အပိုင်း ၁၆၂
Viewers 19k

Chapter 162

သွေးစာချုပ်


သူတို့ပတ်ဝန်းကျင်ရှိ သွေးများသည် လူတစ်စုဆီသို့ တည့်တည့် ပြေးလာကာ သွေးဓားပေါင်းတစ်ထောင် အဖြစ်သို့ အသွင်ပြောင်းသွားကာ သက်ဝင်လှုပ်ရှားလာသည်။ ၎င်းတို့က အလွန်များပြားပြီး သူတို့ကြားတွင် နေရာလွတ်မရှိပေ။ 


ထိုအုပ်စု၏ စွမ်းရည်များက သွေးဓားများနှင့် ယှဉ်ပါက အသုံးမဝင်တော့ပေ။ အကြီးအကဲများ အသတ်ခံရလုနီးပါး ဖြစ်နေသည့်အတွက် ယောင်စစ် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။  ထိုနှာဘူးကောင်က ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်ဖြစ်သည့်အတွက် အကြီးအကဲများက သူ၏ တိုက်ခိုက်မှုမှ ပြန်လည် ကောင်းမွန်မလာနိုင်ပေ။ 


ဒါဆိုရင် သူတို့သေမှာပေါ့...


သူမတွင်ရှိနေသော ခွန်အားများကိုစု၍ အကာအရံကို ဖြတ်ကျော်လိုက်သည်။


" ရပ်လိုက် ..."

စွမ်းအင်များတိုးလာပြီး သူမ၏ ခန္ဓာကိုယ်က စွမ်းအင်အင်များကို အလိုအလျောက် ထုတ်လွှတ်လိုက်သည်။


သူမ၏ အတွင်းမှ အဖြူရောင် အလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာပြီး အာကာသ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်တွင် ပြည့်နေသော သွေးဓားများနှင့် အကြီးအကဲများ၏ စွမ်းရည်တို့က ယခင်က မရှိခဲ့သလိုပင် ပျောက်ကွယ်သွားသည်။  


ယောင်စစ်ကို ရစ်ပတ်ထားသည့် သွေးများလည်း မရှိတော့ပေ။ သူမ ခန္ဓာကိုယ်က မြောက်တက်သွားပြီးနောက် မြေပေါ်ပြန်ကျလာသည်။ နေရာတစ်ခုလုံး ရှင်းလင်းသွားပြီး နှာဘူးကောင်အပါအဝင် လူအားလုံးကို တအံ့တဩ ဖြစ်သွားစေသည်။


သူတို့ မတုံ့ပြန်နိုင်မီမှာပင် ယောင်စစ်က လူအုပ်ကိုကြည့်၍ အော်လိုက်သည်။ 

" နေရာကူးပြောင်း ကိရိယာတွေနဲ့ ထွက်သွားကြတော့ ..."


သူတို့ အလျင်အမြန် မလုပ်မည်စိုး၍ ပဉ္စမမျိုးဆက် သွေးစုပ်ဖုတ်ကောင်၏ ဖိနှိပ်မှုများကို ဆင့်ခေါ်လိုက်သည်။ 


လူအုပ်ကြီး မိန်းမောနေရာမှ နေရာရာကူးပြောင်းကိရိယာများ အကူအညီဖြင့် ထွက်သွားကြသည်။ ယောင်စစ်လည်း ထိုကိရိယာကို နှိပ်လိုက်သည့်အခါ အဖြူရောင် အလင်းတန်းများက အားလုံးအပေါ်တွင် ဖုံးလွှမ်းသွားသည်။


အကြီးအကဲများလည်း ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကောင်စီအခန်းကို ပြန်ရောက်လာကြသည်။


အာလုံး အသက်ရှင်နေသည့်အတွက် စိတ်သက်သာရာရပြီး သက်ပြင်းများ ချကုန်သည်။


" အဲ့ဒီလူက မကြာခင် ဒီကို ရောက်လာတော့မှာ ... ဒါဆိုရင် အနီရောင်ဂြိုလ်က အန္တရာယ်ရှိတယ် ... သွေးစုပ်ဖုတ်ကောင်တွေ အားလုံးကို ဘေးလွတ်ရာ ပြောင်းခိုင်းပြီး အရှင်မင်းကြီးကို သတင်းပို့ရမယ် ....သခင်မလေး ဘာလို့ ... အမ် ... သခင်မလေး ဘယ်မှာလဲ ..."


“…” ထိုနေရာတွင်သာ ကျန်နေခဲ့သည့် ယောင်စစ် 


(╯‵□′)╯︵┻━┻


ငါ ဘာလို့ ဒီမှာ ရှိနေရသေးတာလဲ ... ခလုတ်ကို နှိပ်လိုက်တယ်လေ ... ဒီဟာက နေရာကူးပြောင်းကိရိယာ အတုကြီးများလား ...


" မင်း ဒီလောက် သတ္တိရှိမယ် မထင်ထားဘူး ..."

နှာဘူးကောင်၏ လှောင်ပြောင်သံက သူမနောက်မှ ထွက်လာသည်။


ယောင်စစ် တုန်ယင်သွားသည်။ သူမ ခေါင်းပေါ်တွင် စကားလုံးတစ်လုံး မထင်မရှား ပေါ်လာသည်။

ဂြိုဟ်ဆိုးဝင်ပြီ ...


" ငါ့ရဲ့စွမ်းအင် နယ်မြေထဲ တစ်ခါ ရောက်သွားပြီးရင်  ဒီ ကိရိယာ အသေးလေးတွေကို သုံးလို့မရတော့ဘူး ဝမ်းနည်းစရာပဲ ..."


သူက သူမနောက်ကို ကြည့်နေသည်။ ယောင်စစ် အရံအတားကို သတိရသွားသည်။ ထို့နောက် စိတ်ထဲတွင် ဆဲရေးနေသည်။


သေစမ်း ... ဘာလို့ တစ်ယောက်မှ မပြောကြတာလဲ ... ဆိုးလိုက်တဲ့ကံ ...


o(╯□╰)o


" ဒါပေမဲ့ မင်းက ငါ့ကိုတကယ် လန့်သွားစေတယ် ..."

သူ ရယ်သံစွက်၍ ပြောလိုက်သော်လည်း အကြည့်က အေးစက်နေသည်။ 

" ဒါပေမဲ့ မျိုးမစစ်ကတော့ မျိုးမစစ်ပါပဲ ...အကောင်းဆုံးစွမ်းရည်ကတောင် ကလေးကစားနေသလောက်ပဲရှိတယ် ..." 


သူ ရုတ်ချည်း သူမဆီသို့ ပြေးလာသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏နောက်မှ သွေးရေကန်ကြီးက ကြီးမားပြီး အသက်ဝင်လာသည်။ လက်မြှောက်လိုက်သည့်အခါ အရည်များက သူမခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။


" ငါက မင်းတို့လို မျိုးမစစ်တွေနဲ့ ရှုပ်နေဖို့ စိတ်ကူးမရှိဘူး ..."

သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ 


" ဒါပေမဲ့ မင်းကိုယ်တိုင် ငါ့ရှေ့ ရောက်လာတာဆိုတော့  အသုံးဝင်သားပဲ ... မင်းရဲ့ သေဆုံးမှုနဲ့ဆိုရင် သွေးမျိုးသန့်က လက်တွေ့မကျတဲ့ အိမ်မက်ကနေ နိုးထလာလိမ့်မယ် ..."


ခဏအကြာတွင် ကောင်းကင်တစ်ခုလုံး သွေးဓားများဖြင့် ပြည့်သွားပြီး သူမဆီသို့ ပြေးလာနေသည်။


ယောင်စစ် အံ့အားသင့်သွားသည်။


ဒီလူက ငါ့ကို တကယ်သတ်မှာပေါ့ ... သေစမ်း ... ငါသူ့ကို စော်ကားမိလို့လား ... ဘာလို့ အားလုံးက သူမကိုပဲ သတ်ချင်နေတာလဲ ... 


သူမ ယခင်ကကဲ့သို့ ခုခံရန် ကြိုးစားသော်လည်း သူမကိုယ်တွင်းမှ စွမ်းအင်က မရှိတော့ပေ။ 


ဒီလို သေရေးရှင်ရေး အခြေအနေမှာ သူမစွမ်းရည်တွေက လှည့်စားနေပြန်ပြီ ...  


သွေးဓားများ၏ အရေအတွက်က တဖြည်းဖြည်းများလာသည်။ ထိုလူ၏ လက်ချောင်းများမှ လှုပ်ရှားမှု အနည်းငယ်ကပင် ကောင်းကင်တွင် ပြည့်နှက်နေသော ဓားများကို သူမဆီသို့ ပို့လွှတ်နိုင်သည်။


ယောင်စစ် ကြက်သီးများထပြီး စိတ်ပျက်အားငယ်မှုများက သူမကို နစ်မွန်းနေသည်။ သူမ မျက်လုံးပိတ်လိုက်သည်။


မူရွှမ် ...


ဒင် ...


အံ့အားသင့်စရာမှာ သူမ ထံသို့ နာကျင်မှုများ ရောက်မလာခဲ့ပေ။ ဓားများ သူမကို မထိမီ စက္ကန့်ပိုင်းခန့်တွင် ဖောက်ထွင်းမြင်ရသည့် အကာတစ်ခုက သူမကို ဖုံးအုပ်ပေးလိုက်ပြီး ဓားများကို ရပ်တန့် ပေးလိုက်သည်။ ယောင်စစ်၏ နဖူးပေါ်တွင် နွေးထွေးသွားကာ အနီရောင်မီးတောက် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။


" သွေးစာချုပ်လား ..."

နှာဘူးကောင် တအံ့တဩဖြင့် အော်လိုက်သည်။ သူ၏မျက်နှာမှ အထင်သေးမှုများအစား အံအားသင့်မှုက နေရာယူသွားပြီး သူမကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူ၏မျက်နှာတွင် သံသယ ထိတ်လန့်မှု လက်မခံနိုင်မှုနှင့် မုန်းတီးမှုဟူသည့် ခံစားမှုများက ရောနှောနေသည် ။ 


လေပွေတစ်ခု တိုက်ခတ်သွားပြီး သူပျံသန်းသွားကာ သူမ လက်မောင်းများကို မြှောက်ကိုင်လိုက်ပြီး မျက်လုံးများလည်း ပြူးလာသည်။

" မင်းက သူ့နဲ့ စာချုပ်ထားတဲ့လူလား ..."


" အမ် ဘာစာချုပ်လဲ အဲ့ဒါဘာကြီးတုန်း ..."


ထိုလူက သူမဆီမှ အဖြေကို မလိုတော့ပေ။ နှဖူးပေါ်မှ အမှတ်ကိုကြည့်ပြီး သူ၏သံသယများကို အတည်ပြုလိုက်နိုင်သည်။ ခဏအကြာတွင် သူမလက်မောင်းများကို လွှတ်ပေးလိုက်သည်။ သူမကို ရစ်ပတ်ထားသော သွေးများပင် မရှိတော့ပေ။ 


ထိုလူက မမျှော်လင့်ထားသည့် အခြေအနေနှင့် တွေ့ကြုံလိုက်ရသဖြင့် သူ၏စိုးရိမ်မှု အရှိန်အဟုန် တိုးမြှင့်လာပြီး တစ်ကိုယ်တည်း ရေရွတ်နေသည်။


" သူက ဆက်ခံသူမဟုတ်ဖူးလား ...ဘာလို့ ဒါမျိုးဖြစ်ရတာလဲ ..."


" စာချုပ်ချုပ်ထားသူပဲ ... သူမက တကယ်စာချုပ်ချုပ်ထားတာပဲ ..."


" သေစမ်း သေစမ်း သေစမ်း ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."


" သူ့အကူအညီကို မရနိုင်တော့ဘူးပေါ့ ... ဘာလို့ သူမှ ဖြစ်ရတာလဲ ..."


" အဟားဟား ... ဘာလို့ ဒီလိုဖြစ်ရတာလဲ ... ဘာလို့ ရှာတွေ့သွားရတာလဲ ..."


နှာဘူးကောင်ကို ကြည့်ရသည်မှာ တဖြည်းဖြည်း စိတ်ညစ်လာပုံပင်။ သူ၏ အမူအရာများက စက္ကန့်တိုင်း ပြောင်းလဲနေသည်။ ယောင်စစ် သူမ၏ ပူနွေးနေသော နဖူးကို ကိုင်လိုက်သည်။ သူ၏ အမူအရာများက သူမကို သတ်ရန်စိတ်တစ်ခုတည်းသာ စိုးမိုးနေပုံရသည်။ သူ၏ စိတ်ရှုပ်ထွေးမှုကို အသုံးချကာ အရံအတားဆီသို့ ထွက်သွားသည်။


ပထမတစ်လှမ်း ... ဒုတိယတစ်လှမ်း ... တတိယတစ်လှမ်း ... ရောက်ခါနီးပြီ ...


" မင်း ဘယ်သွားနေတာလဲ ..."


“…” 


သေစမ်း 


ထိုနှာဘူးက လေပွေကဲ့သို့ ရွေ့လျားလာပြီ သူမရှေ့တွင် ပေါ်လာသည်။


" ဟဲဟဲဟဲ ..."

ယောင်စစ် လက်များကို ရမ်းလိုက်သည်။


"ရှင့်ကိုကြည့်ရတာ အလုပ်ရှုပ်နေပုံပဲ ... ကျွန်မသွားနှင့်တော့မယ် ..".


သူ၏မျက်နှာက အစိမ်းရောင်ပြောင်းသွားသော်လည်း  အံ့အားသင့်စရာမှာ ဒေါသထွက်နေပုံ မပေါ်ပေ။ ထိုအစား သူမကို စိတ်ခံစားချက်များ ရောနှောနေသည့် မျက်နှာဖြင့် ကြည့်နေသည်။ ခဏအကြာတွင် သူ့ထံ၌ အတွေးတစ်ခု ရသွားပုံဖြင့်  သူမကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေသည်။


" မင်းကို မသွားခိုင်းသေးဘူး ..."

သူမကို အနီရောင်အရည်များဆီသို့ ဆွဲခေါ်သွားကာ ပြောလိုက်သည်။


" သေစမ်း ... အရှုပ်ထုပ်ထဲကို ရောက်သွားတာပဲ ... မြန်မြန်လာ မြန်မြန် ငါအလုပ်များနေတယ် ..."


ထိုလူက ဆွဲခေါ်သွားသဖြင့် ယောင်စစ် ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူ၏ အရှိန်ကိုမီ‌ရန် မြန်မြန်လိုက်နေရသည်။ သို့သော် သူ၏ လူသတ်ချင်စိတ်များ ပျောက်သွားပြီး တခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။


သူ့ရဲ့ ရည်ရွယ်ချက်က ဘာပါလိမ့် ... မူရွှမ်ကိုကြောက်လို့ သူမကို ဓားစားခံအဖြစ် သုံးချင်တာလား ...ဒါပေမဲ့ ကြည့်ရတာ သူက မူရွှမ့်ကိုလည်း ဂရုစိုက်ပုံ မရပါဘူး ... 


" ဘာ လာကြည့်နေတာလဲ ..."

သူက သူမက်ို လှည့်ကြည့်လိုက်သည်။ 


" မြန်မြန်သွား ငါ့အချိန်တွေ လာမဖြုန်းနဲ့တော့ ... ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို သတ်လို့ မရဘူး ..."


“…” 


ယောင်စစ် ကြောင်သွားသည်။

မသတ်ဘူးလို့ ပြောမယ့်အစား မသတ်နိုင်ဘူးလို့ ပြောသွားတာပေါ့ ...


ဘာကိုဆိုလိုတာလဲ ... 


သူမ မျက်မှောင်ကြုတ်လိုက်သော်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


ရှင် ကျွန်မကို မထိနိုင်မှတော့ အဆင်ပြေပြီပေါ့ ...