🍵Chapter 290
ထိုအချိန်က ထုံရွှယ်လူမှာ ကောင်းမင်ကို ဟာကွက်များ ပေါ်လာရန် လှုံ့ဆော်စကား ပြောလိုက်သော်လည်း တစ်ဖက်လူကို ထိုသို့ ဖြစ်သည်အထိ လှုံ့ဆော်မိမည်ဟု မထင်ထားခဲ့ပေ။
ရုတ်တရက် သေသွားပြီး ထိခိုက်သွားတယ်...
ထိုအခိုက် ကျန်းပိုင်ဟွေ့က အသေးစိတ် ပြောပြလာသည်။
"အဲ့ဒီမြင်ကွင်းက ဘယ်လောက်ကြောက်စရာကောင်းလဲ နင်တို့မသိလို့... နှစ်ယောက်စလုံးက ငါးထပ်က ပြုတ်ကျလာကြတာ... ကောင်းမင်ရဲ့ ဦးနှောက်ဆို ပွဲချင်းပြီး ပွင့်ထွက်သွားတာလေ"
နှစ်ယောက်သားက ထိုမျှလောက် ကံဆိုးကြမည်ဟု ထင်မထားပေ။ ကောင်းမင်၏ ခေါင်းက ငါးထပ်မှ ပြုတ်ကျကာ အောက်ထပ်မှ ကျောက်ခဲများနှင့် တိုက်မိခဲ့သည်။ ရှစ်ကျွင်းမင်မှာ ကျောရိုးထိခိုက်မှုကြောင့် အကြောသေသွားသည်။
အဆောင်ခန်းထဲရှိ အခြားသူများမှာ ထိတ်လန့်ကြောက်ရွံ့နေကာ စက်ဆုပ်မှုများ ဖြစ်ပေါ်နေကြသည်။
လင်းလန်ကျွမ်းမှာ ပို၍ပင် ကြောက်ရွံ့နေပြီး မျက်နှာကလည်း တုန်ယင်၍ သွားများကလည်း ခိုက်ခိုက်တုန်ကာ နှလုံးသားထဲတွင်လည်း မသက်မသာ ဖြစ်နေခဲ့သည်။
အခြားသော အခန်းဖော်များ ညစာသွားစားကြသောအခါ လင်းလန်ကျွမ်းက မသက်မသာဖြစ်နေသည်ဟု အကြောင်းပြကာ ကျန်နေခဲ့သည်။ ထို့နောက် သူမက ထုံရွှယ်လူထံ လျှောက်လာ၍ ပြောလိုက်သည်။
"ရွှယ်လူ... ကောင်းမင် သေသွားရတာ ငါနဲ့များ ဆိုင်နေမလား"
ထုံရွှယ်လူ မျက်ခုံးပင့်လိုက်သည်။ "ဒီကိစ္စက နင်နဲ့ ဘာဆိုင်ရမှာလဲ"
လင်းလန်ကျွမ်းက သူမ၏ လက်များကို ယှက်ကိုင်ထားရင်း ပြောလိုက်သည်။ "အရင်တုန်းက ကောင်းမင် ငါ့ကို အတူတူ စာသွားကြည့်ကြဖို့ ခေါ်တိုင်း မအားဘူးလို့ ပြောပြီး ငြင်းခဲ့တာ... သူ တစ်ခုခု ဖြစ်နေမှန်း ငါသတိထားမိတာ ကြာနေပြီ... ငါသာ သူ့ကို ဖြောင်းဖျဖို့ ကြိုးစားခဲ့ရင် ဒီလို ဖြစ်လာပါ့မလား"
သူမက မျက်နှာကို အုပ်ကာ ငိုကြွေးလေတော့သည်။
ထုံရွှယ်လူက စာအုပ်ကို ပြန်ချလိုက်ပြီး သူမကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းမင်ရဲ့ အတွေးတွေက အစွန်းရောက်လွန်းနေပြီ... နင်သူ့ကို နည်းနည်းလောက် ဖြောင်းဖျလိုက်ရုံနဲ့ မရတော့ဘူး... လူတွေမှာ ကောင်းကျိုးကို ရှာတာနဲ့ မကောင်းတာကို ရှောင်တာဆိုတဲ့ ပင်ကိုယ်အသိစိတ်ရှိတယ်... သူနဲ့ ဝေးဝေးနေတာ နင့်အမှား မဟုတ်ဘူး... နင် ဒီလို လုပ်စရာ မလိုဘူး... အပြစ်ရှိစိတ်တွေ ဝင်မနေနဲ့"
လင်းလန်ကျွင်းမှာ ငိုကြွေးမှုကြောင့် မျက်လုံးများ နီရဲလာသည်။ "တကယ်လား... ဒီကိစ္စက ငါနဲ့ မဆိုင်ဘူးလို့ နင်တကယ် ထင်လား"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။
"နင့်မှာ ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ပုံချလိုက်စရာ မလိုဘူး... ပြီးတော့ ရဲဌာနဘက်က နင့်ကို စုံစမ်း မေးမြန်းလာရင် ဒီကိစ္စတွေ ထပ်မပြောတာ ကောင်းမယ်... မဟုတ်ရင် လူတိုင်းက နင့်ကို သတင်းမပို့လို့ဆိုပြီး ရှုတ်ချကြရင် ဘယ်လိုလုပ်မလဲ"
လင်းလန်ကျွမ်းက ကြောက်လွန်းသဖြင့် ငိုရန်ပင် မေ့လျော့သွားလေသည်။ "ဒါဆိုရင် ငါအဖမ်းခံရမှာလား... ဒါမှမဟုတ် အမှားကြီးကြီး လုပ်ခဲ့တယ်ဆိုပြီး မှတ်တမ်းရေးခံရမှာလား"
ထုံရွှယ်လူ ခေါင်းယမ်းပြလိုက်သည်။ "မလိုဘူး... နင် စကားကို ထိန်းပြောတာပဲ ကောင်းမယ်... အဆုံးကျတော့ တစ်ဖက်လူ ဒီလိုတွေ လုပ်လာမယ်ဆိုတာ ဒီကနေ့ မတိုင်ခင်အထိ နင်မသိခဲ့ရဘူးလေ"
လင်းလန်ကျွမ်းက ခေါင်းငြိမ့်ပြလိုက်သည်။
"သူ ဒီလိုမျိုးတွေ လုပ်လာမယ်ဆိုတာ ငါတစ်ခါမှ မရိပ်မိခဲ့ဖူးဘူး... ဒါဆို နောက်ကျရင် ငါထပ်မပြောတော့ဘူး... ငါ့ကို သတိပေးလို့ ကျေးဇူးပါနော်"
ထုံရွှယ်လူ လက်ယမ်းပြလိုက်ပြီး မျက်လုံးများက ဖတ်စာအုပ်အပေါ် အကြည့်ပြန်ရောက်သွားသော်လည်း နှလုံးသားထဲတွင် ထိုမိသားစုနှစ်စုအား သတ်ဖြတ်လိုစိတ်များ ကြီးစိုးနေခဲ့သည်။ ဤတစ်ကြိမ်၌ သူတို့တွေ ပြန်ပြီး မပေါင်းစည်းနိုင်ကြတော့မည်ကိုပင် စိုးရိမ်မိသည်။
ထုံရွှယ်လူ မှန်ပေသည်။ ပေကျင်းမှ အကြောင်းကြားစာ ရောက်လာသောအခါ ရှစ်မိသားစု တစ်ခုလုံး တောင့်တင်းသွားကြလေသည်။
သတင်းရသောအခါ ရှစ်ကျွင်းမင်၏ မိဘများက နေရာမှာပင် ငိုကြွေးလိုက်ကြပြီး ဒုတိယမရီးရှစ်မှာ ငိုနေရင်းမှာပင် သတိလစ်သွားသည်။
ရှစ်မိသားစုမှာ ယခုတွင် သေလောက်အောင် တိတ်ဆိတ်သွားလေပြီ။
ရှစ်ရှိုးနန်က ဒုတိယ ဝမ်းကွဲအစ်ကိုကို ဖြောင်းဖျလိုက်ပြီးနောက် ပြောလေသည်။ "ဒုတိယအစ်ကို... အားတင်းထားပါ.. ဒီမိသားစုက အစ်ကို့အပေါ် မှီခိုနေရတာလေ"
ပြောပြီးသွားသောအခါ မျက်လုံးများ နီရဲဖောင်းကားသည်အထိ ငိုထားသော ဒုတိယမရီးဖြစ်သူက ရုတ်တရက် ခုန်ထွက်လာပြီး ရှစ်ရှိုးနန်၏ မျက်နှာကို ကုတ်ဆွဲလိုက်သည်။
"အားလုံး နင့်အပြစ်ပဲ... နင်သာ ဖောက်ပြန်ပြီး သူများမိန်းမကို ကြာကူလီ မလုပ်ခဲ့ရင် ငါတို့ ရှစ်မိသားစုက ပေကျင်းကနေ နှင်ထုတ်ခံရပါ့မလား... ငါ့သားကလည်း အခုလို ဖြစ်လာမှာ မဟုတ်ဘူး"
မထင်မှတ်ထားစွာပင် ရှစ်ရှိုးနန်က ကုတ်ခြစ်ခံလိုက်ရသည့်အတွက် မျက်နှာထက်၌ အစင်းကြောင်းများစွာ ပေါ်လာပြီး နာကျင်မှုကြောင့် စုတ်သပ်မိသွားရသည်။
ချန်ရှို့ယွင်က သူမ၏ ခင်ပွန်း ကုတ်ဆွဲခံထားရသည်ကို တွေ့သောအခါ ဒုတိယယောင်းမကို လာဆွဲသည်။
"ဒုတိယယောင်းမ စိတ်လျှော့ပါဦး"
"ဖြန်း" ဟူသည့် အသံတစ်သံ ထွက်လာလေသည်။
ဒုတိယမရီးရှစ်က ချန်ရှို့ယွင်၏ မျက်နှာကို ရိုက်လိုက်ခြင်း ဖြစ်သည်။ "နင့်အမေကြီးကို စိတ်လျှော့ရမှာလား... အပျက်မ... နင်က ယောကျ်ားမရှိရင် မနေနိုင်ဘူးလား... နင်ကလေ ယောကျ်ားရပြီးလို့ ကလေးတွေ ရှိနေတာတောင် အခြားယောကျ်ားကို ဖြားယောင်းလိုက်သေးတယ်... နင့်လို အပျက်မက အဲ့ဒီအချိန်တုန်းက လူပုံအလည်မှာ ပြစ်တင်ကြိမ်းမောင်းခံရသင့်တာ"
ချန်ရှို့ယွင်က သူမပါ ရုတ်တရက် တိုက်ခိုက်ခံရလိုက်ရမည်ဟု မထင်ထားသဖြင့် သူမ၏ မျက်နှာ အရိုက်ခံလိုက်ရပြီး ရုတ်တရက်ဆိုသလို နီရဲယောင်ကိုင်းလာသည်။
ရှစ်ရှိုးနန်က သူ့မိန်းမအရိုက်ခံလိုက်ရသည်ကို တွေ့သောအခါ ရုတ်တရက်ဆိုသလို စားမတတ်ဝါးမတတ် မျက်လုံးများဖြင့် ကြည့်လာသည်။
"ဒုတိယမရီး လွန်လွန်းမလာနဲ့နော်... ခင်ဗျားတို့ သောက ရောက်နေရတာကို ကျွန်တော်တို့ နားလည်ပေးထားတာ... အငြိုးတွေကို ကျွန်တော်တို့ မိသားစုအပေါ် ပုံချနေတာ ဘာသဘောလဲ"
ဒုတိယမရီးရှစ်မှာ ရူးသွပ်သွားလေပြီ။ "နင့်ကို အပြစ်မတင်လို့ ဘယ်သူ့ကို အပြစ်သွားတင်ရမှာလဲ... နင်တို့နှစ်ယောက်ကမှ အရှက်မရှိတဲ့ကိစ္စကို လုပ်ခဲ့တာ... ဒါတောင် နင်တို့က နင်တို့နဲ့အတူတူ လူတိုင်းကို ဒုက္ခရောက်စေချင်နေသေးတယ်... ဘာလို့ နင်တို့တွေ သေမသွားတာလဲ"
သူမအရမ်း စိတ်ကုန်နေပြီ...
ထိုစဥ်က သူမ ရှစ်မိသားစုကို လက်ထပ်ဝင်ရောက်ခဲ့ချိန်တွင် အလွန် အဆင်ပြေခဲ့သည်။ လူတိုင်းက သူမကို မနာလို ဖြစ်ခဲ့ကြပြီး သူမက ကောင်းချီးများ ရရှိခဲ့သည်ဟု ဆိုခဲ့ကြသည်။
အစပိုင်းတွင် အလွန် ကောင်းမွန်ခဲ့ပေသည်။
ရှစ်မိသားစုက အစိုးရနှင့် စစ်တပ်တွင် အဆက်အသွယ်များစွာ ရှိသည်။ အခြားသူများ တစ်စုံတစ်ခု ဝယ်ခဲ့လျှင် သူတို့၏ မိဘများကို တောင်းဆိုရသော်ငြား သူတို့ကမူ အခြားသူများကို တောင်းဆိုစရာ မလိုအပ်သည်သာမက အခြားသူများကပင် သူတို့ကို လာတောင်းဆိုကြရသည်။
သို့သော်လည်း နေ့ရက်ကောင်းလေးများမှာ အငယ်ဆုံးသားဖြစ်သူ ရှစ်ရှိုးနန် သူများ မိန်းမကို ကြာခိုပြီးနောက် အဆုံးသတ်သို့ ရောက်ရှိသွားလေသည်။
ထိုအချိန်က ရှစ်မိသားစု၏ သခင်မကြီး အသက်ရှင်နေဆဲ ဖြစ်ပြီး သူမက ကြာကူလီကောင် ရှစ်ရှိုးနန်ကို အပြစ်မတင်ရက်ခဲ့ဘဲ ထိုအစား ဝမ်မိသားစုကိုသာ ဆန့်ကျင်ခဲ့သည်။
အစပိုင်းတွင် လူတိုင်းက ရှစ်မိသားစုသာ ချန်မိသားစုနှင့် ပူးပေါင်းခဲ့လျှင် ဝမ်မိသားစုအား ဆွဲချနိုင်လိမ့်မည်ဟု တွေးခဲ့ကြသည်။
ဝမ်မိသားစုသာ အောက်ကျသွားပါက ရှစ်မိသားစုက ထိုအခွင့်အရေးကို ယူကာ အထက်သို့ တက်လာနိုင်မည် ဖြစ်သည်။
လူများက ကောင်းကင်ကဲ့သို့ မကောင်းမွန်နိုင်သည်ကို မည်သူမှ သိခဲ့ကြမည် မဟုတ်ပေ။ ချန်နှင့် ရှစ်မိသားစု နှစ်ခုလုံး ရှုံးနိမ့်သွားခဲ့ပြီး ပေကျင်းမှ ဆိုးဆိုးဝါးဝါး နှင်ထုတ်ခံလိုက်ရသည်။
နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဝမ်မိသားစုက သူတို့ မိသားစုနှစ်စုကို လွှတ်မပေးခဲ့ပေ။ သူတို့သာ အစောပိုင်းနှစ်များမှာ ဖြစ်ခဲ့ပါက ကသုတ်ကရက် တိုက်ခိုက်ကြမည် ဖြစ်သည်။ ဆယ်နှစ်ကျော်ကြာပြီးနောက် မိသားစုသုံးခုကြား အထုံးတစ်ခု ဖြစ်လာသည်။
အမှန်မှာ သူမက အစပိုင်းကတည်းက ဝမ်မိသားစုနှင့် ရန်သူ ဖြစ်လာမည်ကို လက်မခံခဲ့ပေ။ သို့သော်လည်း လက်ထပ်ဝင်ရောက်လာသည့် ချွေးမတစ်ယောက်က စကားဝင်ပြောရန် အခွင့်မရှိလေရာ များမကြာမီ ပေကျင်းမှ နှင်ထုတ်ခံလိုက်ရလေသည်။ သူမက ဝမ်မိသားစုကို ရန်မစရန် သူမခင်ပွန်းကို ဖြောင်းဖျခဲ့သော်လည်း မည်သူကမှ သူမ၏ စကားကို နားမထောင်ခဲ့ကြပေ။
သူကတော့ အခု အဆင်ပြေနေတယ်... သူမသားကျတော့ ဒီနှစ်မှ 27နှစ်ပဲ ရှိသေးတာကို တစ်ကိုယ်လုံး အကြောသေသွားပြီ... နောက်ဆို ဘာများ ဆက်လုပ်ရတော့မှာလဲ...
ရှစ်ရှိုးနန်က ဒေါသကြောင့် မျက်နှာများ မဲမှောင်လာပြီး ဒုတိယအစ်ကိုကို လှည့်ကြည့်လိုက်သည်။
"ဒုတိယအစ်ကို... ဒုတိယမရီးကို ပြောပါဦး"
ပုံမှန်အခြေအနေသာ ဆိုပါက ဒုတိယအစ်ကိုရှစ်က သူ့မိန်းမအား မိသားစုဂုဏ်သိက္ခါကို အရေးမစိုက်မှုကြောင့် သေချာပေါက် ပြစ်တင်ကြိမ်းမောင်းမည် ဖြစ်သော်လည်း ဤတစ်ကြိမ်၌ စကားတစ်ခွန်းမှ မပြောဘဲ မြေကြီးကိုသာ တွေတွေဝေဝေ စိုက်ကြည့်နေသည်။
ရှစ်ရှိုးနန်က တတိယဦးလေး၏ တစ်ဦးတည်းသော သား ဖြစ်သည်။ သူတို့၏ ရှစ်မိသားစုက အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ဝမ်းကွဲများကလည်း ညီအစ်ကိုအရင်းများကဲ့သို့ ဆက်ဆံရေးကောင်းကြသည်။ ရှစ်ရှိုးနန် တစ်ယောက် ကြာကူလီလုပ်ကာ ဝမ်မိသားစုကို ဆန့်ကျင်ခဲ့သည့် အချိန်မှာပင် သူ့အား လက်လွှတ်လိုက်ရန် မတွေးခဲ့ဖူးကြပေ။
ထပ်ရှိသေးသည်မှာ ဝမ်မိသားစုကိုသာ ဆွဲချနိုင်ပါက ရှစ်မိသားစုလည်း အကျိုးအမြတ် ရရှိလာမည် ဖြစ်၍ ထိုအချိန်က သူ့မိဘများနှင့် အဘိုးတို့က ချန်မိသားစုနှင့် လက်တွဲရန် ဆုံးဖြတ်လိုက်ကြသဖြင့် သူသည်လည်း သဘောတူခဲ့သည်။
သူအကြိမ်ပေါင်းများစွာ အရိုက်ခံရပြီး ပေကျင်းမှ နှင်ထုတ်ခံလိုက်ရသည့်တိုင် သူ့နှလုံးသားထဲတွင် တစ်ခါမှ မကျေမနပ် မဖြစ်ဖူးခဲ့သော်ငြား ဤအခိုက်တွင် မတွေဝေဘဲ မနေနိုင်ခဲ့ပေ။
ကြာကူလီ လုပ်တာ ရှစ်ရှိုးနန်ပဲ ဆိုပေမယ့် အခု သူ့မိသားစုက အသက်ရှင်နေတုန်းပဲလေ... ဒါပေမယ့် သူ့သားကျတော့ ဆေးရုံထက်မှာ လဲနေရပြီးတော့ တစ်ဘဝလုံး မတ်တပ်ရပ်နိုင်မှာ မဟုတ်တော့ဘူး... ဘာကြောင့်လဲ...
ဘာလို့ သူက ရှစ်ရှိုးနန်ရဲ့ အမှားအတွက် တန်ကြေးအကြီးကြီးကို ပြန်ပေးဆပ်ရမှာလဲ...
ရှစ်ရှိုးနန်က ဒုတိယအစ်ကို စကားတစ်ခွန်းမှ ပြောမလာသည်ကို တွေ့လိုက်ရသောအခါ ပြာယာခပ်သွားသည်။
"ဒုတိယအစ်ကို... အစ်ကိုလည်း ကျွန်တော့်ကို စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာပဲလား"
ဒုတိယအစ်ကိုရှစ်က မူလတွင် မဟုတ်ဘူးဟု ပြောလိုပါသော်လည်း ဒုတိယမရီးရှစ်က နံဘေးမှ ပန်းအိုးတစ်လုံးကို ဆွဲယူကာ ရှစ်ရှိုးနန်၏ ခေါင်းကို ရိုက်ခွဲလိုက်သည်။ "နင်က တရိစ္ဆာန်လောက်တောင် ကောင်းတဲ့ကောင် မဟုတ်ဘူး... ငါ့သားက ပြန်ကောင်းမလာနိုင်တော့မှတော့ လူတိုင်း အတူတူ သေကြတာပေါ့"
ပန်းအိုးက ရှစ်ရှိုးနန်၏ ဦးခေါင်းကို ရိုက်မိသွားပြီး သွေးများ ဖြာထွက်လာကာ သူ အံ့အားသင့်သွားလေပြီးနောက် သတိလစ်သွားလေသည်။
ချန်ရှို့ယွင် အော်ဟစ်ကာ ရှစ်မိသားစုသည်လည်း ချက်ချင်း ရှုပ်ထွေးသွားလေသည်။
ရှစ်ရှိုးနန်က သေမသွားသော်လည်း သူ ထိခိုက်ဒဏ်ရာရသွားမှုက ဒုတိယအစ်ကိုကို ရုတ်တရက် သူ့ကိုယ်သူ အပြစ်တင်မိသွားစေပြီး နှလုံးသားထဲတွင်လည်း အပြစ်ရှိစိတ်များ ဝင်လာကာ ဒုတိယမရှီးရှစ်ကို ရိုက်နှက်၍ အခန်းထဲတွင် သော့ပိတ်ထားလိုက်သည်။
ချန်ရှို့ယွင် ပြောလိုက်သည်။
"ဒုတိယအစ်ကို... ကျွန်မလည်း ကျွင်းမင် ဒီလိုမျိုး ဖြစ်သွားတာကို အစ်ကိုစိတ်မကောင်း ဖြစ်နေမှန်း သိပါတယ်... ဒါပေမယ့် ဖြစ်တဲ့ကိစ္စက ဖြစ်ပြီးသွားပြီလေ... ကျွန်မတို့ အချင်းချင်း ဆက်ပြီး တိုက်ခိုက်နေကြရင် ဝမ်မိသားစုက လှောင်ရယ်နေကြတော့မှာပေါ့"
ဒုတိယအစ်ကိုက သက်ပြင်းချလိုက်ပြီး ဘာကိုမှ မပြောပေ။
ချန်ရှို့ယွင် နှုတ်ခမ်းကိုက်၍ ဆက်ပြောလိုက်သည်။ "ဒုတိယအစ်ကို... ကျွန်မမှာ အကြံတစ်ခု ရှိတယ်... ဒီအကြောင်းပြောဖို့ သင့်တော်ရဲ့လားတော့ မသိဘူး"
ဒုတိယအစ်ကိုရှစ်က ခေါင်းမော့ကာ သူမကို ကြည့်လာခဲ့သည်။ "မင်း ဘယ်လို တွေးထားတာလဲ"
ချန်ရှို့ယွင်: "ဒုတိယအစ်ကို... ကျွင်းမင်နဲ့ အတူ ကျောင်းပေါ်က ခုန်ချတဲ့ ကောင်မလေးက သေသွားပြီလေ... ပြောရမယ်ဆို ပြောရေးဆိုခွင့်က ကျွန်မတို့ လက်ထဲမှာ ရှိသွားပြီ"
ဒုတိယအစ်ကို၏ မျက်လုံးများ ဝင်းလက်လာခဲ့သည်။ "ဆက်ပြော"
ချန်ရှို့ယွင်: "ကျွင်းမင် တိုက်ပေါ်ကနေ ကျသွားတာ ဟိုမိန်းကလေးကို ကယ်ဖို့လို့ ပြောလို့ရပြီ... သူက ကျောင်းသူတစ်ယောက်ကို ကယ်ဖို့အတွက် သူ့ကိုယ်သူ စတေးခံပြီး အကြောသေသွားရတယ်... ဒါဆို သူက သူရဲကောင်းတစ်ယောက် ဖြစ်လာမှာပဲ"
သူရဲကောင်းဟူသည့် သရဖူကို ဆောင်းခွင့်ရသည်နှင့် ကျောင်းနှင့် အစိုးရဘက်မှ သူ့တို့ကို သေချာပေါက် သင့်တော်သည့် လျော်ကြေးများ ပေးလာမည် ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သူ့ကိုယ်သူ စတေး၍ အခြားသူကို ကယ်တင်ခဲ့ခြင်းပင်။ ဤအခွင့်အရေးကို သုံးကာ သူတို့ ထပ်ပြီး အမြင့်တက်လာနိုင်ပေသည်။
ဒုတိယအစ်ကိုရှစ်၏ အဖေ ဒုတိယအဘိုးရှစ်က အခန်းထဲမှ ထွက်လာပြီး အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလိုက်သည်။
"ရှို့ယွင်ပြောသွားတာ နည်းလမ်းကောင်းပဲ"
ဒုတိယအစ်ကိုက အလျင်အမြန် လျှောက်လာပြီး အဖေဖြစ်သူကို လာတွဲသည်။
"အဖေ... ကျန်းမာရေးလည်း မကောင်းဘဲနဲ့ ဘာလို့ အပြင်ထွက်လာရတာလဲ"
ဒုတိယအဘိုးရှစ်က သက်ပြင်းချလိုက်သည်။ "မင်းတို့တွေ ဒီလို စကားများနေကြမှတော့ ငါဘယ်လို အနားယူနိုင်ပါ့မလဲ"
"ဒုတိယသား... မင်းဇနီး ဒေါသထွက်နေတာ ငါသိပါတယ်... ဒါပေမယ့် ငါတို့က မိသားစုပဲလေ... ငါတို့အားလုံး ဆုံးရှုံးသွားရလိမ့်မယ်... မင်းအဘိုး၊ မင်းရဲ့ ဦးကြီးနဲ့ တတိယဦးလေးတို့တွေ ဆုံးပါးသွားတဲ့အချိန်တုန်းက ငါတို့ရှစ်မိသားစုကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့ ငါ ကတိပေးခဲ့တယ်... ရှစ်မိသားစုကို မင်းလက်ထဲမှာ ဆုံးရှုံးလိုက်ရလို့ မဖြစ်ဘူး... သိပြီလား"
ဒုတိယအစ်ကိုရှစ်က ရှစ်ရှိုးနန်၏ ဒဏ်ရာကြောင့် ဒေါသအများအပြား ပျောက်သွားပြီးသားဖြစ်သော်လည်း အဖေဖြစ်သူ၏ စကားများကို ကြားလိုက်ရချိန်တွင် ဒေါသများ အလုံးစုံ ကွယ်ပျောက်သွားရသည်။
သူခေါင်းငြိမ့်ပြလိုက်သည်။ : "ကျွန်တော်သိပါပြီ အဖေ... ခဏနေကျရင် ကျွင်းမင်ရဲ့အမေကို ကျွန်တော် ပြောပြလိုက်ပါ့မယ်"
ဒုတိယအဘိုးရှစ်က စိတ်အေးလက်အေး ခေါင်းငြိမ့်ပြလိုက်ပြီး ချန်ရှို့ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ "မနက်ဖြန် မင်း မင်းရဲ့ ဒုတိယအစ်ကိုနဲ့ အတူ ပေကျင်းကို သွားရမယ်... ပြီးရင် ကိစ္စတွေကို အပြတ်ဖြတ်ခဲ့"
ချန်ရှို့ယွင် ပြုံးကာ ပြောလိုက်သည်။ "သိပါပြီ ဒုတိယဦးလေး... ကျွန်မ သေချာပေါက် ကျွန်မတို့ရဲ့ ရှစ်မိသားစုကို အပြိုကွဲမခံပါဘူး"
ဒုတိယအဘိုးရှစ်က သဘောကျဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
**