🍵Chapter 291
ဒုတိယရက်တွင် ချန်ရှို့ယွင်နှင့် ဒုတိယအစ်ကိုရှစ်တို့က ရထားစီးကာ ပေကျင်းသို့ ခရီးနှင်လာခဲ့ပြီး နေ့လည်ပိုင်းတွင် ပေကျင်းသို့ ရောက်ရှိလာခဲ့သည်။
နှစ်ယောက်သားက ကျောင်းဘက်ကို အသိမပေးဘဲနှင့် ဆေးရုံသို့ တန်းသွားလိုက်ကြပြီး ရှစ်ကျွင်းမင် ဆေးရုံကုတင်ထက်၌ လဲလျောင်းနေရသည့် အဖြစ်ကို တွေ့သွားသောအခါ ဒုတိယအစ်ကိုရှစ်တစ်ယောက် မျက်ရည် တစမ်းစမ်း ဖြစ်လာသည်။
ရှစ်ကျွင်းမင် နိုးလာပြီး အကြောသေသွားကြောင်း သိလိုက်ရသည့်အခါ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘဲ သူ့အဖေကို တွေ့သည့်အခါမှသာ အော်ငိုလာခဲ့သည်။
"အဖေ... ကျွန်တော် အကြောသေသွားပြီ... ဆရာဝန်ပြောတာ ကျွန်တော် တစ်ဘဝလုံး အိပ်ရာပေါ်မှာပဲ နေသွားရတော့မှာတဲ့... ကျွန်တော်အခု အသုံးမကျတဲ့သူ ဖြစ်နေပြီ"
ဆရာဝန်နှင့် လုံခြုံရေးရဲဘော်များက ထိုသားအဖနှစ်ယောက် ငိုကြွေးနေကြသည်ကို မကြည့်ရက်ကြတော့ပေ။
ချန်ရှို့ယွင်က သူမ၏ မျက်နှာကို အုပ်ကာ အချိန်အတော်ကြာ ငိုကြွေးနေပြီးနောက် လုံခြုံရေးဌာနမှ ရဲဘော်များကို လှည့်ပြောလိုက်သည်။
"ရဲဘော်... ကျွန်မတူလေးက အရမ်းစိတ်ထိခိုက်နေရှာတာ ရှင်လည်း တွေ့မှာပါ... ကျွန်မတို့တွေ အပြင်ထွက်ပြီး သားအဖတွေ နှစ်ယောက်တည်း စကားပြောခိုင်းလို့ ရမလား... ကျွန်မရဲ့ ဒုတိယအစ်ကိုကို ဖြောင်းဖျခိုင်းလိုက်ပါ"
လုံခြုံရေးဌာနမှ ရဲဘော်လေးက ရှစ်ကျွင်းမင် သတိရလာပြီးနောက် ထွက်ဆိုချက်ယူရန် ပြင်လိုက်သော်ငြား ရှစ်ကျွင်းမင်က စကားတစ်ခွန်းမှ ပြောမလာခဲ့ပေ။ ထိုအပြောင်းအလဲကြီး ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်မည်ဟု နားလည်နေသဖြင့် သူတို့ကလည်း သူ့ကို မတိုက်တွန်းကြတော့ပေ။
ယခုတွင် သူ့မိသားစုဘက်က ဖြောင်းဖျပေးမည်ဟု ဆိုလာသဖြင့် အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ"
လုံခြုံရေးဌာနမှ ရဲဘော်များ လက်ခံလိုက်သည်ကို တွေ့သောအခါ ချန်ရှို့ယွင်၏ မျက်လုံးများထက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူမက ဒုတိယအစ်ကိုရှစ်ကို လှည့်ပြောလိုက်သည်။
"ဒုတိယအစ်ကို... လုံခြုံရေးဌာနက ရဲဘော်တွေနဲ့ ကျွန်မရယ် ဒေါက်တာရယ် အပြင်ထွက်ပေးမယ်နော်... အစ်ကို ကျွင်းမင်ကို သေသေချာချာ ဖြောင်းဖျလိုက်ပါ"
ဒုတိယအစ်ကိုရှစ်က မျက်ရည်ပေါက် ကြီးငယ်ကျကာ ငိုကြွေးနေသည်။ ချန်ရှို့ယွင်၏ စကားများကို ကြားလိုက်ရသည့်အခါမှသာ အစီအစဥ်ကို သတိရသွားပြီး မျက်ရည်များကို အလျင်အမြန် သုတ်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ... ငါ ကျွင်းမင်ကို နားချလိုက်ပါ့မယ်"
ချန်ရှို့ယွင်က ဆရာဝန်များ ရဲဘော်များနှင့်အတူ အပြင်သို့ ထွက်သွားပြီး ဆေးရုံခန်းတံခါးကို ပိတ်လိုက်သည်။
တစ်နာရီအကြာ ဒုတိယအစ်ကိုရှစ်က ဆေးရုံခန်းတံခါးကို ပြန်ထွက်လာပြီး မျက်နှာက ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်အခြေအနေက ယခင်ကထက် ပိုကောင်းနေပုံပင်။
သူက ချန်ရှို့ယွင်ကို တစ်ချက်ကြည့်ကာ ခေါင်းဆတ်ပြလိုက်ပြီးနောက် ရဲဌာနမှ ရဲဘော်များကို ကြည့်ကာ ပြောလိုက်သည်။ "လုံခြုံရေးဌာနက ရဲဘော်တို့ ကျွန်တော့်သားရဲ့ စိတ်အခြေအနေ ငြိမ်ကျသွားပါပြီ... မေးစရာရှိရင် မေးလို့ရပါပြီ"
ရဲဌာနမှ ရဲဘော်များ၏ မျက်လုံးများ ဝင်းလက်သွားပြီးနောက် ချက်ချင်းဆိုသလို ရှစ်ကျွင်းမင်ကို ထွက်ဆိုချက်ယူရန် ဝင်သွားသည်။
"ကျောင်းသားရှစ်... မနေ့က ဘာဖြစ်ခဲ့တာလဲ... ဘာလို့ မင်းနဲ့ ကောင်းမင်က သင်ကြားရေး အဆောက်အအုံရဲ့ ထိပ်ဆုံးအထပ်ကနေ ပြုတ်ကျလာရတာလဲ"
ရှစ်ကျွင်းမင် နှုတ်ခမ်းကိုက်လိုက်သည်။
"ကျွန်တော်တို့ ကျောင်းက ကျောင်းသူချန် မီးဆိုင်းပြုတ်ကျပြီး ခေါင်းထိသွားလို့ အခုထိ ဆေးရုံမှာ ရှိနေတုန်းဆိုတာ လုံခြုံရေးဌာနက ရဲဘော်တွေ သိကြမှာပါ...."
လုံခြုံရေးဌာနမှ ရဲဘော်က ခေါင်းငြိမ့်ပြလိုက်သည်။
"သိပါတယ်... ဘာလို့ ဒီအကြောင်းကို ရုတ်တရက် ပြောရတာလဲ"
ရှစ်ကျွင်းမင် ပြောလိုက်သည်။ "မီးဆိုင်းရဲ့ ကြိုးကို ဖြတ်လိုက်တာ ကောင်းမင်ပါပဲ... သူလုပ်တာ ပေါ်သွားမှာစိုးလို့ ကျွန်တော့်ဆီ ပြေးလာပြီး အကူအညီတောင်းတယ်... ဒါပေမယ့် သူက ဒီလောက်ကြီးတဲ့ ပြစ်မှုကြီး လုပ်ထားတာလေ... ကျွန်တော်က သူကို ဘယ်လို ကူညီပေးနိုင်မှာလဲ"
"ဒါကြောင့် သူ့ကို သွားပြီး အဖမ်းခံဖို့ နားချခဲ့တာပါ... အမှားလုပ်ထားရင် အပြစ်ပေးခံရမှာပေါ့... ဒါပေမယ့် ကောင်းမင်က အရမ်း စိတ်ခံစားမှုတွေ များနေတယ်... သူက နံရံနိမ့်လေးပေါ် တက်ပြီးတော့ ခုန်ချပြီး အဆုံးစီရင်တော့မယ်ဆိုပြီး လုပ်ခဲ့တာပါ... ကျွန်တော် သူ ဒီလို ဖြစ်နေတာ တွေ့တော့ ဘာမှ မစဥ်းစားနိုင်ဘဲ ပြေးကယ်ခဲ့တာ"
"ဒါပေမယ့် သူ့ကို မကယ်နိုင်ခဲ့ဘူး... အဲ့ဒီအစား ကျွန်တော်ကပါ ဆွဲချခံရပြီး သင်ကြားရေးအဆောက်အဦးပေါ်ကနေ ပြုတ်ကျခဲ့ရတယ်... ကျွန်တော်နိုးလာတော့ ဒီလို ဖြစ်နေတာပဲ... ဆရာဝန်က ကျွန်တော့်တစ်ဘဝလုံး အိပ်ရာပေါ်မှာပဲ နေသွားရတော့မယ်လို့ ပြောတယ်... ကျွန်တော် မသန်မစွမ်း ဖြစ်သွားရတော့မှာ"
ရှစ်ကျွင်းမင်က ထိုစကားကို ပြောနေရင်း ငိုကြွေးလိုက်သည်။ သူ့တစ်ကိုယ်လုံးက မလှုပ်ရှားနိုင်သည့်အတွက် မျက်ရည်များသာ ကျဆင်းလာသည်။
ရဲအရာရှိ နှစ်ယောက်က သူပြောသည့် စကားများကို ကြားလိုက်ရသောအခါ ရှောခ့်ရသွားကြလေသည်။
"ကျောင်းသားရှစ်... မင်းက ကျောင်းသူကောင်းမင်ကို ကယ်ရင်း ထိခိုက်သွားတာလို့ ပြောချင်တာလား... ပြီးတော့ ကောင်းမင်က မကောင်းတဲ့ကိစ္စကို လုပ်ပြီးတော့ လူတွေ မိသွားမှာစိုးလို့ သတ်သေသွားတာပေါ့"
ရှစ်ကျွင်းမင် မျက်ရည်များကျလျက် ပြောလိုက်သည်။ "ဟုတ်ပါတယ်... ကျွန်တော်နဲ့ ကောင်းမင်က သူ့ရဲ့ ဝမ်းကွဲကြောင့် သိခဲ့ရတာပါ... အစတုန်းကတော့ သူ့အပေါ် အမြင်ကောင်းရှိလို့ သူနဲ့အတူ တိုးတက်အောင် လုပ်ပြီး အတူတူ ကြိုးစားကြမယ်လို့ စဥ်းစားခဲ့တာ"
"ကျွန်တော်တို့ အမှားတစ်ခု လုပ်မိပြီး နောက်ပိုင်းကျတော့ ကျောင်းကနေ မှတ်တမ်းထဲ ပါသွားတယ်... ကျွန်တော်က ကျွန်တော့်ရဲ့ အမှားကို လေးလေးနက်နက် သိမြင်သွားလို့ ကျောင်းတက်နေတုန်း အချစ်ရေးကိစ္စတွေ ဘေးဖယ်ထားပြီး စာလုပ်တဲ့ နေရာနဲ့ လူတွေကို ကူညီနိုင်ဖို့ကိုပဲ စိတ်ရောကိုယ်ပါ မြှုပ်နှံထားမယ်လို့ တွေးထားခဲ့တာ... ကောင်းမင်ကို အာဃာတတွေ စွဲကိုင်ထားမယ်လို့ မထင်ထားခဲ့ဘူး"
"ကျွန်တော် ကြားခဲ့တာအရဆို သူက အစက ဒီတစ်ကြိမ်မှာ အတန်ဖော်ထုံရွှယ်လူကို လုပ်ကြံချင်ခဲ့ပေမယ့် အတန်းဖော်ထုံရွှယ်လူက ခြေဆစ်လွဲသွားလို့ မီးဆိုင်းက ကျောင်းသူချန်အပေါ် ပြုတ်ကျသွားတာလို့ သူပြောတာ ကြားခဲ့ရပါတယ်"
ဘေးတစ်ဖက်တွင် ရဲအရာရှိက သူ့စကားများကို "တဝှစ်ဝှစ်" မှတ်တမ်းတင်နေသည်။
ဝန်ခံစာ ပြီးဆုံးသွားသောအခါ ရဲအရာရှိက ထရပ်ကာ ပြောလိုက်သည်။ "ကျောင်းသားရှစ် ကောင်းကောင်း အနားယူပါ... ငါတို့တွေ အတည်ပြုလိုက်ပါမယ်... မင်းပြောတဲ့စကားတွေသာ အမှန်ဆိုရင် လူတွေကယ်ဖို့ မင်းကိုမင်း စတေးခဲ့တဲ့ ကိစ္စအတွက် အလဟဿ မဖြစ်စေရပါဘူး"
ရှစ်ကျွင်းမင်၏ ညိုမှောင်နေသော မျက်လုံးများထက် အလင်းရောင်များ ဖြတ်ပြေးသွားသော်ငြား နာကျင်နေသည့် ပုံစံ လုပ်နေပြီး ဘာကိုမှ ထပ်မပြောပေ။
ချန်ရှို့ယွင် ပြောလိုက်သည်။ "ကျေးဇူးပါ ရဲဘော်တို့... ကျွင်းမင်က အသုံးမဝင်တော့မဲ့သူ ဖြစ်လာမဲ့ ကိစ္စကို သူ လက်မခံနိုင်သေးတာပါ... ကျေးဇူးပြုပြီး စိတ်မရှိကြပါနဲ့နော်"
ရဲအရာရှိက လက်ယမ်းပြလိုက်သည်။ "ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်... ခင်ဗျားတို့ဘက်ကလည်း သူ့ကို စိတ်အားမငယ်အောင် နှစ်သိမ့်ပေးကြပါ... မသန်မစွမ်းဖြစ်တဲ့ ရဲဘော်တွေ အများကြီးကလည်း အံ့လောက်စရာ ကိစ္စတွေ လုပ်ပြခဲ့ကြပြီးပါပြီ"
ချန်ရှို့ယွင် မျက်ရည်သုတ်လိုက်သည်။ "ရှင်ပြောတာ မှန်ပါတယ်... ကျွန်မတို့ သူ့ကို ဖြောင်းဖျလိုက်ပါ့မယ်"
ရဲအရာရှိများ ထွက်သွားပြီးနောက် ချန်ရှို့ယွင်က ရှစ်ကျွင်းမင်အား လှည့်မေးလိုက်သည်။
"စဥ်းစားကြည့်ပါဦး... ကောင်းမင်မှာ မှတ်စုရေးတတ်တဲ့ အကျင့်ရှိလား"
သူမက ထိုကိစ္စကို ယခုလေးတင်မှ အမှတ်ရသွားခြင်း ဖြစ်သည်။ ကောင်းမင်သာ မှတ်စုရေးတတ်သည့် အကျင့်ရှိပါက ရဲအရာရှိများ ရှာတွေ့သွားနိုင်ပြီး သူတို့လည်း ပေါ်သွားနိုင်သည်။
ရှစ်ကျွင်းမင်က သူမကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော် သူ့ကို မရေးဖို့ ပြောထားပြီးသား... သူသာမိသွားရင် အလွယ်တကူ ရှာတွေ့သွားမှာပေါ့"
ကောင်းမင်က ယခင်ကတည်းက မှတ်စုများ ရေးထားတတ်သည့် အကျင့်ရှိသော်လည်း နောက်ပိုင်းတွင် သူမကို မရေးရန် သူသိမ်းသွင်းထားနိုင်ခဲ့သည်။
ချန်ရှို့ယွင် ယခုမှသာ စိတ်သက်သာရာရသွားလေသည်။
🍵
စုံစမ်းစစ်ဆေးမှုအချို့ ပြီးသွားသောအခါ ရဲဌာနဘက်မှ ရှစ်ကျွင်းမင် ပြောပြခဲ့သည့်အတိုင်း မီးဆိုင်းကြိုးကို ဖြတ်ခဲ့သူမှာ ကောင်းမင်ဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
အချို့သော အတန်းဖော်များက နားနေချိန်တွင် ကောင်းမင်တစ်ယောက် အစမ်းလေ့ကျင့်ခန်းထဲမှ ထွက်လာသည်ကို မြင်ခဲ့ကြပြီး သူမ၏ ပုံစံကလည်း ကုပ်ချောင်းကုပ်ချောင်း ဖြစ်နေခဲ့လေသည်။
ကောင်းမင်နှင့် ထုံရွှယ်လူကြားမှ အငြင်းပွားမှုကိုလည်း ကျောင်းဘက်မှ အတည်ပြုပေးခဲ့သည်။
ထုံရွှယ်လူက ထွက်ဆိုချက်များပြုရန် ဆင့်ခေါ်ခံရပြန်သည်။
ထွက်ဆိုချက်ရေးပြီးနောက် ရဲဌာနအရာရှိများထံမှ ရှစ်ကျွင်းမင်က "ကိုယ့်ကိုယ်ကိုယ် စတေးကာ သူတစ်ပါးကို ကယ်တင်"ခဲ့ကြောင်း ကြားလိုက်ရချိန်တွင် နေမကောင်းဖြစ်ကာ အန်မိလုနီးပါး ဖြစ်သွားသည်။
"ရဲဘော်... ကျောင်းသားရှစ်က သူများကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တယ်ဆိုတာ အခု သေချာသွားပြီလား"
ပြည့်သူလုံခြုံရေးဌာန ရဲအရာရှိ: "ဒီအချိန်မှာတော့ အပြည့်အဝ သတ်မှတ်လို့တော့ မရသေးဘူး... ငါတို့တွေ ဆက်ပြီး စုံစမ်းရလိမ့်မယ်... သက်သေအသစ်တွေ မရှိခဲ့ရင် ဒီလို သတ်မှတ်ရတော့မှာပါ"
သူတို့က များစွာသော ကျောင်းသားများကို စစ်ဆေးခဲ့ပြီး ရှစ်ကျွင်းမင်နှင့် ကောင်းမင်တို့က ဆက်ဆံရေးကောင်းကြောင်း သက်သေပြနိုင်ခဲ့ကြသည်။
ကောင်းမင်၏ ဝမ်းကွဲကိုယ်တိုင်ကလည်း ကောင်းမင်က ရှစ်ကျွင်းမင်ကို အစ်ကိုရင်းကဲ့သို့ မှတ်ယူထားပြီး သူမ၏ ဝမ်းကွဲထက်ပင် ယုံကြည်သေးသည်ဟု ကိုယ်တိုင် ထွက်ဆိုထားသည်။
ယမန်နေ့ကလည်း ကောင်းမင်၏ အဖေ ရောက်လာကာ ကောင်းမင်၏ အမေက စိတ်ကျန်းမာရေးမကောင်းကြောင်း ထွက်ဆိုခဲ့သည်။ ကောင်းမင်၏ အမေမိသားစုက စိတ်ကျန်းမာရေးချွတ်ယွင်းမှုကို မျိုးရိုးလိုက်တတ်ကြကာ စိတ်လှုပ်ရှားလာလျှင် စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်ကြကြောင်း ကြားခဲ့ရသည်ဟု ဆိုသည်။
အခြားစကားဖြင့်ဆိုရပါက ထိုအချိန်တွင် ကောင်းမင်မှာ အလွန် စိတ်ဖိစီးနေပြီး ရှစ်ကျွင်းမင်နှင့် စကားပြောရန် သွားရှာသည်က အဓိပ္ပါယ် ရှိနေသည်။ သူမက အခြားသူများကိုလည်း အန္တရာယ် ပြုနိုင်ခဲ့သည်။ နောက်ပိုင်းတွင် စိတ်ခံစားမှုများ မြင့်တက်လာသောအခါ ကျောင်းဆောင်ထက်မှ ခုန်ချကာ သတ်သေချင်ခဲ့လေသည်။
ရှစ်ကျွင်းမင်က ကောင်းမင်ကို အကြိမ်များစွာ ကူညီပေးခဲ့ပြီး တစ်ခါကလည်း ကောင်းမင်၏ ဝမ်းကွဲရှေ့တွင် ကျောင်းစာများကို အာရုံစိုက်ကာ သူမ၏ အတန်းဖော်များအား ပစ်မှတ်မထားတော့ရန် ဖြောင်းဖျခဲ့ဖူးသည်။
ထိုရှုထောင့်များမှ ကြည့်ရလျှင် ရှစ်ကျွင်းမင်က အမှန်ပင် ကူညီတတ်သူ ဖြစ်ပြီး ကောင်းမင်နှင့်လည်း ဆက်ဆံရေးကောင်းသည်။ သူက ကောင်းမင် ကျောင်းဆောင်ပေါ်မှ ခုန်ချကာ သတ်သေရန် ကြိုးစားနေသည်ကို မြင်လိုက်ရချိန်တွင် သေချာပေါက် သွားကယ်ပေလိမ့်မည်။
ထုံရွှယ်လူမှာ ဒေါသထွက်ရလွန်းသဖြင့် ရယ်ချလုနီးပါးပင်။
သောကြာနေ့တွင် သူမက အထုပ်အပိုးများ သိမ်းဆည်းကာ အိမ်ပြန်လာခဲ့ပြီး သူမ၏ မိသားစုကို ထိုသတင်းအကြောင်း ပြောပြလိုက်သည်။
အဘိုးဝမ်က ဒေါသထွက်ရလွန်းသဖြင့် စားပွဲကိုပါ ရိုက်ချလုနီးနီးပင်။
"ငါကတော့ ရှစ်မိသားစုကလူတွေ ကိုယ့်ကိုယ်ကိုယ်စတေးပြီး သူများကို ကယ်လိမ့်မယ်ဆိုတာ မယုံရေးချမယုံပဲ... အခု အဲ့ဒီကောင်မလေးက သေသွားပြီဆိုမှတော့ ဘာပြောနိုင်တော့မှာလဲ"
ဦးလေးဇုန်း ခေါင်းငြိမ့်ပြလိုက်သည်။ "ငါဒီလို ပြောဖို့တော့ မရည်ရွယ်ပါဘူး... ဒါပေမယ့် သူလိမ်နေတာကို သက်သေပြဖို့ သက်သေမရှိဘူးလေ... သူ့အတွက် လွယ်လွန်းမနေဘူးလား"
ဗိုလ်မှူးရှောင်းက မျက်ခုံးများ စုကြုတ်လိုက်သည်။
"နောက်ထပ် သက်သေမရှာနိုင်ရင် ငါကြောက်တာ ရှစ်ကျွင်းမင်ရဲ့ လုပ်ရပ်က သူရဲကောင်းတစ်ယောက် ဖြစ်သွားမှာကိုပဲ... ဒါဆိုရင် တော်တော်လေး ပြဿနာ များလိမ့်မယ်"
ရှစ်မိသားစုက ဒီအခွင့်အရေးကို သုံးပြီး အခြေအနေတွေကို ပြောင်းပြန်လှန်လို့ ပေကျင်းကို ပြန်လာကြလိမ့်မယ်...
ရှစ်မိသားစုမှလူယုတ်မာက ထုံရွှယ်လူကို အကြိမ်များစွာ အသရေဖျက်ခဲ့တာ... သူသာ သူရဲကောင်းတစ်ယောက် ဖြစ်သွားရင် သေချာပေါက် သွေးအန်မိတော့မှာပဲ...
ပြီးတော့ အဲ့ဒီမိန်းကလေးကလည်း ထုံရွှယ်လူအပေါ် ရက်စက်တဲ့ နည်းလမ်းတွေ သုံးခဲ့တာ... ဒီလို လယ်လွယ်နဲ့ သေသွားရတာပဲ...
ထုံရွှယ်လူ: "ဘိုးဘိုးတို့ နှစ်ယောက် ကျွန်မ ရဲတွေရဲ့ ထွက်ဆိုချက်မှတ်တမ်းကို ကြည့်ချင်တယ်"
အဘိုးဝမ် တုံ့ကနဲ ဖြစ်သွားသည်။ "ထွက်ဆိုချက်ကို ဘာလို့ ကြည့်ချင်တာလဲ... သမီး ဘာလုပ်ချင်လို့လဲ"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။ ကျွန်မ လူတိုင်းရဲ့ ထွက်ဆိုချက်ကို ကြည့်ချင်တယ်... သဲလွန်စတစ်ခုခုများ ရမလားလို့လေ... ဒါဆိုရင် ရှစ်ကျွင်းမင် လိမ်နေတာကို ဖော်ထုတ်ဖို့ သက်သေတစ်ခုခု ရှာနိုင်လောက်တယ်"
အဘိုးနှစ်ယောက် လက်မခံနိုင်ရုံသာမက ရှစ်ကျွင်းမင် ဤကိစ္စကြောင့် သူရဲကောင်း ဖြစ်သွားမည်ကိုလည်း သူမ လက်မခံနိုင်ပါပေ။
အဘိုးဝမ်: "လူထုလုံခြုံရေးဗျူရိုက ဖူကျန့်ယိ လုပ်တဲ့နေရာမှာ မဟုတ်ပေမယ့် သူက ရဲဌာနမှာ နှစ်ပေါင်းများစွာ အဆက်အသွယ်တွေ ရှိတယ်... အဘိုး သူ့ကို အခုပဲ ခေါ်လိုက်မယ်"
ထုံရွှယ်လူ ထရပ်လိုက်သည်။ "ကျွန်မလည်း လိုက်ခဲ့မယ်"
ထို့ကြောင့် လူတိုင်းက ဖူကျန့်ယိကို ဖုန်းခေါ်ရန်အတွက် တယ်လီဖုန်းရုံးသို့ အတူတူ သွားခဲ့ကြသည်။
ဖူကျန့်ယိက ဌာနတွင် လုပ်စရာများ ပြီးနောက် ခွင့်တိုင်ကာ ထွက်လာခဲ့သည်။
မစ္စတာဝမ်နှင့် ထုံရွှယ်လူ၏ စကားများကို ကြားသောအခါ တစ်ခဏမျှ တွေးလိုက်လေသည်။ "နည်းနည်းတော့ ခက်မယ်... မလုပ်နိုင်တာတော့ မဟုတ်ဘူး... ကျွန်တော့်ကို နှစ်ရက်လောက်ပေးပါ"
ထုံရွှယ်လူ မျက်မှောင်သဲ့သဲ့ ကြုတ်လိုက်သည်။ "တစ်ရက်အတွင်း ရဖို့ နည်းလမ်း မရှိဘူးလား"
ဖူကျန့်ယိ တန့်သွားသည်။ "ကြိုးစားကြည့်ပေးမယ်"
ထုံရွှယ်လူသည်လည်း သူမ၏ တောင်းဆိုချက်က အနည်းငယ် ခက်ခဲကြောင်း သိနေသဖြင့် ထပ်မပြောတော့ပေ။
ဖူကျန့်ယိက ပြန်ရောက်သည်နှင့် ချက်ချင်းပင် အဆက်အသွယ်များကို ဆက်သွယ်လိုက်သည်။ အဆက်အသွယ်များစွာ လုပ်ပြီးမှ အဆုံးတွင် နောက်တစ်ရက်၌ ထုံရွှယ်လူကို အဖြေအတိအကျ ပေးလာသည်။
ရဲဌာနမှ အလုပ်ဆင်းပြီးနောက် ထုံရွှယ်လူနှင့် ဖူကျန့်ယိတို့ နှစ်ယောက်သား သွားရောက်ကာ ထွက်ဆိုချက်များအားလုံးကို ဖတ်ခဲ့ကြသည်။
ထွက်ဆိုချက်တွင် ကောင်းမင်၏ မိသားစုဘက်မှ စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်နေပြီး ကောင်းမင်က မူလတန်းကျောင်းတက်စဥ်မှ စတင်ကာ နေ့စဥ်မှတ်တမ်းများ ရေးလေ့ရှိကြောင်း သိခဲ့ရသည်။
သို့သော်လည်း ရဲဌာနဘက်မှ သူမ၏ ပစ္စည်းများကို ရှာဖွေသောအခါ မည်သည့်မှတ်စုကိုမှ မတွေ့ခဲ့ရပေ။
လူတစ်ယောက်ရဲ့ အကျင့်က လွယ်လွယ်မှ မပြောင်းတတ်ပဲ...