အပိုင်း၁၁၁
Viewers 11k

🤚Chapter 111

Extra - After Marriage 5




ငြီးတွားနေသော်ငြားလည်း ဝမ်ကောအန်းက သူ၏အုပ်ထိန်းမှုပုံစံနှင့် ပတ်သတ်ပြီး အာရုံစိုက်ကာ နည်းနည်းချင်း ပြန်ထိန်းချုပ်လာခဲ့သည်။


နောက်ဆုံးတွင် အန်းနဉ်နှင့် ဝမ်ယွီတို့ သက်ပြင်းချလိုက်နိုင်သည်။ သို့သော်ငြားလည်း ကစားခန်းနားမှ ဖြတ်သွားချိန် လူအိုကြီးက ဝမ်ယွီ့မကောင်းကြောင်းပြောနေသည်ကို သူတို့ကြားလိုက်ရသည်။ 


“ဖေဖေက အဆိုးဆုံးပဲမလား… သူက ဖိုးဖိုးကို ကျွင်းကျွင်းကို အရမ်းအလိုမလိုက်စေချင်ဘူးလေ… ဟမ့် ဖိုးဖိုးသိသားပဲ… သူက ဖိုးဖိုးနဲ့ ကျွင်းကျွင်းကို မနာလိုဖြစ်နေတာလေ…”


ဝမ်ယွီ : “….”


လုံးဝ မဟုတ်ပါဘူးနော်…


ဒါက နည်းနည်းလေးမှ မဟုတ်ဘူး… လုံးဝကို အဓိပ္ပာယ်မရှိလိုက်တာနော်… ငါက သူတို့ မြေးအဖိုးနှစ်ယောက်ကို မနာလိုဖြစ်စရာလား…


ဝမ်ယွီက နှစ်သိမ့်ပေးခံရစေရန် အန်းနဉ်ဆီ သွားလိုက်သည်။ 


“နောက်တစ်ယောက် ထပ်ယူကြရအောင်…”


ချစ်ခြင်းမေတ္တာကို အညီအမျှ မျှဝေစေရန် လူအိုကြီးအား သူ့သားကို လျစ်လျူရှုထားပြီး မြေးမလေးကို တစ်နေ့လုံး အာရုံမစိုက်ရန် ပြောရမည်။


အန်းနဉ်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကိုက်လိုက်သည်။ 


“ကလေးယူတာက ဖြေရှင်းလို့ရမယ့်နည်းလမ်း မလို့လား…”


အမှန်စင်စစ်တွင် သူတို့မိသားစုအတွက် ပုံမှန်အားဖြင့် ကလေးတစ်ယောက်တည်း ယူလေ့မရှိပေ။ ထို့အပြင် ကျွင်းကျွင်းလေး မွေးလာခြင်းက သွေးသားတော်စပ်ခြင်းမရှိသည့် သူတို့ သုံးယောက်အတွက် သံလိုက်ကလေးတစ်ခုနှင့် ကပ်လိုက်သကဲ့သို့ ပိုမိုနွယ်စပ်လာစေသည်။ သူတို့အကုန်လုံးကလည်း အနာဂတ်တွင် ကလေးများများရှိလာရန် ပြင်ဆင်ထားကြသည်။


သူတို့၏အိမ်ကလေးကို ရယ်သံလေးများဖြင့် အသက်ဝင်တက်ကြွလာစေချင်သည်။


သို့သော်ငြားလည်း အချိန်ကာလက စောလွန်းနေကာ ကျွင်းကျွင်းကလည်း ငယ်ငယ်လေးပင်ရှိသေးသည်။ နှစ်ယောက်သားကလည်း နောက်ထပ်နှစ်နှစ်ခန့်စောင့်ရန် တစိတ်တဝမ်းတည်း ဆုံးဖြတ်လိုက်ကြသည်။


အန်းနဉ်က လုပ်ငန်းတွင်းရှိ အရေးကြီးသော ကုမ္ပဏီများ၏ ဌာနအမျိုးမျိုးတွင် တလှည့်စီပြောင်းရွေ့လုပ်ကိုင်ခြင်းအားဖြင့် တစ်နှစ်လုံးကို ဖြတ်သန်းခဲ့သည်။ နောက်ဆုံးတွင် ဝမ်ယွီ၏ ထက်သန်သော မျှော်လင့်ချက်အောက်တွင် ရုံးချုပ်သို့ ပြောင်းလာခဲ့သည်။ သို့သော်လည်း ဝမ်ယွီမျှော်မှန်းထားသည့် တစ်လွှာတည်းရှိ ရုံးခန်းကျယ်ကြီးထဲက ‘ဂုဏ်ထူးဆောင်ဥက္ကဌ’ ကဲ့သို့ ရာထူးဖြင့် အလုပ်လုပ်ဖို့ကို ငြင်းဆိုခဲ့သည်။ သူမက ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်လိုသေးသည်။


“ကျွန်မ Marketingဌာနကို သွားမယ်…” 


သူမက ဝမ်ယွီနှင့် ဆွေးနွေးခဲ့သည်။ 


“ကျွန်မက ရှင့်ဇနီးဆိုတာ သူများတွေကို မပြောနဲ့နော်… အဲ့ဒါမှ ပုံမှန်ဆက်ဆံတာမျိုး ခံရမှာ…”


ဝမ်ယွီက ထိုအကြံကို မကြိုက်လောက်ဟု ထင်ခဲ့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာပင် ဝမ်ယွီက ပြုံးပြုံးကြီး လက်ခံခဲ့သည်။ 


“သေချာတာပေါ့ကွာ…”


ကျိအန်းနဉ် :”……”


သူဘာလို့ စိတ်လှုပ်ရှားနေတဲ့ပုံ ပေါက်နေတာပါလိမ့်…


တစ်ခုခုမကောင်းတာဖြစ်တော့မယ်လို့ ခံစားမိနေတယ်….


အန်းနဉ်က ရုံးချုပ်၏ Marketing ဌာနသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။


ချန်းလျန်ကြောင့် ရခဲ့သည့် အတွေ့အကြုံအရ ဝမ်ကောအန်းနှင့် ဝမ်ယွီအနီးရှိ လူတိုင်းက သူတို့၏မိသားစုရေးရာနှင့် ပတ်သတ်၍ အလွန်သတိထားကြသည်။ သူတို့အနီးရှိ အရေးပါသော အတွင်းရေးမှူးအချို့မှလွဲလျှင် ကုမ္ပဏီရှိ လူများက သူတို့၏ဥက္ကဌရှောင်ဝမ်မှာ လက်ထပ်ထားပြီးကြောင်းမှ လွဲ၍ အတိအကျမသိကြချေ။


၎င်းက အန်းနဉ်အတွက် အဆင်ပြေသည်။ သူမကလည်း သိသာမြင်သာသော ပုံရိပ်တစ်ခုဖြစ်လာရန် ဆန္ဒမရှိပေ။


အန်းနဉ်၌ ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ရှိပြီဖြစ်ပြီး အိမ်ရှိကားဂိုဒေါင်တွင် ကားအမျိုးစုံလင်စွာ ရှိနေသော်ကြားလည်း သူမက စမတ်ကားတစ်စီးကို အထူးဝယ်လာသည်။ ထိုကားက သေးငယ်ပြီး ရပ်ရလွယ်ကူကာ ဈေးသက်သာသည့်အပြင် သိုသိုသိပ်သိပ်လည်းရှိသည်။


ဥက္ကဌဝမ်(ရှောင်ဝမ်)က သူ့ဇနီး၏အနီးတွင် ကားရပ်နိုင်ရန် အတွင်းရေးမှူးဖြစ်သူကို စီစဉ်စေသည်။ သို့သော်ငြားလည်း သူရပ်နေကျနေရာကား ဒုဥက္ကဌ၊ ဒါရိုက်တာတို့၏ ကားများဖြင့် ဝန်းရံခံထားရသောကြောင့် သူတို့၏ကားများကို ရွေ့ရန် အဆင်မပြေပေ။


ထို့အပြင် ဇနီးဖြစ်သူကလည်း သိုသိုသိပ်သိပ်နေရန် အထူးသတိပေးထားသည်။


တစ်နေ့လုံးခေါင်းကုတ်နေရသည့် အတွင်းရေးမှူးက နောက်ဆုံးတွင် ပြဿနာကို ရှင်းလိုက်နိုင်ခဲ့သည်။


သူက ရှောင်ဝမ်၏ကားရပ်ရာနေရာနံဘေးရှိ ထောင့်တစ်နေရာတွင် ပုံမှန်ကားရပ်သည့်ဧရိယာ၏ ထက်ဝက်ခန့်ကို မျဉ်းဆွဲသတ်မှတ်လိုက်သည်။ စမတ်ကားမှလွဲ၍ တခြားကားများမဆံ့နိုင်ချေ။


perfectပဲကွာ…


ပထမဆုံးရုံးတက်ရက်၌ အန်းနဉ် ကားရပ်ပြီးနောက် ကားတံခါးကိုပိတ်လိုက်စဉ် 10မီတာအကွာမှ ‘ဘန်း’ဟူ၍ ကားတံခါးပိတ်သံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ မနက်က အိမ်မှ သူမနှင့် အတူထွက်လာသော ဝမ်ယွီက ပြုံးပြနေသည်ကို မြင်လိုက်ရသည်။


သူ၏အပြုံးထဲတွင် တစ်ခုခုကို လျှို့ဝှက်စွာစီစဉ်ထားသည့် ကျီစယ်လိုသည့် အရိပ်အယောင်ကို ခံစားလိုက်ရသည်။


ဝမ်ယွီက သူ၏ဖုံးကွယ်ထားသော ဇနီးလေးကို နှုတ်ဆက်လိုသော်လည်း တစ်ယောက်ယောက်က ကားလာရပ်ကာ နှုတ်ဆက်လာသည်။


ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူ့ဇနီးလေးက  အခွင့်ကောင်းယူကာ ထွက်ပြေးသွားပြီဖြစ်သည်။


ဥက္ကဌဝမ် : “….”


ဥက္ကဌဝမ်တွင် ကိုယ်ပိုင်လျှို့ဝှက်အစီအစဉ်များ ရှိနေသေးသည်။ သို့သော်လည်း အန်းနဉ်က အလုပ်စလုပ်သည်ဖြစ်၍ အာရုံစူးစိုက်မှုများကို မဆွဲဆောင်လိုသောကြောင့် တစ်ပတ်လုံးလုံး သူမကို မနှောင့်ယှက်ရန် သည်းခံခဲ့သည်။


ပိတ်ရက်အဆုံးတွင် အိပ်ရာပေါ်၌ စကားပြောရင်း ဝမ်ယွီက မေးလိုက်သည်။ 


“မင်း အဆင်ပြေရဲ့လား… တစ်ပတ်လုံး အလုပ်ရှုပ်နေတာပဲ…”


အန်းနဉ်က ပြန်ဖြေသည်။ 


“ကျွန်မက လက်ရှိ နှစ်စဉ်အစည်းအဝေးပွဲအတွက် ပြင်ဆင်နေရတာလေ… တခြားကုမ္ပဏီခွဲတွေက HRတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရဦးမယ်… ပြီးတော့ နှစ်စဉ်အစည်းအဝေးအတွက် အစီအစဉ်ကိုလည်း ဥက္ကဌဝူက နောက်အပတ် အကြံပေးကြဖို့ကို ပြောထားသေးတယ်… ဒီနှစ်တော့ တစ်ခုခုအသစ်အဆန်းဖြစ်အောင်လို့တဲ့လေ…”


“အိုး…..နောက်အပတ်…” 


ဝမ်ယွီ၏အပြုံးက ကွေးညွတ်သွားကာ သူ၏အကြည့်များက ပြင်းထန်လာသည်။ 


“ကိုယ်မျှော်လင့်နေပါပြီ…”


ကျိအန်းနဉ်: “…..” မကောင်းတာတစ်ခုခုဖြစ်တော့မှာကို ကြိုတင်သတိပေးချက်ရနေတယ်….


တနင်္လာနေ့ မနက်တွင် ဥက္ကဌဝူက အားလုံးကို အစည်းအဝေးခန်းထဲရှိ စားပွဲဝိုင်းကြီးတွင် စုစည်းလိုက်ကာ စတင် ဆွေးနွေးကြသည်။ လူတိုင်းက လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ကြကာ အတွေးအမြင် အမျိုးမျိုး ထွက်လာသည်။


အန်းနဉ်သည် ပထမဆုံးအကြိမ်ပါဝင်ခဲ့ပြီး အလွန်စိတ်ဝင်စားစရာ ကောင်းသည်ကို သိလိုက်ရသည်။ သူမ၏ စိတ်အားထက်သန်မှုက နှိုးဆော်ခံလိုက်ရပုံပေါ်ကာ တက်တက်ကြွကြွနှင့် ပါဝင်လာပြီး အကြံဉာဏ်နှစ်ခုကို ပေးလာခဲ့သည်။ 


အကြံဉာဏ်များအားလုံးကို မှတ်တမ်းတင်ထားပြီး တစ်စုတစ်စည်းတည်းဖြစ်စေရန် သူမကို လက်လွှဲလိုက်သည်။


မြန်မြန်ဆန်ဆန် ပြင်ဆင်ပြီးသည့်နောက် ရုံးခန်းသို့သွားကာ ဥက္ကဌဝူအား ပေးလိုက်ပြီး သူမ၏အလုပ်နေရာသို့ ပြန်လာခဲ့သည်။


မနက်ပိုင်းတွင် လူတိုင်းက အလုပ်ရှုပ်နေကြသော်ငြားလည်း ယခုအချိန်တွင် အနည်းငယ် စိတ်အေးလက်အေး ဖြစ်နေကြပုံပေါ်သည်။ လက်ဖက်ရည်သောက်လိုသူက သောက်၊ ကော်ဖီကြိုက်သူများက ကော်ဖီဖျော်နေကြသည်။


အနီးအနားရှိ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက မေးလာသည်။ 


“နင်တကယ်ပဲ လက်ထပ်ပြီးတာလား…”


အန်းနဉ်က သူမ၏ဘယ်လက်ကို ထုတ်ကာ ယမ်းလိုက်သည်။ 


“အင်း…”


မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရန် အလုပ်ပထမနေ့ကတည်းက လက်ထပ်လက်စွပ်ကို ဝတ်လာခဲ့ကာ သူမလက်ထပ်ပြီးကြောင်းကို ရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ သို့သော်ငြားလည်း လုပ်ဖော်ကိုင်ဖက် အတော်များများက မယုံချင်ကြပေ။


ယခုတစ်ကြိမ်တွင် သူမက ပို၍ထက်မြက်စွာဖြင့် ကလေးရှိကြောင်းကိုပါ မပြောတော့ပေ။


သူမ ပြောခဲ့လျှင်ပင် ယုံကြမည်မဟုတ်ချေ။


“နင်လက်ထပ်တာ စောလိုက်တာဟယ်… ဘွဲ့ရထားတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်မလား… ဘွဲ့ရပြီးပြီးချင်း လက်ထပ်လိုက်တာလား…” 


“မဟုတ်ဘူး… တက္ကသိုလ်ဒုတိယနှစ် ငါ အသက်နှစ်ဆယ်ပြည့်တော့ လက်ထပ်လိုက်တာ…”


လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက အံ့ဩသွားသည်။ 


“တကယ်ကြီး… နင်ဘွဲ့တောင်မရသေးဘူးလေ ဘဝရဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာပဲ…”


အန်းနဉ်က ပြုံးကာ ဘာမှမပြောတော့ပေ။


အမှန်တွင် ဘွဲ့မယူမီ ကလေးရသည့် ကိစ္စပါ ရှိသေးသည်။


သူမ စားပွဲပေါ်ရှိ ဖုန်းက မြည်လာ၍ ဖြေရန်နှိပ်လိုက်သည်။ ဥက္ကဌဝူက ဖုန်းခေါ်လာသည်။ 


“ရှောင်ကျိ ရုံးခန်းထဲလာခဲ့ဦး...”


အန်းနဉ်လည်း စကားစဖြတ်ကာ ရုံးခန်းသို့ ရောက်လာသည်။


ဥက္ကဌဝူက သူမစောစောက ပြင်ထားသည့် စာရွက်စာတမ်းများကို ကမ်းပေးကာ ပြောသည်။ 


“အတွင်းရေးမှူးရှီက မင်းကို ဒါတွေထိပ်ဆုံးထပ်ကို ပို့ခိုင်းလိုက်တယ်… ဥက္ကဌဝမ်က ကြည့်ချင်လို့တဲ့…”


အတွင်းရေးမှူးရှီက လူသစ်ဖြစ်သည့် အန်းနဉ်ကို ပို့ခိုင်းရန် အထူးတလည်တောင်းဆိုခဲ့သည်။ ဥက္ကဌဝူက အံ့အားသင့်ခြင်းမရှိပေ။ အန်းနဉ်ကို ရုံးချုပ်ထဲ ဝင်ရန် အတွင်းရေးမှူရှီ စီစဉ်ပေးထားသည်ကို သူသိထားသည်။ အတွင်းရေးမှူးရှီ၏ ဆွေမျိုး သို့မဟုတ် အလားတူတစ်ခုခု ဖြစ်မဖြစ်ကိုပင် မှန်းဆနေသေးသည်။


သူအံ့ဩနေရသည်က ဥက္ကဌဝမ်က သူတို့၏အတွေးအမြင်များကို ရုတ်တရက်ကြီး သိလိုသည့် ကိစ္စရပ်ပင်။ ပုံမှန်ဆိုလျှင် ဥက္ကဌဝမ်က အသေးစိတ်စစ်ဆေးရန် အလုပ်ရှုပ်ခံမနေပေ။ သူက ရလဒ်ကိုသာ ဂရုစိုက်တတ်သည်။


အနည်းငယ် ထူးဆန်းနေပေသည်။


အန်းနဉ်က တည်တည်ငြိမ်ငြိမ်နှင့် စာရွက်စာတမ်းများကို ယူလိုက်သည်။


ဥက္ကဌဝူက သူမအား သတိပေးလိုက်သည်။ 


“အမှုဆောင်အရာရှိတွေသုံးတဲ့ ဓာတ်လှေကားကို သုံးနော်…”


ထိပ်ဆုံးထပ်သို့ ရောက်ရန်ဆိုလျှင် ဥက္ကဌဝမ်၏ ကိုယ်ပိုင်ဓာတ်လှေကားနှင့် အမှုဆောင်အရာရှိသုံး ဓာတ်လှေကားကသာ ရောက်နိုင်သည်။ အမှုဆောင်အရာရှိသုံးဓာတ်လှေကား ဆိုသည်မှာ ဒါရိုက်တာရာထူးနှင့် အထက်ရှိသည့် လူများအတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။ သာမန်ဝန်ထမ်းသုံးဓာတ်လှေကားများက ထိပ်ဆုံးထပ်သို့ မရောက်နိုင်ချေ။


အန်းနဉ်က အမှုဆောင်အရာရှိသုံး ဓာတ်လှေကားဖြင့် တက်သွားကာ တံခါးပွင့်လာသည်နှင့် ဥက္ကဌဝမ်၏ရုံးခန်းအပြင်ဘက်ရှိ အတွင်းရေးမှူးတစ်စုနှင့် ဆုံလေသည်။


အတွင်းရေးမှူးများက သူမအား သတိထားမိသွားပြီး မတ်တပ်ရပ်နှုတ်ဆက်ရန် ပြင်သည်။ အန်းနဉ်က သူတို့ကို တားလိုက်ကာ မူလနေရာမှာ ထိုင်စေသည်။ သူတို့အား သိုသိုသိပ်သိပ်နေသည့်အကြောင်းကို ပြောပြထားသည်။


“ဥက္ကဌဝမ်က စောင့်နေပါတယ်…” 


အတွင်းရေးမှူးရှီက အပြုံးဖြင့် ကြိုဆိုသည်။ 


“တန်းပြီးဝင်သွားလို့ရပါတယ်…”


ဥက္ကဌဝမ်၏အယုံကြည်ရဆုံးသူဖြစ်သော အတွင်းရေးမှူးစွန်းမှာ ကုမ္ပဏီခွဲတစ်ခုသို့ ဥက္ကဌအဖြစ် မပြောင်းရွေ့မီ ဥက္ကဌဝမ်အား နှစ်နှစ်ကြာ ကူညီပေးခဲ့သည်။ လက်ရှိ အယုံကြည်ရဆုံးသူက အတွင်းရေးမှူးရှီဖြစ်လာသည်။ သူက ဥက္ကဌဝမ်၏ ကိုယ်ရေးကိုယ်တာဘဝတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသည်။


အန်းနဉ်ကလည်း သူနှင့် ရင်းနှီးသည်။


ပြောရမည်ဆိုလျှင် ဥက္ကဌဝမ်က ဥက္ကဌကောအန်း၏ လက်အောက်တွင် ရှိနေစဉ် သူ၏အတွင်းရေးမှူးမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ ဥက္ကဌအဖြစ်တာဝန်ယူပြီးနောက် အတွင်းရေးမှူးနေရာတွင် အမျိုးသားများကိုသာ ထားရှိခဲ့သည်။ အကုန်လုံးတန်းစီထားခြင်းမရှိလျှင် သတိထားမိမည်ပင် မဟုတ်ချေ။ ယခု အတွင်းရေးမှူးများက သူတို့၏နေရာများတွင် ရှိနေသဖြင့် သိသိသာသာပင် ထင်ရှားလာသည်။


အန်းနဉ်က တံခါးကိုဖွင့်ကာ ဝင်လာသည်။


ယခင်က ဥက္ကဌဝမ်၏ကိုယ်ပိုင် ဓာတ်လှေကားမှတစ်ဆင့် ရုံးခန်းထဲသို့ ရောက်ဖူးသည်။


အတိတ်တွင် ဤနေရာက ဥက္ကဌဝမ်ကောအန်း၏ ရုံးခန်းဖြစ်ခဲ့သည်။ ဥက္ကဌဝမ်၏အမြင်အရ အတွင်းပိုင်းအပြင်အဆင်မှာ ခေတ်မမီတော့သဖြင့် သူ့အကြိုက်နှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင် မွမ်းမံခဲ့သည်။ ထို့နောက် သူ၏ အနုပညာရသမြောက်သော ရွေးချယ်မှုများကို သူမမြင်နိုင်ရန် ခေါ်သွားခဲ့သည်။


သို့သော်ငြားလည်း ပြန်လည်မွမ်းမံကာစဖြစ်၍ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ပစ္စည်းများကိုသာ အသုံးပြုထားသော်လည်း ကျန်းမာရေးလိုက်စားသူ ဥက္ကဌဝမ်က လေသန့်စင်နိုင်ရန် လအနည်းငယ်ကြာအောင် ထားခိုင်းထားသည်။ စွမ်းအားမြင့် လေသန့်စင်စက်များက တဝီဝီမြည်အောင် လည်ပတ်နေရသည်။


ဥက္ကဌဝမ်၏ အကြိုက်က ဥက္ကဌကောအန်းထက် ပိုပြီး နုပျိုလန်းဆန်းသည်မှာ အမှန်ပင်။ ရုံးခန်းက ပိုပြီး တက်ကြွသည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။


သို့သော်လည်း ကျယ်ဝန်းသော ရုံးခန်းထဲ၌ စားပွဲကြီး၏အနောက်ရှိ လယ်သာထိုင်ခုံက အလွတ်ကြီးဖြစ်နေကာ ဥက္ကဌဝမ်၏ အရိပ်အယောင်မရှိချေ။


အန်းနဉ်က အနည်းငယ်ထူးဆန်းလာသည်ကို ခံစားရသဖြင့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် “ဝမ်ယွီ”ဟု တိုးတိုးလေး ခေါ်လိုက်သည်။


အနောက်မှ လက်တစ်ဖက်က အန်းနဉ်၏မျက်လုံးများကို ကာလိုက်ပြီး နောက်လက်တစ်ဖက်က သူမ၏ခါးပေါ်သို့ ရောက်လာသည်။


“မလှုပ်နဲ့နော်… ဒါ ဓားပြတိုက်နေတာ…” 


ရင်းနှီးကျွမ်းဝင်နေသည့် အသံတစ်ခုက ပြောလာသည်။ 


“အလှလေးကိုပဲ ဓားပြတိုက်နေတာ… ငွေလိုချင်လို့မဟုတ်ဘူး…”


အန်းနဉ်က ရယ်ကာ သူ့လက်များကို ဖယ်လိုက်သည်။ 


“ရှင်ဘာလုပ်နေတာလဲ… အခုက အလုပ်ချိန်နော်…”


သူမခါးကို ဖက်ထားသည့် ဥက္ကဌဝမ်က သူမလည်ပင်းကို လေမှုတ်လိုက်သည်။ 


“ကစားနေတာလေ…”


“ဒါပေမဲ့ အခု ဆောင်းတွင်းရောက်နေပြီ…” 


အန်းနဉ်က ဆိုသည်။ 


“ကျွန်မ စာရွက်စာတမ်းတွေ ယူလာတယ်… ရှင်ကြည့်မှာလား မကြည့်ဘူးလား…”


“စာရွက်စာတမ်းထဲမှာ ဘာရှိမှာမလို့လဲကွာ… လူအိုကြီးဝူကိုပဲ ကိုင်တွယ်ခိုင်းလိုက်မယ်…ကိုယ်တွေ့ချင်တာက မင်းကိုလေ…”


ဥက္ကဌဝမ်က ပြုံးလိုက်သည်။


သူမအား အနည်းငယ်စနောက်ပြီးနောက် ဥက္ကဌဝမ်က ကျီစယ်ပြုံးပြုံးကာ ရုံးခန်းတံခါးကို လော့ချလိုက်သည်။


အန်းနဉ်က လုံးဝသတိမထားမိခဲ့ချေ။ သူမက ဥက္ကဌထိုင်သည့် စားပွဲနောက်သို့ လျှောက်သွားကာ ဆိုသည်။ 


“ထိပ်ဆုံးလွှာက မြင်ကွင်းက အရမ်းကောင်းတာပဲ…”


“ကောင်းတယ်ဆို ဘာလို့ဒီကိုမပြောင်းလာရတာလဲ… မင်းအတွက် ရုံးခန်းကို ပြင်ထားတာ တော်တော်ကြာပြီ… လေသလပ်ခံထားတာ တစ်နှစ်လောက်တောင် ရှိတော့မယ်…”


ဥက္ကဌဝမ်က မကျေမနပ်ပြောသည်။


“အခုလည်း အဆင်ပြေပါတယ်…” 


အန်းနဉ်က နောက်သို့လှည့်ကာ သူ၏ခါးကို ဖက်၍ ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်ပြီး ကျီစယ်သည့်အပြုံးမျိုး ပြုံးလိုက်သည်။ 


“ကျွန်မမှာ တာဝန်အကြီးကြီးယူနိုင်မယ့် အရည်အချင်းမျိုးမရှိသေးဘူးလေ… အဲ့ဒီလို ရာထူးမျိုးယူရတာလည်း စိတ်ဝင်စားဖို့ မကောင်းပါဘူး… အဲ့ဒီအစား ကိုယ်ကြိုက်တာတစ်ခုခု လက်တွေ့လုပ်လိုက်ရတာ ပိုကောင်းမယ်…”


“ကောင်းပါပြီကွာ… မင်းပျော်သလိုလုပ်နော်…” 


ဥက္ကဌဝမ်က သူမ၏ဆံပင်ကို ဖွလိုက်ကာ ခေါင်းငုံ့၍ အနံ့ခံလိုက်ကာ ချီးကျူးလိုက်သည်။  


“ကိုယ်တို့အိမ်က ခေါင်းလျှော်ဆပ်ပြာအနံ့လေးက တကယ်ကောင်းတာပဲကွာ…” 


ကျိအန်းနဉ် : “…..”


အိုး… Heatဝင်နေတဲ့ လက္ခဏာပဲ…


အန်းနဉ်က သူမ၏ ကိုယ်ဟန်အနေအထားကို သိမ်မွေ့စွာ ပြောင်းလိုက်ပြီး ဥက္ကဌဝမ်က သူမခါးလေးကို ပြန်ဆွဲကာ စားပွဲခုံပေါ်သို့ ချောမွေ့စွာ ပင့်တင်လိုက်သည်။


“အပြင်မှာ လူရှိတယ်လေ…” 


အန်းနဉ်က တီးတိုးပြောလိုက်သည်။


“ကိုယ့်ရုံးခန်းရဲ့ အတွင်းခန်းဒီဇိုင်းအရည်အသွေးကို ယုံလိုက်… အသံတော်တော်လုံတယ်လေ… မင်းအော်ချင်သလောက်‌ အော်လို့ရတယ်…” 


ဥက္ကဌဝမ်က အန်းနဉ်၏အဝတ်များကို စတင် ချွတ်တော့သည်။


အန်းနဉ်က သူ၏လက်များကို ဆွဲလိုက်ကာ ခုခံသေးသည်။ 


“နေ့ခင်းကြောင်တောင်ကြီးလေ…”


“ကျိအန်းနဉ်…” 


ဝမ်ယွီက သူ့လက်များကို သူမ၏ဘေးတစ်ဖက်တစ်ချက်ဆီသို့ ထောက်ထားရင်း ပြောသည်။ 


“ကိုယ်ဒီလိုနေ့မျိုးကို ဘယ်လောက်ကြာကြာစောင့်နေရလဲဆိုတာ မင်းသိရဲ့လား…”


အန်းနဉ်က အနည်းငယ်တွေးတောကာ ပြန်ဖြေသည်။ 


“သုံးနှစ်နဲ့ နှစ်လလား…”


“……” 

ဝမ်ယွီ : “အိုး…”


အန်းနဉ်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်လုံးများက နူးညံ့သည့်အမူအရာဖြင့် ပြည့်နှက်နေသည်။ 


“ကျွန်မသိပါတယ်… ရှင်ကျွန်မကို ဒီရုံးခန်းလိုက်ပြတဲ့နေ့ကတည်းက တစ်ခုခုကို ကြံရွယ်ထားတယ်မလား…”


လွန်ခဲ့သည့်သုံးနှစ်က ရုံးခန်းက အသစ်ပြန်လည်မွမ်းမံကာစဖြစ်ကာ ဝမ်ယွီက အန်းနဉ်အား အလည်လာရန် စိတ်အားထက်သန်စွာ ဆွဲဆောင်ခဲ့သည်။


ထိုညက ရုံးချုပ်တွင် လူသူကင်းမဲ့နေချိန် နှစ်ယောက်သား ရုံးခန်းအသစ်တွင် စိတ်လှုပ်ရှားစရာတစ်ခုခု လုပ်ရန် ထိပ်ဆုံးလွှာသို့ ခိုးကြောင်ခိုးဝှက် တက်လာကြသည်။ 


သူတို့မမျှော်လင့်ခဲ့သည်မှာ ဝမ်ယွီ၏အဖေဖြစ်သူက ရုံးခန်းသစ်ထဲ လေသန့်စင်စက်များထားရှိရန် မှာကြားခဲ့မည်ကိုပင်။ ကြမ်းပြင်က ရှုပ်ယှက်ခတ်နေသော ပလက်ပေါက်များများ ဝိုင်ယာကြိုးများဖြင့် ဖရိုဖရဲဖြစ်နေသည်။ လေသန့်စင်စက်များကို ဖြစ်ကတတ်ဆန်းပုံစံဖြင့် ချထားပြီး အမြင့်ဆုံးနှုန်းကို တင်ထားရာ လေသန့်စင်စက်အသံများက ကျယ်လောင်နေသည်။


ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် ဝမ်ယွီ့အနေနှင့် ထိုညရုံးခန်းထဲ၌ လာစရာ အကြောင်းမရှိတော့ပေ။



###