🍵Chapter 279
တနင်္ဂနွေနေ့တွင် ထုံရွှယ်လူကျောင်းသို့ပြန်လာသည့် လမ်းတစ်လျှောက်၌ လူပေါင်းများစွာ ဆန္ဒပြပွဲ၌ပါ၀င်ရန် ဆွေးနွေးနေသည်ကိုကြားခဲ့ရသည်။
ကျောင်းသားသမဂ္ဂသည် ၎င်း၏လုပ်ငန်းတွင် အလွန်ထိရောက်သည်။ ယခုအခါတွင် ကျောင်းဝင်းအတွင်း စားပွဲတစ်ခုဆီသို့ ရွှေ့သွားပြီး ယင်းကိစ္စကို လူသိများစေရန် ကျောက်သင်ပုန်းတစ်ခုထောင်ထားခဲ့သည်။
ဖြတ်သွားသော ကျောင်းသားများက ထိုအကြောင်းကို သိရှိသောအခါ ထောက်ခံကြောင်း ဖော်ပြကြသည်။
ပြင်းပြင်းထန်ထန် လူသိရှင်ကြား ကြေညာခြင်းကို မြင်သည့်အခါ ထုံရွှယ်လူ၏ နှုတ်ခမ်းက ပင့်တက်သွားပြီး ထို့နောက် လမ်းလျှောက်သွားကာ သူမ၏အမည်ကို ရေးထိုးလိုက်သည်။
ကျောင်းသားများ၏ အင်အားသည် အလွန်အားနည်းသော်လည်း ပိုမိုအားကောင်းလာစေရန် ပို၍စုစည်းလျှင် ၊ ထို့အပြင် တက္ကသိုလ်အများအပြားက ပူးပေါင်းဆန္ဒပြလျှင် ပညာရေးဝန်ကြီးဌာနအား ပြစ်ဒဏ်ကို တိုးမြှင့်ပေးစေနိုင်မည်။
အကယ်၍ အလုပ်မဖြစ်လျှင်တောင် သူမ၌ ဆုံးရှုံးစရာ မည်သည့်အရာမှမရှိပေ။
အိပ်ဆောင်သို့ပြန်ရောက်ပြီးနောက်တွင် အိပ်ဆောင်တွင်မရှိသော ကျန်းပိုင်ဟွေ့ မှလွဲ၍ ကျန်ရှိသူအားလုံးသည် အိပ်ဆောင်ထဲတွင် စာလုပ်နေကြသည်။ ကောင်းမင် အဆောင်ပြောင်းသွားသည့်အချိန်ကတည်းက အိပ်ဆောင်အတွင်းရှိ လေထုသည် များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။
ကျန်းပိုင်ဟွေ့နှင့် ရှဲ့ရှောင်ယန့်တို့သည် ဖော်ဖော်ရွေရွေ၊ရွှင်ရွှင်ပျပျ နေတတ်သူများဖြစ်ကြသည်။ ချွေ့ရုန်ရုန်နှင့် ထျန်ဖုန်းကျစ်တို့သည် ပို၍ ဣန္ဒြေရှိသူများဖြစ်ကြပြီး ပြဿနာရှာတတ်သူများမဟုတ်ကြချေ။ လင်းလန်ကျွမ်းနှင့် ကောင်းမင်သာလျှင် ကျန်ရှိသည်။
သို့သော် လင်းလန်ကျွမ်းသည် ကိုယ့်ကိုယ်ကို လေးစားမှုအားနည်းပြီး ရှက်တတ်သူဖြစ်သည်။ ကောင်းမင်က သူမကို နောက်ကွယ်မှ အားပေးနေလျှင်တောင် ပြဿနာမရှာဝံ့ချေ။
ထို့ကြောင့် အိပ်ဆောင်အတွင်းရှိ ဆက်ဆံရေး ပိုမိုသဟဇာတဖြစ်လာပုံရသည်။ ရံဖန်ရံခါ သေးငယ်သော သဘောထားကွဲလွဲမှုများရှိသော်ငြား ၎င်းတို့ကို လျင်မြန်စွာ မေ့ပျောက်လိုက်ကြပြီး လူတိုင်း၏ အာရုံစိုက်မှုသည် စာလေ့လာခြင်းသို့ ပြန်လည်ရောက်ရှိသွားကြသည်။
နောက်တစ်နေ့ အင်္ဂလိပ်ဘာသာပြန်အတန်းတွင် အတန်းပိုင်ဆရာက ကျောင်းသူအသစ်ကို လူတိုင်းအား မိတ်ဆက်ပေးသည်။
" ဒါက တခြားဌာနက ပြောင်းရွှေ့လာတဲ့ ကျောင်းသူချန်ချိုက်ရှင်း။ သူမက အခုမှစပြီး မင်းတို့အားလုံးနဲ့ စာသင်လိမ့်မယ်။ အားလုံးပဲ သူမကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြရအောင် "
အတန်းထဲတွင် ချက်ချင်း လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
စကတ်ရှည်ဝတ်ထားသော ချန်ချိုက်ရှင်းသည် စင်မြင့်ပေါ်သို့တက်သွားကာ အဖြူရောင်သွားများကိုပြသကာ ပြုံးရယ်ရင်း " မင်္ဂလာပါ အင်္ဂလိပ်စာဌာနက အတန်းဖော်တို့၊ ငါ့နာမည်က ချန်ချိုက်ရှင်းပါ။ ချန်ကျုံးရှုးရဲ့ ချန်၊ ချိုက်၀မ်ကျိီးရဲ့ ချိုက်၊ ရှင်းရှင်းရှန့်ရုန် ရဲ့ ရှင်း။ အားလုံးပဲ ငါ့ကို အခုကတည်းက ရှင်းရှင်းလို့ ခေါ်နိုင်ပါတယ် "
" ငါက အရင်က ပြင်သစ်ဌာနက ကျောင်းသူသစ်တစ်ယောက်ပါ။ ငါ့မိဘတွေက ပြင်သစ်မှာ သံအမတ်အဖြစ်အလုပ်လုပ်တယ်။ ငါ့မှာ ပြင်သစ်စာလေ့လာတဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်။ အကယ်၍ နောင်အနာဂတ်မှာ ပြင်သစ်စာကို သင်ယူချင်ရင် ငါ့ဆီကို လာခဲ့ပါ။ လာမယ့်နေ့ရက်တွေမှာ ငါတို့တွေ အတူတူလေ့လာရင်း တိုးတက်ကြပြီး ဆိုရှယ်လစ်စနစ်ကို ဆက်ခံသူများ ဖြစ်လာကြရအောင် ကြိုးစားကြစို့ ..."
ဖြောင်း..ဖြောင်း...ဖြောင်း... ။
ချန်ချိုက်ရှင်း သူမကိုယ်သူမ မိတ်ဆက်ပြီးသည့်နောက် စာသင်ခန်းသည် နောက်တစ်ဖန် အင်တိုက်အားတိုက် လက်ခုပ်သြဘာပေးသံများဖြင့် ပြည့်နက်သွားပြန်သည်။
" ဝေါင်း ၊ အရင်က တခြားလူတွေနဲ့ မတူဘူးလို့ ထင်ခဲ့တာ အံ့သြစရာ မဟူတ်တော့ဘူး။ ဘယ်လို ပြောရမလဲ၊ သူမက ပညာတတ်တွေနဲ့တူတဲ့ ကျက်သရေရှိမှုမျိုးရှိနေတယ်လို့ ထင်ခဲ့တာ၊ သူ့မိဘတွေက ပြင်သစ်မှာ နေထိုင်တဲ့ သံအမတ်တွေဖြစ်နေတာပဲ "
" ငါ သူမအကြောင်း အရင်က ကြားဖူးတယ်။ ပြင်သစ်ဌာနက ဆရာမတွေက သူမရဲ့ အသံထွက်က အရေးစံနှုန်းမီလို့ ချီးကျူးကြတယ် "
" သူမက ပြင်သစ်စာ အရမ်းတော်တယ်ဆိုရင် ဘာလို့ ငါတို့ အင်္ဂလိပ်စာဌာနကို ပြောင်းလာတာလဲ "
" အဲဒါကို ငါသိတယ်..."
အတန်းပိုင်ဆရာမက စားပွဲကို လက်ဖြင့်ပုတ်ကာ " ဟုတ်ပြီ၊ အားလုံးပဲ တိတ်ကြမယ်။ ရှင်းရှင်း ထိုင်ခုံရှာထိုင်လိုက်နော်။ အတန်းစကြရအောင်"
ချန်ချိုက်ရှင်းက ပြုံးပြုံးလေး ခေါင်းညိတ်ပြပြီး စာသင်ခန်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် ထုံရွှယ်လူ ၏ ဘေးခုံဆီသို့ လမ်းလျှောက်သွားသည်။
" အတန်းဖော်ထုံ၊ ငါတို့ပြန်တွေ့ကြပြီ။ နင့်ဘေးမှာ ငါထိုင်ရင် စိတ်မရှိဘူးမလား "
ထုံရွှယ်လူက သူမကို ကြည့်လိုက်ပြီး ပြန်ဖြေသည်။ "ငါ မဖြစ်ပါဘူး "
ချန်ချိုက်ရှင်းသည် သူမ၏ ဘေးတွင်၀င်ထိုင်ပြီးနောက် အတန်းစတင်သည်။ ထုံရွှယ်လူသည် အင်္ဂလိပ်စာဌာနတွင် အလှဆုံးသောကျောင်းသူအဖြစ် သတ်မှတ်ခံထားရသည်။ ယခုအခါ အတန်းထဲတွင် နောာက်ထပ်လှပသောကျောင်းသူလေးတစ်ယောက် ရောက်ရှိလာသည်။ နှစ်ယောက်လုံးက ချောမောကြပြီး အတူတူ ထိုင်နေကြကာ လူတိုင်းမှာ သူမတို့အား မကြည့်၍ မနေနိုင်ကြချေ။ ထိုမြင်ကွင်း မှာ အလွန်မျက်စိပဒါသဖြစ်သည်ပင်။
အတန်းပိုင်ဆရာသည်ပင် သူမတို့ကို အကြိမ်အနည်းငယ် ပိုမိုအာရုံစိုက်ကာမေးခွန်းများကို ဖြေဆိုခိုင်းသည်။
ထုံရွှယ်လူသည် လူအများ၏ အာရုံစိုက်မှုကို စိတ်မ၀င်စားဘဲ သူမ၏လေ့လာမှုကိုသာ အာရုံစိုက်သည်။
သူမသည် မကြာသေးမီက အရှိန်မြှင့်၍ စာလေ့လာနေခဲ့သည်။ လာမည့် စာသင်နှစ်၏ ပြဌာန်းစာအုပ်များကို စတင်လေ့လာရန် စီစဉ်ထားပြီး အတန်းကျော်တက်ရန် ဌာနသို့ လျှောက်ထားမည်။
ချန်ချိုက်ရှင်းသည် ထုံရွှယ်လူ၏ဘေးတွင်ထိုင်နေကာ သူမ၏မျက်လုံးများက ထုံရွှယ်လူအပေါ်ကျရောက်သွားပြီး ထုံရွှယ်လူက အတန်းထဲတွင် အလွန်လေးနက်သည်ကိုတွေ့လိုက်ရသဖြင့် သူမသည်လည်း ချက်ချင်းပင် စာလေ့လာခြင်းကို အာရုံစိုက်လိုက်သည်။
အတန်းပြီးသောအခါ ရှဲ့ရှောင်ယန့်က ထုံရွှယ်လူကို သန့်စင်ခန်းဆီသို့ ဆွဲခေါ်သွားသည်။
ချန်ချိုက်ရှင်းက ပြင်သစ်ဌာနမှ သူမ၏အတန်းဖော်များထံမှ တစ်စုံတစ်ခုယူရန် သွားသည်။ သူမ ပြန်ရောက်သောအခါတွင် အတန်းဖော်များက သူမအကြောင်းပြောနေကြသည်ကို ကြားလိုက်ရသည်။
" ဘယ်သူ ပိုလှတယ်လို့ ထင်လဲ၊ ထုံရွှယ်လူလား။ အသစ်ရောက်လာတဲ့ ချန်ချိုက်ရှင်းလား "
" ငါကတော့ ချန်ချိုက်ရှင်းလို့ထင်တယ် သူမရဲ့ စိတ်သဘောထားက အရမ်းကောင်းပြီး သူမ ဝတ်တဲ့ဂါ၀န် တွေကို သဘောကျတယ်၊ အဲဒါတွေက အရမ်းလှတယ် "
" ငါလည်း ချန်ချိုက်ရှင်းက ပိုလှတယ်ထင်တယ်၊ အဲဒီဂါ၀န်တွေကို သူမ ဘယ်ကဝယ်ခဲ့လဲ သိချင်လိုက်တာ။ ငါလိုချင်တယ် "
ချန်ချိုက်ရှင်းက ထိုစကားကိုကြားလိုက်သည့်အခါ သူမ၏ နှုတ်ခမ်းထောင့်များက ပင့်တင့်ကာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်သည့် အပြုံးတစ်ခု သူမမျက်၀န်းထဲ၌ လင်းလက်လာသည်။
သို့သော် နောက်အခိုက်အတန့်၌ အတွင်းထဲက တစ်ယောက်ယောက်က ပြန်လည်ချေပလာသည်။
" ဘယ်သူက ပိုလှလဲလို့မေးတာ ဘယ်သူ့ဂါ၀န်က ပိုလှလဲကိုမေးတာမဟုတ်ဘူး။ ငါ့အမြင်အရတော့ ထုံရွှယ်လူက အလှဆုံးပဲ"
" မျက်နှာသွင်ပြင်အရဆိုရင် ထုံရွှယ်လူက သေချာပေါက်အလှပဆုံးပဲ။ သူမရဲ့ မျက်နှာသွင်ပြင်က ထင်ရှားလွန်းတယ်။ ပန်းချီကားထဲက ဇာတ်ကောင်တွေလိုပဲ "
" ဟုတ်တယ်၊ ငါ သူမကို ပထမဆုံးအကြိမ်တွေ့လိုက်ရတုန်းကဆိုရင် အံ့အားသင့်လုနီးပါး ဖြစ်ခဲ့တယ်။ တကယ့်လက်တွေ့ဘဝမှာ လူတစ်ယောက်က မျက်နှာမှာ အပြစ်အနာအဆာမရှိ၊ အသားအရည်ကလည်း ဖြူဖွေးပြီး ဒီလောက်တောင်လှမယ်လို့ မမျှော်လင့်ထားဘူး "
" ငါ သူမရဲ့ အသားအရေကို အားကျတယ်။ ချန်ချိုက်ရှင်းက လှပေမယ့် သူမရဲ့ အသားအရေက နည်းနည်းညိုပြီးမျက်နှာမှာ အစက်အပြောက်လေးတွေ ရှိတယ် "
ချန်ချိုက်ရှင်း၏မျက်နှာပေါ်က အပြုံးသည် တောင့်တင်းသွားပြီး ရုတ်တရက် အားသုံးကာ ခဲတံဘူးကို ပိတ်ပစ်လိုက်သည်။
အတန်းထဲရှိ အခန်းဖော်တော်တော်များများသည် အသံကြားသည့်အခါ လှည့်ကြည့်ကြပြီး ချန်ချိုက်ရှင်း၏ ဖုံးကွယ်မထားလုနီးပါးဖြစ်သည့် ဒေါသကို မြင်လိုက်ရသည်။ လေထုသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
ဤအခြေအနေက ကသိကအောက်ဖြစ်စရာပင်။
ချန်ချိုက်ရှင်းက သူမ၏ဒေါသများကို ချက်ချင်း မြိုသိပ်လိုက်ပြီး တောက်ပသည့် အပြုံးဖြင့် " နင်တို့ ဘာတွေပြောနေကြတာလဲ။ ငါ ဘယ်လောက်ကံဆိုးလိုက်သလဲ နင်တို့ မသိဘူး။ ပြန်လာတုန်းက လမ်းမှာ ခဲတံဘူးကို မတော်တဆ ခွဲလိုက်မိတယ်။ ဒါက ငါ့အဖေက ပြင်သစ်ကနေ အထူးယူလာခဲ့တာ "
သူမ မျက်နှာပေါ်ရှိ ဒေါသများ ပျောက်ကွယ်သွားသည်ကို လူတိုင်း မြင်လိုက်ကြပြီး ယခု သူတို့ ဆွေးနွေးနေခဲ့ကြသည်ကို သူမ သိပုံမရချေ။ သူတို့ သက်ပြင်းချလိုက်ကြပြီးနောက် အကြောင်းအရာကို ခဲတံဘူးဆီသို့ လှည့်လိုက်ကြသည်။
" ပြင်သစ်က ယူလာတဲ့ စာရေးကိရိယာကို မတွေ့ဖူးသေးဘူး "
" ကွဲသွားတာ နှမြောစရာပဲ၊ ပြင်လို့ရ သေးလား "
ချန်ချိုက်ရှင်းက သာမန်မျှဖြစ်သောလေသံဖြင့် ပြောသည်။ " ပြင်လို့ရမလား မရဘူးလား မသိပါဘူး။ ပြင်လို့မရရင်လဲ ကိစ္စမရှိပါဘူး၊ နောက်တစ်ခု ပြန်ပို့ပေးလို့ ငါ့အဖေကို တောင်းဆိုလို့ရတယ် "
ထိုစကားကိုကြားသည့်အခါ လူအုပ်ကြီးက မနာလိုသည့်အသံများ ပြုလုပ်ကြသည်။
" သံအမတ် ဖခင်တစ်ယောက်ရှိတာ အားကျဖို့ကောင်းလိုက်တာ "
" ရှင်းရှင်း နင် ပြင်သစ်ကို ရောက်ဖူးလား "
ချန်ချိုက်ရှင်းက ခေါင်းခါပြီး " မရောက်ဖူးဘူး၊ ဒါပေမယ့် ငါ့မိဘတွေက ပြင်သစ်ကနေ ပို့စကတ်တွေနဲ့ ဓာတ်ပုံတွေ အများကြီးကို ပြန်ပို့ခဲ့လို့ ပြင်သစ်မှာ လူ တွေ အရမ်းစိတ်ဝင်စားတဲ့ နေရာတော်တော်များများကို ငါသိတယ်။ ပြီးတော့ ငါ့မိဘတွေက ငါ ဘွဲ့မရခင် နိုင်ငံခြားကို ခရီးထွက်ဖို့ နည်းလမ်းရှာ ပေးမယ်လို့ ပြောတယ် "
" ဝေါင်း ငါ နင့်ကို အားကျလိုက်တာ။ပြင်သစ်က ရှုခင်းတွေက အရမ်းလှတယ်လို့ ကြားတယ်။ ပြီးတော့ ပြင်သစ်လူမျိုးတွေကလည်း ငါတို့နဲ့ လုံးဝမတူဘူးတဲ့ "
" ငါလည်း ကြားဖူးတယ်။ ပြင်သစ်မှာရှိတဲ့ လ က ငါတို့ဆီကထက် ပိုဝိုင်းပြီး ပိုကြီးတယ်တဲ့ "
၎င်းတို့ ဆွေးနွေးနေစဉ်၌ ထုံရွှယ်လူက ၀င်လာခဲ့ပြီး နီးကပ်လာသည်နှင့်အမျှ ၎င်းတို့၏ စကားဝိုင်းကို ကြားလိုက်ရသည် ။
သူမ၏ ပါးစပ်ထောင့်များ ကြိမ်ဖန်များစွာ တွန့်ချိုးသွားသော်လည်း ရူးသွပ်သည့် စကားလုံးများကို ပြုပြင်မပေးချေ။
ချန်ချိုက်ရှင်းသည် ထုံရွှယ်လူ ပြန်လာသည်ကိုမြင်သောအခါတွင် သူမ၏ အကြည့်များက ဖြူဖွေးကာ အပြစ်အနာအဆာကင်းမဲ့သော မျက်နှာပေါ် ကျရောက်သွားပြီး မနာလိုမှု အရိပ်အယောင်များက မျက်လုံးထဲတွင် ပေါ်လာသည်။
" အတန်းဖော်ထုံ ၊ နင့်မျက်နှာက အရမ်းဖြူဖွေးတယ်နော်။ နင် တစ်ခုခု လိမ်းထားတာလား "
ထုံရွှယ်လူက သူမကိုယ်တိုင် ဤမေးခွန်းကို မေးလိမ့်မည်လို့ မမျှော်လင့်ထားချေ။ သူမ အံ့ဩသွားပြီးနောက် ခေါင်းခါလိုက်သည်။
" ဟင့်အင်း "
ချန်ချိုက်ရှင်းက မယုံကြည်ပေ။ " နင် တစ်ခုခု လိမ်းထားတာ ဖြစ်ရမယ်။ မဟုတ်ရင် အသားအရေက ဘာလို့ ဒီလောက်ဖြူနေမှာလဲ။ ငါတို့ကို မြန်မြန်ပြောပြ "
ထုံရွှယ်လူက သူမ၏ဘေးကို တစ်ချက်ကြည့်လိုက်ပြီး " ငါက သဘာဝအတိုင်း လှနေတာ.. ငါ့အသားအရေက အရမ်းဖြူတယ် "
ချန်ချိုက်ရှင်း " ..... "
လူတိုင်း " ..... "
ချန်ချိုက်ရှင်းက သူမ၏ ခန္ဓာကိုယ် အနေအထားကို တည့်မတ်လိုက်ပြီးနှုတ်ခမ်းများကို ဆူလိုက်သည်။
" အတန်းဖော်ထုံ ဘာတွေပြောနေတာလဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှုရှိတာပဲနော်။ ကိုယ့်ကိုယ်ကိုယ် အရမ်းချီးမွမ်းတဲ့သူကို ပထမဆုံးတွေ့ဖူးခြင်းပဲ "
ထုံရွှယ်လူ သူမ၏မျက်လုံးများကို ဝေ့ဝှိုက်လိုက်သည် ။ " ယုံကြည်မှာရှိတာ မကောင်းလို့လား။ တခြားသူတွေက မင်းကို ချီးကျူးပြီး လှတယ်လို့ပြောရင် နှိမ့်ချပြီး ရုပ်ဆိုးပါတယ်လို့ ပြောတတ်တဲ့ လူကြီးတွေလိုပဲ ဖြစ်ရမှာလား "
ချန်ချိုက်ရှင်းမှာ ဆို့နင်သွားလေသည်။ "....."
ကျန်းပိုင်ဟွေ့က ရုတ်တရက် ရယ်မောလိုက်သည်။
" ရွှယ်လူရဲ့ ယုံကြည်မှုရှိတဲ့ သဘောထားကို ငါ သဘောကျတယ်။ နောင်မှာ တစ်ယောက်ယောက်က ငါ့ကို ချီးမွမ်းလာရင် အဲဒါကို ပွင့်ပွင့်လင်းလင်း ဝန်ခံပစ်မယ် "
ရှဲ့ရှောင်ယန့်လည်း ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်သည်။
" ဝန်ခံရတာ နည်းနည်းရှက်စရာကောင်းပေမယ့် ချီးမွမ်းခံရတဲ့အခါ မိသားစု၀င် အချင်းချင်း လှည့်ပတ်ပြီး နှိမ့်ချပြောဆိုသိမ််ငယ်စေတဲ့ မျိုးဆက်ဟောင်းတွေနဲ့ ယှဉ်ရင် ထုံရွှယ်လူရဲ့ ယုံကြည်ချက်ရှိတဲ့ သဘောထားက အရမ်းကောင်းတယ်လို့ ထင်တယ် "
အခြားအတန်းဖော်များသည်လည်း ငယ်စဉ်ကလေးဘ၀မှ အရွယ်ရောက်သည်အထိ မိသားစုဝင်များ၏ နှိမ့်ချခံရခြင်း အတွေ့အကြုံများကို ပြောဆိုကြသည်။ သူတို့၏ ရုပ်ရည်ကြည့်ကောင်းသည်မှာ သေချာသော်လည်း သူတို့၏ မိသားစုဝင်များက ၎င်းတို့သည် ရုပ်ဆိုးသည်ဟု အခိုင်အမာ ပြောဆိုကြသည်။
သူတို့၏ အဆင့်များသည် သိသိသာသာ ကောင်းပေမယ့် တစ်ယောက်ယောက်ကချီးကျူးသည့်အခါ မိသားစု၀င်များက တုံးအသည် သို့မဟုတ် ဆိုးသွမ်းသည်ဟု အခိုင်အမာပြောဆိုကြသည်။ တိုတိုပြောရလျှင် အနှုတ်သဘောဆောင်သည့် အရာအားလုံးပင်။
" ဟေး အဲဒီအကြောင်းမပြောနဲ့တော့ ။ အဲဒါတွေကြောင့် ငါ့မှာ ငါ့ကိုယ်ငါ ယုံကြည်ချက်မရှိဘူး "
" ငါလည်း အနာဂတ်မှာ ထုံရွှယ်လူဆီက သင်ယူပြီး ယုံကြည်မှု ပိုရှိလာဖို့ လုပ်မယ် "
" ငါရောပဲ ..."
အတန်းဖော်များက ရုတ်တရက် လေသံများကို ပြောင်းလဲကာ ထုံရွှယ်လူအား ချီးကျူးကြသည့်အခါ ချန်ချိုက်ရှင်းသည် ဘေးဘက်တွေထားရှိသော သူမလက်များကို လက်သီးဆုပ်လိုက်ပြီး မျက်လုံးများက နီရဲလာလေ၏။
🍵
နောက်နှစ်ရက်အကြာတွင် အမျိုးသမီးများနေ့၌ ဌာနတစ်ခုစီ ဖျော်ဖြေပွဲတစ်ခုကျင်းပရမည်ဖြစ်ကြောင်း ကျောင်းမှ အသိပေးစာထုတ်ပြန်ခဲ့သည်။
အတန်းပိုင်ဆရာက ဤသတင်းယူဆောင်လာပြီး မည်ကဲ့သို့ တင်ဆက်ကြမည်ကို ကျောင်းသားများအား အကြံဥာဏ်ထုတ်ခိုင်းသည်။
ထုံရွှယ်လူသည် ဤကဲ့သို့သော လှုပ်ရှားမှုများကို စိတ်မ၀င်စားချေ။ သူမသည် ပတ်ဝန်းကျင်ရှိ စကား၀ိုင်းများကို လျစ်လျူရှုကာ မီးနင်းများကိုသာ စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုနေခဲ့သည်။
ချန်ချိုက်ရှင်းက သူမကို ကြည့်လိုက်ပြီး နောက် လက်ကို မြှောက်ကာ မတ်တပ်ထရပ်သည်။
" ဆရာ ဟွမ်၊ ဒီပွဲကို တာဝန်ယူတဲ့လူအဖြစ် သမီးကိုယ်သမီး အကြံပြုချင်ပါတယ်။ သမီးက ငယ်ငယ်လေးကတည်းက အတန်းထဲမှာ ကေဒါ*ဖြစ်ခဲ့ပြီး ပွဲအခမ်းအနားတွေ စီစဉ်တဲ့နေရာမှာ အတွေ့အကြုံများပါတယ် "
(T/N - ကဏ္ဍတစ်ခုခုမှာလေ့ကျင့်သင်ကြားပေးခံထားရသူ)
" ပြီးတော့ သမီးအဒေါ်က ယဉ်ကျေးမှုအဖွဲ့ရဲ့ ဒါရိုက်တာမို့လို့ ငယ်ငယ်ကတည်းက သူမရဲ့ အစမ်းလေ့ကျင့်တဲ့ ဖျော်ဖြေပွဲအစီအစဥ်တွေကို ကြည့်ခဲ့ဖူးပါတယ်။ သမီးတို့အဖွဲ့က လူတွေကြားမှာ ထင်ရှားမယ်လို့ ယုံကြည်ချက်ရှိပါတယ် "
အတန်းပိုင်ဆရာ၏ မျက်လုံးများ တောက်ပလာပြီး သူမအား နှစ်ထောင်းအားရခြင်းများနှင့် ကြည့်သည်။ " အရမ်းကောင်းတယ်၊ ကျောင်းသူချန်။ ကိုယ့်ကိုယ်ကိုယ် အကြံပြုချက်ပေးနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိမှုကို ဆရာ တကယ်တန်ဖိုးထားတယ်၊ ဒါကြောင့် သမီးက ဒီဖျော်ဖြေမှုကို တာဝန်ယူရမယ့်သူဖြစ်တယ် "
ချန်ချိုက်ရှင်းသည် မာနကြီးသောဒေါင်းတစ်ကောင်လို ရင်ဘတ်ကို ဖွင့်ဟရင်း " ဟုတ်ကဲ့ပါ ဆရာဟွမ်၊ ဆရာရဲ့မျှော်လင့်ချက်အတိုင်း သမီးသေချာပေါက် ပြုလုပ်ပါ့မယ် "
သူမ ပြောပြီးသည့်အခါ အတန်းပိုင်ဆရာ ထပ်ပြောသည်ကို ကြားလိုက်ရသည်။
" သမီးတစ်ယောက်တည်းတော့ တာဝန်မယူနိုင်မှာစိုးတယ်။ ဒါကြောင့် နောက်ထပ်သမီးနဲ့အတူ တာ၀န်ယူမယ့်သူ တစ်ယောက်ရှိရင်ရော။ ကျောင်းသူထုံ၊ သူမနှင့် အတူတူ အစီအစဉ်ကို တာဝန်ယူဖို့ဆန္ဒရှိလား "
ချန်ချိုက်ရှင်း၏အပြုံးသည် အေးခဲသွား၏။
"....."
ထုံရွှယ်လူက သူမ၏ အတွေးကို ပြန်ပြောပြသည်။
" ဆရာ သမီးကို ဒီလို တာဝန်တစ်ခု ပေးခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်၊ ဒါပေမယ့် သမီးက အတန်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ထားပြီးပြီမို့ ဒီအခွင့်အရေးကို တခြားအတန်းဖော်တွေဆီ ပေးချင်ပါတယ်။ ကျန်းပိုင်ဟွေ့က ပွဲအခမ်းအနားတွေ စီစဉ်တဲ့နေရာမှာ အရမ်းတော်တယ်လို့ သမီးထင်တယ် "
ထိုစကားကိုကြားသည့်အခါ အတန်းပိုင်ဆရာက ထုံရွှယ်လူကို သဘောကျစွာ ကြည့်လိုက်သည်။
" ကျောင်းသူထုံရဲ့ တခြားသူတွေအပေါ်ထားရှိတဲ့ စိတ်သဘောထားက သင်ယူရကျိုးနပ်တယ်။ ဒါဆို ကျောင်းသူထုံရဲ့ အကြံပြုချက်ကို လိုက်နာပြီး ကျောင်းသူကျန်းကို အခြားတာ၀န်ရှိသူတစ်ဦးအဖြစ် တာဝန်ယူခွင့်ပေးလိုက်မယ် ။ ကျောင်းသူကျန်းရော တာဝန်ယူဖို့ ယုံကြည်ချက်ရှိလား "
ကျန်းပိုင်ဟွေ့မှာ ရုတ်တရက် အမည် ခေါ်ခံရပြီး သူမ၏မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် နီရဲသွားသည်။
" ဟုတ်ကဲ့၊ သမီးယုံကြည်ချက်ရှိပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာဟွမ်၊ ရွှယ်လူကိုလည်း ကျေးဇူးတင်ပါတယ် "
အတန်းထဲက အခြားကျောင်းသားမျာကလည်း ထုံရွှယ်လူ၏ အခြားကျောင်းသားများအပေါ် တွေးပေးတတ်သော စိတ်ဓာတ်ကို ချီးကျူးကြသည်။
ချန်ချိုက်ရှင်း၏ မျက်နှာသည် ဒေါသများကြောင့် ငါးပူတင်းကဲ့သို့ ဖောင်းကားနေသည်ကို မည်သူမျှ သတိမထားမိပေ။
မည်သည့်အစီအစဉ်ကို လုပ်ဆောင်ရမည်ကို ချက်ချင်းဆုံးဖြတ်၍မရပေ။အတန်းပိုင်ဆရာက ဤတာဝန်ကို ချန်ချိုက်ရှင်းနှင့် ကျန်းပိုင်ဟွေ့အား ဆွေးနွေးရန် တာ၀န်ပေးလိုက်သည်။
**