🍵Chapter 298
ဝမ်ရူကွေ့၏မျက်နှာက ရုတ်တရက်ရဲတက်လာကာ သူ့လည်စိက အကြိမ်အနည်းငယ်အထက်အောက်လှုပ်ရှားသွားသည်။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့က သူတို့၏နေ့လည်စာဘူးများကိုဆေးရန်လျှောက်လာသောအခါ ဝမ်ရူကွေ့၏နီရဲနေသောမျက်နှာကြီးကိုမြင်လိုက်ရသဖြင့် သံသယဝင်စွာကြည့်လိုက်ကြသည်။
ခုနတုန်းက ဝမ်ရူကွေ့ကပ်စီးကုပ်ပြီး သူ့ကိုအသားတစ်တုံးတောင်မကျွေးလိုက်သည်ကို သတိရသွားသောအခါ ဒေါသထွက်လာပြီး တမင်သက်သက်အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
“ရူကွေ့ မင်းမျက်နှာကဘာဖြစ်တာလဲ ဘာလို့မျောက်ဖင်လိုနီရဲနေတာလဲ”
ဟွမ်ချီမင်ကလည်း ရယ်ကာဝင်ပြော၏။
“အဲ့ဒါက မင်းရဲဘော်ထုံနဲ့မခွဲချင်လို့များလား”
ထုံရွှယ်လူက ပြုံးလိုက်သည်။
“မနက်ဖြန်က တနင်္ဂနွေဆိုတော့ အတန်းမရှိဘူးလေ ကျွန်မက ရူကွေ့အတွက် မနက်စာနဲ့နေ့လယ်စာပြင်ပေးဖို့ ဌာနမှာနေချင်နေတာ အဲ့ဒါကြောင့် ဌာနမှာနေမလို့အဆင်ပြေလားသူ့ကိုမေးကြည့်နေတာပါ”
ဝမ်ရူကွေ့က အလျင်အမြန်ပင်ခေါင်းညိတ်လာသည်။
“အဆင်ပြေပါတယ် ကိုယ်အခုဘဲအခန်းသွားလျှောက်လိုက်မယ်”
သူက အတူအိပ်ရန်မတွေးရဲသော်လည်း သူမကဌာနတွင်အိပ်ပြီး မနက်မိုးလင်းလျှင် သူမမျက်နှာကိုထပ်တွေ့ရဦးမည်ဟု တွေးလိုက်မိသောအခါ သူ့အပြုံးများကိုမဖိနှိပ်နိုင်တော့ပေ။
ကျိုးရန်:"..."
ဟွမ်ချီမင်"..."
သူတို့နှစ်ယောက်က ဝမ်ရူကွေ့ကိုလှောင်ချင်သော်ငြား သူတို့ကသာ ခွေးစာကျွေးခံလိုက်ရသည်။
သူတို့ကလက်ထပ်ပြီးတာတောင်မှ အိမ်နှင့်အဝေးတွင်ရှိနေသည့်အတွက် ဒီလိုဆက်ဆံမှုမျိုးကိုမရပေ။
ဒီအတိုင်း အရမ်းမနာလိုဖြစ်တယ်၊ မုန်းလိုက်တာ။
ဝမ်ရူကွေ့က ပါးစပ်အပြည့် ရှောက်ရည်သောက်လိုက်ရသော ကျိုးရန်တို့ကိုလျစ်လျူရှုကာ ထုံရွှယ်လူကိုအခန်းလျှောက်ရန်ခေါ်သွားလေသည်။
ဌာန၏အဆောင်တွင် အခန်းလွတ်များရှိ၏။ ထုံရွှယ်လူက ဗိုလ်မှူးရှောင်း၏မြေးမဖြစ်ကာ ဝမ်ရူကွေ့၏ဇနီးလောင်းလည်းဖြစ်သည်။ သူမ၏အနေအထားအရ ဌာနတွင်နေနိုင်ပေသည်။
ဌာနတွင် အရေးကြီးသောသုတေသနရလဒ်များနှင့် စာရွက်စာတမ်းအများအပြားရှိ၏။ လုံခြုံရေးကိုစိတ်ချနိုင်ရန်အတွက် လူတိုင်း၏ဆွေမျိုးတော်စပ်သူများကို ညအိပ်ညနေခွင့်မပြုပေ။
အခန်းလျှောက်ပြီးသောအခါ သူတို့ကရုံးခန်းထဲမှထွက်လာပြီး အဆောင်သို့ပြန်မသွားပေ။ထိုအစား အစာကြေအောင် ဌာနတစ်ပတ်လမ်းလျှောက်လိုက်ကြသည်။
ဝမ်ရူကွေ့၏စိတ်ထဲတွင် ‘ကိုယ်မင်းနဲ့အတူအိပ်ချင်တယ်’ဟူသောစကားလုံးများက ပဲ့တင်ထပ်နေကာ ရင်ခုန်သံများကမြန်လွန်းသဖြင့် မထိန်းချုပ်နိုင်လုနီးပါးဟု ခံစားနေရသည်။
သို့သော် သူမ၏ဂုဏ်သတင်းအတွက် ထိုအတွေးကိုဖိနှိပ်လိုက်သည်။
“ဒီည ကိုယ့်အခန်းထဲမှာဘဲအိပ်လိုက်လေ ကိုယ်က လျှောက်လို့ရလာတဲ့အခန်းမှာသွားအိပ်လိုက်မယ်”
သူ့အခန်းက ပစ္စည်းအစုံအလင်ရှိ၏။ အခန်းလွတ်များက လူမနေသဖြင့် အိပ်ရာကလွဲလျှင် ဘာမှမရှိချေ။ သူမကထိုအခန်းထဲအိပ်မည်ကို သူစိုးရိမ်၏။
ထုံရွှယ်လူကခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီ”
သူမက ဖြစ်သင့်သလိုပင်တုံ့ပြန်လိုက်သော်လည်း သူ့ရင်ထဲတွင်အနည်းငယ်စိတ်ပျက်သွားသည်။ အခုချိန်မှာသူတို့ကဌာနမှာမဟုတ်ရင်အရမ်းကောင်းမှာဘဲ၊ သူတို့ကလက်ထပ်ပြီးသားဆိုရင်ကောင်းမှာဘဲ။
မမျှော်လင့်ထားစွာဖြင့် ထုံရွှယ်လူကရုတ်တရက်သူ့ကိုလှည့်ကြည့်ကာပြောလာ၏။
“လူတိုင်းအိပ်ပျော်သွားတဲ့အချိန်ကျရင် ကျွန်မအခန်းကိုတိတ်တိတ်လေးလာခဲ့၊ ရှင့်ကိုပြစရာရတနာကြီးရှိတယ်”
ရတနာကြီး!!!
ဝမ်ရူကွေ့ရင်က ဒုတ်ခနဲတုန်သွားပြီး ရုတ်တရက် ကျောက်တုံးကိုခလုတ်တိုက်သွားကာ အမှားလုပ်လိုက်မိလေသည်။
ထုံရွှယ်လူကသူ့လက်မောင်းကိုဆွဲကာ စလိုက်သည်။
“အရမ်းတွေစိတ်လှုပ်ရှားနေတာလား”
“......မဟုတ်ပါဘူး”
“ရှင်ကသာမဟုတ်ဘူးပြောနေတာ ရှင့်မျက်နှာက မျောက်ဖင်လိုနီရဲနေပြီ”
"..."
ဝမ်ရူကွေ့က အလွန်ရှက်သွားကာ ကိုယ့်ကိုကိုယ်ကျင်းတူပြီးသာမြုပ်ထားလိုက်ချင်မိသည်။သူက သူမကိုမကြည့်ရဲတော့ပေ။
“အခုပြလို့မရဘူးလား”
ထုံရွှယ်လူကခေါင်းခါလိုက်သည်။
“ရတနာကြီးဆိုမှတော့ သေချာပေါက်အပြင်မှာပြလို့ဘယ်ရမှာလဲ......ကျွန်မက ရှင်တစ်ယောက်တည်းကိုဘဲပြမှာ”
ဝမ်ရူကွေ့၏မျက်နှာက ကြက်ဥကြော်လို့ရလောက်သည်အထိနီရဲလာကာ သူ့စိတ်ထဲတွင် ရှက်စရာ၊ရင်ခုန်စရာအတွေးများကိုတွေးနေမိ၏။
ရတနာအကြီးကြီး......သူတစ်ယောက်တည်းကိုဘဲပြမှာ။
သူတကယ်မထိန်းနိုင်ဘဲ အတွေးတွေလွန်တော့မယ်!
ထုံရွှယ်လူက သူ့အမူအရာကိုမြင်သောအခါ သူဘာတွေးနေသည်ကို သဘောပေါက်သွားသည်။ သူမကပြုံးလိုက်မိလေသည်။
သူတို့ကဌာနမှ ဟင်းသီးဟင်းရွက်စိုက်ခင်းဆီရောက်လာသည်။ ဤနေရာတွင် အရွက်အများအပြားစိုက်ထားကာ လတ်ဆတ်ပြီးစိမ်းစိုနေ၏
ဟင်းသီးဟင်းရွက်စိုက်ခင်း၏အနောက်ဘက်ထောင့်ကို ဟင်းရွက်မစိုက်ဘဲ ပန်းများစိုက်ရန် အသုံးပြုထားသည်။
ရာနှင့်ချီသည့်ပန်းများပွင့်နေကာ ပျားနှင့်လိပ်ပြာများက ပန်းပွင့်များကြားတွင် ကခုန်နေ၏။ညနေခင်း၏ နွေလေပြည်လေးကလည်း တိုက်လာရာ ပန်းရနံ့များပျံ့လာစေသည်။
ထုံရွှယ်လူက အဖြူရောင်ပန်းများကိုလက်ထိုးပြကာ မေးလိုက်သည်။
“ဒါတွေကို ခေါင်းဆောင်ကျောင်းစိုက်ထားတာလား”
ဝမ်ရူကွေ့က ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် ဒီပန်းတွေကို ခေါင်းဆောင်နဲ့သူ့ဇနီးတို့အတူတူစိုက်ထားကြတာ”
ပြီးခဲ့သည့်အကြိမ်တွင် သူနှင့်ကျိုးရန်က သူတို့ချစ်သူများကိုလက်ဆောင်ပေးရန် ခေါင်းဆောင်ကျောင်းကိုခွင့်မတောင်းဘဲ ပန်းများကိုခူးခဲ့မိကြသည်။သူပြန်လာသောအခါ လျော်ကြေးအဖြစ်မုန့်များကို ဝယ်လာခဲ့သည်။ ခေါင်းဆောင်ကိုစိတ်မဆိုးသွားစေချင်သော်လည်း သူတို့ကအချစ်ရေးကိုဦးစားပေးရန်ရည်ရွယ်ခဲ့ကြသည်။
ထုံရွှယ်လူက အချစ်ရေးအကြောင်းတွေးမိသွားအခါ ပြုံးလိုက်မိပြီးမေးလာ၏။
“အရင်တစ်ခေါက် ကျွန်မပြောခဲ့တဲ့ကိစ္စကို လက်မှတ်ထိုးတဲ့သူရှိပြီလား”
“အင်း တစ်ကိုယ်တည်းသမားရဲဘော်တိုင်းက လက်မှတ်ထိုးပြီးသွားပြီ၊ အချက်အလက်တွေကိုတော့ စီစဉ်နေရတုန်းဘဲမလို့ နောက်အပတ်လောက်မှ မင်းကိုပေးနိုင်မှာ”
နေဝင်ချိန်၏နေရောင်များက သူမပါးပေါ်သို့ထိုးနေပြီး ပါးနီခြယ်ထားသလိုဖြစ်နေရာ သူ့ကိုရင်ခုန်သွားစေသည်။
သူ့နားထဲတွင် လေတိုက်နေသည့်အသံကိုကြားနေရကာ ၎င်းက သူ့ရင်ခုန်သံနှင့်ကိုက်ညီနေ၏။ ဘယ်ဟာက လေတိုက်သံလဲ၊ဘယ်ဟာက ရင်ခုန်သံလဲဆိုတာကို မပြောနိုင်တော့ပေ။
သူကရုတ်တရက် အခုမှအညှောက်ထွက်လာသည့် ပန်းအိုးတစ်ခုကို လက်ထိုးညှိုးပြလိုက်သည်။
“အဲ့ဒါကိုကိုယ်စိုက်ထားတာလေ၊ ပန်းတွေပွင့်လာတဲ့အချိန်ကျ မင်းဆီပို့ပေးမယ်”
သူမကပန်းများကိုကြိုက်သဖြင့် ထိုနေ့ကျောင်းမှပြန်လာသောအခါ သူမအတွက် သူကိုယ်တိုင်ပန်းများစိုက်ပေးရန်ဆုံးဖြတ်လိုက်သည်။
ထုံရွှယ်လူက သူပြသည့်နေရာသို့လှမ်းကြည့်လိုက်ကာ သူမမျက်လုံးများကအရောင်တောက်သွားသည်။
“အဲ့ဒါကဘာပန်းလဲ”
“အဖြူရောင်လက်ဖက်နှင်းဆီ”
ဝမ်ရူကွေ့က ရှက်ရှက်ဖြင့် သူမကိုကြည့်လာသည်။
“မင်းသဘောကျလား”
ထုံရွှယ်လူကပြုံးလိုက်ကာ ခြေဖျားထောက်ပြီး သူ့ကိုနမ်းလိုက်သည်။
“ကျွန်မသဘောကျတယ် ဒါကရှင့်အတွက်ဆုဘဲ”
သူမနမ်းလိုက်သောနေရာက ယားယံသွားသဖြင့် ၀မ်ရူကွေ့က ထိကြည့်ကာ ပြုံးလိုက်လေသည်။
သူတို့နှစ်ယောက်က အသီးအရွက်ခြံထဲတွင် ခနလောက် လမ်းပတ်လျှောက်နေလိုက်ကြသည်။ညမှောင်လာသောအခါ ခြင်ကတဖြေးဖြေးချင်းပိုများလာသဖြင့် သူတို့က အဆောင်သို့ ပြန်လာခဲ့ကြသည်။
အဆောင်သို့ပြန်ရောက်သောအခါ ၀မ်ရူကွေ့က အခန်းလွတ်ကို သန့်ရှင်းရေးသွားလုပ်လေသည်။ ထုံရွှယ်လူက ကူညီပေးမည်ဟုပြောသော်လည်း ၀မ်ရူကွေ့ကသူမကို ပေးမလုပ်ပေ။
သူတို့နှစ်ယောက်အတူရှိနေချိန်တွင် ချက်ပြုတ်သည်မှလွဲ၍အခြားကိစ္စများကို ဝမ်ရူကွေ့ကသာလုပ်ဆောင်၏။
သို့သော် ကျိုးရန်ပါဝင်သည့် လက်တွေ့စမ်းသပ်မှုသည် ရုတ်တရက် ရှာဖွေတွေ့ရှိမှုအသစ်ရှိလာခဲ့သည်။သူက အမြန်သွားရမည်ဖြစ်ကာ မသွားခင်တွင် ဝမ်ရူကွေ့အား သူ့အခန််းထဲတွင်နေချင်ပါက နေလို့ရကြောင်းပြောကာ အခန်းသော့ပေးသွား၏။
ဝမ်ရူကွေ့က သူပေးလာသောသော့ကိုယူကာ ပြောလိုက်သည်။
''ကျေးဇူးဘဲကွာ ''
ကျိုးရန်က သူ့ပုခုံးကိုပုတ်ပေးလာ၏။
"ကျေးဇူးတင်စရာမလိုပါဘူးကွာ မနက်ဖြန်ကျ ရဲဘော်ထုံလုပ်တဲ့ မနက်စာနည်းနည်းလောက်စားရရင် ရပြီ"
ထိုသို့ပြောပြီးနောက် သူကအလျင်အမြန်ထွက်သွားသည်။
ဝမ်ရူကွေ့က သော့ကိုကိုင်ကာ ၎င်းကအလဲအလှယ်ကောင်းပင်ဟုခံစားမိသွားသည်။
ညမှောင်လာကာ လခြမ်းကွေးကကောင်းကင်ပေါ်တက်လာပြီး အမျိုးအမည်မသိနိုင်သည့် ပိုးကောင်များ၏အော်သံကိုလည်းကြားလာရသည်။
ညခင်းကအေးချမ်းနေ၏။
ဝမ်ရူကွေ့ကတွန့်ဆုတ်မှုများဖြင့် ထရပ်လိုက်သည်။
“မင်းအိပ်ရာစောစောဝင်တော့လေ ကိုယ်သွားတော့မယ်”
ထုံရွှယ်လူက သူ့ကိုမော့ကြည့်လိုက်သည်။
“ရှင်ရေချိုးလိုက်ဦး၊ လူတိုင်းအိပ်ပျော်သွားတဲ့အချိန်ထိစောင့်ပြီးရင် ဒီကိုလာခဲ့နော် ၊ ရှင့်ကိုပြစရာရှိတယ်”
ဝှစ်ခနဲအသံဖြင့် ဝမ်ရူကွေ့၏မျက်နှာကပူတက်လာသည်။
“အခုပြလို့မရဘူးလား”
ထုံရွှယ်လူက အလေးအနက်ပင်ခေါင်းခါပြလိုက်သည်။
“မရဘူး အဲ့ဒါက ညဘက်မှဘဲပြလို့ရတာ
"......"
ဝမ်ရူကွေ့အခန်းထဲမှထွက်လာသောအခါ သူ့ခြေလှမ်းများကလေပေါ်လွင့်နေ၏။
ညဆယ်နာရီထိုးသောအခါ အခြားအခန်းများကမီးပိတ်လာကြပြီး လူတိုင်းအိပ်ရာဝင်သွားသဖြင့် ပတ်ဝန်းကျင်ကတိတ်ဆိတ်လာသည်။
ဝမ်ရူကွေ့က သူခိုးတစ်ကောင်လိုပင် ကျိုးရန်အခန်းထဲမှ ခြေဖျားထောက်ကာထွက်လာ၏။သူက အပြင်တွင်ဘယ်သူမှမရှိသည်ကို သေချာအောင်ကြည့်ပြီးမှ ဘေးအခန်းသို့သွားကာ တံခါးကိုခပ်ဖွဖွခေါက်လိုက်သည်။
သိပ်မကြာခင်မှာဘဲ တံခါးဖွင့်လာရာ သူကအထဲသို့အမြန်ဝင်လိုက်သည်။
ထုံရွှယ်လူက တခနလောက် သရုပ်ဆောင်လိုစိတ်ဝင်သွားကာ တည်တင်းနေသောမျက်နှာဖြင့် နူးညံ့စွာအော်လိုက်သည်။
“ရှင်ကအရမ်းကိုသတ္တိရှိနေပါလား အစေခံ၊ အရင်တစ်ခေါက်က ငါ့အိပ်ရာအပေါ်ကိုတက်တာကိုမိပြီးသွားပြီ အဲ့ဒါကိုနောင်တမရဘဲ ဒီတစ်ခေါက်ထပ်ရောက်လာပြန်ပြီလား”
"......"
ဝမ်ရူကွေ့က သူမပြောသည်များကို လိုက်မမှီသော်လည်း ဒီအတိုင်းတော့မနေပေ။ သူကရှက်ရှက်ဖြင့်ပြန်ပြော၏။
“အိပ်ရာပေါ်တက်ချင်လို့မဟုတ်ပါဘူး၊ ရတနာကြီးကိုကြည့်ဖို့လာတာ”
“ရှင်ကပါးစပ်ဖွင့်ဖွင့်ချင်းမှာဘဲ အဲ့ဒါကိုကြည့်ချင်တယ်လို့ပြောလာတယ်.. အရှက်မရှိဘူး”
"..."
ဝမ်ရူကွေ့၏ကြောင်အနေသည့်ပုံစံကြောင့် ထုံရွှယ်လူကသူ့ကိုမှီပြီး အူတက်မတက်ရယ်မောလိုက်ရာ ဗိုက်ပါနာသွားသည်။
ဝမ်ရူကွေ့ကသူမကို ထိန်းထားပေးကာ အကူအညီမဲ့သည့်မျက်နှာဖြစ်နေ၏။
ရုတ်တရက် ထုံရွှယ်လူက သူမလွယ်အိတ်ထဲမှ သစ်သားနှစ်ခုကိုထုတ်လိုက်သည်။
သစ်သားကို အရုပ်နှစ်ခုဖြစ်အောင်ထွင်းထားကာ ယောက်ျားပုံတစ်ခု၊မိန်းမပုံတစ်ခုဖြစ်သည်။ယောက်ျားရုပ်တုက ဝမ်ရူကွေ့ဖြစ်ကာ မိန်းမကထုံရွှယ်လူပင်။
ဝမ်ရူကွေ့၏မျက်လုံးများကအရောင်တောက်လာသည်။
“ဒါတွေ ဘယ်ကရလာတာလဲ”
ထုံရွှယ်လူက ပြုံးကာ သူ့ဘေးတွင်ထိုင်ပြီးပြောပြလာသည်။
“ကျွန်မဆီမှာ ကျန်းပိုင်ဟွေ့ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့အဖိုးကလက်မှုပညာသည်လေ၊ သူ့အဖိုးကို ကျွန်မတို့ဓာတ်ပုံပြပြီး လုပ်ခိုင်းလိုက်တာ”
ဝမ်ရူကွေ့က လက်ထဲကမချချင်တော့ပေ။
“ပန်းပုထုထားတာက အသက်ဝင်နေရော၊ ပြီးတော့လှလည်းလှတယ်”
“ဒါဆိုရင် အဲ့ဒါကို ရှင့်ကိုပေးလိုက်မယ်လေ၊ ရှင့်ပုံစံရုပ်တုကိုတော့ ကျွန်မနဲ့အတူယူထားလိုက်မယ် ဟုတ်ပြီလား”
ဝမ်ရူကွေ့က ပျော်မဆုံးပေ။ သူက သူမနှင့်တူသောရုပ်တုကိုယူလိုက်ကာ သူ့ရုပ်တုကိုပြန်ပေးလိုက်သည်။
“ဒါနဲ့ မင်းပြမယ်ဆိုတာက ဘယ်မှာလဲ”
ထုံရွှယ်လူကအပြစ်ကင်းသည့်ပုံစံဖြင့် မျက်တောင်ခတ်ကာပြောလာ၏။
“ဒါကအဲ့ဒီရတနာကြီးဘဲလေ၊ ဒါမဟုတ်ရင် ကျွန်မကရှင့်ကိုဘာပြမှာလို့ ထင်နေတာလဲ”
ဝမ်ရူကွေ့: "..."
ဒါကအဲ့ဒါဆိုရင်လည်း ဘာလို့အခြားသူတွေမြင်လို့မရဘူး၊ညဘက်ကျမှပြလို့ရမှာလို့ပြောခဲ့တာလဲ။
ထုံရွှယ်လူက ရယ်ချင်စိတ်ကိုထိန်းလိုက်ကာ အံ့ဩသင့်သလိုပါးစပ်ကိုအုပ်ပြီးပြောလာ၏။
“ရှင်မဟုတ်တာတွေတွေးနေတာတော့ မဟုတ်လောက်ပါဘူးနော်”
ဝမ်ရူကွေ့: "..." သူတွေးခဲ့တယ်။
ထုံရွှယ်လူက သူ့ကိုလက်ညှိုးထိုးကာ အပြစ်တင်လိုက်သည်။
“ရှင့်ဦးနှောက်က ရူပဗေဒတွေနဲ့ဘဲပြည့်နေရမှာမဟုတ်ဘူးလား၊ အခုဆိုရှင်ကနေ့တိုင်းနေ့တိုင်း မကောင်းတာတွေကိုဘဲတွေးနေတာ၊ ရှင့်ကိုစာသင်ပေးခဲ့တဲ့ဆရာကိုအားမနာဘူးလား”
ဝမ်ရူကွေ့ကရှက်လွန်းသဖြင့် သူ့နားရွက်များတောင်နီရဲလာသည်။
“......ကိုယ်တောင်းပန်ပါတယ်”
ထုံရွှယ်လူက သူ့လက်ဖဝါးပေါ်တွင် သူမလက်ကိုချိတ်လိုက်ကာ မျှော်လင့်နေသောလေသံဖြင့်မေးလာ၏။
“ဒါဆို ကျွန်မက ရှင့်ကိုရတနာကြီးတစ်ချို့ပြမယ်လို့ထင်နေခဲ့တာလား”
ဝမ်ရူကွေ့ကခေါင်းငုံ့လိုက်ကာ သူ့မျက်နှာကလောင်ကျွမ်းမတတ်ဖြစ်လာသည်။ အချိန်အတော်ကြာသည်အထိ ဘယ်သူမှစကားမစကြတော့ပေ။
ထုံရွှယ်လူက သူမရင်ထဲတွင် စုတ်သပ်လိုက်ကာ အိပ်ရာပေါ်တက်ပြီးနောက် လှဲချလိုက်သည်။သူမကဘေးမှနေရာကိုချန်ပေးကာ ပြောလိုက်သည်။
“မြန်မြန်..ဒီကိုတက်လာခဲ့လေ၊ အချင်းချင်းမှီပြီးခနလောက်စကားပြောကြရအောင်”
ဝမ်ရူကွေ့က သူဒီအတိုင်းထိုင်လည်းရသည်ဟုပြောချင်သော်လည်း သူမနှင့်နီးစပ်လိုစိတ်ကိုမထိန်းချုပ်ထားနိုင်ပေ။ထို့ကြောင့် ရုပ်တုကိုစားပွဲပေါ်တွင်တင်ကာ ကုတင်ပေါ်သို့တက်လိုက်သည်။
ထုံရွှယ်လူက နှစ်ယောက်လုံးပေါ်တွင်စောင်အုပ်လိုက်ကာ သူ့ပုခုံးပေါ်တွင် သူမခေါင်းကိုတင်ကာပြောလာ၏။
“ဒါနဲ့ ရှင်ကျွန်မအပေါ်မှာခံစားချက်တွေရှိတယ်ဆိုတာကို ဘယ်အချိန်ကသတိထားမိသွားတာလဲ”
သူမ၏ကိုယ်သင်းနံ့ဖြစ်သည့် ပန်းရနံ့ကသူ့နှာခေါင်းဆီရောက်လာသည်။
ဝမ်ရူကွေ့၏ရင်ခုန်သံကဒုန်းစိုင်းလာသည်။
“တကယ်တော့ ကိုယ်မင်းကိုပထမဆုံးအကြိမ်တွေ့တာကိုမှတ်မိနေသေးတယ်”
ထိုနေ့ညတွင်လရောင်က အလွန်နွေးထွေးနေပြီး သူမမျက်နှာက ရုတ်တရက်သူ့စိတ်ထဲတွင်ပေါ်လာကာ သူမမျက်နှာအစိတ်အပိုင်းတိုင်းကအလွန်ရှင်းလင်းနေ၏။
ထုံရွှယ်လူ၏နှလုံးသားက လှုပ်ရှားလာသည်။
“ရှင်မျက်နှာတွေကိုမမှတ်မိနိုင်တာက ဘယ်တုန်းကစဖြစ်တာလဲ၊ လူတိုင်းကိုမမှတ်မိတာလား”
ဝမ်ရူကွေ့က ပြန်တွေးကြည့်လိုက်သည်။
“ဘယ်အချိန်ကစဖြစ်တာလဲဆိုတာကိုတော့ ကိုယ်မမှတ်မိဘူး၊ ကိုယ်စပြီးသိလိုက်ကတည်းက အခြားသူတွေရဲ့မျက်နှာကို မမှတ်မိတော့ဘူး၊ ယောက်ျားလေးတွေကအဆင်ပြေသေးတယ် မိန်းကလေးတွေရဲ့မျက်နှာကမှတ်မိဖို့ပိုခက်တယ်”
ထုံရွှယ်လူက သူမလက်များကို တင်းတင်းဆုပ်လိုက်မိသည်။ သူမက ဝမ်ရူကွေ့သည် မွေးရာပါမျက်နှာမမှတ်မိတာမျိုးမဟုတ်ဘဲ ချန်ရှိူ့ယွင်၏နှိပ်စက်မှုများကိုခံခဲ့ရပြီးနောက်မှ ဖြစ်လာသည့် စိတ်ပိုင်းဆိုင်ရာပြသနာတစ်ခုဟု သံသယဝင်မိသည်။
အထူးသဖြင့် သူက အမျိုးသမီးများ၏မျက်နှာကိုမမှတ်မိပေ။ ၎င်းက သူ့ကိုယ်သူကာကွယ်သည့်အနေဖြင့် တမင်ရည်ရွယ်ကာ အမျိုးသမီးများ၏မျက်နှာကိုမေ့ဖျောက်လိုက်ခြင်းဖြစ်မည်ဟု သူမခံစားမိသည်။
သူမနှလုံးသားက ထိုးနှက်ခံလိုက်ရသလိုပင် စတင်နာကျင်လာ၏။
သို့သော် ဝမ်ရူကွေ့သတိမထားမိစေရန်အတွက် သူမကအမြန်ပင်စကားလမ်းကြောင်းလွှဲလိုက်သည်။
သူတို့နှစ်ယောက်က ဘာစိတ်ဆန္ဒမှမရှိဘဲ အချင်းချင်းမှီကာ အချိန်အတော်ကြာအောင် စကားပြောခဲ့ကြသည်။ သို့သော်သူတို့က အချင်းချင်းပိုရင်းနှီးလာသလိုခံစားမိသွားသည်။
ညဆယ့်နှစ်နာရီနီးပါးရောက်လာသောအခါ ဝမ်ရူကွေ့ကတွန့်ဆုတ်စွာပြောလိုက်သည်။
"အခုက အရမ်းနောက်ကျနေပြီဆိုတော့ မင်းအိပ်ရာဝင်သင့်ပြီ ကိုယ်ကဘေးအခန်းမှာရှိနေမှာ တစ်ခုခုလိုတာရှိရင် ကိုယ့်ကိုလှမ်းခေါ်လိုက်နော်"
ထုံရွှယ်လူက သူပြောသည်ကိုကြားသောအခါ ကြောက်လန့်နေသည့်ပုံစံဖြင့် မျက်မှောင်ကြုတ်လာ၏။
"ကိုကို မသွားပါနဲ့ ကျွန်မတစ်ယောက်ထဲ အိပ်ရမှာကြောက်တယ်"
ကိုကိုဟူသည့်ခေါ်သံက နူးညံ့သိမ်မွေ့နေပြီး သူ့နှလုံးသားကို ကုတ်ခြစ်သွားသည့် ငှက်မွှေးလိုပင် သူ့ကိုပြင်းထန်စွာယားယံသွားစေ၏။
သို့သော် ၎င်းကကုတ်ခြစ်၍မရပေ။