အပိုင်း၂၉၇
Viewers 67k

🍵Chapter 297



သူမက စိတ်ရောဂါတစ်ခုဖြစ်သည့် စိတ်ကစဉ့်ကလျားရောဂါအကြောင်းကိုသိပ်မသိသော်လည်း ထိုရောဂါက ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်ကို သိသည်။


ထိုကောင်ငယ်လေးနောက်ဆုံးတစ်ကြိမ်ပေါ်လာသောအချိန်မှာ ဝမ်ရူကွေ့က ထုံမျန်မျန်တစ်ယောက်ထုံကျန်းကျန်းဆီမှအရိုက်ခံနေရသည်ကိုမြင်လိုက်ရသည့်အချိန်ဖြစ်နေသည်။


တစ်နည်းဆိုရလျှင် ကောင်လေးပေါ်လာသောအချိန်တိုင်းတွင် သူ့ခံစားချက်အပြောင်းအလဲများကအလွန်မြင့်၏။ အရင်ဘဝတွင် ချန်ရှို့ယွင်၏ထွက်ပေါ်လာမှုက သူ၏စိတ်ကစဉ့်ကလျားရောဂါကိုပိုဆိုးသွားစေပြီး အကြပ်ကိုင်ခံရမှုများနှင့်တွဲလိုက်သောအခါ သူ့ကိုသေခြင်းတရားသို့ဦးတည်သွားစေသည်။


လူသတ်ခြင်းသာ ဥပဒေကိုမချိုးဖောက်ပါက သူမကသေချာပေါက် ဟိုမိန်းမချန်ရှို့ယွင်ကိုသတ်ပစ်မှာဖြစ်သည်။


ဝမ်ရူကွေ့က သူမ၏ခံစားချက်အပြောင်းအလဲများက သတိပြုမိသွားကာ အသံတိုးတိုးဖြင့်မေးလာ၏။

“ဘာတွေတွေးနေတာလဲ ရှစ်မိသားစုကိစ္စကိုစိုးရိမ်နေတာလား”


ထုံရွှယ်လူက ခေါင်းမော့ကာသူ့ကိုကြည့်လာ၏။

“မဟုတ်ပါဘူး ရှစ်ကျွင်းမင်ကသေဒဏ်ပေးခံရတော့မှာလေ ရှင်ရော အဲ့ဒီအကြောင်းကိုသိလား”


ဝမ်ရူကွေ့က ခံစားချက်အတက်အကျမရှိဘဲ ခေါင်းညိတ်ပြလာသည်။

“အင်း ကျန့်ယိကိုယ့်ကိုပြောပြတယ် မင်းစိတ်မပူနဲ့တော့ သူတို့ကအနာဂတ်မှာ မင်းကို ထိခိုက်အောင်မလုပ်နိုင်တော့ဘူး”


အမှန်တွင် သူ သူမကိုမပြောပြလိုက်သည်မှာ ရှစ်ကျွင်းမင်ကိုလျင်မြန်စွာအပြစ်ဒဏ်ချကာ သေဒဏ်ကျအောင်လုပ်နိုင်ခြင်းက ဝမ်မိသားစု၏အဆက်အသွယ်များကိုသုံးလိုက်ခြင်းကြောင့်ဖြစ်သည်။

 

ရှစ်ကျွင်းမင်ကို သေဒဏ်ပေးပြီးသည်နှင့် ရှစ်မိသားစုကမြို့တော်မှထွက်သွားကာ ဘယ်တော့မှထပ်ပြီးမောက်မာရဲတော့မည်မဟုတ်ပေ။


ဝမ်ရူကွေ့က ထိုစကားကိုပြောသောအခါ သူ့ဆီတွင်ရှစ်ကျွင်းမင်အတွက် သနားစိတ်လုံးဝမရှိသည်ကို သူမမြင်နေရသည်။ သူမကစိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။


“အဲ့ဒီအကြောင်းကိုထပ်မပြောတော့ဘူး ကန်တင်းကိုသွားကြမယ်လေ”


သူပြောသည်များကိုနားထောင်ကြည့်လျှင် ထိုကောင်လေးမပေါ်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဆိုလိုသည်မှာ သူ့အခြေအနေက နည်းနည်းချင်းစီပိုကောင်းလာ၏။


၎င်းကသတင်းကောင်းပင်။


ဒီဘဝတွင် သူမကသူ့ကိုကာကွယ်ပေးပြီး သေချာပေါက် အရင်ဘဝကလိုလမ်းကြောင်းမျိုးကို ထပ်လျှောက်စေမှာမဟုတ်ပေ။


သူတို့နှစ်ယောက်က ကန်တင်းသို့ရောက်လာသောအခါ ကန်တင်းမှစားဖိုမှူးဆီက ချက်ပြုတ်စရာတစ်ချို့ဝယ်လိုက်သည်။


ထုံရွှယ်လူက သူ့အတွက် ဝက်နံရိုးငရုတ်ကောင်းနှင့် ဆားရည်စိမ်ငါးအစပ်ကို လျင်မြန်စွာလုပ်‌ပေးရန်စတင်လိုက်သည်။


အရင်တစ်ခေါက်သူမ၏အချက်အပြုတ်စွမ်းရည်ကို မြင်ဖူးပြီးကတည်းက ကန်တင်းမှစားဖိုမှူးသည် သူမဆီမှအချက်အပြုတ်အတွက် အကြံတောင်းချင်နေခဲ့၏။ ဒီတစ်ကြိမ်တွင်ရှားရှားပါးပါး သူမရောက်လာသဖြင့် ချက်ချင်းပင် အချက်အပြုတ်နှင့်ဆိုင်မေးခွန်းမျိုးစုံကို သူမဆီပစ်ထည့်လာ၏။


ဝမ်ရူကွေ့က သူ့ရင်ထဲတွင် အနည်းငယ်အဆင်မပြေဖြစ်လာကာ စားဖိုမှူးကိုထွက်သွားခိုင်းချင်လာသည်။

 

သို့သော် သူကြီးပြင်းလာခဲ့သည့်ပုံစံက ထိုသို့ပြောရန်တားဆီးနေ၏။ အခြားလူတစ်ယောက်ကို အရှက်ရစေမည့်ကိစ္စကိုမူ ပြောနေစရာတောင်မလိုတော့ပေ။ထို့ကြောင့် သူလည်းမတတ်နိုင်ဘဲ စားဖိုမှူးကိုသာစိုက်ကြည့်နေလိုက်သည်။


စားဖိုမှူးက သူ့အကြည့်ကိုသတိထားမိလား။


သေချာ‌ပေါက်ကို သတိထားမိတာပေါ့။


စားဖိုမှူးက ထွက်သွားပေးပြီး မီးသီး(တတိယလူ)အဖြစ်ကိုရှောင်မှာလား။


တွေးတောင်မတွေးနဲ့၊ ဒီနေ့မှာသူက အလင်းဆုံးမီးသီးလုပ်မှာ။


ကန်တင်းစားဖိုမှူးသည်လည်း လူငယ်ဖြစ်သဖြင့် သူ့လက်တွဲဖော်နှင့်နှစ်ယောက်တည်းနေချင်သော ဝမ်ရူကွေ့၏ဆန္ဒကိုနားလည်ပေသည်။သို့သော်ဤအခွင့်အရေးသည်ရှားပါး၏။ သူက ထုံရွှယ်လူ ဆားရည်စိမ်ငါးအစပ်ဘယ်လိုလုပ်လဲသိချင်မိသည်။


ထို့ကြောင့် သူက ဘာမှနားမလည်သလိုဟန်ဆောင်ကာ ဝမ်ရူကွေ့၏မီးတောက်နေသောမျက်လုံးများကိုလျစ်လျူရှုပြီး မီးဖိုချောင်ထဲတွင်ဆက်နေလိုက်သည်။


ထုံရွှယ်လူက ကောင်းမွန်သောဓားကိုင်စွမ်းရည်ဖြင့် ငါးကိုခုတ်ကာ အရွယ်တူအပိုင်းလေးများဖြစ်အောင် ပါးပါးလှီးလိုက်သည်။


စားဖိုမှူးက ထပ်ခါတလဲလဲချီးကျူး၏။

“ရဲဘော်ထုံ ဒီငါးသားလွှာက အရမ်းပါးတယ်၊ အိုးထဲထည့်လိုက်တဲ့အခါမှာ ပုံမပျက်သွားနိုင်ဘူးလား”


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

“ပုံမပျက်ပါဘူး ဒါက အိုးထဲထည့်ထားတဲ့အချိန်၊အပူချိန်တို့နဲ့ဘဲဆိုင်တယ်၊ အ‌ရမ်းစောတာ ဒါမှမဟုတ် အရမ်းကြာသွားတာမျိုးဆို ပုံပျက်သွားလိမ့်မယ် ၊ ငါးအသားလွှာကချက်ရတာလွယ်တယ်၊ အချိန်ကိုတွက်ပြီး ကျက်ပြီဆိုတာနဲ့ အိုးထဲကထုတ်လိုက်ရုံဘဲ”


စားဖိုမှူးက ထိုလှည့်ကွက်ကိုနှလုံးသားထဲထိမှတ်သားလိုက်သည်။

“ရဲဘော်ထုံက အရမ်းကြင်နာပြီး သဘောထားပြည့်ဝလိုက်တာ လူအများစုက ချက်ပြုတ်နည်းရဲ့လျှို့ဝှက်ချက်ကို ပြောပြချင်ကြတာမဟုတ်ဘူး”


ထုံရွှယ်လူကပြုံးလိုက်သည်။

“ဒါကဘာထွေထွေထူးထူးလျှို့ဝှက်ချက်မှမဟုတ်ပါဘူး”


အမှန်ပင် ဒါကလျှို့ဝှက်ချက်ဟုမဆိုနိုင်ပေ။ထို့အပြင် ကန်တင်းမှစားဖိုမှူးက အလွန်သဘောကောင်းကာ သူတို့ကချက်ပြုတ်စရာပစ္စည်းရောင်းပေးရုံသာမက မီးဖိုချောင်ကိုလည်းပေးသုံးသေးသည်။


ဤအကူအညီကြောင့် တစ်ဖက်လူက ဘယ်လောက်ဘဲဝေစုလိုချင်နေပါစေ ကိစ္စမရှိပေ။


သူမကပြောရင်းဖြင့် ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်ကိုလှီးလိုက်ကာ မုန်လာဥဖြူကို အထူအပါးညီအောင် ပါးပါးလှီးလိုက်သည်။ ကန်တင်းမှစားဖိုမှူးက အံ့ဩသွားကာ သူမကိုလက်မထောင်ပြလာသည်။


ထုံရွှယ်လူက အိုးထဲသို့ဆီထည့်လိုက်ပြီး ဆီဆူလာသောအခါ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းတို့ကိုထည့်လိုက်သည်။ အနံ့ကဝေ့တက်လာကာ အနားတွင်ရှိနေသော လူတိုင်း၏စားလိုစိတ်ကို နှိုးဆွလာ၏။


အနီရောင်စွပ်ပြုတ်ရည်ဆူလာသောအခါ ထုံရွှယ်လူကငါးအသားလွှာများကို အိုးထဲထည့်လိုက်ပြီး အရောင်ပြောင်းသည်နှင့်ဆယ်ထုတ်လိုက်သည်။


ပါဝင်ပစ္စည်းအားလုံးကို ‌ဇလုံထဲထည့်ပြီးနောက် ငရုတ်ကောင်းခေါက်ဆွဲနှင့် ဆီပူများကိုလောင်းထည့်လိုက်သည်။ တရှဲရှဲအသံကိုနားထောင်ကာ ငါးအသားများက ဆီတစ်လွှာဖြင့်ဖုံးအုပ်သွားသည်ကို မြင်လိုက်ရ၏။


အနံ့က ချက်ချင်းပင် မီးဖိုချောင်ထဲ၌ ပျံ့နှံ့သွားသည်။


ထုံရွှယ်လူက လှီးထားသည့်ကြက်သွန်မြိတ်နှင့် ကြက်သွန်နီများကိုဖြူးလိုက်ကာ ဆားရည်စိမ်ငါးအစပ်ကအဆင်သင့်ရသွားပြီဖြစ်သည်။


စားဖိုမှူးက ငါးအစပ်ကိုစိုက်ကြည့်ကာ တံတွေးမြိုချလိုက်သည်။

“အရမ်းမွှေးလိုက်တာ၊ ငါအရင်တုန်းကလုပ်ဖူးတာ မင်းနဲ့တူတူပါဘဲ ဒါပေမယ့် ဒီလောက်မမွှေးတာ ဘာလို့လဲမသိဘူး”


ထုံရွှယ်လူ:“ ဖြစ်တတ်ပါတယ် အဲ့ဒါက အပူချိန်နဲ့ဆိုင်တယ်၊ ချက်ပြုတ်တဲ့နေရာမှာ အပူချိန်က အရမ်းအရေးကြီးတယ်၊ မိနစ်ပိုင်းလေးဒါမှမဟုတ် စက္ကန့်ပိုင်းလေးကွာခြားသွားတာက အရသာမှာကွာခြားမှုအကြီးကြီးကိုဖြစ်စေလိမ့်မယ်”


စားဖိုမှူးကခေါင်းညိတ်လိုက်သည်။

“ငါနောက်တစ်ခေါက်ကြိုးစားကြည့်ဦးမယ်”


ထို့နောက်သူက အကြည့်လွှဲကာ ငါးပေါ်တွင်အကြည့်ရောက်နေပြီး ဝမ်ရူကွေ့ကိုလှမ်းပြော၏။

“ငါးအစပ်က အရမ်းမွှေးလိုက်တာ၊ အရသာဆိုရင် ဒီထက်ပိုပြီးကောင်းနေမှာဘဲ ဟုတ်တယ်မလား”


ဝမ်ရူကွေ့က စားဖိုမှူးပြောတာကိုကြားလား။


သေချာပေါက်ကြားတာပေါ့။


ဝမ်ရူကွေ့က စားဖိုမှူးကိုငါးအတူတူစားခွင့်ပေးမှာလား။


တွေးတောင်မတွေးနဲ့၊ ဒီတစ်ကြိမ်တွင် သူကဗီလိန်တစ်ယောက်လိုပင် ဘာမှမကြားမမြင်ရသလိုဟန်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။


ဒါကသူ့ဇနီးလောင်းလုပ်ပေးတာလေ။ အခြားယောက်ျားတွေ တစ်ကိုက်တောင်စားရမယ်မထင်နဲ့။ဖြစ်နိုင်ရင် ဟင်းအနံ့ကိုတောင် သူများတွေရစေချင်တာမဟုတ်ဘူး။


ပိုင်စိုးပိုင်နင်းလိုမှုက အလွန်ပြင်းထန်လှသည်။


ထုံရွှယ်လူချက်ပြီးသောအခါ ကန်တင်းထဲမှာပဲစားရန်လုပ်လိုက်ကြသည်။


လူတစ်ချို့က ကန်တင်းထဲဝင်လာသောအခါ စွဲမက်‌ဖွယ်ကောင်းသောမွှေးရနံ့ကိုရလိုက်ကြသည်။


“အနံ့ကအရမ်းမွှေးတာဘဲ၊ စားဖိုမှူးလင်း ဒီနေ့ဘာချက်ထားတာလဲ ဘာလို့အရမ်းမွှေးနေတာလဲ”


စားဖိုမှူးလင်းက ပြုံးကာပြောလိုက်သည်။

“ဘာစားချင်လဲဆိုတာကို အပြင်ကသင်ပုန်းပေါ်မှာရေးထားတယ်မဟုတ်ဘူးလား ကိုယ့်ဘာသာသွားကြည့်လေ၊ ဒါပေမယ့်ငါပြောပြလိုက်ပါ့မယ် အဲ့ဒီအနံ့မွှေးနေတာက သုတေသီဝမ်ရဲ့ဇနီးလောင်းလုပ်ပေးတဲ့ ဆားရည်စိမ်ငါးအစပ်ဘဲ”


အဲ့ဒါကိုစားချင်နေတာလား၊ ဟားဟား အိပ်မက်မက်နေလိုက်။


စားဖိုမှူးက ထိုဟင်းလျာကို ထုံရွှယ်လူချက်ခြင်းဖြစ်ကြောင်း လူတိုင်းကိုပြောပြလိုက်သည်မှာ သူ့လိုပင် လူတိုင်းကိုလည်း အနံ့ဘဲခံကာ မစားရသလိုဖြစ်စေချင်သောကြောင့်ဖြစ်သည်။ 


သူတစ်ယောက်တည်းတော့ မခံစားနိုင်ဘူး။


သေချာပေါက်ပင် စားဖိုမှူး၏စကားကိုကြားသောအခါ လူတိုင်းကအော်ဟစ်ငြီးငြူလိုက်ကြသည်။


“ငါကရူကွေ့နဲ့ အရမ်းရင်းနှီးတယ်၊ မင်းပြောကြည့် တကယ်လို့ ငါသူ့ထဲက နည်းနည်းသွားတောင်းစားရင် ငါ့ကိုပေးလောက်ပါတယ်နော် ဟုတ်တယ်မလား”


“ငါကတော့ အဲ့ဒါကနည်းနည်းစွန့်စားရာကျမယ်လို့ထင်တယ်”


ဝမ်ရူကွေ့ ရည်းစားမရှိခင်ကဆိုလျှင် သူကဌာနမှလုပ်ဖော်ကိုင်ဖက်များအပေါ်အလွန်သဘောကောင်း၏။ တစ်ခါတစ်လေဆိုလျှင် သူဆုချီးမြှင့်ခံရပါက သူ့ထက်ပို၍လိုအပ်နေသောသူများကို ပေးလေ့ရှိသည်။


သို့သော် သူတစ်စုံတစ်ယောက်ကိုစတင်ပိုးပန်းကတည်းက လူတစ်ကိုယ်လုံးပြောင်းလဲသွား၏။


သူကစပြီးကပ်စီးကုပ်လာကာ တစ်ယောက်ထဲသာစားချင်၏။


ထုံရွှယ်လူက တစ်ခါတစ်လေတွင်ဌာနသို့ အရသာရှိသည်များပို့ပေးသော်လည်း သူကဘယ်သူနှင့်မှဝေမစားပေ။ သူတို့မပြောနှင့် ဝမ်ရူကွေ့နှင့်အရင်းနှီးဆုံးဖြစ်သည့် ကျိုးရန်နှင့်ဟွမ်ချီမင်တို့တောင်မှ သေးသေးလေးတောင်မရပေ။


အဲ့ဒါကို အခုသူ့ဆီကသွားတောင်းစားချင်နေတာလား။


ခက်ခဲတယ်၊ မိုးထိရောက်လောက်အောင် ခက်ခဲတယ်။


ဝမ်ရူကွေ့က ထိုဆွေးနွေးသံများကိုကြားသော်လည်း မကြားချင်ယောင်ဆောင်ကာ ထုံရွှယ်လူကိုငါးအသားတစ်ချို့ထည့်ပေးလိုက်ပြီးနောက် သူလည်းစားလိုက်သည်။


ဆားရည်စိမ်ငါးအစပ်က ပူပူစပ်စပ်လေးဖြစ်ကာ အလွန်စပ်၏။


ငါးအသားက နူးညံ့၊အိစက်ကာ မွှေးကြိုင်နေပြီး ပါးစပ်ထဲတွင် အိအိလေးပျော်ဝင်သွားကာ လန်းဆန်းသွားစေ၏။


ဝမ်ရူကွေ့က အရင်တစ်ခေါက်စားခဲ့ရသည်များနှင့်ယှဉ်လျှင် ဒီတစ်ခေါက်ကပိုပြီးအရသာရှိသည်ဟု ခံစားမိသွားသည်။


ထုံရွှယ်လူက ဝမ်ရူကွေ့စားပြီးသောအခါ သူ့နှာခေါင်းကချွေးစက်လေးများသီးလာသည်ကိုမြင်လိုက်ရသဖြင့် ပြုံးလိုက်မိသည်။


“အရသာရှိလား”


“အရသာရှိတယ် မင်းချက်သမျှအကုန်လုံးကအရသာရှိတယ်”


ဝမ်ရူကွေ့က သူမပန်းကန်ထဲသို့ထပ်ထည့်ပေးလိုက်သည်။


“မင်းလည်းများများစား”


ကျိုးရန်နှင့်ဟွမ်ချီမင်တို့က ထမင်းပန်းကန်များနှင့်အထဲဝင်လာသောအခါ ဝမ်ရူကွေ့နှင့်ထုံရွှယ်လူတို့က နူးနူးညံ့ညံ့စကားပြောနေသည်ကိုမြင်လိုက်ရသည်။


၎င်းကအဓိကမကျပေ။ အဓိကအချက်မှာ ဝမ်ရူကွေ့ရှေ့မှဟင်းလျာများက အဝေးမှကြည့်လိုက်ရုံဖြင့်တင် လူကိုဗိုက်ဆာလာစေ၏။


ကျိုးရန်ကအပြေးသွားရင်းပြော၏။

“ရူကွေ့ကတကယ်ကိုခိုးကြောင်ခိုးဝှက်နိုင်လိုက်တာ ဒီ‌လိုအရသာရှိတာတွေအကြောင်းကို ငါတို့ကိုပြောတောင်မပြောပြဘူး”


ဟွမ်ချီမင်က သူ့နောက်မလိုက်သွားဘဲ အသားရရန်ဟင်းထည့်ပေးသည့်ပြတင်းပေါက်သို့သာ တိုက်ရိုက်သွားလိုက်သည်။


ကျိုးရန် :“ရူကွေ့ မင်းထမင်းစားနေတာလား”


ဝမ်ရူကွေ့ကသူ့ကိုတစ်ချက်ကြည့်ကာ နံရိုးတစ်ပိုင်းကိုယူပြီး ပါးစပ်ထဲသို့ထည့်လိုက်သည်။


“အင်း မင်းမမြင်ဘူးလား”


ကျိုးရန်ကနင်သွားသည်။

သေချာပေါက်သူမြင်တာပေါ့။ အခုချိန်မှာ သူ့ကိုထိုင်ခိုင်းပြီး အတူတူစားဖို့ဖိတ်ရမှာမဟုတ်ဘူးလား။


သို့သော် ဝမ်ရူကွေ့ကထိုအရိပ်အမြွှက်ကိုနားလည်ပုံမပေါ်ပေ။ သူကခေါင်းငုံ့ကာ ထမင်းတစ်လုပ်စားပြီးနောက် အလွန်အရသာရှိသော ငါးအသားစကိုပါးစပ်ထဲထည့်လိုက်သည်။


ကျိုးရန်က ဒေါသထွက်လွန်းသဖြင့် သူ့မျက်နှာကနီရဲလာလေသည်။


"..."


ညီအစ်ကိုကောင်းဆိုတာဘာလဲ အကုန်လူလိမ်တွေချည်းဘဲ။


ထုံရွှယ်လူက သူတို့နှစ်ယောက်၏ကလေးဆန်ပုံများကိုမြင်သောအခါ ရယ်ချင်လာသည်။


ပုံမှန်ဆိုလျှင် သူမက သေချာပေါက်ပင် ကျိုးရန်နှင့်ဟွမ်ချီမင်ကို အတူတူစားရန်ဖိတ်ခေါ်မှာဖြစ်သည်။သို့သော်ဒီနေ့တွင်မူ သူမက ဝမ်ရူကွေ့ကိုတစ်ခါလောက်အလိုလိုက်ပေးချင်၏။


သူကအကုန်လုံးကိုတစ်ယောက်ထဲစားချင်ပါက သူတစ်ယောက်တည်းကိုသာစားခွင့်ပြုမည်။


ထို့ကြောင့် ကျိုးရန်နှင့်အခြားသူများသည် အနိုင်ကျင့်ခံရရုံသာရှိသည်။


ကျိုးရန်က သူတို့ရှေ့တွင်ခနလောက်ရပ်ကာ အနံ့ကိုတစ်ဝကြီးရှူနေရသော်လည်း အသားတစ်ဝက်လေးတောင် မစားရပေ။


ပိုဆိုးသည်မှာ သူဟင်းထည့်ပေးသည့်ပြတင်းပေါက်သို့ရောက်သောအခါ ဒီနေ့အတွက်အသားများကကုန်သွားပြီဖြစ်သည်။


အရမ်းဒေါသထွက်တယ်။


ညစာစားပြီးသောအခါ ဝမ်ရူကွေ့ကစကားစလာ၏။

“သွားကြမယ် ကိုယ်ဌာနကကားတစ်စီးငှားပြီး မင်းကိုပြန်လိုက်ပို့ပေးမယ်”


ထုံရွှယ်လူက မော့ကြည့်လိုက်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောလာ၏။


“ကျွန်မ ဒီညမပြန်တော့ဘူး၊ ဌာနမှာဘဲနေချင်တယ်......ရှင်နဲ့အိပ်မလို့”


ဝမ်ရူကွေ့:! ! ! ! !