ချင်းရို့ အနုပညာအဖွဲ့ဆီသို့ ပြန်လာခဲ့သည်။
ကျိုးမိန်လန်၊ လော့ပေပေနှင့် တခြားသူတွေက သူမရဲ့ နီရဲရောင်ရမ်းနေတဲ့ မျက်လုံးတွေကို တွေ့လိုက်သည့်အခါ သူတို့စိတ်ထဲမှာ ချက်ချင်း ရယ်မောလိုက်ကြ၏။
ဒီတပ်မတော်အရာရှိက ဘယ်လောက်ရက်စက်တတ်မှန်း သူတို့မသိကြပေမယ့် ငရုတ်သီးလေးကိုတောင် သူက ဆူပူခဲ့ပြီး ငိုအောင်လုပ်နိုင်တာပဲဟ။
ချင်းရို့ကရော? တပ်မတော်အရာရှိနဲ့ ပြဿနာတက်ခဲ့တာများလား?
သူတို့ သိချင်နေကြပြီး အဲ့ဒီမြင်ကွင်းတွေကို သူတို့မျက်စိနဲ့ မြင်ချင်နေခဲ့ကြ၏။
ချင်းရို့က လုယန်အကြောင်း သူတို့ကိုမပြောတော့ဘဲ ဒါရိုက်တာစွင်းဆီကို တိုက်ရိုက်သွားလိုက်သည်။ ဒါရိုက်တာစွင်းက သူမရဲ့မျက်လုံးတွေကို မြင်လိုက်ရသည်နှင့် တုန်လှုပ်သွားရလျက်။
သို့ပေတည့် သူမက အခြေအနေကို မေးမြန်းခဲ့ပါသေးသည်။
ထိုအခါ ချင်းရို့က ခေါင်းငုံ့ပြီး ရှက်ရွံ့စွာ ခေါင်းညိတ်၍ "အရာရှိက လူကောင်းတစ်ယောက်ပါ"
သူမက ဒီလိုမျိုးမရေရာစကားတွေကိုသာ တမင်တကာ ပြောခဲ့သည်။
သူမ ငြင်းဆိုချင်ရင်တောင်မှ ဒါက သူမဘက်မှ ငြင်းဆန်တာမျိုး မဖြစ်သင့်ဘူးလေ။ လုယန်က တစ်ဖက်သတ်ငြင်းဆန်နေသရွေ့ သူမကလည်း သူ့ကို နှောင့်ယှက်မှာမဟုတ်ပါဘူးနော်။
ဒါရိုက်တာစွင်းက ခေါင်းညိတ်၍ အဆုံးသတ်ကို နားလည်သွားခဲ့သည်။ သူမက နောက်ထပ် မေးခွန်းတွေ မမေးတော့ဘဲ ချင်းရို့ကို ပြန်လွှတ်လိုက်တော့သည်။
သူတို့ဖုန်းဆက်မေးကြသည့်အခါ ဒါရိုက်တာစွင်းသည် လုယန်ဟာ အရမ်းကောင်းပါတယ်လို့ ချင်းရို့ပြောထားသည့်အတိုင်း အမှန်အတိုင်းသာဖြေလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ဖုန်းချခဲ့သည်။
ချင်းရို့က ရေချိုးပြီး ထိုည၌ သက်တောင့်သက်သာရှိစွာ အိပ်ပျော်သွားခဲ့သည်။ ပြီးသွားပြီလို့ သူမထင်ခဲ့ပေမယ့် တတိယမြောက်နေ့လည်ခင်းမှာ ဒါရိုက်တာစွင်းက သူမကို ခေါ်လေ၏။
"ဒါရိုက်တာ ဘာကိစ္စရှိလို့လဲ?" ဒါရိုက်တာစွင်းက တစ္ဆေလိုလိုအမူအရာဖြင့် "မင်းသဘောတူလိုက်တယ်မလား?"
ချင်းရို့က ခဏလောက် ထိတ်လန့်သွားကာ "ဟင်?" သူမ ဘာကိုသဘောတူခဲ့လို့လဲ?
"မင်းသဘောတူလိုက်တာ ငါသိသားပဲ။ လုယန် ပြန်လာတာနဲ့ လက်ထပ်ခွင့်လျှောက်လွှာတင်ခဲ့ပေမယ့် လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းအချို့ရှိနေဆဲဖြစ်လို့ တစ်ချို့အရာတွေကိုတော့ ငါ မင်းကို ရှင်းရှင်းလင်းလင်းပြောပြချင်တယ်။"
ယခု ဒါရိုက်တာစွင်းရဲ့ စိတ်မှာ အနည်းငယ် ရှုပ်ထွေးနေလျက်။ ချင်းရို့နှင့် လုယန်တို့နှစ်ယောက်ဟာ လက်ထပ်ခွင့်လျှောက်လွှာတင်လိုက်ရလောက်အောင် ရုပ်ရှင်တစ်ကားကြည့်ပြီးနောက် ဘာဖြစ်သွားကြလဲဆိုတာ သူမလည်းမသိပေ။
ဒီ... ဒီ ဒီ... သူတို့နှစ်ယောက်ဟာ တကယ်ပဲစုံတွဲ ဖြစ်သွားတာလား?
သူမသိခဲ့ပါလျှင် ထိုနေ့တုန်းက သေသေချာချာမေးမိမှာပါ။ သို့ပေတည့် လုပ်ထုံးလုပ်နည်းတွေက စတင်နေပြီဖြစ်သည်။
"ဟင်?!"
လက်ထပ်ခွင့်လျှောက်လွှာ? ဘယ်သူနဲ့တုန်းဟ?!
ချင်းရို့မှာ ထိုစကားတွေကြောင့် ထိတ်လန့်သွားရ၏။
သူမနဲ့ လုယန်လား?
အဲ့ဒီနှုတ်ဆိတ်နေတဲ့ကောင်က ပြန်သွားပြီးတော့ လက်ထပ်ခွင့်လျှောက်လွှာတင်လိုက်တယ်ပေါ့လေ?!
"လာဦး၊ တစ်ချက်ကြည့်ကြည့်၊ ဒါတွေက လုယန် မင်းဆီပို့ခိုင်းတဲ့ အချက်အလက်တချို့ပဲ။ သူက တပ်ရင်းမှူးအဖြစ် ချုံကျိုးကျွန်းကို ပြောင်းရွှေ့သွားရတော့မှာ၊ ဒါတွေက သူ့နေရာက ပစ္စည်းတချို့ပဲ"
"ငါ လက်မှတ်ထိုးပြီး အတည်ပြုပေးပြီးရင် မင်းကို တပ်မတော်က ထွက်ခွာခွင့်ပြုလိုက်မယ်။ မင်း ဒီကိစ္စကို သေချာရှင်းရှင်းလင်းလင်းတွေးကြည့်လိုက်ဦး၊ ဒါပေမယ့် စိတ်သိပ်မပူပါနဲ့၊ ချုံကျိုးကျွန်းမှာရှိတဲ့ အခက်အခဲတွေကို ကြောက်မနေပါနဲ့။ တပ်မတော်နဲ့ ပြန်လည်နေရာချထားရေးအလုပ်တွေမှာ မင်း ကောင်းကောင်းလုပ်နိုင်မှာ သေချာပါတယ်ကွယ်။"
"ချုံကျိုးကျွန်းက မြေရိုင်းတွေကို ပြန်လည်ပြုပြင်ဖို့ လုပ်နေကြပြီလေ။ ကနဦးအခြေအနေတွေကတော့ ခက်ခဲနေမှာပဲ။ မင်းအဆင်ပြေပြီးသွားရင်တော့ အဲ့ဒီနေရာမှာရှိတဲ့ ဒေသဆိုင်ရာ စာပေနှင့် အနုပညာအဖွဲ့အစည်းတွေနှင့်လည်း ချိတ်ဆက်နိုင်မယ်၊ ဒါမှမဟုတ် ဆရာမဖြစ်ဖြစ်၊ သူနာပြုဖြစ်ဖြစ် အလုပ်အကိုင်ရဖို့လည်း စီစဉ်နိုင်မှာလေ..."
ချင်းရို့ရဲ့ခေါင်းထဲမှာ ရှုပ်ထွေးနေလျက်။ ဒါဆို တစ်ခြားနေရာမှာ ပြန်လည်အခြေချဖို့ အချိန်ရောက်လာပြီပေါ့?
ခဏနေပါဦး!
တပ်မတော်ကထွက်ပြီး ချုံကျိုးကျွန်းကိုသွားရမယ်?!
ချင်းရို့မျက်တောင်ခတ်လိုက်၏။
ချုံကျိုးကျွန်း?
သူမ မှန်ကန်စွာမှတ်မိပါက ထိုအချိန်က ချုံကျိုးကျွန်းသည် ကွမ်တုန်းပြည်နယ်ရှိ ချုံကျိုးကျွန်းဖြစ်လေသည်။
သူမရဲ့ နှလုံးသားအောက်ခြေတွင် မျိုးစေ့တစ်စေ့ ပေါက်လာပုံရ၏။
သူမသာ ချုံကျိုးကျွန်းကိုသွားမယ်ဆိုရင်...
"မင်း အရင်စဉ်းစားကြည့်လိုက်ဦး။ သေချာရင်တော့ မင်းအတွက် ငါခွင့်ပြုချက်ပေးပြီး လက်မှတ်ထိုးပေးမယ်။ ဟုတ်ပြီလား?"
"မင်းပြန်စဉ်းစားကြည့်ချင်တယ်ဆိုရင် --"
"လက်မှတ်ထိုးလိုက်ပါ!" ချင်းရို့ရဲ့ခေါင်းမှာ ပူနေလို့ သူမ နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်၏။ ကိစ္စအများကြီးကို ဆုံးဖြတ်ချက်ချဖို့အတွက် သူမခေါင်းပူနေဖို့ လိုအပ်ကြောင်း သူမသိပေသည်။
အလောင်းအစားပဲ လုပ်လိုက်တော့မယ်ကွာ။
ဒါပေမယ့် သူမရှေ့မှ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံသင့်ဘူးလေ။ ဒါဟာ မီးတွင်းဟုတ်မဟုတ် သူမ မသိသေးပေမယ့်လည်း သတ္တိရှိရှိ စမ်းကြည့်လိုက်ရင်ရော ဘယ်လိုဖြစ်မလဲ?
ဒါရိုက်တာစွင်းရဲ့ရုံးခန်းထဲမှ ထွက်လာတော့ ချင်းရို့က အိပ်မက်မက်နေဆဲပင်၊
သူမ...သူမ...သူမ...သူမက အခုလေးတင် လက်ထပ်ဖို့ သဘောတူလိုက်တာလား?
အဲ့ဒီဒေါသကြီးတဲ့ မှုန်ကုပ်ကုပ်အရာရှိနဲ့ လက်ထပ်ရတော့မယ်?
ရုတ်ရုတ်သဲသဲဖြစ်သွားရလျက်...
***
ချင်းရို့က တပ်မတော်မှ အနားယူပြီး လုယန်နှင့် လက်ထပ်တော့မည့် သတင်းဟာ အနုပညာအဖွဲ့တွင် ဗုံးပေါက်ကွဲသွားသလိုပင်။
"ဘာတုန်းဟ? ချင်းရို့က လုယန်ကို လက်ထပ်တော့မှာလား?"
"အဲဒီနေ့ကလာခဲ့တဲ့ ရေတပ်အရာရှိလား?"
"အဲဒီနေ့က သူမပြန်လာတုန်းက သူမရဲ့မျက်လုံးတွေ ရောင်နေခဲ့တာမဟုတ်လား?"
...
လော့ပေပေသည် ချင်းရို့က လုယန်ကို လက်ထပ်နိုင်မယ်လို့ တကယ်ပဲမမျှော်လင့်ခဲ့ပေ။ သူက အကြီးအကဲဟောင်းရဲ့သားလေ။ အဲဒီနေ့က ရုပ်ရှင်သွားကြည့်တဲ့အခါ ဘာဖြစ်သွားတာပါလိမ့်? လုယန်က သူတို့အဖွဲ့ထဲက ငရုတ်သီးလေးကို လက်ထပ်ဖို့ ဘာလို့များဆန္ဒရှိရတာလဲ?
သူတို့က ချင်းရို့နှင့် စကားစမြည်ပြောကာ မေးကြပေမယ့် ချင်းရို့ကလည်း ပြောလာ၏။ "ငါလည်းမသိဘူးလေ"
လော့ပေပေမှာ မနာလိုစိတ်ဖြင့် ရူးသွပ်နေကာ ချင်းရို့က ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေတာပဲလို့ သူမဘာသာ တွေးနေလိုက်သည်။
"ထန်ရွေ့ပိုင်ရေ နင်က သတင်းအစုံဆုံးပဲလေ၊ ဘာလို့လဲဆိုတာ နင်သိလား?"
ထန်ရွေ့ပိုင်ဟာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ချင်းရို့ကို တမင်တကာ စိုက်ကြည့်လိုက်၏။
သူမရဲ့ တုံ့ပြန်မှုကို မြင်တော့ လော့ပေပေ၊ ကျိုးမိန်လန်နှင့် တခြားသူတွေက ချက်ချင်းပင် သိချင်လာကြသည်။
ဒီကိစ္စမှာ လျှို့ဝှက်ချက်တစ်ခုခု တကယ်ပဲရှိနေတာများလား?
ထန်ရွေ့ပိုင်ရဲ့ အပြုအမူမှာ ချင်းရို့ကို ဆွဲဆောင်စေမိကာ "နင်ဘာပြောချင်လို့လဲ?"
"ချင်းရို့ ငါနင့်ကို ပြောပြသင့်လား ဖုံးကွယ်ထားသင့်သလားဆိုတာ ငါမသိတော့ဘူး..."
"ဘာကိုလဲဟ? ငါတို့ကို မြန်မြန်ပြောပြ!" ချင်းရို့၏ ပလတ်စတစ်ညီအစ်မဖြစ်တဲ့ လော့ပေပေက လျှို့ဝှက်ချက်ကို သိလိုစိတ်ပြင်းပြလျက်။
"နင်တို့အားလုံးသိကြတဲ့အတိုင်း တပ်မတော်အရာရှိက လူသိများတဲ့မိသားစုရဲ့ သားလေ။ သူနဲ့အတူ ကြီးပြင်းလာတဲ့ ကစားဖော်တွေအများကြီးရှိတာ၊ အဲဒီအထဲမှာ အမျိုးသမီးတစ်ယောက်လည်းရှိခဲ့တယ်။ သူတို့နှစ်ယောက်က ငယ်ချစ်တွေတဲ့။ သူမနာမည်က ထန်ရို့၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်လောက်က သူမကအိမ်ထောင်ကျပြီးပါပြီ"
"တပ်မတော်အရာရှိက အရင်ကချိန်းတွေ့ဖို့ ဝန်လေးနေခဲ့တာ၊ ဖြစ်နိုင်တာက ထန်ရို့ကြောင့်များလား?"
"... အခုတော့ သူက နောက်ထပ်'ရို့'နဲ့ တွေ့ပြီပေါ့လေ" ထန်ရွေ့ပိုင်က သူမထင်မြင်ချက်ကို ပြောပြလေသည်။ အများစုမှာ သူမရဲ့အပေါင်းအသင်းတွေဖြစ်ကြ၍ သူမရဲ့သတင်းကွန်ရက်လည်း ကျယ်ပြန့်လေ၏။
ဒီတပ်မတော်အရာရှိက ထန်ရို့ကိုလက်မထပ်နိုင်ခဲ့လို့ ချင်းရို့ကိုလက်ထပ်ခဲ့တာဖြစ်မလား...?
မဟုတ်ရင် သူတို့ပထမဆုံးတွေ့ပြီးတာနဲ့ ချင်းရို့ကို လက်ထပ်ဖို့ဆန္ဒရှိတာကို ဘယ်လိုရှင်းပြနိုင်မလဲ? လက်ထပ်ခွင့်လျှောက်လွှာတင်ဖို့ သူအလျင်လိုနေခဲ့တာလေ။
"ထန်ရို့က အလှပန်းလေးလို့ ငါကြားဖူးတယ်" ထန်ရွေ့ပိုင်က ချင်းရို့ကိုကြည့်ကာ ပြောလာ၏။ "မင်းတို့နှစ်ယောက်က ခပ်ဆင်ဆင်တူတာပဲ"
လော့ပေပေလည်း မသိစိတ်က ပြန်ပြောလိုက်၏။ "ငါတို့လို သာမန်ကလေးတွေကတခြားကေဒါတွေရဲ့ကလေးတွေနဲ့ ဘယ်ယှဥ်နိုင်ပါ့မလဲဟယ်? သူတို့က ထူးချွန်ကြတဲ့ဟာကို။"
"ငါ နင့်ကိုလိမ်နေတာမဟုတ်ဘူးနော်။ နင်သွားမေးကြည့်လို့ရတယ်။ ငါတို့တပ်မတော်နယ်မြေထဲမှာ ထန်ရို့ရှိတယ်လေ။ လုပြည်နယ်ဆေးရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိမှန်း လူတိုင်းသိကြတယ်"
ချင်းရို့: "..."
ထန်ရို့က သူမနဲ့တူတယ်လား?
အစားထိုးဝတ္ထုလားဟ?
ချင်းရို့: "??!"
သူမက ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းသွားခဲ့ရင် ကိစ္စမရှိသော်လည်း ၄င်းမှာ အစားထိုးဝတ္ထုတစ်ခုဖြစ်ပုံရ၏။ သူမသေချာတာတစ်ခုကတော့ ဝတ္ထုထဲက ချင်းရို့ဟာ လုယန်နဲ့ လက်ထပ်ခဲ့တာမဟုတ်တဲ့အတွက် ထူးဆန်းနေသလိုပင်။