အပိုင်း၂၉၉
Viewers 67k

🍵Chapter 299




ဝမ်ရူကွေ့၏လည်စေ့က လှုပ်ရှားသွားသည်။

"ဒီလိုဆိုရင်ရောဘယ်လိုလဲ.....ကိုယ်ဒီမှာ မင်းအိပ်ပျော်တဲ့အထိ စောင့်ပေးပြီး မင်းအိပ်ပျော်မှ ကိုယ့်အခန်းကိုပြန်သွားလိုက်မယ်လေ"



ထုံရွှယ်လူက နှုတ်ခမ်းဆူကာ ခေါင်းခါလိုက်သည်။

"မရဘူး ကျွန်မတစ်ရေးနိုးလာပြီး ရှင့်ကိုမတွေ့ရင် အရမ်းကြောက်သွားမိမှာ"


ဝမ်ရူကွေ့က နှုတ်ခမ်းသပ်လိုက်သည်။

"ဒါဆိုရင်လည်း ထိုင်ခုံမှာထိုင်ပြီး မင်းအိပ်တာကို တစ်ညလုံးစောင့်ကြည့်ပေးမယ်"


ထုံရွှယ်လူက သူ၏အကြင်နာမျက်ဝန်းများကိုမြင်လိုက်ရသောအခါ အနွေးစီးကြောင်းတစ်ခုက သူမရင်ထဲတွင် စီးဆင်းလာသည်။

" ရှင်က မနက်ဖြန်ကျရင် အလုပ််သွားရဦးမှာလေ ဒါမှမဟုတ်ရင်.....ရှင်ဒီညဒီမှာဘဲ အိပ်လိုက်ပါလား"


ဝမ်ရူကွေ့က ရင်ခုန်လာသည်။ သူမ၏စကားလုံးများက မှော်အစွမ်းရှိသလိုပင် သူ့ကိုမကောင်းသောအရာများလုပ်မိအောင် ဆွဲဆောင်နေ၏။သို့သော်သူက ကိုယ့်ကိုကိုယ်ထိန်းချုပ််ကာ ခေါင်းခါလိုက်သည်။


"ဟင့်အင်း .....ကိုယ်တို့က လက်မထပ်ရသေးဘူးလေ အဲ့ဒီလိုဆို မင်းအတွက်ကောင်းမှာမဟုတ်ဘူး"


ဒီအရူးကြီးကတော့လေ ဘယ်လိုဖြစ်လို့ အရမ်းတွေရိုးသားနေရတာလဲ။


ထုံရွှယ်လူ၏နှာခေါင်းက ကျဥ်တက်လာကာ သူ့လက်မောင်းကို ဖက်ပြီးတည်ငြိမ်စွာပြောလိုက်သည်။


"မရဘူး ဘယ်လိုဘဲဖြစ်နေပါစေ ဒီနေ့ည ရှင်ဒီမှာဘဲ ကျွန်မနဲ့အတူနေရမယ် ကျွန်မတို့က စေ့စပ်ပြီးသားလေ တစ်အိပ်ရာထဲ အတူအိပ်တာ ဘာဖြစ်လို့လဲ"


ဝမ်ရူကွေ့၏ရင်ထဲတွင် စိတ်နှစ်ခြမ်းကွဲနေ၏။ တစ်ဖက်ရှိ လူပိစိလေးကဤသို့အဆိုပြုလာသည်။


(မင်းတကယ်ဘဲ ဒီလိုရှားပါးတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်မှာလား မင်း ယောကျ်ားမဟုတ်ဘူးလား)


အခြားတစ်ဖက်ရှိလူလေးက ပလုတ်တုတ်လိုခေါင်းခါလာ၏။

(အဲ့ဒါက မဟုတ်ဘူး အဲ့လိုလုပ်လို့မရဘူး သူမရဲ့ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ် မင်းကိုယ့်ကိုကိုယ် ထိန်းချုပ်မှဖြစ်မယ်)


တစ်မိနစ်လောက်ကြာပြီးသောအခါ ဝမ်ရူကွေ့က အိပ်ရာပေါ်တွင်လှဲပြီး သူကတကယ််ကို လူရမ်းကားဘဲဟု ကိုယ့်ကိုကိုယ် ခံစားမိသွားသည်။


ထုံရွှယ်လူက သူ့ကိုစမနေတော့ဘဲ သန်းကာပြောလိုက်သည်။

"အိပ်တော့ မနက်ဖြန်ရှင်အိပ်ရာနိုးရင် ရှင့်အတွက်မနက်စာလုပ်ပေးမယ်"


ဝမ်ရူကွေ့က သူမကိုကြည့်လာကာ သူ့အသံကအက်ရှနေ၏။

"အင်း ကောင်းပြီ"


ထုံရွှယ်လူက မျက်စိမှိတ်လိုက်ကာ သိပ်မကြာခင်မှာဘဲ သူမ၏အသက်ရှူသံက တည်ငြိမ်လာသည်။


သူမအိပ်ပျော်သွားသောအခါ ဝမ်ရူကွေ့၏ရင်ခုန်သံများကလည်း ပုံမှန်ပြန်ဖြစ်လာသည်။


ဝမ်ရူကွေ့က ဒီညတော့စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်လောက်ဟု ထင်ခဲ့သော်ငြား သူ့မျက်ခွံများက ဖြေးဖြေးချင်းလေးလံလာကာ အိပ်ပျော်သွားလေသည်။


ခပ်ဖြည်းဖြည်းအသက်ရှူသံက သူမနားထဲရောက်လာသောအခါ ထုံရွှယ်လူကမျက်လုံးဖွင့်လာသည်။


သူမမြင်လိုက်ရသည်မှာ သူ၏ခန့်ညားသောမျက်နှာပင်။ မျက်တောင်ရှည်များက ယပ်တောင်လေးနှစ်ခုအသွင်ပိတ်နေကာ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းများကလည်း မျဉ်းတစ်ကြောင်းအသွင်စေ့နေ၏။သူကအိပ်နေချိန်‌တွင်တောင်မှ အလွန်ချောလှသည်။


အရမ်းလိမ်မာတဲ့ပုံလည်းပေါ်တယ်။


ထုံရွှယ်လူက သူ့ကိုမထိသလို အသံလည်းမပြုပေ။ သူမက သူ့ကိုဒီအတိုင်းစိုက်ကြည့်နေလိုက်သည်။


သူမက ဒီညတွင်ဌာန၌ အထူးတလည်နေသည်မှာ မကောင်းသောအရာများလုပ်ချင်၍မဟုတ်ပေ။ ဌာနက ထိုကိစ္စများလုပ်ရန်သင့်တော်သောနေရာမဟုတ်ပေ။ သူမကသူနှင့်တစ်ခန်းထဲအိပ်နိုင်ရန် နည်းမျိုးစုံသုံးပြီးကြိုးစားရသည်မှာ ညဘက်တွင် သူကထူးထူးဆန်းဆန်းပြုမူလားသိချင်လို့ပင်။


သူမအရင်တုန်းက ရုပ်ရှင်ထဲ၌မြင်ဖူးသည်မှာ စိတ်ကစဉ့်ကလျားဖြစ်နေသည့်လူတစ်ချို့သည် ညလယ်တွင်ရုတ်တရက်အိပ်ရာနိုးလာပြီး လျှောက်သွားတတ်သည်ဟုဆို၏။ ထူးဆန်းသည်မှာ နောက်တစ်နေ့သူတို့အိပ်ရာနိုးလာသောအခါ ထိုအကြောင်းများကိုမမှတ်မိတော့ပေ။


သူမက ဝမ်ရူကွေ့၏အခြေအနေသည်ဘယ်လောက်ပြင်းထန်လဲဆိုသည်ကို အတည်ပြုချင်သည်။


အချိန်ကတစ်ဖြေးဖြေးကုန်ဆုံးလာကာ သူမကိုယ်ကတောင့်တောင့်ကြီးငြိမ်နေရ၍ ကိုက်ခဲလာသည်။ သူမကမနေနိုင်တော့သဖြင့် နည်းနည်းလှုပ်လိုက်သည်။


ဝမ်ရူကွေ့က သူမ၏လှုပ်ရှားမှုကိုသတိပြုမိပုံရကာ အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ ထုံရွှယ်လူက ကြောက်လန့်တကြီး အသက်အောင့်ကာ ထပ်မလှုပ်ရဲတော့ပေ။


ကံကောင်းထောက်မစွာဖြင့် ဝမ်ရူကွေ့ကမနိုးလာပေ။ ပိုပြီးကံကောင်းသည်မှာ သူကအာရုံတက်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပြီး အိပ်ရင်းလမ်းထလျှောက်တာမျိုး၊ထူးထူးဆန်းဆန်းလုပ်တာမျိုးမရှိခဲ့ပေ။


မနက်ခြောက်နာရီထိုးသောအခါ ဝမ်ရူကွေ့၏မျက်တောင်ရှည်များက တဖြတ်ဖြတ်လှုပ်လာသဖြင့် ထုံရွှယ်လူက ကမန်းကတန်းမျက်စိမှိတ်လိုက်သည်။


ဝမ်ရူကွေ့က မျက်လုံးဖွင့်လိုက်သောအခါ ထုံရွှယ်လူ၏လှပသောမျက်နှာကိုမြင်လိုက်ရသည်။ သူကခနလောက်ကြောင်သွားပြီးမှ ရင်ခုန်သွားပြန်သည်။


သူတကယ်ကိုအိပ်ပျော်သွားတာဘဲ။


ဝမ်ရူကွေ့က မယုံနိုင်သလိုခံစားနေရသည်။ ဒါက သူတို့နှစ်ယောက် အိပ်ရာတစ်ခုထဲမှာ အတူအိပ်သည့်ပထမဆုံးအကြိမ်ပင်။ သူက ဒီလိုရှားပါးတဲ့အခွင့်အရေးမှာ ဘယ်လိုဖြစ်လို့အိပ်ပျော်သွားတာလဲ။


သူက သူမကိုတစ်ညလုံးထိုင်ကြည့်နေလိုက်သင့်တာ။ အခုတော့ မိုးလင်းပြီဖြစ်သဖြင့် သူက ကျိုးရန်၏အခန်းကိုအမြန်ပြန်ရလိမ့်မည်။မဟုတ်ပါက အခြားသူများအရင်နိုးလာသောအခါ သူက သူမအခန်းထဲမှထွက်လာသည်ကို မြင်သွားနိုင်၏။


သူကမတတ်နိုင်သော်လည်း သူ့ရင်ထဲတွင် အနည်းငယ်စိတ်ပျက်သွားလေသည်။


သူမကိုခနလောက်ကြည့်ပြီးနောက် သူ့ကိုယ်သူထရန်ဖိအားပေးကာ အိပ်ရာပေါ်မှဖြေးဖြေးချင်းထလိုက်သည်။ သူထွက်သွားတော့မည့်အချိန်တွင် ရပ်လိုက်ကာ သူမဆီသို့ငုံ့ကိုင်းလိုက်သည်။


သူ၏နွေးထွေးသောနှုတ်ခမ်းများက သူမမျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက် တစ်ခုခုဖြစ်သွားသလိုပင် သူ့နားရွက်ဖျားတင်မက မျက်နှာတစ်ခုလုံးပါနီရဲသွားလေသည်။


ထို့နောက် ညင်သာစွာတံခါးပိတ်သံထွက်လာသည်။


တံခါးပိတ်သွားပြီးနောက် ထုံရွှယ်လူကမျက်စိပြန်ဖွင့်လိုက်သည်။


တစ်ညလုံးမအိပ်ထားရသဖြင့် သူမမျက်လုံးများက အလွန်ခြောက်သွေ့ကာ နေရခက်နေ၏။သူမကိုယ်ကလည်း အချိန်အကြာကြီးငြိမ်ငြိမ်နေခဲ့ရသဖြင့် ကိုက်ခဲနေပေသည်။သို့သော် သူမရင်ထဲတွင် အလွန်ပျော်ရွှင်နေခဲ့သည်။


အခုဆိုလျှင် ဝမ်ရူကွေ့၏အခြေအနေကပြင်းထန်ပုံမပေါ်ပေ။ အိပ်မပျော်တာ၊ အိပ်ရင်းလမ်းလျှောက်တာတို့မရှိသလို လူတစ်ကိုယ်စိတ်နှစ်မျိုးဖြစ်တာ၊ ညဘက်တွင်ထူးထူးဆန်းဆန်းလိုက်လုပ်သည်များလည်း မရှိပေ။


အဲ့ဒါဆို အရမ်းကောင်းတယ်။


နောက်ပိုင်းတွင် သူ့အခြေအနေကို မလှုံ့ဆော်မိသရွေ့ စိတ်ကစဉ့်ကလျားရောဂါက ‌ဖြေးဖြေးချင်းသက်သာလာနိုင်သည်။


ထုံရွှယ်လူ၏နှာခေါင်းကစပ်လာကာ အသံတိတ်ရယ်လိုက်မိသည်။


အစတွင် သူမက အိပ်ရာထသောအခါ ဝမ်ရူကွေ့အတွက်မနက်စာလုပ်ပေးချင်သော်လည်း သူမတကယ်တမ်းနိုးလာသောအခါ အပြင်ဘက်တွင်လင်းထင်းနေပြီဖြစ်သည်။


ထုံရွှယ်လူကထထိုင်ပြီး လက်ကနာရီကိုကြည့်လိုက်ရာ ဆယ့်နှစ်နာရီရှိနေပြီဖြစ်သည်။


သူမကစိတ်ရှုပ်ရှုပ်ဖြင့်ခေါင်းကုတ်လိုက်ပြီး အိပ်ရာထဲမှထတော့မည့်အချိန်တွင် တံခါးဖွင့်သံကိုကြားလိုက်ရ၏။


တံခါးပွင့်သောအခါ ခြေတံရှည်များဖြင့်ဝမ်ရူကွေ့က အထဲသို့ဝင်လာသည်။

“မင်းနိုးပြီလား”


“မနက်တုန်းက ဘာလို့ကျွန်မကိုမနှိုးတာလဲ”


ဝမ်ရူကွေ့၏အကြည့်များက ကြက်သိုက်လိုရှုပ်ပွနေသောသူမ၏ဆံပင်ပေါ်ရောက်သွားကာ သူ့မျက်လုံးထဲတွင် အပြုံးရိပ်များသန်းသွားသည်။

“ကိုယ်က မင်းအရမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမြင်လို့လေ အဲ့ဒါကြောင့်မနှိုးလိုက်တာ”


ထိုသို့ပြောပြီးနောက် သူကဘီးကိုယူကာ အနားရောက်လာ၏။ ထုံရွှယ်လူကသူမဘာသာဖြီးမည်ဟုဆိုကာ သူ့လက်ထဲမှဘီးကိုယူရန်လုပ်လိုက်သည်။


သို့သော်ဝမ်ရူကွေ့ကပြောလာ၏။

“ကိုယ်ဖြီးပေးပါရစေ ဟုတ်ပြီလား”


သူ၏နူးညံ့နေသောအကြည့်များကိုမြင်လိုက်ရသောအခါ ထုံရွှယ်လူကမငြင်းနိုင်တော့ပေ။ သူမကနာနာခံခံဖြင့် တစ်ဖက်လှည့်ပေးကာ သူ့ကိုခေါင်းဖြီးခိုင်းလိုက်သည်။


ဝမ်ရူကွေ့၏လှုပ်ရှားမှုများက သူမကိုနာကျင်သွားမှာစိုးရိမ်သလို အရမ်းညင်သာနေ၏။


“ရှင်မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား”


ဝမ်ရူကွေ့က နည်းနည်းရှက်သွားသည်။

“ကောင်းကောင်းအိပ်ပျော်ပါတယ် ကိုယ်မင်းအိပ်တာကိုမနှောင့်ယှက်မိပါဘူးနော် ဟုတ်တယ်မလား”


ပုံမှန်ဆိုလျှင် သူကအိပ်မက်ဆိုးများမက်တတ်သော်လည်း မနေ့ညက တစ်ညလုံးဘာအိပ်မက်မှမမက်ဘဲ ကောင်းကောင်းအိပ်ပျော်သွားသည်။


ထုံရွှယ်လူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်ပြောလာ၏။

“မနေ့ညက ရှင်အိပ်ရင်းယောင်ပြီး စကားပြောခဲ့တယ်”


ဝမ်ရူကွေ့ကရင်တုန်သွားသည်။

“ကိုယ်တောင်းပန်ပါတယ်”


မနက်က သူမအိပ်ရာမထနိုင်တာမအံ့ဩတော့ဘူး၊သူ့ကြောင့်အိပ်ရေးပျက်ခဲ့တာဘဲ။


“မနေ့ညက ရှင်ယောင်ပြီးဘာတွေပြောခဲ့လဲဆိုတာကို မသိချင်ဘူးလား”


“ကိုယ်ဘာတွေပြောခဲ့တာလဲ”


“ရှင်က ကျွန်မအပေါ်မကောင်းတာတွေလုပ်ချင်တယ်လို့ပြောခဲ့တယ်”


"..."


သူ၏နီရဲနေသောမျက်နှာကိုကြည့်ကာ ထုံရွှယ်လူကအော်ရယ်လိုက်လေသည်။


ထိုအခါမှသာ ဝမ်ရူကွေ့က သူမလှည့်စားတာကိုထပ်ခံလိုက်ရပြီဖြစ်ကြောင်းသဘောပေါက်သွားသည်။


အချိန်မရှိသောကြောင့် ထုံရွှယ်လူက ဝမ်ရူကွေ့အတွက်နေ့လယ်စာမလုပ်ပေးလိုက်ရပေ။


သူတို့နှစ်ယောက်က ကန်တင်းသို့ရောက်လာသောအခါ လူတစ်ချို့က သူတို့အတွက်စားစရာပြင်ပေးထားလေသည်။


သူတို့အတွက်စားစရာများယူလာပေးသူများမှာ တစ်ကိုယ်တည်းသမားရဲဘော်များဖြစ်သည်။


အခုချိန်တွင်သူတို့က လူတန်းနှစ်တန်းစီထားကာ နီရဲနေသောမျက်နှာများဖြင့် သူတို့ထဲမှတစ်ယောက်ကိုရှေ့သို့တွန်းထုတ်လာသည်။


ရှေ့သို့တွန်းထုတ်ခံလိုက်ရသောတစ်ယောက်လည်း ခေါင်းကုတ်ကာ ပြောလာ၏။

"မင်္ဂလာပါ ရဲဘော်ထုံ ကျွန်တော်တို့က ဝမ်ရူကွေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ ဌာနက်ို မင်းလာလည်တာ ကြိုဆိုပါတယ် ဒါကကျွန်တော်တို့မင်းကိုဧည့်ခံတာပါ သေးသေးမွှားမွှားလေးတွေဘဲမို့ စိတ်တော့မရှိပါနဲ့ " 


သူတို့ပြောသည်များကို ကြားသောအခါ ထုံရွှယ်လူက မရယ်လိုက်ပေ။

"အဲ့လိုလုပ်ပေးဖို့မလိုပါဘူး ကျွန်မက ပိုက်ဆံနဲ့ စားစရာတံဆိပ်ခေါင်းတွေပေးမှာပါ"


တစ်ဖက်လူက အလျင်အမြန်လက်ခါပြလာသည်။

"မဟုတ်တာ ပိုက်ဆံပေးစရာမလိုပါဘူး ကျွန်တော်တို့ ဇနီးတစ်ယောက်ရဖို့ မင်းကိုဘဲအားကိုးရမှာပါ အဲ့ဒါနဲ့ပတ်သက်ပြီး ရဲဘော်ထုံကိုဘဲ လွှဲထားလိုက်ပြီနော် "


ထိုသို့ပြောပြီးနောက် သူတို့တစ်အုပ်လုံးက သူမကို အလေးအနက်ကြီး အရိုအသေပေးလာကြသည်။


ထုံရွှယ်လူ: "..." 


ထို့နောက် သူတို့က မီးသီးမဖြစ်ချင်ကြသဖြင့် ထွက်ပြေးသွားကြသည်။ 


ကြည့်ရတာ သူမ မလုပ်ချင်ရင်တောင်မှ အောင်သွယ်တော်လုပ်ရတော့မယ်ထင်တယ်။


🍵


ဝမ်ရူကွေ့က သူမကို မြို့ထဲအထိ ကိုယ်တိုင်လိုက်ပို့ပေးချင်သော်လည်း အလုပ်အရမ်းများနေခဲ့၏။နေ့လယ်စာစားပြီးသောအခါ ထုံရွှယ်လူက မြို့ထဲသို့ သူမဘာသာ ကားစီးပြီးပြန်သွားလိုက်သည်။


ဝမ်ရူကွေ့၏အခြေအနေက အဆင်ပြေကာ ရှစ်ကျွင်းမင်ကိုလည်း သေဒဏ်ပေးလိုက်ပြီဖြစ်သောကြောင့် ထုံရွှယ်လူက စိတ်အေးသွားကာ သူမ၏အတွေးများအားလုံးကို ကျောင်းစာထဲ၌သာ အာရုံစိုက်ထားလိုက်သည်။


ချန်ချိုက်ရှင်း၏နောက်ဆက်တွဲအခြေအနေများမှာ ပြင်းထန်သဖြင့် သူမမိသားစုက အိမ်တွင်အနားယူနိုင်ရန်အတွက် ကျောင်းနားမည့်လုပ်ငန်းစဥ်များကို ကူညီပေးလာကြသည်။


လူတိုင်းက ချန်ချိုက်ရှင်းအပေါ်သနားနေကြပြီး သူမဆေးရုံမှဆင်းသောအခါ အလည်တစ်ခေါက်သွားကြသည်။


ချန်ချိုက်ရှင်းက တစ်ခုခုကိုသတိရသွားသည့်ပုံပင်။ထုံရွှယ်လူကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားလာသော်လည်း အသေးစိတ်အကြောင်းအရာကို သတိမရသေးပေ။


ထုံရွှယ်လူက အနည်းငယ်စိတ်ရှုပ်ထွေးသွားသော်လည်း ချန်မိသားစုရှေ့တွင် ပွင့်ပွင့်လင်းလင်းမေးလိုက်၍မရပေ။


ချန်ချိုက်ရှင်းနှင့် ကောင်းမင်တို့မှာ ဖျော်ဖြေမှုတွင်ပါဝင်သူများမှာဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ဇာတ်ကွက်အများအပြားရှိကာ အထူးသဖြင့် ရှီအာဇာတ်ကောင်က စကားပြောအများကြီးပါ၏။


ဌာနမှဆရာများက ‌အချင်းချင်းဆွေးနွေးပြီးသောအခါ ထိုအစီအစဉ်ကိုလက်လျှော့လိုက်ကြသည်။မောင်မယ်သစ်လွင်ကြိုဆိုပွဲက တစ်ပတ်လောက်သာလိုတော့ရာ အခုမှစလေ့ကျင့်လျှင်မမှီတော့ပေ။


အဆုံးတွင် ထုံရွှယ်လူနှင့်အတန်းခေါင်းဆောင်ရှီကျန်းရွဲ့တို့ကို အင်္ဂလိပ်ကဗျာရွတ်ရန်စီစဉ်ပေးလာကြသည်။


ဖျော်ဖြေရေးနှင့်ယှဉ်လျှင် ဤအစီအစဉ်က ပျင်းစရာကောင်းကာ အသက်မပါပေ။အဆုံးတွင် ထိပ်ဆုံးသုံးနေရာထဲဝင်ရန် ကျရှူံးခဲ့လေသည်။ ဌာနမှူးက နှမြောသလိုခံစားမိသွားကာ သက်ပြင်းချလိုက်သည်။


ကောင်းမင်နှင့်ရှစ်ကျွင်းမင်တို့ပါဝင်သည့် ‌ကိစ္စဖြစ်ပြီးသောအခါ ကျောင်းက ကျောင်းသားများ၏မကောင်းသောခံစားချက်များကို ဖြေလျှော့ပေးရန်အတွက် သင်တန်းတစ်ချို့ဖွင့်ပေးရန် အာရုံစိုက်လာကြသည်။


ကျောင်းသားများကလည်း ကောင်းမင်နှင့်ရှစ်ကျွင်းမင်ကြားမှ အဖြစ်ဆိုးများကြောင့် ကြောက်လန့်သွားကြသည်။ ရံဖန်ရံခါသဘောထားမတိုက်ဆိုင်မှုနှင့် ငြင်းခုန်မှုများရှိလာလျှင်တောင်မှ လူတိုင်းက ပြသနာမကြီးစေရန်အတွက် နေရာမှာဘဲထိပ်တိုက်ဖြေရှင်းကြသည်။


ကျောင်းတွင်းမှလေထုက ပိုပိုပြီးစည်းလုံးညီညွှတ်လာခဲ့သည်။


ရာသီဥတုက တစ်နေ့ထက်တစ်နေ့ပိုပူလာ၏။


ပူစပ်စပ်ဂျူလိုင်လသို့ရောက်သောအခါ တရုတ်လူမျိုးများက ဒုတိယအကြိမ်ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရလေသည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲမစခင်မှာဘဲ ကောလိပ်ကျောင်းသားများသည် သူတို့၏နောက်ဆုံးစာမေးပွဲကြီးကိုဖြေလို့ပြီးသွားလေသည်။ ထုံရွှယ်လူကလည်း သူတို့ဌာနတွင်ပထမအဆင့်ထပ်ရသည်။


ကျောင်းပိတ်ရက်မရောက်ခင်တွင် ထုံရွှယ်လူကို ဌာနမှူးကခေါ်တွေ့လာ၏။


ဌာနမှူးက သူမကိုမြင်သောအခါ ကြင်နာစွာပြုံးပြလာ၏။


“ကျောင်းသူထုံ မင်းရဲ့အဆင့်တွေကအရမ်းကောင်းတယ်၊ ငါတို့တွေ အစည်းအဝေးလုပ်ပြီးတဲ့နောက်မှာ မင်းကိုဒီအားလပ်ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာအလုပ်သင်သွားလုပ်ဖို့အကြံပြုချင်တယ်”


“မင်းအနေနဲ့ ဒီအဆင့်ကို နောက်ကျန်တဲ့စာသင်နှစ် သုံးနှစ်ခွဲလုံးမှာထိန်းထားနိုင်မယ်ဆိုရင် မင်းဘွဲ့ရတာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာအလုပ်တန်းရအောင် စီစဉ်ပေးမယ်”


ထုံရွှယ်လူ၏ အင်္ဂလိပ်စာနှုတ်ဖြေ၊ရေးဖြေအမှတ်များကအလွန်ကောင်းကာ သူမကဖြောင့်မတ်သောကိုယ်ကျင့်စရိုက်ရှိပြီး ကိစ္စများကိုကိုင်တွယ်ရာတွင် သတိရှိ၏။သူမက သံတမန်ရေးရာအတွက် သင့်တော်သောလူတစ်ယောက်ဖြစ်သည်။


ဤကဲ့သို့သောကျောင်းသားများသည် သူတို့ကျောင်းစတက်သည့်နှစ်ကတည်းက အထူးလေ့ကျင့်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်သင်‌ဆင်းရန်အကြံ‌ပြုခံရတတ်သည်။