အပိုင်း၂၈၁
Viewers 67k

🍵Chapter 281



ဦးလေးဇုန်း၏ ပြောပြချက်အရ ချန်ရှို့ယွင်သည် ယခင်က အိမ်နီးချင်းများကို လှည့်ဖြားရန် ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုခဲ့သည်။ 


ထိုအချိန်က ၀မ်ရူကွေ့၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို အိမ်နီးချင်းများက တွေ့ရှိခဲ့ကြသော်လည်း ချန်ရှို့ယွင်၏ သရုပ်ဆောင်မှုစွမ်းရည်က ၎င်းကို ဖုံးကွယ်သွားခဲ့ပြီး ၀မ်ရူကွေ့အား တစ်နှစ်ကြာ ရိုက်နှက်နှိပ်စက်နိုင်ခဲ့သည်။


လေးနှစ်၊ငါးနှစ်မျှသာရှိသေးသော ၀မ်ရူကွေ့သည် မိခင်အရင်းဖြစ်သူ၏ အနိုင်ကျင့်နှိပ်စက်ခြင်းခံရပုံကိုတွေးတောရင်း  သူမသည် ချန်ရှို့ယွင်အား ရိုက်နှက်ရုံဖြင့် မလုံလောက်ကြောင်း ခံစားလိုက်ရသည်။


သို့သော်ငြား ဤနေရာကို အချိန်မရွေး ဖြတ်သန်းသွားလာသည့်လူများ ရှိကြသဖြင့် သူမ မည်သည်ကိုမှ ထပ်မံမပြုလုပ်ဝံ့ပေ။


ချန်ရှို့ယွင်က ဆံပင်များကို နားရွက်နောက်သို့ ညှပ်လိုက်ပြီး တည့်တည့်မတ်တပ်ရပ်ပြီး ထုံရွှယ်လူကိုကြည့်သည်  


" မင်းက ၀မ်မိသားစုနဲ့ရူကွေ့ကို တော်တော်သစ္စာစောင့်သိပုံရတယ်။ ဒီလိုဆိုရင် မင်းငါ့ကို ဒီလိုမဆက်ဆံသင့်ဘူး။  ပြောရမယ်ဆိုရင် ငါ့ရဲ့ ဖောက်ပြန်မှုအကြောင်း လူတွေသိသွားကြရင် ရူကွေ့ကို ထိခိုက်မှာမဟုတ်ဘူးလို့ မင်းထင်နေတာလား "


အရှက်မရှိသည့်လူအများအပြားကို သူမ တွေ့ခဲ့ဖူးပေမယ့် ဤမျှလောက် အရှက်မဲ့သူကို မတွေ့ခဲ့ဖူးချေ။


ထုံရွှယ်လူသည် ချန်ရှို့ယွင်၏ အရှက်မဲ့မှုကြောင့် ကျယ်လောင်စွာ ရယ်မောလုနီးပါး ဖြစ်သွားသည်။


 " ဒါဆို ရှင်သွားပြီး ဖော်ထုတ်လိုက်လေ။ ရှင့်ကို ၀မ်မိသားစုက လွှတ်ပေးခဲ့တုန်းက ရူကွေ့ထိခိုက်မှာကို စိုးရိမ်နေခဲ့ရလို့။ ဒါပေမယ့် အခု ရူကွေ့က အရွယ်ရောက်နေပြီ။ ရှင့်လို အမေမျိုးကြောင့် သူက ၀မ်းနည်းနေမယ်လို့ ရှင် ထင်နေတာလား "


ချန်ရှို့ယွင်နှင့်မယားခိုးသူကြားရှိ ဖောက်ပြန်မှုကို ဖော်ထုတ်ကာ ၎င်းတို့ကို အများက ဝေဖန်အောင် ပြုလုပ်ပြီး အလုပ်ကြမ်းစခန်းသို့ ပို့နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ၎င်းသည် သူမက ၀မ်ရူကွေ့၏ မိခင်အရင်းဖြစ်သည်ဟူသော အချက်ကို ပြောင်းလဲမပစ်နိုင်ချေ။


အိမ်ထောင်ရေးဖောက်ပြန်သောမိခင်ရှိခြင်းသည် ၀မ်ရူကွေ့ကို သိသိသာသာထိခိုက်စေနိုင်သည်။ ဤကိစ္စကို ဖော်ထုတ်လိုက်သည်နှင့် ဝမ်ရူကွေ့က အတင်းအဖျင်းနှင့် ကောလာဟလများကြားထဲတွင် နေထိုင်ရမည်။


ဆိုးရွားသောသရော်လှောင်ပြောင်မှု သို့မဟုတ် စာနာနားလည်မှု စသည်များသည် ချွန်ထက်သောဓားသွားများဖြစ်လာကာ ငယ်ရွယ်သည့်ဝမ်ရူကွေ့ကို ဖြတ်တောက်သွားကြမည်ဖြစ်သည်။


ထို့အပြင် ဝမ်မိသားစုသည်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာကို အလေးထားကြပြီး ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်သည့် ၀မ်ရူကွေ့၏ ဖခင်အတွက် ဤမျှကြီးမားသော "ဦးထုပ်စိမ်း" ကို ၀တ်ဆင်ရခြင်းသည် အရှက်ရစရာကိစ္စတစ်ခုဖြစ်သည်။


နေ့ခင်းဘက်တွင် နေရောင်ခြည်သည် သစ်ရွက်များကြားထဲမှ ဖြာကျလာပြီး ချန်ရှို့ယွင်သည် မှုန်ဝါးဝါး အရိပ်များတွင် မတ်တပ်ရပ်နေသည်။  သူမ၏ ရုပ်သွင်ပြင်မှာ ရှုပ်ပွနေသော်လည်း ယခင်က တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။  သူမကိုယ်ပေါ်ရှိ အ၀တ်အစားများကို ချိန်ညှိလိုက်ပြီးနောက် ပြောသည်။


  " မင်းက တကယ်ကို တော်ပါပေတယ်။ ဒါပေမယ့် သိပ်ပြီးဂုဏ်မယူနဲ့၊ ငါတို့ နောက်ထပ်တစ်ခါ ပြန်ဆုံကြမှာပါ "


ထိုကဲ့သို့ပြောပြီးနောက် သူမက လှည့်ထွက်သွားသည်။


နေရောင်ခြည်သည် ချန်ရှို့ယွင်ပေါ်သို့ တောက်ပနေပြီး ချမ်းတုန်ကာ မျက်ခုံးများ အနည်းငယ် တွန့်ရှုံ့သွားသည်။


သူမသည် ထုံရွှယ်လူကို စကားလုံးအနည်းငယ်ဖြင့် ဆွဲဆောင်နိုင်မည်ဟု ထင်ကာ သွားရှာရန် စိတ်မြန်လက်မြန်ပြုမူခဲ့သည်။  သူမ အခြေအနေကို အမှန်ပင် လျှော့တွက်ခဲ့မိသည်။


ဤသင်ခန်းစာသည် သူမအတွက် နှိုးဆော်ချက်တစ်ခုအဖြစ် လုပ်ဆောင်ခဲ့သည်။ ရှစ်နှင့်ချန်မိသားစုများ၏ ပူးပေါင်းအင်အားသည် လက်ရှိတွင် ၀မ်မိသားစုနှင့် ပြိုင်ဘက်မဟုတ်ချေ။ အကယ်၍ တစ်သက်လုံး ဖိနှိပ်မခံလိုလျှင် ခုခံရန်အတွက် အခြားနည်းလမ်းများ ရှာဖွေရန် လိုအပ်ပေသည်။


ချန်ရှို့ယွင်၏ တင့်တယ်လှပသော ကျောပြင်ကို ကြည့်ရင်း ထုံရွှယ်လူသည်လည်းလည်း သတိထားမိသွားသည်။


သူမ၏ စော်ကားအရှက်ခွဲမှုကို ခံရပြီးနောက် အလျင်အမြန် ငြိမ်သက်သွားနိုင်ခဲ့သည် ။ ချန်ရှို့ယွင်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းသောလူတစ်မျိုးဖြစ်သည်။


သို့သော် ချန်ရှို့ယွင်သည် မည်သို့သော မကောင်းဆိုးဝါးဖြစ်ပါစေ ၀မ်ရူကွေ့နှင့် ၀မ်မိသားစုကို အန္တရာယ်ပြုရန် သူမ ခွင့်မပြုနိုင်ပေ။


🍵


အဆောင်သို့ ပြန်ရောက်သည့်အခါ တစ်ရေးတစ်မော အိပ်ချိန်ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ထုံရွှယ်လူသည် သူမ၏ပစ္စည်းများကို သိမ်းဆည်းကာ အခန်းဖော်များနှင့်အတူ အတန်းသွားတက်လိုက်သည်။


စာသင်ခန်းသို့သွားရာလမ်းတွင် ကျန်းပိုင်ဟွေ့က မေးမြန်းသည်။ " ရွှယ်လူ နင့်ကိုတွေ့ဖို့လာတာ ဘယ်သူလဲ၊ နေ့လယ်ခင်းမှာ တစ်ယောက်ယောက်ကိုရှာဖို့ ဘာလို့ လာတာလဲ "


ထုံရွှယ်လူက " ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေအကြောင်း ငါ့ကိုလာမေးတဲ့ အိမ်နီးချင်းဟောင်းတစ်ယောက်ပါ "


ကျန်းပိုင်ဟွေ့ စကားပြောလုဆဲဆဲတွင် ယောက်ျားလေးတစ်ယောက်က သူမတို့ဆီသို့ ပြေးလာပြီး ကျန်းပိုင်ဟွေ့ကို ရှက်ရွံ့စွာ ကြည့်သည်။


" အတန်းဖော်ကျန်း ၊ နိုင်ငံခြားဘာသာနဲ့ ရေးသားထားတဲ့ မူရင်းစာအုပ်တွေကို ဖတ်ချင်တယ်လို့ မင်း နောက်ဆုံးတစ်ကြိမ်က ပြောခဲ့တာကို ငါမှတ်မိတယ်။ ' အန်းနခါရယ်နီနာ ' က မကြာသေးခင်ကပဲ ပြန်ပြီး ပုံနှိပ်ခဲ့တယ်။ အဲဒါ ဖြတ်သွားရင်းနဲ့ ရှင်းဟွာစာအုပ်ဆိုင်မှာ  ရောင်းနေတာတွေ့လို့ နင့်အတွက် လက်ဆောင်အဖြစ် ဝယ်လာခဲ့တယ် "


' အန်းန ခါရယ်နီနာ' သည် ရုရှားစာရေးဆရာ လီယိုထော်စတွိုင်း၏ ကိုယ်စားပြုလက်ရာများအနက်မှ တစ်ခုဖြစ်သည်။  လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း စာပေလက်ရာများစွာ ဝေဖန်ပိတ်ပင်ခံခဲ့ရပြီး  အလယ်ပိုင်းနှင့် နောက်ပိုင်းကာလများတွင်သာ စာအုပ်ထုတ်ဝေမှုကို ပြန်လည်ပြုလုပ်နိုင်ခဲ့သည်။


သို့သော် 'အန်းန ခါရယ်နီနာ ' ကဲ့သို့သော စာအုပ်များသည် မကြာသေးမီကမှသာ ပိတ်ပင်မှုကင်းလွတ်ကာ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ ဤရက်ပိုင်း၌ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူတော်တော်များများ ဤကိစ္စကို ဆွေးနွေးနေကြပြီး လူတော်တော်များများသည် မနက်စောစောစီးစီးထကာ  ရှင်းဟွာစာအုပ်ဆိုင်၌ စာအုပ်၀ယ်ယူရန် တန်းစီကြရသည် ။


ရောင်းချနေသည်ကို မြင်ပြီး ဝယ်ခဲ့သည်ဟုပြောသည့် ဤအတန်းဖော်သည် လိမ်ညာပြောဆိုနေခြင်းပင်ဖြစ်သည်။ ဤစာအုပ်ကို ဝယ်ယူရန် ရှင်းဟွာစာအုပ်ဆိုင်သို့ သွားပြီး တန်းစီရမည်ဖြစ်သည်။


အမှန်ပင် ဤကောင်လေး၏ စကားကိုကြားသည့်အခါ အဆောင်တွင် နေထိုင်သည့် အခြားသူများ၏ အကြည့်များက သူနှင့် ကျန်းပိုင်ဟွေ့တို့အပေါ် ကျရောက်လာသည်။


ချွေ့ရုန်ရုန်သည် ကျန်းပိုင်ဟွေ့အား မျက်စိတစ်ဖက်မှိတ်ပြပြီးနောက်  ပြောသည်။ " မနေ့က ငါ ဖုန်းကျစ်ကို စာအုပ်ဝယ်ဖို့ တန်းစီချင်တယ်လို့ ပြောခဲ့တယ်။ ပိုင်ဟွေ့ နင့်အတန်းဖော် စာအုပ်ပို့လာတာနဲ့အတော်ပဲ။ နောက်ကျ ငါ နင့်ဆီကနေ ငှားဖတ်လို့ရမလား "


ကျန်းပိုင်ဟွေ့က  ကြုံတောင့်ကြုံခဲ ရှက်ရွံ့မှုဖြင့် ကျောင်းသားကို ကြည့်လိုက်ပြီးနောက် ပြောသည်။ " ဒီလောက် အဖိုးတန်တဲ့ စာအုပ်ကို ငါလက်မခံနိုင်ဘူး။ ပြန်ယူသွားလိုက်ပါ။ နောက်မှ တန်းစီပြီး  ကိုယ်တိုင်ဝယ်လိုက်မယ် "


ကောင်လေးက " ငါ ဝယ်လာပြီးသွားပြီလေ။  ဘာလို့ ဝယ်ချင်သေးတာလဲ။ ဒါမှမဟုတ် ငါ မင်းကို ငှားပေးတယ်လို့ သဘောထားလိုက်။ မင်းဖတ်ပြီးရင် ငါ့ဆီ ပြန်ပေးလို့ရတယ်။ ဒါဆို စာအုပ်ဝယ်ဖို့ မင်း ပိုက်ဆံ ကုန်နေစရာ မလိုတော့ဘူး "


စာအုပ်တစ်အုပ်သည် ယွမ်အနည်းငယ်ကုန်ကျပြီး တက္ကသိုလ်ကျောင်းသားတစ်ဦး၏ လစဉ်ထောက်ပံ့ကြေးမှာ တစ်ဆယ့်ရှစ် ယွမ်သာရှိရာ သဘာဝကျစွာ တတ်နိုင်သမျှ ငွေစုကြရမည်ပင်။


ခဏတာ စဉ်းစားပြီးနောက် ကျန်းပိုင်ဟွေ့က စာအုပ်ကိုယူလိုက်ပြီး " ဒါဆို နင့်ဆီက ငှားတယ်လို့ သဘောထားလိုက် ။ ကျေးဇူးတင်ပါတယ်၊ အတန်းဖော်လျန် "


လျန်ထျန်းယိ၏ နူးညံ့သောမျက်နှာသည် ပုဇွန်ပြုတ်ကဲ့သို့ပင် နီရဲနေကာ နဖူးရှိ ချွေးများကို သုတ်လိုက်သည်။


 " ကျေးဇူးတင်စရာ မလိုပါဘူး။ ငါအရင်သွားနှင့်ပြီ "


ထိုသို့ပြောပြီးနောက် လှည့်ထွက်ကာ အပြင်းအထန် ပြေးလွှားရန်စတင်သည်။ သို့သော် ခြေလှမ်းနှစ်လှမ်းခန့် မလှမ်းမီတွင် ခလုတ်တိုက်ကာ လဲကျလုမတတ်ဖြစ်လေသည်။


ဤသည်ကိုမြင်သည့် အိပ်ဆောင်ရှိ မိန်းကလေးများသည်  မရယ်မောဘဲ မနေနိုင်ကြချေ။


လျန်ထျန်းယိသည် ရယ်သံများကိုကြားသည့်အခါ သွေးများထွက်နေသကဲ့သို့  မျက်နှာက  ပို၍တောင် နီရဲလာပြီး ကမန်းကတန်း ပြေးသွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။


တစ်ဖက်လူ အဝေးသို့ ပြေးသွားပြီးနောက် ရှဲ့ရှောင်ယန့်က ကျန်းပိုင်ဟွေ့ကို တံတောင်ဆစ်နှင့် ထိုးလိုက်သည်။ 


" ၀န်ခံရင် သက်ညှာမယ်။ ခုခံရင် ပြင်းထန်မယ်။ ငါ့ကို အမှန်အတိုင်း မြန်မြန်ပြော။ ဒီအတန်းဖော်လျန်က နင်နဲ့ဘာတွေလဲ၊ သူက ဘာလို့ နင့်အတွက် စာအုပ်ပေးချင်တာလဲ "


ကျန်းပိုင်ဟွေ့၏ မျက်နှာသည် ပန်းသီးကဲ့သို့ နီရဲလာပြီး " မဟုတ်တာတွေ လျှောက်မပြောနဲ့၊ ငါတို့က သာမန်အတန်းဖော်ဆက်ဆံရေးပါပဲ "


ချွေ့ရုန်ရုန်ကလည်း စကားဝိုင်းကို ပါ၀င်လာသည်။ 


 " သာမန်အတန်းဖော်တွေလား။ ဒါဆို သာမန်ဆက်ဆံရေးရှိတဲ့ ယောက်ျားလေးအတန်းဖော်တွေက ငါ စာအုပ်ဝယ်ဖို့ တန်းစီနေတာ ဘာလို့ မကူညီပေးကြတာလဲ "


ထျန်ဖုန်းကျစ်သည် လည်ပင်းမှာ ခေါင်းမြှုပ်လုနီးပါးဖြစ်နေသည့် ကျန်းပိုင်ဟွေ့ကို ကြည့်ပြီး လက်နှင့် ပုတ်ကာ ပြောသည်။


 " နင်က အိမ်ထောင်ကျပြီးပြီလေ။ နင့်အတွက် စာအုပ်ဝယ်ပေးဖို့ အတန်းဖော် ယောက်ျားလေးတစ်ယောက်ယောက်က တန်းစီဝံ့ရင် နောက်ကျ နင်တို့နှစ်ယောက်လုံး ဒုက္ခရောက်ကုန်လိမ့်မယ် "


 " ဖူးး..."


အဆောင်က တခြားသူများသည် ထိုသည်ကို ကြားကြသည့်အခါ ရယ်မောလိုက်ကြသည်။


ထုံရွှယ်လူက  " မြန်မြန်သွားရအောင်၊ နောက်မကျစေနဲ့ "


အိပ်ဆောင်ထဲ၌ လူများသည် သူမ၏စကားကို ကြားသည့်အခါ စနောက်ခြင်းများကို ရပ်တန့်လိုက်ပြီး စာသင်ခန်းဆီသို့ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။


ထိုသည်ကိုမြင်သည့်အခါ ကျန်းပိုင်ဟွေ့က သက်ပြင်းတစ်ချက်ချရင်း လက်ထဲတွင် 'အန်းန ခါရယ်နီနာ ' စာအုပ်ကို ဂရုတစိုက်ကိုင်ထားကာ နှလုံးသားက ခုန်ပေါက်လျက် ထုံရွှယ်လူကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ 


အတန်းပြီးသောအခါ ချန်ချိုက်ရှင်းသည် စင်မြင့်ပေါ်သို့ တက်ကာ လက်ခုပ်တီး၍ ပြောလာသည်။


 " ကျောင်းသားတွေ ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးကြပါ။ လူသစ်ကြိုဆိုပွဲအတွက် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးတဲ့‌နောက်မှာ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ပြဇာတ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ " 


" ပြဇာတ်" ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် အတန်းအတွင်းရှိ ကျောင်းသားများက စတင်ဆွေးနွေးကြသည်။


" ဘယ်လို ပြဇာတ်မျိုးလဲ။ ဇာတ်ညွှန်းရှိလား "


" ကျောင်းသားအားလုံး ဖျော်ဖြေရမှာလား ဒါမှမဟုတ် လူရွေးချယ်မှု ရှိမှာလား "


" ငါတို့ ပစ္စည်းကိရိယာတွေနဲ့ ဝတ်စုံတွေကို ထည့်စဉ်းစားဖို့လည်း လိုတယ်။ အဲဒါက ကရိကထမများလွန်းဘူးလား "


" ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ အဲဒါတွေကို မစီစဉ်ရင် ပရော်ဖက်ရှင်နယ်မဆန်ဖြစ်လိမ့်မယ် "


ချန်ချိုက်ရှင်းက လက်ခုပ်တီးလိုက်ပြီး " အားလုံးပဲ အတန်းဖော်တို့ ငါ့စကားကို နားထောင်ကြပါ။ ဇာတ်ညွှန်းအတွက် "ဆံနွယ်ဖြူနှင့်မိန်းကလေး"ကို ရွေးချယ်ထားပါတယ်။  ၁၉၄၅ ခုနှစ်က စတင်ဖန်တီးခဲ့တဲ့ 'ဆံနွယ်ဖြူနှင့်မိန်းကလေး' ကို အကြိမ်ကြိမ်ပြန်လည်ရေးသားခဲ့ပြီး  ရုပ်ရှင်တွေ၊ ပီကင်းအော်ပရာနှင့် အကပြဇာတ်တွေအဖြစ် အကြိမ်ပေါင်းများစွာ   ထုတ်လုပ်ခဲ့တယ်။ ဒါပေမယ့် အခုအချိန်အထိ အင်္ဂလိပ်ဗားရှင်းကို မတွေ့ရသေးဘူး။ ဒါကြောင့် ငါတို့က ဒီအခွင့်အရေးက ရယူပြီး အင်္ဂလိပ်ဗားရှင်း အကပြဇာတ်အဖြစ် ဖန်တီးချင်တယ် "


ဤကြေငြာချက်အပြီးတွင် အတန်းသည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားပြီးနောက် ပြန်လည်ဆွေးနွေးမှု ထပ်မံဖြစ်ပွားသည်။


" ဇာတ်ညွှန်းရဲ့ အင်္ဂလိပ်ဗားရှင်းအတွက် ဘယ်သူက တာဝန်ယူမှာလဲ။ ငါတို့ကိုယ်တိုင် လုပ်ရမယ်လို့တော့ မပြောနဲ့‌နော်၊ ငါတို့က အဲဒီအဆင့် မဟုတ်ဘူး "


" ငါပြောချင်တာအဲ့ဒါ။ ပြောရရင် ငါတို့က မလုပ်ချင်တာမဟုတ်ဘဲ မလုပ်နိုင်လို့ပါ။ အင်္ဂလိပ်စကားလုံးတွေ အများကြီးကိုတောင် မသိသေးဘူး၊ စာအုပ်တစ်အုပ်လုံးကို ဘယ်လိုဘာသာပြန်ရမလဲ "


ချန်ချိုက်ရှင်းက ပြုံးလိုက်ပြီး " အားလုံး အဲဒါအတွက် စိတ်ပူစရာ မလိုဘူး။ ဆရာက ငါ့ရဲ့ အစီအစဉ်ကို ကြားတော့ တခြားဌာနက ဆရာတွေနဲ့ ပူးပေါင်းပြီး 'ဆံနွယ်ဖြူ နှင့်မိန်းကလေး' ရဲ့ ဇာတ်ညွှန်းကို အင်္ဂလိပ်လို တစ်ပတ်အတွင်း ဘာသာပြန်‌ပေးမယ်လို့  သဘောတူပြီးပြီ။ ငါတို့က အဲဒီဇာတ်ညွှန်းအတိုင်း အစမ်းလေ့ကျင့်ရင်ရပြီ "


ဘာသာပြန်ခြင်းတွင် အခြားဌာနများမှ ဆရာများနှင့် ပါမောက္ခအများအပြား ပါဝင်မည်ဟု ကြားသိရသောအခါ ကျောင်းသားများသည် စိတ်သက်သာရာရသွားကြသည်။


ထုံရွှယ်လူသည် စင်မြင့်ပေါ်ရှိ ချန်ချိုက်ရှင်းကိုကြည့်ကာ ဤကိစ္စတွင် သူမသည် ကောင်းမွန်သည့် ခေါင်းဆောင်အရည်အချင်းရှိသည်ဟု ထင်မြင်မိသည်။ 


ဇာတ်ညွှန်းကို အင်္ဂလိပ်ဘာသာသို့ ကိုယ်တိုင်ဘာသာပြန်ဆိုပြီး ဆရာများနှင့် ကျောင်းသားအားလုံးကို ပါဝင်ခွင့်ပေးခြင်းသည် နိုင်ငံခြားစာပေကို ပြဇာတ်အဖြစ် အသုံးပြုခြင်းထက် ပိုမိုအဓိပ္ပာယ်ရှိပြီး လူတိုင်းပါဝင်ခွင့်လည်းရရှိသည်။


ချန်ချိုက်ရှင်းက ဆက်လက်ပြောသည်။ " ပစ္စည်းတွေနဲ့ ဝတ်စုံအတွက်က စိတ်ပူစရာ မလိုဘူး။ အချိန်ကျလာရင် ယဉ်ကျေးမှုအဖွဲ့ဆီကနေ ငါ့အဒေါ်ကို ငှားပေးခိုင်းလို့ရတယ် "


လက်ခုပ်သံများ စာသင်ခန်းထဲတွင် ပဲ့တင်သံ ထပ်သွားသည်။


" အတန်းဖော်ချန်၊ မင်း ဒီပွဲကို ဦးဆောင်ဖို့ ဆရာက ရွေးချယ်ခဲ့တာ အမှန်ကန်ဆုံးပဲ။ မင်းမရှိရင် ငါတို့ ပစ္စည်းတွေနဲ့ ဝတ်စုံတွေကို ငှားနိုင်မှာ မဟုတ်ဘူး "


" ဟုတ်တယ် ၊ ရှင်းရှင်း မင်းအဒေါ်ကို လာပေးဖို့ တောင်းဆိုလို့ရမလား။ နောက်ဆုံးမှာ ငါတို့တတွေက အရင်က ပြဇာတ်သရုပ်ဆောင်ခဲ့ဖူးတာ မဟုတ်ဘူး၊ ငါတို့ ကောင်းကောင်းမလုပ်နိုင်မှာကို ကြောက်တယ် "


ချန်ချိုက်ရှင်းက ခေါင်းညိတ်သည်။ " ဒါ‌ပေါ့ ကိစ္စမရှိဘူး၊ နောက်ကျ ငါ့အဒေါ်နဲ့ စကားပြောကြည့်လိုက်မယ်။ သူက ငါ့ကို အချစ်ဆုံးပဲမို့ သေချာပေါက် သဘောတူလိမ့်မယ် "


အတန်းဖော်များသည် ချန်ချိုက်ရှင်း၏ ကံကောင်းသော မိသားစုနောက်ခံကို ချီးကျူးကြသည်။


" အ‌တန်းဖော်ချန်ကို အားကျလိုက်တာ။ မိဘ‌က သံအမတ်၊ အဒေါ်က ယဉ်ကျေးမှုအဖွဲ့ရဲ့ ဒါရိုက်တာ။ အရမ်းအားကျစရာကောင်းတာပဲ "


" ဟုတ်တယ်။ အတန်းဖော်ချန် ငါတို့ အင်္ဂလိပ်ဌာနကို ပြောင်းရွှေ့လာတာ ကောင်းတယ်‌ပြောရမယ် ။ မဟုတ်ရင် ငါတို့ ဒီအချိန် ဒီလိုမျိုး လုပ်နိုင်မှာမဟုတ်ဘူး "


ချန်ချိုက်ရှင်းသည် သူမ၏အတန်းဖော်များထံမှ ချီးကျူးစကားများကို နားထောင်ပြီး‌နောက် ထုံရွှယ်လူကို ဂုဏ်မောက်စွာ ကြည့်လိုက်သည်။


ထုံရွှယ်လူသည် သူမ၏ အကြည့်ကို မြင်လိုက်ရပြီး အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း ထိုကိစ္စကို သိပ်ပြီး မစဉ်းစားလိုက်ပေ။


ချန်ချိုက်ရှင်းက " ဇာတ်ညွှန်း၊ ဇာတ်ပစ္စည်းတွေနဲ့ ဝတ်စုံတွေက ပြေလည်သွားပြီ။ အခု ဖျော်ဖြေတင်ဆက်သူတွေကို ရွေးလိုက်ကြရအောင်။ အားလုံးက တက်တက်ကြွကြွ ပါဝင်မယ်လို့ မျှော်လင့်ပါတယ် "


ဤသတင်းကိုကြားပြီးနောက် ကျောင်းသားအများအပြားက စိတ်အားထက်သန်စွာ စာရင်းသွင်းခဲ့ကြသည်။


ရှဲ့ရှောင်ယန့်သည် ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေသော်လည်း သူမ၏ အဆောင်နေအခန်း‌ဖော်များ မှ မည်သူမျှ စာရင်းမသွင်းသည်ကိုမြင်သဖြင့် " နင်တို့ထဲက တစ်ယောက်မှ မပါကြဘူးလား "


ထျန်ဖုန်းကျစ်က လက်များကို ဝေ့ယမ်းပြီး " ငါ မလုပ်နိုင်ဘူး၊ သူများတွေ ငါ့ကို စိုက်ကြည့်နေတာကို ကြောက်တတ်တယ်။ စင်ပေါ်ရောက်ရင် စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားမှာ စိုးရိမ်တယ် "


လင်းလန်ကျွမ်းက အားတက်သရော ခေါင်းညိတ်သည်။


သူမသည် ပါဝင်ချင်သော်လည်း သူမက အလွန်စိတ်လှုပ်ရှားလွယ်တတ်သည်။ ပြဇာတ်ကသည်ကို အလုပ်ရှုပ်စေလိမ့်မည်ကို စိုးရိမ်နေပြီး အရွေးမခံရလျှင် ပို၍ပင် စိုးရိမ်ကာ ရှက်မိလိမ့်မည်။


ချွေ့ရုန်ရုန်က သူမ၏ခင်ပွန်းသည် မကြာမီ ပေကျင်းသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး အစမ်းလေ့ကျင့်မှုများ တက်ရောက်ရန် အချိန်မရှိနိုင်ဟု ဆိုသည်။


နောက်ဆုံးတွင် လူတိုင်း၏ မျက်လုံးများသည် ထုံရွှယ်လူဆီသို့ ရောက်သွားကြသည်။


" ငါ သရုပ်မဆောင်တတ်ဘူး။ ရှောင်ယန့်  နင် ပါဝင်ချင်တယ်ဆိုရင်တော့ သွားစာရင်းပေးလိုက်ပါ။ ဒါက လေ့ကျင့်ဖို့ အခွင့်အရေးကောင်းပဲ "


ထုံရွှယ်လူသည် ပြဇာတ်အစီအစဥ်ကို ကောင်းမွန်သည်ဟု ထင်ခဲ့သော်လည်း ပါဝင်ရန် အစီအစဉ်မရှိပေ။  


အတန်းတစ်ခုကျော်ရန် သူမ၏ အားလပ်ချိန်များအားလုံးကို ဝေါဟာရကျက်မှတ်ခြင်း၊ စာမေးပွဲမေးခွန်းများဖြေဆိုခြင်းနှင့် သင်ရိုးစာအုပ်များလေ့လာကျက်မှတ်ခြင်းတွင် ကုန်ဆုံးနေရသည်။  စနေ၊တနင်္ဂ‌‌နွေပိတ်ရက်တွင် သူမ၏ မိသားစုနှင့်လည်း အတူတူ အချိန်ကုန်ဆုံးရဦးမည်ဖြစ်ကာ အားလပ်ချိန်မရှိပေ။


ချန်ချိုက်ရှင်းသည် သူမတို့ဘက်ကို အာရုံစိုက်နေခဲ့ရာ ထုံရွှယ်လူ  ၏စကားကို ကြားသည်နှင့် ချက်ချင်းလမ်းလျှောက်လာပြီး " အတန်းဖော်ထုံ၊ နင့်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲက အင်္ဂလိပ်စာရမှတ်တွေက   တစ်တန်းလုံးမှာ အများဆုံးပဲ၊ မပါဝင်ရင် နှမြောစရာပဲ ..."


" ဒါ့အပြင် ဒီပွဲက ငါတို့ တစ်တန်းလုံးနဲ့ ဌာနတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်။ ကျောင်းသားတိုင်းက အဲဒါကို ရှောင်နေမယ့်အစား တက်တက်ကြွကြွ ပါဝင်သင့်ပါတယ်။ ငါပြောတာဟုတ်တယ်မလား အတန်းဖော်ထုံ "


ထုံရွှယ်လူက သူမကို မော့ကြည့်လိုက်ပြီးနောက် ပြောသည်။


 " နင်ပြောတာ မှန်တယ်။ ငါလည်း စာရင်းသွင်းလိုက်မယ် "


သူမ၏အထင်အမြင်လွဲမှားမှုဖြစ်သည်မဖြစ်သည်ကို မသေချာသော်လည်း ချန်ချိုက်ရှင်းသည် သူမအပေါ်  ရန်လိုသည်ဟု ခံစား‌နေခဲ့ရသည်။


သို့သော် သူမတို့ တစ်ခါမှ မတွေ့ဖူးသည်မှာ သေချာပြီး ၀မ်မိသားစု၊ရှောင်းမိသားစုနှင့် ချန်မိသားစုကြားတွင် ရန်ငြိုးမရှိနိုင်ပေ။

(ဘာလို့ ချန်နဲ့ ရန်ငြိုးမရှိလို့ပြောတာလဲမသိဘူး စာလုံးပေါင်းမတူတာလားပဲ)


သူမသည် ပို၍လှပပြီး သူမ၏ အမှတ်များ ပိုမိုကောင်းသောကြောင့် မနာလိုဖြစ်သည်က ဖြစ်နိုင်သနည်း။


ထုံရွှယ်လူသည် အကြောင်းရင်းကို အဖြေရှာမရသော်လည်း အလွန်အမင်း မစဉ်းစားပေ။  လူများကြားတွင် မနာလိုခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ခက်ထန်စွာ ပြောဆိုခြင်းသည် နားလည်နိုင်ပေသည်။ တစ်ဖက်လူသည် နိမ့်ကျသောနည်းဗျူဟာများ အသုံးပြုခြင်းမရှိသရွေ့ သူမသည် ၎င်းကို အလေးအနက်ထားမည်မဟုတ်ချေ။


ထုံရွှယ်လူက ပါဝင်ရန် သဘောတူကြောင်းကြားသည့်အခါ ချန်ချိုက်ရှင်း ၏ နှုတ်ခမ်းက အပေါ်သို့ ကော့သွားခဲ့ပြီး သူမ နာမည်ကို ပါ၀င်သူများစာရင်းတွင်ရေးလိုက်သည်။