🍵Chapter 288
ထုံရွှယ်လူသည်လည်း တုန်လှုပ်သွားသည်။
ကိစ္စများကို ထိုမျှလောက်အထိ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
မတိုင်မီလေးတင်က ချန်ချိုက်ရှင်း သူမကို ခြေထိုးလိုက်သည်ကြောင့်သာ မဟုတ်ခဲ့ပါက သွေးအိုင်ထဲတွင် လဲနေရမည့်သူမှာ သူမသာ ဖြစ်ရပေတော့မည်။
ထိုအကြောင်းကို တွေးမိလိုက်ချိန်တွင် တုန်ယင်သွားမိသည်။
ထုံရွှယ်လူ၏ အကြည့်များက ကြမ်းပြင်ထက်တွင် အသိစိတ်မရှိ လဲလျောင်းနေသည့် ချန်ချိုက်ရှင်းကို စိုက်ကြည့်နေပြီး တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည့် ကောင်းမင်အပေါ်တွင် အကြည့်ရောက်သွားသည်။
သူမ ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ထုံရွှယ်လူတစ်ယောက် ထိုမတော်တဆမှုက သူမနှင့် ပတ်သက်နေရမည်ဟု သံသယမဝင်ဘဲ မနေနိုင်ပေ။
ဒါရိုက်တာချန်က ကြောင်အနေရာမှ တစ်ခဏကြာမှ အသိပြန်ဝင်လာပြီး အော်ဟစ်ရင်းဖြင့် စတိတ်စင်ပေါ် ပြေးတက်လာခဲ့သည်။
"ရှင်းရှင်း... ဘယ်လိုနေသေးလဲ... ရှင်းရှင်း... ဒေါ်လေးကို မခြောက်ပါနဲ့"
ထုံရွှယ်လူက ခပ်လောလော အော်ပြောလိုက်သည်။ "ဒါရိုက်တာချန်... မြန်မြန် ရပ်ပြီး သူ့ကို မလှုပ်ပါနဲ့"
သူမက ကြောင်အနေသော လူတစ်စုကို လှည့်ပြောလိုက်သည်။ "ကြောင်နေရမယ့်အချိန်မဟုတ်ဘူး... ဆရာတွေနဲ့ ကျောင်းဆရာဝန်ကို သွားခေါ်ကြ... လူကယ်ဖို့က အရေးကြီးတယ်"
လူတိုင်းက အသိပြန်ဝင်လာကြသည်။
"ဟုတ်တယ်... ငါအခုပဲ ဆရာဝန် သွားခေါ်လိုက်မယ်
"ဒါဆိုရင် ငါ ဌာနမှူးနဲ့ ဆရာတွေကို သွားပြီး သတင်းပို့လိုက်မယ်"
"ငါလည်း လိုက်မယ်"
ကောင်းမင်က သူမလည်း ထွက်သွားမည်ဟု ပြောလိုက်သော်လည်း ထုံရွှယ်လူ၏ လက်များက သူမကို လှမ်းဆွဲလာသည်။
"အားလုံး သွားကုန်ကြပြီ... အတန်းဖော်ကောင်းက အတန်းဖော်ချန်ကို စောင့်ရှောက်ဖို့ နေခဲ့ပါ"
ကောင်းမင်၏ မျက်လုံးများက နီရဲနေပြီး ထုံရွှယ်လူကို ကြည့်လာသည်။
"ငါနေရင်လည်း ကူညီပေးနိုင်တာ မရှိဘူး... ငါ့ကိုလွှတ်"
ထုံရွှယ်လူ မျက်မှောင်ကြုတ်ကာ နာကျင်နေသော မျက်နှာထားပေါ်လာသည်။ "မကူညီနိုင်ဘူးလို့ ဘယ်သူက ပြောလဲ... ကျွန်မ ခြေထောက်တွေ အရမ်းနာနေတာ... အတန်းဖော်ကောင်း ကျွန်မကို ထူပေးပါဦး"
"..."
ကောင်းမင်က သူမကို စိုက်ကြည့်လာပြီး ဆူညံပူညံ လုပ်နေသည်ကိုလည်း မုန်းတီးကြောက်ရွံ့နေသည်။ သူမက ထိလွယ်ရှလွယ် ဖြစ်နေ၍လား မသိသော်လည်း ထုံရွှယ်လူ တစ်ခုခုကို သိနေသည့် ပုံပေါ်နေသည်ဟု အမြဲတမ်း ခံစားနေရသည်။
ထုံရွှယ်လူက သူမ၏ လက်မောင်းကို တွဲကာ တစ်ကိုယ်လုံးကို သူမအပေါ် ပစ်မှီလိုက်ပြီး တွဲ၍ လျှောက်လာခဲ့သည်။
သူမက ဤကိစ္စများမှာ ကောင်းမင်နှင့် ဆက်နွယ်နေခြင်း မရှိကြောင်း လတ်တလော သက်သေမပြနိုင်သေးသော်လည်း ကောင်းမင် မလုပ်ခဲ့လျှင်တောင် အမှန်တရားကို သိနေလိမ့််မည်ဟု ခံစားရသဖြင့် လွှတ်မပေးနိုင်ပေ။
မကြာမီ ကျောင်းဆရာဝန်နှင့် ဌာနမှုးများ အပြေးအလွှား ရောက်ရှိလာကြသည်။ သွေးအိုင်ထဲတွင် လဲနေသည့် ချန်ချိုက်ရှင်းကို တွေ့လိုက်ရသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။
ရိုးရှင်းသော စစ်ဆေးမှုများ ပြီးနောက် ကျောင်းဆရာဝန်က ပြောလိုက်သည်။
"ဒီအတန်းဖော်ရဲ့ ခေါင်းကွဲသွားတယ်... ကျွန်တော် အရင်ဆုံး သွေးတိတ်အောင် ပတ်တီးစည်းပေးထားပါတယ်... ပြီးရင်တော့ နောက်ဆက်တွဲ လက္ခဏာတွေကို ရှောင်ရှားဖို့ ဆေးရုံကို သွားပြီး စစ်ဆေးကြည့်ဖို့ လိုမယ်"
ဒါရိုက်တာချန်က မျက်လုံးများ ပိတ်ထားသည့် တူမဖြစ်သူကို ကြည့်လိုက်ပြီး စိတ်သောက ရောက်နေသည်။ "ဒေါက်တာ... ကျွန်မ တူမလေး... အဆင်ပြေမှာပါနော်"
သူမက မတိုင်မီလေးတင်ကမှ တူမဖြစ်သူ မလျော်ကန်သည့် အပြုအမူများ လုပ်ခဲ့ခြင်းကြောင့် ဒေါသထွက်ခဲ့ရပြီးအိမ်ပြန်ရောက်လျှင် ဆူရန် စီစဥ်ထားသော်ငြား ထိုကဲ့သို့သော မတော်တဆမှုမျိုး ရုတ်တရက် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချန်ချိုက်ရှင်းသာ တစ်ခုခု မှားယွင်းသွားခဲ့ပါက ပြန်ရောက်သည့်အခါ သူမ၏ အစ်ကိုကြီးအား မည်သို့ ရှင်းပြရမည်ကိုပင် မသိတော့ပေ။
သူမရှေ့မှာတင် ဖြစ်သွားတာလေ...
ဒဏ်ရာကို သန့်ရှင်းရေး လုပ်ပြီးနောက် ဆရာဝန်က ပြောလိုက်သည်။ "အချိန်တစ်ခုလောက်အထိ ကျွန်တော်လည်း မသိဘူး... ဦးနှောက်ဆိုတာ တစ်ကိုယ်လုံးမှာ အရေးအကြီးဆုံးနဲ့ ထိခိုက်အလွယ်ဆုံး အင်္ဂါ ဆိုတော့လေ... ဂရုမစိုက်မှုလေး တစ်ခုကတောင် လူ့ဘဝကို အန္တာရာယ်ထဲ ဆွဲခေါ်သွားနိုင်တယ်"
မီးဆိုင်းပန်းက အမြင့်မှ ကျလာပြီး ခေါင်းကိုလည်း ထိခိုက်ခဲ့သေးသဖြင့် ဦးနှောက်အတွင်းပိုင်း သွေးယိုစီးမှု၊ ခေါင်းဒဏ်ရာ စသဖြင့် ဖြစ်ပေါ်စေနိုင်သည်။ အခြေအနေကို အမြင်ဖြင့် ဆုံးဖြတ်၍ မရပေ။
ဒါရိုက်တာချန်က ဒေါက်တာ၏ စကားများကို ကြားသောအခါ အဆုံးတွင် တရှုံ့ရှုံ့ ငိုလာသည်။
ဒဏ်ရာကို ပတ်တီး စည်းပြီးသွားသောအခါ ကျောင်းဆရာဝန်နှင့် အတန်းဖော်များက ချန်ချိုက်ရှင်းကို ထမ်းစင်ပေါ်တွင် တင်၍ ဆေးရုံသို့ အပြေးအလွှား သွားပို့ကြသည်။
လူအုပ်စုကြီး ထွက်သွားသောအခါ အစမ်းလေ့ကျင့်မှူခန်းမကြီး တိတ်ဆိတ်သွားပြီး သွေးညှီနံ့များသာ ကျန်ရှိနေလေတော့သည်။
ဌာနမှူးက မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေ ဖြစ်ခဲ့သလဲ ပြောစမ်း"
မတိုင်မီက အတန်းခေါင်းဆောင် ရှစ်ကျန်းရွဲ့တစ်ယောက် ထိတ်လန့်သွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ ပြန်မသက်သာလာနိုင်ခဲ့ပေ။ ဤအခိုက်တွင် ကြောက်ရွံ့နေသေးသော်ငြား ဖြစ်ခဲ့သမျှ အလုံးစုံကို ပြောပြလိုက်သည်။
ဌာနမှူးက "ကျွတ်" ဟူသော အသံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "မီးဆိုင်းက ဘာလို့ လူပေါ်တည့်တည့် ထပြုတ်ကျရတာလဲ... ကြိုးလဲထားတာ မကြာသေးတာ မှတ်မိပါတယ်"
ယနေ့ခေတ် မီးဆိုင်းများက နောက်ပိုင်းခေတ် မီးဆိုင်းများနှင့် ကွာခြားပေသည်။ ၎င်းကို မျက်နှာကျက်ပေါ်တွင် တန်း၍ တပ်ရမည့်အစား ကြိးဖြင့် ဆွဲထားကြသည်။ ကျောင်းဘက်က ကြိုးများကို မကြာခဏ စစ်ဆေးခဲ့သော်လည်း မထင်မှတ်ထားစွာဖြင့် ပြဿနာ တက်သွားသည်။
ထုံရွှယ်လူက ကြွပ်ဆတ်ဆတ်အသံဖြင့် ပြောလိုက်သည်။ "ဆရာဟွမ်... ကျွန်မကတော့ ကြိုးကို စစ်ကြည့်သင့်တယ်လို့ထင်တယ်... သဲလွန်စတစ်ခုခု တွေ့ရင်တွေ့မှာ"
ဌာနမှူးက အသိပြန်ဝင်လာပြီး ခေါင်းမြန်မြန် ငြိမ့်ပြလိုက်သည်။ "မင်းပြောတာမှန်တယ်... ဒီကို လျှပ်စစ်ပညာရှင်တွေ လာကြည့်ခိုင်းလိုက်မယ်"
ထုံရွှယ်လူထံမှ ဆွဲခံထားရသည့် ကောင်းမင်မှာ ထိုစကားကို ကြားသောအခါ ထပ်ပြီး တုန်ယင်သွားလေသည်။
ထုံရွှယ်လူ သူမကို လှည့်ကြည့်လိုက်သည်။ "အတန်းဖော်ကောင်း ဘာလို့အေးစက်နေတာလဲ... တစ်ကိုယ်လုံး တုန်ယင်နေတာပဲ"
လူတိုင်းက ထိုစကားကို ကြားသောအခါ သူတို့၏ မျက်လုံးများက ကောင်းမင်အပေါ် အကြည့်ရောက်သွားကြလေသည်။
"ကျောင်းသူကောင်း... ရှင့်မျက်နှာက ဖြူဖျော့နေတာပဲ... အဆင်ပြေရဲ့လား"
"ကြည့်ရတာ ကြောက်သွားလို့ ထင်တယ်..
ခုနက အတန်းဖော်ချန် ခေါင်းထိသွားတုန်းကဆို ငါ့ခြေထောက်တွေ ပျော့ခွေသွားတာ"
ကောင်းမင်မှာ ထုံရွှယ်လူ၏ လက်များဖြင့် အဆွဲခံထားရသည်။ "ဟုတ်တယ်... ကျွန်မ ကြောက်သွားလို့... ဗိုက်တွေတောင် နာလာတယ်ထင်တယ်... အဆောင်ကို ပြန်ပြီး အနားယူလိုက်ဦးမယ်နော်"
ပြောပြီးနောက် သူမလှည့်ထွက်သွားသည်။
ထိုအခိုက် လျှပ်စစ်ပညာရှင် ရောက်လာသည်။
ထုံရွှယ်လူ အလျင်စလို ပြောလိုက်သည်။
"အတန်းဖော်ကောင်း... ခဏလောက် စောင့်ပါဦးလား... လျှပ်စစ်ပညာရှင် စစ်ဆေးပြီးသွားရင် အဆောင်ကို ပြန်လိုက်ပို့ပေးဖို့ ရှင့်ကို ဒုက္ခပေးရဦးမယ်"
ကောင်းမင်မှာ နှလုံးသားထဲတွင် မုန်းတီးမှုများ အပြည့်ဖြင့် ရပ်သွားရပြန်သည်။
သို့သော်လည်း ထုံရွှယ်လူက သူမကို အလွတ်မပေးခဲ့ပေ။ သူမသာ ထိခိုက်ဒဏ်ရာ မရှိဘဲ ခပ်လောလော ထွက်သွားလိုက်ပါက လူတိုင်းက သံသယဝင်လာနိုင်သည်။
ကောင်းမင်က တစ်ခဏမျှ တွေးပြီးနောက် နေရစ်ခဲ့သော်ငြား လူတိုင်းအာရုံမရှိကြချိန်တွင် ထုံရွှယ်လူအား ခါးသီးသော အကြည့်တစ်ချက် ပေးလိုက်ပြီး မျက်လုံးများမှာ အဆိပ်ရှိမြွေတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းနေခဲ့သည်။
လျှပ်စစ် ပညာရှင်က ဟိုဟိုသည်သည် စစ်ဆေးပြီးနောက် မျက်နှာ ချက်ချင်းပြောင်းသွားသည်။ "မီးဆိုင်းကြိုးကို တစ်ယောက်ယောက်က ထိထားတယ်"
ဌာနမှုး တုန်လှုပ်သွားလေသည်။ "ထိထားတယ်ဆိုတာ ဘယ်လိုမျိုးလဲ"
လျှပ်စစ်ပညာရှင်: "ဆရာ... ဒီကြိုးပြတ်ရာက ပေါ့နေတာ တွေ့လား... ကြည့်ရတာ သူ့ဘာသာသူ ပြတ်သွားတယ် မထင်ဘူး... အဲ့ဒီအစား တစ်ယောက်ယောက်က တစ်ဝက်လောက် ဖြတ်လိုက်လို့ ဆွဲအားကို မခံနိုင်ဘဲ ပြတ်ကျသွားတာ... ပြီးတော့ ကြိုးလဲထားတာက လဝက်လောက်ပဲ ရှိသေးတာလေ... ပြင်ပက တွန်းအားသာ မရှိရင် သူ့ဘာသာသူ ပြတ်သွားဖို့က မဖြစ်နိုင်ဘူး"
အစမ်းလေ့ကျင့်ခန်းမကြီးတွင် သရဲများ နတ်ဘုရားများ ရောက်ရှိလာသည့်အလား တိတ်ကျသွားသည်။
လူတိုင်းက အချင်းချင်း ကြည့်လိုက်ကြပြီး အချင်းချင်း၏ မျက်လုံးများ၌ မဖော်ပြနိုင်သည့် ကြောက်ရွံ့မှူများကို တွေ့လိုက်ကြသည်။
ဌာနမှုးဆရာက ဖြူဖျော့သွားလေသည်။ "ဘယ်လို ဖြစ်နိုင်မှာလဲ... အတန်းဖော်ကို မုန်းနေရုံနဲ့ ဒီလောက် ရက်စက်တဲ့ နည်းလမ်းကို ဘယ်သူက သုံးမှာတဲ့လဲ"
အခြား အတန်းဖော်များ အသိပြန်ဝင်သွားကြပြီး စတင်ပြောဆိုလာလေတော့သည်။
"ဟုတ်တယ်... အတန်းဖော်ချန်က လှပပြီး တက်ကြွတယ်... အတန်းကိစ္စတွေမှာလည်း ကြိုးကြိုးစားစား ပါဝင်နေတာ.... သူနဲ့ ပြဿနာရှိတဲ့သူကို စဥ်းစားလို့ မရပါဘူး"
"သူမက သဘောကောင်းလွန်းလို့ တစ်ယောက်ယောက်က သူမကို မနာလိုဖြစ်ပြီး ဒီလိုရက်စက်တဲ့နည်းလမ်း သုံးလာတာပဲ ဖြစ်မယ်"
ထုံရွှယ်လူ: "ဆရာ... ကျွန်မကတော့ လူထုလုံခြုံရေးဗျူရိုကို တိုင်ကြားသင့်တယ်လို့ ထင်တယ်... ဒါက လူ့အသက်နဲ့ ပတ်သက်နေတဲ့ကိစ္စ ဖြစ်နေပြီလေ... နောက်ကွယ်က လူသတ်သမားကို တတ်နိုင်သမျှ မြန်မြန် ဖမ်းရမယ်"
ဌာနမှုးဆရာက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "မင်းပြောတာ မှန်တယ်... ဒီနေရာက ဘယ်ဟာကိုမှ မရွှေ့ကြနဲ့... ငါ ရုံးကို သွားပြီး ခေါင်းဆောင်နဲ့ စကားပြောလိုက်မယ်"
ကောင်းမင်၏ တစ်ကိုယ်လုံး ထပ်ပြီး တုန်ယင်သွားကာ ရုတ်တရက်ဆိုသလို ထုံရွှယ်လူကို လက်ညှိုးထိုးလိုက်ပြီး ကျယ်လောင်စွာ ဆိုလိုက်သည်။
"ငါထင်တာ နင်ကမှ အတန်းဖော်ချန်ကို ဒီလိုကိစ္စမျိုး လုပ်ဖို့ ဖြစ်နိုင်ချေ အရှိဆုံးလူပဲ"
"အတန်းဖော်ချန်က လှပပြီး မိသားစုအခြေအနေ ကောင်းတယ်... ဒါပေမယ့် သူအတန်းပြောင်းလာကတည်းက အချို့လူတွေရဲ့ အာရုံတွေကို ခိုးယူသွားတယ်လေ... ဥပမာ ဒီပြဇာတ်ရဲ့ ဇာတ်လိုက်နေရာလိုမျိုးပေါ့... ဒါကြောင့် နင်က မနာလို ဖြစ်ပြီး ကြိုးကို ဖြတ်ခဲ့တာ... ထုံရွှယ်လူ နင်က ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ မိန်းမလဲ"
ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း၏ မျက်လုံးများက ထုံရွှယ်လူအပေါ် ကျရောက်လာကြသည်။
ရုတ်တရက်ဆိုသလို ထုံရွှယ်လူနေရာတွင် ချန်ချိုက်ရှင်း အစားဝင်လိုက်သည့်အတွက် မီးဆိုင်းနှင့် ရိုက်မိသွားခြင်းဖြစ်ကြောင်း လူတိုင်းက အမှတ်ရမိသွားကြသည်။ ထုံရွှယ်လူသာ ခြေဆစ်လွဲမသွားခဲ့ပါက ချန်ချိုက်ရှင်းတစ်ယောက် သေချာပေါက် ပြဿနာရှိလာမည် မဟုတ်ပေ။
ဒါတွေအားလုံး တိုက်ဆိုင်မှုပဲလား....
ထို့အပြင် လွန်လေပြီးသော အစမ်းလေ့ကျင့်မှုများ၌ နှစ်ယောက်သားက အကြိမ်များစွာ စကားနိုင်လုတတ်ကြပြီး ချန်ချိုက်ရှင်းက လူတိုင်းရှေ့တွင်ပင် ထုံရွှယ်လူအား သူမကို တမင်သက်သက် ပစ်မှတ်ထားနေသည်ဟု စွပ်စွဲခဲ့သေးသည်။
ထုံရွှယ်လူ ကြိုးဖြတ်လိုက်တာ အမှန်ပဲလား... ဒါပြစ်မှုပဲ...
လူတိုင်းက ထုံရွှယ်လူအား သံသယဖြင့် ကြည့်နေကြသည်ကို မြင်သောအခါ ကောင်းမင် စိတ်ရွှင်လန်းသွားပြီး သူမကို အောင်နိုင်သူဟန်ဖြင့် ကြည့်လိုက်သည်။
"ဆရာ... အရာအားလုံးက အတန်းဖော်ထုံကိုပဲ ဦးတည်နေတယ်... အတန်းဖော်ထုံ အရင်က အတန်းဖော်ချန်နဲ့ ရန်ဖြစ်ဖူးတာ ဒီမှာ ရှိနေကြတဲ့သူတိုင်း အသိပါ.. သံသယရှိသူ လူသတ်သမားက ထုံရွှယ်လူပါ"
ဌာနမှုးက ထုံရွှယ်လူ ထိုကဲ့သို့ ရက်စက်သော လူမျိုး ဖြစ်မည်ဟု မယုံကြည်ချင်ပေ။
"အတန်းဖော်ထုံ... ဒါကို ဘယ်လိုရှင်းပြမလဲ"
ထုံရွှယ်လူက ကောင်းမင်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။ "ဒီထက်ပိုပြီး ရှင်းစရာ မရှိတော့ဘူး... ငါမလုပ်ခဲ့ဘူး... မဟုတ်ရင် ငါကစပြီး ရဲခေါ်ခိုင်းပါ့မလား... ငါလုပ်ခဲ့ရင် ရဲမခေါ်ဖို့ သေချာပေါက် တားဆီးမှာပဲ... ပြီးရင် အခင်းနေရာကို ရှင်းပြီး အခင်းနေရာကနေ တတ်နိုင်သမျှ ထွက်သွားမှာပေါ့"
"ဒါပေမယ့် မတော်တဆမှု ဖြစ်ပြီးသွားတော့ ကျောင်းသားတွေကို ဆရာဝန် သွားခေါ်ခိုင်းတယ်... ပြီးတော့ အခင်းနေရာကို မထိဖို့လည်း ပြောခဲ့တာ... ငါ့အပြင် အတန်းဖော်ချန်နဲ့ စကားများတာဆို ကောင်းမင် နင်လည်း ရှိတာပဲလေ"
ကောင်းမင်:"..."
ထုံရွှယ်လူ၏ ချေပချက်များကို ကြားသောအခါ လူတိုင်းက သူမ မှန်သည်ဟု ခံစားလိုက်ရသည်။
ထုံရွှယ်လူသာ ချန်ချိုက်ရှင်းကို သတ်ချင်တာ အမှန်ဆိုရင် လူတိုင်းကို ဆရာဝန်ခေါ်ဖို့ သတိပေးမှာ မဟုတ်သလို အခင်းနေရာကို အသိစိတ်ရှိရှိနဲ့ ကာကွယ်ဖို့ ပြောမှာ မဟုတ်ဘူး...
သူမက ပွင့်လင်းပြီး တည်ငြိမ်နေတဲ့ပုံနေတယ်...
ထိုအစား ကောင်းမင်ကသာ သံသယ ဖြစ်စရာ ကောင်းနေသည်။ သူမက ထွက်သွားရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း ထုံရွှယ်လူထံမှ အတားခံလိုက်ရသည်။
ကောင်းမင်က အတန်းဖော်များ၏ မျက်လုံးများ သူမအပေါ် ကျရောက်လာသည်ကို ကြည့်ကာ နှလုံးခုန် ရပ်လုနီးပါး ဖြစ်သွားသည်။
"နင် လျှောက်ရမ်းပြီး ပြောမနေနဲ့... အတန်းဖော်ချန်နဲ့ငါ အငြင်းပွားထားတာမှ မရှိတာ... ငါကဘာလို့ သူ့ကို ပစ်မှတ်ထားရမှာလဲ... အဲ့ဒီအစား နင်ကမှ ရုတ်တရက်ကြီး ခြေချင်းဝတ် လည်သွားတာလေ.... နင်သာ ခြေချင်းဝတ် လည်မသွားရင် အတန်းဖော်ချန်လည်း နင့်နေရာ အစားဝင်ပြီး မီးဆိုင်းနဲ့ အရိုက်ခံရမှာ မဟုတ်ဘူး"
ထုံရွှယ်လူ လှောင်ရယ်လိုက်သည်။
"နင် အတန်းဖော်ချန်နဲ့ ကတောက်ကဆ မဖြစ်ဖူးပေမယ့် ငါနဲ့ အကြီးကြီး ငြိထားတာလေ... နင်ပြောသလို ငါသာ ခြေချင်းဝတ်မလည်သွားရင် ပြဿနာတက်မဲ့သူက ငါဖြစ်သွားမှာ"
လူတိုင်း: "!!!"
ကောင်းမင်: "..."
ကောင်းမင်က ထုံရွှယ်လူကို လက်စားပြန်ချေချင်လို့ လုပ်ခဲ့တာများလား... ဘယ်သူသိမှာလဲ... ထုံရွှယ်လူက ခြေချင်းဝတ်လည်သွားပြီးတော့ ချန်ချိုက်ရှင်းက ကံဆိုးပြီး ထိခိုက်သွားလိုက်မယ်လို့လေ...
ကောင်းမင် အော်လိုက်သည်။
"နင် မဟုတ်တာတွေ ပြောနေတာ... ငါလုပ်တယ်လို့ သံသယရှိရင် သက်သေယူလာပြလေ... မဟုတ်ရင် အသရေဖျက်မှုနဲ့ နင့်ကို တရားစွဲလိုက်မှာ"
ထန်ရွှယ်လူ ပုခုံးတွန့်လိုက်သည်။ "ငါ့မှာ သက်သေမရှိဘူး... ဒါပေမယ့် နင်က အရင် အသရေလာဖျက်တာလေ... သူခိုးက လူပြန်ဟစ်လို့... ငါကတော့ ပြည်သူ့လုံခြုံရေးဗျူရိုက ရဲဘော်တွေ တရားမျှတမှု အတွက် အမှန်တရားကို ရှာတွေ့ပြီး တရားခံ ဖမ်းလာပေးမယ်လို့ ယုံကြည်တယ်"
ဌာနမှူးဆရာက အမှန်တကယ် သက်သေမရှိဘဲနှင့် သူတို့ အငြင်းပွားနေကြသည်ကို တွေ့လိုက်ရသည်။ ထိုအစား သူတို့က တစ်ယောက်နှင့် တစ်ယောက် ဆွဲဖြဲနေကြသည်နှင့် ပိုတူနေသဖြင့် ခပ်လောလော ဝင်ပြောလိုက်သည်။
"ကောင်းပြီ... လူတိုင်း မငြင်းခုံကြနဲ့တော့... ငါအခုပဲ ရဲသွားတိုင်တော့မယ်... ရဲဌာနက ရဲဘော်တွေ လာတာကို စောင့်လိုက်ကြရအောင်...
သေချာပေါက် အမှန်တရားကို ရှာတွေ့မှာပါ"
စကားပြောပြီးသွားသည်နှင့် ဌာနမှူးဆရာက လူတိုင်းကို ထွက်သွားခိုင်းလိုက်သည်။ အစမ်းလေ့ကျင့်ခန်းမကို သော့ခတ်ပြီးသွားသောအခါ လျှပ်စစ်ပညာရှင်နှင့်အတူ ရဲသွားတိုင်သည်။
လူအုပ်ကြီးက အစမ်းလေ့ကျင့်ခန်းရှေ့တွင် တစ်ခဏမျှ စကားပြောနေကြပြီးနောက် ထွက်သွားကြသည်။
ထုံရွှယ်လူက အတန်းဖော်တစ်ယောက်၏ အကူအညီကို ယူ၍ ထော့နဲ့နဲ့ဖြင့် အဆောင်သို့ ပြန်လာခဲ့သည်။ ခြေချင်းဝတ်အရိုးများက အဆင်ပြေသော်ငြား အရွတ်လိမ်သွားရုံသာဖြစ်၍ ဆေးကပ်ခွာ နှစ်ခု သုံးခုမျှ ကပ်ပြီးလျှင် အဆင်ပြေသွားမည် ဖြစ်သည်။
အစမ်းလေ့ကျင့်ခန်းထဲတွင် ထိုကဲ့သို့သော ကိစ္စကြီး ဖြစ်ပွားခဲ့သည့်အတွက် ထိုသတင်းက ကျောင်းဝင်းအတွင်း ခပ်မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းက ထိုအကြောင်းကို ပြောဆိုနေကြသည်။
ရဲစခေါ်ပြီး ကျောင်းဆရာဝန် ခေါ်သူမှာ ထုံရွှယ်လူ ဖြစ်သော်ငြား လူများစွာက သူမကို သံသယဝင်နေကြဆဲပင်။
၎င်းက တိုက်ဆိုင်သည်လား မသိရသော်လည်း သူမက စောစော ခြေချင်းဝတ်လည်သွားခဲ့ပြီး အချိန်ကိုက်လည်း ဖြစ်သွားသည့်အပြင် သူမနှင့် ချန်ချိုက်ရှင်းအကြား ကတောက်ကဆ ဖြစ်ခဲ့သည်ကိုလည်း လူများစွာက သက်သေခံပေးနိုင်ကြသည်။
ကောင်းမင်ကို သံသယဝင်ကြသူများလည်း ရှိကြသော်လည်း ထုံရွှယ်လူနှင့် ယှဥ်လိုက်ပါက သူမ၏ ပုံစံမှာ အနည်းငယ် ထူးဆန်းရုံသာ ဖြစ်ပြီး ထုံရွှယ်လူကဲ့သို့ အကြီးအကျယ် မဖြစ်ခဲ့ပေ။
ထို့ကြောင့် ထိုလူထုအမြင်များက ထုံရွှယ်လူကိုသာ ဦးတည်နေကြပြီး ထုံရွှယ်လူကို ထူးဆန်းသည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။
အခြားသူများက အဆောင်သို့ အပြေးပြန်လာကာ ထုံရွှယ်လူ အမှန်ပင် ကြိုးဖြတ်ခဲ့သည်လားဟု မေးမြန်းလာကြသည်။
ကျန်းပိုင်ဟွေ့က ဒေါသတကြီးဖြင့် လူတိုင်းကို မောင်းထုတ်နေသည်။ တံခါးပိတ်ပြီးနောက် သူမ၏ မျက်နှာက ဒေါသကြောင့် နီရဲနေခဲ့သည်။
"ဦးနှောက် မရှိတဲ့လူတွေ... မိုးသံကို နားမထောင်ဘဲ လေသံကိုပဲ နားထောင်နေကြတယ်... ရဲဌာနက ရဲဘော်တွေကပဲ ဘာစကားမှ မပြောဘဲ စီရင်ချတော့မဲ့ပုံနဲ့... သူတို့ကို သေတဲ့အထိ ရိုက်ပစ်ချင်လိုက်တာ"
ထုံရွှယ်လူ၏ မျက်နှာက တည်ငြိမ်နေသည်။ "နင်ပဲ သူတို့ကို ဦးနှောက်မရှိဘူးဆို...ဘာလို့ သူတို့လိုလူတွေကို ဒေါသထွက်နေရသေးတာလဲ... ထိုင်ပြီးလာစား... အစားအသောက်တွေ အေးကုန်တော့မယ်"
ကျန်းပိုင်ဟွေ့က သူမ၏ ခေါင်းလေးကို စောင်းကာ ကြည့်လိုက်သည်။ "နင် ဒေါသမထွက်ဘူးလား"
ထုံရွှယ်လူ ခေါင်းယမ်းပြလိုက်သည်။ "မကြာခင် ရှင်းသွားမှာ... ရဲဌာနက ရဲဘော်တွေက ငါ့အတွက် တရားမျှတမှု ရှာပေးကြမှာပါ"
ကျန်းပိုင်ဟွေ့ ဝင်ထိုင်၍ ပြောလိုက်သည်။ "ငါနင့်ကို တကယ်လေးစားတယ် သိလား... ဒီလိုအချိန်မှာ တည်ငြိမ်နေသေးတာကိုလေ... ဒါပေမယ့် စိတ်မပူနဲ့သိလား... ဒီကိစ္စက နင်နဲ့ဘာမှ အဆိုင်ဘူးဆိုတာ ငါယုံတယ်"
အဆောင်ခန်းထဲမှ အခြားသူများကလည်း ထုံရွှယ်လူ အပြစ်ကင်းသည်ကို ယုံကြည်ကြောင်း ဖော်ပြလာကြသည်။
အဆောင်ခန်းထဲမှ လူများမှာ ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်ပိုင်အတွေးများ ရှိကြပြီး ရံဖန်ရံခါ ကတောက်ကဆများပင် ရှိခဲ့ကြသော်ငြား ယခုတွင် အားလုံးက သူမကို ယုံကြည်ပေးကြသည့်အတွက် ထုံရွှယ်လူ ရင်ထဲ နွေးထွေးသွားရသည်။
ကောင်းမင်က ဘေးအဆောင်ခန်းမှ လှုပ်ရှားမှုများကို ကြားသောအခါ အပျော်လွန်သွားသည်။
လူတစ်ယောက်ယောက်က သူမအား သတိထားမိသွားမည်ကို စိုးရိမ်နေသည်ကြောင့်သာ မဟုတ်ခဲ့ပါက ရှစ်ကျွင်းမင်၏ အဆောင်သို့ အပြေးသွားကာ သတင်းကောင်း ပြောပြလိုက်ချင်သည်။
သို့သော်ငြား သူမ အပျော်လွန်နေသည်ကြောင့် ဖြစ်မည်ထင်။ မကြာခင် ဝမ်းနည်းရတော့ပေမည်။