Chapter 164
အဓိကအချက် မပါသည့် အစွန်းရောက်မှု
မူရွှမ်ကို ဆက်သွယ်ရန် မျှော်လင့်ချက်ဖြင့် ယောင်စစ် သူမ၏ ကွန်ပျူတာကိုဖွင့်ကြည့်သော်လည်း ဧည့်ကြိုဌာန မရှိပေ။
အဲ့နှာဘူးကောင် သူ့မကို ဘယ်ဂြိုလ်ကိုများ ဆွဲခေါ်လာတာလဲ ...
လွန်ခဲ့သည့်ရက်များက သူမကို ချုပ်နှောင်ထားခြင်းမရှိခဲ့သော်လည်း သူမနေသည့် အိမ်မှလွဲ၍ မြင်ကွင်းထဲတွင် တခြားအဆောက်အဦးများ မရှိပေ။ အဆုံးမဲ့ အစိမ်းရောင်လွှမ်းနေသော တောင်များနှင့် စမ်းချောင်းများသာ ရှိသည်။
မူလက သူမ လင်းလုံကိုလှည့်စားရန် ကြံစည်နေသော်လည်း သူက ဓာတ်ခွဲခန်းထဲမှ ထွက်မလာပေ။ သူက ကောင်းကင်ဘုံဂြိုလ်ပေါ်ရှိ အဖြစ်အပျက်ကို ဆန်းစစ်နေပုံရသည့်အတွက် မည်သည့်အရာမှ မကောင်းနိုင်ပေ။
ရက်ပေါင်းများစွာ ကြာပြီးနောက် ယောင်စစ် တိုက်ရိုက် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။
" ကျွန်မ ရှင့်ရဲ့ ဓာတ်ခွဲခန်းထဲ လိုက်လာရမလား ..."
လင်းလုံ ပန်းကန်လုံးကို အောက်ချလိုက်ပြီး သတိအနေအထား ဖြစ်သွားသည်။
" မင်း ဘာလိုချင်လို့လဲ ..."
" ဒီနေရာက ခြောက်ကပ်နေတာပဲ ကျွန်မနဲ့ စကားပြောပေးမယ့် သက်ရှိ တစ်ယောက်မှလည်း မရှိဘူး ..."
ယောင်စစ် သူ့ကို စောင်းငဲ့ ကြည့်လိုက်သည်။
" ကျွန်မ ပျင်းလွန်းလို့ စိတ်ဆင်းရဲလာပြီ ..."
"ဟမ့် ငါ့ကို အရူးလာမလုပ်နဲ့ ..."
သူ မယုံကြည်သဖြင့် သရော်လိုက်သည်။
" ငါ ဘာလုပ်နေတယ်ဆိုတာ သိချင်လို့မလား ... ငါ့ကို ငတုံးများ ထင်နေလား ..."
ထို့နောက် သူမကို ဓာတ်ခွဲခန်းဆီသို့ ခေါ်သွားသည်။
╮(╯﹏╰)╭
ဟမ့် ... ရှင်က ငတုံးမဟုတ်ပေမယ့် နည်းနည်းတော့ ချစ်ဖို့ကောင်းပါတယ် ...
အဆောက်အအုံ၏ အားသာချက်မှာ မြေအောက် သုတေသနဓာတ်ခွဲခန်း ရှိနေခြင်းဖြစ်သည်။
နှာဘူးကောင်ရဲ့ ဓာတ်ခွဲခန်းက အိမ်အောက်မှာ တကယ်ရှိတာပဲ ...
ဓာတ်ခွဲခန်းက မြေအောက်တွင်ရှိသော်လည်း သူ၏နေရာက အိမ်ထက်ပင် ကျယ်ဝန်းပြီး တစ်ထောင်စတုရန်းမီတာခန့် ရှိသည်။ သို့သော် အထဲတွင် ဘာမှမရှိပဲ နေရာတစ်ခုလုံး ဖြူဖွေးနေသည်။
" ကဲ အဲဒီတော့ ဝင်လာပြီး ဘာလုပ်ချင်တာလဲ ..."
လင်းလုံက သူမ ဓာတ်ခွဲခန်းထဲရှိနေသည်ကို နှစ်မြို့ပုံမရပေ။ သို့သော် သူမကို ဝင်ခွင့်ပြုရသည့်အတွက် စိတ်ဆိုးနေသည်လားကို မခန့်မှန်းနိုင်ပေ။ သူမကို ဒေါသထွက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် မထီမဲ့မြင် ပြောလိုက်သည်။
" မင်းတို့ စကြဝဠာက နည်းမညာနဲ့ဆိုရင်တော့ ဒီဟာကို နည်းနည်းတောင် နားလည်မယ်မထင်ဘူး ..."
ထို့နောက် သူမကို လျစ်လျူရှု့၍ အခန်းထဲ ဝင်သွားသည်။ ခဏကြာသောအခါ အခန်းတစ်ခုလုံးကို အချက်အလက်များ ဖြည့်ထားသည့် မျက်နှာပြင်များနှင့် ပြည့်သွားသည်။
သူမ တကယ်ကို နားမလည်ပေ။
○| ̄|_
လင်းလုံ အလယ်ကိုလျှောက်သွားပြီး သုတေသနပြုနေသည်။ စခရင်များက တစ်ခုပြီးတစ်ခု ပွင့်လာကာ သတင်းအချက်အလက်များက ပြောင်းလဲနေသည်။ ယောင်စစ် သဲလွန်စ ရလိုရငြားဖြင့် မျက်နှာပြင်များကို ဖြည်းညင်းစွာ ကြည့်နေသည်။
တစ်ချက်ကြည့်ရုံဖြင့် အသုံးပြုနေသော ဘာသာစကားမှာ စကြဝဠာဘာသာ မဟုတ်သည့်အပြင် သူမ သိသည့် ဘာသာစကားလည်း မဟုတ်ပေ။ သို့သော် ၎င်းကို သူမ ရင်းနှီးနေသည်။ အနီးဆုံး မျက်နှာပြင်တစ်ခုက နောက်ဆုံးဂြိုဟ်ပြန်လည်ထူထောင်ရေးဟူသော စာလုံးများကို သူမ ဖတ်၍ရသွားသည်။
အဲ့ဒါ ဘာကို ဆိုလိုတာလဲ ...
သူမ ရှေ့တိုးပြီး စာလုံးအချို့ကို ထိလိုက်သည်။ သို့သော် တစ်ချက်လင်းသွားပြီး မျက်နှာပြင်က ပျောက်ကွယ်သွားသည်။
" ငါ့ရဲ့ အချက်အလက်တွေနဲ့ ဘာလုပ်ဖို့ ကြံနေတာလဲ ..."
လင်းလုံ သူမကို စူးစူးရဲရဲ ကြည့်နေသည်။
" အာ ... မတော်တဆ ထိမိသွားတာပါ ..."
ယောင်စစ် လန့်သွားသည်။
သူမ ဖျက်တဲ့ခလုတ်ကိုများ နှိပ်မိသွားတာလား ...
" တော်ပြီ တော်ပြီ ... မင်း မြင်ချင်တာ မြင်သွားပြီးပြီပဲ ..."
သူ့ လက်များကို စိတ်မရှည်သလို ဝှေ့ယမ်းလိုက်သည်။
" အပေါ်ထပ်ကို ပြန်သွားပြီး မင်းရဲ့ ဝိညာဉ်သားရဲသွေးကိုပဲ သောက်နေစမ်းပါ ငါ့ကို လာမနှောင့်ယှက်နဲ့တော့ ... "
ယောင်စစ် ရုတ်တရက် တွေးလိုက်သည်။
" မသွားခင် နည်းနည်းကြည့်လိုက်ဦးမယ် ..."
" ဟမ့် ..."
လင်းလုံ သူမကို မကြည့်တော့ပဲ အလုပ်ဆက်လုပ်နေသည်။
သူမ ခေါင်းမော့ပြီး မျက်နှာပြင်များဖြင့် ပြည့်နေသောအခန်းကို ကြည့်လိုက်သည့်အခါ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူဘာလုပ်ရမယ်ဆိုတာ သိပြီထင်တယ် ...
ခဏကြာသောအခါ မတွန့်ဆုတ်ပဲ မျက်နှာပြင်တစ်ခုကို ထိလိုက်သည်။ ထို့နောက် အနည်းငယ်ကို ထပ်ကြည့်နေသာ့်အခါ အခန်းထဲတွင် တဝီဝီအသံများ အဆက်မပြတ် မြည်လာသည်။
" အိုင်းယားယား တောင်းပန်ပါတယ် ... လက်ချော်သွားလို့ ..."
“…”
" အိုင်းယားယား ဒါကို မမြင်လိုက်ဖူး ... မတော်တဆ ဖြစ်တာပါ ..."
“…”
" အိုင်းယား ဒါ တမင်လုပ်တာ မဟုတ်ဖူးနော် ..."
“…”
" အိုင်းယားယား ကျွန်မကိုယုံပါ ... သူ့ဘာသာ ဖြစ်သွားတာ ..."
“…”
" အိုင်းယားယား ..."
" တော်တော့ ..."
စခရင်အကြီးတစ်ခုကို ဖျက်ခံလိုက်ရသည့်အခါ ယင်းလုံ သည်းမခံနိုင်တော့ပဲ ဒေါသ ပေါက်ကွဲလာသည်။
" ချီးပဲ ... ဒီအချက်အလက်တွေကို စုဆောင်းဖို့ ငါ ဘယ်နှနှစ်တောင် အချိန်ကုန်ခဲ့ရလည်းသိလား ... နောက်တစ်ခုကို ထပ်ဖျက်မိရင် အဲ့အချက်အလက်တွေနဲ့အတူ မင်းကိုပါ တစ်စစီ ဖြဲပစ်မယ် ..."
ယောင်စစ် သူ့ကို တည်ငြိမ်စွာ ကြည့်နေပြီး နောက်တစ်စက္ကန့်အကြာတွင် နောက် မျက်နှာပြင်တစ်ခုကို ထိလိုက်သည်။
ဝီ ...
ပြီးတော့ နောက်တစ်ခု ...
" မင်းတော့ သေချင်နေတာပဲ ..."
လင်းလုံ၏ မျက်နှာက ခက်ထန်လာပြီး အရ်််ိုးထဲပင် အေးစိမ့်သွားစေဟည့် အော်ရာက ပြန်လည်ရောက်ရှိလာသည်။ သူ၏ တစ်ဝိုက်တွင် အနက်ရောင်လေထုများ စုဝေးလာပြီး ဒေါသတကြီး ဖြစ်ရမည့်အစား ရယ်လ်ိုက်သည်။
" ဟမ့်... ငါမင်းကို တကယ် မသတ်ဖူး ထင်နေတာလား ... မင်းက တစ်စုံတစ်ယောက်ရဲ့ စာချုပ်ချုပ်ဆိုသူနော် ငါနဲ့ မဟုတ်ဖူးဆိုတာ မမေ့နဲ့ ..."
ယောင်စစ် သွေးများ အေးခဲသွားပြီး နောက်ဆုတ်လိုက်သည်။ သူမ၏ အဓိကရည်ရွယ်ချက်က သူ၏ စမ်းသပ်မှုကို နှောင့်ယှက်ပြီး သည်းခံနိုင်သည့်အတိုင်းအတာကို စစ်ဆေးရန် ဖြစ်သည်။ သို့သော် သူမလုပ်ကိုင်သည်က အလွန်အကြူးဖြစ်သွားပုံ ရသည်။
လင်းလုံ ဒေါသကြောင့် မျက်လုံးများပင် နီရဲနေသည်။ ခဏတွင်းချင်း သူမရှေ့တွင် ပေါ်လာသည်။ လက်မြှောက်၍ သူမလည်ပင်းကိုညှစ်ရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် အေးခဲသွားသည်။
သူ၏ မျက်နှာပေါ်တွင် ထောင်နှင့်ချီသော စိတ်ခံစားချက်ပေါင်းစုံ ပေါ်လာပြီး ရှုံ့တွနေသည်။ အံကြိတ်၍ လက်များကို အဝေးပို့လိုက်သည်။ ထိုအစား သူမအင်္ကျီကော်လံကို ကြက်ပေါက်တစ်ကောင်ကို ဆွဲခေါ်သကဲ့သို့ ခေါ်သွားပြီး အပေါ်ထပ် ကြမ်းပြင်ပေါ်ရောက်မှ လွှတ်ပေးလိုက်သည်။
" ဒီမှာ မတ်တပ်ရပ်နေ ... နာရီဝက် မတ်တပ်ရပ် ..."
သူ အမိန့်ပေးပြီးနောက် ထွက်သွားကာ လမ်းတစ်ဝက်တွင် ရပ်လိုက်သည်။ ထို့နောက် အတွေးတစ်ခုရသွားပြီး အမွေးပွ ဝက်ဝံရုပ်ကြီးကို သူမလက်ထဲ ထည့်လိုက်သည်။
" ကိုင်ထား ..."
ထို့နောက် သူပြန်ထွက်သွားသည်။
“…”
ဒါက နံရံကို မျက်နှာမူရတဲ့ အပြစ်ပေးတာမျိုးလား ...
ယောင်စစ် အရုပ်ကို ဖက်ထားလိုက်သည်။
အလေးချိန်တွေပါ ထပ်ထည့်ထားသေးတယ် ...
-_-|||
–
သူမအပေါ် လင်းလုံ၏ သဘောထားကို ယောင်စစ် သဘောမပေါက်ပေ။ သူ့ကို ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က သေချာပေါက် သူမအသက်ကို ရယူချင်သည့်ပုံ ဖြစ်သည်။ သို့သော် ဤအိမ်သို့ ခေါ်လာသည့်အချိန်မှစ၍ သူ၏ သည်းခံနိုင်သည့်အဆင့်က ထူးခြားဆန်းကြယ်စွာ တိုးလာခဲ့သည်။ ယခင်ရက်များက သူမ ဖျက်ဆီးသည့် အမူအကျင့်များစွာကို ကြိုးစားခဲ့သည်။ သူ့အိမ်ကိုပင် မီးရှို့ရန် ကြံစည်ခဲ့သည်။
သူ အကြိမ်တိုင်း အလွန်ဒေါသထွက်ပြီး သူမကို နှစ်နာရီခန့် ဆူပူသည်။ သို့သော် သူမအပေါ် လက်မပါခဲ့ပေ။ ထိုမျှသာမက သူက ကလေးထိန်းကဲ့သို့ ပြုမူနေသည်။ နည်းလမ်းပေါင်းစုံ အသုံးပြု၍ ဤဂြိုလ်ပေါ်နေရသည့်ဘဝကို ပျော်ရွှင်စေရန် လုပ်ဆောင်ပေးနေသည်။ သူ၏ဒေါသများ ပေါက်ကွဲသွားသည့်အခါ သူမကို နံရံဘက် ဆယ်မိနစ်သာ မျက်နှာမူခိုင်းသည်။
ဆယ်မိနစ် ...
သူမကို တစ်နေကုန် မတ်တပ်ရပ်ခိုင်းမည်ဟု ခြိမ်းခြောက်သော်လည်း ဒုတိယမြောက်ရက်မှစ၍ တစ်လလုံး သူ၏ဒေါသများ ပြေလျော့သွားရန် ဆယ်မိနစ်သာ အချိန်ယူရသည်။ ထို့နောက် အစားအစာများစွာနှင့် အရုပ်များကို ယူလာ၍ စိတ်ဆိုးဟန်ဆောင်နေသေးသော်လည်း အမှန်က သူမကို ချော့နေခြင်းဖြစ်သည်။
မူရွှမ်နှင့် စတွေ့ချိန်က ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခံရသော နေ့ရက်များကို ယောင်စစ် သတိရသွားသည်။
သူမ၏ နှဖူးပေါ်မှ ရုတ်တရက် ပေါ်လာသည့် အမှတ်အသားကို ထိကြည့်လိုက်သည်။ ၎င်းက လင်းလုံ ပြောပြသည့် စာချုပ်ချုပ်ဆိုသူနှင့် ပတ်သက်နေသည်။ သို့သော် သူက အသေးစိတ်ရှင်းပြရန် ငြင်းဆိုသည့်အတွက် ဘာကိုဆိုလိုကြောင်း သူမ မသိပေ။ သူမ လုပ်နိုင်သည်က မူရွှမ့်ကို စောင့်နေခြင်းသာ ဖြစ်သည်။