🍵Chapter 278
သို့သော် ၎င်းတို့သည် ယခုအချိန်တွင် ဝမ်မိသားစု၏ ပြိုင်ဘက်များ မဟုတ် သောကြောင့် ငြိမ်သက်စွာနေရမည်ဖြစ်သည်။
ခဏအကြာတွင် ချန်၀မ်ယောင်က ပြောသည်။
" ၀မ်မိသားစုက ဒီနေရာမှာပဲ ရပ်နေမှာမဟုတ်ဘူး၊ ရှို့ယွင် ဒီတစ်ခါတော့ မင်း ရှေ့ထွက်ဖို့ လိုတယ် "
ချန်ရှို့ယွင်က သူမ၏ ဆံပင်များကို နားရွက်နောက်ကို ညှပ်လိုက်ပြီး နူးညံ့စွာ ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာပြောလေသည်
" ကျွန်မသိတယ်။ ကျွန်မ ရူကွေ့ကို သွားတွေ့လိုက်မယ်၊ သူ့ကိုမတွေ့ရတာ နှစ်အတော်ကြာပြီဆိုတော့ အရမ်းတွေ့ချင်နေတာ "
ချန်၀မ်ယောင်က ခေါင်းခါလိုက်ပြီး " မဟုတ်ဘူး၊ ရူကွေ့ကို အရင်တွေ့ဖို့ အလျင်စလိုမလုပ်သင့်ဘူ။၊ မင်း သူ့ရည်းစား ထုံရွှယ်လူကို အရင်သွားတွေ့သင့်တယ် "
ချန်ရှို့ယွင် ခေတ္တခဏ ကြောင်အသွားပြီး " ဘာလို့လဲ "
ချန်၀မ်ယောင်က " ကျွင်းမင်ပြောတာကို ကြားရသလောက် ရူကွေ့ရဲ့ စရိုက်က အရင်ကနဲ့ အများကြီး ပြောင်းလဲသွားပြီ။ ပထမအချက် မင်းသူ့ရဲ့ စရိုက်ကို နားမလည်ဘူး၊ ဒုတိကအချက်က မင်း သူ့ဆီ ကမူးရှူးထိုး အရင်သွားတွေ့ရင် အဘိုးကြီးဝမ်ဆီက ပိုကြီးမားတဲ့ တန်ပြန်တိုက်ခိုက်မှုရောက်လာမှာကို ငါစိုးရမ်တယ်၊ ဒါကြောင့် မင်းလည်း ရူကွေ့ရဲ့ စေ့စပ်ထားသူကို အရင်သွားတွေ့ပြီး သူမဆိီကနေ စတင်လှုပ်ရှားနိုင်မလား သွားကြည့်ကြည့်လိုက် "
၀မ်ရူကွေ့သည် အဘိုးကြီး၀မ်၏ အသက်သွေးကြောဖြစ်သည်။ သူတို့က သူ့အား ကမူးရှူးထိုးသွားတွေ့ကြလျှင် အဘိုးကြီးဝမ်သည် မည်သည့်နည်းနှင့်မဆို ချန်နှင့်ရှစ်မိသားစုများကို တိုက်ခိုက်လာမည်ကိုစိုးရိမ်ရသည်။
ထို့အပြင် ၀မ်ရူကွေ့သည် နောက်ဆုံး ဝှက်ဖဲဖြစ်ပြီး ၎င်းတို့က ဤကတ်ကို ပေါ့ပေါ့ဆဆ အသုံးမပြုနိုင်ပေ။
ချန်ရှို့ယွင်က ခေတ္တခန့် စဉ်းစားပြီးနောက် ပြောသည်။
" ကောင်းပြီ၊ ဒါဆို ကျွန်မသားနဲ့ စေ့စပ်ထားတဲ့ ချွေးမ လောင်းလေးကို သွားတွေ့လိုက်မယ် "
၎င်းတို့နှစ်ယောက်၏ ထိုစကားများကို ကြားသည့်အခါ ရှစ်ကျွင်းမင်က မျက်မှောင်ကြုတ်ပြီး " ၀မ်ရူကွေ့နဲ့ စေ့စပ်ထားတဲ့တစ်ယောက်က မြေခွေးမလေး၊ အရမ်းဉာဏ်နီဉာဏ်နက်များတယ်။ ဦးလေးတို့ သူမနဲ့ မတွေ့တာ ပိုကောင်းမယ်ထင်တယ် "
သွားတွေ့မည်ဆိုလျှင်တောင် ရန်သူကို အထင်သေး၍မဖြစ်ချေ။
သို့သော် ချန်၀မ်ယောင်နှင့် ချန်ရှို့ယွင်တို့ မောင်နှမသည် သူ့စကားများကို အလေးအနက်မထားကြပေ။
" ဆယ်ကျော်သက်မိန်းကလေးကို ဘာကြောက်စရာရှိမှာလဲ " ချန်၀မ်ယောင်က သူ့ကို ကြည့်လိုက်သည်။
" မင်းရဲ့အစီအစဥ် ဖော်ထုတ်ခံလိုက်ရတဲ့ အကြောင်းရင်းက မင်းက ဂရုတစိုက်မလုပ်ဘဲ စိတ်မြန်လက်မြန်ဖြစ်လွန်းလို့ ဖြစ်ခဲ့တာ "
ဤအကြောင်းအရာအား ပြောဆိုသည့်အခါ ချန်၀မ်ယောင်က ဒေါသထွက်လာသည်။ အကယ်၍ သူ့ဘာသာသူ ထင်သလို ဆုံးဖြတ်ချက်မချခဲ့လျှင် သူနှင့် သူ၏သားမှာ ယခုကဲ့သို့ဖြစ်မည်မဟုတ်ချေ။
ယခုအခါ ' ရွှေသားမက် 'ပင်ကြောက်လန့်တကြားထွက်ပြေးသွားရာ နှစ်ဘက်လုံး၌ ဆုံးရှုံးရလေသည်။ သူတို့က စစ်ရှုံးကာ လက်နက်များကိုသာမက ဇနီးသည်ကိုပင် ဆုံးရှုံးလိုက်ရသည်။
ချန်မိသားစုသည် ဤပြဿနာကောင် ရှစ်ကျွင်းမင်ကြောင့် ဆိုးရွားစွာ ခံစားရသည်။
မိသားစုနှစ်စု၏ အကျိုးစီးပွားအတွက် ပေါင်းစည်းထားခြင်းကြောင့်သာ မဟုတ်လျှင် ပါးရိုက်ကာ သတ်ပစ်ချင်ပေသည်။
ရှစ်ကျွင်းမင်က သူ၏ မထီမဲ့မြင်ပြုသည့် အကြည့်များကို တွေ့လိုက်သည့်အခါ ဒေါသမထွက်ဘဲ မနေနိုင်ချေ။
" ကျွန်တော် အမှားလုပ်မိကြောင်း ဝန်ခံပါတယ်၊ ဒါပေမယ့် အဲဒါက ရန်သူကို လျှော့တွက်ထားခဲ့လို့ပဲ တန်ပြန်တိုက်ခိုက်တာခံခဲ့ရတာ။ ဒါကြောင့် ကျွန်တော်က ဦးလေးတို့ကို ကျွန်တော့်ခြေရာအတိုင်း လိုက်မလျှောက်စေချင်တာ "
သူတို့နှစ်ယောက် စကားများရန်ဖြစ်တော့မှာကို မြင်သည့် ချန်ရှို့ယွင်က " အိုကေ၊ ကောင်းပြီ၊ ငါတို့အားလုံးက မိသားစုတစ်ခုတည်း။ ဒီအချိန်မှာ ငါတို့က စည်းလုံးပြီး အတူတူရပ်နေသင့်တယ်။ ငါတို့သာ သွေးကွဲသွားရင် ရန်သူရဲ့ထောင်ချောက်ထဲ ကျသွားပြီမဟုတ်ဘူးလား "
ထိုစကားကိုကြားပြီးနောက် ချန်၀မ်ယောင်နှင့် ရှစ်ကျွင်းမင်တို့သည် စိတ်လျော့သွားကြပေမယ့် ရှစ်ကျွင်းမင်၏စကားကို ယုံကြည်ရန်က မဖြစ်နိုင်ပေ။
ချန်ရှို့ယွင်၏ နှုတ်ခမ်းပါးသည် အနည်းငယ်ကွေးတက်သွားပြီး ရှစ်ကျွင်းမင်ကို နှစ်သိမ့်လိုက်သည်။ " စိတ်မပူပါနဲ့ မင်းပြောတာကို အဒေါ်အာရုံစိုက်ပါ့မယ်။ အဒေါ်က သူမကို သွားတွေ့ပြီး စကားပြောကြည့်ရုံတင်ပါ။ တခြားဘာမှ မဟုတ်ဘူး "
လက်ရှိ ဒုက္ခများနေသည့်ကာလ၊ သူမတို့၏ ချန်မိသားစုတွင် မကြာခင်က ပြဿနာများကြောင့် သူမသည် ထုံရွှယ်လူ သို့မဟုတ် ၀မ်ရူကွေ့ကို ယခုအချိန်၌ တိုက်ခိုက်မည်မဟုတ်ချေ။
၀မ်ရူကွေ့နှင့် စေ့စပ်ထားသူကို မြင်လိုရုံသာ ရှိသေးသည် ။ တစ်ဖက်သူသည် အပြစ်ကင်းဖြူစင်သော ကလေးမလေးဖြစ်လျှင် သူမတို့ဘက်သို့ ခေါ်ဆောင်ရန် နည်းလမ်းရှာမည်။ အကယ်၍ ရှစ်ကျွင်းမင်ပြောဆိုသည့်အတိုင်း ကလိမ်ကကျစ်၊ဉာဏ်နီဉာဏ်နက်များသူဆိုရင် နောင်အနာဂတ်တွင် သူမကို ကောင်းကောင်းသတိထားရမည်ပင်။
သူမအား မဖြောင်းဖျနိုင်သည်ကို မြင်ရသည့်အခါ ရှစ်ကျွင်းမင်သည် စကားရပ်ကိုရပ်တန့်ကာ တိတ်ဆိတ်နေလိုက်သည်။
ချန်၀မ်ယောင် နှင့် ချန်ရှို့ယွင်တို့ ထွက်သွားပြီးနောက် ရှစ်ကျွင်းမင်သည် ကျောင်းသို့မပြန်မီတွင် မျက်နှာပေါ်ရှိ ပါးရိုက်ဒဏ်ရာများ မှေးမှိန်သွားသည်အထိ အပြင်၌ စောင့်ဆိုင်းနေခဲ့သည်။
သူ အိပ်ဆောင်ထဲဝင်လိုက်သည့်အခါ အခန်းဖော်က စိတ်လှုပ်ရှားသည့်မျက်နှာနှင့် လှမ်းဝင်လာသည်ကို တွေ့လိုက်ရသည်။ " ဟျောင့်တွေ ၊ ပေကျင်းဆရာအတတ်သင်တက္ကသိုလ်မှာ အယောင်ဆောင်ကျောင်းသားတစ်ယောက်ရှိတယ်၊ မင်းတို့ အဲဒီအကြောင်း ကြားပြီးပြီလား "
ရှစ်ကျွင်းမင်လွဲ၍ တခြားသူများက ခေါင်းညိတ်ပြသည် ။
" အယောင်ဆောင်ကျောင်းသားကို ကျောင်းကထုတ်ပယ်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲဖို့ အရည်အချင်းမပြည့်မီဆိုပြီး သတ်မှတ်လိုက်တယ်လို့ ကြားတယ် "
အခန်းဖော်က ခေါင်းညိတ်သည်။
" ဟုတ်တယ်၊ ဒါပေမယ် ဒီပြစ်ဒဏ်က လျော့ပေါ့လွန်းတယ်လို့ မထင်ဘူးလား။ မင်းတို့ အဲဒီလူရဲ့နေရာ အစား၀င်နေကြည့်။ တခြားတစ်ယောက်ယောက်က မင်းတို့ရဲ့ ရမှတ်တွေကို အတုအပပြုလုပ်ခဲ့ရင် တစ်ဖက်လူ နှင်ထုတ်ခံရုံနဲ့ ကျေနပ်နိုင်ပါ့မလား "
အိပ်ဆောင်ထဲက လူတော်တော်များများသည် ခေတ္တခန့် စဉ်းစားပြီးနောက် ခေါင်းယမ်းကြသည်။
" ကျိန်းသေ မဟုတ်ဘူးပေါ့ "
" ဒါပေမယ့် မကျေနပ်ဘူးဆိုရင်ရောဘာလုပ်နိုင်မှာလဲ။ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနနဲ့ တက္ကသိုလ်က ဆုံးဖြတ်ခဲ့တာ ငါတို့ကဘာများလုပ်နိုင်မှာလဲ "
အခန်းဖော်ကပြောသည်။ " ဒါကြောင့် ပြစ်ဒဏ်တိုးမြှင့်ပေးဖို့အတွက် ပညာရေးဝန်ကြီးဌာနကို ဆန္ဒပြတောင်းဆိုတဲ့နေရာမှာ ငါတို့ပူးပေါင်းဖို့ လိုအပ်တဲ့အချက်ပဲ။ အယောင်ဆောင်သူတွေကို ဒီလိုမျိုး လွယ်လွယ်နဲ့ လွှတ်မပေးလိုက်နိုင်ဘူး "
ထိုစကားကိုကြားပြီးနောက် ရှစ်ကျွင်းမင်၏ လက်ထဲမှ ကြွေအိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ရေများ ကြမ်းပြင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
သူက တစ်ဖက်လူကို မျက်လုံးများ ပြူးကျယ်စွာ ကြည့်ရင်း " မင်း အခုလေးတင် ဘာပြောလိုက်တာလဲ၊ ပူးပေါင်းဆန္ဒပြတယ်ဟုတ်လား "
အခန်းဖော်က ပြတ်သားစွာ ခေါင်းညိတ်သည်။
" ဟုတ်တယ်၊ ကျောင်းသားသမဂ္ဂတစ်ခုလုံးက ဒီကိစ္စကို ဆွေးနွေးနေတာ။ သူတို့က ကျောင်းက ကျောင်းသားတွေအားလုံး စုပေါင်းဆန္ဒပြဖို့ ပြင်ဆင်နေတယ်။ ပြင်ပရေးရာဌာနက တခြားတက္ကသိုလ်က ကျောင်းသားတွေနဲ့ ပူးပေါင်းဆန္ဒပြလိမ့်မယ်။ ဒီကိစ္စကို အာရုံစိုက်မှုခံလာရရင် ပညာရေးဝန်ကြီးဌာနက ကျောင်းသားတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုလိမ့်မယ် "
" ငါပြောချင်တာ...ဒီကိစ္စက မင်းနဲ့မသက်ဆိုင်ဘူးလို့ မထင်ကြနဲ့။ အယောင်ဆောင်သူကို ဒီနေ့ ပေါ့ပေါ့တန်တန် ခွင့်လွှတ်ပေးလိုက််တယ်ထားပါတော့။ ဘယ်သူသိမလဲ နောင်အနာဂတ်တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က မင်းတို့ရဲ့ မိသားစု ဒါမှမဟုတ် ဆွေမျိုးတွေနေရာမှာ အစားထိုးအယောင်ဆောင်နိုင်တယ်။ ဒီလိုလူတွေကို ဥပဒေကိုအသုံးပြုပြီး သင်ခန်းစာပေးဖို့လိုအပ်တယ် "
အိပ်ဆောင်ရှိလူများက ခေါင်းညိတ်ကြပြန်သည်။
" မင်းပြောတာမှန်တယ်၊ အယောင်ဆောင်တဲ့သူကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်လို့ မရဘူး "
" ဘယ်တော့ ဆန္ဒပြမှာလဲ၊ အချိန်ကျရင် ငါ့ကို ထည့်ရေတွက် "
"ငါ့ကိုရောပဲ"
"...."
ရှစ်ကျွင်းမင်၏မျက်နှာမှာ သွေးများ ချက်ချင်း ကုန်စင်သွားပုံရပြီး စာရွက်ကဲ့သို့ ဖြူဖျော့သွားသည် ။
ချန်ကျစ်ယဲ့အား အလုပ်ကြမ်းစခန်းသို့ အမှန်တကယ် ပို့လိုက်လျှင် ချန်မိသားစုသည် ပို၍မကျေမနပ်ဖြစ်ကာ သူ့ကိုပင် မုန်းတီးသွားနိုင်ပြီး ရှစ်နှင့်ချန်မိသားစုအကြားရှိ မဟာမိတ်ဆက်ဆံရေးများ ပြီးဆုံးသွားမည်ဖြစ်သည်။
ထုံရွှယ်လူ၏ မျက်နှာသည် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ အကြောင်းတစ်ခုခုကြောင့် ဤကိစ္စသည် ထုံရွှယ်လူနှင့် သက်ဆိုင်သည်ဟု သူ ခံစားမိနေသည်။
သူမသာ အမှန်တကယ်ပြုလုပ်ခဲ့လျှင် သူမ၏ အကြံအစည်များမှုသည် ကြောက်စရာကောင်းပေသည်။
ဤအသက်အရွယ်၌ သူမတွင် ဤကဲ့သို့ လှည့်ကွက်များရှိနေသည်။ နောင်အနာဂတ်၌ ၀မ်မိသားစုနှင့် ထိမ်းမြား လက်ထပ်ခဲ့လျှင် ရှစ်နှင့်ချန်မိသားစုတို့က ၀မ်မိသားစုအား ဖြုတ်ချရန်မှာ ဖြစ်နိုင်ဦးမည်လား။
ထိုသည်ကိုတွေးမိလျှင် ကြွေခရားအိုးကို ကောက်ကိုင်ကာ စားပွဲပေါ်တင်ပြီးနောက် မျက်မှောင်ကြုတ်၍ အိပ်ဆောင်ထဲမှ ပြေးထွက်သွားလေသည်။