🍵Chapter 293
ပြည်သူ့ လုံခြုံရေးဌာနက ရှစ်ကျွင်းမင်နှင့် ရှစ်မိသားစုထံမှ အရူးလုပ်ခံလိုက်ရသဖြင့် သူတို့အား လွယ်လွယ် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ဤတစ်ကြိမ်၌ ရှစ်ကျွင်းမင် သေသွားရပေလိမ့်မည်။
ရှစ်မိသားစုမှာ ကပ်ဘေးဆိုးကြီး နီးကပ်လာနေသည်ကို မသိခဲ့ပေ။
ဒုတိယအစ်ကိုရှစ်: "ကျွင်းမင်.. မင်း ဒါကို လက်မခံနိုင်သေးဘူးဆိုတာ အဖေသိပါတယ်... ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့... အဖေသေချာပေါက် သားကို ကုသပေးဖို့ နည်းလမ်းရှာပေးမယ်"
ရှစ်ကျွင်းမင်က မျက်နှာကျက်ကို တည့်တည့် စိုက်ကြည့်နေပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။
"ဆရာဝန်တွေတောင် ကျွန်တော့်ကို တစ်ဘဝလုံး မတ်တပ်ပြန်ရပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောထားတာ... အဖေက ဘာလုပ်နိုင်မှာမို့လဲ"
ဒုတိယအစ်ကိုရှစ်က အပ်နှင့် ထိုးဆွခံလိုက်ရသလို ဖြစ်သွားပြီး တစ်ခဏလောက်အထိ သူ့အား မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့သဖြင့် ခေါင်းမော့ကာ ချန်ရှို့ယွင်ကို အကူအညီ တောင်းလိုက်သည်။
ချန်ရှို့ယွင် အနားကပ်လာပြီး လတ်လတ်ဆတ်ဆတ် ခွာထားပြီး အတုံးလေးများ တုံးထားသော ပန်းသီးများကို ခက်ရင်းလေးဖြင့် စိုက်ကာ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျွင်းမင်... မင်းသာ သူရဲကောင်းအဖြစ် ဆုချီးမြင့်ခံရရင် စာဆက်လေ့လာနိုင်ရုံတင်မကဘူး မျိူးဆက်သစ်စာရေးသူ တစ်ယောက် ဖြစ်လာလိမ့်မယ်"
ကိုယ့်ကိုယ်ကိုယ် စတေးကာ အခြားသူများကို ကယ်တင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်း ဖြစွသွားသည့် သူရဲကောင်းတစ်ယောက်အနေဖြင့် ကိုယ်ပိုင်စာပေလက်ရာများ ထုတ်ဝေလိုပါက မည်သည့် ပုံနှိပ်တိုက်ကမှ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
ရှစ်ကျွင်းမင်က အရည်အချင်း ရှိသော်လည်း ထိုအရည်အချင်းက သူ့ကို လူအုပ်ထဲမှ ထင်းထွက်နိုင်စေရန် မလုံလောက်ခဲ့သော်ငြား ယခုတွင် ကွဲပြားသွားလေပြီ။
သူသာ သူရဲကောင်း တစ်ယောက် ဖြစ်လာပြီး နောက်ပိုင်းတွင် စာအနည်းငယ်ရေးနေသရွေ့ လူသိများသည့် စာရေးသူတစ်ယောက် ဖြစ်လာပြီး ဂုဏ်သတင်းကြီးမားလှသည့် မျိုးဆက်သစ် စာရေးသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ရှစ်ကျွင်းမင်က မျက်လုံးများ မှိတ်ထားလိုက်သည်။ "ဝမ်မိသားစုဘက်က ကျွန်တော်တို့ကို မတိုက်ခိုက်လောက်ဘူးလို့ ထင်နေတာလား... သူတို့က ကျွန်တော် သူရဲကောင်းအဖြစ် နာမည်တပ်ခံရတာကို ထိုင်ကြည့်နေပါ့မလား"
ချန်ရှို့ယွင်က သူ မစားဘဲ နေသည်ကို မြင်သောအခါ တိုက်တွန်းလိုက်သည်။
"ဝမ်မိသားစုက ငါတို့ ပြန်အဆင်ပြေလာမှာကို လိုလားကြမှာ မဟုတ်ပေမယ့် သူတို့ မကျေနပ်ရင်လည်း ဘာလုပ်နိုင်မှာလဲ"
သူတို့သာ သက်သေအသစ်ကို ရှာမတွေ့ခဲ့ပါက ဤတစ်ကြိမ်၌ သူတို့တွေ ပြန်ပြီး ရပ်တည်လာနိုင်တော့မည် ဖြစ်သည်။
ဒုတိယအစ်ကိုရှစ်က ချန်ရှို့ယွင်တစ်ယောက် စကားလုံး အနည်းငယ်မျှဖြင့် သားဖြစ်သူအား သိမ်းသွင်းနိုင်ခဲ့သည်ကို မြင်သောအခါ အထင်ကြီးသွားသည်။
"ကျွင်းမင်... သား သူရဲကောင်းဘွဲ့ရပြီးသွားရင် အဖေ မင်းအတွက် မိန်းမကောင်းလေးတစ်ယောက် ရှာပေးပြီး သားတစ်ဘဝလုံးကို ပြုစုစောင့်ရှောက်ခိုင်းမယ်"
ချန်ရှို့ယွင်က သူမ၏ နှုတ်ခမ်းများကို ကွေးကာ ပြောလိုက်သည်။ "ဒီလောက်ထိ စိုးရိမ်စရာ မလိုပါဘူး... ကျွင်းမင်သာ စာရေးဆရာတစ်ယောက် ဖြစ်လာရင် မိန်းကလေးတွေ အများကြီးက လက်ထပ်ဖို့ တောင်းဆိုလာကြမှာ"
ရှစ်ကျွင်းမင်က တစ်ဘဝလုံး အိပ်ရာပေါ်တွင် လဲနေရပြီး ပြန်ကောင်းလာနိုင်တော့မည် မဟုတ်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ယခုတွင် ချန်ရှို့ယွင် ဖော်ပြလာသည့် အနာဂါတ်တွင် စာရေးဆရာ တစ်ယောက် ဖြစ်လာမည်ဟု ကြားလိုက်ရသောအခါ ခြောက်သွေ့နေသော မြေပြင်ပေါ်တွင် နွေဦးမိုးပြေးလေးများ ကျဆင်းလာသည့်အလား ခြောက်သွေ့နေသော သူ့စိတ်ထဲတွင် အညွန့်တက်လေးများ ပေါက်လာခဲ့သည်။
ရှစ်မိသားစုက တောက်ပသော အနာဂါတ်အကြောင်း တွေးနေစဥ်မှာပင် ဆေးရုံတံခါးချပ်က ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး ရဲအရာရှိနှစ်ယောက် ဝင်လာခဲ့သည်။
"ရဲအရာရှိနှစ်ယောက်... ရောက်လာတာပဲ... အမှုက ပိတ်သွားပြီလားဟင်"
ရဲအရာရှိများမှာ ယခင်က သူတို့ ရောက်လာကြသည့်အချိန်များတွင် ကောင်းမွန်သော သဘောထားများ ရှိကြသော်လည်း ယခုတွင် သူတို့၏ မျက်နှာများ မဲမှောင်နေသည်ကို တွေ့လိုက်ရသောအခါ ချန်ရှို့ယွင်၏ နှလုံးသားထဲတွင် မိုးကြိုးသံများ မြည်ဟီးသွားပြီး နှလုံးသားထဲတွင် နိမိတ်မကောင်းသော ခံစားချက်များ ရလာခဲ့သည်။
"အမှုပိတ်တာလား... ဒီလောက်အစောကြီးမှာလေ" ရဲအရာရှိတစ်ယောက်က ချန်ရှို့ယွင်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်တော်တို့ဘက်ကနေ ရှစ်ကျွင်းမင်က ထွက်ဆိုချက် အမှားတွေ ပြောခဲ့တဲ့အကြောင်း သက်သေအသစ် ရထားပြီးပြီ... ကျွန်တော်တို့ အခု သူ့ကို ကောင်းမင်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိနေတယ်... ဒါကြောင့် သူ့ကို စစ်ဆေးမေးမြန်းဖို့အတွက် ပြည်သူ့လုံခြုံရေးဌာနကို ခေါ်သွားရမယ်"
"!!!"
မြေပေါ်သို့ မိုးကြိုး ပစ်ချလိုက်သလိုပါပင်။
ရှစ်မိသားစုမှာ ရှော့ခ်ရလွန်းသဖြင့် ချင်ချင်း သေဆုံးလုနီးပါး ဖြစ်သွား၏။
ချန်ရှို့ယွင်၏ လက်ထဲမှ ပန်းသီးက မြေပေါ်သို့ ကျသွားသည်။ ပန်းသီးက အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် ဖုန်မှုန့်များ ပေလူးသွားလေသည်။
သူမက နှုတ်ခမ်းများ ဟလျက် ရဲအရာရှိများကို ကြည့်လိုက်ပြီးနောက် အဆုံးတွင် သူမ၏ နှလုံးသားထဲမှ နိမိတ်မကောင်းသော ခံစားချက်က မည်သည့်အရာ ဖြစ်သည်ကို နားလည်သွားသည်။
"ရဲဘော်တို့... တစ်ခုခု မှားနေတာများလား... ကျွင်းမင်က ကောင်းမင် သေတဲ့ကိစ္စနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်မှာလဲ... ဒါကို အရင်ကလည်း စုံစမ်းစစ်ဆေးပြီးသွားပြီ မဟုတ်ဘူးလား"
သူမက ရှစ်ကျွင်းမင်ကို သူရဲကောင်းတစ်ယောက်ပါဟု ပြောချင်ခဲ့သော်ငြား ရဲအရာရှိများ၏ အေးစက်စက် မျက်လုံးများဖြင့် ဆုံတွေ့လိုက်ရသောအခါ ကတိုက်ကရိုက် ပြန်မျိုချလိုက်ရသည်။
ဒုတိယအစ်ကိုရှစ်မှာလည်း အသိပြန်ဝင်လာပြီး လက်များ တဆတ်ဆတ် တုန်ယင်လာသည်။ "ဟုတ်ပါတယ် ကျွန်တော့်သားက လူကောင်းလေးပါ... သူလိမ်မှာ မဟုတ်ပါဘူး"
ရဲအရာရှိများက ပြောလိုက်သည်။ "ကျွန်တော်တို့ဘက်က သက်သေရထားပြီးပြီ... ခင်ဗျားတို့တွေ သူ့ကို ကာကွယ်ပေးနေမယ်ဆိုရင် ခင်ဗျားတို့ကိုပါ အတူတူ ထောင်ချလိုက်မှာ"
ချန်ရှို့ယွင်နှင့် ဒုတိယအစ်ကိုတို့ နှစ်ဦးသားလုံး ကြက်ကြီး လည်လိမ်သွားသလို နင်သွားကြပြီး စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
ရှစ်ကျွင်းမင်၏ နှလုံးသားထက် ကျောက်တုံးကြီးတစ်ခု တည့်တည့်ပြုတ်ကျသွားလေသည်။ ရဲအရာရှိများက သူ့ကို တွန်းလှည်းပေါ်သို့ တွန်းတင်တော့မည်အပြုတွင် ရုတ်တရက် ပြောလာခဲ့သည်။
"ခင်ဗျားတို့ ရှာတွေ့ထားတဲ့ သက်သေအသစ်က ဘာလဲ"
"ကောင်းမင်ရဲ့ ဒိုင်ယာရီ"
"..."
ရှစ်ကျွင်းမင်၏ မျက်နှာထက် ရုတ်တရက်ဆိုသလို သွေးဆုတ်ဖြူလျော်သွားပြီး တစ်ကိုယ်လုံး နွမ်းလျသွားသည်။
သူတော့သွားပြီ...
ဒီတစ်ခါတော့ တကယ်သွားပြီ
🍵
ရဲဌာန၏ လုပ်ကိုင်နိုင်စွမ်းက အလွန် မြင့်မားလှပြီး ဤတစ်ကြိမ်၌ ရှစ်ကျွင်းမင်က တစ်ရက်မကြာခင်မှာပင် ဝန်ခံလာခဲ့သည်။
သူက ထုံရွှယ်လူကို လုပ်ကြံရန်အတွက် ကောင်းမင်ကို သွေးထိုးခဲ့ကြောင်း ဝန်ခံလာပြီး သူ ကောင်းမင်ကို ကျောင်းဆောင်ပေါ်မှ တွန်းချလိုက်ခြင်း ဖြစ်ကြောင်းကိုလည်း ဝန်ခံလာခဲ့သည်။
သေချာပေါက်ပင် သူက အစပထမတွင် ခေါင်းမာမာဖြင့် ငြင်းဆန်နေပြီး ကောင်းမင်၏ သေဆုံးမှုကို မတော်တဆဟုသာ တံဆိပ်ကပ်ချင်ခဲ့သည်။ သူသာ လူသတ်မှုနှင့် မဆိုင်သရွေ့ ထုံရွှယ်လူကို ဆန့်ကျင့်ခဲ့သည့် အခြားကိစ္စများမှာ အမှုကြီး ဖြစ်သည်ဟု သတ်မှတ်၍ မရပေ။
သို့သော်ငြား ယခင်က လိမ်ညာထားခဲ့ခြင်းကြောင့် ရဲဌာနဘက်မှလည်း ဤတစ်ကြိမ်၌ အရေမရအဖတ်မရ စကားများကို နားထောင်နေလိမ့်မည် မဟုတ်ပေ။
သူတို့တွင် ရှစ်ကျွင်းမင်ကို ပါးစပ်ဟလာစေရန် လုပ်နိုင်မည့် နည်းလမ်းများ ရှိပေသည်။
ရှစ်ကျွင်းမင် အဖမ်းခံရကတည်းက ချန်ရှို့ယွင်မှာ ရှစ်မိသားစု ပြီးဆုံးသွားတော့မည်ကို သိနေသဖြင့် ဝမ်ရူကွေ့ကို သွားရှာချင်ခဲ့ပါသော်လည်း သံထက် ခိုင်မာသော သက်သေရှေ့တွင် မည်သူ့ကို ရှာရှာ အသုံးမဝင်ပါပေ။
ဤအမှုတွင် သူမက အသက်ကို ကာကွယ်ရန် ကားကို မဆိုင်းမတွ စွန့်ပစ်လိုက်လေသည်။(ကိုယ်လွတ်ရုန်း)
ကောင်းမင်ကို စာသင်ဆောင်ပေါ်မှ တွန်းချခဲ့သည့်ကိစ္စကို မဆိုထားနှင့် အစမှ အဆုံးအထိ ရှစ်ကျွင်းမင်၏ အလိမ်အညာများကို မသိခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
ရှစ်ကျွင်းမင်မှာ သူမကို သေလောက်အောင် မုန်းတီးသွားလေသည်။
သေခြင်းတရား အဆုံးသတ်မှသာ နိုးထလာခဲ့ရသည်။ ထိုအချိန်က ချန်ရှို့ယွင်နှင့် သူ့ဦးလေးသာ မဖောက်ပြန်ခဲ့ပါက သူတို့၏ ရှစ်မိသားစုက ယနေ့ရောက်ရှိနေသည့် နေရာသို့ ရောက်နေလိမ့်မည် မဟုတ်ပေ။
သူသည်လည်း ထုံရွှယ်လူကို ဆန့်ကျင်မိသည့်အတွက် သေဆုံးရမည့် အဆုံးသတ်သို့ ရောက်ရှိသွားမည် မဟုတ်ပေ။ သူ့ထံတွင် တောက်ပနေသည့် အနာဂါတ်တစ်ခု ရှိနေပါလျက် ယခုတွင် တစ်ကိုယ်လုံး အကြောသေသွားပြီး သေဒဏ်ကျခံရပေတော့မည်။
သူက ချန်ရှို့ယွင်ကိုပါ ရေထဲသို့ အတူတူ ဆွဲချလိုပါသော်လည်း ထိုနေ့က သူရဲကောင်း လုပ်မည့်ကိစ္စကို ပြောပြခဲ့သူမှာ သူ့ဖခင် ဖြစ်နေသည်။ အခြားစကားဖြင့် ပြောရပါက သူသာ ချန်ရှို့ယွင်ကို ရေထဲသို့ ဆွဲချချင်လျှင် သူ့အဖေနှင့် အဘိုးတို့သည်လည်း အတူတူ ဆွဲချခံရတော့မည် ဖြစ်သည်။
ထိုအကြောင်းကြောင့် အဆုံးတွင် ချန်ရှို့ယွင်ကို ဆွဲမချခဲ့ပေ။
ချန်ရှို့ယွင်က ထိုအကြောင်းကို တွေးထားပြီးသားဖြစ်၍ ယုံကြည်မှု ရှိနေသည်။ သေချာပေါက်ပင် မျက်နှာထက်၌ စိုးရိမ်သောက ရောက်နေသည့် အမူအယာကိုသာ အမြဲတမ်း ဆင်မြန်းထားလေသည်။
"ဒုတိယအစ်ကို... မိသားစုကို လာဖို့ မြန်မြန် အကြောင်းကြားလိုက်ရအောင်... ကျွန်မတို့ ပိုကောင်းအောင် မလုပ်နိုင်ရင် နောက်ကျရင် ကျွင်းမင်ကို ထပ်မတွေ့ရတော့မှာ စိုးမိတယ်"
ရှစ်ကျွင်းမင်က သေဒဏ်ကျခံရပြီးသား ဖြစ်သည်။ ဆိုးဝါးသော သက်ရောက်မှုများနှင့် ရှစ်ကျွင်းမင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပြည်သူ့လုံခြုံရေးဌာနက သေဒဏ်ပေးမည့် ရက်ကို ရက်တိုးထားပြီး နောက်တစ်ပတ်အကြာတွင် အချိန်သတ်မှတ်ထားသည်။
ဒုတိယအစ်ကိုက နှာခေါင်းများ ပွယောင်းလာသည်အထိ ငိုကြွေးနေသည်။
"ကျွင်းမင်က အခုမှ နှစ်ဆယ့် ခုနစ်နှစ်ပဲ ရှိသေးတာပါ... သူက လက်ထပ်ပြီး ကလေးတောင် မရသေးဘူး... သွားရရှာတော့မယ်... သနားစရာ ငါ့ကလေး"
ရှစ်ကျွင်းမင်က အမှန်တွင် လက်ထပ်ထားပြီးသား ဖြစ်သည်။ သူ့ဇနီးက ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်အကြောင်း သိလိုက်ရပြီးနောက် မယုံနိုင်ဖွယ်ရာ ဖြစ်သွားကာ စကားအချို့ ပြောမိသွားသည်။ သေချာပေါက်ပင် ထိုစကားများ၌ နားထောင်မကောင်းသော စကားလုံးများစွာ ပါသဖြင့် နှစ်ယောက်သား ရန်ဖြစ်စကားများခဲ့ရသည်။
ထိုမိန်းမက မိသားစုခွဲရန် တောင်းဆိုခဲ့သည်။ ထိုမှသာ ရှစ်ရှိုးနန်နှင့် ချန်ရှို့ယွင်တို့၏ မိသားစုနှင့် ရှင်းရှင်းလင်းလင်း ဖြစ်သွားမည် ဖြစ်သည်။ ရှစ်မိသားစု အကြီးအကဲများက သဘာဝကျကျပင် ငြင်းဆန်ကြသဖြင့် ပြဿနာမှာ ကွာရှင်းရခြင်းဖြင့် အဆုံးသတ်သွားသည်။
နောက်ပိုင်းတွင် ရှစ်ကျွင်းမင်က ထပ်ပြီး လက်မထပ်ဖြစ်တော့သော်လည်း ယခုတွင် ထိုအမျိုးသမီးက ရွံရှာစရာများမှ ကင်းလွတ်သွားပုံပေါ်သည်။
ချန်ရှို့ယွင်က သည်းသည်းထန်ထန် ငိုကြွေးနေသည့် ဒုတိယအစ်ကိုရှစ်ကို ကြည့်ကာ သည်းမခံနိုင်တော့သဖြင့် အိမ်ကို ဖုန်းဆက်ရန်အတွက် တယ်လီဖုန်းရုံးကို သွားလိုက်သည်။
ဒုတိယမရီးရှစ်က သူမ၏သား သေဒဏ်ကျခံရတော့မည်ကို သိလိုက်ရသောအခါ ချက်ချင်းဆိုသလို မူးမေ့သွားပြီး နိုးထလာသောအခါ ရူးသွပ်သွားလေသည်။
သူမက ရှစ်ရှိုးနန်၏ အိမ်သို့ ပြေးသွားခဲ့ပြီး အိမ်တစ်ခုလုံး မွစာကျဲသွားအောင် ပေါက်ခွဲ ဖျက်စီးလိုက်ပြီးနောက် ရှစ်ရှိုးနန်ကို ထုရိုက် ကန်ကျောက်လိုက်သည့်အပြင် မျက်နှာကိုပါ ကုတ်ခြစ်လိုက်သည်။