🍵Chapter 277
ဧည့်ပါမောက္ခသည် ကျောင်းရှိ အမြဲတမ်းဆရာတစ်ယောက်မဟုတ်သလို သူတို့သည် စေ့စပ်ထားပြီးဖြစ်သော်လည်း ပြဿနာမှာ နှစ်ဦးစလုံးက အလွန်အမင်းနာမည်ကြီးနေခြင်းဖြစ်သည်။ သူတို့နှစ်ယောက်မှာ ကျော်ကြားလွန်း၍ မျက်စိကျစရာ ကောင်းလွန်းလှသည်ဖြစ်ရာ သူတို့နှစ်ယောက် တွဲနေကြသည်ဟု ဟူသော စကားလုံးများ ပြန့်နှံ့သွားပါက အကြောင်းမသိသောသူများသည် ကျောင်းရှိ ပါမောက္ခက ကျောင်းသူကိုချစ်သည်ဟု ထင်ကြပေမည်။
ခေါင်းဆောင်က ဖုံးကွယ်ထားရန်လည်း မပြောခဲ့ချေ။ သူသည် တမင်တကာ လူသိရှင်ကြားမပြသလျှင်ပင် သို့မဟုတ် တမင်တကာ ဖုံးကွယ်ထားလျှင်ပင် ကျောင်း၌ရှိနေစဉ် အတောအတွင်း သူ့ပုံရိပ်နှင့် သြဇာကို အာရုံစိုက်နေရဆဲဖြစ်သည်။
ထုံရွှယ်လူက တခဏမျှ တွေးလိုက်သည်။ အမှန်တကယ်၌ ဤခေတ်တွင် ဆရာနှင့်ကျောင်းသား ဆက်ဆံရေးကို တားမြစ်ပိတ်ပင်ခြင်းမရှိပေ။ ဆရာနှင့်ကျောင်းသား ဆက်ဆံရေးကို ၁၉၉၀ ခုနှစ်များမှသာ တားမြစ်ပိတ်ပင်ခဲ့သည်။ ထို့အပြင် သူမတို့၏ ဆက်ဆံရေးမှာ ဆရာနှင့် ကျောင်းသားဆက်ဆံရေးဟု သတ်မှတ်၍မရချေ။
သို့သော်လည်း ၀မ်ရူကွေ့ သည် လက်ရှိတွင် မီးမောင်းထိုးပြခံနေသည့်အတွက် သူမအား မျောက်တစ်ကောင်လို ကြည့်ကြမည်ကို မလိုလားချေ။
ထိုကဲ့သို့တွေးပြီး သူမ ခေါင်းညိတ်ပြသည်။ " ကျွန်မ နားလည်ပြီ၊ ဒါနဲ့ စကားမဆက် ရှစ်ကျွင်းမင်ကို တွေ့ပြီးပြီလား "
၀မ်ရူကွေ့က ခေါင်းညိတ်ပြီး ယနေ့ အဖြစ်အပျက်ကို ပြောပြသည်။
ဖြစ်ခဲ့သည်များကိုကြားသည့်အခါ ထုံရွှယ်လူက သူ့လက်ဖဝါးတွင် သူမ၏လက်ချောင်းများကို ညင်သာစွာချိတ်လိုက်ပြီး မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်သည်။
" ပါမောက္ခဝမ်၊ ရှင် ဒီလောက် ကြမ်းတမ်းတယ်လို့ ကျွန်မ မထင်ထားဘူး "
၀မ်ရူကွေ့၏လက်ဖဝါးမှာ ပျော့သွားသည့် အထိအတွေ့ကို ခံစားရပြီး ငှက်မွှေးဖြင့် ပွတ်သပ်နေသကဲ့သို့ ယားယံနေသည်။ ထို့အပြင် သူ့လက်ဖဝါးသာမက သူ့နှလုံးသားသည်လည်း ယားယံနေပေသည်။
သူမ၏ မျက်လုံးထောင့်က အနီရင့်ရင့်မှဲ့ကို ကြည့်လိုက်သည့်အခါ နှလုံးခုန်သံများက မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေပြီး လည်ချောင်းက နှစ်ကြိမ်လှုပ်ခတ်သွားပြီးနောက် ပြောသည်။
" ရွှယ်လူ ကိုယ်ထင်တယ်..."
သူ၏ စကားမဆုံးခင်တွင် အဝေးမှ လမ်းလျှောက်လာသည့် ကျောင်းသားနှစ်ယောက်ကို တွေ့လိုက်သည် ။ ထုံရွှယ်လူက ပြင်းပြင်းထန်ထန် လှုပ်ယမ်းပြီး ကျယ်လောင်စွာပြောသည်။ " အစ်ကို၊ အဘိုးပြောခဲ့တာကို ညီမ သိပါတယ်။ အကို ပြန်လို့ရပြီ "
ထိုကဲ့သို့ပြောပြီး သူမ လှည့်ထွက်သွားသည်။
သူမကို ပွေ့ဖက်ရန် အခွင့်အရေးယူတော့မည့် ၀မ်ရူကွေ့ : "..... "
ထုံရွှယ်လူသည် အဝေးကို ပြေးသွားပြီး နောက် လှည့်ကြည့်ပြီး ဝမ်ရူကွေ့မှာ ကြောင်အသည့် အကြည့်ဖြင့် သစ်ပင်ကြီးအောက်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ပင့်တက်သွားသည်။
' ဟမ့်၊ သူ့ကို အစ်ကိုကြီးလို့ ပြောခွင့်ပြုလိုက်မယ်။ ဒုက္ခရှာနေတာပဲ '
🍵
ဧည့်ပါမောက္ခတစ်ဦးအနေဖြင့် ၀မ်ရူကွေ့သည် အခါအားလျော်စွာ စာသင်ကြားပို့ချရန် ရောက်ရှိလာလေ့ရှိသော်လည်း ၎င်း၏ အာရုံစူးစိုက်မှုသည် အခြေစိုက်သုတေသနဌာနတွင်သာ ဖြစ်သည်။
နောက်တစ်နေ့တွင် သူက စခန်းသို့ ပြန်သွားသည်။
သူ ထွက်ခွာသွားပြီး နောက်တစ်နေ့မှာပင် ကျောင်းဝင်းထဲတွင် သတင်းများ ပျံ့နှံ့သွားသည်။
ပေကျင်းဆရာအတတ်သင်တက္ကသိုလ်မှ တစ်စုံတစ်ယောက်သည် အခြားသူများ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်များကို အတုအယောင်ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ခံရသည်။ ပြည်သူ့လုံခြုံရေးဗျူရို၊ ပညာရေးဌာနနှင့် ကျောင်းတို့သည် အမှန်တရားကို ပူးပေါင်းရှာဖွေကာ အမြန်ဆုံးဖြတ်ချက်ချခဲ့ကြသည်။
အယောင်ဆောင်ကျောင်းသားသည် ပေကျင်းဆရာအတတ်သင်တက္ကသိုလ်မှ နှင်ထုတ်ခံခဲ့ရပြီး ယင်းအပြုအမူအတွက် အပြစ်ပေးရန် ပညာရေးဌာနသည် သူ့အား နာမည်ပျက်စာရင်းသွင်းခဲ့ပြီး နောင်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်မပြုတော့ပေ။
ထို့အပြင် ဤအယောင်ဆောင်မှုတွင် ပါဝင်ပတ်သက်သူအားလုံးသည်လည်း သက်ဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ခံရသည်။
သတင်းကြားသောအခါတွင် ထုံရွှယ်လူသည် ပစ္စည်းများကို ထုပ်ပိုး၍ အိမ်ပြန်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်သည်။
ကျန်းပိုင်ဟွေ့က ပြေးဝင်လာပြီး ထိတ်လန့်သောအကြည့်ဖြင့် " ကြားပြီးပြီလား။ ပေကျင်းဆရာအတတ်သင်တက္ကသိုလ်က ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းရလဒ်ကို အယောင်ဆောင်တဲ့သူကို ဖမ်းမိသွားပြီဆိုတာ "
ရှဲ့ရှောင်ယန့်၏လက်ထဲရှိ စာအုပ်မှာ စားပွဲပေါ် ပြုတ်ကျသွားပြီး " ဒီလိုကိစ္စရှိတာလား။ ငါ့ကို မြန်မြန်ပြောပြ "
ကျန်းပိုင်ဟွေ့က သူမ သိသည့်အသေးစိတ်အချက်အလက်များကိုပြောပြသည်။
"... . လူတစ်ယောက်က ဒီလောက်ရဲရင့်ပြီး တခြားတစ်ယောက်လို ဟန်ဆောင်မယ်လို့ မမျှော်လင့်ထားဘူး။ ကျောင်း တော်တော်များများက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကြားတယ် "
အိပ်ဆောင်ထဲရှိ လူအများအပြားမှာ နေရာတွင်ပင် ထိတ်လန့်အံ့သြသွားသည်။
ထျန်ဖုန်းကျစ်က မျက်မှောင်ကြုတ်ကာ ပြောသည်။
" နင် ပြောတာကို နားထောင်ရင်း ငါတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့မှာ ရှိတဲ့ ပညာတတ်လူငယ်တစ်ယောက်ကို သတိရမိတယ်။ စာမေးပွဲဖြေပြီးတဲ့အခါ သူ စာမေးပွဲမှာ အရမ်းဖြေနိုင်တယ်လို့ ပြောပေမယ့် ငါ ထုတ်လုပ်ရေးအဖွဲ့က ထွက်လာတဲ့အချိန်အထိ ကျောင်း၀င်ခွင့်စာ လက်ခံမရခဲ့ဘူး။ သူလည်း အစားထိုးခံရတာလားလို့ တွေးမိတယ် "
ကျန်းပိုင်ဟွေ့က " အရမ်းဖြစ်နိုင်တယ်။ နင် တခြားတစ်ဖက်ကို ဆက်သွယ်နိုင်ရင် သူ့ကို သတိပေးပြီး စစ်ဆေးကြည့်ခိုင်းရင်ရော "
ထျန်ဖုန်းကျစ်က ခေါင်းညိတ်သည်။ " ငါ့ချစ်သူနဲ့ နောက်မှ ပြောကြည့်လိုက်မယ် "
အိပ်ဆောင်ထဲက လူတော်တော်များများက စကားစမြည်ပြောနေကြပေမယ့် ထုံရွှယ်လူသည်သာ တည်ငြိမ်နေသည့် တစ်ယောက်တည်းသောသူဖြစ်သည်။
သူမကို ဤကဲ့သို့ မြင်လိုက်ရသည့်အခါ ရှဲ့ရှောင်ယန့်က မစပ်စုဘဲ မနေနိုင်ကာ မေးသည်။ " ရွှယ်လူ၊ ဒီလို သတင်းမျိုးကြားရတာ တုန်လှုပ်မသွားမိဘူးလား "
ထုံရွှယ်လူက သက်ပြင်းချလိုက်ပြီး ဝမ်းနည်းသည့် အကြည့်နှင့် ပြောတသည်။
" ဒါပေါ့ ငါအရမ်းတုန်လှုပ်မိတယ်။ အယောင်ဆောင်ခံရတဲ့သူတွေ အတွက် ပိုလို့တောင် စိတ်မသက်မသာ ဖြစ်မိတယ်။ ဒီအချိန်မှာသာ အစားထိုးခံရတဲ့အကြောင်းကို မထုတ်ဖော်နိုင်ရင် အဲ့ဒီလူက သူ့ဘ၀ ကျန်ရှိတဲ့ တစ်လျှောက်လုံး သိနိုင်တော့မှာမဟုတ်ဘူး ၊ပြီးတော့ ဘယ်လောက်တောင် အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးသွားရမလဲ"
" ဒီလူကို ရှာတွေ့နိုင်တာ ကံကောင်းတယ်။ ဒါပေမယ့် ရှာမတွေ့နိုင်လူ ဘယ်လောက်တောင်ရှိမလဲ မသိဘူး။ တခြားသူရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို အယောင်ဆောင်တာဟာ ရာဇ၀တ်မှုမြောက်တယ်လို့ ထင်တယ်။ အခု ပြစ်ဒဏ်က ပေါ့လွန်းပါတယ် "
လက်ရှိခေတ်တွင် လူအများစု၏ မိသားစုအခြေအနေမှာ မချမ်းသာကြသလို ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း မအောင်မြင်ကြချေ။ အများစုသည် ငွေကြေးအခြေအနေများကြော်င့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဒုတိယအကြိမ် မဖြေကြပေ။
ထို့ကြောင့် လူများစွာတို့သည် စာမေးပွဲမအောင်ကြောင်း သိရှိပြီးနောက်တွင် အိမ်ထောင်ပြုပြီး ကလေးယူခြင်း၊ သို့မဟုတ် အလုပ်ကို လုပ်သွားကြခြင်းတို့ကြောင့် ၎င်းတို့၏ဘဝများပြောင်းလဲသွားနိုင်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် အရည်အချင်းမပြည့်မီဟူသည့် ပြစ်ဒဏ်မှာ လျော့ပေါ့လွန်းပြီး ချန်မိသားစုအတွက် သက်ညှာလွန်းသည်။
ကျန်းပိုင်ဟွေ့က ခိုင်မာစွာ ခေါင်းညိတ်သည်။
" နင် ပြောတာမှန်တယ်။ အယောင်ဆောင်တာဟာ ရာဇ၀တ်မှုတစ်ခုလိုပါပဲ။ ပညာရေးဝန်ကြီးဌာနက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အဲဒီလူကို အရည်အချင်းမပြည့်မီဆိုပြီးပဲ ပယ်ချလိုက်တယ်၊ ဒီပြစ်ဒဏ်က လျော့ပေါ့လွန်းတယ်။ ကျောင်းကိုရော၊ ပညာရေးဝန်ကြီးဌာနကို ပြစ်ဒဏ်တိုးမြှင့်ခိုင်းတဲ့ ဆန္ဒဖော်ထုတ်ပွဲကို ငါတို့ပါ၀င်သင့်လား ။ ပြစ်ဒဏ် ဘယ်လောက်ထိပြင်းထန်ဖို့ကိုလေ "
တက္ကသိုလ်ကျောင်းသားအားလုံးသည် စိတ်အားထက်သန်သောလူငယ်များဖြစ်ကြပြီး အကယ်၍ သူတို့သာ ထိုသူများကဲ့သို့ မိမိတို့၏ ရမှတ်များ အတုအပပြုလုပ်ခံခဲ့ရလျှင် ဒေါသဖြစ်မည်မှာ သေချာသည်။ ထို့ကြောင့် ကျန်းပိုင်ဟွေ့၏ စကားကိုကြားသည့် အိပ်ဆောင်ထဲမှ လူတော်တော်များများသည် အကြိမ်ကြိမ် အခါခါ ခေါင်းညိတ်ကြသည်။
" ပိုင်ဟွေ့ရဲ့ အဆိုပြုချက်က အရမ်းကောင်းတယ်လို့ ထင်တယ်၊ ရာဇ၀တ်ကောင်တွေကို ဒီလိုမျိုး ခွင့်မပြုနိုင်ဘူး "
ရှဲ့ရှောင်ယန့်က ပြောသည်။
ချွေ့ရုန်ရုန်ကလည်း" နင်တို့ ပူးပေါင်းလက်မှတ်ထိုးကြမယ်ဆိုရင် ငါ့ကို ထည့်ရေတွက် "
ထျန်ဖုန်းကျစ်သည် သတိအထားဆုံးလူဖြစ်သော်လည်း ယခုတွင် လူတိုင်းက ၎င်းတို့၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုလာကြသဖြင့် သူမသည်လည်း ထောက်ခံကြောင်း အမြန်ဖော်ပြလိုက်သည်။
ထုံရွှယ်လူက " ငါတို့အဆောင်က အရမ်းအားနည်းတယ်လို့ ထင်တယ်။ ဒီလိုကိစ္စမျိုးကို ကျောင်းသားသမဂ္ဂကို ကိုင်တွယ်ခွင့်ပေးလိုက်တာ အကောင်းဆုံးပဲ။ ငါတို့ တခြားတက္ကသိုလ်တွေနဲ့ ပေါင်းစည်းနိုင်ရင် သိပ်ကောင်းမယ် "
ထိုစကားကိုကြားသည့်အခါ ကျန်းပိုင်ဟွေ့၏ မျက်လုံးများက တောက်ပသွားသည်။
" နင် ပြောတာ ဟုတ်တယ်။ ငါကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို အခု ချက်ချင်းဆက်သွယ်လိုက်မယ် " ဟုပြောပြီးနောက် လှည့်ကာ ပြေးထွက်သွားသည်။
ထုံရွှယ်လူက ခေါင်းငုံ့ကာ သူမ၏ ပစ္စည်းများကို ဆက်လက်ထုပ်ပိုးပြီး သူမ၏ပါးစပ်ထောင့်များမှာ မြင့်တက်နေသည်။
ကျန်းပိုင်ဟွေ့သည် ငါးကန်ထဲသို့ အဏ္ဏဝါဘုရင်၀င်ရောက်သွားသကဲ့သို့ အလွန်ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဖြစ်သည် ။ ကျောင်းစတက်ရသည်မှာ တစ်လမျှသာ ရှိသေးသော်လည်း သူမ၏ အဆက်အသွယ်ကွန်ယက်သည် ဌာန အသီးသီး၏ ကျောင်းသားသမဂ္ဂများအထိ ချဲ့ထွင်ခဲ့ပြီးဖြစ်သည်။
ဤကိစ္စအား သူမ ကိုင်တွယ်သည်မှာ အကောင်းဆုံးဖြစ်သည်။
သူမသည် ပစ္စည်းများကို ထုပ်ပိုးပြီးနောက် အိမ်သို့ ပြန်သည်။
အိမ်ပြန်ရောက်သည့်အထါ အဘိုး၀မ်ထံမှ ပို၍အသေးစိတ်ကျသည့် သတင်းများကို ရရှိသည်။
" ချန်မိသားစုက ဒီတစ်ခါ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်ကို အတုလုပ်နိုင်ခဲ့တာက ချန်ကျစ်ယဲ့ရဲ့ညီမက အဲဒီနေရာက ပြည်သူ့လုံခြုံရေးဗျူရို ဒါရိုက်တာရဲ့သားနဲ့ ဆက်ဆံရေးရှိနေတာကြောင့်ပဲ...သူက ချန်မိသားစု ကျေနပ်စေဖို့အတွက် ချန်ကျစ်ယဲ့ရဲ့ နာမည်နဲ့ အိမ်ထောင်စုစာရင်းအချက်အလက်ကို ပြောင်းလဲဖို့ကူညီပေးခဲ့တယ်။ သမီးသာ ဒီတစ်ခါတော့ တစ်ခုခုလွဲနေပြီဆိုတာကို မသိခဲ့ရင် သူတို့ တကယ်ကို ဖုံးကွယ်ထားနိုင်ခဲ့မှာ "
အဘိုး၀မ်က သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ဂုဏ်ယူစွာ ပြောသည်။
" ဒီတစ်ခါ ချန်မိသားစု လုံးဝပျက်စီးသွားပြီ။ ချန်ကျစ်ယဲ့ရဲ့အဖေက ထုတ်ပယ်ခံရပြီး သူ့ညီမနဲ့ ရည်းစားကလည်း လမ်းခွဲသွားကြပြီ "
ချန်ကျစ်ယဲ့၏ဖခင်ဖြစ်သူသည် ၀မ်ရူကွေ့၏အမေဘက်ဦးလေးဖြစ်ပြီး ပညာရေးဌာန၏ ဌာနငယ်တစ်ခုတွင် အကြီးအကဲဖြစ်ခဲ့ဖူးသည်။ ယခုအခု သူက ထုတ်ပယ်ခံလိုက်ရပြီး ဤဘဝမှာ တစ်ကျော့ပြန်လာနိုင်တော့မည်မဟုတ်ပေ။
ထုံရွှယ်လူက " ရှစ်မိသားစုကကော၊ သူတို့လည်း ပါ၀င်ပက်သက်နေတာမဟုတ်ဘူးလား "
အဘိုး၀မ်က မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းသည်။
" မဟုတ်ဘူး၊ ချန်မိသားစုက စွဲချက်တွေကို ငြင်းဆိုဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ပြီး ရှစ်မိသားစု ပါဝင်ပတ်သက်တယ်ဆိုတာကို ကြီးကြပ်ရေးမှူးတွေ သက်သေရှာလို့မတွေ့ခဲ့ဘူး "
ထုံရွှယ်လူက မျက်တောင်ခတ်လိုက်ပြီး " ဒါက တကယ်ကို နှမြောစရာပဲ "
မိသားစုနှစ်စုကြားရှိ ဆက်ဆံရေးအရ ရှစ်မိသားစုသည် တိုက်ရိုက်ပါ၀င်မပတ်သက်ခဲ့လျှင်ပင် သေချာပေါက် သိရှိထားမည်ဖြစ်သည်။ ယခု အခါ ချန်မိသားစုသည် အဓိက အကျိုးစီးပွားကို ကာကွယ်ရန် အသေးအမွှားကို စွန့်လွှတ်မှုသည်လည်း မျှော်လင့်ထားသကဲ့သို့ဖြစ်သည်။
မည်သို့ပင်ဖြစ်ပါစေ ချန်မိသားစုကို ဖြုတ်ချလိုက်ခြင်းမှာ ၎င်းတို့၏ ဘယ်ညာလက်နှစ်ဖက်မှ တစ်ဖက်ကို ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏ ခွန်အားကို ဆိုးဆိုးရွားရွား ထိခိုက်စေမည်။
ချန်မိသားစု အဆုံးသတ်သွားပြီးသည့်အခါ ရှစ်မိသားစုမှာ ကျန်ရှိနေနိုင်မည်လား။
ထိုအချိန်တွင် လမ်းသွယ်တစ်ခု၌ ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။
ရှစ်ကျွင်းမင်၏ မျက်နှာဘယ်ဘက်ခြမ်းတွင် ပါးရိုက်ခံရသည့် အမှတ်အသားတစ်ခုရှိနေသည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံကာ အောက်နှုတ်ခမ်းကို ကိုက်နေသည်။
ချန်၀မ်ယောင်က ရှစ်ကျွင်းမင်ကို စိုက်ကြည့်ရင်း ကျိန်ဆဲသည်။
" မင်းနဲ့ ကျစ်ယဲ့ ပေကျင်းကို မလာခင် မင်းအဖေနဲ့ ငါက မင်းတို့ကို နှိမ့်နှမ့်ချချနေဖို့ ဘယ်နှစ်ခါသတိပေးခဲ့လဲ။ ဘာလို့ မင်းကိုယ်တိုင် ဆုံးဖြတ်ချက်တွေချပြီး ဝမ်မိသားစုကို ရန်စခဲ့တာလဲ "
ရှစ်ကျွင်းမင်၏ မျက်လုံးများ နီရဲနေကာ မြေပြင်ကိုသာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောချေ ။
ချန်၀မ်ယောင်သည် အလွန်ဒေါသထွက်နေပြီး နဖူးတွင် သွေးကြောများပင်လျှင် ထောင်နေသည်။
" မင်းက မင်းဘာသာ ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက်ကြောင့် ၀မ်မိသားစုက တန်ပြန်တိုက်ခိုက်လာတယ်။ အခု ကျစ်ယဲ့က ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အရည်အချင်းပြည့်မီမှုတွေ ဆုံးရှုံးသွားရုံသာမက ငါလည်း ပါ၀င်ပတ်သက်ခံနေရတယ် "
ချန်မိသားစုမှာ အလုံးစုံ အဆုံးသတ်သွားလေပြီ။
မူလအစီအစဉ်အရ ရှစ်ကျွင်းမင်နှင့် ချန်ကျစ်ယဲ့တို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပြီးနောက် မြို့တော်သို့ ပြန်ရန် စီစဉ်ခဲ့ကြပြီး ချန်နှင့် ရှစ်မိသားစုများ မြို့တော်သို့ ပြန်လာနိုင်ရန် လမ်းခင်းပေးကြမည်။
၎င်းတို့နှစ်ဦးသည် ပေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရရှိထားကြပြီး ၎င်းတို့၏ အဆင့်များ ကောင်းမွန်နေသရွေ့ ပေကျင်းတွင် ဆက်လက်နေထိုင်ကာ အလုပ်လုပ်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ဝမ်မိသားစုသည် ၎င်းတို့ ပေကျင်းဆီသို့ ပြန်မလာနိုင်ရန် တားဆီးနိုင်မည်မဟုတ်ပေ။
ထို့အပြင် သူ၏သမီးသည် ပြည်သူ့လုံခြုံရေးဗျူရိုဒါရိုက်တာ၏ သားနှင့် သမီးရည်းစားဆက်ဆံရေးရှိနေသည်။ ၎င်းတို့လက်ထပ်ပြီးသည့်အခါ ချန်မိသားစု၏ ကွန်ရက် ကြီးထွားလာမည်ဖြစ်သည်။
နောင်နှစ်အနည်းငယ်ကြာသည့်အထိ နှိမ့်ချသည့် ကိုယ်ရေးအကျဉ်းကို ထိန်းသိမ်းထားသရွေ့ အချိန်ကျလာသည့်အခါ သူတို့သည် ဝမ်မိသားစုနှင့် ယှဉ်ပြိုင်နိုင်မည်ပင်။
ဤအရာများအားလုံးမှာ ပြဿနာကောင် ရှစ်ကျွင်းမင်ကြောင့် ပျက်စီးသွားသည်ဖြစ်ရာ သူက မည်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်လိမ့်မည်နည်း။
ချန်ရှို့ယွင်က ဘေးနားမှ တီးတိုးပြောဆိုသည်။ " ကျွင်းမင်၊ ဘာလို့စကားမပြောတာလဲ ၊ ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ "
ရှစ်ကျွင်းမင်က သူ့ခေါင်းကို မော့လိုက်ပြီး မျက်လုံးများ နီရဲနေသည်။
" ဒေါ်ဒေါ် ၊ ကျွန်တော် ဒါကို လက်မခံချင်ဘူး ၊ ကျွန်တော်တို့ ရှစ် နဲ့ ချန်မိသားစုက ဝမ်မိသားစု ဖိနှိပ်တာခံခဲ့ရတာ ဆယ်နှစ်ကျော်ပြီ။ ကျွန်တော့်ရဲ့အဖေ၊ ဦးလေးနဲ့ ဒေါ်ဒေါ်ရဲ့ ချန်မိသားစုက အောင်မြင်မှုတွေ တစ်ခုခုရယူနိုင်သရွေ့ ၀မ်မိသားစုက အဲဒါတွေကို ရတဲ့နည်းနဲ့ ဖျက်ဆီးပစ်လိမ့်မယ် "
" ကျွန်တော်တို့ ရှစ်မိသားစု ပေကျင်းမှာရှိတုန်းက ကြွယ်၀ချမ်းသာတဲ့အချိန်တွေကို သတိရမိတယ်။ လူတွေက သူတို့တစ်ခုခုလုပ်လိုတဲ့အခါ ကျွန်တော်တို့ကို မျက်နှာလိုမျက်နှာရ လုပ်တတ်ကြတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော်တို့က လမ်းပေါ်က လေလွင့်ခွေးတွေလို ပေကျင်းကနေ နှင်ထုတ်ခံရပြီး ကျင်းရှစ်ကိုသွားခဲ့ရပြီး အခန်းကျဉ်းလေးမှာနေခဲ့ရတယ်။ တောင်းပန်ဖို့ အဖေနဲ့ အမေက ဒူးထောက်ခဲ့ရတယ် "
(တကယ်ဒူးထောက်တာမဟုတ်ပါဘူး တင်စားပြောတာပါ။ သူတို့အောကျို့ခဲ့ရတယ်ဆိုတာ)
ပေကျင်းမှထွက်ခွာသော ထိုနှစ်တွင် သူသည် ကိုးနှစ်သားအရွယ်ဖြစ်ပြီးအမှတ်တရများ ရှိနေပြီဖြစ်သည်။
ရှစ်နှင့်ချန်မိသားစု မည်ကဲ့သို့ ဆုတ်ယုတ်ကျဆင်းလာပုံ၊ ပေကျင်းမြို့မှ တစ်ဆင့်ပြီးတစ်ဆင့် နှင်ထုတ်ခံရပုံနှင့်ကျင်းရှစ်မြို့တွင် အဆင့်ဆင့် အားတင်းရုန်းကန်ခဲ့ကြရပုံကို သူ့မျက်လုံးများနှင့် မြင်တွေ့ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်သည်။
အတိတ်တွင် မည်မျှထိ လှပခဲ့ပြီး ထို့နောက် မည်မျှထိ ဝမ်းနည်းဖွယ်ဖြစ်ခဲ့ရသနည်း။
မတူညီကွဲပြားခြားနားမှုသည် သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားသည်အထိ အလွန်ကြေကွဲဖွယ်ကောင်းခဲ့ပြီး သူ့အား အလွန်ဒေါသထွက်စေသည်။
ထို့ကြောင့် မြို့တော်သို့ ပြန်ရောက်ပြီးနောက် သူထင်သလို ဆုံးဖြတ်ချက်များ မချသင့်မှန်း နားလည်သော်လည်း ထုံရွှယ်လူအား မတိုက်ခိုက်ဘဲ မနေနိုင်ပေ။
ထုံရွှယ်လူအား တိုက်ခိုက်ရန် ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ သူမသည် အကာအကွယ်မဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်သည်။
သူ့အမြင်တွင် အမျိုးသမီးများသည် အရည်အချင်းမရှိ၍ တစ်ခုခုဖြစ်သည့်အခါ ငိုကြွေးခြင်းသာလျှင် လုပ်နိုင်ကြသည်။ သူက သူ၏ အစီအစဉ်မှာ ပြီးပြည့်စုံပြီး တစ်ကွက်တည်းနှင့် ထုံရွှယ်လူအား ရွှံ့အိုင်ထဲသို့ သေသည်အထိ နင်းချေနိုင်မည်ဟု ထင်ခဲ့သည်။
သို့သော် မမျှော်လင့်စွာ ထုံရွှယ်လူသည် မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်ပြီး သူ၏ အကြံအစည်များကို အကြိမ်ကြိမ် ထွင်းဖောက်မြင်နိုင်ခဲ့သည်။
သူ စတင်လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ဆုံးရှုံးမှုကြီးကြီးမားမား ခံစားစေရအောင် ထုံရွှယ်လူက ပြုလုပ်နိုင်ခြင်းမှာ သူ မမျှော်လင့်ထားခဲ့သည့်အရာဖြစ်သည်။ နောက်ပိုင်းတွင် အရာအားလုံးက သူ၏ထိန်းချုပ်မှုမှ ကျော်လွန်သွားခဲ့သည်။ ၀မ်မိသားစုသည် ချန်ကျစ်ယဲ့၏ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များ အတုအယောင်ပြုလုပ်ခဲ့မှုကို အမှန်တကယ် သိရှိသွားခဲ့သည်။
သူက ရန်သူကို လျှော့တွက်ခဲ့သူသာလျှင် ဖြစ်သည်။ သူမက ထိုမျှဉာဏ်နီဉာဏ်နက်ရှိသူဟု သူသိထားပါက ပို၍သတိထားကာ အခြေအနေကို ပို၍ တိတ်တဆိတ် စီစဉ်နိုင်ပေလိမ့်မည်။
အကွက်ရွှေ့ကာ စတင်လှုပ်ရှားခဲ့ခြင်းကိုနောင်တမရဘဲ ရန်သူကို လျှော့တွက်ခဲ့မှုကိုသာ နောင်တရနေသည်။
ရှစ်ကျွင်းမင်၏ စကားထွက်လာသည်နှင့်တစ်ပြိုင်နက် ချန်၀မ်ယောင်နှင့် ချန်ရှို့ယွင်တို့ နှစ်ယောက်စလုံး နှုတ်ဆိတ်သွားကာ သူတို့၏မျက်လုံးများတွင် " တုံ့ဆိုင်းခြင်း " ဟူသော စကားလုံးက ဖြတ်သန်းသွားသည်။
ရှစ်ကျွင်းမင်၏ တုံ့ဆိုင်းမှုသည် သူတို့ ၏တွန့်ဆုတ်မှုပင် မဟုတ်ပေလော။
ဆယ်နှစ်ကျော်ကြာအောင် သူတို့သည် နှိမ့်ချစွာ နေထိုင်ခြင်းကို ထိန်းသိမ်းခဲ့ပြီး ဝမ်မိသားစုကို ဂရုတစိုက် ရှောင်ရှားခဲ့ကြ၏။ ၎င်းတို့က ထိုကဲ့သို့ ဆန္ဒရှိခဲ့သောကြောင့်ဖြစ်သည်လား။
မဟုတ်ချေ။ ၎င်းတို့သည် ရှစ်ကျွင်းမင်ထက်တောင် ပို၍ ထိုကဲ့သို့ နေထိုင်ရန် ဆန္ဒမရှိကြချေ။