🍵Chapter 285
အခြား အတန်းဖော်များ ထွက်သွားသောအခါ ချန်ချိုက်ရှင်းက ထုံရွှယ်လူ၏ လမ်းကို ပိတ်ကာ ခါးခါးသီးသီး ပြောလာခဲ့သည်။
"ထုံရွှယ်လူ နင်မကျေနပ်ရင်လည်း ဆရာ့ကို ပွင့်ပွင့်လင်းလင်း ပြောရင်ပြော ဒါမှမဟုတ် ငါ့ကို တိုက်ရိုက်လာပြောပါလား... နင်ကအခု ကောင်းမင်ကို ခိုင်းပြီး ငါ့ကို ခက်ခဲအောင် လုပ်နေတာ... နင်အရမ်း လွန်လွန်းနေပြီလို့မထင်ဘူးလား"
ထုံရွှယ်လူ သူမကို စိုက်ကြည့်လိုက်သည်။
"ပထမတစ်ခု နင့်ကို ခက်ခဲအောင် လုပ်ဖို့ ကောင်းမင်ကို ငါခိုင်းထားတာ မဟုတ်ဘူး... ကောင်းမင်နဲ့ငါက ဟိုးအစကတည်းက ပြဿနာ ဖြစ်ထားတာ... အခုထိ ပြန်တည့်သေးတာ မဟုတ်ဘူး... ဒုတိယအချက် ငါကလည်း ဇာတ်လိုက်မနေရာကို လုံးဝ စိတ်မဝင်စားဘူးနော်"
ချန်ချိူက်ရှင်းက ထုံရွှယ်လူ၏ ပုဒ်ဖြတ်သင်္ကေတများကို မယုံနိုင်သည်က စိတ်မကောင်းဖွယ်ရာပင်။
"နင်လျှောက်ပြောမနေနဲ့... နင်သာ ကောင်းမင်ကို ခိုင်းမထားရင် သူက ဘာလို့ နင့်ကို နေရာတိုင်းလိုက်ပြီး ကာကွယ်ပေးနေမှာလဲ... သူက ရူးနေလို့လား"
ထုံရွှယ်လူ လှောင်ရယ်လိုက်သည်။ "သူ ရူးနေလို့ နေမှာပေါ့"
ပြောပြီးနောက် သူမ လှည့်ထွက်သွားလေသည်။
သူမ၏ နောက်ကျောပြင်ကို ကြည့်ကာ ချန်ချိုက်ရှင်းတစ်ယောက် ဒေါသထွက်ရလွန်းသဖြင့် သွားများ ကြေလုနီးပါး အံကြိတ်ထားလိုက်သည်။
🍵
နွေရာသီ၏ ညနေခင်းလေပြေလေး တိုက်ခတ်လာပြီး အမည်မသိ အင်းစက်ပိုးကောင်များက ပန်းပွင့်လေးများအကြား တေးသီကျူးနေကြသည်။
ထုံရွှယ်လူက အိပ်ဆောင်သို့ ပြန်လာနေရင်း မျက်မှောင်ကြုတ်ထားမိသည်။
ကောင်းမင်က ဘာသောက်လုပ်တွေ လုပ်ဖို့ ကြိုးစားနေတာလဲ...
ကောင်းမင်က သူမနဲ့ ချန်ချိူက်ရှင်းကြားမှာ ကတောက်ကဆတွေ ပိုများလာအောင် လုပ်ဖို့ ကြိုးစားနေတာများလား...
သူမသာ ဒီလို လုပ်ချင်တာဆိုရင်တော့ အောင်မြင်သွားပြီ....
သူမကတော့ ကိစ္စတွေက ဒီလောက်ထိ မရိုးရှင်းဘူးလို့ ထင်နေမိတယ်...
နောက်ထပ်ရက်အနည်းငယ်အတွင်း ထုံရွှယ်လူက ကောင်းမင်၏ လုပ်ရပ်များထံမှ ကြိုတင်ကာကွယ်မှုများစွာ လုပ်ထားခဲ့သော်လည်း တစ်ဖက်လူမှာ ထိုနေ့ကလိုပင် ဆက်လုပ်နေခဲ့သည်။
ထိုအချင်းအရာကို မြင်သောအခါ ချန်ချိုက်ရှင်းက ထုံရွှယ်လူ ကောင်းမင်ကို ထိုသို့လုပ်ရန် ခိုင်းထားခြင်း ဖြစ်မည်ဟု ပိုပို၍ ယုံကြည်လာသော်လည်း သူမကိုယ်သူမ သတိပေးထားသည့်အတွက် ယာယီလက်လျော့လိုက်ရသည်။
ထို့နောက် နောက်ပိုင်း အစမ်းလေ့ကျင့်မှုများတွင် ချန်ချိုက်ရှင်းက ထုံရွှယ်လူကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။
ထုံရွှယ်လူက စိတ်အနှောက်အယှက် ဖြစ်ရလွန်းသဖြင့် ထိုစိတ်ပျက်စရာ ဝိဥာဏ်နှစ်ကောင်ကို ချက်ချင်း ဖြေရှင်းချင်နေခဲ့သည်။
သို့သော်လည်း သူမက ကောင်းမင် စပြီး လှုပ်ရှားမလာခင်အထိ ပြေးပေါက်ကို ဖွင့်ပေးမထားချင်ခဲ့ပေ။
🍵
ထုံရွှယ်လူက ဤနေရာတွင် ဗီလိန်နှင့် တွေ့နေရသော်ငြား ဖန်ကျင်းယွမ်မှာ ပဲစေ့မျက်လုံးကောင်နှင့် တွေ့ဆုံနေရသည်။
ထိုအခိုက် သူမက တက္ကသိုလ်မှ အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနချုပ်အိမ်ယာသို့ ပြန်လာခဲ့ပြီး ဂိတ်ပေါက်ဝသို့ ရောက်လာချိန်တွင် သစ်ပင်ကို မှီကာ ရပ်စောင့်နေသည့် ရှောင်ချန်ဖျင်နှင့် တည့်တည့်တိုးသွားသည်။
သူမ ရောက်လာသည်ကို တွေ့သောအခါ သူက ချက်ချင်းဆိုသလို အပြေးရောက်လာသည်။
"ကျင်းယွမ် အိမ်ပြန်မလို့လား"
ဖန်ကျင်းယွမ် မျက်လုံးလှိမ့်လိုက်သည်။
"ကျွန်မ နောက်ကို မလိုက်ခဲ့နဲ့... ရှင်နဲ့ စကားမပြောချင်ဘူး"
"မင်း ပြောစရာ မလိုပါဘူး... ကိုယ်ပြောတာ နားထောင်"
ရှောင်ချန်ဖျင်က ကပ်ဖားရပ်ဖား လုပ်ရင်း ပြုံးလိုက်ရာ သူ့မျက်လုံးများက ပို၍ သေးသွားလေသည်။
သူပြောသလိုပင် အိတ်ထဲမှ စကပ်တစ်ထည်ကို ထုတ်လိုက်ပြီးကမ်းပေးလိုက်သည်။
"ဒါက နောက်ဆုံးထွက် စတိုင်လေ... မင်းနဲ့ အရမ်းလိုက်မယ်ထင်လို့... ပြန်ရောက်ရင် ဝတ်ကြည့်လိုက်နော်"
ဖန်ကျင်းယွမ် တစ်ချက်ကြည့်လိုက်ပြီး သူမ၏ နှလုံးသား လှုပ်ရှားသွားသော်လည်း သူမ၏ ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။
"ရှင့်ဆီကနေ ပစ္စည်းတွေ အလကား မယူချင်ပါဘူး"
ရှောင်ချန်ဖျင်: "မင်းမလိုချင်ရင် လွှင့်ပစ်ရတော့မှာပဲ"
သူပြောသည့်အတိုင်း စကပ်ကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
၎င်းက အယောင်ပြသာ လုပ်လိုက်ခြင်း ဖြစ်သော်လည်း ဖန်ကျင်းယွမ်က မသိလေရာ သူ တကယ်ပင် စကပ်ကို လွှင့်ပစ်တော့မည်ဟု တွေးလိုက်သဖြင့် ခုန်ထွက်ကာ အမှတ်တမဲ့ဖြင့် ကောက်ယူရန် ပြင်သည်။
ဤသို့ ခုန်ထွက်လိုက်သဖြင့် ခြေချော်သွားပြီး သူမ၏ ခန္ဓါကိုယ်တစ်ခုလုံး မတည်မငြိမ် ဖြစ်ကာ မြေပေါ်သို့ လဲကျသွားသည်။
သူမက လန့်သွားသဖြင့် အော်ဟစ်လိုက်သည်။
ရှောင်ချန်ဖျင်ကလည်း တုန်လှုပ်သွားပြီး သူမကို အပြေးသွားဆွဲလိုက်သည်။
ဖန်ကျင်းယွမ်က သူ ပြေးလာပြီး ရေနစ်နေသည့် လူတစ်ယောက်ကို ကယ်တင်နေသကဲ့သို့ သူမကို ဆွဲယူလိုက်သည်ကို ကြည့်ကာ သူ့ဘောင်းဘီကို အလျင်အမြန် ဆွဲလိုက်ပြီး သူမ၏ ခန္ဓါကိုယ်ကို ဟန်ချက်ညီသွားစေရန် လုပ်ဆောင်လိုက်သည်။
နှစ်ယောက်သားက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ချိန်မှာပင် "ဗြိ" ဟူသော အသံကို ကြားလိုက်ရသည်။
ရှောင်ချန်ဖျင်၏ ဘောင်းဘီမှာ ဖန်ကျင်းယွမ်၏ အလေးချိန်ကို မခံနိုင်တော့သဖြင့် ပြဲထွက်သွားခဲ့လေသည်။
ပြဲသွားသည်။
ထို့နောက် ပွင့်သွားသည်။
ရှောင်ချန်ဖျင်တစ်ယောက် သူ့ဘောင်းဘီအကွဲကို ကြည့်နေချိန်မှာပင် အေးကနဲ ဖြစ်သွားပြီး သူ့ဖင်လေးခဗျာ လှစ်ဟသွားရှာလေသည်။
ရှက်စရာအကောင်းဆုံးအချက်မှာ အတွင်းရှိ အောက်ခံဘောင်းဘီမှာ ပေါက်ပြဲနေပြီး ပြန်ပြင်ရန် အချိန်မရှိခဲ့ခြင်းပင်။
ဖန်ကျင်းယွမ်: "..."
ရှောင်ချန်ဖျင်: "..."
အချိန်များက ရပ်တန့်သွားပုံပေါ်သည်။
ဖန်ကျင်းယွမ်က ရှောင်ချန်ဖျင်၏ ဖင်ထက်မှ အပေါက်ကို ကြည့်ကာ အချိန်အတော်ကြာ ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။
လေတစ်ချက် တိုက်ခတ်လာပြီး ရှောင်ချန်ဖျင်၏ ဖင်ထက် အေးစက်စက် ခံစားချက်ကို ခံစားလိုက်ရမှသာ အောက်ခံဘောင်းဘီအပြဲအကြောင်း သတိရမိသွားပြီး ရုတ်တရက်ဆိုသလို ဝက်ခေါင်းပြုတ်လို ရဲတွက်သွားခဲ့သည်။
ဖန်ကျင်းယွမ်က သူ၏ နီရဲနေသော မျက်နှာကို ကြည့်ကာ နောက်တစ်စက္ကန့်တွင် အားရပါးရ ရယ်ချလိုက်လေတော့သည်။
"ဟားဟားဟား... ရှောင်ချန်ဖျင် ရှင့်ဖင်မှာ အပေါက်ကြီး"
ယနေ့ခေတ်တွင် လူတိုင်း၏ အဝတ်အစားများက ချုပ်ရာများ အဖာအထေးများ ရှိတတ်ကြသော်လည်း လူငယ်များကမူ အောက်ခံအဝတ်အထည် အပေါက်အပြဲများကို မဝတ်ချင်ကြပေ။ သူမက ရှောင်ချန်ဖျင်တစ်ယောက် အပြင်ပိုင်းတွင် ခေတ်ဆန်ပြီး အတွင်းပိုင်းတွင်မူ အောက်ခံဘောင်းဘီအပြဲ ဝတ်ထားမည်ဟု ထင်မထားခဲ့ပေ။
သူမက အမှန်ပင် ရယ်ချင်နေသည်။
ဖန်ကျင်းယွမ်က ခေါင်းပြုတ်ကျလုနီးပါး ရယ်မောလိုက်သဖြင့် ရှောင်ချန်ဖျင်တစ်ယောက် အလွန်အမင်း ရှက်သွားလေသည်။
သူက စကပ်ကို ဖင်အနောက်ဖက်ကို အုပ်ကာ ပြောလိုက်သည်။ "ကိုယ့်ကို စကပ်ငှားလိုက်ဦး... ပြီးမှ ပြန်ပေးမယ်နော်"
"မယူတော့ဘူး... ရှင့်ဖင်ကို အုပ်ဖို့ စကပ်ဝတ်ထားလိုက်"
ပြောပြီးနောက် သူမက ရှုံမဲ့လျက် ပြေးထွက်သွားပြီး ထွက်ပြေးသွားချိန်တွင် သူမ၏ ရယ်သံကြီးကိုပါ ကြားနေရဆဲ ဖြစ်သည်။
ရှောင်ချန်ဖျင်မှာ ရှက်လွန်းသဖြင့် မြေကြီးထဲတွင် တွင်းတူးကာ ဝင်ပုန်းချင်စိတ် ဖြစ်သွားသည်။
ဖန်ကျင်းယွမ်က ပြုံးနေရင်း အိမ်သို့ အပြေးပြန်လာသဖြင့် အိမ်ထဲမှ ထွက်လာသည့် အမေဖန်နှင့် ဝင်တိုက်မိသွားသည်။
အမေဖန်မှာ မျက်နှာများ နီရဲကာ ပြုံးရယ်နေသည့် သူမကို ကြည့်ကာ မနေနိုင်ဘဲ မေးမိသွားသည်။
"ဘာတွေ ရယ်နေတာလဲ... မိန်းကလေးတွေက ကိုယ့်ရဲ့ပုံရိပ်ကို ထိန်းသိမ်းရမယ်... နင်အခု ဘယ်လိုဖြစ်နေပြီလဲ ကြည့်လိုက်စမ်း"
ဖန်ကျင်းယွမ်က သူမ၏ နှုတ်ခမ်းလေးကို အုပ်ကာ ပြောလိုက်သည်။ "အမေ... သမီးက အိမ်ကို တစ်ပတ်မှ တစ်ခါပဲ ပြန်လာတာကို သမီးကို သတိမရဘူးလားလို့... ဒါနဲ့ စကားမစပ် ဘာလို့အလုပ်ကနေ အစောကြီး ဆင်းလာတာလဲ"
အမေဖန်၏ မျက်နှာက ချက်ချင်းဝင်းလက်သွားလေသည်။ "နင့်အစ်ကိုက ဒီနေ့ ဘလိုင်းဒိတ် သွားမှာလေ... မိန်းကလေးက တကယ်ကောင်းတယ်... အမေ ပြန်လာပြီး ပြင်ဆင်ပြီးရင် နင့်အစ်ကိုနဲ့ လိုက်သွားပေးမလို့"
ဖန်ကျင်းယွမ်က တစ်ခဏမျှ တုန်လှုပ်သွားသည်။ "အစ်ကိုကြီးက ဘလိုင်းဒိတ် ထပ်တွေ့မလို့တဲ့လား"
သိပ်မကြာခင်က သူမ၏ အစ်ကိုကြီး မည်သည့်အတွက်ကြောင့် ပြောင်းလဲသွားသည်ကို နားမလည်နိုင်ခဲ့သော်လည်း သူမ၏ အစ်ကိုကြီးက ထုံရွှယ်လူကို ကြိုက်နေကြောင်း မကြာသေးခင်ကမှ သိလိုက်ရသည်။
အတိတ်တွင် ထုံရွှယ်လူ သူ့နောက်သို့ လိုက်ခဲ့စဥ်က ဂရုမစိုက်ခဲ့ပေ။ နောက်ပိုင်းတွင် ထုံရွှယ်လူ ထုံအိမ်မှ ထွက်သွားပြီး ချစ်သူ ရသွားသည့် အချိန်မှသာ သူ ထုံရွှယ်လူကို သဘောကျနေကြောင်း နားလည်ခဲ့ရသည်။
ချစ်ပေးသင့်တဲ့အချိန်တုန်းက မချစ်ခဲ့ဘဲ ပြီးမှ နောင်တရနေရလား...
အမေဖန်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
"နင့်အစ်ကိုကြီး ဒီဘဝမှာ လက်မထပ်တော့မှာကို စိုးရိမ်နေခဲ့ရတာ... ဒါပေမယ့် အခုတလော အိမ်ထောင်ပြုချင်စိတ် ပေါ်လာတယ်ထင်တယ်... အခု နင်တစ်ယောက်ပဲ ကျန်တော့တယ်"
ဖန်ကျင်းယွမ်က မျက်လုံးလှိမ့်လိုက်သည်။ "ဗိုက်ဆာလိုက်တာ... အမေ စားစရာ မရှိဘူးလား"
သူမ၏ အမေက အိမ်ထောင်ပြုရန် လောဆော်လိုက်တိုင်း သူမ၏ သမီးမှာ ဦးချိုတစ်ချောင်းသဖွယ် ဖြစ်လာကြောင်းကို မသိပေ။ အိမ်ထောင်ပြုခြင်းအကြောင်း စကားအနည်းငယ် ပြောရုံမျှဖြင့် သူမ၏ နားရွက်များ နီရဲလာလေသည်။
အမေဖန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ငါ့ကို နားပူနားဆာလုပ်နေတယ်လို့ နင်တွေးနေမှန်း ငါသိတယ်... နင်က ဒီလောက်ထိ အသက်ကြီးနေမှ တငိုငို တရီရီ ဖြစ်နေမယ်... စားစရာက မီးဖိုချောင်ထဲမှာ ရှိတယ်... ကိုယ့်ဘာသာ သွားယူလိုက်"
ဖန်ကျင်းယွမ်က မီးဖိုချောင်ထဲသို့ ပြေးသွားပြီး စိတ်မကျေမနပ်ဖြင့် နှုတ်ခမ်းများကို တွန့်ကွေးကာ ပြောလိုက်သည်။ "မငိုပါဘူး"
သူမ၏ စိတ်ထဲတွင် ရှောင်ချန်ဖျင် အရှက်ကွဲသွားသည့်ပုံစံ ပေါ်လာပြန်သည်။
အောက်ခံဘောင်းဘီမှာ အပေါက်ရှိနေတာ တစ်ဘဝစာလုံး လှောင်ရယ်နေလို့ ရပြီ...
🍵
ဤအပတ်ပိတ်ရက်တွင် ထုံကျားရှင်း၏ မွေးနေ့ ရှိနေသည်။
စနေနှင့် တနင်္ဂနွေနေ့တွင် အစမ်းလေ့ကျင့်မှု ရှိနေသော်လည်း ထုံရွှယ်လူက အချိန်ယူကာ အိမ်သို့ ပြန်လာခဲ့သည်
ဤနှစ်ဝက်တွင် ထုံကျားရှင်း၏ ရလဒ်များမှာ အတော်လေး ကောင်းမွန်လှသည်။ ရှောင်ကျားမင်ကဲ့သို့ အမှတ်100မရသော်လည်း နောက်ဆုံးမှ ရေတွက်ပါက ပထမနှင့် ဒုတိယမဟုတ်သည့်အပြင် သူ၏ အတန်းလုပ်ဆောင်မှုများကလည်း အတော်လေး ကောင်းမွန်လာသည်။
ထုံရွှယ်လူက သူအကြိုက်ဆုံး ဘဲကင်နှင့် ဟော့ပေါ့အစပ်၊ ပြင်သစ်စတိုင် အာလူးချောင်းကြော်ကို ပြုလုပ်ထားသည့်အပြင် ခရမ်းချဥ်သီးများကို အသုံးပြုကာ ကိုယ်ပိုင်စတိုင်တို့စရာပြုလုပ်ထားသေးသည်။
ထို့အပြင် သူမက အရသာရှိပြီး စိတ်ဝင်စားစရာကောင်းလှသည့် ဟင်းပွဲတစ်ခု ဖြစ်သည့် ကောက်ညှင်းဘဲဥမုန့်ကိုလည်း ပြုလုပ်ပေးခဲ့သေးသည်။
စားသောက်ချိန် ရောက်သောအခါ အာလူးချောင်းကြော်များနှင့် ကောက်ညှင်းဘဲဥမုန့်က ကလေးများအကြိုက် ဖြစ်လာသည်။
အာလူးကြော်ပြီးသွားသောအခါ အပြင်ဘက်အရေခွံက ကြွပ်ရွနေပြီး အတွင်းတွင်မူ အလွန် နူးညံ့နေသည်။ ထို့နောက် ချဥ်ချဥ်ချိုချို ခရမ်းချဥ်သီးဆောစ့်ထဲတွင် နှစ်လိုက်သောအခါ ရုတ်တရက်ဆိုသလို ကြော်ပြီးနောက် အီစလယ် ဖြစ်နေသော ခံစားချက်များကို ဖယ်ထုတ်လိုက်ပြီး ပို၍ စားလေလေ အနံ့ပိုမွှေးလေလေ ဖြစ်လာသည်။
ထုံကျားရှင်းက အာလူးချောင်းကြော်များကို ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခု ပစ်သွင်းနေသည်။
"မမကြီး... အရင်တုန်းကကျ ဘာလို့ သားတို့ကို ဒီလိုစားကောင်းတာလေးတွေ လုပ်မကျွေးရတာလဲ"
ထုံရွှယ်လူ: "ဒီနည်းလမ်းကို တွေးမိတာ သိပ်မကြာသေးဘူး... ဒါကြောင့် ငါလည်း စမ်းလုပ်ကြည့်လိုက်တာလေ... ဒီလောက်ထိ အရသာရှိမယ် မထင်ထားဘူး"
ရှန်ဝမ်ရုန်က လူကြီးတစ်ယောက် ဖြစ်သော်ငြား သူမသည်လည်း အာလူးချောင်းကြော်များကို ကြိုက်နေသည်။
"အာလူးတွေကို ဒီလိုလှီးပြီး ကြော်တာက ဒီလောက် စားကောင်းမယ် မထင်ထားဘူး... အရသာက ကောင်းလိုက်တာ... ကျူးကျူးရဲ့ အဘိုးကို သမီးဆီက သင်ခိုင်းထားရမယ်"
ထုံရွှယ်လူ ပြုံး၍ ပြန်ဖြေလိုက်သည်။
"စကားမစပ်... ကောလိပ်ဝင်ခွင့်စာမေးပွဲက ဇူလိုင်ကျရင် ပြန်ကျင်းပတော့မယ်... ဝေ့ရန် အဆင်သင့် ဖြစ်နေပြီလား"
ကောလိပ်ဝင်ခွင့် စာမေးပွဲအကြောင်း ကြားလိုက်ရသောအခါ ရှန်ဝမ်ရုန် ပြုံး၍ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
"အဲ့ဒီကလေးက အခုတလော တော်တော်လေး စာကြိုးစားနေတာ... အရင်တုန်းကတော့ လူတိုင်းက စာမေးပွဲကို တစ်ကြိမ်ပဲ လုပ်မှာကို စိုးရိမ်နေခဲ့ကြတာ... အခုတော့ မကြာ ခင် ဒုတိယအကြိမ် လာတော့မယ်... ကြည့်ရတာ ငါတို့နိုင်ငံရဲ့ အနာဂါတ်က ပိုပိုပြီး ကောင်းလာတော့မှာပဲ"
အခြားသူများ ထိုအကြောင်းကို ကြားသောအခါ ခေါင်းငြိမ့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များဖြင့် ပြည့်သွားလေသည်။
ထုံရွှယ်လူသည်လည်း ထိုအကြောင်းကို နှလုံးသားထဲတွင် အတည်ပြုပေးလိုက်သည်။
လွန်ခဲ့သည့် ဆယ်နှစ်က တိုင်းပြည်အပေါ် ကြီးမားသည့် ပျက်စီးမှုကြီးကို ကြုံတွေ့စေခဲ့ရသော်လည်း ထိုသင်ခန်းစာကြောင့်ပင် အစိုးရက မှန်ကန်သော ပေါ်လစီအတွဲလိုက်ကို ပြဌာန်းမည်ဖြစ်ပြီး တိုင်းပြည်က စတင်ကြီးပွားလာကာ ကမ္ဘာမြေကို တုန်လှုပ်စေမည့် အပြောင်းအလဲများကို ကြုံတွေ့ကြရမည် ဖြစ်သည်။
ရှောင်းမျန်မျန်နှင့် ဝေ့ကျူးကျူးတို့က စားပွဲတွင် ထိုင်နေကြပြီး လက်တစ်ဖက်စီ၌ ဘဲဥများ ကိုင်ကာ သူတို့၏ ခေါင်းဖြင့် တိုက်လိုက်ကြသည်။
ဘဲဥခွံ ကွဲအက်သွားသော်လည်း ဘဲဥအကာ ထွက်မလာသဖြင့် ကလေးမလေးနှစ်ယောက်က အော်ဟစ်ကာ အံ့အားသင့်သွားကြလေသည်။
"ဘွားဘွား... ဥထဲမှာ ကောက်ညင်းတွေ ရှိနေတယ်"
ရှောင်းမျန်မျန်လေးက မျက်လုံးလေးများ ဝိုင်းသွားသည်။ "မမ... ဘဲဥကွဲသွားပြီလား"
ထုံရွှယ်လူသည် တစ်ယောက်ယောက်က ယနေ့တွင် ဘဲဥများက ကွဲပြားနေသည်ကို သတိပြုမိသွားကြောင်း တွေ့သောအခါ ပြုံးပြလိုက်သည်။
"ကွဲမကွဲကို ဖွင့်ပြီးတော့ ကြည့်လိုက်လေ"
ရှောင်းမျန်မျန်နှင့် ဝေ့ကျူးကျူးတို့က ဘဲဥများကို အလျင်အမြန် ခွာလိုက်ကြရာ ကောက်ညင်းဆန်များ ထပ်ပေါ်လာပြီး ပို၍ အံ့သြဖို့ ကောင်းသည်မှာ အသားနှင့် အခြားသော အဆာပလာများပင် ရှိနေသေးသည်။
ဘဲဥထဲတွင် ထည့်ထားသည့် ကောက်ညှင်းဆန်၏ အရသာမှာ ဆားငံကောက်ညှင်းဖက်ထုပ်၏ အရသာနှင့် တူနေသော်လည်း အသစ်အဆန်း ဖြစ်မှုမှာ ကောက်ညှင်းဖက်ထုပ်များနှင့် မယှဥ်နိုင်ပေ။
ဘဲဥများတွင် ကောက်ညှင်းနှင့် အဆာပလာများကို ထည့်သွင်းထားသဖြင့် ကလေးများကို လန်းဆန်းတက်ကြွသွားစေခဲ့သည်။ တစ်ခါတည်းနှင့် နှစ်လုံး သုံးလုံးလောက်အထိ စားခဲ့ကြသည်။
ထုံကျားရှင်းက တတိယမြောက် ကောက်ညင်းဘဲဥကို ကောက်ယူလိုက်သည်။ "မမက ကြိုလဲ မပြောထားဘူး... ဒီဘဲဥတွေ ဘယ်လို လုပ်ထားလဲ သိချင်လိုက်တာ"
အမှန်မှာ မတိုင်မီအချိန်ကအထိ သူ့နှလုံးသားထဲတွင် မကျေနပ်ချက်တစ်ခု ရှိနေဆဲ ဖြစ်သည်။ သူ့အစ်မကြီးက သူ့မွေးနေ့ကို အလေးအနက် မထားဟု ခံစားရသဖြင့် ဘဲဥများကို စားပွဲပေါ်တွင် တန်းထားလိုက်ခြင်း ဖြစ်သည်။
သူက ဘဲဥများကို အရသာ မရှိဟု ပြောလို၍ မဟုတ်ဘဲ ယနေ့က သူ့မွေးနေ့ဖြစ်၍ တစ်နှစ်မှာ တစ်ကြိမ်သာ ကြုံရခြင်း ဖြစ်သည်။ စားပွဲပေါ်ရှိ အရာအားလုံးကို သူ့အကြိုက်များသာ ဖြစ်ရမည်ဟု မျှော်လင့်ထားသည်။
မထင်မှတ်ထားစွာဖြင့် သူ့အစ်မကြီးကို အထင်လွဲမိသွားသည်။
ရှန်းဝန်ရုန်က ဗိုက်ကလေးဖောင်းသည်အထိ စားသောက်နေသော မြေးမလေးကို ကြည့်ကာ သူမသည်လည်း သိလိုစိတ် ဖြစ်သွားရသည်။
"ရွှယ်လူ... ဘဲဥတွေကို ဘယ်လိုလုပ်ထားတာလဲ... ဘယ်လိုလုပ် ကောက်ညှင်းတွေ ထည့်ထားတာလဲ"