🤚Chapter 110
Extra - After Marriage 4
လျိုကျဲက ရုံး၌ကြက်သေတစ်ကောင်အတိုင်း တိတ်ဆိတ်နေသည်။
တစ်စုံတစ်ယောက်က ကိုယ့်ထက် အနည်းငယ်သာနေမည်ဆိုလျှင် အားကျစိတ်ဖြစ်စေ မနာလိုခြင်းဖြစ်စေ ခံစားနိုင်သေးသည်။ သို့သော် မိမိ စိတ်ပင်မကူးနိုင်သည့် အမြင့်တစ်နေရာ၌ ရှိနေလျှင် ၎င်းကွာဟချက်က အားကျစိတ်၊ မနာလိုစိတ်များပင် ဖြစ်လာစေတော့မည် မဟုတ်ပေ။
တစ်ညနေတွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးက လျိုကျဲဆီသို့ ချဉ်းကပ်ကာ ပြောလာသည်။
“သေသေချာချာ ကြည့်ကြည့်လိုက်ရင် အန်းနဉ်က ခေါင်းစခြေဆုံး ကွဲပြားနေတာကို နင်သတိထားမိလိမ့်မယ်…”
၎င်းကိုကြားပြီးနောက် လျိုကျဲက တိတ်တဆိတ်ကြည့်ကြည့်ရာ အန်းနဉ်မှာ ရုံးစည်းကမ်း dress codeကို လိုက်နာထားပြီး သူမ၏ဝတ်စားဆင်ယင်ပုံက တောက်တောက်ပြောင်ကြီးမဟုတ်ဘဲ အလွန်ကိုရိုးရှင်းသည်။ အကြည့်တစ်ချက်မှာပင် သတိထားမိရန် မလွယ်သော်လည်း အနီးကပ် သေချာကြည့်လိုက်လျှင် သူမ၏ရိုးရှင်းမှုမှ သိမ်မွေ့သည့်အလှကို အသေးစိတ်ချုပ်လုပ်ထားသည့် ဒီဇိုင်းက ပေါ်လွင်စေသည်။
လုပ်ဖော်ကိုင်ဖက်ဖြစ်သူက တီးတိုးဆိုသည်။
“ငါ HRမှာ စစ်ပြီးပြီ… သူ့ကို ဒီအသုတ်မှာ ခန့်ထားတာမဟုတ်ဘူး… အပြင်က ရောက်လာတာ… သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်က ဒီမှာမဟုတ်ဘဲ ရုံးချုပ်မှာ ရှိနေတာ….”
၎င်းက အန်းနဉ်တွင် နောက်ခံတစ်ခုရှိကြောင်း ညွှန်ပြနေသည်။
လျိုကျဲနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူတို့ ငြိမ်ကျသွားကာ နှုတ်ဆိတ်သွားကြသည်။
နေ့လည်စာစားချိန်တွင် အန်းနဉ်က ရှေ့သို့ငုံ့လိုက်ရာ သူမလည်ပင်းရှိလည်ဆွဲကို ပေါ်သွားစေသည်။
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ဦးက သတိထားမိသွားသည်။
“လည်ဆွဲက အကြီးကြီးပဲနော်… အဲ့ဒါ အဖြူရောင် ကျောက်စိမ်းနဲ့ လုပ်ထားတာလားဟင်…”
အန်းနဉ်က လည်ဆွဲကို ထိလိုက်ကာ ပြန်ဖြေသည်။
“မဟုတ်ပါဘူး… လူလုပ်စိန်လေးပါ…”
လူဖန်တီးထားသည့် စိန်က ဈေးမကြီးချေ။ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ချီးကျူးလိုက်သည်။
“အရမ်းလှတာပဲ…”
ရုတ်တရက် သူမက အန်းနဉ်၏လက်မှ လက်ကောက်ကို သတိပြုမိသွားသည်။ ထို့နောက် စိတ်ဝင်စားသွားသဖြင့် အသေအချာ ကြည့်လိုက်ပြီးနောက် ပြောလာသည်။
“အဲ့ဒါ Cartier ကများလား…”
“ဟုတ်ပါတယ်…”
“လှလိုက်တာနော်….”
ထိုအမျိုးသမီးက ဆက်ပြီးချီးကျူးနေခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ထိုအမျိုးသမီးလုပ်ဖော်ကိုင်ဖက်က ပုံစံတူဝတ်လာသည်။
“ငါလည်း တစ်စုံဝယ်လာလိုက်တယ်…”
သူမက အန်းနဉ်၏လက်ကောက်နှင့် ယှဉ်ကြည့်ရန် လက်လှမ်းလိုက်သည်။
“ဟမ် ကြည့်ရတာ နင့်ဟာက သိပ်မတောက်သလိုပဲ… ငါပြောပြမယ် ပစ္စည်းအတုဝယ်လာတာဆိုလည်း ယှဉ်ရွေးဖို့ နေရာနည်းနည်းပါးပါး ရှာကြည့်ဦးမှပေါ့… လက်ရာက ကွဲနိုင်တယ်လေ… အစ်မစွန်း ကြည့်ပါဦး… ညီမဟာ ပိုပြီး အရောင်မတောက်ဘူးလား…”
“အစ်မ ကြည့်ပါရစေဦး…”
အခေါ်ခံလိုက်ရသည့် စွန်းမုန်ရူက ပြုံးလိုက်ကာ ပြောလိုက်သည်။
အန်းနဉ်က နှိုင်းယှဉ်ရန် စိတ်မဝင်စားသော်လည်း ယှဉ်လိုသူ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်က လက်လှမ်းထား၍ သူမ၏လက်ကောက်ဝတ်ကို ဆန့်လိုက်သည်။
စွန်းမုန်ရူက သူတို့နှစ်ယောက်၏ လက်ကောက်ဝတ်များကို ကိုင်ကာ အနီးကပ် စစ်ဆေးလိုက်သည်။
ရေသောက်ရန် ဖြတ်သွားသည့် အမျိုးသားလုပ်ဖော်ကိုင်ဖက်က တစ်ချက်လှမ်းကြည့်လိုက်သည်။ အမှန်တွင် လုပ်ဖော်ကိုင်ဖက်၏ လက်ကောက်က ပိုပြီးတောက်ပနေသော်လည်း အန်းနဉ်၏ လက်ကောက်ဝတ်က သိမ်မွေ့ပြီးကြော့ရှင်းကာ အဆစ်နေရာများက အနည်းငယ်ထင်းနေ၍ ကြည့်နေသူများ၏ ရင်ထဲ တမူထူးသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
လုပ်ဖော်ကိုင်ဖက် အမျိုးသားက အကြည့်မလွှဲမီ ရေအနည်းငယ်မျှသောက်ပြီး မြန်မြန်ထွက်သွားသည်။
စွန်းမုန်ရူက တခဏမျှစိုက်ကြည့်နေပြီး သူမကိုယ်သူမ ပြန်ပြောနေခဲ့သည်။
“Cartierလား အင်း…..”
လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက ထပ်ပြောသည်။
“ဟုတ်တယ်လေ… နှစ်ခုလုံးက Cartierက အတုတွေ…”
လျိုကျဲက တစ်ချက်ကြည့်ကြည့်လိုက်သည်။ သူမနှင့် စွန်းမုန်ရူတို့က အငယ်တန်းမန်နေဂျာများဖြစ်ကြ၍ လစာအတူတူပင်။ သို့သော်လည်း လျိုကျဲ၏ ပိုက်ဆံများက သူမကလေး၏ သင်ရိုးပြင်ပ ကိစ္စများနှင့် နွေရာသီ စခန်းချခရီးထွက်ခြင်းတို့၌ ကုန်သွားရချိန်တွင် တစ်ကိုယ်တည်းသမားဖြစ်သည့် စွန်းမုန်ရူက သူမပိုက်ဆံများကို သူမကိုယ်တိုင်အတွက် အပူအပင်ကင်းကင်း သုံးနိုင်လေသည်။ လစာတူသော်ငြားလည်း ဖြတ်သန်းနေရသည့် ဘဝက မတူညီပေ။
ထို့ကြောင့် လျိုကျဲက နာမည်ကြီးတံဆိပ်များနှင့် ပတ်သတ်လျှင် မသိသော်လည်း စွန်းမုန်ရူက ဤကိစ္စတွင် ဗဟုသုတစုံလင်ပေသည်။
လျိုကျဲက စိတ်ဝင်တစားကြည့်နေကာ စွန်းမုန်ရူ၏အမူအရာက တစ်ခုခုလွဲနေသည်ကို သတိထားမိလေသည်။
စွန်းမုန်ရူက မော့ကြည့်ပြီး လုပ်ဖော်ကိုင်ဖက် အမျိုးသမီးကို ပြုံးပြလိုက်သည်။
“တကယ်တော့ ညီမဟာက ပိုပြီး အရောင်တောက်တာ…”
လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက ကျေနပ်သွားပုံရပြီး မျှဝေပေးရန် ကြင်ကြင်နာနာနှင့် ကမ်းလှမ်းလာသည်။
“နောက်မှ ငါဝယ်တဲ့ online store linkကို ပို့ပေးလိုက်မယ်… သူတို့ရဲ့ ပစ္စည်းတွေက အတုဆိုပေမဲ့ တော်တော်လေး ကောင်းတယ်…”
အန်းနဉ်က နှုတ်ခမ်းကို စေ့လိုက်ကာ ပြုံးပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
သူမနှင့် စွန်းမုန်ရူ အကြည့်ချင်းဆုံသွားပြီး နှစ်ယောက်လုံးက ငြိမ်သက်နေသော်လည်း သူတို့မျက်လုံးများက စကားဖြင့်ပြောစရာမလိုသည့် အချင်းချင်းနားလည်နေကြသည်။
တစ်နေ့တွင် သူမတို့ နှစ်ဦး သန့်စင်ခန်းထဲ လက်ဆေးရာတွင် ဆုံမိကြသည်။ အန်းနဉ်က ရှေ့သို့ငုံ့လိုက်ရာ လူလုပ်စိန်လည်ဆွဲက ပေါ်လာသည်။
စွန်းမုန်ရူက တစ်ချက်ကြည့်ကာ မနေနိုင်ဘဲ မေးကြည့်လိုက်သည်။
“ကြည့်ရတာ ဒီလည်ဆွဲကို ညီမတော်တော်ကြိုက်တဲ့ပုံပဲ…”
အန်းနဉ်က လည်ဆွဲကို ထိလိုက်ကာ ပြောလိုက်သည်။
“အစ်မကို ခြောက်ဖို့ မရည်ရွယ်ပါဘူး… တကယ်တော့ ဒါက ဆုံးသွားတဲ့ ညီမအဖွားရဲ့ ပြာနဲ့ လုပ်ထားတာပါ…”
စွန်းမုန်ရူ ရုတ်တရက် သဘောပေါက်သွားသည်။
ဒါဆို ဒီလိုပေါ့…
အန်းနဉ်က ဤကုမ္ပဏီကို ဝင်လာရသည်မှာ လေ့ကျင်သင်ယူရန်အတွက်ပင်။ သူမ၏အစီအစဉ်က ဤနေရာတွင် နှစ်လမျှနေပြီး မတူညီသည့် ကုမ္ပဏီများ ဌာနများသို့ ပြောင်းကာ အတွေ့အကြုံယူရန်ဖြစ်သည်။
မထင်မှတ်ထားသည်မှာ နှစ်သစ်ကူးနေ့အပြီးတွင် ဌာနဒါရိုက်တာက အန်းနဉ်ကို သူနှင့်အတူ အလုပ်ကိစ္စနှင့် ခရီးထွက်ရမည့်အကြောင်း ပြောလာသည်ကိုပင်။
အန်းနဉ်က အနည်းငယ် အံအားသင့်သွားသည်။ ထိုတာဝန်မျိုးက သူမလို လူသစ်များကို ပေးလေ့မရှိဟု ခံစားမိသည်။
“ဟုတ်တယ်… ဒါနဲ့ ခရီးက လေးရက်ခရီးစဉ်နော်…”
နူးညံသိမ်မွေ့ကာ အန္တရာယ်ကင်းသည့်အပြုံးနှင့် ဒါရိုက်တာဖုန်းက ပြောလာသည်။
“ဒါက အသစ်ဝင်လာတဲ့သူတွေအတွက် ရှားပါးတဲ့ အခွင့်အရေးပဲ… မင်းတန်ဖိုးထားသင့်တယ်…"
အတိအကျမပြောနိုင်သော်လည်း တစ်ခုခုမှားနေသည်ကို သူမ အလိုလိုသိနေသည်။
ရုံးခန်းထဲပြန်ရောက်သည်နှင့် သေချာစဉ်းစားပြီးနောက် စွန်းမုန်ရူကို ပြောပြလိုက်သည်။ ဤနေရာတွင် တစ်လဖြတ်သန်းပြီးနောက် ရုံးခန်းထဲရှိ အမျိုးသမီးများအနက် စွန်းမုန်ရူက ယုံကြည်စရာအကောင်းဆုံးဖြစ်ကြောင်း သိလာရသည်။ စွန်းမုန်ရူက ရုံးတွင်းအာဏာလုသည့်ကိစ္စမှ သူမဘာသာသီးခြား ရပ်တည်နိုင်သူဖြစ်ပြီး စည်းကမ်းတင်းကျပ်သော်လည်း အသစ်များအပေါ် အလွန်ဖော်ရွေကာ လမ်းညွှန်မှုများ ပေးတတ်သည်။
စွန်းမုန်ရူက အန်းနဉ်၏စကားများကိုကြားပြီး မျက်မှောင်ကြုတ်ကာ မေးလာသည်။
“သူတို့က ညီမကို ဘာလို့သွားဖို့ ခေါ်တာတဲ့လဲ…”
အန်းနဉ်က ပြန်ဖြေသည်။
“ညီမလည်း မသိဘူး…”
စွန်းမုန်ရူက အပြင်သို့ လမ်းလျှောက်ထွက်ပြီး ပြန်လာသည်နှင့် အန်းနဉ်အား လှေကားဘက်သို့ ဆွဲခေါ်သွားကာ မေးသည်။
“ညီမက ရုံးချုပ်နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး သတင်းထွက်နေတာ အမှန်ပဲလား…”
အန်းနဉ်က အံဩသွားသည်။
“ဘာလို့ မေးတာလဲဟင်…”
သူမ မငြင်းခဲ့ပေ။ စွန်းမုန်ရူက စိတ်သက်သာရာရသွားကာ ပြောသည်။
“တကယ်လို့ ရုံးချုပ်နဲ့ အဆက်အသွယ်ရှိတယ်ဆိုရင် သုံးလိုက်တော့… ဒီတစ်ခေါက်ခရီးစဉ်မှာ ညီမနဲ့ ဒါရိုက်တာဖုန်းအပြင် ဒုဥက္ကဌကုန်းလည်းပါလာမှာ…”
အန်းနဉ်က မေးလိုက်သည်။
“သူတို့က ဘာဖြစ်လို့လဲ…”
စွန်းမုန်ရူက ပြောလာသည်။
”ကုန်းဆိုတဲ့လူက လူကောင်းမဟုတ်ဘူး… သူက အမျိုးသမီးဝန်ထမ်းတွေနဲ့ မသင့်တော်တဲ့ ဆက်ဆံရေးရှိရတာကို ကြိုက်တဲ့သူမျိုး…”
အန်းနဉ်၏အမူအရာက အလေးအနက်ဖြစ်သွားသည်။
“တကယ်ကြီးလား…”
စွန်းမုန်ရူက ခေါင်းညိတ်ပြလိုက်သည်။
“သူ ဒါရိုက်တာဖြစ်တုန်းကဆို အစ်မနဲ့ တစ်ခုခုဖြစ်လာဖို့ ကြိုးစားခဲ့ဖူးတယ်… အဲ့ဒီတုန်းက အမက လူသစ်လေ… ဒါပေမဲ့ ညီမသိတဲ့အတိုင်းပဲ အစ်မစိတ်က ခိုင်နေလို့ပေါ့…”
စွန်းမုန်ရူက တစ်ကိုယ်တည်းသမားဆိုသော်ငြားလည်း လုပ်ရည်ကိုင်ရည်ထက်မြက်ပြီး တင်းမာသည့် ကိုယ်ရည်ကိုယ်သွေးရှိသည်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီး အန်းနဉ်ကမေးလိုက်သည်။
“ဒီကိစ္စ အထက်ကို မတင်ပြဖူးလား…”
“သက်သေမရှိဘူး… ပြီးတော့ ဒီလိုကိစ္စမျိုးက ရှင်းပြရတာ ခက်တယ်… ပြီးတော့ အဲ့ဒီအချိန်တုန်းက အစ်မက လူသစ်ပဲရှိသေးတယ်လေ… တကယ်လို့ သက်သေရှိခဲ့ရင်တောင် အလုပ်ထုတ်ခံရမှာက အစ်မပဲဖြစ်မှာ… အစ်မလည်း အလုပ်မပြုတ်ချင်ဘူး…”
မြို့တော်စီရင်စုကို တကူးတကလာရသည့် တစ်ကိုယ်တည်း မိန်းကလေးတစ်ယောက် ဖြစ်ရသည်မှာ မလွယ်ကူပေ။
အန်းနဉ် ငြိမ်ကျသွားသည်။
“ပြီးတော့…”
စွန်းမုန်ရူက အန်းနဉ်အား သတိပေးလိုက်သည်။
“ညီမက ရုံးချုပ်ကတစ်ဆင့် ဝင်လာတာမလား… ဒုဥက္ကဌကုန်းက သိသေးမှာမဟုတ်ဘူးဆိုပေမဲ့ ဌာနဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာဖုန်းကတော့ သတိမထားမိစရာ အကြောင်းမရှိဘူး…”
အန်းနဉ်က မျက်မှောင်ကြုတ်လိုက်သည်။
ရုံးတွင်း အာဏာလုတာတွေက တကယ်ကို စက်ဆုပ်စရာပဲ…
အန်းနဉ် အိမ်ပြန်ရောက်သည်နှင့် အခြေအနေကို ဝမ်ယွီအား ပြောလိုက်သည်။
ဝမ်ယွီက အံကြိတ်ကာ ရယ်လိုက်သည်။
“သေစမ်း…”
ဌာန၏ လူသစ်တစ်ယောက်ဖြစ်သော အန်းနဉ်က ဒါရိုက်တာနှင့်အတူ ခရီးထွက်ရ၍ ကျန်လူသစ်နှစ်ယောက်က မနာလိုဖြစ်ကြသည်။
ထိုနေ့များတွင် စွန်းမုန်ရူက နေမထိထိုင်မသာဖြစ်နေခဲ့သည်။ သူမသိသမျှကို အန်းနဉ်အား ပြောပြခဲ့သော်ငြားလည်း ထိုမိန်းကလေးက သွားလိုက်သေးသည်။ သူမကိုယ်သူမ ကာကွယ်နိုင်သည်ဟု အပြည့်အဝယုံကြည်၍လား သို့မဟုတ် မပြောကောင်းသည့်ဖြတ်လမ်းနည်းများကို သုံးရန် လိုသည်လားဟု တွေးလိုက်မိသည်။
မိတ်ဆွေတစ်ယောက်အနေနှင့် စွန်းမုန်ရူက ဒုတိယတစ်ခု မဖြစ်ရန် မျှော်လင့်မိသည်။
သူမ မသိခဲ့သည်က ဝမ်ယွီနှင့် လက်ထောက်မန်နေဂျာကလည်း ထိုနေရာတွင် ရှိနေမည်ကိုပင်။
လေးရက်ကြာပြီးနောက် အန်းနဉ်က ရုံးသို့ အန္တရာယ်ကင်းကင်းနှင့် ပြန်ရောက်လာခဲ့သည်။
သို့သော်လည်း ကုမ္ပဏီ၏ ဒုဥက္ကဌ ကုန်းနှင့် ဌာနဒါရိုက်တာဖုန်းတို့ ရုံးမှ ပျောက်ကွယ်သွားသည်။
ဒုအထွေထွေမန်နေဂျာတစ်ဦး ရုံးချုပ်မှ ပြောင်းလာပြီး ဌာန၏မူလဒုဒါရိုက်တာက ဒါရိုက်တာအဖြစ် ရာထူးတက်သွားကာ စွန်းမုန်ရူက ဒုဒါရိုက်တာဖြစ်လာခဲ့သည်။
လျင်လျင်မြန်မြန်ဖြင့် အရာအားလုံးပြေလည်သွားသည်။
နောက်ပိုင်းတွင် အလုပ်သင်အန်းနဥ်က သူမအလုပ်များပြီးစီးသွား၍ ကုမ္ပဏီမှ ထွက်သွားသည်။
ခုနစ်လသားအရွယ်တွင် ကျွင်းကျွင်းလေးက “ဖိုးဖိုး”ဟူသော ပထမဆုံးစကားကို ပြောနိုင်ခဲ့သည်။ ရှစ်လတွင် “ဖေဖေ”နှင့် “မေမေ”ကို ပြောလာနိုင်ခဲ့သည်။ လုပ်ဆောင်ချက်များအရ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးကြောင်း သက်သေပြခဲ့သည်။ မိသားစုဝင်များအနက် ကျွင်းကျွင်းနှင့် အရင်းနှီးဆုံးလူက အဖိုးဖြစ်သူပင်။ သူမအဖိုးကသာ သူမနှင့် အချိန်အများဆုံးကုန်ဆုံးခဲ့ရပြီး သူမနှင့်အတူ တွားသွားရန် ဆန္ဒရှိသောကြောင့် ဖြစ်နိုင်သည်။
တရုတ်နှစ်သစ်ကူးရောက်သည်နှင့် ကျွင်းကျွင်းက စကားကို ကောင်းကောင်းနားလည်ပြီး ရိုးရှင်းသည့် ဝေါဟာရကို သုံးကာ သူမဆုတောင်းများကို ဖော်ပြနိုင်ခဲ့သည်။
ကျွင်းကျွင်းလေးက လူများအပေါ် တားမရဆီးမရအရူးအမူးဖြစ်သွားစေနိုင်သည့် ချစ်စရာကောင်းမှုအဆင့်တစ်ခုကို ရောက်နေလေသည်။
တစ်နှစ်ပင် မပြည့်သေးသော်ငြားလည်း ဝမ်ကောအန်းက ကိုယ်ပိုင်မူကြိုကျောင်းဝယ်ယူရန် ကြံစည်နေသည်။ မည်သည့်ကျောင်းကို ဝယ်ယူရမည်ကို ဆုံးဖြတ်ရန် ကျောင်းများကို စစ်ဆေးခဲ့သည်။
အချို့မူကြိုကျောင်းများတွင် ကလေးများအနိုင်ကျင့်ခံရခြင်း၊ မတော်မတရားပြုခံရသည့် သတင်းကို သိလိုက်ရသည့်အခါ ဒေါသတကြီးတုန်လှုပ်သွားသည်။ ထို့နောက် ကိုယ်ပိုင်မူကြိုကျောင်းအတွက် စိတ်အားထက်သန်စွာပြင်ဆင်လေသည်။ ဝန်ထမ်းများကို ပြင်းထန်သော သင်တန်းများလေ့ကျင့်ပေးခြင်း၊ လစာမြင့်မြင့်ပေးခြင်းနှင့် ကျောင်းအတွင်း မျက်ကွယ်ရာနေရာမရှိစေရန် စောင့်ကြည့်ရေးစနစ်ကို အဆင့်မြှင့်ခြင်းမျိုး လုပ်ဆောင်ခဲ့သည်။
စိတ်ကျေနပ်သွားမှ အန်းနဉ်နှင့် ဝမ်ယွီတို့အား အာမခံခဲ့သည်။
“ကျွင်းကျွင်း ဘေးကင်းကင်းနဲ့ မူကြိုတက်ရမယ်ဆိုတာ ငါအာမခံတယ်… ဟေး၊ ဒီကျောင်းနှစ်ခုထဲက ဘယ်တစ်ခုက ပိုကောင်းမယ်လို့ထင်လဲ… အဖေနည်းနည်းရွေးရခက်နေတယ်… နှစ်ကျောင်းလုံးပဲ ဝယ်လိုက်ရမလား…”
လူငယ်စုံတွဲက နဖူးပွတ်ရုံမှလွဲပြီး မတတ်နိုင်ပေ။
ဝမ်ကောအန်း၏ အလွန်အကျွံအလိုလိုက်မှုကြီးက ဝမ်မိသားစု၏ လစာရထားသော ကလေးထိန်းအား တိုက်ရိုက်ထိခိုက်စေသည်။ ကလေးထိန်းက ကျွင်းကျွင်းအား စည်းကမ်းမတင်းကြပ်ရဲသဖြင့် သူမ ဆိုးသမျှကို သည်းခံနေရသည်။ သူမ၏အသက်မွေးဝမ်းကြောင်း ဖြစ်နေ၍လည်းပါသည်။
ကျွင်းကျွင်းက ကလေးထိန်းအား အရုပ်ဖြင့် ရိုက်တတ်သည်ကို အန်းနဉ် သတိထားမိသွားချိန်တွင် ဤသို့ ဆက်မဖြစ်သင့်သည်ကို ခံစားမိသည်။
ဝမ်ယွီနှင့်ဆွေးနွေးကာ ဝမ်ကောအန်းကို မပြောမီ သဘောတူညီချက်တစ်ခုလုပ်ခဲ့သည်။
“ရှန်းထန်းဆေးဝါးထုတ်လုပ်ရေးကို အဖေမှတ်မိသေးလား… သူတို့သားက ကျွန်တော်ရယ် အန်းနဉ်ရယ်နဲ့ ကျောင်းတူတူပဲလေ…”
ဝမ်ကောအန်းက ခဏမျှစဉ်းစားလိုက်သည်။
“လွန်ခဲ့တဲ့နှစ်ပိုင်းလောက်တုန်းက သူတို့သားကြီး ကားမတော်တဆမှုနဲ့ ဆုံးသွားတာကိုတော့ ဝါးတားတားမှတ်မိတယ်…”
ဝမ်ယွီက ဝန်ခံလိုက်သည်။
“အဲ့ဒါကားမတော်တဆမှုမဟုတ်ဘူး… ကျွန်တော်စီစဉ်ထားတာ…”
ဘဝအတက်အကျများစွာကို တွေ့ကြုံခဲ့ဖူးသော်လည်း ဝမ်ကောအန်းက ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
“ဘာလို့လဲ… သူက မင်းကို ဘယ်လိုစော်ကားခဲ့တာလဲ…”
ဝမ်ယွီက ဝမ်ကောအန်းအား ဟယ့်မန်အပေါ် ကျောင်းချန်လုပ်ခဲ့သည်များကို ပြောပြသည်။
“သူက အန်းနဉ်ကိုပါ ထိခိုက်အောင် လုပ်ဖို့ကြံနေတာ… ကျွန်တော်သည်းမခံနိုင်ခဲ့လို့ အဖေ ကျွန်တော့်ကို အပြစ်တင်မလား…”
ဝမ်ကောအန်းက ခေါင်းညိတ်ကာ သဘောတူထောက်ခံလိုက်သည်။
“သူနဲ့ ထိုက်တန်တယ်…”
ဝမ်ယွီ၏ စကားများက တိမ်းစောင်းနေသော်လည်း အကြောင်းမဲ့မဟုတ်ချေ။
ဝမ်ကောအန်းက မေးလိုက်သည်။
“ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီး ပြောနေတာလဲ…”
ဝမ်ယွီက ပြန်ဖြေသည်။
“ကျွန်တော် သူ့အကြောင်း အရင်က စုံစမ်းဖူးတယ်… တကယ်တော့ အဲ့ဒီကလေးငယ်ငယ်တုန်းက ဒီလိုမဟုတ်ဘူး… ယွီရှန်ကို အပို့ခံလိုက်ရပြီးနောက်ပိုင်း သူ့အဘိုးအဖွားတွေ အလိုလိုက်လွန်းလို့ ပျက်ဆီးသွားတာ… ‘သားအချစ်မြေးအနှစ်’ လို့တောင် ပြောကြတယ်မလား… အဲ့ဒါအမှန်ပဲလေ… လူကြီးတွေက သူတို့ မြေးတွေအပေါ် အလိုလိုက်လေ့ရှိတယ်လို့ အဖေမထင်ဘူးလား…”
ဝမ်ကောအန်းက နှာမှုတ်ကာ Tabletကို မြင့်မြင့်မြှောက်ပြီး သူ့မျက်နှာကို ကာလိုက်သည်။
“မင်းတို့ကောင်တွေ လူအိုကြီးတွေရဲ့ နှလုံးသားကို နားမလည်ပါဘူးကွာ…”
ဝမ်ယွီက Tabletကို အောက်သို့ဖိကာ ဆိုသည်။
“အဖေသာ ဒီလိုဆက်အလိုလိုက်နေမယ်ဆိုရင် ကျွင်းကျွင်းပျက်ဆီးသွားလိမ့်မယ်နော်…”
ဝမ်ကောအန်းက ငြင်းဆိုသည်။
“ကျွင်းကျွင်းက ငယ်သေးတယ်… ဘယ်လိုလုပ်ပြီး ပျက်ဆီးမှာလဲ…”
ဝမ်ယွီက အံ့ဩသွားသည်။
“ကျွန်တော်ငယ်ငယ်တုန်းကကျတော့ ကျွန်တော့်ကိုစည်းကမ်းတင်းကြပ်ပြီး… အခုကျတော့ ဒီလိုပြောပြီပေါ့… အကျိုးအကြောင်းမညီညွတ်လိုက်တာနော်…”
ဝမ်ကောအန်းက ဆူလိုက်သည်။
“မင်း ပြောချင်တာဘာလဲ… ကျွင်းကျွင်းနဲ့များ ယှဉ်နေသေးတယ်… မှန်ထဲလည်း ပြေးကြည့်လိုက်ဦး… ကျွင်းကျွင်းက မင်းထက် အဆတစ်ထောင် ပိုချစ်ဖို့ကောင်းတယ်…”
ဝမ်ယွီ : “…..”
ပြောင်းလဲသွားပြီ… အဖေပြောင်းလဲသွားပြီ…
ကျွန်တော် ငယ်ငယ်တုန်းကတော့ ကျွန်တော်က ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးကလေးလေးပါဆို …
###