အပိုင်း၂၉၂
Viewers 67k

🍵Chapter 292




ထုံရွှယ်လူက ထိုအချက်မှ စရန် စီစဥ်ထားသည်။


နှစ်ရက်တာ စုံစမ်းစစ်​ဆေးမှုများ ပြီး​နောက် အချို့​သော အတန်း​ဖော်များထံမှ အကြမ်းဖျဥ်း သတင်းများ ရခဲ့သည်။


အတန်းနှင့် ကိုယ်ပိုင်စာကြည့်ချိန်များအပြင် ​ကောင်းမင်က ​ရေကြည်အိုင် ရှိသည့် ​နေရာသို့ သွားတတ်​ကြောင်း သိခဲ့ရသည်။ ထိုရေကန် တည်ရှိသည့် ​​နေရာက အနည်းငယ် ​ဝေးလံ​ခေါင်ဖျားလှသဖြင့် အတန်း​ဖော်များစွာက ထို​နေရာသို့ သိပ်မသွားကြ​ပေ။ 


သို့​သော်လည်း ​​ကောင်းမင်က ထို​နေရာသို့ တစ်​ယောက်တည်း မကြာခဏ သွား​လေ့ရှိသည်မှာ ထူးဆန်း​နေသည်။


ထုံရွှယ်လူ ထိုအ​ကြောင်းကို သိလိုက်ရ​သောအခါ ကျန်းပိုင်​ဟွေ့ကို ​ခေါ်၍ ​ရေကန် ရှိရာသို့ ​အ​ပြေး​ရောက်လာခဲ့သည်။


ကျန်းပိုင်​ဟွေ့: "ရွှယ်လူ ဒီ​နေရာမှာ ​ကောင်းမင်ရဲ့ ဒိုင်ယာရီ ရှိတာ ​သေချာလား"


ထုံရွှယ်လူ ​ခေါင်းယမ်းပြလိုက်သည်။ "မ​သေချာဘူး... ဒါ​ပေမယ့် ငါ ကြိုးစားကြည့်ချင်လို့"


အ​ကောင်းဆုံး ကြိုးစားပြီး ရှာလို့မှ ရှာမ​တွေ့ရင် ဘုရားသခင်က ​ရှစ်ကျွင်းမင်နဲ့ အခြားသူ​တွေကို ကူညီ​နေတယ်လို့ပဲ ​ပြောရ​တော့မှာပဲ...


ထုံရွှယ်လူနှင့် ကျန်းပိုင်​ဟွေ့တို့က ​ရေကန်အနီးအနားတစ်ဝိုက် အ​သေအ​ကြေ ရှာ​ဖွေကြသည်။


​နေရာက အ​တော်​​လေး ကျယ်​ပြောလှသည်​ကြောင့် နှစ်​ယောက်သား ခါးနာသည်အထိ ရှာလိုက်ကြ​သော်လည်း မည်သည်ကိုမှ ရှာမ​တွေ့ကြ​ပေ။ 


မကြာခင် မနက်ခင်းတစ်ခုလုံး ကုန်ဆုံးသွားသည်။


ထုံရွှယ်လူ ထရပ်ကာ သူမ၏ ခါးကို နှိပ်လိုက်သည်။ "အရင်ဆုံး ထမင်းသွားစားကြမယ်... ပြီးမှ ပြန်လာရှာကြတာ​ပေါ့"


ကျန်းပိုင်​ဟွေ့က ပင်ပန်း​နေ​သော်ငြား မ​ကျေမနပ် ဖြစ်​မ​နေ​ပေ။ သို့​သော်ငြား သူမ၏ လက်ကို ဆွဲယူကာ ​ပြောလိုက်သည်။ "ကတိ​ပေး​နော်... ငါတို့ တစ်ခုခု ရှာ​တွေ့ရင် ငါ့ကို တစ်ဝကြီး ​​ကျွေး​မွေးရမယ်"


ထုံရွှယ်လူ ပြုံး၍ ​ခေါင်းငြိမ့်ပြလိုက်သည်။ "မပူနဲ့... အသုံးဝင်တာ ရှာ​တွေ့​တွေ့ မ​တွေ့​တွေ့ ငါ့ရဲ့ ကတိကို မ​ဖောက်ဘူး"


အစပိုင်းတွင် သူမက ကျန်းပိုင်​ဟွေ့အ​ပေါ် သတိထား​နေခဲ့​သော်လည်း ​နောက်ပိုင်းတွင် သူမက အ​တွေးဆိုးများ မရှိဘဲ သူမကိုပင် အကြိမ်များစွာ ကူညီ​ပေးခဲ့​ကြောင်း​ ​တွေ့ခဲ့ရသည်။ 


သူမက တဖြည်းဖြည်းဖြင့် သတိထားမှုများ ​လျှော့ချ​လာခဲ့​လေသည်။


နှစ်​ယောက်သားက ထမင်းစား​ဆောင်သို့ သွားကြမည်အပြု ထုံရွှယ်လူတစ်​ယောက် ​ကျောက်တုံးတစ်ခု၏ ဦးတည်ရာက အခြား​ကျောက်တုံးများနှင့် ကွဲပြား​နေ​ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။


"ခဏ​လေး"


ထုံရွှယ်လူ လက်ကို ဆွဲဖြုတ်ကာ ​ကျောက်တုံးရှိရာသို့ ​လျှောက်သွားလိုက်သည်။ 


​သေ​သေချာချာ စစ်​ဆေးကြည့်​သောအခါ အနည်းငယ် ထူးဆန်း​နေသည်။ ​ကျောက်တုံးကို ​ရွှေ့လိုက်​သောအခါ ​အောက်တွင် ​မြေကို တူးဆွထား​ကြောင်း ​ပေါ်လွင်သွားသည်။


ထုံရွှယ်လူ၏ ဦး​နှောက်ထဲတွင် ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခု ဖြတ်​ပြေးသွားပြီး သစ်ကိုင်းတစ်ခုကို အလျင်အမြန် ရှာကာ စတင်တူးထုတ်​လေ​တော့သည်။ 


ကျန်းပိုင်​ဟွေ့က အဘယ်​ကြောင့် သူမ ရုတ်တရက် ​​မြေကို တူးထုတ်​နေသည်ကို နားမလည်ခဲ့​ပေ။ "ဘာ​တွေ တူး​နေတာလဲ... တစ်ခုခု ရှိလို့လား"


ထုံရွှယ်လူ ပြန်မ​ဖြေ​ပေ။ တစ်ခဏအကြာ သစ်ကိုင်းက ခပ်မာမာ အရာဝတ္ထုတစ်ခုကို ထိမိသွားသဖြင့် သူမအ​ပျော်လွန်သွားပြီး ဆက်တူး​လေ​တော့သည်။ 


မကြာခင် ​မြေကြီးများ တူးထုတ်ပြီးသွား​သောအခါ သံ​သေတ္တာ​လေး တစ်ခု ​ပေါ်လာသည်။


သံ​သေတ္တာ​လေးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဒိုင်ယာရီတစ်ခု ရှိ​နေသည်။


ဒိုင်ယာရီကို ဖွင့်ကြည့်လိုက်​သောအခါ ရှစ်ကျွင်းမင်၏ အမည် ထွက်​ပေါ်လာ၏။


ထုံရွှယ်လူ၏ မျက်လုံးများ ဝင်းလက်သွား​လေသည်။


မတိုင်မီက သက်​သေမ​တွေ့ရဘဲ ရှစ်မိသားစု ထိုအခွင့်အ​ရေးကို အသုံးချကာ အမြင့်တက်လာမည်ကို စိုးရိမ်​နေခဲ့ရသည်။


သူမက ထိုသက်​သေအသစ်မှာ အလွန်ပင် အင်အားကြီးလှမည်ဟု မထင်ထားခဲ့​ပေ။ 


ကြိုးကြိုးစားစား လုပ်ခဲ့တဲ့အတွက် တန်​ကြေးပဲ...


ဒိုင်ယာရီထဲတွင် ​ကောင်းမင်နှင့် ရှစ်ကျွင်းမင်တို့အကြား ​နေ့စဥ် ​​ပြောဆိုဆက်သွယ်မှုများစွာ ပါဝင်ပြီး နှစ်​ယောက်သားက ရည်းစားစာ တစ်​စောင်ကို သုံးကာ ထုံရွှယ်လူအား အပုပ်ချရန် ကြံစည်ခဲ့ကြသည့်အ​ကြောင်းများ အပြင် ရှစ်ကျွင်းမင်က ​နောက်ပိုင်းတွင် အပြစ်များအားလုံး သူမအ​ပေါ် ပုံချခဲ့ပုံများနှင့် ရှစ်ကျွင်းမင် ​နေ့တိုင်း သူမကို ရိုက်နှက်ခဲ့သည့်အ​ကြောင်းများလည်း ပါဝင်​​ပေသည်။ သူက သူမသာ ​ခေါင်းငုံ့ခံ​နေသ​ရွေ့ သူမနှင့် ဆက်ဆံ​ရေးတစ်ခု တည်​ဆောက်မည် ဖြစ်ပြီး ဘွဲ့ရပြီးသည်နှင့် လက်ထပ်ကြမည်ဟုလည်း ကတိ​ပေးထားခဲ့သည်။ 


ပြစ်မှု ကျုးလွန်စဥ်က ကြိုးကို မည်သို့ ဖြတ်ခဲ့ပုံအ​သေးစိတ်ကိုလည်း ​ရေးသားထားခဲ့သည့်အပြင် ရှစ်ကျွင်းမင်က သူမအား ဒိုင်ယာရီ မ​ရေးရန် ​ပြောခဲ့ပုံများနှင့် သူမက မထိန်းနိုင်ခဲ့​ကြောင်းလည်း ပါဝင်သည်။ 


ရှစ်ကျွမ်းမင်မှာ သူတို့နှစ်​ယောက်၏ အချစ်​​ရေးကိစ္စများကို ဒိုင်ယာရီ စာအုပ်​ပေါ်တွင် ​ရေးသားထားပြီး ​နောက်ကျလျှင် သူ့အတွက် ချိန်း​ခြောက်လာနိုင်သည့် သက်​သေတစ်ခု ဖြစ်လာမည်ကို စိုးရိမ်​နေခဲ့ပုံရသည်။ ထို့​ကြောင့် သူက ​ကောင်းမင်ကို ဒိုင်ယာရီ ​ရေးသည့် အ​လေ့အကျင့်ကို စွန့်လွှတ်ရန် တတ်နိုင်သမျှ နည်းလမ်း​​ပေါင်းစုံကို သုံး၍ ​​​ဖြောင်းဖျခဲ့သည်။ 


​ကောင်းမင် လက်ခံခဲ့​သော်လည်း သူမက ဒိုင်ယာရီ ​ရေးသည့်အကျင့်ကို မူလတန်းကတည်းက ရှိလာခဲ့ခြင်း ဖြစ်သည်။ သူမက မ​ကျေနပ်ချက်များ နာကျင်မှုများကို ဒိုင်ယာရီထဲတွင် ​​ပေါက်ကွဲထုတ်​လေ့ရှိသည်။ သူမသာ ​ပေါက်ကွဲမထုတ်ရလျှင် အလွယ်တကူ ပြိုလဲကျသွားနိုင်သည်။ 


ရုန်းကန်ရပြီးနောက် ​ကောင်းမင်တစ်​ယောက် ထိုအကြံကို ရရှိလာခဲ့သည်။ တစ်ဖက်တွင် ရှစ်ကျွင်းမင်ကို ဖုံးကွယ်ထားနိုင်ပြီး အခြားတစ်ဖက်တွင် ​ရေကန်ရှိရာသို့ ​ရောက်လာကာ ဒိုင်ယာရီ ​ရေးသည်။ စာ​ရေးပြီးသွား​သောအခါ တွင်းတူး၍ မြှုပ်ထားခဲ့သည်။ 


ရှစ်ကျွင်းမင်က ​ကောင်းမင်တစ်​​ယောက် သူ့ဆန္ဒကို ဆန့်ကျင်ကာ ​သေလမ်းရှာ​ပေးထားမည်ကို ထင်ထားလိမ့်မည် မဟုတ်​​ပေ။


ကျန်းပိုင်​ဟွေ့က ဒိုင်ယာရီ ဖတ်ပြီးသွား​သောအခါ ပါးစပ် ကျယ်ကျယ်ဟလာပြီး ​​ကြောက်လန့်တုန်လှုပ်သွားသည်။


"​ကောင်းမင်က တကယ်ကြီး စိတ်ကျန်းမာ​ရေးချို့တဲ့​နေတာပဲ... ​ရှစ်မျိုးရိုးက ဒီ​လောက်ဆိုးတာ​တောင် တွဲ​နေ​သေးတယ်"


"​ယောကျ်ားတစ်​ယောက်ကသာ ငါ့ကို ​လှောင်​ပြောင်​စော်ကားပြီး သိက္ခါချရဲရင် သူ့​ခေါင်းကို ထုခွဲပစ်လိုက်မှာ"


ထုံရွှယ်လူက နှုတ်​ခမ်း​ထောင့်​လေးများကို တွန့်​ကွေးလိုက်​သော်လည်း စကားတစ်ခွန်းမှ ​ပြောမလာခဲ့​ပေ။ 


​ကောင်းမင်က PUA စီက​နေ အဖမ်းခံလိုက်ရတယ်... သူမ တကယ်ကြီး ထင်မထားတာ...


သူမက ​ကောင်းမင်အား အချစ်စိတ်မွှန်​နေသူဟုသာ ​တွေးထားခဲ့ခြင်းဖြစ်သည်။ အဆုံးတွင် ​နှစ်​ယောက်သားက ကောင်းမင် အချစ်စိတ်မွှန်​နေ၍သာ တွဲ​နေကြခြင်း ဖြစ်မည်ဟု ထင်မထားခဲ့​သော်လည်း ​ရှစ်ကျွင်းမင်က ​ကောင်းမင်ကို PUAစိတ်ဖြင့် ထိန်းချုပ်​နေမည်ဟု ထင်မထားခဲ့​ပေ။


PUA အပြည့်အစုံ(Pick-upArtist)မှာ အစပိုင်းတွင် ​ပြောဆိုဆက်သွယ်​ရေး အရည်အချင်းများကို ရည်ညွှန်းပြီး ​နောက်ပိုင်းတွင် ချွတ်ယွင်းချက်များကို အသုံးချရာမှ စိတ်ခံစားချက်များကို ထိန်းချုပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုများကို ဖြစ်​ပေါ်လာ​စေခြင်း ဖြစ်သည်။ 


PUA ​ယောကျ်ားများမှာ အစပိုင်းတွင် မိန်းက​လေးများ အ​ပေါ် ​ကောင်းမွန်ပြီး တည်ငြိမ်သည့် ဆက်ဆံ​ရေးတစ်ခုကို တည်​ဆောက်လိုက်သည်နှင့် တစ်ဖက်လူကို ရူးသွပ်စွာ ဖိနှိပ်လာတတ်ကြသည်။ သူတို့က မိန်းက​လေးများ ပြုလုပ်လာသည့် အမှားအယွင်းများကို ကိစ္စအကြီးကြီးများအဖြစ် ပုံကြီးချဲ့ကာ မိန်းက​လေးများကို သူတို့အတွက် အပြစ်ရှိစိတ်များ အပြစ်ဝင်စိတ်များ ​​ပေါ်​ပေါက်လာ​စေပြီး​နောက် တစ်ဖက်လူကို ထိန်းချုပ်မည့် ရည်ရွယ်ချက် ပြည့်​မြောက်​အောင် လုပ်​ဆောင်တတ်ကြသည်။


​သေချာ​ပေါက်ပင် ရှစ်ကျွင်းမင်က အချိန်ခရီးသွားသူလည်း မဟုတ်သလို ပြန်လည်​မွေးဖွားလာသူလည်း မဟုတ်​ပေ။ အခြားသူများ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ခြင်းမှာ အချိန်အကြာကြီး ကတည်းက ရှိခဲ့သည်ဟု ဆိုရ​ပေမည်။ သို့​သော်လည်း ယခင်က လူအများက ၎င်းကို သ​ဘောမ​ပေါက်ခဲ့ကြ​ပေ။ 


ယခုလိုပင် သူမက ကျန်းပိုင်​ဟွေ့ကို PUAအ​ကြောင်း ရှင်းမပြနိုင်ဘဲ PUA ရရှိခဲ့သူများမှာ တုံးအသူများ မဟုတ်ကြဘဲ စိတ်ခံစားချက်များ အထိန်းချုပ်ခံရပြီး ကူကယ်ရာမဲ့လုပ်ကြရခြင်းသာ ဖြစ်သည်ဟု ရှင်းပြနိုင်ရန်ကား အ​​ဝေးကြီးသာပင်။


ကျန်းပိုင်​ဟွေ့က သူမဘာသာ ​ပြော​နေသည်။ 


"ဒီမှာ ​ရေးထားတာကို ကြည့်စမ်းပါဦး... သူက ကြိုးကို မဖြတ်ခင် မီးဆိုင်း ကျလာမဲ့အချိန်ကို တိတိကျကျ တွက်ချက်ဖို့ ကြိုးကို မဖြတ်ခင် လက်​တွေ့စမ်းသပ်ချက်​တောင် လုပ်ခဲ့​သေးတယ်... ပြီး​တော့ မီးဆိုင်းက နင့်​ခေါင်းကို အတိအကျ ထိသွားဖို့ နင်အစမ်း​လေ့ကျင့်မယ့်အချိန်ကို ​ပေါင်းစပ်လိုက်တယ်... သူက သိသိသာသာကြီး ဒီ​​လောက် ဥာဏ်​ကောင်း​နေတာပဲကို ဒီဥာဏ်​ကောင်းတာကို ​ကောင်းတဲ့​နေရာမှာ အသုံးမချဘူး" 


ထုံရွှယ်လူ ထိုအချက်ကို ​ထောက်ခံလိုက်သည်။ "နင်​ပြောတာ မှန်တယ်... သူသာ သူ့စိတ်​တွေကို မှန်ကန်တဲ့​နေရာမှာ ထားလိုက်ရင် ​သေတဲ့အထိ အဖြစ်ဆိုးသွားရမှာ မဟုတ်ဘူး... ဒိုင်ယာရီကို ဌာနမှုးဆီ သွား​ပေးကြရ​အောင်"


ကျန်းပိုင်​ဟွေ့က ​ခေါင်းငြိမ့်ပြလိုက်ပြီး နှစ်​ယောက်လုံးက ဌာနရုံးခန်းရှိရာသို့ အတူတကွ သွားလိုက်ကြသည်။ 


ဒိုင်ယာရီကို မြင်ပြီး​နောက် ဌာနမှုးမှာ ကမ္ဘာကြီးအ​ပေါ် မြင်သည့်အမြင်များ ​​ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။


ဌာနမှူးက ​​ပြောလိုက်သည်။ "ဒါကို ​ရေကန်​ဘေးမှာ ရှာ​တွေ့တာလား... ဒါ​ပေမယ့် ​ရေကန်မှာ ဒိုင်ယာရီ သွားရှာဖို့ ဘယ်လိုအကြံရခဲ့တာလဲ"


ထုံရွှယ်လူ: "ကျွန်မလည်း ​ကောင်းမင်ကို ​ရေကန်​ဘေးမှာ ဒိုင်ယာရီ ဖွက်ထားမယ်လို့ မသိခဲ့ပါဘူး... ဒါ​ပေမယ့် လူ​တွေ အများကြီးက ​ကောင်းမင် ​ရေကန်ဘက်ကို တစ်​ယောက်တည်း ခဏခဏသွားတယ်လို့ ​​ပြောတာ ကြားတာနဲ့ သဲလွန်စတစ်ခုခုများ ရှိမလားသွားကြည့်တာ... သက်​သေရခဲ့မယ်လို့ မထင်ထားဘူး"


သဘာဝကျကျပင် သူမက အခြားသူများအား ထွက်ဆိုချက်ထဲတွင် မြင်ခဲ့ရသည်ဟု မ​ပြောနိုင်​​ပေ။


ဌာနမှုးက သူမကို တစ်ချက်ကြည့်လိုက်သည်။ "ရဲဌာနက ရဲ​ဘော်​တွေ​တောင် အဲ့ဒီ​နေရာမှာ ရှာခဲ့ကြတာ ဘာတစ်ခုမှ ​မ​တွေ့ခဲ့ရဘူး... မင်းက တကယ်ကံ​ကောင်းတာပဲ" 


​ပြောပြီး​နောက် သူက ရဲဌာနကို ဖုန်းဆက်​ခေါ်လိုက်သည်။ လုံခြုံ​ရေးဌာနမှ ရဲ​ဘော်များက တစ်နာရီ မကြာခင်မှာပင် ​ရောက်ရှိလာကြသည်။ 


ဒိုင်ယာရီ ဖတ်ပြီး​နောက် ရဲအရာရှိများက ​ကောင်းမင်၏ ​လေ့ကျင့်ခန်းစာအုပ်ကို ထုတ်ယူကာ လက်​ရေးများကို ​သေ​သေချာချာ ယှဥ်ကြည့်လိုက်ပြီး ဒိုင်ယာရီမှာ အမှန်ပင် ​ကောင်းမင်၏ ပစ္စည်းဖြစ်​ကြောင်း အတည်ပြုနိုင်ခဲ့သည်။


ရဲအရာရှိများမှာ ကိစ္စများကို ထိုသို့ ​ပြောင်းလဲသွားမည်ဟု ထင်မထားကြ​ပေ။


 "မင်း ဒီသက်​​သေကို အချိန်ကိုက် ရှာ​တွေ့ခဲ့တာပဲ... ဒီလို သက်​သေသာ မရှိရင် လူယုတ်မာ​ကောင်ကို သူရဲ​ကောင်းလို ဆက်ဆံမိ​တော့မလို့"


ဤနှစ်ရက်အတွင်း သက်​​​သေအသစ် မရှိသဖြင့် ဤအမှုကိုသာ ပိတ်လိုက်ပါက ရှစ်ကျွင်းမင်ကို သူ့ကိုယ်သူ စ​တေးကာ အများသူငှာကို ကယ်ဆယ်သည့် ရဲရင့်သူ အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ ထိုကိစ္စမျိုးသာ ဖြစ်လာခဲ့ပါက အ​ခြေအ​နေက ​လုံးဝ ​ပြောင်းပြန် ဖြစ်သွားရ​​ပေ​တော့မည်။


ထုံရွှယ်လူက အလိုက်သင့် ​ပြောလိုက်သည်။ "ကြည့်ရတာ ကံကြမ္မာ​ကြောင့် ဖြစ်မှာပါ... သက်​သေရှာဖို့ ​အရမ်း​နောက်မကျသွား​သေးပါဘူး"


ကျန်းပိုင်​ဟွေ့က သိလိုစိတ်ပြင်းစွာဖြင့် ​မေးလိုက်သည်။ "ရဲ​ဘော်တို့... ရှစ်ကျွင်းမင်က ရွှယ်လူ့ကို လုပ်ကြံဖို့ ​ကောင်းမင်ကို အကြိမ်အများကြီး တွန်းအား​ပေးခဲ့တာဆို​တော့ ​သေဒဏ်​ပေးခံရနိုင်လား"


ရဲအရာရှိက ​ပြောလိုက်သည်။ "ဒါက​တော့ ​ကောင်းမင်ရဲ့ ​သေဆုံးမှုက သူနဲ့ ပတ်သက်​နေမ​နေ​ပေါ် မူတည်တယ်"


​ကောင်းမင်၏ ​သေဆုံးမှုက မ​တော်တဆမှုသာ ဖြစ်ခဲ့ပါက ဤဒိုင်ယာရီ ရှိထားလျှင်ပင် ရှစ်ကျွင်းမင်အား ​သေဒဏ်​ပေးရန် မဖြစ်နိုင်​ပေ။ အများဆုံးရှိလှ နှစ်​ပေါင်းများစွာ အကျဥ်းကျခံရရုံသာ ဖြစ်သည်။ 


သူက လက်ရှိတွင် လုံးဝ အ​ကြော​သေ​နေလေရာ သူ့ကိုသာ ​ထောင်ချထားလိုက်ပါက ပြည်သူ့လုံခြုံ​ရေး ဗျူရိုအတွက် ဒုက္ခများသွား​စေနိုင်သည်။ 


ကျန်းပိုင်​ဟွေ့က ဆက်​မေးချင်​နေ​သေး​သော်လည်း ထုံရွှယ်လူထံမှ ဆွဲ​​​ခေါ်ခံလိုက်ရသည်။ "ငါတို့အခုထိ မစားရ​သေးဘူး​လေ... မြန်မြန် သွားရ​အောင်"


ကျန်းပိုင်​ဟွေ့၏ အာရုံများက ချက်ချင်း ​ပြောင်းသွား​လေသည်။ "နင်မ​ပြောရင် ငါ​မေ့​တော့မလို့ပဲ... နင်လည်း ​ပြော​ရော ငါ့ဗိုက်က ဒရမ်လို မြည်လာ​တော့တာပဲ... မြန်မြန် ​လျှောက်ပြီး သွားစားကြမယ်"


ထုံရွှယ်လူက သူမကို ရုံးခန်းထဲမှ ဆွဲ​ခေါ်လာခဲ့ပြီး​နောက် ​ပြောလိုက်သည်။ "​နေ့လည်စာလွန်​​နေပြီ... ငါနင့်ကို အပြင်က အစိုးရပိုင်စား​သောက်ဆိုင်မှာ စားဖို့ ဖိတ်မယ်​လေ"


ကျန်းပိုင်​ဟွေ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "ဒါကို သုံးပြီး ငါ့ကို လာ​ချွေးမသိပ်နဲ့​နော်... ငါ​ပြောမယ် ငါလက်မခံနိုင်ဘူး​နော်... ငါက နင်ချက်တာပဲ စားချင်တာ"


ထုံရွှယ်လူက တည်ငြိမ်စွာ ရယ်​မောလိုက်သည်။ "ဒါ​ပေါ့ ဘယ်ဟုတ်မလဲ... ငါဒီတစ်ကြိမ် စားဖို့ဖိတ်မယ်... ​နောက်တစ်ခါကျမှ ကိုယ့်ဘာသာ ချက်​ကျွေးမယ်​​လေ... ဒါဆိုရင် ရပြီလား"


ကျန်းပိုင်​ဟွေ့က သူမ၏ ဗိုက်​လေးကို ထိလိုက်သည်။ "ဒါလည်း အဆင်​ပြေတာပါပဲ" 


နှစ်​ယောက်သားက လမ်း​လျှောက်လာခဲ့ကြပြီး ထုံရွှယ်လူက ​ကောင်းမင် ခုန်ချခဲ့သည့် ​နေရာကို ပြန်လှည့်ကြည့်လိုက်မိသည်။