🍵Chapter 294
ဒုတိယအဘိုးရှစ်သည်လည်း မြေးဖြစ်သူ အကြောသေသွားသည့်အကြောင်း ကြားလိုက်ရကတည်းက တစ်ခါ မေ့လဲသွားခဲ့ရသည် ဖြစ်ရာ ယခုတွင် မြေးဖြစ်သူ သေဒဏ် ကျခံတော့မည့်အကြောင်း သိလိုက်ရသောအခါ မြေပေါ်သို့ လဲကျသွားပြီး ပြန်မနိုးထလာနိုင်တော့ပေ။
ဒုတိယအဘိုးရှစ် သေဆုံးသွားသောအခါ ဒုတိယမရီးရှစ်မှာ ဝမ်းမနည်းရုံသာမက နှလုံးသားထဲတွင်လည်း လွန်စွာ ပျော်ရွှင်နေခဲ့လေသည်။
သူမက ဒုတိယအဘိုးရှစ်၏ စျာပနပွဲကို စီစဥ်ပေးရန် မနေလိုတော့သဖြင့် အထုပ်များ ထုပ်ပိုးသိမ်းဆည်းကာ ပေကျင်းသို့ ထွက်လာခဲ့သည်။
ရထားထဲမှ ထွက်လာသည်နှင့် ခေါင်းများဖြူဖွေးနေသော ယောကျ်ားဖြစ်သူနှင့် ချန်ရှို့ယွင်တို့ မျက်ရည်များ သုတ်ကာ ဝမ်းနည်းညှိုးငယ်နေသော အသွင်ဖြင့် ဘေးတွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
သူမ နှလုံးသားထဲမှ "အပေါစား တိရစ္ဆာန်မ" ဟု ကျိန်ဆဲလိုက်ပြီးနောက် ချန်ရှို့ယွင်၏ ဆံပင်ကို သွားဆွဲလိုက်သည်။
ချန်ရှို့ယွင် မလာခင်က သူမ ရူးသွပ်သွားပြီး လာတိုက်ခိုက်မည်ကို သတိထားနေရသည်။ သို့သော်လည်း အပြင်ဘက်တွင် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း နေဦးမည်ဟု တွေးထားခဲ့သော်ငြား ရထားဘူတာကဲ့သို့ နေရာမျိုးမှာပင် လာရောက် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အား... ဒုတိယယောင်းမ ကျွန်မကို လွှတ်ပေးပါ"
ဒုတိယမရီးရှစ်က နီရဲနေသော မျက်လုံးများဖြင့် ချန်ရှို့ယွင်းကို မြေပေါ်သို့ တွန်းလှဲကာ ဗိုက်ပေါ်သို့ ခွထိုင်လိုက်ပြီး "ဖြန်း ဖြန်း" ဟူသောအသံဖြင့် ပါးရိုက်ချက် အတွဲလိုက်ကို ချပေးလိုက်သည်။
"ခွေးမ... နင်ကမှ ငရဲကို သွားသင့်တဲ့သူ... နင့်ကြောင့်သာ မဟုတ်ရင် ငါ့သားက သေဒဏ်ပေးခံရမှာ မဟုတ်ဘူး... ငါနင့်ကို သတ်မယ်... ငါနင့်ကို သတ်မယ်"
ဒုတိယမရီးရှစ်၏ မျက်လုံးများ နီရဲလာပြီး မျက်နှာနှင့် လည်ပင်းများကို ကုတ်ခြစ်ကာ ဆံပင်များ ဆောင့်ဆွဲကာဖြင့် မိန်းမတစ်ယောက် ရန်ဖြစ်ရာတွင် အသုံးပြုနိုင်သည့် ကျွမ်းကျင်မှုမျိုးစုံကို အသုံးချနေသည်။
ချန်ရှို့ယွင်က ခုခံလိုပါသော်လည်း သူမက ဒုတိယယောင်းမ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သူမ၏ ပါးများမှာ ရုတ်တရက် ဖောင်းကားလာပြီး မျက်နှာနှင့်လည်ပင်များတွင် အနီစင်းကြောင်းများ စွဲထင်နေကာ ဆံပင်များလည်း ရှုပ်ပွနေပြီး မျက်ရည်ကျရုံသာ တတ်နိုင်လေတော့သည်။
"ဒုတိယအစ်ကို... ကျွန်မကို မြန်မြန် လာကယ်ပေးပါဦး... ဒုတိယယောင်းမကို ခွာထုတ်ပေးပါ"
ဒုတိယအစ်ကိုရှစ်မှာ မိန်းမဖြစ်သူအား ထိုမျှလောက်ထိ ရမ်းကားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် လူကို ဖမ်းဆွဲထားရင်း ဆူပူလိုက်သည်။
"မင်း ရူးသွားပြီလား... အရှက်မရှိတော့တာလား"
ဒုတိယမရီးရှစ်က လှည့်ကြည့်ကာ သူ့ပါးကို ရိုက်ချလိုက်သည်။ "ရှင့်အဖေနဲ့ ရှင့်သားက ဒီခွေးမကြောင့် သေသွားရတာတောင် ကာကွယ်ပေးနေတုန်းနော်... သူရှင့်ကို ဘာဆေးတွေ ကျွေးထားလဲ သိချင်သေးတယ်... ဒါမှမဟုတ် ရှင်တို့နှစ်ယောက်က ဖောက်ပြန်နေကြတာလား"
ဒုတိယအစ်ကိုရှစ်က ပါးရိုက်ခံလိုက်ရသဖြင့် ဒေါသထွက်လာသည်။ "မြန်မြန်ထစမ်း... အိမ်ပြန်ရောက်မှ ငါမင်းကို ဘယ်လိုဆုံးမပေးမလဲ ကြည့်ထား"
ဒုတိယမရီးရှစ်က မျက်နှာထက်တွင် ရိုက်ချခံလိုက်ရပြီး သူ့ကို အေးတိအေးစက် ကြည့်လိုက်သည်။
"ကြည့်ရတာ ရှစ်ရှိုးနန်က လွန်ခဲ့တဲ့ သုံးနာရီကပဲ ရှင့်အဖေ ဦးနှောက်သွေးကြောပြတ်ပြီး သေသွားတဲ့အကြောင်းကို မပြောပြရသေးဘူးထင်တယ်... အခု အလောင်းပဲ အိမ်မှာ လဲနေရတယ်... ဒီစျေးပေါတဲ့ တိရစ္ဆာန်မကို သေချာဂရုစိုက်ထားလိုက်... ကျွန်မသား သေဒဏ်ကျပြီးသွားရင် ကျွန်မတို့ ကွာရှင်းကြမယ်"
ပြောပြီးနောက် ဒုတိယမရီးရှစ်က ထရပ်ကာ သူတို့နှစ်ယောက်အပေါ် တံတွေးထွေးလိုက်ပြီး ထွက်သွားလေသည်။
သူ့အဖေ သေသွားပြီလား...
ဒုတိယအစ်ကိုရှစ်တစ်ယောက် ထိုစကားကို ကြားသောအခါ ရင်ကွဲသွားရသည်။
"မိန်းမ... ခဏလေး... ပြန်လာပြီး ငါ့ကို ရှင်းရှင်းလင်းလင်း ပြောသွားဦးလေ"
ဒုတိယမရီးရှစ်မှာ ပြန်လှည့်ကြည့်လာခြင်း မရှိဘဲ ကျောကို မတ်မတ်ထားကာ ရထားဘူတာထဲမှ တည့်တည့်မတ်မတ် ထွက်သွားသည်။
ချန်ရှို့ယွင်က အရိုက်ခံထားရသဖြင့် ခြေလက်များ နာကျင်နေခဲ့သည်။ ဘေးပတ်လည်မှ လူများ၏ အကြည့်များကို ခံစားလိုက်ရသောအခါ တွင်းကြီးကြီးတူးကာ ပုန်းအောင်းချင်မိသွားသည်။
တစ်ချိန်တည်းမှာပင် နှလုံးသားထဲ၌ နိမိတ် မကောင်းသော ကြိုတင်သိမြင်မှု ခပ်ကြီးကြီး တစ်ခုကို ခံစားလိုက်ရသည်။ ဒုတိယဦးလေးလည်း သေပြီ... ဒုတိယယောင်းမကလည်း ကွာရှင်းတော့မယ်...
ဒီတစ်ကြိမ်တော့ သူမအတွက် ဝင်ပြောစရာတစ်ခုတောင် မရှိမှာ စိုးမိပါရဲ့... ရှစ်မိသားစုတော့ ပြိုကွဲတော့မှာပဲ...
🍵
ထုံရွှယ်လူမှာ ရှစ်ကျွင်းမင် တစ်ယောက် သေဒဏ်ပေးခံရတော့မည်ဟု သိလိုက်ရသည့်အခါမှသာ ထိုကိစ္စအပေါ် အလုံးစုံ စိတ်အေးသွားသည်။
ရှစ်နှင့် ချန်မိသားစုအကြား ပူးပေါင်းမှုများ ပျက်စီးသွားပြီ ဖြစ်၍ လက်ရှိတွင် ထိုမိန်းမ ချန်ရှို့ယွင်သာ ကျန်ရှိပေတော့မည်။
ချန်ရှို့ယွင်ကို လက်စသတ် ရှင်းလင်းရန်အတွက်မူ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပြီးနောက် ထိုမိသားစု ပေကျင်းသို့ ပြန်လာမည့်အချိန်အထိ စောင့်ရပေမည်။
၎င်းက သူမ၏ ယခင်ဘဝနှင့် ကွဲပြားသွားခဲ့ရုံသာ။ သူမ၏ ယခင်ဘဝတွင် ချန်ရှို့ယွင်၏ နောက်ကွယ်၌ ထောက်ပံ့ပေးမည့် မိသားစု နှစ်စု ရှိနေခဲ့သဖြင့် ဝမ်ရူကွေ့အား ချောက်ကမ်းပါးအစွန်းသို့ တွန်းချနိုင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတွင် ကွဲပြားသွားလေပြီ။
ရှစ်နှင့် ချန်မိသားစုက ရန်သူများ ဖြစ်သွားကြပြီး ရှစ်ကျွင်းမင်၏ သေဆုံးမှုကာ သူမကို ရှစ်မိသားစုဝင်များအကြား ဆူးတစ်ချောင်း ဖြစ်လာပေလိမ့်မည်။
🍵
ရှစ်ကျွင်းမင် သေဒဏ် ပေးခံရပြီးနောက်တွင် ဌာနမှ ကျောင်းသားများ စုစည်းကာ ဆေးရုံတက်နေရသည့် ချန်ချိုက်ရှင်းထံ သွားလည်ခဲ့ကြသည်။
ချန်ချိုက်ရှင်းက သတိပြန်ရလာပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သော်ငြား နောက်ဆက်တွဲ လက္ခဏာများ ရှိနေဆဲပင်။
သူမက အချိန်နှင့်အမျှ အော့အန်နေပြီး နေ့တိုင်းလိုလို ခေါင်းကိုက်နေကာ မှတ်ဥာဏ်များလည်း ယိုယွင်းလာသည်။ တိုတိုပြောရလျှင် သနားစရာကောင်းလှပေသည်။
ချန်ချိုက်ရှင်းက သူမအစား မီးဆိုင်းနှင့် ရိုက်မိခံရသဖြင့် ထုံရွှယ်လူသည်လည်း သဘာဝကျကျပင် မသိချင်ယောင်မဆောင်နိုင်ပေ။
သူမက မသိချင်ယောင်မဆောင်နိုင်ရုံသာမက အပြစ်ရှိစိတ်နှင့် ကျေးဇူးတင်မှုများကို ဖော်ပြရပေမည်။ မဟုတ်လျှင် အချို့သူများက သူမကို သေချာပေါက် ပြန်လည် စွပ်စွဲအပြစ်တင်ကြပေလိမ့်မည်။
လူတိုင်း၏ ပါးစပ်ကို ပိတ်သွားစေရန်အတွက် သူမက အဘိုးဝမ်နှင့် သူမ၏ အဘိုးတို့ကို အကူအညီတောင်းကာ မုယောနို့ထွက် ပစ္စည်းများ၊ သွေးလည်ပတ်မှုကောင်းစေသည့် အူးကျောင်း(မြည်းအရေပြားဂျယ်လီ)၊ ဂျင်ဆင်း စသည်ဖြင့် စျေးကြီးလှသည့် ဖြည့်စွက်စာ အမြောက်အများ ဝယ်ယူစေခဲ့သည်။
ထုံရွှယ်လူ လှုပ်ရှားမှုအကြီးကြီး လုပ်ဆောင်လိုက်သည်ကို တွေ့သောအခါ လူတိုင်းက ပါးစပ်မစေ့နိုင်အောင်အထိ ရှော့ခ်ရသွားကြသည်။
"ရွှယ်လူ... နင်ကတကယ့် လူချမ်းသာပဲ... ဟုတ်တယ်မလား"
"ဟုတ်ပါ့... အူးကျောင်းနဲ့ ဂျင်ဆင်းတွေတဲ့... ပစ္စည်းတွေလည်း အများကြီးပဲ... ဒါတွေက တစ်ထောင်လောက် မကျရင်တောင် ရာချီနေမှာပဲ"
"ပြီးတော့ နင်ပိုင်တာတွေ ဖြစ်နေတာ... ငါသာဆို အူးကျောင်းနဲ့ ဂျင်ဆင်းထားလို့ မုယောနို့တွေတောင် မပေးနိုင်ဘူး"
ထုံရွှယ်လူက နီရဲနေသော မျက်လုံးများဖြင့် ဆိုလိုက်သည်။ "မီးဆိုင်းကြိုးကို ဖြတ်တဲ့သူက ကောင်းမင်ဆိုပေမယ့် အတန်းဖော်ချန်က ငါ့ကိုယ်စား ထိခိုက်သွားရရှာတာ... အခု သူက ဆေးရုံပေါ်မှာ လဲနေရတာ... စဥ်းစားလိုက်တိုင်း စိတ်မကောင်းဖြစ်ရတယ်"
"ငါ့အတွက်ကြောင့်သာ မဟုတ်ရင် သူက ဒီလိုဖြစ်နေရမှာ မဟုတ်ဘူး... ငါသာ ကြိုသိခဲ့ရင်လေ အဲ့ဒီနေ့က ခြေဆစ်လွဲသွားရင်တောင် ဆက်ပြီး အစမ်းလေ့ကျင့်ပါတယ်"
လူအုပ်ကြီးက မျက်ရည်ဖြိုင်ဖြိုင် ကျကာ ငိုကြွေးနေသည့် ထုံရွှယ်လူကို ကြည့်ကာ ခပ်မြန်မြန် နှစ်သိမ့်ပေးလာကြသည်။
"ရွှယ်လူ မငိုပါနဲ့... ဒါက ဘယ်လိုလုပ်ပြီး နင့်အမှား ဖြစ်ရမှာလဲ... အားလုံး ကောင်းမင် လုပ်ခဲ့တာပဲကို"
"ဟုတ်တယ်... ပြီးတော့ အတန်းဖော်ချန်ကပဲ အရင်ဆုံး နင့်ကို ခြေထိုးမိသွားတာလေ... သူ့ကို ကံဆိုးတယ်လို့ပဲ ပြောရမှာပေါ့"
"မဟုတ်ပါဘူး... အစကတည်းက နင့်အပြစ်မှ မဟုတ်တာ... ဒီပစ္စည်းတွေ ဝယ်မလာရင်တောင် နင့်ကို ဘယ်သူကမှ ဘာမှ ပြောမှာ မဟုတ်ပါဘူး... မငိုနဲ့နော်"
ထုံရွှယ်လူ မျက်ရည် သုတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် အတန်းဖော်ချန်က ငါ့ကြောင့် ထိခိုက်သွားရတာ... ဒီပစ္စည်းတွေက သူ့ကို မြန်မြန် သက်သာလာစေဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ... ဆေးရုံသွားကြရအောင်"
သူမက ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများ ပါလျှင်ပင် သူတို့ပြောသော စကားများကို မယုံကြည်ပါပေ။
သူမသာ မည်သည့်အရာကိုမှ အမှန်တကယ် လုပ်မပေးခဲ့ပါက နောက်ကွယ်တွင် အသိစိတ်မရှိဟု စွပ်စွဲ ပြစ်တင်ကြမည် ဖြစ်ပြီး ထို့ထက်စာလျှင် သူမက ကပ်ဘေးကို ဖယ်ရှားရန် ငွေသုံးလိုက်မည် ဖြစ်သည်။
ထပ်ပြီး ရှိသေးသည်မှာ ချန်ချိုက်ရှင်း ကိုယ်တိုင်က သူမအပေါ် ကျရောက်လာမည့် ကပ်ဘေးအား ကိုယ်စားခံယူလိုက်သည်မဟုတ်ပါလား... သူမသာ မကောင်းသော စိတ်ဖြင့် အစပြုလိုက်ပြီး ခြေထိုးခံလိုက်ခြင်းသာ မရှိခဲ့ပါက ဆေးရုံကုတင်ထက်၌ လဲနေရမည့်သူမှာ သူမဖြစ်သွားရပေမည်။
ဆေးရုံသို့ ရောက်လာခဲ့ကြသည်။
ချန်ချိုက်ရှင်း၏ ပုံစံကို တွေ့လိုက်ရသောအခါ လူတိုင်း ပင့်သက်မောသွားရသည်။
မတော်တဆမှု မတိုင်ခင်က ချန်ရှိုက်ရှင်း၏ မျက်နှာမှာ သွေးရောင်လွှမ်းနေပြီး ငယ်ရွယ်နုပျိုမှု၏ အငွေ့အသက်တို့ ထင်ဟပ်နေခဲ့သည်။
သို့သော်လည်း ယခုတွင်မူ ချန်ချိုက်ရှင်းက ဆေးရုံကုတင်ထက်တွင် အားနည်းဖျော့တော့စွာ လဲလျောင်းနေပြီး ကိုယ်အလေးချိန်လည်း အတော်လေး ကျသွားသည်။ အဓိကအချက်မှာ သူမ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ အလွန်ဆိုးရွားနေခြင်းပင်။ ကြည့်ရသည်မှာ ခရမ်းသီးပုပ်တစ်လုံးကဲ့သို့ ရှုံ့တွနေပေသည်။
ချန်ချိုက်ရှင်း၏ မိသားစုမှာ အတန်းဖော်များ လာရောက်လည်ပတ်သည်ကို တွေ့လိုက်ရသောအခါ ထိရှသွားကြသည်။ "လူချည်းပဲ လာရင် ရပါပြီကွယ်... နောက်ဆိုရင် ဘာမှ ယူမလာပါနဲ့"
ထိုအခိုက်တွင် ဒါရိုက်တာချန်သည်လည်း ဆေးရုံခန်းထဲတွင် ရှိနေသဖြင့် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်တယ်... မင်းတို့အားလုံး ကျောင်းသားတွေပဲရှိသေးတယ်... လစဥ်ထောက်ပံ့ငွေကလည်း သိပ်များမှာ မဟုတ်ဘူး... နောက်ဆို ဘာမှ ယူမလာနဲ့တော့နော်"
ကျန်းပိုင်ဟွေ့ ပြောလိုက်သည်။ "ကျွန်မတို့က လူချည်းပဲ လာတာပါ... တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရွှယ်လူ ယူလာပေးတာပါ"
ဒါရိုက်တာချန်က သူတို့ယူလာသော ပစ္စည်းများကို အလျင်စလို ဖွင့်ကြည့်လိုက်သောအခါ အူးကျောင်းနှင့် ဂျင်ဆင်းများကို တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
"ဘာလို့ ဒါတွေ ယူလာရတာလဲ... ငါတို့ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လက်မခံနိုင်ဘူး... မြန်မြန် ပြန်ယူသွားလိုက်နော်"
ဒါရိုက်တာချန်က ထုံရွှယ်လူအား မဖော်ပြနိုင်သည့် ရှက်ရွံ့မှုတို့ဖြင့် ကြည့်လိုက်သည်။
"ကျောင်းသူထုံ... မင်းရဲ့ ပစ္စည်းတွေကို ပြန်ယူသွားပါ... ငါတို့ဆီမှာလည်း ဒါတွေ ရှိပါတယ်"
ဤတစ်ကြိမ် သူမ၏ တူမ ထိခိုက်ရခြင်းမှာလည်း မိမိပြုသော အမှုကြောင့် မိမိပင် ပြန်ထိခဲ့ရခြင်းဖြစ်သည်။ သူမက မည်သူ့ကိုမှ အပြစ်မတင်နိုင်ပါပေ။
မတော်တဆမှု ပြီးနောက် သူမ၏ မိသားစုကို ထိုဖြစ်ရပ်အကြောင်း ပြောပြလိုက်သည်။ သူမ၏ ယောင်းမဖြစ်သူ နိုင်ငံခြားမှ ပြန်လာသောအခါ သမီးဖြစ်သူအတွက် စိတ်မကောင်း ဖြစ်ခဲ့ရပြီး ကလေးကို ကောင်းကောင်း မသင်ပြနိုင်ခဲ့သည့်အတွက်လည်း သက်ပြင်းချလိုက်မိသည်။
အခြားစကားဖြင့် ဆိုရသော် သူတို့၏ မိသားစုဘက်မှ ထိုအကြောင်းကြောင့် ထုံရွှယ်လူအား စိတ်မဆိုးနိုင်ခြင်း ဖြစ်သည်။ အပြစ်တင်ရမည့်သူမှာ ပြစ်မှုကျူးလွန်ခဲ့သည့် ကောင်းမင်ကိုသာ ဖြစ်သည်။
"ကျွန်မကြောင့် အတန်းဖော်ချန် ဒီလိုဖြစ်သွားရတာ... ဒါ ကျွန်မရဲ့ ဂရုစိုက်မှု အသေးအဖွဲ့လေးပါ... လက်ခံပေးပါနော်... မဟုတ်ရင် ကျွန်မလည်း စိတ်ကောင်းမှာ မဟုတ်ဘူး"
ထုံရွှယ်လူ မလာခင်က ချန်မိသားစု၏ မျက်လုံး စိမ်းများနှင့် အကြည့်ခံရမည် သို့မဟုတ် လှောင်ရယ်ကြမည်ကို စိုးရိမ်နေခဲ့သော်လည်း သူတို့ကို ထိုမျှလောက်ထိ ကျိုးကြောင်းစဥ်းစားတတ်သူ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
ဒါရိုက်တာချန်က ထုံရွှယ်လူမှာ အလွန်အမင်း အားနာနေပြီး တူမဖြစ်သူထံမှ တမင်သက်သက် ခြေထိုးခံလိုက်ရသည်ကိုလည်း မသိကြောင်း တွေ့လိုက်ရသဖြင့် ပို၍ပင် အပြစ်ရှိစိတ် ဝင်သွားခဲ့သည်။ "မုယောနို့တွေကိုတော့ လက်ခံလိုက်မယ်... တခြား ပစ္စည်းတွေကိုတော့ ပြန်ယူသွားလိုက်နော်... အရမ်းစျေးကြီးလွန်းတယ်လေ"
ထိုမိန်းကလေးက လှပပြီး ကြင်နာတတ်ကာ သရုပ်လည်း ဆောင်တတ်သည်။ တန်ဖိုးရှိသော မိန်းကလေးတစ်ယောက်ပါပင်။
သူမ၏ တူမလည်း အဆင်ပြေမှ ဖြစ်မည်။
မတိုင်မီက ထုံရွှယ်လူအား သူမ၏ ယောကျ်ားဖြစ်သူ ရိုက်ကူးသည့် ရုပ်ရှင်ထဲတွင် ဇာတ်လိုက်အဖြစ် သရုပ်ဆောင်စေလိုခဲ့သည်။ သို့ရာတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် လက်လျှော့ရပေတော့မည်။ သူမ၏ တူမကို ပို၍ ဒေါသထွက်သွားမိစေမည်ကို စိုးကြောက်မိပေသည်။
သူတို့တွင် ရေစက် မရှိသည်ကြောင့်ဟုသာ ဆိုရပေတော့မည်။