🍵Chapter 282
ရွေးချယ်မှုလုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် ထုံရွှယ်လူရွေးချယ်ခံရသည်။
သို့သော် အဓိကဇာတ်ဆောင် ရှီအာ မဟုတ်ချေ။ ထိုအစား သူမသည် ရှီအာ၏ ယောက္ခမ ဖြစ်လုနီးပါးဖြစ်သော အိမ်နီးချင်းအဒေါ်တစ်ယောက်ဖြစ်သည်။
အတော်လေး အဓိပ္ပာယ်မဲ့ရုံသာဖြစ်ပေသည်။
သို့သော် ထုံရွှယ်လူသည် ဤကဲ့သို့ ဂုဏ်အသရေမျိုး၌ ယှဉ်ပြိုင်ရန် ဂရုမစိုက်ချေ။ အိမ်နီးချင်းအဒေါ် သရုပ်ဆောင်ရမည်ဆိုလျှင် သူမက အိမ်နီးချင်းအဒေါ်အဖြစ် သရုပ်ဆောင်လိုက်မည်ဖြစ်သည်။
အဓိကဇာတ်ဆောင်ဖြစ်သည့် ရှီအာအတွက်ကိုမူ ချန်ချိုက်ရှင်းက ရွေးချယ်ခံခဲ့ရကာ အံ့သြစရာမဟုတ်ပေ။
🍵
ပိတ်ရက်ရောက်သည့်အခါ သူမ၏ပစ္စည်းများကို သိမ်းဆည်းကာ အိမ်သို့ ပြန်သွားသည်။
သူမ တံခါးမှ၀င်လာသည်နှင့် လမုန့်လေးသည် ၎င်း၏အမြီးကိုရမ်းကာ သူမ၏ဘေးတွင် ခုန်ပေါက်၍ အလွန်ပျော်ရွှင်နေသည်။
သူမသည် လမုန့်ကလေးကိုမြင်သည့်အခါ ၎င်း၏အညစ်အကြေးကိုစားခဲ့သော ချန်ရှို့ယွင်အကြောင်း တွေးလိုက်မိပြီး သူမအတွက် ဖယောင်းတိုင်တစ်တိုင်ကို စိတ်ထဲ၌ တိတ်တဆိတ် ထွန်းညှိပေးလိုက်သည်။
ထိုခွေးမစင်များကို ထုံကျားရှင်းက အခြောက်ခံခဲ့ခြင်းဖြစ်သည်။ မကြာသေးမီက ဂိမ်းကစားရန် သို့မဟုတ် ငှက်ဖမ်းရန်အတွက် ခွေးမစင်များကို ခဲယမ်းများအဖြစ် အသုံးပြုခြင်းသည် ၎င်းတို့၏ကျောင်းတွင် ရေပန်းစားခဲ့သည်။
ပြီးခဲ့သည့်အပတ် သူမ အိမ်ပြန်လာခဲ့စဥ်က ထုံကျားရှင်း ခွေးမစင်များကို အခြောက်လှန်းထားသည်ကို တွေ့ခဲ့ရပြီး မေးခွန်းများမေးမြန်းခဲ့ကာ သိရှိပြီးနောက် သူမ ရွံရှာခဲ့သည်။
နောက်ပိုင်းတွင် ပြန်လည်စဉ်းစားသောအခါ ဤအရာများသည် အလွန်ကောင်းမွန်သော ဇီဝလက်နက်များဖြစ်သည်ဟု သူမ ထင်ခဲ့သည်။ ထို့ကြောင့် သူမ ထုံကျားရှင်းအား ကြွက်ချေး အမှုန်အမွှား အရွယ်အစားဖြစ်သည်အထိ ခြောက်သွေ့အောင် ပြုလုပ်ရန် ပြောခဲ့သည်။
ခွေးမစင်ခြောက်များတွင် အမှန်တကယ်၌ အနံ့အသက်ဆိုးများ မရှိချေ။ သူမသည် သူမအား အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော ရှစ်ကျွင်းမင်အား ရင်ဆိုင်ရန် ဤအရာကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သူမ သူ့ကို လက်တုံ့ပြန်လို သော်လည်း ထိုသူက ကျောင်းဝင်းထဲ၌ တက်ကြွစွာ လှုပ်ရှားပါ၀င်နေဆဲဖြစ်သည်။
( ရွှယ်လူကို ကလဲ့စားလာမချေတာကိုပြောတာဖြစ်မယ် ချန်ကျစ်ယဲ့တို့ကိစ္စ)
အကယ်၍ သူသာ သူမကို နောက်တစ်ကြိမ် တိုက်ခိုက်ဝံ့လျှင် သူ့အား ခွေးချေးကျွေးလိုက်မည်ဟူ၍ စဉ်းစားထားခဲ့သည်။ မမျှော်လင့်စွာ ရှစ်ကျွင်းမင်ထံ၌ မဟုတ်ဘဲ ချန်ရှို့ယွင်ထံ၌ အသုံးပြုခဲ့လိုက်ရသည်။
သူမ ကံအလွန်ကောင်းလွန်းသည်ဟုသာ ပြောရပေမည်။
ရာသီဥတုသည် ပို၍ ပူပြင်းလာပြီး လွန်ခဲ့သည့်နှစ်ရက်၌ အဘိုးနှစ်ယောက်လုံး၏ အစားစားချင်စိတ်မှာ မကောင်းမွန်ဟူ၍ ထုံကျားရှင်းက ပြောခဲ့သည်။
ထုံရွှယ်လူက ထိုအကြောင်းစဉ်းစားမိပြီး မီးဖိုချောင်သို့သွားကာ ခေါက်ဆွဲအေး၊ မာထီကောင်းမုန့်နှင့် ဇီးဖျော်ရည်တို့ကို ပြုလုပ်သည်။
ခေါက်ဆွဲအေးများသည် ချောမွတ်ပြီး ဝါးစား၍ ကောင်းကာ ရှာလကာရည်၊ ငရုတ်သီးတို့ဖြင့် ရောနယ်ထားပြီး ချဉ်စပ်စပ်ဖြစ်သဖြင့် လူတို့၏ အစာစားချင်စိတ်ကို နှိုးဆွပေးသည်။
မာထီကောင်းမုန့်သည် အရသာချိုမြိန်ပြီး နူးညံ့ပျော့အိကာ နွေရာသီတွင် စားသုံးရန် သင့်လျော်သော မုန့်တစ်မျိုးဖြစ်သည်။
ဇီးသီးဖျော်ရည်ကို လိမ္မော်ခွံ၊ ဟော်တွန်သီး၊ ဇီးသီးခြောက်၊ ပင်လုံးကြိုင်၊ နွယ်ချိုနှင့် သကြားခဲများကို အသုံးပြု၍ နွေရာသီ အဖျော်ယမကာအဖြစ် ပြုလုပ်ထားကာ အပူဒဏ်ကို သက်သာစေသည့် အာနိသင်ရှိသည့်အတွက် အဘိုး၀မ်နှင့် ဗိုလ်မှူးရှောင်းတို့ နှစ်ဦးလုံက နှစ်သက်ကြသည်။
အဘိုးဝမ်က သူ့ဗိုက်ကို ထိလိုက်ရင်း သက်ပြင်းချသည်။
" ရွှယ်လူလုပ်ပေးတဲ့ စားစရာတွေက အဘိုးအတွက် အကောင်းဆုံးပဲ။ ရွှယ်လူ အိမ်မှာမရှိတော့ အစားစားတာ နည်းသွားရော "
ဦးလေးဇုန်းက ခေါင်းညိတ်လိုက်သည်။ " မဟုတ်သေးဘူး ။ ရွှယ်လူရဲ့ အချက်အပြုတ်ကျွမ်းကျင်မှုကို ဟိုတယ်စားဖိုမှူးတွေကတောင် ယှဉ်လို့မရဘူး "
ဗိုလ်မှူးရှောင်၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့ ခံစားရပြီး အဘိုးကြီးနှစ်ယောက်က သူ၏ မြေးမလေးအား ချီးကျူးနေသည့် စကားကြားသောအခါ ဂုဏ်ယူမိသဖြင့် မျက်နှာပေါ်ရှိ အပြုံးကို မဖုံးကွယ်ထားနိုင်ပေ။
ထုံကျားမင်နှင့် အခြားကလေးများသည် စာဖတ်ခန်းသို့ သွားကြသည့်အခါ ထုံရွှယ်လူက ချန်ရှို့ယွင် သူမကိုရှာရန် အဆောင်သို့ ရောက်ရှိလာပြီး သူမက ခွေးမစင်များကို မည်ကဲ့သို့ ကျွေးခဲ့ကြောင်း ပြောပြလိုက်သည်။
ထိုစကားများကိုကြားပြီးနောက် ဧည့်ခန်းက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
အဘိုးဝမ်က တုန်လှုပ်ခြောက်ခြားသောအမူအရာဖြင့် " ရွှယ်လူ၊ သမီး ခွေးမစင်တွေ တကယ်ကျွေးခဲ့တာလား "
ထုံရွှယ်လူက ခေါင်းညိတ်သည်။ " သူမ ရူကွေ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့တာတွေကို တွေးမိတိုင်း သူမကို သင်ခန်းစာတစ်ခု သင်ပေးချင်နေခဲ့တာ "
ချန်ရှို့ယွင် သူမကို မည်သည့်ကိစ္စအတွက် လာရှာသည်ကို သူမ ခြေချောင်းများနှင့်တောင် ခန့်မှန်းနိုင်သည်။ မိမိ၏သားကို သေဆုံးသည်အထိ ဖိအားပေးနိုင်သည့် အမျိုးသမီး နှင့် မပက်သက်လိုသလို သူမ၏ မဟုတ်တမ်းတရားစကားများကိုလည်း နားမထောင်လိုပေ။
သူမနှင့် ကျိုးကြောင်းဆင်ခြင်ရန်ပင် မလုပ်လိုဘဲ ဒေါသပြေပျောက်စေရန် သာ ရိုက်နှက်ရန်လိုမိသည်။
သူမက ရှားရှားပါးပါး ပြသနာရှာရန် လာခဲ့ပြီး ဤအခွင့်အရေးကို သူမ ကျိန်းသေ ဆုပ်ကိုင်မည်ဖြစ်သည်။
ဧည့်ခန်းသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရယ်မောသံများထွက်ပေါ်လာသည်။
" ဟာဟားဟား၊ သမီးက တကယ်ကို ငါ့မြေးမပဲ။ သူ့ဒေါသက ငါ့လိုပဲ " ဗိုလ်မှူးရှောင်းက ရင်ဘတ်တုန်ခါသွားသည်အထိ ရယ်မောသည်။
အဘိုး၀မ်သည်လည်း အသိပြန်ဝင်လာပြီးနောက် ၀င်ရောက်ရယ်မောသည်။
" မင်းလုပ်တာမှန်တယ်၊ သိပ်တော်တယ် ။ သူမသာ မိန်းမတစ်ယောက်မဟုတ်ရင် အဲ့ဒီတုန်းက နေရာတင်ပဲ သွားတွေကျွတ်ထွက်တဲ့အထိ ရိုက်ပစ်ခဲ့မှာ "
ထိုအချိန်က ချန်ရှို့ယွင်သည် သူ့သားကို ဖောက်ပြန်ခဲ့ရုံသာမကာ ရူကွေ့ကိုလည်း နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင် သူ၏သားသည် စိတ်ဓာတ်ကျခဲ့ပြီး စစ်တပ်သို့ ပြန်သွာပြီးနောက်မကြာမီ တွင် မစ်ရှင်တစ်ခု၌ သေဆုံးသွားခဲ့သည်။
ထိုကာလတွင် သားဖြစ်သူ၏ နေ့စဉ်နာကျင်မှုနှင့်နာကြည်းမှုကို တွေးကြည့်သောအခါတွင် သူ့နှလုံးသားသည် အပိုင်းပိုင်းလှီးဖြတ်ခံရသကဲ့သို့ ခံစားရသည်။ သူ၏သား မစ်ရှင်ထမ်းဆောင်သည့်အခါ ၎င်းစိတ်ခံစားချက်များကြောင့် ထိခိုက်သွားခဲ့သည်ဟူ၍တောင် သူက သံသယဖြစ်မိသည်။
ဆံပင်ဖြူက ဆံပင်မည်းကို ပို့ဆောင်ခဲ့ရပြီး သူ့မြေးလေးကို ငယ်စဉ်ကတည်းက ဖခင်မရှိဘဲ ကြီးပြင်းလာစေသည့်အတွက် နှလုံးသားထဲမှ အမုန်းတရားများသည် ရှစ်နှင့်ချန်မိသားစုများဆီ လုံးလုံးလျားလျား ဦးတည်ခဲ့သည်။
ရူကွေ့ကြောင့်သာ မဟုတ်လျှင် ထိုနှစ်၌ ချန်ရှို့ယွင်အား သေအောင်ပစ်သတ်ခဲ့ပြီးဖြစ်သည်။
ယခုအခါ ထုံရွှယ်လူက ဤဒေါသကို ပြေပျောက်အောင် ကူညီပေးခဲ့ရာ သူက အလွန်ပျော်ရွှင်လေသည်။
ထုံရွှယ်လူက အဘိုး၀မ် မျက်လုံးများနီရဲစွာဖြင့် ရယ်မောနေသည်ကို တွေ့ရသည့်အခါ အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။
" ဝမ်ဘိုးဘိုး၊ ရှစ်နဲ့ချန်မိသားစုတွေက ချန်ရှို့ယွင်နဲ့သူ့လူကို ဘာလို့ ဒီလောက် ကာကွယ်ပေးနေတာလဲ "
အကယ်၍ ထိုကိစ္စသည် သာမန်မိသားစုတစ်ခုတွင် ပေါ်ပေါက်ခဲ့လျှင် တစ်မိသားစုလုံး၏အကျိုးအတွက် ချန်ရှို့ယွင်နှင့် မယားခိုးသူအား စွန့်လွှတ်သည်က အလွန်ဖြစ်နိုင်သော်လည်း ရှစ်မိသားစုကမူ ၎င်းတို့အတွက် ၀မ်မိသားစုကိုပင် တိုက်ခိုက်ခဲ့သည်။
ဤရန်ပွဲသည် ဆယ်နှစ်ကျော် ကြာမြင့်ခဲ့သဖြင့် သူမ အလွန်အမင်းသိချင်မိသည်။
အဘိုးဝမ်က နှာခေါင်းရှုံ့လိုက်သည်။
" ချန်ရှို့ယွင်က ချန်မိသားစု မျိုးဆက်နှစ်ဆက်မှာ တစ်ဦးတည်းသောသမီးမိန်းကလေး။ ချန်မိသားစုသခင်မက သမီးတစ်ယောက်မျှ မမွေးထွန်းကားခဲ့ဘဲ သူမရဲ့သားတွေကလည်း မြေးမလေးတစ်ယောက်မှ မမွေးဖွားခဲ့ဘူး။ ချန်ရှို့ယွင် မွေးတဲ့အချိန်မှသာ မိသားစုက မိန်းကလေးတစ်ယောက်ရှိခဲ့တာ ။ တစ်ဦးတည်းသောသမီးမို့လို့ ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီအချိန်က ရူကွေ့အဖေ သူမကို လက်ထပ်ချင်တဲ့အခါ အဘိုးသဘောမတူချင်ခဲ့ဘူး "
" ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတယ်။ ကြည့်လိုက်တာနဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို ဝေမျှနိုင်မဲ့သူ မဟုတ်ဘူး။ နောက်ပိုင်း အဘိုးရဲ့ အမြင်တွေ အတည်ပြုနိုင်ခဲ့တယ်။ အဘိုး အစကတည်းက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သင့်တာပါ "
ထုံရွှယ်လူသည် အဘိုးဝမ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည်ကို မြင်ကာ ကမန်းကတန်း နှစ်သိမ့်လိုက်သည်။ " ဝမ်ဘိုးဘိုး ကိစ္စတွေသာ အဲဒီလိုဖြစ်သွားခဲ့ရင် ရူကွေ့က ရှိလာမှာ မဟုတ်တော့ဘူး "
အဘိုးဝမ်က ခေါင်းညိတ်ပြီး " သမီးပြောတာမှန်တယ်။ အဲဒီလိုသာဆို ရူကွေ့ရှိလာမှာ မဟုတ်ဘူး။ ပြီးတော့ ရှစ်ရှိုးနန်(ကြာကူလီကောင်)။ သူက ရှစ်မိသားစုက တတိယမြောက်သားရဲ့ တစ်ဦးတည်းသောသား။ ရှစ်ရှိုးနန်အထက်မှာ အစ်မငါးယောက်ရှိပြီး အဲဒီနောက်မှ သားတစ်ယောက် ရလာတာမို့ သမီးပြောကြည့် သူတို့ ဒီသားကို ဘာလုပ်နိုင်မှာလဲ "
" အစတုန်းကတော့ ဒီအကြောင်းပြချက်နှစ်ခုကြောင့်ပဲ၊ နောက်ပိုင်းမှာ မိသားစု ရန်ငြိုးဖြစ်သွားတယ်။ အခု သူတို့က အဘိုးတို့ ၀မ်မိသားစုကို ဖျက်ဆီးချင်နေကြပြီ "
ထုံရွှယ်လူ "......"
မိသားစုနှစ်စု၏ပေါင်းစပ်မှုက တကယ်ပင် အံ့သြစရာဖြစ်သည်။
ဗိုလ်မှူးရှောင်းက " ဒီတစ်ကြိမ်တော့ ထားလိုက်တော့။ နောက်တစ်ခါ သူမ သမီးကို လာတွေ့ရင် သွားမတွေ့တာကောင်းမယ်။ သူမ ထောင်ချောက်ထဲ မကျတာပေါ့ "
ထိုသည်ကို ကြားသည့်အခါ အဘိုး၀မ်က လျင်မြန်စွာပြောသည်။ " ဟုတ်တယ် ၊သမီးအဘိုးပြောတာ မှန်တယ်။ အဲဒီမိန်းမကို သမီး သေချာဂရုစိုက်ရမယ် "
ထုံရွှယ်လူက ခေါင်းညိတ်သည်။ " သမီးနားလည်ပါပြီ။ ဘိုးဘိုးတို့ စိတ်မပူပါနဲ့၊ သမီးဂရုတစိုက်နေပါ့မယ် "
အခြေစိုက်စခန်း၌။
ဆိုးရွားသောခံစားချက် ခံစားနေရသည့် လူနှစ်ယောက်နှင့် အချစ်ရေးပြဿနာရှိ နေသူ တစ်ယောက်တို့ အတူတူ ထမင်းစားနေကြသည်။
ကျိုးရန်က စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ထမင်းတစ်ဝက်ကိုသာ စားပြီး ဆက်၍မစားနိုင်ချေ။
၀မ်ရူကွေ့နှင့် ဟွမ်ချီမင်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်လုံးသည် သူ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို သိရှိကြသည်။
ကျိုးရန်သည် နောက်ဆုံးတွင် သူ၏ ကျန်းမာရေးကို စစ်ဆေးရန် တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ တရုတ်တိုင်းရင်းဆေးပညာရှင်က ကျိုးရန်သည် အမှန်တကယ်ပင် အားနည်းနေပြီး ကလေးရလိုလျှင် သူ့ကိုယ်သူ ဂရုစိုက်ရန် လိုအပ်သည်ဟု ဆိုခဲ့သည်။ ကလေးရရှိရန် ခက်ခဲမည်ကို သိရှိပြီးကတည်းက ဤကဲ့သို့ ဖြစ်သွားခဲ့သည်။
ဟွမ်ချီမင်က ခဏလောက်စဉ်းစားပြီး နောက် ပြောသည်။ " ကျိုးရန် အရမ်းစိတ်ဓာတ်ကျမနေပါနဲ့။ မင်းကိုယ်မင်း ဂရုစိုက်ရင် ကလေးရလိမ့်မယ်လို့ ဆရာဝန်တွေက ပြောတယ်လေ "
ကျိုးရန်က ဝမ်းနည်းသည့်မျက်နှာဖြင့် ပြန်ပြောသည်။
" ရှောင်ယွင်က ငါ့ကို မကြိုက်တော့မှာကို ငါ စိုးရိမ်တယ်။ ကလေးမရနိုင်ရင် သူမ ငါနဲ့ကွာရှင်းမှာလား "
၀မ်ရူကွေ့ "....."
ဟွမ်ချီမင် "....."
စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပြီးသည့်နောက် ဟွမ်ချီမင်က ထပ်ပြောသည်။
" မင်းက ဒီနေရာမှာ ချို့ယွင်းချက်ရှိနေတာဆိုတော့ မင်းမိန်းမကို ပိုပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်တယ်။ မင်း သူမအပေါ် ကောင်းရင် သူမ မင်းကို ကွာရှင်းရက်မှာ မဟုတ်လောက်ဘူး "
ထိုစကားကို ကြားသည့်အခါ ကျိုးရန်၏ မျက်လုံးများက တောက်ပသွားသည်။
" ဒါဆို ငါ သူမကို ဘယ်လိုမျိုး ကောင်းကောင်းဆက်ဆံသင့်လဲ "
လစာများအားလုံးကို သူမအား ပေးအပ်ကာ သူမ၏ စကားများကို နာခံသည်။ သူမအပေါ် ကောင်းအောင် အခြားမည်သို့ပြုမူရမည်ကို သူ မတွေးနိုင်တော့ချေ။
ဟွမ်ချီမင်က ဤနေရာ၌ အတွေ့အကြုံရှိလေသည်။
" ဘဝက ငြီးငွေ့စရာကောင်းပြီး အံ့အားသင့်စရာလေးတွေလိုအပ်တယ်။ ငါတို့အိမ်ထောင်ကျပြီးပေမဲ့ တစ်ခါတစ်ရံ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စရာလေးတွေပေးဖို့ လိုအပ်နေတုန်းပဲ "
" ဘယ်လိုမျိုးလဲ "
ကျိူရန်နှင့် ၀မ်ရူကွေ့တို့က သူ့ကို သူ့ထံမှ သင်ယူလိုသည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။
ဟွမ်ချီမင်က "ဥပမာ မင်းရဲ့ ဇနီးသည် ဒါမှမဟုတ် ချစ်သူ ရှေ့မှာ အကြောင်းမကြားဘဲ ရုတ်တရက် ပေါ်လာပြီး အစားအစာနဲ့ သောက်စရာတွေပေးရင် အဲ့ဒါက ငါပြောတဲ့ အံ့အားသင့်စရာ(စပရိုက်)ပဲ "
၀မ်ရူကွေ့နှင့်ကျိုးရန်က ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြသည်။ သူတို့နားလည်လေသည်။
🍵
တနင်္လာနေ့၌။
ထုံရွှယ်လူသည် စာသင်ခန်းထဲတွင် စာလုပ်ပြီး ပြန်လာသောအခါ သူစိမ်းမိန်းကလေးတစ်ယောက်က သူမဆီသို့လာပြီး အောက်ထပ်တွင် သူမ၏အစ်ကိုဟုဆိုသော အမျိုးသားတစ်ဦး ရောက်နေကြောင်း ပြောသည်။
အစ်ကို။
ထုံရွှယ်လူက မျက်ခုံးပင့်ကာ ခေါင်းညိတ်လိုက်သည်။
" အွန်း ငါသိပြီ "
ရှဲ့ရှောင်ယန့်က စပ်စုစွာ မှတ်ချက်ချသည် ။ " ရွှယ်လူ နင့်ရဲ့၀မ်းကွဲအကိုက နင့်ကို ထပ်ပြီးလာရှာပြန်ပြီ "
ထုံရွှယ်လူက လှောင်ပြုံး ပြုံးလိုက်သည်။ " ဟုတ်ပါရဲ့ သူ ဘာလိုချင်လို့လဲမသိဘူး။ ငါ ဆင်းပြီး သွားကြည့်လိုက်ဦးမယ် "
၀မ်ရူကွေ့အကြောင်းစဉ်းစားရင်း သူမ၏ ခြေလှမ်းများက ပေါ့ပါးနေသည်။
အိပ်ဆောင်အပေါက်၀သို့ ရောက်သည့်အခါ ပြီးခဲ့သည့်အခေါက်ကကဲ့သို့ သစ်ပင်အောက်တွင် ရပ်နေသော ၀မ်ရူကွေ့ကို တွေ့လိုက်ရသည်။
သူမက ပြေးသွားကာ မေးလိုက်သည်။
" ရှင်မနက်ဖြန်အတန်းရှိတာလား "
၀မ်ရူကွေ့က သူမ၏မေးခွန်းကို ချက်ချင်းမဖြေပေ။ ထိုအစား သူ၏နောက်မှ ပန်းစည်းတစ်ခုထုတ်လာပြီး သူမကို ပေးသည်။
" မင်းအတွက် "
ထုံရွှယ်လူသည် ဤကဲ့သို့ စပရိုက်မျိုးကို မျှော်လင့်ထားသည့်အတွက် သူမမျက်၀န်းများ တောက်ပသွားသည်။
" ဒီပန်းတွေကို ဘယ်ကရလာတာလဲ "
၀မ်ရူကွေ့က ပြုံးလျက် သူမအား ကြည့်နေသည်။
" အခြေစိုက်စခန်းကနေ ခူးခဲ့တာ "
ထုံရွှယ်လူက အံ့ဩသွားလေသည်။
" ခူးခွင့်ရှိလို့လား "
၀မ်ရူကွေ့၏ နားရွက်များ နီရဲသွားသည်။
" ပြန်ရောက်ရင် ခေါင်းဆောင်ကို ပြောလိုက်မယ် "
ပန်းပွင့်များကို ခေါင်းဆောင်က စိုက်ပျိုးထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ သူနှင့် ကျိုးရန်က အားလုံးခူးဆွတ်ခဲ့သဖြင့် ခေါင်းဆောင် ကျိန်ဆဲမည်မှာ ကျိန်းသေသည်။ သို့သော် ဤအရာက သူမကို ပျော်ရွှင်စေလျှင် သူက အဆူခံရန် ဆန္ဒရှိသည်။
ထုံရွှယ်လူက ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများ ဝေ့ဝိုက်လိုက်ကာ သူမ၏ လက်ချောင်းကို သူ၏လက်ဖဝါးနှင့် ထိလိုက်သည်။
" သွားရအောင်၊ မကောင်းတာလုပ်ဖို့ ပန်းရုံသေးသေးတစ်ခု သွားရှာကြမယ် "
' မကောင်းတာတွေလုပ်မယ် '
၀မ်ရူကွေ့၏ မျက်လုံးများက တောက်ပလာပြီး သူ၏နှလုံးခုန်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေလေသည်။