အပိုင်း၂၉၅
Viewers 67k

🍵Chapter 295




ချန်ချိုက်ရှန်းက သူတို့ကို ရှုပ်​ထွေး​နေ​သော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။ "အ​မေ... သူတို့က ဘယ်သူ​တွေလဲ... ဘာလို့ သူတို့ကို တစ်​နေ​ရာရာမှာ ​တွေ့ဖူးတယ်လို့ ခံစား​နေရတာလဲ"


​​ကျောင်းသားများမှာ ချန်ချိုက်ရှင်း၏ စကားများကို ကြား​သောအခါ ထပ်ပြီး ​ရှောခ့်ရသွားကြပြန်သည်။


"ရှင်းရှင်း ငါတို့ကို မမှတ်မိဘူးလား... ငါတို့က နင်တက်နေတဲ့ တက္ကသိုလ်က အတန်း​ဖော်​တွေပဲ​လေ"


"ငါတို့ကို မမှတ်မိရင် ပြင်သစ်​မေဂျာက သူငယ်ချင်း​တွေ​ကိုရော မှတ်မိလား"


ချန်ချိုက်ရှင်း၏ မျက်လုံးများက သူတို့၏ မျက်နှာတစ်ခုချင်းပေါ်တွင် ဖြတ်​ပြေးသွားပြီး ထုံရွှယ်လူအ​ပေါ် ကျ​ရောက်လာ​သောအခါ အချိန်အကြာကြီး တည်ရှိ​နေခဲ့သည်။


အဆုံးတွင် သူမက ​ခေါင်းယမ်းပြလိုက်သည်။ "မမှတ်မိဘူး"


​နောက်ထပ်အခိုက်အတန့်တွင် လူတိုင်း စကားထပ်​ပြောလာမည်ကို မ​စောင့်​​တော့ဘဲ အန်ချလိုက်ပြီး​နောက် ​ခေါင်းကို ကိုင်ထားရင်း "​ခေါင်းကိုက်တယ်"ဟု ​အော်ဟစ်လာသည်။ 


​ဒါရိုက်တာချန်က အလျင်အမြန်ပင် ဆရာဝန်​ခေါ်လိုက်ရသည်။


ချန်မိသားစု အလုပ်ရှုပ်​နေသည်ကို ​တွေ့​သောအခါ ​ကျောင်းသားများက အပြင်ထွက်ကာ ​စောင့်​နေ​ပေးလိုက်ကြသည်။


ချန်ချိုက်ရှင်းကို ​ဆေးထိုးပြီး​နောက် အိပ်​ပျော်သွားသည့်အချိန်မှသာ ဒါရိုက်တာချန်တစ်​ယောက် ပင်ပန်းနွမ်းနယ်ဟန်ဖြင့် အပြင်ထွက်လာခဲ့သည်။ "ရှင်းရှင်းက အိပ်​ပျော်သွားပြီ... မင်းတို့လည်း ပြန်လိုက်ကြ​တော့​နော်... ​နေ့လည်ပိုင်း အတန်း​တွေ ရှိ​သေးတယ်မလား"


ထို့​နောက် သူမက အူး​ကျောင်းများနှင့် ဂျင်ဆင်းတို့ကို ပြန်​ပေးသည်။ "​ကျောင်းသူထုံ... ​ကျေးဇူးပါ​နော်"


တစ်ဖက်လူက လက်မခံသည်ကို မြင်လိုက်ရသည့်အခါ ထုံရွှယ်လူ ပစ္စည်းများကို ပြန်ယူသွားလိုက်ရသည်။ 


အ​ဆောင်သို့ ပြန်လာပြီး ဖွင့်ကြည့်လိုက်​သောအခါ အူး​ကျောင်းဘူး၏ ​အောက်​ခြေ၌ ယွမ်20နှင့် ၎င်း​ပေါ်တွင် သူတို့က မု​ယောနို့များကို ဝယ်လိုက်ခြင်းဖြစ်​ကြောင်း ​​ရေးသားထားသည့် မှတ်စုတို​လေး တစ်ခု ပါ​နေ​ကြောင်း ​တွေ့လိုက်ရသည်။ 


ထုံရွှယ်လူ ပိုက်ဆံများကို ​ဘေးပို့ထားလိုက်ပြီး​နောက် ယခင်က ချန်ချိုက်ရှင်း သူမကို မည်သည့်အ​ကြောင်း​ကြောင့် ပစ်မှတ်ထားခဲ့​ကြောင်း ​တွေး​တော​နေမိဆဲပင်။ 


ချန်ချိုက်ရှင်း၏ မိဘနှစ်ပါးလုံးမှာ ပညာတတ်များ ဖြစ်ကြပြီး မိသားစုထဲတွင် အရှုပ်အ​ထွေး နာမည်ဆိုးများ မရှိ​ပေ။ ချန်ချိုက်ရှင်းက မိန်းမငယ်​လေး​ တစ်​ယောက်ရဲ့ မနာလိုမှု​ကြောင့် လုပ်ခဲ့ရုံဆိုတာ အမှန်ပဲလား...


ထုံရွှယ်လူ အ​ကြောင်းအရင်းကို မစဥ်းစားနိုင်သဖြင့် ထပ်မ​တွေး​တော့​ပေ။


🍵


​စ​နေတနင်္ဂ​နွေ​နေ့များ၌ အိမ်ပြန်လာခဲ့သည်။


ထုံရွှယ်လူမှာ မစ္စတာဝမ် စားရန်အတွက် ငါးအ​ရေခွံအသားလိပ်၊ သကြားညိုမာလာကိတ်များနှင့် ကြက်သားဆီနီဆမ်း တစ်ခွက် ချက်​ပေးထားသည်။ 


ငါးအ​ရေခွံအသားလိပ်ကို ငါးရိုးများအား ဓါးဖြင့် ဖယ်ကာ ငါးအသားလွှာများအား ခြစ်ချလိုက်ပြီး​နောက် ငါးအ​ရေခွံ လုပ်ရန်အတွက် ကန်စွန်းဥမှုန့်များ ထည့်လိုက်ပြီး​နောက် အဆာသွပ်၍ ​ပေါင်းရသည်။ 


ငါးအ​ရေခွံအသားလိပ်များမှာ အရသာရှိပြီး ဝါးရလွယ်ကာ စား​လေ​လေ ပို၍ အနံ့အရသာ ကြွယ်ဝလာ​လေ​လေ ဖြစ်သည်။ အဘိုးဝမ်က စား​​သောက်ပြီး​နောက် မုတ်ဆိတ်ကို ပွတ်ကာ ​သိသိသာသာပင် ပျော်ရွှင်​နေပုံ​ပေါ်သည်။


"ရွှယ်လူ... မင်းရဲ့ အချက်အပြုတ်စ​ကေးက ပိုပိုပြီး ​ကောင်းလာတာပဲ... သမီးချက်ထားတာမှ မဟုတ်ရင် အဘိုး​တော့ စားလို့ကို မ​ကောင်း​တော့ဘူး"


ထုံရွှယ်လူ ပြုံး၍ ​ပြောလိုက်သည်။ "ဒါဆို အဘိုးဝမ် များများ စား​နော်... ​ကျောင်းပိတ်ရက်​တွေ ရရင် ပြန်လာပြီး ချက်​ပေးမယ်"


ထိုစကားများကို ကြား​သောအခါ အဘိုးဝမ်မှာ ပူပြင်း​သော ရာသီအတွင်း သကြား​ရေ ​အေး​အေး​လေးကို ​သောက်လိုက်ရသကဲ့သို့ ​နေရသက်သာသွားသည်။ "လိမ္မာလိုက်တဲ့က​လေး"


အဘိုးဝမ် စားပြီးသွား​သောအခါ ထုံရွှယ်လူက ​မေးချင်​နေ​သော ကိစ္စကို ​မေးလိုက်သည်။ "အဘိုးဝမ် ​ကောင်းမင် မ​သေခင်တုန်းက ကျွန်မကို ​ပြောသွားတဲ့ စကား ရှိတယ်"


"ဘာ​ပြောသွားတာလဲ"


"ရူ​ကွေ့က သူ့ညီ​လေးကို သတ်ခဲ့တယ်လို့ ​ပြောတာ"


"ဘုန်း" ဟူ​​သော အသံထွက်လာသည်။


အဘိုးဝမ်က ​ရှောခ့်ရသွားသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး လက်ထဲမှ ပန်းကန်လုံးက နံဘေးမှ စားပွဲကို သွားတိုက်ကာ ထိုပန်းကန်လုံးက ​​မြေ​ပေါ် ပြုတ်ကျလာပြီး နှစ်ခြမ်း ကွဲသွား​လေသည်။


မတိုင်ခင်က ထုံရွှယ်လူမှာ ​ကောင်းမင်တစ်​ယောက် မဟုတ်တမ်းတရားများ ​ပြော​နေခြင်း ဖြစ်မည်ဟု ခံစားခဲ့ရ​သော်လည်း ယခုတွင်မူ အဘိုးဝမ်၏ အမူအယာကို ​တွေ့လိုက်ရသည့်အခါ နှလုံးသားထက် မ​နေနိုင်ဘဲ စုတ်သပ်မိသွားသည်။ 


အဘိုးဝမ်၏ မျက်နှာက တဖြည်းဖြည်း ​​ဖျော့​တော့လာပြီး ထုံရွှယ်လူ၏ အကြည့်စူးစူးများ​အောက်မှ မလွတ်​မြောက်နိုင်ခဲ့​ပေ။


အဆုံးတွင် သက်ပြင်းအရှည်ကြီး ချကာ ​ပြောလိုက်သည်။ "ငါ မင်းကို ဒီအ​ကြောင်း မ​ပြောချင်ခဲ့ဘူး... မင်း စက်ဆုပ်သွားမှာ စိုးလို့​လေ"


ထုံရွှယ်လူ လက်များကို တင်းတင်းဆုပ်ထားခဲ့သည်။ "အဘိုးဝမ်... ဘာ​တွေ ဖြစ်ခဲ့တာလဲ... ကျွန်မကို အမှန်အတိုင်း ​ပြောပြပါ"


အဘိုးဝမ် သက်ပြင်း ထပ်ချလိုက်ပြီး​နောက် ထိုစဥ်က အဖြစ်အပျက်များအ​ကြောင်း ​​ပြောပြလာသည်။


ဖြစ်ခဲ့သည်မှာ ဝမ်ရူ​ကွေ့ ​လေးနှစ်အရွယ်တွင် ချန်ရှို့ယွင် ကိုယ်ဝန် ထပ်ရလာခဲ့သည်။ ဝမ်ရူ​ကွေ့ ဧည့်ခန်းအတွင်း ​ဆော့ကစား​နေစဥ် အခန်းထဲမှ ထွက်လာသည့် ချန်ရှို့ယွင်နှင့် မ​တော်တဆ ဝင်တိုက်မိခဲ့သည်။ ထို​နေရာတွင် ​ရေကွက်တစ်ခုလည်း ရှိ​နေသဖြင့် ချန်ရှို့ယွင် ​ခြေ​ချော်သွားပြီး ​မြေ​ပေါ်သို့ အပြင်းအထန် လဲကျသွားကာ ချက်ချင်းပင် ​သွေးများ ဆင်းလာခဲ့သည်ဟု ဆိုသည်။


ထိုအချန်က ချန်ရှို့ယွင်၏ ကိုယ်ဝန်မှာ ​ခြောက်လ ရှိ​နေပြီ ဖြစ်ပြီး က​လေးမှာလည်း ​ယောကျ်ား​လေး ဖြစ်သည်။ က​လေး ပျက်ကျမှု​ကြောင့် ချန်ရှို့ယွင် အ​တော်​လေး ထိခိုက်သွားရသဖြင့် သားအရင်းဖြစ်သည့် ဝမ်ရူ​ကွေ့အား မုန်းတီး​နေခဲ့ခြင်းပင်။ 


"အဲ့ဒီအချိန်တုန်းက ရူ​ကွေ့ ဘယ်နနှစ်လဲ... ပြီး​တော့ သူလည်း မရည်ရွယ်ခဲ့ဘူး​လေ... အဲ့ဒီမိန်းမက အပြစ်​တွေအားလုံး ရူ​ကွေ့အ​ပေါ် ပုံချလိုက်တာပဲ... တစ်ချိန်လုံး သူ့ညီ​လေးကို သတ်ခဲ့တယ်လို့လည်း ​ပြော​နေလိုက်​သေးတယ်... က​လေး ​သေသွားတဲ့အချိန်​တောင် သိခဲ့ရမှာ မဟုတ်ဘူး... ဒါ​ကြောင့်မို့ တစ်ချိန်လုံး အနှိပ်စက်ခံခဲ့ရတာ​တောင် စကားတစ်ခွန်းမှ မ​ပြောနိုင်ခဲ့တာကိုး" 


"အဲ့ဒီက​လေး ရူ​ကွေ့က ငယ်ငယ်တုန်းက တက်ကြွပြီး လိမ္မာတဲ့ က​​လေး ဖြစ်ခဲ့တာပါ... ဒါ​ပေမယ့် အဲ့ဒီကိစ္စ​တွေ ပြီး​တော့ ​ကြောက်တတ်တဲ့ က​လေး ဖြစ်လာတာ... သူ ဘာကိုမှ မ​ပြောပြခဲ့ဘူး... တစ်ခါတစ်​လေ စကားတစ်ခွန်းမှ မ​ပြောဘဲ တစ်​နေ့လုံး အခန်းထဲမှာ တစ်​​ယောက်တည်း ထိုင်​နေတတ်​သေးတယ်... အဲ့ဒီအချိန်တုန်းက အဘိုး သူ့ကို အရမ်း စိုးရိမ်ခဲ့ရတာ... တစ်ဘဝလုံး ဒီလိုဖြစ်သွားမှာလားလို့... ​နောက်ပိုင်း သူ့ရဲ့ဆရာ ဒါရိုက်တာ​ကျောင်းနဲ့​တွေ့ပြီး ရူပ​ဗေဒကို ​လေ့လာပြီးမှ ​ပို​ကောင်းလာခဲ့တာ"


နှိပ်စက်ညှင်းပန်းခံရပြီး ညီ​လေးအား သတ်ခဲ့သည်ဟု အစွပ်စွဲခံရခြင်းသည် အသက် ​လေးငါးနှစ်အရွယ် က​လေးတစ်​ယောက်အတွက် ရိုက်ချက် ပြင်းခဲ့​ပေမည်။ 


ထုံရွှယ်လူ လက်များတွင် ​သွေး​ကြောစိမ်းများ ​ထောင်ထလာပြီး မျက်လုံးများလည်း ရဲရဲနီလာသည်။


ယခင်ဘဝတွင် ရူ​ကွေ့ ​သေသွားခဲ့ရသည့်အ​ကြောင်းအရင်းကို သူမခပ်​ရေး​ရေး သ​ဘော​ပေါက် လာခဲ့​လေပြီ။ မစ္စတာဝမ်၏ ​​ပြောပြချက်အရ ဝမ်ရူ​ကွေ့မှာ က​လေးဘဝကတည်းက အထီးကျန်စိတ်​ဝေဒနာ ဖြစ်သည်အထိ ညှင်းပန်းခံခဲ့ရပြီး စိတ်ဓါတ်ကျခြင်းများလည်း ဖြစ်လာ​ပေလိမ့်မည်။ 


ရူပ​ဗေဒနှင့် ထိ​တွေ့ပြီး​နောက် ကိုယ်ရည်ကိုယ်​သွေးက ပြန်​ကောင်းလာ​သော်ငြား ၎င်းကို အမြစ်ပြတ် ကုသရန် နည်းလမ်းမရှိမည်ကို စိုးရိမ်မိသည်။ တူညီ​သော မှတ်ဥာဏ်နှင့် နာကျင်မှုများ သူ့ကို ခလုတ်တိုက်လာခဲ့ပါက သူထပ်ပြီး စိတ်ကျန်းမာ​ရေး ချွတ်ယွင်းလာ​ဖို့ များပေလိမ့်မည်။ 


ယခင်ဘဝတွင် ချန်ရှို့ယွင်းက ၎င်းကို အသုံးပြုကာ ဝမ်ရူ​ကွေ့အား တွန်းအား​ပေးခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။ ထို့​ကြောင့် သူက ​သေခြင်းတရားအဆုံးသတ်ဆီသို့ ​ခြေတစ်လှမ်းချင်း ​လျှောက်လှမ်း သွားခဲ့ခြင်း ဖြစ်သည်။ 


အဘိုးဝမ်က မျက်ရည်များ သုတ်ကာ ​ပြောလိုက်သည်။ "အဘိုး သမီးကို မ​ပြောပြဘူးဆိုတာ သမီး သူ့ကို မကြိုက်​တော့မှာစိုးလို့... ရွှယ်လူ ရူ​ကွေ့က အလုပ်ကြိုးစားတဲ့က​လေးပါ... သူ့ကို မကြိုက်ဘဲ မ​နေပါနဲ့​နော်"


ထုံရွှယ်လူ မျက်​တောင် တဖျတ်ဖျတ်ခတ်ကာ မျက်ရည်များကို ထိန်းထားလိုက်သည်။ "မပူပါနဲ့... အဘိုးဝမ် အဲ့ဒီလို မဖြစ်ပါဘူး"


သူမက ဒါ​လေး​ကြောင့်နဲ့ သူ့ကို မကြိုက်ဘဲ ​နေမှာလဲ... သူ့အတွက် ပိုပြီး​တော့​တောင် စိတ်မ​ကောင်း ဖြစ်လာရ​သေးတယ်"


အဘိုးဝမ်က ​ကျေနပ်စွာဖြင့် ​ပြောလိုက်သည်။ "သမီးကို လူ​ကောင်း​လေး ဖြစ်မယ်ဆိုတာ သိသားပဲ... စကားမစပ် ဒီအ​ကြောင်းကို ရူ​ကွေ့ကို မ​ပြောပြနဲ့ဦး​နော်... သူက က​လေးဘဝတုန်းက ဖြစ်ခဲ့တာ​တွေကို မမှတ်မိဘူး"


ထုံရွှယ်လူက ထိုစကားကို ကြား​သောအခါ တုံ့ကနဲ ဖြစ်သွားပြန်သည်။ "အဘိုး​ပြောတာ ရူ​ကွေ့က ချန်ရှို့ယွင် လုပ်ခဲ့တဲ့ကိစ္စ​တွေကို မမှတ်မိဘူးလို့လား"


အဘိုးဝမ် ​ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါ​တွေကို မမှတ်မိရုံတင်မကဘူး... ညီတစ်​ယောက် ရှိခဲ့တာကိုပါ သတိမရဘူး... အဘိုးတို့ကလည်း သူ့​ရှေ့မှာ အဲ့ဒီအ​ကြောင်း​တွေကို တစ်ခါမှ မ​ပြောခဲ့ကြဘူး​လေ"


ထိုစကားကို ကြား​သောအခါ ထုံရွှယ်လူ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာသည်။


စိတ်ပညာရှု့​​ထောင့်မှ ကြည့်ပါက အလွန်အမင်း များပြား​သော နာကျင်မှုများကို ​တွေ့ကြုံလိုက်ရသည့်အခါ လူသားတို့၏ ဦး​နှောက်က ကိုယ့်ကိုယ်ကိုယ် ကာ​ကွယ်​ပေးတတ်သည့် စက်တစ်ခုကို လည်ပတ်လိုက်ပြီး မှတ်ဥာဏ်များကို ဖုံးကွယ်ထားလိုက်သည့်အလား ဖြစ်သွားပုံရသည်။


ဝမ်ရူ​ကွေ့မှာ ထိုအဖြစ်အပျက်ကို သတိမရ​တော့ခြင်းမှာ မှတ်မိရန် ငယ်ရွယ်လွန်းသည်​ကြောင့် မဟုတ်ဘဲ မှတ်ဥာဏ်များ ချိတ်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။ 


ထုံရွှယ်လူက ​တွေး​နေရင်းပင် ပို၍ မသက်မသာ ဖြစ်လာပြီး ဝမ်ရူ​ကွေ့ကို ချက်ချင်း​ ​ပြေး​တွေ့ချင်မိသွားသည်။


ထို့​ကြောင့် သူမက စစ်တပ်သုံးအိတ်ကို ဆွဲယူကာ ကားထဲသို့ ဝင်လိုက်ပြီး သု​တေသန စခန်းရှိရာသို့ ​ထွက်လာခဲ့သည်။


🍵


ကားထဲတွင် ထုံရွှယ်လူက ဝမ်ရူ​ကွေ့မှာ ငယ်စဥ်ကတည်းက နှိပ်စက်ခံခဲ့ရခြင်း ဖြစ်​ကြောင်း ​တွေး​နေရင်း မသက်မသာ ဖြစ်လာသည်။


ထို​နေ့က ချန်ရှို့ယွင်၏ ပါးကို အကြိမ်များများ ရိုက်​ပေးခဲ့သင့်သည်။


လမ်းတ​​လျှောက် လေးနာရီမျှ ကား​ဆောင့်ခံရပြီး​နောက် သု​တေသနစခန်းသို့ ​​ရောက်ရှိလာခဲ့သည်။ 


ထုံရွှယ်လူမှာ ​မောပန်းနွမ်းနယ်မှုများကို အမှုမထားအားဘဲ သု​တေသန စခန်းရှိရာသို့ ခပ်သုတ်သုတ် ​ရောက်လာသည်။


စခန်း​အစောင့်က သူမကို မှတ်မိ​နေဆဲ ဖြစ်ပြီး သူမကို ​တွေ့​​သောအခါ သွားဖြူဖြူများကို ပြသလာခဲ့သည်။ "မင်းက သု​တေသနပညာရှင်ဝမ်ရဲ့ ချစ်သူပဲ... မင်းသူ့ကို လာရှာတာလား"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်မ ဝင်သွားလို့ရလား... ဒါမှမဟုတ် ရဲ​ဘော်ဝမ်ကို ကျွန်မကို လာကြို​ပေးဖို့ အ​ကြောင်းကြား​ပေးပါလား"


အ​စောင့်က သူမကို လာကြို​ပေးရန် ဝမ်ရူ​ကွေ့ကို ဖုန်း​ခေါ်ရန် ပြင်သည်။ သူမကို သူသိ​နေ​သော်ငြား ဝန်ထမ်း မဟုတ်သူများက အလွယ်တကူ ဝင်ပြီး ​လျှောက်သွား​နေ၍ မရ​ပေ။


သို့​သော်လည်း အပြင်မှ ပြန်လာသည့် ​ခေါင်း​ဆောင်ကျောင်းနှင့် ​အမှတ်မထင် ကြုံလိုက်ရပြီး ထုံရွှယ်လူက ဝမ်ရူ​ကွေ့၏ ချစ်သူ ဖြစ်​ကြောင်း ကြားလိုက်ရ​သောအခါ ဖုန်းမ​ခေါ်​တော့ရန်နှင့် သူမကို ​ခေါ်သွား​ပေးမည် ဖြစ်​ကြောင်း အ​စောင့်ကို အလျင်စလို ​ပြောလိုက်သည်။ 


၎င်းက ပထမဆုံးအကြိမ်အဖြစ် ထုံရွှယ်လူ ​ခေါင်း​ဆောင်ကျောင်းအား ​တွေ့ဖူးခြင်း ဖြစ်ရာ ခပ်မြန်မြန် ပြုံးပြလိုက်သည်။ 


"​ကျေးဇူးပါ ​ခေါင်း​ဆောင်ကျွမ်း... ကျွန်မချစ်သူဆီက​​နေ ခဏခဏကြားရပါတယ်... ​ခေါင်း​ဆောင်က သတ္တိရှိပြီး သူများ​တွေအတွက် ​တွေး​ပေးတတ်တဲ့ ​ခေါင်း​ဆောင်တစ်​ယောက်လို့ ကြားဖူးတယ်"


ဒါက ​မျက်နှာချို​သွေးတာ မဟုတ်ဘူး... သာမန်ပဲ...


​ရှေး​ခေတ်က​နေ မျက်​မှောက်​ခေတ်အထိ ဘယ်သူကမှ အ​မြှောက်အပင့်​တွေနဲ့ လွတ်ကင်းဖူးလို့လဲ...


ထုံရွှယ်လူ၏ စကားများကို ကြား​သောအခါ ​ခေါင်း​ဆောင်ကျောင်း၏ မျက်နှာထက်မှ အ​ရေးအ​​ကြောင်းများပင် ဆွဲဆန့်လိုက်သကဲ့သို့ ဖြစ်သွားသည်။


 "ချီးမွမ်းလွန်း​နေပါပြီ... လက်​အောက်ငယ်သား​တွေကို ဂရုစိုက်သင့်တာ အမှန်ပဲ​လေ"


ထုံရွှယ်လူက ဤအခွင့်အ​ရေးကို ယူကာ အဘက်ဘက်မှ ​မြှောက်ပင့်လိုက်ပြီး ​ခေါင်း​ဆောင်ကျောင်းမှာ သူမ၏ ချီးကျူးစကားများ​ကြောင့် ချက်ချင်းဆိုသလို သူမအား ​မြေးမတစ်​​ယောက်အဖြစ်ပင် အသိအမှတ်ပြုချင်မိသွား​လေသည်။


ထိုအခိုက် အ​ဆောင်ခန်းထဲတွင်...


ကျိူးရန်နှင့် ဟွမ်ချီမင်တို့က ကွာ​စေ့များစားရင်း စကား​ပြော​နေကြသည်။


ဟွမ်ချီမင်: "ငါ့​နောက်​ကျောက တင်ပါးဆုံရိုး​ပေါ်မှာ မှဲ့တစ်ခု ရှိတယ်... ဒါမထူးဆန်းဘူး... ထူးဆန်းတာက ငါ့သားမှာပါ မှဲ့ပါလာတာပဲ... ငါနဲ့ တစ်​နေရာတည်း အတိအကျ​နော်... မင်း​ပြောကြည့် ဒါမထူးဆန်းဘူးလား"


ဝမ်ရူ​ကွေ့ မ​ဖြေနိုင်ခင်မှာပင် ကျိုးရန် ​အော်​ပြောလာသည်။ "မထူးဆန်းပါဘူး... ငါ့ရဲ့ မြီး​ညှောင့်ရိုးမှာလည်း မှဲ့တစ်ခု ရှိတယ်"


သူက ​ပြော​နေရင်းဖြင့် ထရပ်ကာ ​​ဘောင်းဘီကို အနည်းငယ် ဆွဲချွတ်လိုက်ပြီး​နောက် ဟွမ်ချီမင် သူ့မှဲ့အား ကြည့်နိုင်ရန် ပြသလာသည်။ 


ဝမ်ရူ​ကွေ့: "..."


ဟွမ်ချီမင်က ထိုမှဲ့ကို ကြည့်ကာ အံ့သြပြီးရင်း အံ့သြ​နေပြီး ဘောင်းဘီဆွဲချ၍ သူ့မှဲ့ကိုပါ ပြသလာသည်။ 


ဝမ်ရူကွေ့: "..."


ထားလိုက်​တော့... ဒီနှစ်​ယောက်က​တော့ တစ်​ယောက်နဲ့ တစ်​ယောက် ပြတာနဲ့တင် မလုံ​လောက်​သေးဘူး...


ကျိုးရန်: "ရူ​​ကွေ့... ငါတို့နှစ်​ယောက်ရဲ့ မှဲ့​တွေ ​နေရာတူရဲ့လား ကြည့်​ပေးစမ်းပါ... ဘယ်သူ့ မှဲ့က ပိုကြီးလဲ"


ဟွမ်ချီမင်: "ငါကြားဖူးတာက​ နေရာအတူတူ တစ်ခုတည်းမှာ ​မွေးရာပါအမှဲ့ရှိရင် သူတို့​တွေက အရင်ဘဝက ​ဆွေမျိုး​တွေ... ဒါမှမဟုတ် လူမျိုးတစ်စုထဲက​နေ ဆင်းသက်လာကြတာတဲ့"


ကျိုးရန်: "တကယ်လား... ငါတို့က အ​တော်​လေး ​ရေစက်ပါတာပဲ... ကြည့်ရတာ အရင်ဘဝက ညီအစ်ကို​တွေများလားမသိ​နော်... မင်းသွားပြီး​တော့ ငါတို့ကို ​နေရာတူရဲ့လား ကြည့်​ပေးစမ်းပါ" 


ဟွမ်ချီမင်: "ဟုတ်တယ် ကြည့်​ပေးစမ်းပါ"


​ပြောပြီး​နောက် နှစ်​ယောက်သားက နံရံကို ကပ်ကာ ​ဘောင်းဘီကို အနည်းငယ် ဆွဲချလိုက်ကြသည်။


ဝမ်ရူ​ကွေ့က ​ပြောစရာ စကားမရှိ​တော့​​ပေ။ "မင်းတို့​တွေက သိပ္ပံပညာကို ​လေ့လာ​နေ​တာ​နော်... ဒီလိုဟာမျိုး​တွေကိုလည်း ယုံ​သေးတာလား"


ကျိုးရန်: "ယုံတာ မယုံတာက ကိစ္စမဟုတ်ဘူး... အဓိကက စိတ်ဝင်စားစရာ​ကောင်းလို့ပဲ"


ဟွမ်ချီမင် ​ခေါင်းငြိမ့်ပြလိုက်သည်။ "လုပ်စမ်းပါ... လာပြီး ကြည့်​ပေးစမ်းပါ" 


သူတို့ကို မကြည့်​ပေးမချင်း အ​ဆောင်ကို ပြန်ကြမှာ မဟုတ်ဘူး... ထို့​ကြောင့် ဝမ်ရူ​ကွေ့ ​ထရပ်ကာ သူတို့၏ အ​နောက်ဘက်တွင် ရပ်လိုက်သည်။


မထင်မှတ်ထားစွာပင် သူတို့၏ ​နောက်သို့ ​ရပ်လိုက်သည့်အခိုက် တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ 


ထုံရွှယ်လူ တံခါး ဖွင့်လိုက်​သောအခါ သူမ မြင်လိုက်ရ​သည်မှာ ဟွမ်ချီမင်နှင့် ကျိုးရန်တို့က နံရံကို မျက်နှာမူကာ ကပ်၍ရပ်​နေကြပြီး ​ဘောင်းဘီများကို ဖင်တစ်ဝက်အထိ ဆွဲချထားကာ သူတို့​နောက်တွင် ဝမ်ရူ​ကွေ့က ရပ်​နေခဲ့​လေသည်။ 


ထုံရွှယ်လူ: "..."


ဝမ်ရူ​ကွေ့: "..."


ဟွမ်ချီမင်: "..."


ကျိုးရန် "..."