🍵Chapter 296
သူအကြောက်ဆုံးမှာ လေထုထဲမှတိတ်ဆိတ်သွားမှုဖြစ်သည်။
သူတို့လေးယောက်က အချင်းချင်းအကြည့်ဆုံသွားကြကာ ရှက်ရွံ့သည့်အရိပ်အယောင်များဖြစ်ပေါ်လာသည်။
ဝမ်ရူကွေ့က ကျိုးရန်နှင့်ဟွမ်ချီမင်တို့ ဖျင်ပြောင်ဖြစ်နေသည်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး အမြန်အဆန်ပင်ရှေ့တိုးလာကာ ထုံရွှယ်လူ၏မြင်ကွင်းကိုကာထားလိုက်သည်။
သူက ရှက်ရှက်ဖြင့်မေး၏။
“ရုတ်တရက်ကြီး ဒီကိုဘယ်လိုရောက်လာတာလဲ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်မိသည်။
“ကျွန်မဒီကိုလာလို့မရဘူးလား ဒါမှမဟုတ် ရှင်တို့လုပ်နေတာကို နှောင့်နှေးသွားစေမိလို့လား’
ဝမ်ရူကွေ့၏နားရွက်များက နီရဲလာသည်။
“ကိုယ်ပြောချင်တာက အဲ့လိုမဟုတ်ပါဘူး၊ ကိုယ်ကမင်းကိုစိတ်ပူလို့လေ မင်းလာမယ်ဆိုတာသိရင် သေချာပေါက် ကားဂိတ်မှာလာကြိုမှာပေါ့”
ကျိုးရန်နှင့် ဟွမ်ချီမင်တို့က အလျင်အမြန်ပင် ဘောင်းဘီများပြန်ဝတ်လိုက်ကာ ထုံရွှယ်လူနှင့်အကြည့်ချင်းမဆုံရဲကြပေ။
“အမ်းးဟိုဟာ ငါတို့မှာလုပ်စရာလေးရှိသေးလို့ အရင်ပြန်နှင့်ပြီနော်”
ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်က နောက်မှသရဲလိုက်ခံနေရသလိုပင် ကမန်းကတန်းအဆောင်ထဲမှပြေးထွက်သွားကာ မျက်စိတမှိတ်အတွင်းအရိပ်တောင်မမြင်ရတော့ပေ။
အဆောင်ခန်းထဲတွင် ထုံရွှယ်လူနှင့်ဝမ်ရူကွေ့တို့နှစ်ယောက်သာကျန်ခဲ့သည်။
ဝမ်ရူကွေ့က သူမ၏စစ်လွယ်အိတ်ကို ချရန်ကူပေးပြီး အရေးထားစွာပြောလာ၏။
“ရေသောက်ချင်လား ကိုယ်မင်းအတွက် ရေတစ်ခွက်လောက်သွားယူပေးမယ်”
ထုံရွှယ်လူက ဝမ်ရူကွေ့တစ်ယောက်သူမအတွက်လုပ်ပေးရင်း အလုပ်များနေသည်ကိုမြင်သောအခါ စလိုက်သည်။
“ရှင်ကျွန်မကိုမပြောပြရသေးဘူးနော် ခုနတုန်းကရှင်တို့ဘာလုပ်နေကြတာလဲ အရွယ်ရောက်နေတဲ့ယောက်ျားသုံးယောက်က တံခါးပိတ်ပြီး ဘောင်းဘီတွေချွတ်ထားကြတာ........ဝတ်ရုံလက်ကိုဖြတ်တော့မလို့တော့မဟုတ်ပါဘူးနော်(ဂေး)”
ဘန်းခနဲအသံထွက်လာ၏။
ဝမ်ရူကွေ့က လန့်သွားပြီး သူ့လက်ထဲမှ ကြွေကရားပြုတ်ကျသွားခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် အထဲတွင်ရေမရှိနေချေ။
သူက ကရားကိုကောက်ကာ အပြင်ဘက်တွင်သွားဆေးပြီး ပြန်ဝင်လာ၏။ သူ့မျက်နှာက နီလွန်းသဖြင့် သွေးထွက်တော့မည်ဟုတောင်ထင်ရသည်။
“ကိုယ်က သွမ့်ရှိူ့မဟုတ်ဘူး ကိုယ့်ကိုအထင်မလွဲပါနဲ့”
သူကဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်ကို ကြိုက်နိုင်မှာလဲ။ တကယ်လို့သူကဂေးဆိုရင်တောင် ကျိုးရန်နဲ့ဟွမ်ချီမင်တို့လိုလူတွေကို ကြိုက်မှာမဟုတ်ဘူး။
ထုံရွှယ်လူက အပြစ်ကင်းစွာပြန်ပြော၏။
“အဲ့ဒါဆိုရင်လည်း ဘာလို့တံခါးပိတ်ပြီး ဘောင်းဘီတွေချွတ်ထားကြတာလဲ ခုနတုန်းကရှင့်ပုံစံက တကယ်ကိုပြောရခက်တာနော်”
ဝမ်ရူကွေ့က သူမကိုရေခွက်လှမ်းပေးလာသည်။
“ကျိုးရန်နဲ့ ဟွမ်ချီမင်က သူတို့ရဲ့မြှီးညှောင့်ရိုးမှာ မှဲ့ရှိတယ်ဆိုလို့လေ သူတို့က ကိုယ့်မှာလည်းရှိမရှိကူပြီးကြည့်ပေးချင်နေကြတာ၊ ကျိုးရန်က ပိုပြီးအဆင်ပြေအောင်လို့ တံခါးပိတ်လိုက်တာပါ”
မနက်ကတည်းက သူတို့နှစ်ယောက်ကို မောင်းထုတ်လိုက်သင့်တာ တကယ်ကိုဒုက္ခပေးတာဘဲ။
သူမအထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ။
ဝမ်ရူကွေ့က စိုးရိမ်လွန်းသဖြင့် နဖူးကတောင်ချွေးထွက်လာသည်ကိုမြင်သောအခါ ထုံရွှယ်လူကဆက်ပြီးမနောက်ရက်တော့ပေ။
“ဟုတ်ပါပြီ ရှင်ပြောတာကိုကျွန်မယုံတယ်”
ဝမ်ရူကွေ့က စိတ်အေးသွားပြီး သက်ပြင်းချကာ သူမနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
“ဒီကိုဘာလို့လာတာလဲဆိုတာကို မပြောပြရသေးဘူးနော်”
ထုံရွှယ်လူက ရေတစ်ငုံသောက်လိုက်သည်။ ၎င်းကပူလည်းမပူသလို အေးလည်းမအေးပေ။ အပူချိန်ကအနေတော်ဖြစ်သည်။ သူမကပြုံးလိုက်ကာ ပြောလာ၏။
“ရှင့်ကိုသတိရလို့လေ အဲ့ဒါကြောင့်ဒီမှာလာရှာတာ”
“!!!!”
အခုလေးတင်မှ အရောင်ကျသွားသော ဝမ်ရူကွေ့၏မျက်နှာက တစ်ဖန်နီရဲလာကာ ရင်ခုန်သံများကလည်း ဒုန်းစိုင်းလာသည်။
ထုံရွှယ်လူက သူ့ကိုကြည့်ကာ စိတ်ထိခိုက်သွားသည့်ပုံစံလုပ်လိုက်သည်။
“ရှင်ကဘာလို့စကားမပြောတာလဲ၊ ရှင်ကကျွန်မကိုမတွေ့ချင်ဘူးလား”
သူမ၏သနားစရာကောင်းနေသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသောအခါ ဝမ်ရူကွေ့ကသူ့နှလုံးသားကိုဆွဲဆိတ်ခံလိုက်ရသလိုခံစားလိုက်ရပြီး အလျင်အမြန်ဖြေရှင်းလာ၏။
“ကိုယ်လည်းအတူတူပါဘဲ နေ့တိုင်းနေ့တိုင်း မင်းကိုတွေ့ချင်နေတာ”
သူက သူမကိုချက်ချင်းလက်ထပ်ပြီး တစ်နေ့၂၄နာရီလုံးအတူရှိနေနိုင်ရန် ဆုတောင်းမိသည်။
သို့သော် ၎င်းကလွယ်လွယ်နှင့်မဖြစ်နိုင်ပေ။
ထုံရွှယ်လူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကိုကြည့်ကာ နှုတ်ခမ်းစူပြီးပြောလာ၏။
“ခုနတုန်းကရေသောက်လိုက်တာ ကျွန်မနှုတ်ခမ်းအပူလောင်သွားပြီ ကျွန်မကိုနှစ်သိမ့်ပေးဖို့အနမ်းတစ်ခုလိုတယ်”
Bang! boom! boom!
သူမ၏နှုတ်ခမ်းနီနီလေးကိုကြည့်ကာ ဝမ်ရူကွေ့၏အသက်ရှူသံကရပ်တန့်သွားပြီး သူ့နှလုံးက လည်ချောင်းထဲမှထွက်လုမတတ်ဖြစ်သွားသည်။
“ရေကမပူပါဘူး”
ရေကမပူဟုပြောလိုက်သော်လည်း သူကရိုးသားစွာဖြင့် သူမနှုတ်ခမ်းကိုဖိကပ်ကာ လျက်လိုက်မိဆဲဖြစ်သည်။
နူးညံ့ကာနွေးထွေး၏။ သူမျှော်လင့်ခဲ့သော အထိအတွေ့မျိုးပင်။
ပထမအကြိမ်ထိလိုက်သည်နှင့် မခွာနိုင်တော့ပေ။ ဝမ်ရူကွေ့က ရှေ့သို့ကိုင်းလာပြီး ညင်သာစွာစုပ်ယူလိုက်သည်။ သူ့လှုပ်ရှားမှုများက ကျွမ်းကျင်နေကာ အချစ်ရေးတွင်အတွေ့အကြုံမရှိသူကြီးမဟုတ်တော့ပေ။
ထုံရွှယ်လူက သူ့ပုခုံးပေါ်တွင် လက်တင်လိုက်ကာ အနမ်းကြောင့် အသက်ရှူရပ်လုနီးပါးဖြစ်လာသည်။
ခနကြာပြီးနောက် သူမကသူ့ကိုညင်သာစွာတွန်းထုတ်လိုက်ကာ အသက်ရှူမဝသောလေသံဖြင့်ပြောလာ၏။
“တံခါးမပိတ်ထားလို့ တစ်ယောက်ယောက်မြင်သွားရင်ကောင်းမှာမဟုတ်ဘူး”
သူတို့၏နှာခေါင်းများက အချင်းချင်းထိနေကာ သူမ၏အသက်ရှူငွေ့များက သူ့နှုတ်ခမ်းပေါ်သို့ ရိုက်ခတ်လာသည်။ ဝမ်ရူကွေ့က သတိမမူမိစွာဖြင့် နှစ်ကြိမ်လောက်တံတွေးမြိုချလိုက်မိသည်။
“ပါးစပ်ကနာနေသေးလား”
ထုံရွှယ်လူက မျက်တောင်ရှည်များကိုခတ်ကာပြန်ဖြေ၏။
“နာနေတုန်းဘဲ”
ဝမ်ရူကွေ့က တံတွေးမြိုချလိုက်သည်။
“အဲ့ဒါဆိုရင် ကိုယ်မင်းကိုဆေးထပ်ထည့်ပေးမယ်”
ထိုသို့ပြောကာ သူကနောက်တစ်ကြိမ်ထပ်နမ်းလာ၏။ တစ်ချိန်တည်းတွင် သူ့လက်များက သူမလက်မောင်းကိုဆွဲပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလာရာ ထုံရွှယ်လူကသူ့ပေါင်ပေါ်တွင် ထိုင်လျက်သားဖြစ်သွားသည်။
ထုံရွှယ်လူက သူမလက်များကို သူ့လည်ပင်းတွင်ချိတ်ပြီး ပါးစပ်ကိုအနည်းငယ်ဖွင့်လိုက်သောအခါ ချက်ချင်းပင် သူ၏လျှာဖျားကဝင်ရောက်လာသည်။
လွှမ်းမိုးနိုင်သော်ငြား ညင်သာသည့်အနမ်း၊ သူ၏ထူးခြားသောအော်ရာတို့က သူမ၏ပိုင်နက်ထဲသို့ ဖြေးဖြေးချင်းကျူးကျော်လာသည်။
သူတို့နှစ်ယောက်က အလွန်နီးကပ်နေသဖြင့် အချင်းချင်းအသက်ရှူသံနှင့် ရင်ခုန်သံများကိုပါ ကြားနေရသည်။
ရင်ခုန်သံများက မိုးခြိမ်းသလိုပင် အချင်းချင်းကြိမ်နှုန်းမှန်စွာ ခုန်လှုပ်နေကြသည်။
🍵
ကျိုးရန်က နီရဲနေသောမျက်နှာနှင့် ဘေးဘက်မှအခန်းထဲတွင် အချိန်အကြာကြီးထိုင်နေ၏။ သူကသေချာတွေးကြည့်လေလေ တစ်ခုခုတော့မှားနေပြီဟု သူခံစားမိလာလေလေဖြစ်သည်။ သူကဒီအတိုင်းထွက်ပြေးသွားရင် ပိုပြီးနားလည်မှုလွဲသွားမနိုင်ဘူးလား။
ထိုသို့တွေးမိသွားသောအခါ သူကထရပ်ပြီး ဝမ်ရူကွေ့အခန်းဆီသွားလိုက်သည်။
မမျှော်လင့်ထားစွာဖြင့် သူတံခါးမှထွက်လာပြီး မော့ကြည့်လိုက်သောအခါ ဝမ်ရူကွေ့က ထုံရွှယ်လူကိုပေါင်ပေါ်တွင်တင်ပြီး သူတို့နှစ်ယောက်က အလွန်ချစ်ကြည်နူးစွာနမ်းရှိုက်နေသည်ကို မြင်လိုက်ရသည်။
ဝှစ်ခနဲအသံဖြင့် ကျိုးရန်၏မျက်နှာက ချက်ချင်းဆိုသလိုနီရဲလာသည်။
သူကအမှားတစ်ခုခုလုပ်လိုက်မိသလိုပင် အမြန်နောက်လှည့်လာပြီး သူ့အဆောင်ထဲသို့ပြေးဝင်ကာ တံခါးပိတ်လိုက်သည်။
သူစိတ်ငြိမ်သွားသောအခါ စုတ်သပ်လိုက်မိသည်။
“ငါတကယ်ကိုပြောလို့မရဘူးဘဲ ရူကွေ့ကပုံမှန်ဆိုရင် အရမ်းကိုထိန်းထိန်းသိမ်းသိမ်းရှိတဲ့သူပါ၊ သူ့လက်တွဲဖော်ရှေ့မှာကျ အရမ်းကိုအရိုင်းဆန်နေမယ်လို့ မမျှော်လင့်ထားမိဘူး”
ကျစ်..ကျစ် သူ့ကောင်မလေးကို ပေါင်ပေါ်တင်ပြီးနမ်းနေတာ၊ သူကလုပ်ပြီးသွားပြီ။ လက်ထပ်ပြီးတဲ့သူတွေကတော့ တစ်ခါမှမလုပ်ဖူးသေးဘူး။
အဆောင်ခန်းထဲတွင်နမ်းခြင်း=အရိုင်းဆန်သည်။
ကျိုးရန်က တွေးလေလေ ရင်ထဲကလိကလိဖြစ်လာလေပင်။ သူကအဆောင်မှထွက်လာကာ သူ့မိန်းမအားဌာနကိုဘယ်တော့လာမလဲ ဖုန်းဆက်မေးရန်လုပ်လိုက်သည်။
သူဆိုတဲ့ ကျိုးရန်လည်း အဆောင်ထဲမှာ နမ်းချင်တယ်လို့။
ဝမ်ရူကွေ့ဘက်တွင် နှစ်ယောက်သားလူချင်းခွဲခွာလိုက်ကြပြီဖြစ်သည်။
ထုံရွှယ်လူက သူမနှုတ်ခမ်းကိုသပ်ကာ သာမာန်ကာလျှံကာမေးလိုက်သည်။
“ဒါနဲ့ ရှင့်အဆောင်မှာ ရှင်ကလေးတုန်းက ဓာတ်ပုံတွေရှိလား ပြောရရင် ရှင်ငယ်ငယ်တုန်းကပုံတွေကို ကျွန်မတစ်ခါမှမမြင်ဖူးသေးဘူး”
ဝမ်ရူကွေ့က ခနလောက်ကြောင်သွားပြီးမှ ဖြေးဖြေးချင်းဖြေလာသည်။
“ကိုယ့်အဆောင်မှာ ကိုယ်ငယ်ငယ်တုန်းကပုံတွေမရှိဘူး မင်းမပြောရင် ကိုယ်တွေးမိမှာတောင်မဟုတ်ဘူး ကိုယ်လည်း ငယ်ငယ်တုန်းကပုံတွေကို မမြင်ဖူးဘူး”
ထုံရွှယ်လူက သူ့ကိုနီးကပ်စွာစိုက်ကြည့်လိုက်သည်။
“မရှိရင်လဲထားလိုက်ပါတော့ အဖိုးဝမ်နဲ့ ဦးလေးဇုန်းတို့က ရှင်ငယ်ငယ်တုန်းကဆို အရမ်းလိမ္မာတာဘဲဆိုပြီး ချီးကျူးကြတယ်၊ ငယ်ငယ်တုန်းက တကယ်ဘဲလိမ္မာတာလား လူကြီးတွေနောက်ကွယ်မှာ မကောင်းတာတစ်ခုခုမလုပ်ဖူးဘူးလား’
ဝမ်ရူကွေ့၏မျက်နှာက နောက်တစ်ကြိမ်တုန်လှုပ်သွား၏။
“ကိုယ်ငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိဘူး အဲ့ဒီအကြောင်းကို တွေးကြည့်လိုက်တိုင်း ခေါင်းကိုက်လာတယ်”
ထိုသို့ပြောပြီးနောက် သူကမျက်မှောင်ကြုတ်လာသည်။
ထုံရွှယ်လူ၏နှလုံးသားက အပ်နှင့်ထိုးခံလိုက်ရသလိုပင် သူမနှာခေါင်းကကျင်စပ်စပ်ဖြစ်လာသည်။
“မမှတ်မိလဲ ဘာမှမဖြစ်ပါဘူး၊ တကယ်တော့ လူအများစုကလည်း သူတို့ကလေးတုန်းကကိစ္စတွေကိုမမှတ်မိတတ်ကြဘူး”
နေရောင်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေကာ ကြမ်းပြင်ပေါ်သို့ကျနေပြီး အလင်းထဲတွင် ပျံသန်းနေသောအမှုန်အမွှားများကို မြင်နေရသည်။
ဝမ်ရူကွေ့ကမျက်မှောင်ကြုတ်ကာ အသံဩဩဖြင့်ပြောလာ၏။
“ကိုယ်ကလေးတုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိပေမယ့် သူငယ်ချင်းတစ်ယောက်ရှိခဲ့တာကိုတော့ မှတ်မိတယ် ကိုယ်နဲ့ဆုံတဲ့အချိန်မှာ သူက အသက်ငါးနှစ်ဘဲရှိသေးတာ”
ထုံရွှယ်လူကဘေးတွင်ချထားသည့် သူမလက်များကို ဖျစ်ညှစ်ကာ မေးလိုက်သည်။
“ဘယ်လိုသူငယ်ချင်းလဲ စစ်တပ်အိမ်ရာထဲက ကလေးဘဲလား”
ဝမ်ရူကွေ့က ခနလောက်တွေးကြည့်ကာ ခေါင်းညိတ်လာ၏။ထို့နောက် ခေါင်းပြန်ခါလိုက်ပြန်သည်။
“ကိုယ်မသိဘူး ဒါပေမယ့် သူပေါ်လာတဲ့အချိန်တိုင်းမှာ ဒဏ်ရာတွေရလာတယ်၊ပြီးတော့ ကိုယ့်ကိုတစ်ခါမှစကားမပြောဖူးဘူး”
သူမ၏လက်သည်းများက လက်ဖဝါးထဲသို့စိုက်ဝင်သွားကာ ထုံရွှယ်လူကိုနာကျင်သွားစေပြီး ပင့်သက်ရှိုက်လိုက်ရသည်။
“နောက်တော့ အဲ့ဒီကလေးက ဘယ်လိုဖြစ်သွားလဲ”
ဝမ်ရူကွေ့က ပျံ့လွင့်နေသော ဖုန်မှုန့်များကိုကြည့်ကာ ခေါင်းစောင်းလိုက်ပြီး အတိတ်ကိုပြန်စဉ်းစားနေသည့်ပုံပင်။
“နောက်ပိုင်းမှာ သူ့မိဘတွေနဲ့အတူ မြို့တော်ကထွက်သွားတယ် ကိုယ်တို့ပြန်တွေ့ဖို့ အချိန်တစ်ခုလောက်ကြာသွားတာပေါ့”
ထုံရွှယ်လူ:“သူနဲ့နောက်ဆုံးအကြိမ်တွေ့တာ ဘယ်တုန်းကလဲ”
“ပြီးခဲ့တဲ့နှစ်က”
ဒိန်းခနဲအသံတစ်ခုမြည်သွားသည်။
တစ်စုံတစ်ခုက ထုံရွှယ်လူ၏နှလုံးသားကိုရိုက်ခတ်လိုက်သလိုပင်။
“မနှစ်ကလား ဘယ်အချိန်လဲ”
ဝမ်ရူကွေ့ကသူမကိုလှည့်ကြည့်လာကာ သူ့မျက်လုံးများကနွေးထွေးနေ၏။
“မနှစ်က ကိုယ်မင်းကိုပထမဆုံးတွေ့ခဲ့ရတဲ့နေ့၊ မျန်မျန်ကိုထုံကျန်းကျန်းကရိုက်လိုက်လို့တွေ့တဲ့အချိန်လေ၊ ကိုယ်ပြန်သွားတော့ အဲ့ဒီသူငယ်ချင်းလေးကိုတွေ့လိုက်တာ”
“သူကအရင်တုန်းကနဲ့ တစ်ပုံစံထဲ၊ လုံးဝကိုမပြောင်းလဲသွားဘူး၊ ဒါပေမယ့် သူကတစ်ခုခုအမှားလုပ်မိပြန်ပြီနဲ့တူပါတယ်၊ သူ့အမေက ဖန်စတွေပေါ်မှာဒူးထောက်ခိုင်းပြီး အပြစ်ပေးထားတာ”
ထုံရွှယ်လူက စိတ်သောကရောက်လာသည်။
“ရှင်သူ့ကို မကူညီပေးလိုက်ဘူးလား”
ဝမ်ရူကွေ့က သက်ပြင်းချသည်။
“ကိုယ်သူ့ကိုမကူညီပေးနိုင်ဘူး မဟုတ်ရင် သူကပိုပြီးဆိုးဆိုးရွားရွားကို အရိုက်ခံရလိမ့်မယ်”
ထုံရွှယ်လူက သူမ၏မျက်လုံးရောနှာခေါင်းကပါ ကျင်စပ်စပ်ဖြစ်လာသည်ကိုခံစားလိုက်ရကာ.....သူမမျက်ရည်များကို ထိန်းနိုင်ရန်အတော်လေးအားစိုက်လိုက်ရသည်။
“အဲ့ဒီတစ်ခေါက်ပြီးတော့ သူကရှင့်ကိုလာထပ်တွေ့သေးလား”
ဝမ်ရူကွေ့ကခေါင်းခါသည်။
“မတွေ့ဘူး ဒါကသူကိုယ့်ကို အချိန်အကြာကြီးလာမတွေ့ဖူးတာ ပထမဆုံးအကြိမ်ဘဲ၊ အရင်တုန်းကဆို အကြာဆုံးဆိုလို့နှစ်ဝက်လောက်ဘဲ အခုကတစ်နှစ်နီးပါးဖြစ်နေပြီ”
ထုံရွှယ်လူက နှုတ်ခမ်းကိုမဲ့လိုက်မိသည်။
“အဲ့ဒါက သူအရမ်းအလုပ်များနေလို့ ရှင်နဲ့တွေ့ဖို့အချိန်မရှိတာဖြစ်မှာပါ ကန်တင်းကိုသွားရအောင်လေ ကျွန်မရှင့်အတွက်ထမင်းချက်ပေးမယ်”
ဝမ်ရူကွေ့၏မျက်လုံးများက အရောင်တောက်လာသည်။
“ကိုယ်မင်းကိုကူပေးမယ်”
ထုံရွှယ်လူက သူ့ကိုနူးညံ့စွာပြုံးပြပြီး သူမလက်ကိုဆန့်ကာ သူ့လက်ကိုကိုင်လိုက်သည်။
“ကောင်းပြီလေ ရှင်ဘာစားချင်လဲ”
ဝမ်ရူကွေ့က သူမ၏အပြုံးကိုမြင်သောအခါ သူ့မျက်နှာနှင့်နားရွက်ဖျားများကနီရဲသွားသည်။
“မင်းချက်ပေးတဲ့ဘာကိုမဆို ကိုယ်ကြိုက်တယ်”
ထုံရွှယ်လူကသူ့လက်ကိုဆွဲကာ လက်ချောင်းများကိုယှက်နွယ်လိုက်သည်။
“ဒါဆိုလည်း သွားကြမယ်”
ဝမ်ရူကွေ့က သူတို့နှစ်ယောက်လက်ကိုင်ထားသည်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီလိုပုံစံမျိုးသူများမြင်သွားပါက မကောင်းဘူးဟုသူတွေးချင်သော်လည်း ဤလက်ကိုသူ မလွှတ်ပေးနိုင်ပေ။
ခနလောက်တွေးပြီးနောက် သူ၏စကားလုံးများကို ပြန်မြိုချလိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကစေ့စပ်ပြီးပြီလေ၊ အခြားသူတွေလုပ်နိုင်တာဆိုလို့ သူတို့ကိုကြည့်နေနိုင်ရုံဘဲရှိတာ ဘာအတင်းမှပြောလို့မရဘူး။
ထိုသို့တွေးလိုက်ကာ သူကသူမလက်ကိုပိုတင်းကြပ်စွာဆုပ်ကိုင်ပြီး ပြုံးလိုက်မိသည်။
ကန်တင်းသို့သွားသည့်လမ်းတွင် ဌာနမှလူများနှင့်ဆုံ၏။ သူတို့လက်တွဲထားသည်ကိုမြင်သောအခါ လူတိုင်းကမထိန်းနိုင်ဘဲ သူတို့ကိုကြည့်လာကြသည်။
သို့သော်ဌာနမှသူများသည် အလွန်ပညာအရည်အချင်းပြည့်စုံ၏။ သူတို့၏အပြုအမူများက လက်ရှိယဉ်ကျေးမှုနှင့်မကိုက်ညီဟု ခံစားမိကြသော်လည်း ဘာမှမပြောကြပေ။ထိုအစား ကြင်နာစွာသာပြုံးပြကြသည်။
အပြင်သို့လျှောက်လာသောအခါ နေရောင်ခြည်နွေးနွေးက သူမပေါ်သို့ကျလာ၏။ထုံရွှယ်လူက မထိန်းနိုင်ဘဲ ခိုက်ခိုက်တုန်သွားသည်။
ဝမ်ရူကွေ့က ထိုအရာကိုသတိပြုမိသွားကာ သူမကိုလှည့်ကြည့်လာ၏။
“ဘာဖြစ်တာလဲ အေးလို့လား”
ထုံရွှယ်လူကခေါင်းခါကာပြုံးလိုက်သည်။
“နွေရာသီဘဲရောက်နေပြီလေ ဘယ်လိုလုပ်အေးမှာလဲ ဒီအတိုင်း ထိုင်တာကြာသွားလို့ပါ၊ ကြွက်သားနဲ့အရိုးတွေကိုခါနေတာ”
သူမကပုခုံးများကိုခါရင်းပြောလာသည်။
ဝမ်ရူကွေ့ကသူမကိုကြည့်နေကာ သူ့မျက်နှာပေါ်မှအပြုံးကကြီးမားလာသည်။
ထုံရွှယ်လူက သူ့မျက်နှာပေါ်မှအပြုံးကိုကြည့်ကာ နာကျင်လွန်းသဖြင့် ငိုချင်လာသည်။
သူနေမကောင်းဖြစ်နေတာကို သူမလုံးဝမသိခဲ့ပေ။
သူတို့နှစ်ယောက်အတူရှိသည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ သူ၏ပုံစံကအမြဲလိုပင်ပုံမှန်ဖြစ်နေခဲ့သည်။ သို့သော်အခုလေးတင်သူပြောခဲ့သည်များကို ကြည့်လျှင် သူကစိတ်ကစဉ့်ကလျားဖြစ်နေသည်မှာ ရှင်းနေ၏။
ထိုသူငယ်ချင်းလေးမှာ ငယ်ငယ်တုန်းကဝမ်ရူကွေ့ပင်ဖြစ်သည်။ နှစ်တွေအများကြီးကြာသွားတာတောင်မှ သူကတစ်ခုခုမှားနေသည်ကို သတိမပြုမိခဲ့ပေ။ထိုကောင်လေးက ဘယ်တော့မှမကြီးပြင်းလာပေ။
ထိုကောင်လေးပေါ်လာသောအချိန်တိုင်း ဒဏ်ရာရနေသည်ဟု သူပြောသည်ကိုကြားလိုက်ရသောအခါ သူမတကယ်ငိုချင်သွားသည်။
ချန်ရှို့ယွင်က လူကွယ်ရာမှာ သူ့ကိုဘယ်လိုတောင်နှိပ်စက်ညှဉ်းပန်းခဲ့တာလဲ။
သူမက စိတ်ရောဂါတစ်ခုဖြစ်သည့် စိတ်ကစဉ့်ကလျားရောဂါအကြောင်းကိုသိပ်မသိသော်လည်း ထိုရောဂါက ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်ကို သိသည်။
ထိုကောင်ငယ်လေးနောက်ဆုံးတစ်ကြိမ်ပေါ်လာသောအချိန်မှာ ဝမ်ရူကွေ့က ထုံမျန်မျန်တစ်ယောက်ထုံကျန်းကျန်းဆီမှအရိုက်ခံနေရသည်ကိုမြင်လိုက်ရသည့်အချိန်ဖြစ်နေသည်။