🍵Chapter 289
ပြည်သူ့လုံခြုံရေးဌာနမှ ရဲဘော်များက ဒါရိုက်တာချန်ထံမှ ထွက်ဆိုချက် ယူပြီးနောက် သတင်းစကား ပါးလာခဲ့သည်။ ဒါရိုက်တာချန် ထွက်ဆိုသည့်စကားအရ ထိုအချိန်က ထုံရွှယ်လူ ခြေချင်းဝတ်လည်သွားရသည့်အကြောင်းအရင်းမှာ ချန်ချိုက်ရှင်းက "မတော်တဆ" ခြေထိုးခံမိသွား၍ ဖြစ်လေသည်။
ချန်ချိုက်ရှင်းက အလယ်အလတ် ထိခိုက်မှု ရရှိသွားခဲ့ပြီး ယခုထိ ပြန်မသက်သာလာသေးသော်လည်း ဒါရိုက်တာချန်က ချန်ချိုက်ရှင်း၏ အဒေါ်ဖြစ်ပြီး ယဥ်ကျေးမှုဓလေ့ထုံးတမ်းဌာန၏ ဒါရိုက်တာလည်း ဖြစ်နေသည်။ သူမ၏ စကားများမှာ အလွန်အလေးချိန်စီးပေသည်။ (ထိရောက်)
ထိုသတင်းထွက်လာသည်နှင့် ထုံရွှယ်လူအပေါ် ရှိနေကြသည့် သံသယများ လွင့်ပြယ်သွားကြလေသည်။
ကျန်းပိုင်ဟွေ့က သတင်းရသောအခါ အဆောင်သို့ အပြေးပြန်လာခဲ့သည်။
"ရွှယ်လူ... ရဲဌာနက နင့်ကို အပြစ်မရှိကြောင်း သက်သေပြလိုက်ကြပြီ"
ထုံရွှယ်လူက စာဖတ်နေရာမှ မော့ကြည့်လာသည်။ "ဘယ်လို ဖြစ်တာလဲ"
ကျန်းပိုင်ဟွေ့က သူမ ရလာသော သတင်းကို အဆောင်သူများ သိအောင် ပြောပြလိုက်သည်။ ထိုအချိန်တွင် အဆောင်တံခါး မပိတ်ထားသဖြင့် အခြားအဆောင်ခန်းထဲမှ လူများလည်း ကျန်းပိုင်ဟွေ့ ပြောသော စကားကို ကြားလိုက်ကြသည်။
ရှဲ့ရှောင်ယန့်က ပျော်ရွှင်စွာ ပြောလိုက်သည်။
"ကောင်းလိုက်တာ... ဒါရိုက်တာချန်ရဲ့ ထွက်ဆိုချက်နဲ့သာဆို သူများတွေ မဟုတ်တရုတ် လျှောက်မပြောရဲကြလောက်ဘူး"
ကျန်းပိုင်ဟွေ့ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါရိုက်တာချန်က ချန်ချိုက်ရှင်းရဲ့ အဒေါ်ပဲလေ... သူက သေချာပေါက် ရွှယ်လူကို မျက်နှာလိုက်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသည့်အခါ ထုံရွှယ်လူ တုံ့ကနဲ ဖြစ်သွားသည်။
ချန်ချိုက်ရှင်းထံမှ ခြေထိုးခံလိုက်ရသည့်အကြောင်း မပြောခဲ့ခြင်းမှာ အခြေအနေများက ခွင့်မပြု၍ ဖြစ်သည်။
ချန်ချိုက်ရှင်းက သူမ၏ နေရာကို အစားဝင်လိုက်သည့်အတွက် မီးဆိုင်းနှင့် အရိုက်ခံရသည်။ ထိုအချိန်ကသာ ဖွင့်ပြောပြလိုက်ပါက တစ်ဖက်တွင် သူမက အေးစက်လွန်းသည်ဟု ပြောကြမည် ဖြစ်ပြီး အခြားတစ်ဖက်တွင် သူမနှင့် ချန်ချိုက်ရှင်းအကြားရှိ ပဋိပက္ခများကို အတည်ပြုပြီး ဖြစ်သွားပေမည်။
သို့သော်ငြား ဒါရိုက်တာချန်ကိုယ်တိုင် ထိုအကြောင်းကို ရဲဌာနတွင် ပြောပြလိုက်မည်ဟု မထင်ထားခဲ့ပေ။ ထိုထဲတွင် လိမ်ညာမှု အနည်းငယ်ပါဝင်သော်ငြား သူမက တမင်တကာ ဆိုသည့်နေရာတွင် မတော်တဆဟု ပြောင်းလဲလိုက်လေသည်။
တစ်ဖက်လူက သူမကို လူကောင်းဟု ဆိုလာပေးနေသဖြင့် သူမကလည်း ချန်ချိုက်ရှင်း၏ တမင်တကာ လုပ်ဆောင်မှုကို ဖော်ထုတ်ရန် ရည်ရွယ်ချက် မရှိပေ။
အဆောင်ခန်း အပြင်ဘက်တွင် ရပ်နေသည့် ကောင်းမင်၏ မျက်နှာထက်မှ အပြုံးများ လွင့်ပြယ်သွားပြီး နှလုံးခုန်သံများမှာလည်း မိုးကြိုးကဲ့သို့ မြည်ဟီးလာသည်။
ကိစ္စများကို ထိုကဲ့သို့ ပြောင်းလဲသွားမည်ဟု သူမထင်မထားခဲ့ပေ။ ချန်ချိုက်ရှင်း ထုံရွှယ်လူအား တမင်တကာ ခြေထိုးခံခဲ့သည်ကို မသိသလို ဒါရိုက်တာချန်ကိုယ်တိုင် ထုံရွှယ်လူအတွက် ကိုယ်တိုင်ကိုယ်ကျ သက်သေခံပေးမည်ဟု ထင်မထားခဲ့ပေ။
ထုံရွှယ်လူက အခု သံသယတွေ ရှင်းသွားပြီဆိုရင် သံသယဖြစ်စရာ အကောင်းလုံးလူက သူမ ဖြစ်သွားပြီပဲ...
အစမ်းလေ့ကျင့်ရေးအခန်းထဲသို့ သွားကာ ကြိုးဖြတ်ခဲ့ချိန်က အလွန်သတိထားသော်ငြား အပြန်လမ်းတွင် သူမကို လူများစွာ တွေ့လိုက်ကြသည်။ ဒီလူတွေ ထွက်လာပြီး သက်သေခံပေးရင် သူမ ဘယ်လိုလုပ်ရမလဲ...
ထုံရွှယ်လူက အပြင်ဘက်ကို ဝေ့ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ကျယ်လောင်စွာ ပြောလိုက်သည်။
"အတန်းဖော်ချန်ရဲ့ ဒဏ်ရာက အရမ်းဆိုးတယ်... သူကအခုထိ အန္တရာယ်ရှိတဲ့ အခြေအနေကနေ ထွက်မလာနိုင်သေးဘူး... ငါကြားတာတော့ ပြည့်သူ့လုံခြုံရေးဗျူရိုကနေ ကျောင်းက ဆရာတွေ ကျောင်းသားတွေထဲက သက်သေထွက်ဆိုပေးမယ့်သူတွေ တွေ့ထားတယ်တဲ့... လူသတ်သမားကို ရှာတွေ့ရင် ပြစ်ဒဏ်ကြီးကြီး ပေးလောက်တယ်... ချက်ချင်း ပစ်သတ်မဲ့ သေဒဏ်မျိုးတောင် ဖြစ်နိုင်သေးတယ်"
အနားတွင် ရှိနေကြသူများ ထိုစကားကို ကြားသောအခါ ကြောက်လန့်သွားပြီး တောင့်ခဲသွားကြလေသည်။
ထုံရွှယ်လူ၏ နှုတ်ခမ်း တွန့်ကွေးသွားပြီး သူမက ထိုစကားကို တမင်သက်သက် ပြောလိုက်ခြင်းသာ ဖြစ်သည်။
ကောင်းမင်က သူမဘက်မှ လှုပ်ရှားမှုများကို အမြဲတမ်း အာရုံစိုက်နေကြောင်း သူမ သိနေသည်။ ဤတစ်ကြိမ်၌ ဒါရိုက်တာချန်က သူမအတွက် သက်သေခံလိုက်ပြီ ဖြစ်၍ ကောင်းမင်ဘက်တွင် ပြဿာနာ ပိုများလာခြင်းသာ ဖြစ်ပေတော့မည်။
ထိုအချိန်တွင် သူမဘက်မှ မီးထပ်ထည့်ပေးနေသ၍ ကောင်းမင်ကလည်း မကြာမီ ဟာကွက်ကို ပြလာပေတော့မည်။
သေချာပေါက်ပင် ကောင်းမင်၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
အဆောင်ခန်းထဲသို့ ပြန်ရောက်လာသောအခါ တွေးကြည့်လိုက်ပြီးနောက် ပို၍ပင် ထိတ်လန့်လာခဲ့သည်။
တစ်ခဏအကြာတွင် ထရပ်ကာ အဆောင်ခန်းထဲမှ ပြေးထွက်သွားပြီး ရှစ်ကျွင်းမင်၏ အဆောင်ရှိရာသို့ တည့်တည့် ပြေးသွားလေသည်။
ရှစ်ကျွင်းမင်၏ အခန်းဖော်များက သူမရောက်လာသည်ကို မြင်သောအခါ အထူးတဆန်း ကြည့်လာခဲ့သည်။
ရှစ်ကျွင်းမင်က အခန်းဖော်များထံမှ အကြည့်ခံလိုက်ရသည့်အခါ ရှက်ရွံ့သွားလေသည်။ သူက အဆောင်ထဲမှ ထွက်ကာ ကောင်းမင်ကို စာသင်ဆောင်၏ ခေါင်မိုးထပ်သို့ ဆွဲခေါ်လာခဲ့သည်။
ရှစ်ကျွင်းမင်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "မင်း ငါ့ကို ဘာလို့ လာရှာတာလဲ... မင်းကို အဆင်ပြေရင် လာမရှာနဲ့လို့ ပြောမထားဘူးလား"
ကောင်းမင်က သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး တစ်ခဏမျှ စိတ်မသက်မသာ ဖြစ်သွားသည်။
"ကျွင်းမင်... ကျွန်မလုပ်ခဲ့တာတွေ ပေါ်သွားမှာ စိုးရိမ်နေတယ်... ချန်ချိုက်ရှင်းရဲ့ အဒေါ်က ထုံရွှယ်လူ အပြစ်မရှိကြောင်း သက်သေခံပေးလိုက်တယ်... မကြာခင် ရဲတွေ ကျွန်မကို လာရှာကြတော့မယ်... ဘယ်လိုလုပ်ရမလဲ"
ရှစ်ကျွင်းမင် တုံ့ကနဲ ဖြစ်သွားပြီး အခြေအနေကို မေးရင်း မျက်ခုံးကျုံ့လိုက်သည်။
"မင်း ငါ့ကို သေစေချင်လို့လား... ရဲတွေ လာစစ်ဆေးမယ်လို့ ကြားတာနဲ့ ငါ့အဆောင်ကို ပြေးလာတယ်... သူများတွေ ငါ့ကို ဘယ်လိုထင်သွားကြမလဲ မသိဘူးလား.."
ကောင်းမင်က အပ်နှင့် ထိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ကျွင်းမင်... ရှင်ကျွန်မကို ဒီလိုဆက်ဆံလို့ မရဘူးနော်... ကျွန်မ ကြောက်လွန်းလို့ ရှင့်ဆီ လာခဲ့တာ... ရှင် ကျွန်မကို ကယ်ပေးရမယ်... ကျွန်မ ပစ်သတ်မခံချင်ဘူး"
ရှစ်ကျွင်းမင်က သူမ၏ လက်ကို ရိုက်ချကာ အပြင်းအထန် တွန်းထုတ်လိုက်သည်။
"စိတ်ငြိမ်ငြိမ်ထား ဟုတ်ပြီလား... ချန်ချိုက်ရှင်းက အသက်ရှင်နေတုန်းပဲလေ... ပြည်သူ့လုံခြုံရေးဗျူရိုက မင်းကို ဘာလို့ ပစ်သတ်ရမှာလဲ"
ကောင်းမင်က ခြေလှမ်းနှစ်လှမ်းစာလောက်ထိ အတွန်းခံလိုက်ရသဖြင့် လက်ထောက်လျက် ကျသွားပြီး ထိုလက်ဖဝါးက မြေပေါ်ကို ပွတ်ဆွဲသွားသဖြင့် ချက်ချင်းဆိုသလို အရေပြားများ ပွန်းသွားသည်။
သူမက ဒဏ်ရာရသွားသော လက်ကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
"ရဲဌာနက ကျွန်မကို ချက်ချင်း ပစ်မသတ်ရင်တောင် ကျွန်မကို ဖမ်းဆီးကြလိမ့်မယ်... ကျွန်မဘဝတော့ သွားပြီ"
ရှစ်ကျွင်းမင်မှာ ထိုအကြောင်းကို နှလုံးသားထဲက ပင် သဘာဝအရ သိနေပေသည်။
"ဒီအကြောင်းကို မတွေးနဲ့တော့... မင်း ဒီအချိန်မှာ စိတ်အေးအေးထားသင့်တယ်... ငါ ညဘက် စာသွားကြည့်တော့မှာ... ငါအရင် သွားနှင့်ပြီ"
ကောင်းမင်မှာ သူ့ကို ဤကဲ့သို့သော အချိန်မျိုးမှာပင် စာလုပ်ရန် တွေးနေသေးမည်ဟု ထင်မထားခဲ့ပေ။ သူမက မြေပေါ်မှ ထရပ်ကာ ရှစ်ကျွင်းမင်၏ ခါးကို ဖက်လိုက်သည်။
"ကျွင်းမင်... ကျွန်မကို ပစ်မသွားပါနဲ့... ဒါကို ရှင့်အတွက် လုပ်ခဲ့တာပါ"
ရှစ်ကျွင်းမင်၏ နှလုံးသား ခုန်ပေါက်သွားပြီး ကောင်းမင်၏ လက်များကို အားသုံး၍ ဆွဲခွာလိုက်သည်။
"ကောင်းမင်... ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ... မင်းကို ဘယ်တုန်းက ဒါတွေ လုပ်ခိုင်းခဲ့ဖူးလို့လဲ... ငါ အစကနေ အဆုံးထိ ဘာမှ သိခဲ့တာ မဟုတ်ဘူး... ဒါတွေအားလုံး မင်းကောင်းကောင်း မစဥ်းစားတတ်လို့ပဲလေ... ထုံရွှယ်လူကိစ္စ ငါနဲ့ နည်းနည်းမှ မဆိုင်ဘူးနော်"
ကောင်းမင်မှာ မြေပေါ်သို့တွန်းချခံလိုက်ရပြီး နံရံနှင့် တိုက်မိသွားကာ သူမ၏ မျက်လုံးများ၌ နာကျင်မှုကြောင့် မျက်ရည်များ ဝေ့သီလာခဲ့သည်။
ရှစ်ကျွင်းမင်က သူမကို အေးတိအေးစက် စိုက်ကြည့်ကာ လှည့်ထွက်သွားသည်။
ကောင်းမင်၏ နှလုံးသားထက် ဓါးနှင့် ထိုးခံရသကဲ့သို့ ခံစားလိုက်ပြီး မျက်ရည်များ တာကျိုးသကဲ့သို့ တားမရဆည်းမရ လိမ့်ကျလာသည်။
ရုတ်တရက် ဆိုသလို သူမ ထုံရွှယ်လူအား ပျက်ရယ်ပြုခဲ့စဥ်က သူမ ပြောခဲ့သည့် စကားကို အမှတ်ရမိသွားပြီး ရက်စက်သည့် စိတ်များ ပေါ်လာကာ နံရံနိမ့်လေးကို တွယ်တက်လိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွင်းမင်... ရှင်ဒီလို ထွက်သွားရဲရင် ကျွန်မကလည်း ဒီနေရာကနေ ခုန်ချလိုက်တော့မယ်"
ရှစ်ကျွင်းမင် တုံ့သွားပြီး နှလုံးသားထဲ၌ ဒေါသများ ပေါက်ကွဲလာသော်ငြား သူ့ခေါင်းကို ပြန်လှည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
"မင်မင်... ဘာတွေ လုပ်နေတာလဲ... မြန်မြန် စိတ်အေးအေး ထားပါဦး"
သူမက ကောင်းမင်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်သော်ငြား သူ့အခန်းဖော်က သူ ကောင်းမင်နှင့်အတူ ထွက်သွားသည်ကို မြင်တွေ့ခဲ့ကြလေပြီ။ ကောင်းမင် တစ်ခုခု ဖြစ်သွားပါက သူသည်လည်း သေချာပေါက် လွတ်မြောက်မည် မဟုတ်ပေ။
ကောင်းမင် ခေါင်းယမ်းပြလိုက်သည်။
"ကျွင်းမင်... ကျွန်မ ဒီတစ်ခါတော့ သေလိုက်တော့မယ်... ကျွန်မဘဝ လုံးဝ ပျက်စီးသွားပြီ... ကျွန်မ ရှင့်အတွက် အများကြီး လုပ်ပေးခဲ့ပေမယ့် ရှင်ကတော့ ကျွန်မ နှလုံးသားကို ဓါးနဲ့ ထိုးလိုက်သလိုပဲ... ဒီလိုဆိုမှတော့ ကျွန်မ သေလိုက်တော့မယ်"
ရှစ်ကျွင်းမင်၏ နှလုံးသားက ပေါက်ကွဲလုမတတ် ဖြစ်နေသော်လည်း အပြင်ပိုင်းတွင်မူ တည်ငြိမ်နေခဲ့သည်။
"မင်မင် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့.... ချန်ချိုက်ရှင်းက မသေသေးဘူး... ပြန်ကြည့်ရရင် အများဆုံး နှစ်နည်းနည်းလောက် ထိန်းသိမ်းခံရရုံပဲ ဖြစ်မှာပါ... မင်းပြန်ထွက်လာရင် မင်းကို လက်ထပ်မယ်လေ... မင်းသာ ကိုယ့်ဇနီး ဖြစ်လာပြီးရင် ကလေးတွေ မွေးပြီးတော့ ပျော်ပျော်ရွှင်ရွှင် နေသွားကြမယ်"
ကောင်းမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
"ရှင် ကျွန်မကို လက်ထပ်ချင်စိတ် ရှိသေးရဲ့လား"
ရှစ်ကျွင်းမင် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူမအနားသို့ လျှောက်လာခဲ့သည်။
"ဒါပေါ့... ကိုယ်မင်းကို အရမ်းချစ်တာ... မင်းမှ မဟုတ်ရင် ဘယ်မိန်းမကိုမှ လက်မထပ်တော့ဘူး... ဒါပေမယ့် ရဲဌာနမှာ ဝန်ခံရင်တော့ ကိုယ့်အကြောင်းကို မပြောပြမှ ဖြစ်မယ်... ကိုယ်တစ်ခုမှ မသိဘူးလို့လေ"
ရှစ်ကျွင်းမင်၏ စကားများကို ကြားလိုက်ရသည့်အခါတိုင်း ကောင်းမင်က ချက်ချင်း ခေါင်းညိတ်ပြလာလေ့ရှိသည်။ ယခင်က သူ့စကားများကို ခွေးတစ်ကောင်ထက်ပင် နာခံတတ်သေးသည်။
သို့သော်လည်း ယခုတွင် ကောင်းမင်က သူ့ကို မျက်နှာမလွဲစတမ်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သူ့နှလုံးသားက ဖြောင့်တန်းသွားလေသည်။
ရှစ်ကျွင်းမင်က သူမအနားသို့ လျှောက်လာပြီး သူမ၏ လက်ကို ကိုင်ကာ ပြောလာသည်။
"ကိုယ့်ကို မယုံဘူးလား... မင်မင်... မင်းက ကိုယ့်ကို ဘယ်လိုလုပ် မယုံကြည်နိုင်ရတာလဲ... မင်းက မသန့်ရှင်းတော့တဲ့ လေးစားစရာ မရှိတဲ့ မိန်းမ ဖြစ်နေတာတောင် ကိုယ်မင်းကို မထားခဲ့ဘူး... ဒါတောင် မလုံလောက်သေးဘူးလား...ဒါက မင်းအတွက် အချစ်ပဲ မဟုတ်ဘူးလား"
ရှစ်ကျွင်းမင်၏ စကားများက ဓါးတစ်ချောင်းလိုပင် ကောင်းမင်၏ နှလုံးသားကို သွေးများ တစက်စက် ကျသည်အထိ ထိုးနေသည်။ "ကျွင်းမင်... ရှင်ကျွန်မကို တကယ် လက်ထပ်မှာလား"
ရှစ်ကျွင်းမင်က စိတ်ရှည်လက်ရှည် ပြောလိုက်သည်။ "ဒါပေါ့... ဘာလို့ ဒီနေ့ကျမှ လေကြောရှည်နေရတာလဲကွာ... မင်းမယုံမချင်း အကြိမ်အများကြီး ပြောပေးရမှာလား"
ကောင်းမင်က ထူးဆန်းစွာ ရယ်မောလိုက်သည်။ "ဒါဆို ကျွန်မ သွားပြီး အဖမ်းခံလိုက်မယ်... အဖမ်းမခံခင် ပြည်သူ့ရေးရာဗျူရိုကို သွားပြီးတော့ လက်ထပ်မှတ်ပုံတင်ကြမယ်"
ရှစ်ကျွင်းမင်က သူမ သွားရောက်အဖမ်းခံတော့မည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ပျော်ရွှင်သွားသော်လည်း နောင်ဆက်တွဲစကားများကို ကြားလိုက်ရသည့်အခါ ရုတ်တရက်ဆိုသလို မျက်နှာတစ်ခုလုံး မဲကျသွားသည်။
"မင်းက မဟုတ်တရုတ်တွေ ပြောနေတာပဲ... မင်းက အလုပ်ကြမ်းစခန်းကို သွားရတော့မှာ... ငါမင်းကို လက်ထပ်လိုက်ရင် ဘွဲ့ရပြီးတဲ့အခါ ပြန်ပေးဆပ်နေရတော့မှာ... ဘယ်ဌာနက ငါ့ကို လက်ခံမှာလဲ"
ယနေ့တွင် ကောင်းမင် ပြောရဆိုရ ခက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော်လည်း ကောင်းမင်ကို လက်ထပ်ရန် သူ့တစ်ဘဝလုံး မဖြစ်နိုင်ပေ။
အစမှ အဆုံးထိ သူ ကောင်းမင်ကို လက်ထပ်ရန် မစဥ်းစားခဲ့ဖူးဘဲ ယခုတွင် သူမက ပြစ်မှု ကျုးလွန်ပြီးသွားလေရာ သူမနှင့် ပြတ်ပြတ်သားသား လမ်းခွဲချင်နေသေးသည်။
ယခုတွင် သူ အနည်းငယ် နောင်တရနေသည်။ ကောင်းမင်ကို သူ့အတွက် ကူ၍ ထုံရွှယ်လူနှင့် ရင်ဆိုင်စေချင်ခဲ့သော်ငြား သူမက ထိုနည်းလမ်းကို သုံးရလောက်သည်အထိ တုံးအမည်ဟု ထင်မထားခဲ့ပေ။ သူမက ထုံရွှယ်လူကို ဓါးနှင့်ထိုး(ဒုက္ခပေး)ပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်ပစ်ချင်နေသည်။
အရှုပ်ပဲ...
ကောင်းမင် မျက်လုံးပင့်လိုက်ရာ သူ့မျက်လုံးများတွင် ရွံရှာမှုများ စိတ်မရှည်မှုများ ဖြတ်ပြေးသွားသည်နှင့် ဆုံလိုက်ရသဖြင့် ဆောင်းရာသီအအေးဆုံးအချိန်တွင် တစ်စုံတစ်ယောက် သူမ၏ခေါင်းထက်ကို ရေအေးနှင့် လောင်းချလိုက်သည့်အလား တစ်ကိုယ်လုံး အေးစက်သွားလေသည်။
သူမက ရုတ်တရက်ဆိုသလို ကလေးဘဝကလည်း အိမ်ဘေးမှ လူအိုကြီးက သူမကို တွန်းအားပေးခဲ့ပုံကို သတိရသွားသည်။ သူမ၏ တစ်ဘဝလုံး မပျော်ရွှင်ခဲ့ရပေ။
ရှစ်ကျွင်းမင်နှင့် တွေ့ဆုံခဲ့ရခြင်းသည် ပျော်ရွှင်မှုများ၏ အစဖြစ်မည်ဟု တွေးခဲ့သော်လည်း ထိုသူကပင် သူမကို စွန့်ပစ်လာခဲ့သည်။ သူမက ဘာလို့ ဒီလောက်ထိ ကံဆိုးရတာလဲ...
သို့သော်လည်း သူမက သူ့ကို လက်လွှတ်ရန် တုံ့ဆိုင်းနေဆဲ ဖြစ်သည်။
"ကျွင်းမင်... ဒီတစ်ခါတော့ ရှင့်စကားကို နားမထောင်နိုင်တော့ဘူး... ရှင်ကျွန်မကို လက်ထပ်ရင်ထပ် မဟုတ်ရင် ရဲဌာနကို သွားပြီး ရှင်ကျွန်မကို လုပ်ခိုင်းလို့ လုပ်တာပါဆိုပြီး သွားပြောလိုက်မှာ"
ရှစ်ကျွင်းမင်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
"ကောင်းမင်... မင်း ဒီလို လုပ်ချင်တာ သေချာရဲ့လား"
ကောင်းမင် ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်မ ရှင့်ကို ချစ်တယ်... ကျွန်မမှာ ဘာမှ မရှိတော့ဘူး... ရှင့်ကိုတော့ အဆုံးရှုံးမခံချင်ဘူး"
သူမသာ ထောင်ကျသွားရင် သူမမိသားစုက သေချာပေါက် စွန့်လွှတ်လိုက်တော့မှာ... ပြန်ထွက်လာရင် ဘာမှ ရှိမှာ မဟုတ်တော့ဘူး...
ဒါကြောင့် ရေနစ်သူက ဆွဲတဲ့ ကောက်ရိုးတစ်မျှင်လို ရှစ်ကျွင်းမင်ကို ဆွဲထားရလိမ့်မယ်...
ရှစ်ကျွင်းမင်၏ မျက်နှာက ရေခဲမြစ်များကဲ့သို့ အေးစက်သွားခဲ့သည်။ "ကောင်းမင်... မင်းငါ့ကို တွန်းအားပေးတယ်ပေါ့... ဒီလိုဆိုမှတော့ မင်းသေရလိမ့်မယ်"
ကောင်းမင်က သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ သူမ အသက်ရှင်နေသရွေ့ သူ့ကို အချိန်မရွေး ချိန်းခြောက်လာနိုင်သည်။
ဒီလို ဖြစ်လာပြီဆိုမှတော့ သူမကို သေခိုင်းလိုက်တာ ပိုကောင်းမယ်... သူပြန်ရောက်လျှင် ကောင်းမင်က ပြစ်ဒဏ် ကျခံရမည်ကို စိုးသဖြင့် သတ်သေသွားကြောင်း လူတိုင်းကို ပြောပြလိုက်မည်။ လူတိုင်းက သူ့ကို သံသယ ဝင်သွားနိုင်သော်လည်း သက်သေမရှိသဖြင့် မည်သူကမှ သူ့အပေါ် အရေးယူနိုင်မည် မဟုတ်ပေ။
ထိုသို့ စဥ်းစားမိသည်နှင့် ကောင်းမင်ကို အားသုံး၍ တွန်းချလိုက်သည်။
ကောင်းမင်က သူ့ကို ထိုသို့ ပြုလုပ်လာမည်ဟု မထင်ထားခဲ့ပေ။ သူမ သတ်သေမည်ဟု ပြောရခြင်းမှာလည်း သူ့ကို ခြောက်လှန့်ချင်၍သာ။
သူမက ကြောက်လွန်းသဖြင့် နှလုံးသားက ခုန်ပေါက်သွားပြီး ရှစ်ကျွင်းမင်၏ လက်ကို လက်တစ်ဖက်ဖြင့် လှမ်းကိုင်ကာ နောက်တစ်ဖက်ဖြင့် အင်္ကျီကော်လားကို ဆွဲလိုက်သည်။
နှစ်ယောက်သားက နံရံအနိမ့်လေးပေါ်တွင် တွန်းထိုးနေကြသည်။
လူသားတစ်ယောက်က သေရေးရှင်ရေးနှင့် ကြုံရသည့်အခါ မထင်မှတ်ထားသော ခွန်အားများ ရလာတတ်သည်။ ကောင်းမင်က ပုံမှန်အားဖြင့် အလွန်နူးညံ့ပုံပေါ်သော်လည်း ယခုတွင် အားသန်လွန်း၍ ရှစ်ကျွင်းမင်သည်ပင် ဖယ်မထုတ်နိုင်ခဲ့ပေ။
သူ ရုတ်တရက် ခြေချော်သွားပြီး ကောင်းမင်အပေါ် ပစ်ဝင်သွားသည်။
နှစ်ယောက်သားက တစ်ချိန်တည်းမှာပင် ကြက်သေသေသွားကြပြီး နောက်ထပ်အခိုက်အတန့်တွင် နှစ်ယောက်လုံး အတူတူ ပြုတ်ကျသွားကြသည်။
"အား"
ရှစ်ကျွင်းမင်က အရူးအမူး ရုန်းကန်လိုသော်လည်း ကောင်းမင်က ထူးဆန်းစွာ ပြုံးလာပြီး သူ့ကိုယ်ကို ဖက်ကာ လွှတ်မပေးခဲ့ပေ။
"ကျွန်မရှင်နဲ့ တစ်အိပ်ရာတည်း မရှင်သန်နိုင်ပေမယ့် သေသွားရင်တော့ တစ်အိပ်ရာတည်း အိပ်ရတော့မယ်... ကျွန်မ ရှင့်ကို ချစ်တယ်"
မင်းအမေကြီးကို ချစ်ပါလား...
ရှစ်ကျွင်းမင် သူမကို သတ်ချင်နေသော်ငြား နောက်ကျသွားလေပြီ...
နှစ်ယောက်သားက မြန်မြန်ဆန်ဆန် ပြုတ်ကျလာပြီး "ဘုန်း" ဟူသော အသံဖြင့် မြေပေါ်သို့ ထပ်လျက် ပြုတ်ကျသွားသည်။
ကောင်းမင်၏ ခေါင်းက မြေပေါ်ရှိ ကျောက်တုံးနှင့် ဝင်ဆောင့်သွားပြီး ဦးနှောက်များ ပွင့်ထွက်လာကာ မကြာခင် အသက်ရှုသံလည်း ငြိမ်ကျသွားသည်။
ရှစ်ကျွင်းမင်က သူမ၏ ဘေးတွင် ပြုတ်ကျလာသော်လည်း သူ့ခေါင်းကို သူမ၏ လက်မောင်းများက ပွေ့ပိုက်ထားသောကြောင့် ခန္ဓါကိုယ်အောက်ပိုင်းကသာ မြေပြင်နှင့် အပြင်းအထန် ရိုက်မိသွားသည်။
သူ နာကျင်ရလွန်း၍ မကြာခင် မျက်လုံးများ ပိတ်ကျကာ သတိလစ်လုနီးပါး ဖြစ်သွားလေသည်။
အောက်ထပ် စာသင်ခန်းထဲရှိ ကျောင်းသားများမှာ ထိုမြင်ကွင်းကြောင့် ရှောခ့်ရသွားကြပြီး အော်ဟစ်လာကြသည်။
မကြာမီ ကျောင်းအကြီးအကဲများနှင့် ကျောင်းဆရာဝန်တို့ ရောက်ရှိလာကြသည်။
ဆရာဝန် ရောက်လာချိန်တွင် ကောင်းမင်မှာ သေဆုံးသွားခဲ့လေပြီ။
ရှစ်ကျွင်းမင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ချက်ချင်းဆိုသလို ဆေးရုံသို့ ခေါ်ဆောင်သွားခံလိုက်ရသည်။
ရှစ်ကျွင်းမင်ကို ကယ်ဆယ်ပြီးနောက် အသက်သေမသွားခဲ့သော်လည်း အမြင့်နေရာမှ ပြုတ်ကျမှုကြောင့် အကြောသေသွားခဲ့ပြီး လည်ပင်းအောက်မှစ၍ မလှုပ်ရှားနိုင်တော့ပေ။
ရှစ်ကျွင်းမင်အတွက်ကား အသက်ရှင်ရခြင်းထက် သေသည်က ပိုကောင်းပေဦးမည်။
ထုံရွှယ်လူမှာ ထိုနှစ်ယောက်က တစ်ယောက်သေသွားပြီး တစ်ယောက်က အကြောသေသွားကြောင်း သိလိုက်ရချိန်တွင် ထပ်ပြီး ရှောခ့်ရသွားပြန်သည်။
အမလေး... ကြောက်စရာ ကောင်းလိုက်တာ...