🍵Chapter 300
ထုံရွှယ်လူ၏ အင်္ဂလိပ်စာနှုတ်ဖြေ၊ရေးဖြေအမှတ်များကအလွန်ကောင်းကာ သူမကဖြောင့်မတ်သောကိုယ်ကျင့်စရိုက်ရှိပြီး ကိစ္စများကိုကိုင်တွယ်ရာတွင် သတိရှိ၏။သူမက သံတမန်ရေးရာအတွက် သင့်တော်သောလူတစ်ယောက်ဖြစ်သည်။
ဤကဲ့သို့သောကျောင်းသားများသည် သူတို့ကျောင်းစတက်သည့်နှစ်ကတည်းက အထူးလေ့ကျင့်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်သင်ဆင်းရန်အကြံပြုခံရတတ်သည်။
ထုံရွှယ်လူက ဤသတင်းကိုကြားသောအခါ ပီတိဖြာသွားမည်ဟု ဌာနမှူးကထင်ထားခဲ့၏။ သို့သော်ထုံရွှယ်လူက ပြန်ပြောလာလေသည်။
“ဌာနမှူးကို အသိအမှတ်ပြုပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမယ့်ကျွန်မရဲ့အနာဂတ်အတွက်အစီအစဉ်ချပြီးပါပြီ”
“ပထမနှစ်သင်တန်းတစ်ခုလုံးကို ကျွန်မဘာသာပြီးမြောက်အောင်လုပ်နိုင်ခဲ့တာပါ၊ ဒီနွေရာသီပိတ်ရက်မှာ ဒုတိယနှစ်အတွက် ကိုယ့်ဘာသာကိုယ်လေ့လာဖို့ဆုံးဖြတ်ထားတယ်၊ နောက်စာသင်နှစ်အဆုံးဆိုရင်တော့ ကျောင်းကိုအတန်းကျော်တက်ဖို့လျှောက်ဖြစ်လိမ့်မယ်”
ဌာနမှူးက လန့်ဖျပ်သွားသည်။
“အတန်းကျော်မယ်ဟုတ်လား ကျောင်းသူထုံ မင်းက နည်းနည်းစိတ်မရှည်သလိုဖြစ်မနေဘူးလား ဘာသာစကားကိုလေ့လာတဲ့နေရာမှာ ဖြတ်လမ်းဆိုတာမရှိဘူး၊ ငါကတော့ မင်းကိုတစ်လှမ်းချင်းစီဖြေးဖြေးချင်းသွားဖို့ အကြံပြုချင်တယ်၊ အဲ့လိုမှသာ နောက်ပိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာအလုပ်လုပ်တဲ့အချိန်ကျရင် မင်းရဲ့အသိပညာတွေကခိုင်မာနေမှာ”
ထုံရွှယ်လူကတောင်းပန်လိုက်သည်။
“ဌာနမှူးကျွန်မပြောချင်တာက ကျွန်မကဘွဲ့ရပြီးရင်နိုင်ငံခြားရေးဝန်ကြီးဌာနကိုသွားဖို့ အစီအစဉ်မရှိပါဘူး”
ဌာနမှူးက ရပ်တန့်သွားသည်။
“ဒါဆိုရင် မင်းကဘာလုပ်ဖို့စီစဉ်ထားတာလဲ”
ထုံရွှယ်လူက အဓိပ္ပါယ်မရှိစွာပြောလိုက်သည်။
“ဆရာမဖြစ်ဖြစ်လုပ်ရင်လုပ်မှာပါ”
ဌာနမှူးကမျက်မှောင်ကြုတ်လိုက်သည်။
“မင်းကဘာဖြစ်လို့ဆရာမလုပ်မှာလဲ အဲ့ဒါကိုပြည်ပရေးရာဝန်ကြီးဌာနနဲ့ယှဉ်ကြည့်လိုက်ပါဦး နိုင်ငံခြားရေးဝန်ကြီးဌာနကိုသာသွားရင် အံ့ဩစရာကောင်းတဲ့အနာဂတ်ရမှာ၊ ပြီးတော့တိုးတက်မယ့်လမ်းကြောင်းတွေအများကြီးရှိတယ်၊ မင်းဆုံးဖြတ်ချက်မချခင် မိသားစုနဲ့ အရင်ပြန်ပြီးဆွေးနွေးလိုက်ပါလား”
ဌာနမှူးက ထုံရွှယ်လူကိုဆွဲဆောင်ရန်ကြိုးစားသော်ငြား ထုံရွှယ်လူကငြင်းဆန်လေသည်။
“ကျွန်မတောင်းပန်ပါတယ် ဌာနမှူး၊ ကျွန်မက နိုင်ငံခြားရေးဝန်ကြီးဌာနမှာအလုပ်လုပ်ဖို့တစ်ခါမှမတွေးဖူးပါဘူး၊ ဘယ်လုပ်ငန်းမှာမဆို အရည်အချင်းကတစ်ခုဆိုပေမယ့် အရေးကြီးဆုံးကတော့ စိတ်ဝင်စားမှုလို့ကျွန်မထင်ပါတယ် လူတစ်ယောက်ကသူလုပ်နေတဲ့အလုပ်ကို စိတ်မဝင်စားရင် ရေရှည်ဆက်လုပ်ဖို့က ခက်ခဲလိမ့်မယ်”
“ပြီးတော့ ကျွန်မက သံတမန်ရေးရာကိုစိတ်မဝင်စားပါဘူး၊ အဲ့ဒါကြောင့် ဌာနမှူးရဲ့ စိတ်ကောင်းစေတနာကိုငြင်းဆန်ရတာပါ”
ဌာနမှူးသည် သံတမန်ရေးရာတွင် စီနီယာအကျဆုံးသူနှစ်ယောက်ထဲမှတစ်ယောက်ဖြစ်သည်။ သူတို့အနေဖြင့် ဒီလိုအရည်အချင်းရှိသူများကို မဆုံးရှူံးချင်ပေ။ထို့ကြောင့် နောက်ဆုံးအကြိမ်အဖြစ် ဆွဲဆောင်လိုက်သည်။
“တကယ်လို့ဆရာမ ဖြစ်ချင်ရင်တောင်မှ အတန်းကျော်စရာတော့မလိုဘူးလေ အရေးကြီးဆုံးက ဗဟုသုတအခြေခိုင်ဖို့ဘဲ”
ထုံရွှယ်လူ၏မျက်နှာပေါ်တွင် ရှက်နေသောပုံစံပေါ်လာ၏။
“ကျွန်မအတန်းကျော်ချင်တဲ့ အကြောင်းရင်းက တစ်ခုရှိပါတယ်”
ဌာနမှူးက အလျင်အမြန်မေး၏။
“ဘာကြောင့်များလဲ”
ထုံရွှယ်လူ :“ကျွန်မကစောစောဘွဲ့ယူပြီး ကျွန်မခင်ပွန်းလောင်းနဲ့လက်ထပ်ချင်လို့ပါ”
ဌာနမှူး၏နှုတ်ခမ်းများက မဲ့ရှူံ့သွားသည်။
"..."
ဌာနမှူးသည် သူ၏လောကအမြင်ကထိတ်လန့်သွားသလိုခံစားမိလိုက်သည်။
သူက လက်ထပ်ခြင်းနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနကိုအလုပ်ဝင်ခြင်းတို့ကြားတွင် ဘာအခက်အခဲမှမရှိကြောင်းပြောကာ သူမကိုထပ်သွေးဆွယ်လေသည်။ထုံရွှယ်လူကငြင်းဆန်နေဆဲဖြစ်သည်။
အဆုံးတွင် ဌာနမှူးက နောင်တအပြည့်ဖြင့် သူမကို လက်လွှတ်ပေးလိုက်ရသည်။
လက်ထပ်ခြင်းကဆင်ခြေတစ်ခုသာဖြစ်သည်။ သူမကတကယ်လက်ထပ်မှာဖြစ်သော်လည်း သူမအစမှအဆုံးထိရည်ရွယ်ထားသည်မှာ စီးပွားရေးလုပ်ရန်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက သူမ သောက်နိုင်သော လက်ဖက်ရည်ခွက်မဟုတ်ပေ။(သူမကိုင်တွယ်နိုင်သောအလုပ်မဟုတ်)
🍵
နွေရာသီပိတ်ရက်ရောက်လာသဖြင့် ကလေးများကကျောင်းသွားစရာမလိုတော့ပေ။
အဖိုးဝမ်က ကလေးအလွန်ချစ်သော်လည်း ဆူညံသံများကြောင့် ခေါင်းကိုက်ရဆဲဖြစ်သည်။
အားလပ်ရက်သုံးရက်တောင်မလွန်သေးခင်တွင် ထုံရွှယ်လူက တစ်ခုခုမှားနေသည်ကို သတိပြုမိသွားသည်။
အဖိုးဝမ်၏မှတ်ဉာဏ်က ပြင်းထန်စွာယိုယွင်းလာ၏။သူက ခုနလေးတင်သူမကိုပြောခဲ့သောစကားများကို မေ့သွားတတ်သည်။
ထုံရွှယ်လူက သူငယ်ပြန်ရောဂါဟုလည်းခေါ်ကြသော အယ်ဇိုင်းမားရောဂါဖြစ်မှာကိုစိုးရိမ်သဖြင့် အမြန်ပင် ဆေးရုံ၌ဆေးစစ်ရန်ခေါ်သွား၏။
သို့သော်ဤခေတ်မှဆေးပညာအခြေအနေက အကန့်အသတ်ရှိသဖြင့် ဆရာဝန်ကလည်း အသေချာမပြောနိုင်ပေ။ဆရာဝန်က ဦးနှောက်ကိုလေ့ကျင့်ခန်းများများလုပ်ပေးရန်သာ ပြောလိုက်သည်။
အိမ်ပြန်ရောက်သည်နှင့် ထုံရွှယ်လူက သစ်ကြားသီးနှစ်လုံးကိုယူပြီး အဖိုးဝမ်ကိုပေးကာ နေ့တိုင်းနေ့တိုင်းလက်ထဲတွင်လှိမ့်ပေးရန်ပြောကာ မနက်တိုင်းဦးလေးဇုန်းနှင့်အတူ လေ့ကျင့်ခန်းလုပ်ရန်တောင် ဖိအားပေးလိုက်သည်။
ထို့အပြင် သူမက သူမအဖိုးနှင့်အခြားသူများအတူကစားနိုင်ရန်အတွက် ကဒ်များလုပ်ပေးလိုက်သည်။
ဤနေ့တွင် အဖိုးကြီးလေးယောက်က အတူတူကဒ်ကစားနေကြသည်။
ဗိုလ်မှူးရှောင်းက သူ့ဘောင်းဘီ ပါလုနီးပါးဖြစ်နေသဖြင့် သူ့မျက်နှာကအလွန်မှုန်မှိုင်းနေသည်။
အဖိုးဝမ်ကလည်း ဒေါသထွက်လွန်းသဖြင့် သူ့မုတ်ဆိတ်မွှေးများကတောင် တုန်ခါနေ၏။
“အဖိုးကြီး မင်းကအရမ်းကိုအသုံးမကျလိုက်တာ”
ဗိုလ်မှူးရှောင်း၏မျက်နှာက ဒေါသဖြင့်နီရဲနေကာ ပြန်ရန်တွေ့တော့မည့်အချိန်တွင် ထုံကျားရှင်းက ကမူးကရူးပေါ်လာ၏။
“အဖိုး သားကို ချိုချဉ်ဝယ်ဖို့ဆယ်ဆင့်လောက်ပေးပါလား”
ဗိုလ်မှူးရှောင်းက ချက်ချင်းပင်သူ့အပေါ်ဒေါသပုံချလာ၏။
“အဖိုးတို့ကဒ်ကစားနေတဲ့အချိန်မှာ ပိုက်ဆံလာတောင်းလို့မရဘူးလေ၊ မင်းပိုက်ဆံလာတောင်းတော့ အဖိုးကရှူံးပြီပေါ့”
ကောင်းကင်မှပြုတ်ကျလာသောအိုးပင်။
ထုံကျားရှင်းက အထွန့်တက်သည်။
“အဖိုးကအရင်ကတည်းက ရှူံးနေပြီးသားလေ၊ သားနဲ့ဘာဆိုင်လို့လဲ”
ဗိုလ်မှူးရှောင်က သူ့ကိုစိုက်ကြည့်လိုက်သည်။
“ခုနတုန်းက မင်း ငါ့နောက်မှာရပ်နေတာလေ၊ မင်းကြောင့်ကံဆိုးသွားတာဘဲဖြစ်မှာ မဟုတ်ရင်ငါရှူံးမှာမဟုတ်ဘူး”
ထုံကျားရှင်း: "..."
ထုံကျားရှင်း၏မတရားခံနေရပါသည်ဟူသော အမူအရာကိုမြင်သောအခါ ထုံရွှယ်လူကအော်ရယ်လိုက်သည်။
အဖိုးဆီမှာ ဒီလိုညစ်တတ်တဲ့အကျင့်ရှိနေမယ်လို့မထင်ထားဘူး။
ရာသီဥတုကအလွန်ပူသဖြင့် သူမကလူတိုင်းအတွက် ရင်အေးစေသောအစားအစာများကိုလုပ်လိုက်သည်။ သူမက ပဲစေ့များဖြင့် ပဲကိတ်လုပ်လိုက်ကာ ကျောက်ဖရုံ၊ ဘာလီနှင့် ဝက်နံရိုးစွပ်ပြုတ်တို့ကိုလုပ်လိုက်သည်။
ကျောက်ဖရုံများကို ကိုယ့်ဘာသာစိုက်ထားကာ အလွန်ကောင်းမွန်စွာကြီးလာကြသဖြင့် စားရန်အများအပြားရှိပေသည်။
စွပ်ပြုတ်အပြင် ကျောက်ဖရုံခြောက်များလည်းလုပ်လို့ရသည်။ ကျောက်ဖရုံကိုရေဆေးကာ အခြောက်ခံလိုက်ပါက တရုတ်ရိုးရာဆေးနည်းဖြင့် ရေနွေးကြမ်းလုပ်သောက်နိုင်၏။၎င်းက နွေရာသီတွင် အပူများခြင်းနှင့် ဆီးရွှင်ခြင်းကို သက်သာစေနိုင်သည်။
ထုံရွှယ်လူက ကျောက်ဖရုံယိုကို ချိုလွန်းသည်ဟုထင်သောကြောင့် မကြိုက်ပေ။သို့သော်ကလေးများကမူ ချိုပါကဘာမဆိုကြိုက်ကြလေသည်။
ဤတလောတွင် ရှောင်းမျန်မျန်က ငယ်သွားလဲခြင်းစတင်လာကာ မနေ့ကတင်ရှေ့သွားတစ်ချောင်းကျိုးသွား၏။ သူ၏အားမကိုးရသော အကိုထုံကျားရှင်းက သွားကျိုးတာကိုအမြဲစနေသဖြင့် ရှောင်ထွမ့်ဇီလေးက အလွန်အမင်းကိုဝမ်းနည်းနေပေသည်။
သို့သော်စားစရာကိုမြင်သောအခါ ချက်ချင်းပင်ပြုံးဖြဲဖြဲဖြစ်လာပြီး သွားကျိုးလေးနှင့်ပြုံးပြလာရာ တကယ်ချစ်စရာကောင်းပြီး ရယ်နေရ၏။
မောင်နှမများက အာဟာရပြန်ပြည့်လာကြကာ သာမာန်ကလေးများထက် အရပ်ရှည်၊အသားဖြူလာပြီး အခြားသောသက်တူရွယ်တူကလေးများကို လုံးဝဖိနှိပ်ထားနိုင်၏။
ဗိုလ်မှူးရှောင်းက သူအပြင်သွားတိုင်း သူ့မြေးများကိုထုတ်ကြွားလေ့ရှိသည်။
အဖိုးတို့ကဒ်ကစားပြီးသောအခါ ထုံရွှယ်လူက ကျောက်ဖရုံ၊ဘာလီ၊ ဝက်နံရိုးနှင့်ချက်ထားသော စွပြုတ်ကို လူတိုင်းသောက်နိုင်ရန်အတွက် ဧည့်ခန်းထဲသို့ယူသွားလိုက်သည်။
ထိုစွပ်ပြုတ်က ရင်အေးပြီး လန်းဆန်းစေကာ အခုလိုပူလောင်နေသောရာသီဥတုအတွက် ကွက်တိဖြစ်သည်။လူတိုင်းက နှစ်ပန်းကန်လောက်သောက်ပြီးမှရပ်လိုက်ကြသည်။
ထုံရွှယ်လူက ဌာနမှူးညွှန်းပေးသည့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ငြင်းလိုက်သည့်အကြောင်းပြန်ပြောပြလိုက်သည်။
သူမပြောသည်များကိုနားထောင်ပြီးသောအခါ ဝေ့ကျီကောင်းက နှမြောသွားသည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနမှာအလုပ်လုပ်တာက ကောင်းတယ်လေ၊ ရွှယ်လူ သမီးတကယ်ဘဲ ထပ်မစဉ်းစားတော့ဘူးလား”
ထုံရွှယ်လူကခေါင်းခါလိုက်သည်။
“အဲ့ဒါက သမီးလုပ်ချင်တဲ့အရာမဟုတ်လို့ပါ”
ဝေ့ကျီကောင်းက ထပ်ဖြောင်းဖြချင်သော်လည်း ရှန်ဝမ်ရုန်ကသူ့ကိုပြန်ဆွဲကာ စိုက်ကြည့်လာသဖြင့် ပါးစပ်ပိတ်လိုက်သည်။
ဗိုလ်မှူးရှောင်းက လက်ထဲကပန်းကန်ကိုချကာ သူမကိုကြည့်လာ၏။
“ရွှယ်လူ သမီးက ကိုယ့်ဘာသာကိုယ်စဉ်းစားဆင်ခြင်တတ်တဲ့ကလေးပါ၊ သမီးဒီလိုတွေးပြီးပြီဆိုမှတော့ ငါ့မြေးစိတ်ဆုံးဖြတ်သလိုဘဲလုပ် အဖိုးအားပေးတယ်”
ထုံရွှယ်လူက ပျော်သွားသည်။
“ကျေးဇူးပါ အဖိုး”
အမှန်တိုင်းပြောရလျှင် သူမအဖိုးကပါ ဖြောင်းဖြမည့်အထဲပါနေမှာကိုစိုးရိမ်နေခဲ့ပေသည်။ သက်မွေးဝမ်းကြောင်းတွင် အဆင့်နိမ့်သည်မြင့်သည်ဟူ၍ခွဲခြားချက်မရှိပေ။ သင်ကြိုက်မကြိုက်ကသာ အရေးကြီး၏။
နိုင်ငံရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ပါက ဖိအားအများကြီးရှိမည်ဖြစ်ကာ သူမကထိုကဲ့သို့စိတ်ပင်ပန်းစရာဘဝကြီး၌မနေချင်ပေ။
ထို့အပြင်သံတမန်တစ်ယောက်လုပ်မည်ဆိုပါက နိုင်ငံခြားထွက်ဖို့လိုကာ ဘဝသက်တမ်းတစ်ဝက်လောက်ကိုနိုင်ငံခြားမှာဘဲ ကုန်ဆုံးရလိမ့်မည်။
လုံလုံလောက်လောက်စွမ်းဆောင်ပြပြီးမှသာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပြန်လာပြီး အရေးကြီးသည့်ရာထူးနေရာကိုရယူနိုင်မည်ဖြစ်ရာ သူမက ဝမ်ရူကွေ့၊သူမမိသားစုတို့နှင့် ခွဲနေရမည်ဟုဆိုလို၏။
ထို့အပြင် ဝမ်ရူကွေ့၏အထောက်အထားနှင့် အလုပ်အကိုင်က ပြည်ပထွက်ခွင့်မရနိုင်သည့် ကံပါနေ၏။
ထို့ကြောင့် ဘယ်ရူထောင့်ကဘဲကြည့်ကြည့်၊အနာဂတ်အတွက်ဖြစ်စေ၊ စိတ်ဝင်စားမှုကဘဲဖြစ်စေ သူမက အစကတည်းက သံတမန်ဖြစ်ဖို့မပြောနှင့်၊နိုင်ငံရေးနှင့်သက်ဆိုင်သည့်လမ်းကြောင်းကိုတောင် မဝင်ချင်ခဲ့ပေ။
အဖိုးဝမ်က ဗိုလ်မှူးရှောင်းထောက်ခံသည်ကိုမြင်သောအခါ အမြန်ပင်သူ့အတွေးများကိုလည်းဖော်ပြလာ၏။
“ရွှယ်လူ အဖိုးလည်းသမီးကိုအားပေးတယ် သမီးအလိုရှိတာကိုဘဲလုပ်ပါ”
ဝမ်မိသားစု၏နောက်ခံနှင့်ဆိုလျှင် သူမဘွဲ့ရပြီးနောက်အလုပ်မလုပ်ချင်ဘူးဆိုလျှင်တောင်မှ ဝမ်မိသားစုက သူမကိုတင်ကျွေးထားနိုင်ပေသည်။
ပိုအရေးကြီးသောအချက်မှာ သူက ထုံရွှယ်လူကိုနိုင်ငံခြားမသွားစေချင်ပေ။ အကယ်၍ထုံရွှယ်လူသာနိုင်ငံခြားထွက်ရပါက အနာဂတ်တွင် သူမချက်ပေးသည့်အရသာရှိသောစားစရာများကို စားနိုင်တော့မည်မဟုတ်ပေ။
ထုံရွှယ်လူ:“ကျေးဇူးပါနော် အဖိုးဝမ်၊ အဖိုးထောက်ခံပေးတော့ သမီးလည်းအနာဂတ်မှာလုပ်ချင်တာကိုလုပ်ဖို့ ယုံကြည်ချက်ရှိသွားပြီ”
အဖိုးဝမ်ကပျော်လွန်းသဖြင့် မုတ်ဆိတ်ကြီးများတောင် တုန်ခါသွား၏။
ဗိုလ်မှူးရှောင်းက ကြည့်မနေနိုင်တော့သဖြင့် နှာခေါင်းရှူံ့လိုက်သည်။
“ရွှယ်လူက မင်းကိုအဖိုးဝမ်လို့ဘဲခေါ်တာ အဖိုးမဟုတ်ဘူး ခေါင်းမာတဲ့အဖိုးကြီး အမြဲတမ်းငါ့နေရာကိုဝင်ယူဖို့ကြိုးစားမနေနဲ့”
အဖိုးဝမ်က ဒေါသမထွက်ဘဲ ပို၍မောက်မာစွာပြုံးလိုက်သည်။
“နောင်ကျရင် ရူကွေ့နဲ့ရွှယ်လူလက်ထပ်ပြီးတဲ့အခါ သူတို့ကငါ့ကိုအဖိုးလို့ပြောင်းခေါ်တော့မှာ အဲ့ဒီအချိန်ကျရင်မင်းကမနာလိုလွန်းလို့ သေတော့မှာလား”
ဗိုလ်မှူးရှောင်း : "..."
ထုံရွှယ်လူက မတတ်နိုင်စွာခေါင်းရမ်းလိုက်သည်။
သူတို့နှစ်ယောက်ပေါင်းလျှင် အသက်တစ်ရာကျော်နေပြီဖြစ်သော်လည်း နေ့တိုင်းနေ့တိုင်းကလေးများလို စကားများနေကြဆဲဖြစ်သည်။
ဝမ်မိသားစုတွင် စိတ်ချမ်းသာပျော်ရွှင်နေသည့်အချိန်တွင် ရှစ်မိသားစုဘက်၌ဒုက္ခရောက်နေ၏။
ရှစ်ကျွင်းမင်သေဒဏ်ကျသွားသောအခါ ဒုတိယအကိုရှစ်နှင့် သူ့မိန်းမ မရီးရှစ်တို့သည် ဆယ်နှစ်လောက်ပိုအိုစာသွား၏။သူတို့၏ဖခင် အဖေရှစ်က ဆုံးသွားပြီဖြစ်သောကြောင့် ဒုတိယအကိုရှစ်က ပေကျင်းတွင် အချိန်အကြာကြီးနေလို့မရပေ။ သူကသူ့သား၏အလောင်းကိုတောင်မမြင်လိုက်ရဘဲ ချန်ရှိူ့ယွင်နှင့်အတူ ကျင်းမြို့သို့ပြန်သွားရသည်။
မရီးရှစ်က သူမသား၏အလောင်းကို စုရန်နေခဲ့၏။ သယ်ယူပို့ဆောင်ရေးကအဆင်မပြေသောကြောင့် ကျင်းမြို့သို့ပြန်မသယ်သွားနိုင်ပေ။ သူမအနေဖြင့် သူမ၏သားကို ပေကျင်းမြို့သုသာန်တွင်သာ မြုပ်လိုက်ရသည်။
ကျင်းမြို့သို့ပြန်ရောက်သောအခါ မရီးရှစ်ကစတင်သောင်းကျန်းလေသည်။သူမက အရင်တုန်းကလို ရန်မဖြစ်တော့သော်ငြား သူမ၏ရည်ရွယ်ချက်မှာ ကွာရှင်းရန်ဖြစ်သည်။
ဒုတိယအကိုရှစ်က သူမသည်ဒေါသဖြင့်ပြောနေသည်ဟုသာထင်ခဲ့၏။သူမက တကယ်ကြီးကွာရှင်းချင်နေမည်ဟု မထင်ထားခဲ့ပေ။
“အားလန် မင်းဘာလုပ်ချင်နေတာလဲ ဒီလိုအသက်ကြီးတဲ့အချိန်ကျမှ ကွာရှင်းမလို့လား သူများတွေသိသွားရင် အရှက်ကွဲမှာမကြောက်ဘူးလား”
မရီးရှစ်က သူ့ကိုအေးစက်စွာကြည့်လာ၏။
“အရှက်ကွဲမယ်တဲ့လား ကျွန်မသားသေဒဏ်ပေးခံရတာတောင် ရှက်တယ်လို့မခံစားမိဘူး၊ ရှင်နဲ့ကွာရှင်းတာကို ဘာလို့ရှက်ရမှာလဲ”
‘ကောင်းသောကိစ္စများဆိုလျှင် လူမသိဘဲ မကောင်းကိစ္စဆိုပါက မိုင်ထောင်ချီတိုင်ပျံ့တတ်သည်’ဟူသော ရှေးဆိုရိုးအတိုင်းပင်။ရှစ်ကျွင်းမင် သေဒဏ်ပေးခံရသည့်သတင်းများထွက်လာကတည်းက သူမသည် နွေးထွေးမှု၊အေးစက်မှု ခံစားချက်မျိုးစုံကိုတွေ့ကြုံခဲ့ရသည်။
လူတိုင်းက သူတို့ကိုဖယ်ကျဉ်ကာ စကားမပြောကြတော့ပေ။ ပို၍ဆိုးသည်မှာ သူမ၊သူမခင်ပွန်းနှင့်၊ သူမ၏ဒုတိယသားတို့သည် အလုပ်ထုတ်ခံလိုက်ရ၏။
သို့သော်ထိုလူ့အမှိုက်နှစ်ယောက်ဖြစ်သည့် ရှစ်ရှိိုးနန်နှင့် ချန်ရှို့ယွင်တို့ကမူ ဘာမှမဖြစ်သွားပေ။
သူမက ဘယ်လိုဖြစ်လို့မမုန်းဘဲနေနိုင်မှာလဲ။
သို့သော်သူမက ချန်ရှို့ယွင်နှင့်အချိန်ထပ်မဖြုန်းချင်သလို လက်စားလည်းမချေချင်တော့ပေ။ရှစ်မိသားစုက သူတို့ကြိုက်သလိုလုပ်လို့ရ၏။သူမက ကွာရှင်းပြီး ဘဝအသစ်သာစချင်သည်။
သူ့သားသေဒဏ်ပေးခံရသည့်အကြောင်း ထည့်ပြောလာသောအခါ ဒုတိယအကိုရှစ်က ရင်ကွဲကာ ရှက်လည်းရှက်သွားသည်။
“ကျွင်းမင်မရှိတော့တာကြောင့်မလို့သာ ငါတို့မိသားစုက ကောင်းကောင်းမွန်မွန်နေရအောင် အတူတူကြိုးစားသင့်တာပေါ့ ငါတို့ကွာရှင်းလိုက်တာကို သူများတွေသိသွားရင်ဘာဖြစ်သွားမလဲ ဒီအငယ်နှစ်ယောက်ကိုရောဘယ်လိုလုပ်ကြမှာလဲ”
ချန်ရှို့ယွင်သည် သူမ၏ယောင်းမကိုဖြောင်းဖြရန်အတွက် ခေါ်ခံလိုက်ရသည်။အကိုကြီးရှစ်ကသူမကိုထပ်ခါထပ်ခါကြည့်လာရာ သူမကထွက်ပြောလိုက်ရသည်။
“ဒုတိယယောင်းမ.......”
မမျှော်လင့်ထားစွာဖြင့် သူမပါးစပ်ဟရုံသာရှိသေးချိန်တွင် ဒုတိယယောင်းမက သူမကိုလက်ညှိုးငေါက်ငေါက်ထိုးကာအော်ပြောလာ၏။
“ပါးစပ်ပိတ်ထားစမ်း မိန်းမပျက် နင်နောက်တစ်ခွန်းထပ်ပြောရဲရင် ဒီတံခါးကနေထွက်လို့မရနိုင်လောက်တဲ့အထိ ရိုက်ပြမယ်”
သူမတွင် သားနှင့်သမီးရှိနေလို့သာ၊ မဟုတ်ပါက သူမကချန်ရှို့ယွင်နှင့်အတူ သေပွဲဝင်လိုက်ပြီဖြစ်သည်။
ချန်ရှို့ယွင်က သူမ၏သတ်ဖြတ်မတတ်အကြည့်ကိုရင်ဆိုင်လိုက်ရသောအခါ ခေါင်းပြောင်နေသောနေရာက ပြန်နာလာသလိုခံစားလိုက်ရပြီး ဘာမှထပ်မပြောရဲတော့ပေ။
အရင်တစ်ခေါက်ပေကျင်းဘူတာရုံတွင် သူမယောင်းမ၏ပြင်းပြင်းထန်ထန်ရိုက်သည်ကိုခံခဲ့ရ၏။အခုချိန်တွင်ဒဏ်ရာများက သက်သာပြီဖြစ်သော်လည်း ဆံပင်ဆွဲနှုတ်ခံလိုက်ရ၍ပြောင်သွားသောအကွက်သည် အချိန်တစ်ခုထိပြန်ပေါက်လာဦးမှာမဟုတ်ပေ။၎င်းက သူမကိုအတော်လေးစိတ်ညစ်စေ၏။
ယောင်းမရှစ်က သူမကိုအေးစက်စွာတစ်ချက်ကြည့်လာကာ နောက်လှည့်လိုက်သည်။
“ရှင်တကယ်ဘဲ ကျွန်မတို့ရဲ့ကလေးနှစ်ယောက်ကို ဂရုစိုက်တယ်ဆိုရင် ကျွန်မကိုကွာပေးသင့်တယ် ကွာရှင်းပြီးရင် ကလေးတွေက ကျွန်မရဲ့မျိုးရိုးနာမည်ကိုယူပြီး လူလိုကောင်းကောင်းမွန်မွန်အသက်ဆက်ရှင်နိုင်လိမ့်မယ်''