🍵Chapter 276
' စေ့စပ်ကြောင်းလမ်းပြီးပြီ '
ထိုသတင်းသည် အဆောင်အတွင်းရှိ လူများကို တုန်လှုပ်သွားစေပြီး သူမလက်တွဲဖော်၏ အလုပ်အကိုင်နှင့် အသွင်အပြင်ကို စတင်မေးမြန်းကြသည်။
ထုံရွှယ်လူသည် သူမ တတ်နိုင်သမျှကို ပြောပြကာ ဖုံးကွယ်ထားခြင်းမရှိသော်လည်း ၀မ်ရူကွေ့၏နောက်ခံအကြောင်းကိုတော့ မပြောခဲ့ပေ။
ရက်အနည်းငယ်ကြာပြီးနောက် ငယ်ရွယ်သည့် ဧည့်ပါမောက္ခတစ်ဦး ကျောင်းသို့ရောက်ရှိလာခဲ့သည်။
ပါမောက္ခမှာ ငယ်ရွယ်ကာ အလားအလာရှိရုံသာမက ရုပ်ချော၍ ဆွဲဆောင်မှုရှိပြီး ဗဟုသုတလည်း ကြွယ်၀သည်ဟု ဆိုကြသည်။ သူ၏ လက်ချာတန်းများကို တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှာ အလုံးစုံ စိုးမိုးခံရလေသည်။
အထူးသဖြင့် အမျိုးသမီး ကျောင်းသူများသည် ပါမောက္ခ၌ အိမ်ထောင်ရှိ၊မရှိကို လျှို့ဝှက်စွာ မေးမြန်းကြသည်။
ကျောင်းတစ်ကျောင်းလုံး စိတ်လှုပ်ရှားမှုများဖြင့် ဌာနအသီးသီးမှ ကျောင်းသားတော်တော်များများသည် ဤကိစ္စအား ဆွေးနွေးကြသည်။
ရှဲ့ရှောင်ယန့်က စိတ်မကောင်းစွာနှင့် " ဧည့်ပါမောက္ခက အရမ်းချောတယ်လို့ ငါကြားတယ်။ ကံမကောင်းစွာနဲ့ ငါတို့ဌာနမှာ ရူပဗေဒအတန်းတွေ မရှိဘူး။ မဟုတ်ရင် ငါက ပထမဆုံးထိုင်ခုံကို လုတဲ့သူဖြစ်မှာ "
ကျန်းပိုင်ဟွေ့သည်လည်း စိတ်မကောင်းဖြစ်နေသည်။
" ပါမောက္ခ၀မ်က လက်မထပ်ရသေးဘူးလို့ တခြားဌာနက ကျောင်းသူတွေဆီကနေ ကြားခဲ့ရတယ်။ အိုး၊ အဲဒီနေ့က ပြတင်းပေါက်ကနေ ငါ လှမ်းကြည့်လိုက်တာ သူက တကယ်ကို ချောတယ် "
' ပါမောက္ခ၀မ်လား'
ဤအရာများကို စိတ်ဝင်စားလေ့မရှိသည့် ထုံရွှယ်လူက ခေါင်းကို မော့ပြီး " နင်ပြောနေတဲ့ ပါမောက္ခ၀မ်က ဘာလုပ်တာလဲ "
ရှဲ့ရှောင်ယန့်က " ဘယ်လိုဖြစ်လို့ နင် ဘာတစ်ခုမသိရတာလဲ ။ ပါမောက္ခ၀မ်က ငါတို့ကျောင်းက သိပ်မကြာသေးခင်တုန်းက ငှားရမ်းခဲ့တဲ့ ဧည့်ပါမောက္ခ။ သူက ရူပဗေဒကျောင်းသားတွေကို သင်ကြားပို့ချဖို့ တစ်လမှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လာတယ် "
" ပို့ချချက်တွေက ဒုတိယ။ အဓိကသော့ချက်က သူက ငယ်ရွယ်ပြီး ရုပ်ရည်ကလည်း ချောမောတယ်။ သူ့အသံကတောင် အရမ်းဆွဲဆောင်မှုရှိတယ် "
ကျန်းပိုင်ဟွေ့က အားတက်သရော ခေါင်းညိတ်သည်။
" သူက ငယ်ငယ်ကတည်းက ဉာဏ်ကြီးရှင်ဖြစ်ခဲ့တယ်လို့ကြားတယ်။ အသက် တစ်ဆယ့်နှစ်နှစ် မပြည့်ခင် ချင်းဟွာတက္ကသိုလ်ကို ဝင်နိုင်ခဲ့တယ်။ ပြီးတော့ အခုဆို သုံးဆယ်တောင်မပြည့်သေးပါဘူး၊ ပါမောက္ခအဆင့်ကို ရောက်နေပြီ "
ထုံရွှယ်လူသည် စကားများကို ပို၍နားထောင်လေ၊ တစ်ခုခုကို ပို၍ခံစားမိလေလေဖြစ်သည်။ ဤအတွေ့အကြုံများသည် ၀မ်ရူကွေ့နှင့် အဘယ့်ကြောင့်က ကိုက်ညီနေရသနည်း။
ထိုအချိန်တွင် ၀မ်ရူကွေ့သည် စာသင်ခန်းမှ ထွက်လာပြီးနောက် ကျောင်းသားတစ်ဦးက သူ့အား ဟန့်တားလာသည်ကိုကြုံနေရ၏။
" ဝမ်းကွဲ ၀မ်၊ မင်း ငါ့ကို မှတ်မိသေးတယ်မလား "
၀မ်ရူကွေ့သည် သူ့ရှေ့မှ လူကို စိုက်ကြည့်ကာ အမူအရာကင်းမဲ့စွာ " ရှစ်ကျွင်းမင်၊ မင်းက ငယ်ငယ်ကလို ဆိုးရွားတုန်းပဲ ။ ဒါပေါ့၊ ငါ မင်းကို မှတ်မိတယ် "
" ပြီးတော့ မင်းက ငါနဲ့ အမျိုးမတော်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို ဝမ်းကွဲလို့ မခေါ်နဲ့။ အဲဒါက ငါ့ကို အော့အန်စေတယ် "
"......"
ရှစ်ကျွင်းမင်သည် တစ်ခဏမျှ နင်သွားကာ ဒေါသကြောင့် မျက်နှာနီရဲလာသည်။
သူသည် ဒေါသအပြင် ထူးဆန်းသော ထိတ်လန့်ခြင်းနှင့် ရင်းနှီးမှု မရှိခြင်းကိုလည်း ခံစားရသည်။
၀မ်ရူကွေ့၏ ကိုယ်ရည်ကိုယ်သွေးစရိုက်သည် ငယ်စဉ် ကလေးဘ၀နှင့် များစွာ ပြောင်းလဲသွားသည်။
ငယ်စဉ်ကလေးဘ၀မှ ၀မ်ရူကွေ့သည် ရှက်တတ်ပြီး ကြောက်ရွံ့ကာ သူ့ဝမ်းကွဲများ ရိုက်နှက်သည်ကို ခံရလျှင်ပင် လူကြီးများကို မတိုင်ကြားရဲပေ။ မထင်မှတ်စွာ ထိုသူက နှုတ်ကြမ်း၍ ရွဲ့စောင်းတတ်လာသည်။
ရှစ်ကျွင်းမင်က လက်ရှိအခြေအနေစစ်အမှန်ကို ပြန်လည်ရောက်ရှိလာပြီး ရွဲ့စောင်းစွာ ပြုံးလိုက်သည်။
" ဝမ်းကွဲ ၀မ်၊ မင်းရဲ့ ၀မ် မိသားစုက အခု ကြီးပွားတိုးတက်လာတယ်၊ ငါတို့ ရှစ်မိသားစုက မင်းတို့ကျေးဇူးနဲ့ အခု ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတယ်။ ဆယ်နှစ်ကျော်တဲ့အထိ ဆင်းရဲဒုက္ခတွေနဲ့ နေခဲ့ရတယ်။ မင်း ငါတို့ကို မသနားမိဘူးလား "
၀မ်ရူကွေ့က " လက်ထပ်ပြီးတဲ့ အမျိုးသမီးကို ဖြားယောင်းတဲ့လူက ၀မ် မိသားစုက မဟုတ်ဘူး။ မင်းရဲ့ ရှစ် မိသားစုက ဘာကြောင့် ဒီလိုမျိုး အဆုံးသတ်သွားတာလဲဆိုတာ မင်း စိတ်ထဲ သဘောမပေါက်ဘူးလား "
ရှစ်ကျွင်းမင်က ယုတ်မာစွာ ပြုံးပြီး " ငါ ဒါကို လူသိရှင်ကြား ထုတ်ပြောမှာကို မကြောက်ဘူးလား။ ငါပြောပြီးတာနဲ့ မင်းအမေက အိမ်ထောင်ရေးဖောက်ပြန်သူဆိုတာ အားလုံး သိသွားကြပြီး မင်းက အရှက်တကွဲ ဖြစ်သွားမယ် "
၀မ်ရူကွေ့က သူ့မား အေးစက်စွာ ကြည့်လိုက်သည်။
" မင်းလို အရှက်မရှိ ညစ်ပတ်တဲ့လူတွေကို ငါ ဘာမှ မကြောက်ဘူး၊ ဒါပေမယ့်...."
ထိုအချိန်တွင် သူက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လက်ကို မြှောက်ကာ ရှစ်ကျွင်းမင်၏ လည်ပင်းကို ညစ်လိုက်သည်။
" ငါ့ရဲ့ စေ့စပ်ထားတဲ့သူကို မနှောင့်ယှက်နဲ့တော့လို့ အကြံပေးတယ်။ မဟုတ်ရင် မင်းကို အရှက်တရားကျောက်တိုင်မှာ သံမှိုရိုက်ပြီး နောင်တရအောင် လုပ်ပစ်မယ် "
ရှစ်ကျွင်းမင်၏ လည်ချောင်းသည် ရုတ်တရက် ဆို့နစ်လာကာ အသက်ရှုကြပ်ပြီး မျက်နှာသည်လည်း နီရဲလာသည်။
သူသည် မသိစိတ်ဖြင့် ခုခံလိုက်ပြီး ဝမ်ရူ ကွေ့၏လက်ကို တွန်းထုတ်ရန် လက်ဆန့်လိုက်သည်။ မမျှော်လင့်ဘဲ ၀မ်ရူကွေ့က အလွန်သန်မာနေလေသည်။ လက်နှစ်ဖက်စလုံးကို အသုံးပြုသော်လည်း သူ၏ လက်တစ်ဖက်ကို ဆွဲမခွာနိုင်ချေ။
၀မ်ရူကွေ့၏ အေးစက်သော မျက်လုံးများနှင့် တွေ့သည့်အခါ သူ့နှလုံးသားက တုန်တုန်ယင်ယင် ဖြစ်သွားကာ အလွန်ထိတ်လန့်သွားပြီး အကူအညီတောင်းရန်ကိုပင် မေ့လျော့သွားသည်။
ရှစ်ကျွင်းမင်က သူ အသက်ရှူကြပ်တော့မည်ဟု တွေးလိုက်ချိန်တွင် ၀မ်ရူကွေ့က သူ့လည်ပင်းကို လွှတ်လိုက်ကာ ပြောသည်။
" ငါပြောတာကို မှတ်ထား "
ထို့နောက် အေးစက်စွာ ထွက်သွားသည်။
ရှစ်ကျွင်းမင်သည် သူ၏ နာကျင်နေသည့် လည်ချောင်းကို ထိလိုက်သည့်အခါ သူ၏မျက်လုံးများ၌ မုန်းတီးမှူများရှိနေသည်။
သို့သော် မကြာမီ သူ ထိတ်လန့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ချန်ကျစ်ယဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်ကို အတုပြုလုပ်ထားသည်ကို တွေ့ရှိသွားသောကြောင့်ဖြစ်သည်။
ချန်မိသားစု ပြဿနာ အကြီးအကျယ်တက်လေပြီ။
🍵
ရှဲ့ရှောင်ယန့်နှင့် ကျန်းပိုင်ဟွေ့၏ ပြောစကားကို နားထောင်ပြီးနောက် ထုံရွှယ်လူသည် သူမ၏ နှလုံးသားထဲတွင် အလွန်ထူးဆန်းသော ခံစားချက်ကို ခံစားရသည်။
သူတို့ပြောခဲ့သည့် ပါမောက္ခ၀မ်သည် ၀မ်ရူကွေ့နှင့် အလွန်ဆင်တူနေသည်။
သို့သော် တစ်ဖက်လူက ၀မ်ရူကွေ့ဖြစ်လျှင် ပါမောက္ခတစ်ယောက်အနေနှင့် သူသည် အဘယ်ကြောင့် ကျောင်းသို့ ရုတ်တရက်ရောက်ရှိလာသနည်း။
အဓိက အချက်သည် သူမတို့ နှစ်ယောက် ဖုန်းပြောခဲ့စဥ်က ဤအကြောင်းအရာအား လုံးဝ မပြောခဲ့သည်ပင်။
ထုံရွှယ်လူသည် သူမ စဉ်းစားလေလေ တစ်ခုခုမှားလေလေဟု ခံစားရပြီး ခန့်ညားသည့် ဂန္တဝင်ပါမောက္ခဝမ်ကို တွေ့နိုင်၊မတွေ့နိုင်မည်ကို သိရှိရန်အတွက် ရုံးခန်း၌ ကံစမ်းရန် ဆုံးဖြတ်လိုက်သည်။
အပြောက လက်တွေ့လုပ်ဆောင်ခြင်းထက် လွယ်ပေသည်။ လက်တွေ့၌ ပါမောက္ခ၀မ်၏ရုံးခန်း မည်သည့်နေရာ၌ တည်ရှိသည်ကို သူမ မသိချေ။ ထိုလူကိုရှာဖွေရန် ရူပဗေဒဌာနကို ကြုံရာကျပန်းသွားခြင်းမှာ အလွန်သတိထားမိစေလိမ့်မည်။
ထုံရွှယ်လူသည် ကျောင်းပတ်ပတ်လည် လျှောက်သွားသော်လည်း မည်သည်ကိုမျှ မတွေ့ရှိပေ။ နိုင်ငံခြားဘာသာစကားဌာနမှ မိန်းကလေးအုပ်စုတစ်စုက သူမဆီသို့ လာသောအခါတွင် သူမသည် ပြန်လှည့်ကာ စာဆက်လက် လေ့လာနေတော့မည်ဆဲဆဲ ဖြစ်သည်။
၎င်းတို့ကြားထဲမှ လမ်းလျှောက်နေသည့် မိန်းကလေးတစ်ယောက်သည် ဆွဲဆောင်မှုအရှိဆုံးဖြစ်သည်။ သူမက လွင့်နေသည့် ဂါ၀န်အဖြူကို ၀တ်ဆင်ထားသည်။ ဆံပင်များကို ဤခေတ်ရှိ မိန်းကလေးများကဲ့သို့ ဆံကျစ် ကျစ်မထားဘဲ ပခုံးပေါ်၌ ပေါ့ပေါ့ပါးပါး ဖြန့်ချထားပြီး ကြည့်ရသည်မှာ ရှုပ်ထွေးမနေပေ။
ထုံရွှယ်လူက ဤမိန်းကလေးကို မှတ်မိသည်။ ယခုအချိန်တွင် ကျောင်းအလှလေးကဲ့သို့ ရွေးချယ်မှုများ မရှိသေးပေ။ အကယ်၍ ထိုကဲ့သို့ရှိလျှင် ထိုအလှကလေးသည် ပြင်သစ်ဘာသာဌာနမှ ပန်းပွင့်လေး ချန်ချိုက်ရှင်း ဖြစ်ပေလိမ့်မည်။
ချန်ချိုက်ရှင်း၏ မျက်လုံးများသည် ထုံရွှယ်လူပေါ်တွင် ကျရောက်သွားပြီး အရည်လဲ့နေသည့် မျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေသည်။
ထုံရွှယ်လူသည် သူမကို အကြိမ်အနည်းငယ်တွေ့ဖူးသော်လည်း တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။မမျှော်လင့်ဘဲ ချန်ချိုက်ရှင်း သူမ၏ အနားမှ ဖြတ်သန်းသွားသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။
" မင်္ဂလာပါ၊ အတန်းဖော်ထုံ၊ ကျွန်မ နာမည်က ချန်ချိုင်ရှင်းပါ "
ထုံရွှယ်လူက ခဏလောက် အံ့အားသင့်သွားပြီးနောက် နှုတ်ဆက်လိုက်သည်။ " မင်္ဂလာပါ အတန်းဖော်ချန် "
ချန်ချိုက်ရှင်း၏ အနီရောင်နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားပြီး " အခုချိန်ကစပြီး ကျွန်မတို့ အတန်းဖော်တွေ ဖြစ်လာတော့မယ် "
ထုံရွှယ်လူက တစ်ဖန် ထိတ်လန့်သွားပေမယ့် လျင်မြန်စွာ သဘောပေါက်နားလည်သွားသည်။ " ရှင်က တခြားဌာနကို ပြောင်းသွားတာလား "
ချန်ချိုက်ရှင်းက ခေါင်းညိတ်ပြီး အဖြူရောင်လက်ကို ဆန့်ထုတ်လိုက်သည်။
" ကျွန်မ လုပ်ထုံးလုပ်နည်းတွေ ပြီးဆုံးသွားပါပြီ၊ အခုကစပြီး ကျွန်မ အင်္ဂလိပ်ဌာနက ကျောင်းသူတစ်ယောက်ဖြစ်မှာပါ။ ကျေးဇူးပြုပြီး ကျွန်မကို ဂရုစိုက်ပေးပါဦး "
ထုံရွှယ်လူက သူမ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
" ကြိုဆိုပါတယ် "
နှုတ်ဆက်ပြီးနောက် ချန်ချိုက်ရှင်းသည် ပြုံးရယ်ရင်းနှင့် ထွက်သွားပြီး ထုံရွှယ်လူက ၎င်းတို့၏ စကားများကို ကြားနေရသည်။
" ရှင်းရှင်း၊ နင်ဘာလို့ မေဂျာပြောင်းချင်တာလဲ "
" ဟုတ်တယ်၊ ငါတို့နိုင်ငံက ပြင်သစ်နဲ့ သံတမန်ဆက်ဆံရေးရှိပြီး နင့်မိဘတွေကလည်း ပြင်သစ်သံတမန်တွေလေ။ နင် ပြင်သစ်ကို သင်ယူတာက ပိုကောင်းမှာမဟုတ်ဘူးလား "
ချန်ချိုက်ရှင်းက "ငါ ပြင်သစ်ဘာသာကို အရမ်းကြိုက်တယ်။ အရင်က ပြင်သစ်ကို ကောင်းကောင်းလေ့လာချင်တယ်၊ အနာဂတ်မှာ ငါ့အဖေလို ပြင်သစ်သံတမန်ဖြစ်ဖို့ မျှော်လင့်ထားခဲ့တယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က ပြင်သစ်ဘာသာစကားကို စိတ်မဝင်စားတော့ဘဲ မလေ့လာနိုင်တော့တာကို သိသွားတယ်။ အချိန်တော်တော်ကြာအောင် ရုန်းကန်ခဲ့ရပြီးတော့ မေဂျာပြောင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး "
" လက်စသတ်တော့ အဲဒီလိုကိုး။ နှမြောစရာ ကောင်းလိုက်တာ။ နင့်ရဲ့ ပြင်သစ်အသံထွက်က အရမ်းစံနှုန်းမှီတယ်၊ အစက ငါ နင့်ဆီကနေ သင်ယူချင်ခဲ့တာ "
" ငါရောပဲ ။ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားတွေက လုံးဝကွဲပြားတယ်။ အစကနေ ပြန်စဖို့ သတ္တိရှိတဲ့အတွက် တကယ်ကို ချီးကျူးမိတယ် "
ချန်ချိုက်ရှင်းက " ငါ အင်္ဂလိပ်ဌာနကို ပြောင်းခဲ့ပေမယ့် ငါတို့ အတူတကွ နေကြတုန်းပါပဲ။ နင် အနာဂတ်မှာ နားမလည်တာရှိရင် ငါ့ကိုမေးလို့ရတယ် "
သူမတို့ အဝေးဆီသို့ လမ်းလျှောက်ထွက်သွားသောအခါ ထုံရွှယ်လူက ၎င်းတို့၏ စကားများကို မကြားရတော့ပေ။
၁၉၇၈ နှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်မည်ဖြစ်သည်။ ထိုအချိန်တွင် အင်္ဂလိပ်ဘာသာစကားသည် အလွန်တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး ပြင်သစ်သည် သာမညဘာသာစကားဖြစ်လာမည်ဖြစ်သည်။
ဤခေတ်တွင် ပြင်သစ်ဘာသာစကားကို လေ့လာသော ကျောင်းသားအများအပြားသည် ဘွဲ့ရပြီးနောက် နိုင်ငံခြားအကူအညီများပေးရန် အာဖရိကတိုက်သို့ စေလွှတ်ခံရကာ ၎င်းတို့၏ အဖိုးတန်သော ငယ်ရွယ်မှုပြီး လှပသောနှစ်များကို အာဖရိကတိုက်ထံ၌ မြှုပ်နှံထားကြသည်။
ချန်ချိုက်ရှင်းသည် ဌာနများကို ရုတ်တရက် ပြောင်းရွှေ့လိုက်သည်။ သူမ၏ မိသားစုသည် တစ်စုံတစ်ခုကြားသိခဲ့ပြီး အင်္ဂလိပ်စာသင်ယူခြင်းသည် အနာဂတ်တွင် ပို၍အသုံးဝင်မည်ဟု ခန့်မှန်းမိသောကြောင့် ဌာနပြောင်းရန် ချန်ချိုက်ရှင်းကို ပြောခဲ့ခြင်းဖြစ်သည်။
ချန်ချိုက်ရှင်းက အမည်မသိသောအကြောင်းပြချက်ဖြင့် လူတိုင်းကို အမှန်အတိုင်း မပြောခဲ့ခြင်းသာဖြစ်သည်။
မှန်ပေသည်။ ဤသည်က သူမ၏ မှန်းဆချက်သာဖြစ်ပြီး ထိုကိစ္စသည် သူမ၏ ကိစ္စ တစ်ခုမှ မဟုတ်ပေ။
ထုံရွှယ်လူသည် အိပ်ဆောင်သို့ပြန်လာပြီးနောက် ဆက်လက်စာလေ့လာခဲ့ပြီး အိပ်ဆောင်ရှိလူများနှင့် အတန်းတက်သည်။
ညဘက် ရေချိုးပြီးသည့်နောက် အိပ်ရာဝင်ခါနီးတွင် တခြားအိပ်ဆောင်မှ မိန်းကလေးတစ်ယောက် ရုတ်တရက် သူမဆီသို့ ရောက်လာသည်။
" အတန်းဖော်ထုံ၊ အောက်ထပ်မှာ နင့်အစ်ကိုလို့ ပြောနေတဲ့ အမျိုးသားတစ်ယောက် နင့်ကို လိုက်ရှာနေတယ် "
အစ်ကိုလား။
ထုံရွှယ်လူ ထိုစကားကိုကြားသည့်အခါ သူမ၏မျက်ခုံးများ ပင့်တက်သွားသည်။ သူမ မည်သည့်အချိန်က အစ်ကို တစ်ယောက် ရသွားသနည်း။
အိပ်ဆောင်ထဲကလူများသည်လည်း သိချင်လာသည်။
" ရွှယ်လူ ၊ နင့်မှာ ပေကျင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အစ်ကိုရှိတာလား ။ နင်ပြောတာကို ငါဘာလို့ မကြားဖူးတာလဲ "
ထုံရွှယ်လူက တစ်စုံတစ်ရာကို ခန့်မှန်းမိပြီး ပြုံးကာ ပြောလိုက်သည်။
" သူက အဝေးက ဆွေမျိုးတစ်ယောက်ပါ။ သူ ပေကျင်းတက္ကသိုလ်မှာ ဝင်ခွင့်ရတာကို မကြာသေးခင်ကမှ သိခဲ့တာ။ ငါ အောက်ဆင်းပြီးသွားကြည့်လိုက်မယ် "
သူမ၏ ရှင်းပြချက်ကို ကြားသည့်အခါ အားလုံးက စိတ်၀င်စားမှုကင်းမဲ့ကာ ခေါင်းငုံ့ပြီး စာလေ့လာမှုများကို ဆက်လက်လုပ်ဆောင်ကြသည်။
ထုံရွှယ်လူ အဝတ်အစားလဲပြီး အောက်ထပ်သို့ ဆင်းသွားသည်။ အဝေးရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် အရပ်ရှည်ရှည် လူတစ်ယောက် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။
ယနေ့ညတွင် လရောင်မရှိသကဲ့သို့ လမ်းမီးများသည်လည်း ထိုနေရာတွင် မထွန်းလင်းထားသော်လည်း သူမ၏ တောက်ပသောမျက်လုံးများဖြင့် ထုံရွှယ်လူက ၀မ်ရူကွေ့ကို ချက်ချင်း မှတ်မိလိုက်သည်။
၀မ်ရူကွေ့သည် သူမ ထွက်လာသည်ကို မြင်သည့်အခါ သူ့မျက်လုံးများက တောက်ပလာပြီး ခြေတံရှည်များနှင့် ရှေ့သို့ နှစ်လှမ်း လှမ်းခဲ့သော်လည်း တစ်စုံတစ်ခုကို စိတ်ပူနေပုံရကာ ဆက်မလျှောက်လာတော့ချေ။
ထုံရွှယ်လူသည် ၀မ်ရူကွေ့ဖြစ်သည်ကို သိရှိပြီးနောက် အလျင်စလိုမဖြစ်ဘဲ သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်သည်။
ဝေးလှသော အကွာအဝေးမဟုတ်သဖြင့် လိပ်တစ်ကောင်၏ အရှိန်နှုန်းနှင့် သူမလျှောက်သွားသည်။
အလွန်တမင်သက်သက်ပင်။
သစ်ပင်ကြီးအောက်သို့ ရောက်သောအခါ ထုံရွှယ်လူက သူနှင့် တစ်မီတာအကွာတွင် ရပ်ကာ သူ့အား အပေါ်အောက်ကြည့်ပြီးနောက် ပြောသည်။ " ဒါက... သူ့ရဲ့ တင့်တယ်တဲ့ အသွင်အပြင်နဲ့ ရုပ်ရည်ကြောင့် ကျောင်းမှာ နာမည်ကြီးတဲ့ ပါမောက္ခ၀မ်ပါလား။ ပါမောက္ခ၀မ်က ကျွန်မကို ရှာနေတာ မသိဘူး။ ရှင်ဘာလုပ်နေတာလဲ"
၀မ်ရူကွေ့က သူမကို မှင်ကဲ့သို့ နက်မှောင်သောမျက်လုံးများဖြင့် စိုက်ကြည့်ကာ ဂရုတစိုက်ပြောသည်။
" မင်း ကိုယ့်ကိုစိတ်ဆိုးနေတာလား "
ထုံရွှယ်လူက ခေါင်းစောင်းကာ သူ့ကိုကြည့်သည် ။
" ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းရှိတဲ့ ကျောင်းကလူတွေက ပါမောက္ခ၀မ် ပေကျင်းတက္ကသိုလ်ကို ဧည့်ပါမောက္ခအဖြစ် လာတာကို သိကြပြီး စေ့စပ်ထားသူကတော့ အမှောင်ထဲမှာ ရှိနေရတုန်းပဲ၊ ကျွန်မ စိတ်ဆိုးသင့်တယ်လို့ထင်လား "
၀မ်ရူကွေ့က ရှေ့သို့ နှစ်လှမ်းတိုးပြီး သူမ၏ လက်ကို ဖမ်းဆုပ်လိုသည်။ သို့ပေမယ့် တစ်ယောက်ယောက်က သူတို့ကိုမြင်ပြီး တစ်ခုခုပြုလုပ်မည်ကို သူ ကြောက်ရွံ့သည်။ သက်ရောက်မှုက ကောင်းမွန်မည်မဟုတ်ချေ။
" ရွှယ်လူ ၊ကိုယ် မင်းကို ရည်ရွယ်ပြီး ဖုံးကွယ်ထားတာ မဟုတ်ပါဘူး "
" လွန်ခဲ့တဲ့ သုံးရက်လောက်က အတန်းသင်ဖို့ ကျောင်းကို လာခဲ့တယ်၊ အဲဒီတုန်းက ကိုယ် မင်းကို အရင် ဆက်သွယ်ချင်ပေမယ့် ဧည့်လာတဲ့ ပါမောက္ခတစ်ယောက်အနေနဲ့ ပထမဆုံးနေ့ဆိုတော့ ရူပဗေဒဌာနက ခေါင်းဆောင်က ထမင်းစားဖို့ ဖိတ်ခေါ်တယ်။ ထမင်းစားပြီးတော့ ရူပဗေဒဆိုင်ရာ အကြောင်းအရာတချို့ ဆွေးနွေးဖြစ်ခဲ့ကြပြီး အခြေစိုက်စခန်းဆီ မပြန်မချင်း မင်းဆီ လာဖို့ အချိန်ရှာလို့မရဘူး ဖြစ်နေခဲ့တာ "
" ဒီနေ့က လက်ချာပြောဖို့ ဒုတိယ အကြိမ် ဆိုပေမယ့် ကျောင်းမှာ ရုတ်တရက် ကိုယ့်အကြောင်း ဆွေးနွေးတဲ့ လူတွေ အများကြီးရှိမယ်လို့ မမျှော်လင့်ထားဘူး။ ပြီးတော့ ကိစ္စတွေက မင်းအပေါ်သက်ရောက်မှုရှိမှာကို ကိုယ် စိုးရိမ်မိတယ်။ ဒါကြောင့် မင်းဆီလာဖို့ အခုထိ နှောင့်နှေးသွားခဲ့တယ်။ ကျေးဇူးပြုပြီး စိတ်မဆိုးမပါနဲ့ နော် "
ယခုအချိန်မှာ ဝမ်ရူကွေ့သည် အမှားတစ်ခုခုလုပ်မိသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်ကာ ထိုအကြောင်း စိုးရိမ်စိတ်နှင့် တွေးနေမိသည်။ သူ၏အမူအရာက နေ့ခင်းဘက်တွင် ရှစ်ကျွင်းမင်နှင့် ရင်ဆိုင်စဉ်က ပုံစံနှင့် လုံးဝမတူညီချေ။
အကယ်၍ ရှစ်ကျွင်းမင်သာ ဤနေရာ၌ ရှိနေလျှင် အံ့ဩလွန်းသဖြင့် မျက်လုံးများပင် ကျွတ်ထွက်သွားလိမ့်မည်။
ထုံရွှယ်လူက လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး " ဒါဆို ကျွန်မတို့ကျောင်းမှာ ရှင် ဘာလို့ ဧည့်ပါမောက္ခ ရုတ်တရက် ဖြစ်လာတာလဲ။ ရှင် ဒီအ ကြောင်းပြောတာကို ကျွန်မဘာလို့ မကြားဖူးတာတုန်း "
" ရှစ်ကျွင်းမင်ရဲ့ အနိုင်ကျင့်ခံရတာကို ကြားခဲ့တုန်းက ကိုယ် ဒီအကြံကို ရခဲ့တာ။ ကိုယ်တို့နှစ်ယောက်က ဝေးကွာနေကြတယ်။ မင်းတစ်ခုခုဖြစ်သွားရင် မင်းကို ကိုယ်ကာကွယ်မပေးနိုင်ဘူး။ ဒါကြောင့် မင်းရှိတဲ့ ကျောင်းဆီ ကိုယ်အလုပ်လာလုပ်နိုင်ရင် မင်းကို ပိုဂရုစိုက်နိုင်မယ်လို့ ကိုယ်တွေးမိခဲ့တယ် "
၀မ်ရူကွေ့က တိတ်ဆိတ်စွာ ခြေတစ်လှမ်းတိုးကာ နှစ်ယောက်ကြားအကွာအဝေးကို လျော့ချလိုက်သည်။ သူတို့ကြားရှိ အကွာအဝေးသည် သူမ၏လက်တစ်၀က်စာ ပမာဏသာ ကျန်တော့သည် ။
" ကိုယ်မင်းကို အသိမပေးခဲ့တာက ကိုယ်ရဲ့ ဧည့်ပါမောက္ခအဖြစ် လျှောက်လွှာက အတည်ပြုခံရမှာလားဆိုတာ မသေချာတာကြောင့်ပါ။ ဒါ့အပြင် ကိုယ်က မင်းကို အံ့အားသင့် စေချင်ခဲ့တာ "
ရှစ်ကျွင်းမင်က သူမကို အကြိမ်ကြိမ် ချောက်ချခဲ့သည်ကို သိလိုက်ရသည့်အခါ ဒေါသထွက်ပြီး သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။ သူမ ရှစ်ကျွင်းမင်၏ နှောင့်ယှက်ခြင်းကို ခံရခြင်းသည် သူ့ကြောင့်သာလျှင် ဖြစ်သည်။
နောက်ပိုင်းတွင် သူသည် ပေကျင်းတက္ကသိုလ်သို့ ဧည့်ပါမောက္ခအဖြစ် လာနိုင်ခဲ့လျှင် သူမကို လျှို့ဝှက်ကာကွယ်ပေးနိုင်ပြီး ရှစ်ကျွင်းမင်အား သတိပေးနိုင်မည်ဟု ထင်ခဲ့သည်။
ဧည့်ပါမောက္ခဖြစ်ရခြင်းသည် သူဖြစ်လိုလျှင် ဖြစ်နိုင်သည့် အရာမဟုတ်ချေ။ ပထမဦးစွာ ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး လျှောက်ထားပြီးနောက်တွင် အမျိုးမျိုးသော သုံးသပ်ချက်များကို ဖြတ်သန်းရမည်ဖြစ်သည်။ လျှောက်ထားစဥ်တစ်လျှောက်တွင် အောင်မြင်ရမည့်အဆင့်များ၌ ကျရှုံးခဲ့လျှင် လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူမကို စိတ်မပျက်စေလိုသောကြောင့် ကြိုတင်မပြောခဲ့ပေ။
ထုံရွှယ်လူက သူ၏ရှင်းပြချက်ကို ကြားသောအခါ သကြားလုံး စားလိုက်ရသလိုဖြစ်သွားသည်။ သကြားလုံးက အရည်ပျော်သွားပြီးနောက် ချိုမြိန်လာသည်။
" ဒါဆို ကျွန်မတို့ရဲ့ဆက်ဆံရေးကို ကျောင်းခေါင်းဆောင်တွေကို ပြောပြပြီးပြီလား "
၀မ်ရူကွေ့က သူမ၏အမူအရာ ပျော့ပျောင်းလာသည်ကို မြင်လိုက်ရပြီး ရဲရင့်စွာ ရှေ့သို့ လှမ်းလာသည်။ သူက သူမ၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်သည်။
" ဒါပေါ့၊ ကိုယ်ပြောပြခဲ့တယ်၊ ဒါပေမယ့် ခေါင်းဆောင်က အဲဒါကို လူသိရှင်ကြားမလုပ်တာ အကောင်းဆုံးပဲလို့ပြောတယ် "