အပိုင်း၂၈၇
Viewers 67k

🍵Chapter 287




​ကျောင်းသားများက ယဥ်​ကျေးမှူဌာန၏ ဒါရိုက်တာကိုယ်တိုင် ​ရောက်လာပြီး လမ်းညွှန်ပြသမည့်အ​ကြောင်း သိလိုက်ရ​သောအခါ အလွန်အမင်း စိတ်လှုပ်ရှားလာကြ​လေသည်။


သူတို့အားလုံးက မနက်ဖြန်တွင် ယဥ်​ကျေးမှုဌာန၏ ဒါရိုက်တာကို ပြသရမည် ဖြစ်သည့်အတွက် ​နောက်ဆုံး အစမ်း​လေ့ကျင့်မှုပြီး​နောက် ပြန်အနားယူခဲ့ကြပြီး မနက်ဖြန်အတွက် ပြင်ဆင်ကြသည်။


​နောက်တစ်​နေ့တွင်...


​ဖျော်​ဖြေမှုတွင် ပါဝင်ကြမည့် ​ကျောင်းသားများက အတန်းများ ပြီး​နောက် အစမ်း​လေ့ကျင့်ရန် ​ရောက်လာခဲ့ကြသည်။ အစမ်း​လေ့ကျင့်ခန်းထဲတွင် လူအပိုတစ်​ယောက် ရှိ​နေနှင့်​လေပြီ။ ထိုအချိန်တွင် ချန်ချိုက်ရှင်းက သူမ၏ လက်ကို ဆွဲယမ်းကာ က​လေးတစ်​ယောက်သဖွယ် ပြုမူ​နေခဲ့သည်။


"​ဒေါ်​လေး... ​နောက်ကျရင် သမီးကို လမ်းညွှန်​ပေးရမယ်​​နော်... သမီး ​ကောင်း​ကောင်း မလုပ်နိုင်ရင် ​သေ​သေချာချာ ​ထောက်ပြ​ပေးရမယ်"


ဒါရိုက်တာချန်က သူမ၏ ​ခေါင်း​လေးကို ဖွကာ ချစ်ခင်တွယ်တာစွာဖြင့် ​ပြောလိုက်သည်။ 


"​ဒေါ်​လေး သမီးကို မျက်လုံး​သေချာဖွင့်ပြီး ကြည့်​​ပေးမယ်... ဟုတ်ပြီလား"


ချန်ချိုက်ရှင်းက ​တောက်ပစွာ ပြုံးရယ်လာခဲ့သည်။ "ဒါဆိုရင်​တော့ သမီး စိတ်ချသွားပြီ"


အခြားသူများ ဝင်​လာ​သောအခါ ချန်ချိုက်ရှင်းကို မနာလိုမှုများဖြင့် ကြည့်လိုက်ကြသည်။


ချန်ချိုက်ချင်းက ​ဒေါင်းမတစ်​ကောင်ကဲ့သို့ ရင်​ကော့ကာဖြင့် လူတိုင်းကို မိတ်​ဆက်​ပေးလိုက်သည်။


 "ဒါငါ့​အ​ဒေါ်​လေ... ယဥ်​ကျေးမှုအဖွဲ့ရဲ့ ဒါရိုက်တာ​ပေါ့... ​ဒေါ်​​လေး... ဒါက သမီးရဲ့ အတန်း​ဖော်​တွေ​လေ"


ဒါရိုက်တာချန်က လူတိုင်းကို ခင်မင်ရင်းနှီးပြီး အ​နည်းငယ်​ လေးနက်​​သော အမူအယာဖြင့် နှုတ်ဆက်လိုက်ရာ လူတိုင်း အ​ပျော်လွန်သွားကြသည်။


ထုံရွှယ်လူက ထိုဒါရိုက်တာချန်ကို မသိ​ပေ။ ထိုဒါရိုက်တာချန်က သူမထွက်သွားပြီးမှ ယဥ်​ကျေးမှုဌာနကို ​ပြောင်းလာခြင်းဖြစ်သည်။ သူမက အ​နောက်​မြောက်ပိုင်းစစ်တပ်မှ ​ပြောင်း​ရွှေ့လာခဲ့သည်ဟုလည်း ကြားထားသည်။ 


ဒါရိုက်တာချန်က လူအုပ်ကို ​ဝေ့ဝဲကြည့်လိုက်ပြီး ရုတ်တရက် ​ပြောလာသည်။ 


"အတန်း​ဖော်တို့ ​ကောင်း​ကောင်း ​ဖျော်​ဖြေရမယ်​နော်... ဒီတစ်ခါက မင်းတို့ကို လာပြီး ကြပ်မတ်​ပေးတာအပြင် မင်းတို့ထဲက​နေ ရုပ်ရှင်ရိုက်ကူးဖို့ သင့်​တော်တဲ့လူအချို့ကို ​ရွေးချယ်သွားမှာပါ"


ထိုစကားကို ကြား​သောအခါ လူတိုင်း ကြက်​သေ​သေသွားကြပြီး ချန်ချိုက်ရှင်းသည်ပင် ​ကြောင်အသွားရသည်။


"​ဒေါ်​လေး.... ဒါက ဘယ်လိုမျိုးလဲ... ဘာလို့ သမီးကို ကြိုမ​ပြောရတာလဲ"


ဒါရိုက်တာချန်​ ​ပြောလိုက်သည်။ သမီးရဲ့ဦး​လေးက ​ခေတ်သစ်ရဲ့ ​ကောလိပ်​ကျောင်းသား​တွေအ​ကြောင်း ရုပ်ရှင်ရိုက်ကူး​တော့မှာ​လေ... အဓိကက ​ကောလိပ်ဝင်ခွင့် စာ​မေးပွဲ​တွေ ပြန်ကျင်းပပြီးတဲ့​နောက် ​ကျောင်းသား​တွေရဲ့ ပုံစံအသစ်​တွေအ​ကြောင်း​​ပေါ့... ဒါ​ပေမယ့် သင့်​တော်တဲ့သူကို ရှာမ​တွေ့​သေးဘူး... ဒီ​နေ့ မင်းတို့ကို လာကြီးကြပ်​ပေးရမယ်ဆိုတာ သိ​တော့ ​ဒေါ်​လေးကို သူ့အစား သင့်​တော်တဲ့သူ​တွေ ရှာ​ပေးပါလို့ ​ပြောလိုက်တာ​... ဒါပြီးရင် သူ့ရုပ်ရှင်ထဲ ထည့်သုံး​ပေးမှာ​ပေါ့"


လူတိုင်းက အုတ်အုတ်သဲသဲ ဖြစ်သွားကြသည်။


"ဘုရား​ရေ... ငါတို့ ရုပ်ရှင် ရိုက်ရမယ်ဆို အ​ရွေးခံရရင် နာမည်ကြီး သရုပ်​ဆောင် ဖြစ်လာနိုင်တာ​ပေါ့"


"ဒါဆို အ​ရွေးခံရမှ ဖြစ်မယ်... ဒါရိုက်တာချန် ​ရွေးချင်တာ ဘယ်လို ဇာတ်​ကောင်မျိုးလဲ မသိဘူး​နော်"


ချန်ချိုက်ရှင်း၏ ပါးပြင်ထက် စိတ်လှုပ်ရှားမှုများ​ကြောင့် ​သွေး​ရောင်လွှမ်းလာသည်။ 


"​ဒေါ်​လေး... ဦး​လေး ​ရွေးမယ့်ဇာတ်​ကောင်က ဘယ်လိုမျိုးလဲဟင်"


ဒါရိုက်တာချန် ​ပြောလိုက်သည်။ "ဇာတ်​ကောင်​တွေ အများကြီးပဲ... မင်းတို့သာ ​ကောင်း​ကောင်းသာ ​ဖျော်​ဖြေနိုင်ခဲ့ရင် အမျိုးသား ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်​နေရာ​တွေပါ အ​ရွေးခံရနိုင်တယ်"


လူတိုင်းက ထိုအ​​ကြောင်းကို ကြားလိုက်ကြ​သောအခါ ထပ်ပြီး စိတ်တက်ကြွသွားကြပြန်သည်။


လူတိုင်းက ပ​ရော်ဖက်ရှင်နယ် သရုပ်​ဆောင်များ မဟုတ်ကြ​သော်လည်း ရုပ်ရှင်နယ်ပယ်သို့ ဝင်​ရောက်ရန် အ​ရွေးခံရမည်ဆိုပါက ​အောင်မြင်​မည့်လမ်း​ကြောင်း​ပေါ် ​ရောက်​နေပြီဟု အဓိပ္ပါယ် ရ​ပေသည်။ 


ထုံရွှယ်လူမှ လွဲ၍ လူတိုင်း စိတ်လှုပ်ရှား​နေကြသည်။ 


ထုံရွှယ်လူက နာမည်​​ကျော် တစ်​ယောက် ဖြစ်ရမည်ကို စိတ်မဝင်စား​ပေ။ သူမ၏ ရည်မှန်းချက်က အလွန် ရှင်းလင်းသည်။ 


သူမက အတန်းများ​ကျော်တက်ကာ ဘွဲ့​စော​စောယူပြီး​နောက် ပြုပြင်​​ပြောင်းလဲရေးဟူသည့် လှိုင်းလုံးကြီးကို မှီကာ စီးပွား​ရေးတစ်ခု တည်​ထောင်၍ ငွေအ​မြောက်အများရှာပြီး သူ​ဌေးမကြီး တစ်​ယောက်ဖြစ်လာရန်ပင်။ 


ထုံရွှယ်လူ တည်ငြိမ်​နေသည်ကို ကြည့်ကာ ဒါရိုက်တာချင်မှာ မထိန်းထားနိုင်​တော့ဘဲ သူမကို ခဏခဏ ထပ်ကြည့်မိသွားသည်။ 


ချန်ချိုက်ရှင်းက သူမအ​ဒေါ်၏ အကြည့်များ ထုံရွှယ်လူအ​ပေါ်တွင် ကျ​ရောက်​နေသည်ကို ကြည့်​နေရင်း မျက်ခုံးကျုံ့လိုက်သည်။ သူမက ​ခြေတစ်လှမ်း တိုးကာ သူမအ​ဒေါ်၏ အကြည့်များကို ပိတ်ဆို့လိုက်ပြီး​နောက် ​ပြောလိုက်သည်။ 


"​ဒေါ်​​လေး... ကျွန်မတို့ အခု စလို့ရပြီလား"


ဒါရိုက်တာချန် အကြည့်ပြန်ရုပ်လိုက်သည်။


 "စကြတာ​ပေါ့"


ချန်ချိုက်ရှင်းက ချက်ချင်းဆိုသလို လူတိုင်းကို စင်​ပေါ်သို့ ဦး​ဆောင်​ခေါ်လာကာ အခြား​သော ကိစ္စရပ်များ စီစဥ်ပြီး​နောက် စတင်​ကြောင်း ​ကြေညာလိုက်သည်။


ထုံရွှယ်လူ၏ အာရုံများက ချန်ချိုက်ရှင်းအ​ပေါ်တွင် မဟုတ်ဘဲ ​ကောင်းမင်အ​ပေါ် ကျ​ရောက်​နေသည်။


​ကောင်းမင်၏ စိတ်ပိုင်းဆိုင်ရာ အ​ခြေအ​နေမှာ ယ​နေ့တွင် အ​တော်​​လေး ထူးဆန်း​နေ​​ကြောင်း ​တွေ့လိုက်ရပြီး သူမက အလွန် စိတ်လှုပ်ရှား​နေပုံ​ပေါ်သည်။ 


သူမက နှလုံးသားထဲတွင် တိတ်တဆိတ် အဆက်မပြတ် ​နိုးနိုးကြားကြား ရှိနေပြီး ​နောက်ပိုင်းတွင် အကာအကွယ် ယူထားရမည်ဟု သူမကိုယ်သူမ ​ပြော​နေမိသည်။


ထုံရွှယ်လူက စာအုပ်ထဲကို မကူး​ပြောင်းစဥ်က ​အော်စကာ ဘုရင်မအဖြစ် လူသိများ​ပေသည်။ သူမသာ ဆန္ဒရှိ​နေသ​ရွေ့ သူမ၏ လုပ်​ဆောင်မှုများက အလွန် ပရော်ဖက်ရှင်နယ် ကျခြင်းမျိုး မရှိသည့်တိုင် ​လက်ရှိတွင် လေ့ကျင့်ထားခြင်း မရှိသည့် အတန်းသားများထက် ပို၍ ပ​ရော်ဖက်ရှင်နယ် ကျ​ပေသည်။ 


သူမတွင် ​ပြောစကားများစွာ မရသည့်တိုင် သူမ၏ အသံအ​နေအထား၊ မျက်နှာအမူအယာများမှာ ​ချော​မွေ့​နေပြီး ချက်ချင်းဆိုသလို ဒါရိုက်တာချန်၏ အာရုံကို ဆွဲ​ဆောင်နိုင်သွားသည်။ 


ပို၍ အ​ရေးကြီး​သော အချက်မှာ သူမက အလွန် လှပ​နေပြီး မီးခိုး​ရောင် အဝတ်အစားများ ဝတ်ကာ အဘွားကြီးတစ်​ယောက်ကဲ့သို့ တမင်သက်သက် ဝတ်ဆင်ထားသည့်တိုင် သူမ၏ အလှအပများကို ဖုံးကွယ်မထားနိုင်ခဲ့​ပေ။ 


ဒါရိုက်တာချန်မှာ ထုံရွှယ်လူက ယခင်က သူမ မြင်ဖူး​​ခဲ့သော သရုပ်​ဆောင်များထက်ပင် ပိုလှသည်ဟု ​ခံစားရသည်။ ထို့ကဲ့သို့​သော မျိုး​စေ့​ကောင်း​လေးက သရုပ်​ဆောင် ဖြစ်မလာသည်မှာ နှ​​မျောစရာ​ကောင်းလှသည်။


သူမ၏ တူမ ချန်​ချိုက်ရှင်းသည်ကား သူမက အ​လေးအနက် သရုပ်​ဆောင်​နေပါ​သော်လည်း ​ကောင်း​ကောင်း သရုပ်​ဆောင်နိုင်သည်ဟု ​ပြောရန် ခက်​ပေသည်။ 


တစ်ဖက်တွင် သူမက အလွန်အမင်း ကြိုးစား​နေသဖြင့် သူမ၏ မျက်နှာအမူအယာများက အလွန်အမင်း ချဲ့ကား​နေပြီး ဟန်ဆောင်​နေသည့်ပုံ​ပေါ်ကာ ရှီအာကဲ့သို့ သရုပ်​ဆောင်​နေခြင်း မဟုတ်ဘဲ အ​ပေါက်ဆိုးဆိုး မိန်းမကြီး တစ်​ယောက်ကဲ့သို့ ဖြစ်​နေသည်။


ဒါရိုက်တာချန်က အကြည့်များကို ထုံရွှယ်လူထံ ပြန်ပို့လိုက်ပြီး သ​ဘော​တွေ့သွားသည့်ဟန် ​ခေါင်းငြိမ့်လိုက်သည်။


ချန်ချိုက်ရှင်းက သူမ၏ အ​ဒေါ်ကိုသာ အာရုံစိုက်​နေ​လေရာ အ​ဒေါ်ဖြစ်သူ၏ မျက်လုံးများ ထုံရွှယ်လူအ​ပေါ် အချိန်နှင့်အမျှ ကျ​ရောက်​နေသည်ကို ​တွေ့​သောအခါ နှလုံးသားထဲတွင် နမိတ်မ​ကောင်းသည့် ခံစားချက်များ ရလာသည်။


သူမက ကြိုးကြိုးစားစား သရုပ်​ဆောင်​နေပြီး အသံကလည်း ပိုပို၍ ကျယ်လာကာ သူမ၏ လှုပ်ရှားမှုများက အလွန်အမင်း ချဲ့ကား၍ လာ​နေသည်။ မူလတွင် သူမက ၎င်းကို အသုံးပြုပြီး သူမအ​​ဒေါ်၏ အာရုံကို ဆွဲ​​ဆောင်ချင်ခဲ့ပါ​သော်လည်း အကျိုးရလဒ်က ​ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့​ပေ။ 


ချန်ချိုက်ရှင်းက ကြည့်​လေ​လေ ပိုပို၍ စိုးရိမ်ပူပန်လာ​လေ​လေ ဖြစ်​နေပြီး ရုတ်တရက်ဆိုသလို နှလုံးသားထက် ရက်စက်ကြမ်းကြုတ်လာပြီး ​သူမ​​ဘေးမှ ထုံရွှယ်လူထံ ​ခြေလှမ်းလိုက်သည်။ 


ထုံရွှယ်လူက သူမ၏ ​ခြေ​ထောက်ကို သတိမပြုမိသဖြင့် ခလုတ်တိုက်ကာ ​ရှေ့သို့ လဲကျသွား​လေသည်။


သူမ၏ ​ခြေချင်းဝတ်ထက် စူးရှသည့် နာကျင်မှုတစ်ခု ​ပေါ်​ပေါက်လာပြီး ကြမ်း​ပေါ်တွင် ထိုင်ချကာ ​အသက်ပြင်းပြင်း ရှူလိုက်သည်။


လူတိုင်းက ချက်ချင်း ရပ်သွားကြသည်။ "ကျောင်းသူထုံ... အဆင်​ပြေရဲ့လား"


ထုံရွှယ်လူက သူမ၏ ​ခြေချင်းဝတ်ကို ထိကာ ​ပြောလိုက်သည်။ "ကျွန်မရဲ့ ​ခြေချင်းဝတ်က အရမ်းနာ​နေတယ်"


ချန်ချိုက်ရှင်းက စိတ်ပူချင်​ယောင်​ဆောင်လိုက်သည်။ "ဘယ်လိုလုပ်ရမလဲ ​အတန်း​ဖော်ထုံ... ရှင်ထနိုင်ရဲ့လား"


ထုံရွှယ်လူက သူမကို ​ခြေထိုးခံလိုက်သူမှာ ချန်ချိုက်ရှင်းဖြစ်​ကြောင်း ​ဖော်ထုတ်ချင်လိုက်ပါ​သော်လည်း ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှား​နေသည့် ​ကောင်းမင်ကို လှမ်းကြည့်လိုက်သည်။


သူမက နှုတ်ခမ်းဖျားတွင် ​ရောက်လာသည့် စကားလုံးများကို ချက်ချင်းမျိုချလိုက်​လေသည်။ 


"ကျွန်မကို ထိုင်ဖို့ ကူညီ​​ပေးပါဦး"


လူတိုင်းက သူမ အနားယူနိုင်ရန်အတွက် စင်​ဘေးသို့ ​ခေါ်​ပေးသွားကြသည်။


"​ကျောင်းသူထုံ... ရှင့်မျက်နှာက နည်းနည်း ​ဖျော့​နေသလိုပဲ... ​ကျောင်း​ဆေးခန်းကို သွားဖို့ မလိုတာ ​သေချာလား"


ထုံရွှယ်လူ လက်ခါပြလိုက်သည်။ "မလိုပါဘူး... ကျွန်မ ဒီမှာ ခဏ​လောက် နားလိုက်မယ်​လေ"


သူမက ထိုကဲ့သို့ ထွက်မသွားနိုင်... ဤ​နေရာမှာသာ ​​နေကာ ​ကောင်းမင် လုပ်ချင်​နေသည့် အရာကို ကြည့်ချင်​နေ​သေးသည်။


လူတိုင်းက သူမ အဆင်မ​ပြေ ဖြစ်သွားသည်ကို ​တွေ့​သောအခါ စင်​ပေါ်သို့ ပြန်တက်လာကြပြီး ​နောက်လာမည့် ​ဖျော်​ဖြေမှုအ​ကြောင်း ​ဆွေး​နွေး​နေကြသည်။ 


"အခု ဘာလုပ်ကြမလဲ... လူမပြည့်ရင် အစမ်း​လေ့ကျင့်မှု လုပ်လို့မရ​တော့ဘူး​လား"


ချန်ချိုက်ရှင်းက ရင်ဘတ်ကို ​ကော့ကာ ​ပြောလာသည်။ "ကျွန်မက ဇာတ်ညွှန်းတစ်ခုလုံး မှတ်ထားတာ​လေ... ကျွန်မကိုယ်တိုင် ဇာတ်​ကောင်နှစ်​နေရာ သရုပ်​ဆောင်နိုင်ပါတယ်... ​​ကျောင်းသူထုံ သရုပ်​ဆောင်မယ့် အန်တီဝမ်​နေရာက သိပ်မများဘူး... ကျွန်မ ယာယီ အစားထိုးလိုက်ပါ့မယ်"


ချန်ချိုက်ရှင်းက သူမ၏ အ​ဒေါ်ဖြစ်သူအား သူမနှင့် ပတ်သက်ပြီး ​သေချာသိသွား​စေချင်သဖြင့် ထုံရွှယ်လူ၏ ဇာတ်​ကောင်ကို ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။


ထုံရွှယ်လူ၏ ဇာတ်​ညွှန်းကို မည်သူကမှ ကျက်မထားကြ​ပေ။ ဒါရိုက်တာချန်ကလည်း ယ​နေ့​ရောက်လာသည် ဖြစ်ရာ လူတိုင်းက ​တွေးကြည့်လိုက်ပြီး​နောက် ဤနည်းလမ်းတစ်ခုသာ ရှိ​ပေ​တော့သည်ဟု ခံစားလိုက်ရသည်။


ဒါရိုက်တာချန်က သူမ၏ တူမကို ​အေးစက်စက် စိုက်ကြည့်လိုက်​သော်ငြား စကားတစ်ခွန်းမှ ​ပြောမလာခဲ့​ပေ။ 


အခြားသူများ မမြင်​လောက်​သော်ငြား သူမက​တော့ ​တွေ့ခဲ့သည်။ ထုံရွှယ်လူကို တမင်တကာ ​ခြေထိုးခံလိုက်သူမှာ သူမ၏ တူမသာ ဖြစ်​ပေသည်။


ငယ်စဥ်က​လေးဘဝကတည်းက ကြည့်ရှု​စောက်​ရှောက်​ပေးလာသည့် တူမဖြစ်သူ ချန်ချိုက်ရှင်းမှာ သူမ၏ အမြင်တွင် သ​ဘော​ကောင်းကာ တက်ကြွသူဖြစ်​သော်လည်း ထိုကဲ့သို့​သော ကိစ္စမျိုး လုပ်​ဆောင်လာလိမ့်မည်ဟု တစ်ခါမှပင် ထင်မထားခဲ့​​ပေ။ 


လူကြားထဲ ​ပြောမ​ကောင်း၍သာ ငြိမ်​နေ​လိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် တူမဖြစ်သူကို မှတ်မှတ်ရရ ဖြစ်​အောင် ​သေချာ​ပေါက် ဆုံးမ​ပေးလိုက်မည်ပင်။


ချန်ချိုက်ရှင်းက အ​ဒေါ် ဖြစ်သူ၏ မျက်နှာထက် ထူးဆန်း​နေသည်ကို သတိမပြုမိဘဲ စတင်၍ ပြင်းပြင်းထန်ထန် သရုပ်​ဆောင်​လေ​တော့သည်။


ထုံရွှယ်လူ၏ မျက်လုံးများက တဖြည်းဖြည်း ​​ဖျော့​တော့လာသည့် ​ကောင်းမင်၏ မျက်နှာထက်တွင်သာ အဆက်မပြတ် ​ရောက်ရှိ​နေခဲ့သည်။


ချန်ချိုက်ရှင်း သူမ၏ ဇာတ်​ကောင်​နေရာတွင် ဝင်ယူလိုက်​သောအခါ​ ကောင်းမင်၏ လက်များက ရုတ်တရက် တုန်ယင်သွား​လေသည်။ 


ထုံရွှယ်လူက သူမ၏ နှလုံးသားထဲတွင် တစ်ခုခုက ထူးဆန်း​နေ​ကြောင်း ခံစားလိုက်ရသည်။


သို့​သော်ငြား သူမ မ​ပြောနိုင်ခင်မှာပင် မ​တော်တဆတစ်ခု ဖြစ်သွားသည်။


"ချွတ်" ဟူသည့် အသံကြားလိုက်ရပြီး မကြာခင်မှာပင် စတိတ်စင်ထက်မှ မီးဆိုင်းပန်းကြီး၏ ကြိုးများက ရုတ်တရက် ပြတ်ထွက်သွားကာ မီးဆိုင်းပန်းကြီး ပြုတ်ကျလာပြီး ချန်ချိုက်ရှင်း၏ ​ခေါင်းကို ရိုက်မိသွားသည်။ 


ချန်ချိုက်ရှင်းက ​အော်ဟစ်လိုက်ပြီး​နောက် ​သွေးများအိုင်လျက် လဲကျသွားလေသည်။


မ​တော်တဆမှုက လျှပ်တပြက် ဖြစ်သွားသဖြင့် လူတိုင်းမှာ ထိုမြင်ကွင်း​ကြောင့် ​ကြောက်လန့်သွားကြတော့သည်။