🍵Chapter 286
ထုံရွှယ်လူက ပြုံး၍ ပြောလိုက်သည်။ "တကယ်တော့ နည်းလမ်းက တော်တော်လေး ရိုးရှင်းပါတယ်... အချိန်နည်းနည်းတော့ ယူရတယ်"
ကောက်ညှင်းဘဲဥများမှာ ပထမတွင် ဘဲဥကို ဆေးကာ ဘဲဥအကာများကို အနည်းငယ် ဖောက်ထုတ်ရသည်။ ပြီးလျှင် ရေစိမ်ထားသော ကောက်ညှင်းဆန်များနှင့် အခြားသော အဆာပလာများကို ဘဲဥများအတွင်း ထည့်ပြီးနောက် ပေါင်းခံအိုးများထဲတွင် ထည့်ပေါင်းရလေသည်။
နည်းလမ်းက မခက်ခဲဘဲ အရသာကလည်း သိပ်မထူးခြားသော်ငြား အလွန်ဆန်းသစ်လှသည်။ ယနေ့ကလည်း ထုံကျားရှင်း၏ မွေးနေ့ပင် ဖြစ်လေရာ သူမသာ သာမန်ကျကျ မလုပ်ချင်လျှင် အချိန်များစွာ ယူရတော့မည်ဖြစ်ပေသည်။
သေချာပေါက်ပင် ရှန်ဝမ်ရုန်ကလည်း ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ သင်ယူမည့် အကြံကို ချက်ချင်း စွန့်လွှတ်လိုက်သည်။
"ဘဲဥကို အပေါက်သေးသေးလေးပဲ ဖောက်ရမှာ... အဆာပလာတွေ ပြန်သွပ်ရတာက အရမ်း ခက်သေးတယ်... ဒါကြောင့်မို့ စိတ်အရမ်းရှည်ဖို့ လိုတယ်"
ထိုစကားကို ကြားသောအခါ ထုံကျားရှင်းက ပို၍ပင် အပြစ်ရှိစိတ် ဝင်သွားရပြီး သူ့ခေါင်းလေးကို မော့ကာ ရှက်ရွံ့စွာပြောလိုက်သည်။
"မမ... ကျေးဇူးပါ"
သူ့အစ်မက သူ့အတွက် လက်ဆောင်များ ဝယ်ပေးခဲ့ရုံသာမက သူ့အတွက် ဆန်းသစ်ပြီး အရသာရှိသော ဟင်းပွဲများလည်း ပြုလုပ်ပေးခဲ့သေးသည်။ သူ အလွန် ပျော်နေသည်။
ထုံရွှယ်လူ ပြန်ဖြေရန် အချိန်မရလိုက်ခင်မှာပင် တစ်ဖက်မှ ဝေ့ကျူးကျူးက တက်တက်ကြွကြွဖြင့် ပြောလိုက်သည်။ "သမီး ဆုံးဖြတ်လိုက်ပြီ... ကြီးလာရင် ကိုကိုကျားရှင်းနဲ့ လက်ထပ်မယ်"
ထုံကျားရှင်း ကောက်ညှင်းစေ့နင်သွားပြီး အဆက်မပြတ် ချောင်းဆိုးလာလေတော့သည်။
"ငါ... ငါ မလိုချင်..."
ဝေ့ကျူးကျူးက ခါးထောက်ကာ မေးလိုက်သည်။
"ဘာလို့ မရတာလဲ... သမီးက မလှလို့လား... ချစ်စရာ မကောင်းလို့လား"
ထုံကျားရှင်း: "..."
အခန်းထဲမှ လူများအားလုံး ကလေးနှစ်ယောက်၏ စကားများကို ကြားသောအခါ ရယ်မောလိုက်ကြသည်။
ရှန်ဝမ်ရုန်က မျက်ရည် သုတ်ကာ မေးလိုက်သည်။ "ကျူးကျူး... ဘာလို့ ရုတ်တရက်ကြီး ပြောရတာလဲ... လက်ထပ်တာ ဘာလဲ ဆိုတာ သိရဲ့လား"
ဝေ့ကျူးကျူး ခေါင်းငြိမ့်ပြလိုက်သည်။
"သိတာပေါ့... လက်ထပ်တာက လက်ထပ်မဲ့သူရဲ့ အိမ်ကို လိုက်သွားရပြီး သူ့ရဲ့အစားအသောက်တွေကို စားတယ်... သူ့အိပ်ရာပေါ်မှာ အိပ်ရမယ်... ကိုကို ကျားရှင်းရဲ့ မွေးနေ့မှာ မမရွှယ်လူက သူ့အတွက် အစားကောင်းအသောက်ကောင်းလေးတွေ ထူးဆန်းတာလေးတွေ လုပ်ပေးတယ်... ဒါကြောင့် သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ... ပြီးရင် သမီးကသူ့ရဲ့ အစားအသောက်တွေကို စားရမှာလေ"
ထုံကျားရှင်းက ပလုပ်တုပ်လေးကဲ့သို့ ခေါင်းယမ်းပြလိုက်သည်။ "ငါ နင့်ကို လက်မထပ်ချင်ပါဘူးနော်... ငါက တစ်သက်လုံး လူပျိုကြီး လုပ်မှာ"
တစ်ယောက်ယောက်နဲ့ လက်ထပ်ရတာ ကြောက်စရာကောင်းတဲ့အရာပဲ... ပြီးရင် အစားအသောက်တွေကိုလည်း ဝေမျှရဦးမယ်... သူကတော့ တစ်ဘဝလုံး လူပျိုကြီးပဲ လုပ်သွားမှာ... မဟုတ်သေးဘူး... နောက်တစ်ဘဝကျရင်တောင် ဇနီးတစ်ယောက်နဲ့ လက်ထပ်မှာ မဟုတ်ဘူး...
ကူညီပါ ဘုရားရှင်... ကျွန်တော့်ကို တစ်ဘဝလုံး လူပျိုကြီး ဖြစ်အောင် လုပ်ပေးပါ...
ထုံကျားရှင်းက နှလုံးသားထဲတွင် ဆယ်နှစ်မြောက် မွေးနေ့ဆုတောင်းကို တောင်းဆုပြုလိုက်သည်။
"ဟားဟားဟား... ဒီကလေးတွေ စကားပြောတာ ရယ်စရာကောင်းလိုက်တာ...
အခန်းထဲရှိ လူများမှာ အူနာသည်အထိ ရယ်မောလိုက်ကြသည်။
🍵
တနင်္ဂနွေ မနက်ပိုင်းတွင် ထုံရွှယ်လူတစ်ယောက် ကျောင်းသို့ ပြန်သွားရသည်။
လင်းလန်ကျွမ်းမှလွဲ၍ အခန်းဖော်အားလုံး အပြင်ရောက်နေကြသည်။
ထျန်ဖုန်းကျစ်နှင့် ရှဲ့ရှောင်ယန်တို့က စာကြည့်တိုက်သို့ သွားကာ စာလေ့လာနေကြသည်။ ချွေ့ရုန်ရုန်၏ ခင်ပွန်းဖြစ်သူက လွန်ခဲ့သည့်နှစ်ရက်ခန့်က ပေကျင်းသို့ ရောက်လာလေသည်။ သူမက ထိုရက်များအတွင်း စောစော ထွက်သွားပြီး နောက်ကျမှ ပြန်ရောက်လာတတ်သည်။
ကျန်းပိုင်ဟွေ့ကိုမူ ထည့်ပြောရန်ပင်မလို။ သူမက ဆိုရှယ်လစ်တစ်ယောက် ဖြစ်၍ လူမှုရေးပွဲများ လုပ်လျှင်လုပ် မဟုတ်လျှင် လူမှုရေးလုပ်ရှားမှုများ လုပ်သည့် လမ်းပေါ်၌ ရှိနေတတ်သဖြင့် အဆောင်ထဲတွင် ရှိနေတတ်သည်က ရှားပေသည်။
ထုံရွှယ်လူ ပစ္စည်းများကို ချကာ အစမ်းလေ့ကျင့်ရန် သွားတော့မည်အပြု လင်းလန်ကျွမ်းက သူမကို တားမြစ်လာသည်။
"ရွှယ်လူ ခဏလောက်"
ထုံရွှယ်လူက သူမ၏ အသံကို ကြားသည်အခါ တုံ့ကနဲ ဖြစ်သွားပြီး လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ... ပြောစရာ ရှိလို့လား"
လင်းလန်ကျွမ်းက အငုံ့စိတ် ရှိသူဖြစ်ပြီး သတ္တိလည်း နည်းသည်။ သူမက အဆောင်ထဲတွင် အားနည်းသော တည်ရှိမှု ရှိသော်လည်း ကံကောင်းစွာဖြင့် ပြဿနာ ရှာခြင်းမျိုး မရှိသဖြင့် ထုံရွှယ်လူ သူမကို မမုန်းတီးမိပေ။
လင်းလန်ကျွမ်းက ထုံရွှယ်လူ၏ မျက်လုံးစိမ်းများနှင့် တွေ့ဆုံလိုက်ရသောအခါ စိတ်မလုံခြုံမှုကြောင့်ခေါင်းငုံ့ထားလိုက်ပြီး တစ်ခဏအကြာ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"နင်... နင် ဒီရက်တွေထဲ ကောင်းမင်ကို သတိထားရင် ကောင်းမယ်"
ထုံရွှယ်လူက မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။ "နင်ပြောတာ ဘာလဲ... ကောင်းမင် နင့်ကို တစ်ခုခု ပြောလို့လား"
လင်းလန်ကျွမ်းက ခေါင်းယမ်းပြလိုက်သည်။ "သူ ငါ့ကို ဘာမှ မပြောပါဘူး... ဒါပေမယ့် သူ အခုတလော တအား ထူးဆန်းနေတာ... ပြီးတော့ သူ့ကိုယ်သူ အမြဲတမ်း စကားတွေ ပြောနေသေးတယ်... နောက်ဆုံးတစ်ခေါက်ကျ စာအုပ်ထဲမှာ နင့်နာမည်ကို အများကြီး ရေးပြီးတော့ တစ်ခုချင်း လိုက်ခြစ်နေတယ်"
သူမက မည်သို့ ဖော်ပြရမည်ကို မသိတော့ပေ။ ထိုအချိန်က ကောင်းမင်၏ မျက်လုံးများမှာ ရဲတွတ်နေပြီး စာအုပ်ကိုလည်း ရန်သူသဖွယ် စိုက်ကြည့်နေကာ ရူးသွပ်နေပုံလည်း ပေါ်နေသည်။
ထုံရွှယ်လူသာ ကောင်းမင်ရှေ့တွင် ရပ်လိုက်ပါက သူမအား အစိမ်းလိုက် ဝါးစားလိုက်နိုင်သည်ကို သံသယမရှိပေ။
ထိုအချိန်က သူမကြောက်လွန်းလှသဖြင့် သတိကြီးကြီးဖြင့် ထိန်းထားရသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ကောင်းမင်ဘက်မှ စာအတူလုပ်ကြရန် သူမကို လာခေါ်သည့်တိုင် နေမကောင်း ဖြစ်နေသည်ဟု ပြော၍ ငြင်းဆန်ခဲ့ပြီး သူမအနားသို့ မကပ်ရဲတော့ပါပေ။
ထုံရွှယ်လူက လင်းလန်ကျွမ်း သူမကို ထိုစကားမျိုး ပြောလာမည်ဟု မထင်ထားခဲ့ပေ။ အဆုံးတွင် သူမက ကောင်းမင်နှင့် ဆက်ဆံရေးပိုကောင်းသည်ပင်။
သူမ ခေါင်းငြိမ့်ပြလိုက်သည်။ "ကျေးဇူးပါ... ငါ မှတ်ထားလိုက်မယ်"
အဆောင်ခန်းထဲမှ ထွက်လာသောအခါ ထုံရွှယ်လူတစ်ယောက် ကောင်းမင်အကြောင်းကို တွေးနေမိသည်။
ရှစ်ကျွင်းမင် မည်သည့်ဆေးများ ကျွေးထား၍ ကောင်းမင်ကို ထိုမျှလောက်ထိ နာခံလာအောင် လုပ်နိုင်ခဲ့သည်ကို သူမ အမှန်ပင် နားမလည်နိုင်တော့ပေ။
အများကြီး စဥ်းစားပြီးသွားတော့ အချစ်ဦးနှောက်ဆဲလ်တွေက ကြောက်စရာကောင်းတယ်လို့ပဲ ပြောနိုင်တော့တယ်...
လမ်းတစ်ဝက်မှာပင် သူမကို ကောင်လေးတစ်ယောက်က လမ်းပိတ်လာခဲ့သည်။
ထိုကောင်လေးက ရှက်ရွံ့မှုကြောင့် နီရဲနေပြီး ထုံရွှယ်လူ၏ ခြေလက်များကို ကူကယ်ရာမဲ့စွာ ကြည့်၍ ပြောလိုက်သည်။
"အတန်းဖော်ထုံ... ဟယ်လို... ကျွန်တော်... ကျွန်တော့်ရဲ့..."
ထုံရွှယ်လူက သူ့ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်သည်။
"လာလာ... ကျွန်မနဲ့အတူလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်... ရှူသွင်းမယ် ရှူထုတ်မယ်... ထပ်ပြီး ရှူသွင်းမယ် ရှူထုတ်မယ်... ပိုကောင်းသွားပြီလား"
ထိုကောင်လေးက အကြိမ်အနည်းငယ် အသက်ရှူလိုက်သွင်းလိုက် လုပ်ပြီးမှ ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ "ပိုကောင်းသွားပါပြီ... ကျေးဇူးပါ"
ထုံရွှယ်လူ လက်ယမ်းပြလိုက်သည်။ "ရပါတယ်"
ချက်ချင်းဆိုသလို ထုံရွှယ်လူက ကောင်လေးကို ဖြတ်ကာ ရှေ့ဆက်လျှောက်သွားလေသည်။
ကောင်လေး:? ?
ဘေးနားက လူများ:? ?
ကောင်လေးက အသိပြန်ဝင်ကာ သူမနောက်သို့ ခပ်မြန်မြန် လိုက်သွားသည်။ "ကျောင်းသူထုံ... ခဏလောက်ပါ... ကျွန်တော် မင်းကို ပြောစရာ ရှိလို့"
ထုံရွှယ်လူ ရပ်လိုက်ပြီးနောက် သူ့ကို ကြည့်လိုက်သည်။ "ဘာကိစ္စများလဲ"
ကောင်လေး၏ မျက်နှာက ထပ်ပြီး နီရဲသွားပြန်သည်။ "ကျွန်တော် ကျွန်တော် မင်းကို အရမ်းတော်တဲ့သူလို့ ထင်တယ်... ကျွန်တော် မင်းနဲ့ အတူ စာလေ့လာပြီး တိုးတက်အောင် လုပ်ချင်ပါတယ်... မင်း ကျွန်တော့်ကို အခွင့်အရေး ပေးလို့ရမလား သိချင်ပါတယ်"
ထုံရွှယ်လူက ခေါင်းကို တည်တည်ငြိမ်ငြိမ် ယမ်းပြလိုက်သည်။
"ကျွန်မက တွဲဖက် ရှိရုံတင်မကဘူး... စေ့ပါစေ့စပ်ထားပြီးပြီ"
ထိုကောင်လေးက မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူမကို အလန့်တကြား ကြည့်လာသည်။
"မင်းက စေ့စပ်ပြီးသွားပြီလား"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်... ရှင် စာအတူလေ့လာပြီး တိုးတက်အောင် လုပ်ဖို့ဆို အခြားကျောင်းသူလေးတစ်ယောက်ကို ရှာလိုက်ပါနော်... ဂွတ်ဘိုင်"
ကောင်လေး: "..." အသည်းကွဲပါပြီ...
ဘေးနားမှလူများမှာလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။
မတိုင်မီအချိန်က ကောင်းမင်ထံမှ ရည်းစားစာပေးခံရသည့် ကိစ္စမှာလည်း နိုင်ငံခြားဘာသာဌာနတစ်ခုတည်းမှာသာ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ အခြားဌာနများကမူ သူမကို အတွဲမရှိဟုသာ တွေးခဲ့ကြသည်။
ထိုမြင်ကွင်းကို ကောင်းမင် တွေ့သွားခဲ့သည်။
ထုံရွှယ်လူ လျှောက်လာသည်ကို မြင်သောအခါ သူမက ရုတ်တရက် ထူးထူးဆန်းဆန်း စကားပြောလာသည်။
"ရုပ်လှတာက တူကို မတူဘူးပဲ... စေ့စပ်ထားတဲ့သူ ရှိတာတောင် လာပြီး ဝန်ခံတဲ့ယောကျ်ားတွေ အများကြီး ရှိသေးတာပဲ"
ထုံရွှယ်လူ သူမ၏ ခေါင်းကို ကြည့်လိုက်သည်။ "ကောင်းမင်... နင်စိတ်ကျန်းမာရေး မကောင်းဘူးလား"
ကောင်းမင် ချက်ချင်း ဒေါသတကြီး ဖြစ်သွားသည်။ "ထုံရွှယ်လူ ဆရာဆရာမတွေ ပရော်ဖက်ဆာတွေ နင့်ကို ချစ်တာနဲ့ပဲ ပြောချင်သလို ပြောလို့ရပြီလို့ ထင်မနေနဲ့နော်... နင် မဟုတ်တရုတ်တွေ ပြောရင် တိုင်လိုက်မှာ"
ထုံရွှယ်လူ: "စိတ်ကျန်းမာရေး မကောင်းတာ မဟုတ်ရင် ရှစ်ကျွင်းမင်လို ယောကျ်ားမျိုးကို ဘာလို့ကြိုက်ရတာလဲ"
ကောင်းမင် ထိုစကားကို ကြားသောအခါ ထုံရွှယ်လူ သူမအား စိတ်ကျန်မာရေးမကောင်းဟု ပြောစဥ်က အချိန်ထက်ပင် ဒေါသထွက်သွားသည်။
"ရှစ်ကျွင်းမင်က နင့်ရဲ့ သတို့သားလောင်းထက် အဆတစ်ရာမက ပိုကောင်းတယ်... ပြောရကြေးဆို နင်ကမှ စိတ်ကျန်းမာရေးမကောင်းတာ မဟုတ်ဘူးလား... မဟုတ်ရင် လူသတ်သမားတစ်ယောက်ကို ဘာလို့ စေ့စပ်မှာလဲ"
လူသတ်သမား...
ထုံရွှယ်လူ မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းမင်... နင်ဘာစကား ပြောတာလဲ... နင်ရှင်းရှင်းလင်းလင်း မပြောရင် လူတွေကို အပုပ်ချတဲ့ အမှုနဲ့ အချိန်မရွေး ရဲတိုင်လို့ ရတယ်နော်"
ကောင်းမင် နှာမှုတ်လိုက်ပြီး အောင်ပွဲခံသည့် အမူအယာဖြင့် ပြောလိုက်သည်။ "ငါပြောချင်တဲ့ စကားကလေ... နင့်သတို့သားလောင်းက ငယ်ငယ်တုန်းက သူ့ရဲ့ညီအရင်းကို သတ်ခဲ့တာတဲ့နော်... သူနင့်ကို မပြောပြဘူးလား"
ညီအရင်းကို သတ်ခဲ့တာလား...
ဝမ်ရူကွေ့က တစ်ဦးတည်းသော ကလေး မဟုတ်ဘူးလား... သူ့ညီက ဘယ်လို ရောက်လာတာလဲ...
ထို့အပြင် ဝမ်ရူကွေ့နှင့် ဝမ်မိသားစုကလည်း ထိုအကြောင်းကို တစ်ခါမှ မပြောခဲ့ဖူးပေ။ သို့သော်ငြား ကောင်းမင်၏ မျက်နှာက လိမ်ပြောနေသည့်ပုံမပေါ်သဖြင့် ထုံရွှယ်လူ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
သို့သော်ငြား သူမက မျက်နှာထက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းမင်... အရင်တစ်ခေါက်ကတည်းက နင့်ကို သတိပေးထားပြီးပြီထင်တယ်... နင် မဟုတ်တမ်းတရားတွေ ပြောနေရင် ငါအခုပဲ နင့်ကို သွားတိုင်လိုက်တော့မယ်"
ကောင်းမင်က သူမကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။ "ထုံရွှယ်လူ... ဒါကို မသိခဲ့ဘူးမလား... ဟားဟား.. ငါ့မှာတော့ နင့်သတို့သားလောင်းက နင့်အပေါ် ကောင်းလိုက်တာလို့ တွေးနေတာ... ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဖုံးကွယ်ထားမယ်လို့ မထင်ထားခဲ့ဘူး"
ထုံရွှယ်လူ၏ မျက်နှာက အေးစက်သွားခဲ့လေသည်။ "နင်ငါ့ရဲ့ ကိစ္စတွေကို လိုက်ပူနေစရာမလိုဘူး... ဒါပေမယ့် နင်က တက္ကသိုလ် ဝင်ခွင့်ရဖို့ ကြိုးကြိုးစားစား စာလေ့လာခဲ့ရတာကို စာလေ့လာတဲ့နေရာမှာ အင်အားတွေ အချိန်တွေ စိုက်ထုတ်ရမဲ့အစား ရှစ်ကျွင်းမင်အတွက် ငါ့ကို ရန်လာစတယ်... နင်ဒီနည်းနဲ့ ရှေ့ဆက်သွားချင်တာ သေချာရဲ့လား"
ကောင်းမင်၏ မျက်လုံးများထက် ပျော်ရွှင်မှုများ ပြသလာခဲ့သည်။ "ဘာလို့လည်း ဆိုတော့ သူက ငါ့ကို ကောင်းကောင်းဆက်ဆံပေးလို့လေ"
"တန်လို့လား... အရင်တစ်ခေါက်တုန်းက ရှစ်ကျွင်းမင် နင့်အတွက် ပြောပေးဖို့ နေနေသာသာ နင့်ကို အပြစ်ပေးခံရအောင် တွန်းပို့လိုက်တာလေ... ဒါက နင်ပြောတဲ့ ထိုက်တန်တယ်ဆိုတာလား"
ကောင်းမင် ထိချက်ပြင်းသွားပြီးနောက် သူမ၏ မျက်နှာက ဒေါသကြောင့် နီရဲလာသည်။
"နင် ငါတို့ကို စိတ်ဝမ်းကွဲအောင် လုပ်နေတာလား... ရှစ်ကျွင်းမင်က ငါ့ကို အရမ်းချစ်တယ်"
ထုံရွှယ်လူ နူးညံ့စွာ ပြောလိုက်သည်။ "နင့်အတွက် စကားနှစ်ခွန်းကိုတောင် တွေးမိသေးတယ်... ကိုယ့်ကိုယ်ကိုယ် အယုံသွင်းနေတာနဲ့... နားပိတ်ပြီး ခေါင်းလောင်းတီးနေတယ်ဆိုတာလေ... နင်လုပ်နိုင်ရင် ငါ့ကို သက်သေလာပြလှည့်လေ"
ပြီးနောက် သူမက ကောင်းမင်ကို လစ်လျုရှူကာ အစမ်းလေ့ကျင့်ရေးခန်းမထဲသို့ တန်းဝင်သွားခဲ့သည်။
ကောင်းမင်က သူမ၏ နောက်ကျောကို ကြည့်ကာ ဒေါသများ ဆောင့်တက်လာပြီး တော်တော်နှင့် မပြေနိုင်အောင် ဖြစ်သွားရသည်။
ရှစ်ကျွင်းမင်က သူမကို ချစ်တယ်... ဒါကို ထုံရွှယ်လူ သိအောင် သက်သေပြပေးရမယ်...
အစမ်းလေ့ကျင့်မှု နှစ်ရက် သုံးရက်ကြာသောအခါ လူတိုင်းက ဇာတ်ညွှန်းနှင့် အကျွမ်းတဝင် ရှိလာကြသည်။
ချန်ချိုက်ရှင်းက သူမ၏ ဆန္ဒများ ပြည့်သွားသဖြင့် သူမ၏ အဒေါ်ကို ဖိတ်ခေါ်လိုက်သည်။