံးခန်းမှ ထွက်လာသည့် ကောင်းမင်ကို ရှစ်ကျွင်းမင်က ထောက်ကူထားပြီး သူမ၏မျက်လုံးများက  နီရဲကာ သစ်ကြားသီးကဲ့သို့ ရောင်ရမ်းနေသည်။


ရှစ်ကျွင်းမင်သည် ထုံရွှယ်လူကို စိုက်ကြည့်ရင်း နှုတ်ခမ်းများက အေးစက်စွာ ကွေးညွတ်သွားပြီး " ထုံမိန်းကလေး၊ ကျွန်တော် တကယ်တောင်းပန်ပါတယ် "


ထုံရွှယ်လူသည် သူ၏ အေးခဲသော အကြည့်ကို  ထိပ်တိုက်တွေ့လိုက်ပြီး " အကယ်၍ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားက အရာအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုရင် ဘာကြောင့် ဥပဒေနဲ့ စည်းမျဉ်းတွေကို ကျွန်မတို့ လိုအပ်ဦးမှာလဲ "


ထိုစကားများပြောပြီးသည်နှင့် သူမထွက်သွားသည်။


ရှစ်ကျွင်းမင်သည် ထွက်ခွာသွားသော သူမ၏ပုံရိပ်ကို ကြည့်ရင်း သူ့မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေသည်။


ကောင်းမင်က နူးညံ့စွာ ငိုကြွေးရင်း " အခု ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မ ပြစ်ဒဏ် ကြီးကြီးမားမား ရခဲ့တယ်။ ကျွန်မရဲ့မိဘတွေ သိသွားရင် ကျွန်မကို ဆူပူကြိမ်းမောင်းကြလိမ့်မယ် "


ရှစ်ကျွင်းမင်က ပြောသည်။ 


" မင်းမိဘတွေက ဒီကိစ္စကြောင့် မင်းကို သဘောမကျတာ မဟုတ်ဘူး။  သူတို့က မင်းကို ရုပ်ရည်မလှပ၊ မထူးချွန်၊ မိသားစုမျိုးရိုးကိုလည်း ဆက်လက်မထိန်းနိုင်တဲ့အတွက် သဘောမကျကြတာ။ ကောင်းမင် ဒါကို မှတ်ထား။ ဒီကမ္ဘာမှာ ကိုယ်ကသာ မင်းကို တကယ် ဂရုစိုက်တဲ့သူပဲ "


ကောင်းမင်က ရောင်ရမ်းနေသည့် မျက်လုံးများဖြင့် မော့ကြည့်လိုက်ပြီး " ဒီတစ်ခါ ရှင့်အတွက် အပြစ်အားလုံးကို ကျွန်မ ခံယူခဲ့တယ် "


ရှစ်ကျွင်းမင်က ခေါင်းညိတ်သည်။ " ကိုယ်သိတယ်။ ကိုယ့်အတွက် မင်းလုပ်ပေးခဲ့သမျှကို ကိုယ် တန်ဖိုးထားတယ်။  မင်းကိုကြည့်ပါဦး။ မျက်လုံးတွေရောင်လာတဲ့အထိ ငို‌နေလိုက်တာ အခုပိုတောင်ရုပ်ဆိုးသွားပြီ။  ကိုယ်ကသာ မင်းကိုလက်ခံနိုင်တယ် "


ကောင်းမင်၏ နှလုံးသားက တင်းကျပ်သွားပြီး မျက်ရည်များကို အမြန်သုတ်လိုက်သည်။


အနီးနားရှိ အိပ်ဆောင်သည် ကောင်းမင်ရောက်ရှိလာသည်ကို မကျေမနပ်ဖြစ်သော်လည်း ခေါင်းဆောင်များက စီစဉ်ထားခဲ့ပြီးဖြစ်ရာ ငြင်းဆန်၍ မရသဖြင့် ကောင်းမင်နှင့် ကင်းကွာစွာ နေထိုင်ခြင်းကိုသာ ပြုလုပ်နိုင်သည်။ 


ကောင်းမင်၏အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကျန်းပိုင်ဟွေ့မှာ  ဝမ်းသာပျော်ရွှင်နေသည်။


" ရွှယ်လူ အရမ်းကောင်းတယ်။  နောက်ဆုံးတော့ နင်နဲ့အတူတူ အိပ်ဆောင်တစ်ခုထဲ ရှိနိုင်ပြီ။  ငါ့အိပ်မက်တွေ တကယ်ဖြစ်လာပြီ "


သူမ ရူးသွပ်စွာ ပြုံးနေသည်ကို ကြည့်ရင်း ထုံရွှယ်လူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။


ကောင်းမင်ကဲ့သို့သော အလားအလာရှိသော ခြိမ်းခြောက်မှုကို ဖယ်ရှားခြင်းဖြင့် သူမသည် နေ့စဉ် နေ့တိုင်း စိတ်ပူနေစရာ မလိုအပ်တော့ပေ။


ရှဲ့ရှောင်ယန့်က စိတ်ဝင်တစား မေးသည်။


 " ရွှယ်လူ နင် ဘယ်တုန်းက စေ့စပ်ထားတာလဲ ။ ဘာလို့ အရင်က မပြောဖူးတာလဲ " 


ထုံရွှယ်လူက " ငါ စေ့စပ်ထားတာ တစ်နှစ်နီးပါးရှိပြီ "